ကျမ
ဗိုလ်တထောင် ဒေသကောလိပ်နဲ့ ကြည့်မြင်တိုင် ဒေသကောလိပ် အင်္ဂလိပ်စာဌာနတွေမှာ
ဆရာမ လုပ်စဉ်က စိတ်ဖြင့် ပြစ်မှုတခု ကျူးလွန်ခဲ့ပါတယ်။ ပါးစပ်ကမပြောသော်လည်း
စိတ်ထဲမှာ ခဏလောက်တော့ ဒီအပြစ်ကြီးကို ကျူးလွန်ခဲ့တယ်။
အကြောင်းကတော့ ဒီလိုပါ။ တနေ့မှာ မြန်မာ သတင်းစာတွေထဲမှာ ဒေသကောလိပ်တစ်ခုမှာ ကျောင်းတက်နေတဲ့ ကျောင်းသူလေးများ ဓါတ်ပုံတစ်ပုံကို မျက်နှာဖုံးတွေမှာ ပလူပျံအောင် တင်ထားတယ်။ အဲဒီပုံက ကျောင်းသူလေးတွေ ဒေသကောလိပ်က လက်သမားသင်တန်းမှာ လွှဆွဲနေတဲ့ပုံတခုပါဘဲ။ ရှေ့ဆုံးက ကျောင်းသူလေးက အင်္ကျီလက်ပြတ် ချောင်ချောင်ချိချိ လယ်ဟိုက်အင်္ကျီလေး ဝတ်ထားပါတယ်။ ရှေ့ကိုကုန်းပြီး အင်တိုက်အားတိုက် လွှတိုက်နေတာကို ဓါတ်ပုံဆရာကလည်း ရှေ့တည့်တည့်ကနေ အားရပါးရရိုက်ထားတယ်။ ကျောင်းသူလေးရဲ့ ရင်သားတွေကို အားလုံးနီးပါး မြင်နေရတယ်။ အဲဒီအခါ မြင်ရသူ လူတွေတော်တော်လေး ပွက်ညံပွက်ညံဖြစ်ကုန်ပါရော။ ကျောင်းသူလေးကို အပြစ်တင်ကြတယ်။ သင်တန်းတက်တဲ့ ကျောင်းသူတွေကို အပြစ်တင်ကြတယ်။ သင်တန်းကိုလည်း အပြင်တင်ကြတယ်။ သင်တန်းကို သင်ရိုးညွှန်းတန်းမှာ ထည့်ခြင်းကိုလည်း အပြစ်တင်တယ်။ ကျမလည်း တစ်ယောက်အပါအဝင်ပါဘဲ။ လူတွေ စကားဝိုင်းမှာ ဝင်ပါလေ့ မရှိသော်လည်း စိတ်ထဲက ဒီတခါတော့ သူတို့ပြောတာမှန်တယ်လို့ တိတ်တဆိတ် စိတ်ထဲက ထောက်ခံမိပါတယ်။
မိန်းခလေးတွေနဲ့ လက်သမားအလုပ်နဲ့ ဘာဆိုင်သလည်း။ ယောက်ျားတွေကြားမှာ ဘာသွားရှုတ်နေကြတာလည်း။ အဝတ်အစားကလည်း သင့်တော်တဲ့ အဝတ်အစား မဝတ်ထားဘူး။ ဆူညံနေကြသာဘဲ။ အိမ်တွင်းမှုသင်တန်းတက်ကြတဲ့ ကျောင်းသူတွေကိုလည်း အတူတူပါဘဲ။ လူတိုင်း ထမင်းချက်တတ်တယ်။ လူတိုင်း မုန့်ဟင်းခါးချက်နည်း အုန်းနိ့ခေါက်ဆွဲချက်နည်းတွေ ကို ကိုယ့် အဖွား အမေ အဒေါ် အမတွေဆီက သင်နိုင်သာဘဲ။ တမင်တကာ တက္ကသိုလ်ကောလိပ်တွေမှာ ပညာရပ်အသီးသီးကို ကောင်းကောင်း မသင်ခြင်ဘဲ စာမကျက်ဘဲ အမှတ်အချောင်ရအောင် ဒီသင်တန်းတွေတက်ကြတာဆိုပြီး အစော်ကား ခံရရှာတယ်။ အဆိုးဆုံးကတော့ ယောက်ျားလေးတစ်ယောက်က အိမ်တွင်းမှုသိပ္ပံ သင်တန်းတက်ဖို့လျှောက်တော့၊ ကောလိပ် ဆရာမတွေတောင် ခေါင်းရှုတ်ကုန်ရော။ တက်တဲ့ ကျောင်းသားလေးဟာလည်း လူတိုင်းအတွက် ပျက်လုံးတစ်ခုဖြစ်ခဲ့တယ်။ ကျမကလည်း စိတ်ထဲက ဒီအယူအဆတွေ မှန်တယ်လို့ ထောက်ခံခဲ့တယ်လေ။
အခု နည်းနည်းလေး ရင့်ကျက်လာတဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်လိုက်တော့ ကိုယ်ဘယ်လောက် အမြင်မှားခဲ့တယ်။ ဗဟုသုတနည်းခဲ့တယ် ဆိုတာ သဘောပေါက်မိတယ်။
မိန်းခလေးတွေ လက်သမား အတတ်ပညာသင်တာကို အားပေးသင့်ခဲ့တယ်။ လက်သမားပညာဆိုတာ အင်မတန် အဆင့်မြင့်တဲ့ စက်မှုလက်မှုပညာတစ်ရပ်ပါ။ အနောက်နိုင်ငံတွေမှာ ကုလားထိုင်တခုထဲကို လုပ်နည်း ဒီဇိုင်းဆွဲနည်းနဲ့ ဝိဇ္ဇာဘွဲ့ ရခဲ့သူတစ်ဦးနဲ့ ခေတ္တ ခင်မင် ရင်းနှီးခဲ့ဘူးပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်ယောက်လောက်ကပါ။ သူငယ်ချင်းတွေက အတင်း ဒီလူငယ်လေးနဲ့ ရင်းနှီးအောင် ဘေးက ဆိုင်းတီးပေးတယ်။ ကိုယ်က အစက သူ့ကိုလည်း လက်သမားဆိုပြီး တော်တော်လေး အထင်သေးတယ်။ ခပ်ရှောင်ရှောင်နေခဲ့တယ်။ လူငယ်ဖြစ်လို့လည်း ဇယားမရှုတ်ခြင်ခဲ့ဘူး။ ဒါပေမဲ့ အနေကြာလာတော့ လူကောင်းလေးဖြစ်ပြီး အသိတစ်ယောက်အနေနဲ့ဘဲ သူ့ကို ဆက်ဆံတာကိုလည်း သူကလက်ခံခဲ့တော့ ကိုယ်ကလည်း လက်သမားပညာရပ်ကို နည်းနည်းလေး တီးခေါက်မိတယ်။ အဲဒီအခါမှာ သူတက္ကသိုလ်မှာ သင်ခဲ့တဲ့ လက်သမားပညာရပ်ရဲ့ အတိမ်အနက်ကို အင်မတန်အံသြမိတယ်။ ဒီလူငယ်လေးဟာ အနုပညာသည်တစ်ဦးပါ။ ဒီဇိုင်း ပုံတွေ ကောင်းကောင်းဆွဲတတ်တယ်။ ပန်းချီပညာရပ်မှာလည်း သင်ခဲ့ ဆွဲခဲ့ပြီး နည်းပညာရပ်ဆိုင်ရာမှာ ကောင်းကောင်းတတ်ကျွမ်းတယ်။ စာလည်း ဖတ်တယ်။ စာလည်း ကောင်းကောင်း ရေးတတ်ပါတယ်။ အနုပညာသမိုင်း၊ တေးဂီတသမိုင်း အားလုံးပါဘဲ။
ထိုလူငယ်လေးလိုဘဲ မိန်းခလေးတစ်ယောက်ကလည်း ဒီဇိုင်းနဲ့ ဝိဇ္ဇာဘွဲ့ရထားတယ်။ သူမကလည်း အနုပညာဘက်မှာ တော်ပါတယ်။ ပုံဆွဲတာ ပန်းချီဆွဲတာတော့ မရပါ။ ဓါတ်ပုံဆရာဖြစ်ပါတယ်။ သူမစိတ်ဝင်စားတာက အညှီအဟောက် ဓါတ်ပုံတွေ ဗီဒီယိုတွေဖြစ်လို့ ကျမတို့ ဘွဲ့လွန်လုပ်ကြတဲ့ အနောက်နိုင်ငံသား အတော်များများပါတဲ့ ကျောင်းသူကျောင်းသား အများစုတော်တော်လေး ကသိကအောင့်ဖြစ်ခဲ့တယ်။ သူမကတော့ စာသိပ်မဖတ်ပါ။ ဒီဓါတ်ပုံ ဗွီဒီယိုတွေကို အားရပါးရ လူတကာ လိုက်ပြလို့ နောက်ဆုံး တက္ကသိုလ်ကတောင် တားရတဲ့ အဖြစ်ရောက်ခဲ့တယ်။ သူမကတော့ မမှုပါ။ သူမနဲ့ အတူ ပရောဂျက်တွေ မိုဂျူးလ်တွေ တွဲလုပ်ပြီး သင်တန်းအတူ တက်သူက MBA ရပြီးသား အဝတ်အစား လုံလုံခြုံခြုံ အမြဲဝတ်တဲ့ အင်္ဂလိပ်မတစ်ယောက်ဖြစ်တယ်။ သူကလည်း အညှီအဟောက်တွေနဲ့ ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းကို အင်တာနက်မှာ အကြီးအကျယ် ဖွင့်ဖို့ ရည်ရွယ်ထားသူတစ်ဦး ဖြစ်ပါတယ်။
ကဲ လက်သမားပညာဘက်ဘဲ ပြန်လှည့်ရအောင်။ ဒီလူငယ်လေးနဲ့ ခေတ္တခင်မင်မိလို့ လက်သမားပညာ အကြောင်းကို တစေ့တစောင်း သိရှိခဲ့ရပါတယ်။ အဲဒီအခါ ဒီလို လက်မှု ပညာရပ်တွေ အပေါ်မှာ တက္ကသိုလ်မှာ သင်ကြားသင့်တဲ့ ပညာရပ်တွေ မဟုတ်ဆိုပြီး ကျမ အမြင်မှားခဲ့တာတွေ တစစနဲ့ ပျောက်ကွယ်ခဲ့ပါတယ်။
မိန်းခလေးတွေ လက်သမားပညာသင်တာကရော။ သင်သင့်ပါသလား။ အင်မတန် သင်သင့်ပါတယ်။ အနောက်နိုင်ငံတွေမှာ အမျိုးသမီးတွေ ကုလားထိုင် ကြိမ်ကွက် ပြဲသွားရင် ကိုယ်တိုင်ပြန်ပြီး ကြိမ်ယက်ပြင်ဆင်တယ်။ ကုထားထိုင်ခြေထောက်ကျိုးရင် ပြန်ပြင်တယ်။ DIY မိမိဘာသာ ပရိဘောဂ ပြင်ဆင်ခြင်း အိမ်ခန်းအတွင်းအပြင် ပြင်ဆင်ခြင်း အိမ်ပြင်ခြင်း အိမ်ဆောက်ခြင်းတွေ အင်မတန် စိတ်ဝင်စားသူတွေ များတယ်။
သာမန်လက်သမားပညာသာမက ရှေးဟောင်း ပစ္စည်း (ပရိဘောဂများ၊ အဆောက်အဦးအတွင်း ပစ္စည်းများ) ပြင်ဆင် မွမ်းမံတဲ့ နည်းပညာတွေကို တက္ကသိုလ်ကောလိပ်တွေမှာဘဲ ဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ်ဖြစ်ဖြစ် သင်ယူတတ်ကျွမ်းခဲ့သူများဟာ လခကောင်းကောင်း ရကြတယ်။ ဥရောပနိုင်ငံအသီးသီးက နန်းတော်တွေ ရှေးဟောင်းအဆောက်အဦးတွေမှာ အလုပ်ကောင်းကောင်းရကြတယ်။ အင်မတန် စာတတ်သူတွေလည်း ပါတယ်။ စာသိပ်မတတ်ဘဲ လက်မှုအရာမှာ ကျွမ်းကျင်သူတွေလည်း ပါတယ်။
လက်သမား မိန်းခလေးတွေ ချွေးတပြိုင်းပြိုင်းနဲ့ အလုပ်လုပ်နေတဲ့အခါ ဝတ်ရမဲ့ အဝတ်အစားတွေကရော။ ဒါက လုံးဝ အရေးမကြီးပါ။ တခုတော့ ရှိပါတယ်။ မြန်မာနိုင်ငံ ရာသီဥတုက အလွန်ပူအိုက်တဲ့အတွက် ကိုယ်ခန္ဒာကို သက်သာ ခြောင်ချိစေတဲ့ အဝတ်အစားတွေ ဝတ်ဆင်ခွင့် ပေးသင့်ပါတယ်။ လူကို ပိတ်ထုတ်ထားတဲ့ ငါးပေါင်းထုတ်တွေလို အီဂျစ် ရှေးဟောင်းလူသေအလောင်း မံမီတွေလို ထုတ်ထားသလို ကီမိုနိုတွေလို အဝတ်အစားများကို ဝတ်ရမည်လို့ မသတ်မှတ်သင့်ပါ။ ဓါတ်ပုံဆရာတွေကသာ နှာဘူးကြွပြီး ဟိုကလှည့်ရိုက် ဒီက လှည့်ရိုက်ပြီး သတင်းစာ ဂျာနယ်ထဲ ထည့်သာမျိုး လုံးဝ မလုပ်သင့်ပါ။
လက်သမား မိန်းခလေးတွေ အဝတ်အစား ဝတ်ဆင်ပုံနဲ့ ပတ်သက်လို့ အင်္ဂလိပ်လူမျိုး အမျိုးသမီး ဥယဉ်မှူး Charlie Dimmock ကို သတိရမိတယ်။ ၁၉၉၀ - ၂၀၀၀ ခုနှစ်အတွင်းတွေမှာ လူကြိုက်များလှတဲ့ Ground Force ဆိုတဲ့ ဗြိတိန်ရှိ မြို့ရွာတွေက လူနေအိမ်များရဲ့ ပန်းခြံတွေကို ဘယ်လို ပြုပြင်ပေးတာကို ဘီဘီစီက ရိုက်ထုတ်လွှင့်ပေးတဲ့ တယ်လီဗစ်ရှင်းဆီးရီးမှာ သူမက ဘီဘီစီက ငှားထားတဲ့ အမျိုးသမီး ဥယဉ်မှူးတစ်ဦးပါ။ သူမက တီရှပ်ကိုအမြဲလိုလို ဝတ်ပါတယ်။ သူမမှာ သဘာဝကပေးထားတဲ့ ရင်သားနှစ်စုံက အင်တန်ကြီးထွားတော့ အလုပ်လုပ်တဲ့အခါမှာ တုံတုံ တုံတုံနဲ့ လှုပ်နေတာ အမြဲ မြင်နေရပါတယ်။ အလုပ်လုပ်နေုတုန်း မိုးရွာတဲ့အခါ အမျိုးသားတွေအတွက်က ပိုကြည့်ကောင်းသာပေါ့လေ။ ပိုကြည့်ကောင်းသာကို ကျေးဇူးမတင်ကြ။ ကိုယ်ကဘဲ မကြိုက်သလို ပြစ်စာတင်တဲ့လူတွေရှိသလို ဟားတဲ့သူတွေ တီဗွီပေါ်မှာ တက်ပြီး သူမအကြောင်းကို အကြီးအကျယ်ဆွေးနွေးကြတယ်။ မိန်းမတချို့လည်း ပါတယ်။ နောက်ဆုံးသူမကို ဥယဉ်မှူးပညာကောင်းကောင်း တတ်သူမဟုတ်လို့တောင် စွတ်စွဲသူတွေရှိလာတယ်။
အမှန်က သူမက တယ်လီဗစ်ရှင်းရိုက်နေစဉ်မှာ သူမလိုဘဲ ပင်တိုင်တီဗွီတင်ဆက်သူမဟုတ်လို့ စကားပြောခွင့် သိပ်မရတဲ့ လက်သမားတစ်ယောက်ရယ် တခြား အလုပ်ကြမ်းသမား အမျိုးသားတွေနဲ့ တန်းတူ မြေတူး အုတ်သယ် မြေသယ် သစ်သားတိုင်တွေ သစ်ပင်ကြီးတွေ အိုးကြီးတွေ ကိုယ်တိုင် မရတဲ့ ဥယဉ်အလုပ်ကို လုပ်ရသူပါ။ ချွေးတွေ ပြိုင်းပြိုင်းကျအောင် ဆံပင် ဖရိုဖရဲနဲ့ အားကြိုးမန်တိုက်လုပ်ရှာပါတယ်။ လူတွေက ဒါကို မမြင်ဘူး။ တုံတုံ တုံတုံ ပေါ်လာတာကိုဘဲ မျက်စိမှန်ဘီလူးနဲ့ကြည့်ပြီး မနားတန်း ပါးစပ်အရသာခံပြီး ဝေဖန်ကြတယ်။ သူမက ပင်တိုင် တီဗွီ တင်ဆက်သူနီးပါး နံမည်ကျော်လာပါလေရေ။ တော်တော်လေး အချိန်ကြမှ သူမဘက်ကရပ်တည် ကာကွယ်ပေးသူတွေ ပေါ်လာပါတယ်။ အမျိုးသမီးတချို့က သူမဘက်က ရပ်တည်ပြီး ကာကွယ် ပြောဆိုလာကြတယ်။ သူမရဲ့ သဘာဝက ပေးထားတဲ့ ရင်သားတွေက အင်မတန်ကြီးနေတော့ ဒီလို အလုပ်ကြမ်းတွေကို ယေက်ျားတွေနဲ့ တန်းတူလုပ်ရတဲ့အခါ ဘရာစီယာနဲ့ ထုတ်ထားရင် အင်မတန် ပူအိုက်ပြီး ကသိကအောက်ဖြစ်ကာ နာကြင်စေပါတယ်။ နောက်ပြီး ချည်နဲ့ လုပ်ထားတဲ့ တီရှပ်က ရိုးရိုးရှပ်မျိုးထက် ပိုပြီး လူကို သက်သာစေပါတယ်။ ဒါကို အလုပ်ကြမ်းလုပ်ဘူးတဲ့ ရင်သားကြီးထွားသူ အမျိုးသမီး အချင်းချင်းဘဲ နားလည်မှုရှိတယ်လေ။ တခါတလေ အင်္ကျီ ခပ်ကြပ်ကြပ် ဝတ်ရတာကတော့ တီဗွီအခန်းဆက် ထုတ်လုပ်သူတွေ ဒါရိုက်တာတွေက ဝင်ငွေများများရဖို့အတွက် ယောက်ျားတွေ များများကြည့်အောင် သူမကို ဒီလို ဝတ်ဆင်ခိုင်းထားသာပါ။
သူမပြောတာဆိုတာ မြင်တဲ့အခါမှာ သူမဟာ မနှဲလေးမဟုတ်တာ သိသာပါတယ်။ ဟော်မုန်းတွေထနေတဲ့ ကြောင်မတွေလို ဖလန်းဖလန်းထနေသူလည်း မဟုတ်ပါ။ ရှက်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ မိမိဝါသနာပါတဲ့ မိမိကောင်းစွာလေ့လာထားတဲ့ ဥယဉ်မှူး ပညာရပ်နဲ့ မိမိဝမ်းစာကို တီဗွီပေါ်မှာ လူမြင်သူမြင် ရှာဖွေစားသောက်နေရသူတစ်ယောက်ပါ။ ဒီတော့ အမျိုးသမီးလက်သမားတွေ၊ အမျိုးသမီး ခြံစိုက်သမားတွေ၊ လယ်သူမတွေ အမျိုးသမီးစက်ရုံအမှုထမ်းတွေ သက်တောင့်သက်သာရှိတဲ့ အဝတ်တွေ ဝတ်ပါစေ။ ကိုယ်ကသွားပြီး မဟုတ်မဟတ်တဲ့ ရှုထောင့်ကနေပြီး ဓါတ်ပုံမှတ်တမ်းတင်ခြင်းကို တတ်နိုင်သ၍ရှောင်ကြဖို့ပါဘဲ။
အိမ်တွင်းမှုသိပ္ပံပညာ (အစားအစာထုတ်လုပ်မှုဆိုင်ရာ သိပ္ပံပညာ အပါအဝင်) ကို တက္ကလိုလ်တွေမှာ သင်သင့်ပါသလား။ သင်တင့်တာပေါ့။ Food Sciene, Nutrition, Food Technology, Handling and Maintainance of Machiney used in food production, Methods of Processing Food, Food Safety Standard, Quality Control နဲ့ Catering Business အစရှိတဲ့ ပြောမကုန်နိုင်တဲ့ ပညာရပ်အမျိုးမျိုးကို သင်သင့်ပါတယ်။ ကိုယ့်အိမ်မှာ ထမင်းချက်တတ်၊ အုန်းနို့ခေါက်ဆွဲချက်တတ်၊ မုန့်စိမ်းပေါင်းဖုတ်တတ် ရုံနဲ့ မလုံလောက်ပါ။ တက္ကလိုလ်တွေမှာရော ကောလိပ်တွေမှာရော မိမိဘာသာ အင်တာနက်က အလကားသင်ရတဲ့ သင်တန်းတွေမှာ သင်သင့်ပါတယ်။
ယေက်ျားလေးတွေရော ဒီအိမ်တွင်းမှုပညာဆိုတဲ့ (အစားအစာထုတ်လုပ်မှုဆိုင်ရာ သိပ္ပံပညာ အပါအဝင်) ပညာရပ်တွေကို သင်သင့်ပါသလား။ ကမ္ဘာနိုင်ငံအသီးသီးက အစားအစာထုတ်တဲ့လုပ်ငန်းတွေ ဟိုတယ်တို့ စားသောက်ဆိုင်းအကြီးကြီးတွေရဲ့ စားတော်ကဲထိပ်သီးတွေကို ကြည့်ပါ။ ယောက်ျား အများစုဖြစ်ပါတယ်။ အများစုဟာလည်း ကောလိပ်တက္ကသိုလ်အသီးသီးက စာရွက်သောင်းခြောက်ထောင်တွေ ကိုယ့်အိမ်နံရံမှာ ချိတ်ထားသူတွေ ဖြစ်ကြပါတယ်။ အစားအသောက်ထုတ်လုပ်မှု ပညာရပ်ကို ယောက်ျားတွေ မသင်သင့်ဆိုတဲ့သူတွေ ဒီခေတ်မှာ မရှိသင့်တော့ပါ။
အခု ကျမစိတ်ဖြင့် ပစ်မှားခဲ့တဲ့ ဒီသင်တန်းတွေကို ဒေသကောလိပ် သင်ရိုးတွေမှာ ထည့်ပေးတဲ့ ပညာရှင်တွေကို ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်။ ကျမမှားခဲ့ပါတယ်။
မှတ်ချက်။ စာကျကျန်ခြင်း၊ စာလုံးပေါင်းမှားခြင်း၊ အထားအသိုမှားခြင်းများကို တဖြေးဖြေးခြင်း ပြင်ပါ့မယ်။ သည်းညီးခံပါ။ ကျေးဇူးတင်ပါတယ်။
နောက်ဆက်တွဲ။ Charlie Dimmock အကြောင်းရေးမိလို့ သူ့ဓါတ်ပုံတွေကို အင်တာနက်မှာ ရှာလိုက်တဲ့အခါ အသက်ကြီးလာပြီးဖြစ်တဲ့ သူမဓါတ်ပုံတွေကို တွေ့လိုက်ရတယ်။ မြင်ရသာ စိတ်မကောင်းလိုက်သာ။ အသက်ကြီးမှအားလုံးနီးပါး ဖော်ရိုက်တဲ့ သက်ကြီးရွယ်အို မိုဒယ်ဖြစ်သွားရှာပြီ။ နားလည်လိုက်မိသာက သူမ အသက်ကြီးတော့ အုတ်တွေ မမနိုင် မသယ်နိုင်တော့ဘူး။ သစ်ပင်ကြီးတွေ ပန်းအိုးကြီးတွေကို တယောက်ထဲ့ မမနိုင်တော့ဘူး။ ပန်းခြံထဲမှာ အလုပ်ကြမ်း မလုပ်နိုင်တော့ဘူး။ တီဗွီမှာ ကိုယ်တိုင် တင်ဆက်သူ အဖြစ် ကြိုးစားလုပ်ခဲ့တာ တွေ့ဘူးတယ်။ မအောင်မြင်ဘူး။ တီဗွီတွေမှာ လူကြိုက်များတဲ့ ဘုရင်မအင်္ဂလိပ်စာကားသံမျိုးနဲ့ သူမက မပြောနိုင်ရှာဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်သိပ်ရှိပုံမရ။ မီဒီယာသမားအနေနဲ့ သိပ်မထက်မြက်ဘူး။ သိပ်ပြီး စကားဝဲတော့ လူကြိုက်မများဘူး။ တီဗွီမှာ သတင်းဖတ် တင်ဆက်နိုင်တဲ့ ဥပဓိရုပ်မျိုးလည်း မရှိရှာဘူး။ ဒီတော့ အသက်ကြီးလာတဲ့အခါ အလုပ်ကြမ်း မလုပ်နိုင်တော့ သူမှရဲ့ သဘာဝက ပေးတဲ့ ပစ္စည်းတွေကို ဘဲ ရှက်ရှက်နဲ့ လူအများ သာယာဖျော်ဖြေဖို့အတွက် ပြသနေရရှာပြီ။ ငယ်ငယ်က ဒီလိုမဟုတ်ဘူး။ တီရှပ်နဲ့ ဂျင်းဘောင်းဘီစုတ်နဲက ချွေးတပြိုင်းပြိုင်းကျပြီး အလုပ်ကြမ်းတွေ လုပ်တယ်။ သူဝါသနာလည်း ပါတယ်။ ကျွမ်းကြင်တဲ့ လေ့လာထားခဲ့တဲ့ နည်းပညာဘဲလေ။ အခုတော့ ရင်နာစရာပါ။ ဒါပေမဲ့ သူမ အသက်ရှင်ရေးအတွက် ရှက်ရှက်နဲ့ လုပ်သာမို့ နားလည်ပါတယ်။ သူများပစ္စည်း မတရားခိုးစားသူမှ မဟုတ်ဘဲ။ ဗြိတိန်မှာ အလွန်ဝင်ငွေကောင်းတဲ့ ထိတ်တန်း Gardener တို့ Horticulturist တို့ Landscape Architect အစရှိတဲ့ အလုပ်တွေကို တော်တော်နဲ့ ဝင်တိုးဘို့ မလွယ်ပါ။

ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment