(ဓာတ်ပုံနှင့်ပတ်သတ်၍ ရှင်းလင်းချက်။ ၁၃-၁၁-၂၀၀၇ ရက်နေ့၊ ပုလဲလမ်းထိပ်တွင်
မစုစုနွေးအား “တရုတ်အားကိုး ပုဆိန်ရိုး၊ တရုတ်အားကိုး ခွေးသူခိုး” စတဲ့
စကားလုံးများပါဝင်သည့် ဆိုင်းဘုတ်ချိတ်နေ ခိုက် ဖမ်းဆီးစဉ်က
ဓာတ်ပုံများဖြစ်ပါတယ်။ ဆိုင်းဘုတ်ချိတ်နေတဲ့ အင်္ကျီအပြာရင့်ရောင်နဲ့လူက
မစုစုနွေးနဲ့ အမှုတွဲဖြစ်တဲ့ ဒေါပုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်မှ ဘိုဘိုသက်လှိုင်ဖြစ်ပါတယ်။
အကျီင်္အဖြူနဲ့လူ ကတော့ ရဲတပ်ဖွဲ့က မွေးမြူထားတဲ့ သတင်းပေး အထောက်တော် ဖြစ်ပါတယ်။)
မနေ့က စာစုလေးကို ဆက်ပါဦးမယ်။ ခု ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးဟာ
အင်ဖော်မာတွေ၊ သတင်းပေးတွေ၊ စောင့်ကြည့်သူတွေနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို
ကျွန်တော်သိသလောက်နေရာကနေ အပေါ်ယံရှပ်ပြီး တို့ထိသွားရုံလောက်ပါပဲ။
သတင်းပေးတွေ၊ သူလျှိုတွေ ဘယ်လိုမွေးခဲ့တယ်၊ ဘယ်လို မြှုပ်နှံခဲ့တယ်။
သူလျှိုတွေကို အသုံးချပြီး ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေနဲ့ပတ်သတ်ပြီးတကယ်တမ်း
ပြည့်ပြည့်စုံစုံ ရေးရမယ်ဆိုရင်စာတစ်စောင် ပေတစ်ဖွဲ့ ဖြစ်လာနိုင်တဲ့အပြင်
အချိန်ယူပြီးလေ့လာမှုတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့
အကြမ်းဖျင်းလောက်ပဲ တို့ထိနိုင်ပါသေးတယ်။
မြန်မာတွေဟာ သတင်းပေးမွေးမြုတဲ့ စနစ်ကို ပဒေသရာဇ်ခေတ်ကတည်းက
အသုံးချခဲ့ကြတာပါ။ တောင်ငူခေတ်တုန်းက ဘုရင့်နောင်ဟာ ယိုးဒယားပြည်ကို
နှစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ ပထမအကြိမ်တိုက်ခိုက်ခဲ့စဉ်က ယိုးဒယားအမတ်
ဗြချတ္တရီကို ဖမ်းဆီးရခဲ့ပေမဲ့ မသတ်ဖြတ်ပဲ သတင်းပေးသူလျှိုအဖြစ်
သစ္စာခံစေခဲ့ပါတယ်။ ဗြချတ္တရီကို အသုံးချခဲ့တဲ့ သူလျှိုစစ်ဆင်ရေးကြောင့်
ဒုတိယအကြိမ်မှာတော့ ယိုးဒယားကို တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။
ကုန်းဘောင်ခေတ်မှာတော့ စုဖုရားလတ်ရဲ့အပျိုတော်ဖြစ်တဲ့
ဂရိ-မြန်မာကပြားမက်တီကာလိုဂရီဒီအမ်ထရန်လိုအင်္ဂလိပ်၊
ပြင်သစ်၊အီတလီကသတင်းပေးသူလျှိုအများအပြားဟာ မြန်မာ့နန်းတွင်းမှာ
ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားခဲ့တာကို သမိုင်းမှတ်တမ်းတွေမှာ
ဖတ်ရှုနိုင်ပါတယ်။ အင်္ဂလိပ်-မြန်မာစစ်ပွဲကာလတွေအတွင်းက နာမည်ကျော်
မင်းလှခံတပ်၊ ဂွေးချောင်းခံတပ်တွေကို အင်္ဂလိပ်စစ်တပ်က
တစ်ရက်တည်းနဲ့သိမ်းပိုက်နိုင်ခဲ့ခြင်းဟာ အင်္ဂလိပ် သတင်းပေးတွေရဲ့
စွမ်းဆောင်မှုတွေကြောင့်လို့လည်း ပြောနိုင်ပါတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ စစ်အစိုးရကို ဆန့်ကျင်တဲ့
အတိုက်အခံနိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို
သတင်းလက်ဦးမှုရယူပြီး ထိန်းချုပ်နိုင်ဖို့အတွက် တပ်မတော်ထောက်လှမ်းရေး
ညွှန်ကြားရေးမှူးရုံးရဲ့ သတင်းပေးကွန်ယက်ကြီးကို
အကြီးအကျယ်ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့အစည်းတွေ၊ လူ့တန်းစားအလွှာတွေမှာ
မြှုပ်နှံထားတဲ့ သတင်းပေးတွေ၊ သူလျှိုတွေကို အသုံးချပြီး စစ်ဗိုလ်ချုပ်တွေ
လိုချင်တဲ့ အခြေအနေတွေကို ဖန်တီးနိုင်တဲ့အထိ ကျယ်ပြန့်ခဲ့ပါတယ်။ သို့ပေမဲ့
၂၀၀၄ ခုနှစ်မှာ တပ်မတော်ထောက်လှမ်းရေး အရာရှိချုပ်ရုံးကို
ဖျက်သိမ်းလိုက်တဲ့အခါမှာတော့ အဲဒီ့ သတင်းပေးတွေ၊
သူလျှိုတွေဟာလည်းအဖမ်းဆီးခံရမှာစိုးတဲ့အတွက်ကိုယ်ယောင်ဖျောက်ကုန်တာမို့ဦးခင်ညွန့်(၁၅)
နှစ်လောက် တည်ဆောက်ခဲ့ရတဲ့ ထောက်လှမ်းရေး ကွန်ယက် အ၀န်းအ၀ိုင်းကြီးလည်း
နိဌိတံသလောက်နီးနီး ဖြစ်သွားခဲ့ရပါတယ်။ သတင်းပေးတစ်ယောက်ကို
သိမ်းသွင်းတဲ့အခါမှာ သူ့ရဲ့အားနည်းချက်တွေ၊ နောက်ခံအကြောင်းအရာတွေကို
အချိန်ယူလေ့လာပြီးမှ ချဉ်းကပ်ကြပါတယ်။ သတင်းပေးတစ်ယောက်ကို
သိမ်းသွင်းနိုင်တဲ့၊ လူတစ်ယောက်ကို ကိုယ့်ဘက်ယိမ်းယိုင်လာအောင်
လုပ်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဥပမာဆိုရရင်
မျိုးချစ်စိတ်ပြင်းထန်တဲ့သူမျိုးဆိုရင် မျိုးချစ်စိတ်ကို အကြောင်းပြပြီး
သိမ်းသွင်းနိုင်ပါတယ်။ အဲသလိုပဲ လူငယ်တွေအတွင်းမှာဆိုရင် စွန့်စားလိုမှု၊
ဂလဲ့စားချေလိုမှု၊ ခြိမ်းခြောက်ခံရမှု၊ နိုင်ငံရေး
အဖွဲ့အစည်းတွေအတွင်းမှာဆိုရင် ၀ါဒရေးရာကွဲလွဲမှု၊ ထင်ပေါ် ကျော်ကြားလိုမှု၊
ငွေကြေးရလိုမှု၊ ၀န်ထမ်းတွေအတွင်းမှာ သတင်းပေးမွေးမြူဆိုရင်တော့
လုပ်ပိုင်ခွင့်နေရာရရှိလိုမှု စသဖြင့် အဲလို အချက်တွေကို အကြောင်းပြပြီး
စည်းရုံးသိမ်းသွင်းကြပါတယ်။ ဆိုက်ကားသမားတွေ၊
ကွမ်းယာသည်တွေလိုလူမျိုးတွေကိုတော့ သတင်းပေးအဖြစ် သိမ်းသွင်းရတာ
အင်မတန်လွယ်ပါတယ်။ ထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ အရှိန်အ၀ါကို သုံးပြီး
စည်ပင်တို့၊ ယာဉ်ထိန်းရဲတို့ရဲ့ အရေးယူခံတာတွေကနေ ကင်းလွတ်ခွင့်
ပြုပေးလိုက်ရုံနဲ့တင် အဲဒီလူတွေကို သတင်းပေး မွေးလို့ရပါတယ်။
တက္ကသိုလ်တွေ၊ အဝေးသင်တက္ကသိုလ် အနီးကပ်စာသင်ချိန်တွေရောက်ရင် ကျောင်းသား
လှုပ်ရှားမှုတွေ မဖြစ်ပွားရအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့
သတင်းပေးတွေမွေးရပါတယ်။ အဝေးသင်တက္ကသိုလ် စာမေးပွဲဖြေဆိုတဲ့သူတွေထဲမှာ
ပါဝင်လေ့ရှိတဲ့ ကျောင်းတက်နေဆဲ ရဲတပ်ဖွဲ့ဝင်တွေ၊
ရဲတပ်ဖွဲ့ဝင်တွေရဲ့သားသမီးတွေ၊ စစ်တပ်က စစ်သည်တွေရဲ့ သားသမီးတွေကို
သတင်းပေးတွေအဖြစ် မွေးမြူကြတာ အစဉ်အလာလိုဖြစ်နေပါတယ်။ အဲဒီလိုလုပ်အားဖြင့်
မိမိ နယ်မြေအတွင်းရှိ တက္ကသိုလ်တွေမှာ သတင်းလက်ဦးမှုရယူနိုင်ကြောင်းနဲ့
သတင်းပေးအရေအတွက် မည်ရွေ့မည်မျှ ရှိကြောင်း အစီရင်ခံစာတွေကို
တင်ပြနိုင်တဲ့အပြင် သတင်းပေးတစ်ယောက်အတွက် ထောက်ပံ့ငွေ နှစ်သောင်းကနေ
ငါးသောင်းထိ ပေးတတ်တာမို့ ဆင်းရဲနွမ်းပါးတဲ့တပ်ဖွဲ့ဝင်တွေနဲ့
တပ်ဖွဲ့ဝင်တွေရဲ့သားသမီးတွေအတွက်လည်းစာမေးပွဲစရိတ်၊အဆောင်စရိတ်ကိုအထောက်အကူဖြစ်စေပါတယ်။
ကျောင်းသား/သူတွေအပြင် ဆရာ/မတွေလည်း သတင်းပေးအဖြစ်
စည်းရုံးခံထားရတာတွေရှိပါတယ်။ နောက်များမှပဲ အဲဒီအကြောင်းတွေကို
အသေးစိတ်ရေးနိုင်ဖို့ ကြိုးစားပါဦးမယ်။
ရန်ကုန်တိုင်းအတွင်းက စောင့်ကြည့်ခံဘုန်းကြီးကျောင်းတွေနဲ့ စောင့်ကြည့်ရတဲ့
သတင်းရဲတပ်ဖွဲ့ဝင်တွေ အကြောင်း ဆက်ပါဦးမယ်။ (၁၉) ကျောက်တန်းမြို့နယ်၊
ဇေယျာပူရပရိယတ္တိစာသင်တိုက်မှ သံဃာ(၂ဝ)ပါးကို ဒုရဲအုပ်စန်းနွဲ့
(၂၀) ဒဂုံတောင်မြို့နယ်၊ စွယ်တော်ကျောင်းတိုက်မှ သံဃာ(၁၉)ပါးကို တပ်သားနေလင်းထွန်း
(၂၁) ဒဂုံအရှေ့မြို့နယ်၊ တက္ကသီလာကျောင်းတိုက်မှ သံဃာ(၄)ပါးကို တပ်သားနိုင်မင်းသက်
(၂၂) ဒဂုံအရှေ့မြို့နယ်၊ နန္ဒဝန်ကျောင်းတိုက်ကို တပ်သားအောင်နိုင်ဦး
(၂၃) မင်္ဂလာဒုံမြို့နယ်၊ သစ္စာမဏ္ဍိုင်ကျောင်းတိုက်မှ သံဃာ(၂)ပါးကို ဒုတပ်ကြပ်စည်သူမြင့်လှိုင်
(၂၄) လှည်းကူးမြို့နယ်၊ နိဂြောဓါရုံပရိယတ္တိစာသင်တိုက်မှ သံဃာ(၃၆)ပါးကို တပ်သားလှမျိုးဆွေ
(၂၅) စမ်းချောင်းမြို့နယ်၊ ဝံသမေဒနီစာသင်တိုက်မှ သံဃာ(၁၃)ပါး၊
ဝါဆိုကျောင်းမှ သံဃာ(၂ဝ)ပါး၊ ရွှေလှိုင်ကျောင်းမှ သံဃာ(၁၅)ပါး ကို
တပ်သားဝေလင်းမောင်
(၂၆) တာမွေမြို့နယ်၊ ဓမ္မသုခပရိယတ္တိ စာသင်တိုက်မှ သံဃာ(၁၁)ပါးကို ဒုရဲအုပ်တိုးနိုင်ထွန်း
(၂၇) တာမွေမြို့နယ်၊ အောင်မင်္ဂလာကျောင်းတိုက်မှ သံဃာ(၁ဝ)ပါး၊
မင်္ဂလာတောင်ညွန့်မြို့နယ်၊ အရှင် အာဒိစ္စဝံသကျောင်းမှ သံဃာ(၁ဝ)ပါးကို တပ်သား
နေလင်းအောင်
(၂၈) တာမွေမြို့နယ်၊ ပဲခူးကျောင်းတိုက်မှ သံဃာ(၇)ပါးကို တပ်သားမင်းစိုး
(၂၉) မင်္ဂလာတောင်ညွန့်မြို့နယ်၊ နန်းဦးကျောင်းမှ သံဃာ(၂)ပါးကို တပ်သားနေလင်းအောင်
(၃၀) မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေတောင်ကျောင်းမှ သံဃာ(၄)ပါးကို တပ်သားနေလင်းအောင်
(၃၁) သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက်မှ သံဃာ(၂၅)ပါးကို တပ်သားအောင်လင်းဦး
(၃၂) ခရမ်းမြို့နယ်၊ ကိုင်းကုန်းပါဠိတက္ကသိုလ်ကျောင်းတိုက်မှ သံဃာ (၁၃ဝ) ပါးကို ဒုရဲအုပ်သိန်းဇံ
(၃၃) တိုက်ကြီးမြို့နယ်၊ မစိုးရိမ်ဘုန်းကြီးကျောင်းမှ သံဃာ(၁၅)ပါး၊ သာမဏေ (၁၄)ပါး၊ ပေါင်း(၂၉)ပါး ကို တပ်ကြပ်ကြီးသောင်းထိုက်
(၃၄) ဒေါပုံမြို့နယ်၊ မင်းနန္ဒာစာသင်တိုက်မှ သံဃာ(၃၄)ပါးကို ဒုတပ်ကြပ်အောင်ကိုထိုက်
မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်က စာရင်းတွေကိုလည်း ဆက်ပါဦးမယ်။
မြန်မာနိုင်ငံအတွင်းမှာ လက်တလော ရှိနေတဲ့ ထောက်လှမ်းရေး အဖွဲ့အစည်း
တွေကတော့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ စစ်ဖက်ရေးရာ
လုံခြုံရေးအရာရှိချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) တို့ရှိပါတယ်။ အထူးစုံစမ်း
စစ်ဆေးရေးဦးစီးဌာနကို စတင်ဖွဲ့စည်းစဉ်က အဓိကတာဝန်ဟာ စီးပွားရေးဆိုင်ရာ
ပြစ်မှုတွေနဲ့ အဂတိလိုက်စားမှုတွေကို စုံစမ်းစစ်ဆေး တရားစွဲဆိုဖို့ ဖြစ်ပေမဲ့
နိုင်ငံတော် ထောက်လှမ်းရေး စက်ဝန်းရဲ့ တစစိတ်တစ်ဒေသအဖြစ်လည်း
ဆောင်ရွက်ရပါတယ်။ စုဆောင်းရရှိတဲ့ သတင်းတွေထဲက ဦးစီးဌာနအနေနဲ့
ကိုင်တွယ်ဖို့ တာဝန်မရှိတဲ့ သတင်းမျိုးတွေကို
သက်ဆိုင်ရာအခြားထောက်လှမ်းရေးအဖွဲ့တွေဆီ လွှဲပြောင်းပေးရပါတယ်။ အထူး
စံစမ်းစစ်ဆေးရေးဦးစီးဌာနဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ (၁၈) နှစ်ကျော်
ကာလအတွင်းမှာ နိုင်ငံရေးနဲ့ပတ်သတ်တဲ့သတင်း (၈၇ ၄၇၃) ခုကို
သတင်းရဲတပ်ဖွဲ့အတွက် စုဆောင်း လွှဲပြောင်း ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်မှ အထူးတပ်ဖွဲ့တွေဖြစ်တဲ့ သတင်းရဲတပ်ဖွဲ့၊
မှုခင်းရဲတပ်ဖွဲ့၊ မူးယစ် ရဲတပ်ဖွဲ့တွေကလည်း
ထောက်လှမ်းရေးစက်ဝန်းရဲ့အစိတ်အပိုင်းတွေဖြစ်သလိုတိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွေကလည်း
ထောက်လှမ်းရေးနဲ့သတင်း စုဆောင်းရေး လုပ်ငန်းတွေကို လုပ်ဆောင်ရပါတယ်။
သတင်းရဲတပ်ဖွဲ့ရဲ့ အဓိကတာဝန်ကြီး လေးရပ်ထဲက နှစ်ခုကတော့
နိုင်ငံတော်ရဲ့လုံခြုံရေးဆိုင်ရာ ထောက်လှမ်းရေးနဲ့
တန်ပြန်ထောက်လှမ်းရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။
တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွေဆီက ထောက်လှမ်းရေးသတင်းတွေကိုတော့
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ဦးစီး(၁)ဌာနခွဲဖြစ်တဲ့ ထောက်လှမ်းရေးနဲ့
လုံခြုံရေးဌာနခွဲက တည်းဖြတ်စိစစ်ရပါတယ်။ ဌာနခွဲမှူးကတော့ ဒုရဲမှူးကြီး
ကျော်မိုးကြည် ဖြစ်ပြီး လုံခြုံရေးနှင့် မှုခင်းဌာန၊ ညွှန်ကြားရေးမှူး
ရဲမှူးကြီးမြင့်ဝေနဲ့ ရဲဦးစီးအရာရှိချုပ် ဗိုလ်မှူးကြီး (ရဲမှူးချုပ်)
ခင်မောင်စီ တို့က ကြီးကြပ်တာဝန်ခံရပါတယ်။
ထောက်လှမ်းရေးနှင့်လုံခြုံရေးဌာနခွဲက စုစည်းရရှိတဲ့ သတင်းတွေကို အခြား
ထောက်လှမ်းရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းစိစစ်ဖို့အတွက်
သတင်းညှိနှိုင်းအစည်းအဝေးကို ပုံမှန်ကျင်းပပြီး ထောက်လှမ်းရေး
အဖွဲ့အစည်းအချင်းချင်း သတင်းတွေ ဖလှယ်ကြပါတယ်။
၂၀၀၄ ခုနှစ်မှာ စစ်ထောက်လှမ်းရေးတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ နာမည်တွေ
မှေးမှိန်သွားခဲ့ပြီးတဲ့နောက် နာမည်ရလာခဲ့တဲ့ ထောက်လှမ်းရေး
အဖွဲ့အစည်းကတော့ သတင်းရဲတပ်ဖွဲ့ပါပဲ။ နောက်ပိုင်းမှာ တပ်မတော်
စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံး(စရခ) ကို ပြန်လည်ဖွဲ့စည်းခဲ့ပေမဲ့
စတင်ဖွဲ့စည်းစကာလတွေမှာ သတင်းပေးကွန်ယက် မတည်ဆောက်နိုင်သေး တာမို့
သတင်းရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးနဲ့လုံခြုံရေးဌာနခွဲက သတင်းတွေကို
မျက်နှာအောက်ကျို့တောင်းယူ၊ မိတ္တူဆွဲ၊ ခေါင်းစဉ်ပြောင်းပြီး တင်ပြခဲ့ရ
တာတွေ ရှိပါတယ်။ အဲလို မိတ္တူရနိုင်ဖို့ အတွက်လည်း အာရကေပေးခဲ့ရ ပါတယ်။
(ရဲဆိုတော့ သိတဲ့အတိုင်းပဲ၊ ကျောက်ခဲတောင် ရေညှစ်လို့ရရင် ညှစ်မဲ့သူတွေလေ)
ခုဆိုရင်တော့ စရခ ဟာလည်း ရှစ်နှစ်သားအရွယ် ရောက်ပြီမို့ သူ့ဟာနဲ့သူတော့
ဂျိုလေးပေါက်လာပြီ၊ အစွယ်လေးထွက်လာပြီလို့ ပြောလို့ရပါတယ်။
အခြား ထောက်လှမ်းရေးအဖွဲ့အစည်းတွေ စုဆောင်းရရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့
သတင်းတွေကိုတော့ သတင်း ရဲတပ်ဖွဲ့မှ ကိုင်တွယ်ဆောင်ရွက်ပါ တယ်။ ရရှိတဲ့
သတင်း အချက်အလက်တွေအပေါ် မူတည်ပြီး စောင့်ကြည့် ပါတယ်။ ဖမ်းပါတယ်။
တရားစွဲပါတယ်။ စစ်ထောက်လှမ်းရေးတွေ ဖျက်သိမ်းစကတော့ လစ်ဟာသွားတဲ့
ထောက်လှမ်းရေး စက်ဝန်းကို ဖြည့်ဆည်းနိုင်ဖို့အတွက် သတင်းရဲတပ်ဖွဲ့ကို
တိုးချဲ့ဖွဲ့စည်းဖို့ ဦးစားပေး(၁) အနေနဲ့ စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။
သို့ပေမဲ့ အရပ်သား အစိုးရကာလမှာ ဆန္ဒပြမှုတွေကို စစ်တပ်နဲ့နှိမ်နှင်းရင်
နိုင်ငံတကာက ပြောမှာ ကြောက်တဲ့အတွက် ရဲတပ်ရင်းတွေတိုးချဲ့ဖွဲ့စည်းမှုကို
ဦးစားပေး(၁) အဖြစ် ပြန်ပြီး သတ်မှတ်ခဲ့ရပါတယ်။ သတင်း ရဲတပ်ဖွဲ့ရဲ့ လက်ရှိ
ဖွဲ့စည်းပုံအရ တပ်ဖွဲ့မှူးရုံး (၁) ရုံး၊ တပ်ဖွဲ့ခွဲမှူးရုံး (၂) ရုံး
(အောက်မြန်မာပြည်/ အထက် မြန်မာပြည်)၊ တိုင်း/ပြည်နယ်တပ်ဖွဲ့ရုံး (၁၇) ရုံး၊
အထူးသတင်းရဲ တပ်ဆွယ်ရုံး (၂၀) ရုံး၊ (က/ခ) အဆင့် တပ်ဆွယ်ရုံး (၁၇၅) ရုံး
ရှိပါတယ်။ အဲဒီ လက်အောက်ခံ တပ်ဆွယ်ရုံးတွေက နေ့စဉ်စုဆောင်းပေးပို့တဲ့
ထောက်လှမ်းရေး သတင်းတွေကို ပြည်တွင်းရေးရာဌာနကြီးက စိစစ်စုစည်းပြီး
ရဲချုပ်ရုံးနဲ့ ပြည်ထဲရေး ၀န်ကြီးရုံးတို့ကို ပြန်လည်အစီရင်ခံရပါတယ်။ ကဲ …
အဲဒီ အကြောင်းတွေတော့ နောက်မှပဲ ဆက်ပါဦးမယ်။
ဘုန်းကြီးကျောင်းတွေ အကြောင်းဆက်ပြောကြစို့။ မန္တလေးတိုင်း၊ (၈) မြို့နယ်မှာ
စောင့်ကြည့်ဖို့ ပစ်မှတ်လုပ်ထားတဲ့ ဘုန်းကြီးကျောင်း (၂၉)ကျောင်း
ရှိပါတယ်။ အဲဒီထဲက တချို့ကျောင်းတွေနဲ့ပတ်သတ်ပြီး စောင့်ကြည့်နေတဲ့
သတင်းရဲတပ်ဖွဲ့ဝင်တွေ ပေးပို့ထားတာလေးတချို့ကို ဗဟုသုတဖြစ်အောင်
လိုတိုရှင်း ရေးလိုက်ပါတယ်။ မူရင်း ပေးပို့ချက်တွေအတိုင်းမို့
တိုတိုတုတ်တုတ်ပါပဲ။ (မစိုးရိမ်တိုက်သစ်၊ စာသင်သံဃာ (၂၈ဝဝ)ကျော်ရှိခဲ့၊
နာယကချုပ်ဆရာတော်မှာ ဦးရာဇာဓမ္မဖြစ်၊ ယခင်နိုင်ငံရေးလှုပ်ရှားမှုဖြင့်
ထိန်းသိမ်းခံ ခဲ့ရဘူး၊ နာယက ဆရာတော် ဦးဝိစိတ္တသာရ(ခ)ဝိရသူသည် အစ္စလာမ်
ဘာသာမှန်းတီးရေး တရားဟောခဲ့၊ အကျဉ်းကျခံခဲ့ရသော တပည့်သံဃာများကို
ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ရန် ခွင့်ပြု၊
ကျောင်းတိုက်ကြေငြာသင်ပုန်းတွင် လှုံ့ဆော်စာများကပ်လေ့ရှိပြီး
နိုင်ငံရေးအသွေးအရောင် ရှိသည့် သံဃာများသီတင်းသုံးနေထိုင်လျှက်ရှိ)
နောက်တစ်ကျောင်းကတော့ (မြတောင်တိုက်၊ သံဃာစုစုပေါင်း (၇၁၅)ပါးရှိ၊
ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသာသနာဘိဝံသသည် တိုင်းသံဃာနာယက ဥက္ကဋ္ဌဖြစ်၊
မန္တလေးမြို့ပေါ် သံဃာထုအပေါ် သြဇာအရှိန်အဝါကြီးမား၊ မန္တလေးမြို့ပေါ်ရှိ
သံဃာလှုပ်ရှားမှုများတွင် အမြဲပါဝင်လေ့ရှိ) (အနောက်ခင်မကန်တိုက်၊ သံဃာအပါး
(၆၁၇)ပါးရှိ၊ ဆန့်ကျင်စာများ ကျောင်းပတ်ဝန်းကျင်တွင် ကပ်လေ့ရှိ၊ သံဃာ့
လှုပ်ရှားမှုတွင် အမြဲဦးဆောင်ပါဝင်လေ့ရှိ) စသဖြင့် ပေးပို့ထားကြတာတွေ
ရှိပါတယ်။ ကဲ … ကျောင်းတိုက် စာရင်းတွေ ဆက်လိုက်ကြရအောင်။
(၁) အောင်မြေသာဇံမြို့နယ်၊ သာသနာ့ တက္ကသိုလ် ကျောင်းတိုက်၊ သံဃာ(၁၂၈)ပါး ကို စောင့်ကြည့်ရန် ဒုရဲအုပ်ဝင်းဇော်
(၂) အောင်မြေသာဇံမြို့နယ်၊ အရှေ့ခင်မကန်ကျောင်းတိုက်၊သံဃာ(၂၁၄)ပါးကို စောင့်ကြည့်ရန် ရဲအရာခံမောင်သိန်း
(၃) အောင်မြေသာဇံမြို့နယ်၊ ချမ်းသာကြီးကျောင်းတိုက်၊ သံဃာ(၂၃၆)ပါးကို စောင့်ကြည့်ရန် ဒုတပ်ကြပ်ကျော်သူရ
(၄) အောင်မြေသာဇံမြို့နယ်၊ ရွှေဒါးပရိယတ္တိစာသင်တိုက်၊ သံဃာ(၄၇)ပါးကို စောင့်ကြည့်ရန် တပ်သားချစ်စမ်းမောင်
(၅) ချမ်းအေးသာဇံမြို့နယ်၊ အနောက်ခင်မကန်ကျောင်းတိုက်၊ သံဃာ (၆၁၇)ပါးနှင့် ထီးလင်းကျောင်းတိုက်၊
သံဃာ(၃၅ဝ)ပါးကို စောင့်ကြည့်ရန် ဒုရဲအုပ်ထွန်းလင်းအောင်
(၆) ချမ်းအေးသာဇံမြို့နယ်၊ မိုးကောင်းကျောင်းတိုက် - သံဃာ(၆၇၃)ပါး၊
ဂွေးချိုတိုက် - သံဃာ(၃၅ဝ)ပါး၊ ရတနာပုဂံတိုက် - သံဃာ(၂၃ဝ)ပါးကို
စောင့်ကြည့်ရန် ဒုတပ်ကြပ်နန်းထိုက်ဆွေ
(၇) ချမ်းအေးသာဇံမြို့နယ်၊ မဟာဝေယံဘုံသာကျောင်းတိုက်၊ သံဃာ (၂၄၇)ပါးကို စောင့်ကြည့်ရန် တပ်သားသန်းထိုက်စိုး
(၈) ချမ်းအေးသာဇံမြို့နယ်၊ ပတ္တမြားကျောင်းတိုက်၊ သံဃာ(၉၆)ပါးကို စောင့်ကြည့်ရန် တပ်သားနေဝင်းဟိန်း
(ဆက်ပါဦးမည်) မိုးဇေငြိမ်း
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment