နေကား ပြင်းပြင်းပူ၏။ ယင်းအပူကား ရှင်မင်းယာ၏ ခြေလှမ်းများကို မဟန့် တားနိုင်ပါချေ။ ရွှင်မြူးလန်းဆန်းနေသော ရှင်မင်းယာ တစ်ယောက်ကား ငါးထောင်တန် တစ်ထပ်ကို လက်ထဲဝယ် ကျစ်ကျစ်ပါအောင် ဆုပ်လျက် ဖလန်းဖလန်းနှင့် ဟမ်းဖုန်းအဝယ် ထွက်လာချေ၏။
ယနေ့ ကား ငါးထောင်တန်ဖုန်းများ ပထမဆုံး ရောင်းချသော နေ့ပေတည်း။.
'အို .. ဘာတဲ့။ ငါးထောင်တန်ဖုန်းတဲ့။ တသက်နဲ့ တကိုယ် ဟမ်းဖုန်းလေးတော့ ကိုင်ဖူးတယ် ရှိအောင် ဝယ်ကိုင်လိုက်ဦးမယ်။'
.
ဟမ်းဖုန်းအရောင်းဆိုင်ကြီးကား ခမ်းနားလှချေသည်။ ဆိုင်တွင်းဝယ် အရောင်စုံ၊ ဒီဇိုင်းစုံ ဟမ်းဖုန်းများကား မက်လောက်စရာ ကောင်းလှ၏။ တလက်လက်ထနေသော ဒန်ငွေရောင်ဖုန်းလေးကို ငေးကြည့်ရင်း ငါးထောင်တန်ဖုန်းဆိုတာ ဒါမျိုးလားဟု တွေးလိုက်မိသေးသည်။
.
မကြာပါ။ ကောင်တာတွင် လူစဲ၍ ရှင်မင်းယာအလှည့် ရောက်ပါပြီ။ အရောင်းစာရေးမလေး၏ ပေါက်ခါနီး နူဗုံးသဖွယ် မျက်နှာထားကို မဝံ့မရဲကြည့်ရင်း ရှင်မင်းယာခမျာ သွားကလေးဖြီးလျက်
.
'အဟီး .. ညီမလေး။ အစ်မ ငါးထောင်တန်ဖုန်း ဝယ်ချင်လို့ ပါ။'
.
'အင်း။ ဒီဘက်ကိုလာ။ ဒီဖောင်ကိုဖြည့်။ ကြိုပြောထားမယ်နော်။ ငါးထောင်ဆိုတာ ဆင်းမ်ကတ်ဖိုးနော်။ ဖုန်းခက သတ်သတ် ကတ်ဝယ်ထည့်ရတာ။ ရှင်းသလား။'
.
'အင်း .. ရှင်းပါပြီ။ အားလုံး ဘယ်လောက်တုန်း။'
.
'ဆင်းမ်ကတ်က ငါးထောင်၊ ဟမ်းဆက်က သုံးသောင်း၊ ဖုန်းခေါ်ဖို့  ခရက်ဒစ်လိုတယ်။ အဲဒါက တကတ်ကို ငါးထောင်။ အားလုံး လေးသောင်းကျတယ်။'
.
တုန်ယင်နေသော လက်ချောင်းကလေးများဖြင့် ငွေလေးသောင်းကို ရေတွက်ပေးလိုက်ရင်း ရှင်မင်းယာ၏ ခေါင်းထဲဝယ် စိတ်ကူးများက ကွန့် မြူးလျက် ရှိသည်။
.
'ရောင်စုံ လိပ်စာကတ် လှလှလေး ရိုက်ရမယ်။ စူပါ ဖွဲပြာသည် ပါလေရာ ရှင်မင်းယာ လို့ ။ ခိခိ။'
.
'ဒေါ်ရှင်မင်းယာ။ ဒီမှာ ဖုန်း ... ။'
.
ငတ်မွတ်နေသော လက်များက အငမ်းမရ ဖုန်းဗူးလေးကို ဖွင့်ကြည့်လိုက်သည်။
.
'အင် .. ဒါကြီးက ဒါကြီးက ဖုန်းလား။ ဂဏန်းတွက်စက်ကြီးနဲ့ တူလိုက်တာ။ ဘေးက နို့ ဆီခွက် နှစ်လုံးနဲ့ ကြိုးက ဘာလုပ်ဖို့ တုန်း။'
.
'ငါးထောင်တန်လေ အစ်မရယ်။ ဒီလောက်ပဲ ရမှာပေါ့။ ဒီမှာ နံပါတ်ကို နှိပ်၊ ပြီးရင် ဒါလေးကို နားမှာကပ်၊ ဒါလေးကို ပါးစပ်မှာ တေ့ပြီးပြော။'
.
'ညီမ၊ ငါးထောင်တန်ဖုန်းဆိုတာ ဒါ ... ဒါကြီးလားဟင်။'
.
'အစ်မရေ၊ ရွာမရောက်ရင် ရွာမလို ကျင့်ရတယ်တဲ့။ ဖုန်းဆိုတာ ရွှေလိုရှားတဲ့အရပ်မျိုးမှာ အစ်မပေးတဲ့ပိုက်ဆံနဲ့ ဒါကြီး ရတာပဲ တော်လှပြီ။'
.
'ဟုတ် .. ဟုတ်ကဲ့။ အစမ်း ဆက်ကြည့်မယ်နော်။'
.
'တီ .... တူ တူ တူ'
.
'ပလုတ်တုတ်။ ဖုန်းက ဂဏန်းတလုံးပဲ နှိပ်ရသေးတယ်။ တူ တူ နေပါလား။'
.
'ပိုက်ဆံမရှိလို့ အစ်မ။ ဖုန်းကတ်ထပ်ဝယ်ဖြည့်လိုက်။'
.
'ကဲ .. နောက်တခါ ထပ်စမ်းမယ်။ တီ ... တူ တူ တူ'
.
'ညီမရေ၊ တူတူတူ နေတုန်းပဲ။'
.
'ပိုက်ဆံ မလောက်လို့ ပါဆို။'
.
'မလောက်ရအောင် ငါဝယ်ထည့်နေတာ နှစ်ခါရှိနေပြီဟဲ့။'
.
'ငါးထောင်တန်လေ အစ်မရယ်။ ဂဏန်းတစ်လုံးနှိပ်ရင် ငါးထောင်ကျတယ်။ အစ်မက ဖုန်းထဲကို ငွေငါးထောင်ပဲ ထည့်ထားတော့ ဘယ်ဆက်လို့ ရပါ့မလဲ။'
.
'အွင် .. ဒါ.. ဒါဆိုရင် ဖုန်းတခါခေါ်ဖို့  ငါ့မှာ သောင်းနဲ့ ချီပြီး သုံးရမှာပေါ့။ မွဲပါပြီ။ မွဲပါပြီ။'
.
'မမွဲပါဘူး အစ်မရဲ့။ အစ်မရဲ့ ငါးထောင်တန်ဖုန်းက ငါးခေါက်ပဲ ဆက်လို့ ရတာ။ ငါးခေါက်ဆက်ပြီးရင် သုံးလို့ မရတော့ဘူး။ ပိုက်ဆံလည်း ဝယ်ထည့်စရာ မလိုတော့ဘူး။'
.
'အွင် .. ဒါဆိုရင် ဈေးသက်သက်သာသာနဲ့ ငါးခေါက်ထက် ပိုဆက်လို့ ရတဲ့ ဖုန်းမျိုး မရှိဘူးလား။'
.
'ရှိတာပေါ့။ ဟိုဘက်မှာ။ လိုင်းမမိ ဖင်ကုန်းအော် ကုမ္ပဏီက ရောင်းတဲ့ဖုန်းတွေ။ တစ်လုံး နှစ်သိန်းခွဲတဲ့။ ယူမလား။'
.
'မယူတော့ပါဘူးအေ။ နှစ်သိန်းခွဲဆိုရင် ငါ နှစ် ၂၀ လောက် ဖွဲပြာရောင်းပြီး ရှာရမှာအေ့။'
.
ဤသို့ဖြင့် ခဲလေသမျှ သဲရေကျလေသောကြောင့် ရှင်မင်းယာ၏ ဟမ်းဖုန်းအိပ်မက်ကား အစိတ်စိတ်အမွှာမွှာ ကွဲလေတည်း။
.
(ပြည်သူများ၏ ငါးထောင်တန်ဖုန်းအိပ်မက် အကောင်အထည်ပေါ်လာပါစေ။)
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment