…………………………………….(၁)…………………………
ရှစ်လေးလုံး လူထုအုံကြွမှုကြီး နှစ်ပတ်လည်အခမ်းအနားတွေ ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း ၂၄ နှစ် တိုင်ခဲ့ပြီ။ ရှစ်လေးလုံး အဖြစ်အပျက်တွေကို ကိုယ်တိုင်သိမီကြုံတွေ့ခဲ့သူများအဖို့ အတိတ်ကာလ မြင်ကွင်းတွေအကြောင်း ပြန်တွေးကြည့်မိသောအခါ မနေ့တနေ့က ဖြစ်ပျက်ခဲ့သလို ပုံရိပ်တွေ ပီပြင်ထင်ရှား အသက်ဝင်လှုပ်ရှားနေဆဲ ဖြစ်တုန်းပင်။
ထိုအချိန်က ခေတ်သစ်မြန်မာ့သမိုင်းမှာ အထူးခြားအကြီးကျယ်ဆုံး လူထုလှုပ်ရှားမှုကြီးဖြစ်သည့် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး တကယ်ဖြစ်လာနိုင်ခြေ ရှိမှရှိပါ့မလားဟု အတွေးသံသယကြီးစိုးနေသူတွေလည်း တပုံတပင်။ ရှစ်လေးလုံးအကြိုကာလလေးမှာပင် ကျနော်နှင့်အိမ်နီးချင်း ဦးစိန်တို့ ဆွေးနွေး ငြင်းခုံခဲ့ဖူးသည်ကို အမှတ်ရ နေမိပါသည်။
အဲဒီတုန်းက အင်းလျားကန်နံဘေး လမ်းနီလေး ကားမှတ်တိုင်အနီးရှိ စက်မှု(၁) ဝန်ကြီးရုံးမှာ ကျနော် နေ့စားဝန်ထမ်းလုပ်နေခဲ့သည်။ ရန်ကုန်မြို့တွင်း ဟိုနေရာ သည်နေရာတွေမှာ ကျောင်းသားလှုပ်ရှားမှုတွေ ဖြစ်ပေါ်နေသည့် သတင်းတွေကို မကြာခဏကြားသိ ခဲ့ရသည်။ တက္ကသိုလ်ကျောင်းတွေ ပိတ်ထားသည့်တိုင် ကျောင်းသားလှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။
အထက်တန်းကျောင်းတွေမှာလည်း ကျောင်းသားတွေ စုရုံး စုရုံး ဖြစ်နေကြသည်။ ကျောင်းသားအဖွဲ့တွေက သြဂုတ်လ ဂ ရက်နေ့မှစ၍ မဆလတပါတီအာဏာရှင်စနစ်ကို တတိုင်းပြည်လုံး ဆန့်ကျင်ဆန္ဒပြကြရန် တပ်လှန့် နှိုးဆော် စာတွေဖြန့်ဝေထားသည်။
…………………………………………….(၂)……………………………………
တနေ့.. ရပ်ကွက်ထဲက စက်ချုပ်ရုံတခုမှာ အလုပ်ဝင်နေသော ကျနော့်အမျိုးသမီး အိမ်ပြန်နောက်ကျနေသဖြင့် အလုပ်ရုံရှိရာ ကျနော်လိုက်သွားမိသည်။ ကျနော် လိုက်လာတာကိုတွေ့တော့ အလုပ်ရုံပိုင်ရှင် ဘကြီးလှ က အိမ်ပေါ်တက်ခဲ့ဖို့ခေါ်သည်။
“လာဟေ့.. ဒီနေ့ ဘကြီးမြို့ထဲကပြန်ရောက်တာနောက်ကျလို့ အလုပ်တွေ လက်စမသိမ်းနိုင်သေးဘူး ဖြစ်နေတာ”
သူ့ရှေ့မှာ ပိတ်စတွေ ဟိုတပုံ သည်တပုံ.. အမျိုးအစားအလိုက် စစ်ဆေးနေရာချ နေတာဖြစ်သည်။ မြို့ထဲက အသင့်ညှပ်ပြီး အထည်စတွေကို ဘကြီးလှတို့အလုပ်ရုံမှာ အထည်စားပုတ်ပြတ်ဈေးဖြင့် ယူချုပ်သည်။ နောက်နေ့မှာ အသင့်ချုပ်နိုင်အောင် ယခုကတည်းက သူ့အတွဲနှင့်သူ နေရာချထားရသည်။
ထိုင်ခုံအလွတ် တခုပေါ် ကျနော်ဝင်ထိုင်လိုက်သည်ဆိုရင်ပဲ ဘကြီးလှလည်း ကျနော့်ဘေးက ခုံမှာ လာထိုင် သည်။ ပြီးတော့ ကျနော့်ကို လက်တို့ကာ…
“ဒီနေ့ ဘကြီး မြို့ထဲကို ပစ္စည်းသွားအပို့.. ကျောင်းသားတွေနဲ့လုံထိန်းတွေ ရုန်းရင်း ဆန်ခတ်ဖြစ်နေတာ တွေ့ခဲ့ရတယ်။ လုံထိန်းတွေ တော်တော်ရက်စက်တယ်ကွာ.. တွေ့ရာလူကို အတင်းသိမ်းကြုံး ရိုက်တာပဲ… ဘေးကလူတွေပါ မခံနိုင်တော့လို့ ကျောင်းသားတွေဘက်က ဝင်ပါကုန်ကြတယ်ကွ… လူအုပ်ကြီး ဖြစ်လာတော့ ကားလမ်းတွေပါ ပိတ်သွားတယ်.. ပြီးတော့ တီအီးကားပေါ်ကို လူတွေအများကြီး တင်ခေါ်သွား တာလည်း တွေ့ရတယ်.. ခက်ပါတယ်ကွာ”
“ဟုတ်တယ် ဘကြီးရေ… ဒီလိုပုံစံနဲ့ဆို လူတွေအကုန်လုံး အုံကြွထလာတာ့မှာ”
“မင်းကလည်း အရေးထဲ စိတ်ကူးယဉ်နေပြန်ပြီ… ဟိုက တကယ်ပစ်လားခတ်လားလုပ်ရင် ဘယ်သူတွေခံနိုင် မှာလဲ.. မင်း ကျောင်းသားတွေ လက်ထဲမှာ ဘာလက်နက်ရှိလို့လဲ”
ကျနော်တို့ ကြားမှာ ရုတ်တရက် ဖြတ်ပြောလိုက်သူက ဦးစိန်။
ဦးစိန်က ဘကြီးလှ ယောက်ဖဖြစ်ပြီး အဲဒီအလုပ်ရုံမှာရှိတဲ့ အပ်ချုပ်စက်တွေ ပြုပြင်ပေးသူ။ သူ့အဆက်အသွယ် နှင့်ပင် ကျနော့်အမျိုးသမီး အလုပ်ရတာဖြစ်သည်။ ဦးစိန်နှင့်ကျနော်က အိမ်နီးချင်းဖြစ်သည့်အပြင် စာဖတ် ဝါသနာတူသူချင်း ဖြစ်သဖြင့် ရင်းနှီးနေကြခြင်းဖြစ်၏။ သူ့အိမ်မှာ ကျနော်ဖတ်ချင်သော စာအုပ်တွေ တပုံတပင် ရှိသည်။
အလုပ်နားရက်များတွင် သူနှင့်ကျနော် လက်ဘက်ရည်ဆိုင်ထိုင်းရင်း စာအကြောင်း ပေအကြောင်းတို့ထိ ဆွေးနွေးဖြစ်ကြသည်။ ဆွေးနွေးသည်ဆိုသော်လည်း စာဖတ်သက်နာပြီး အတွေ့အကြုံရင့်ကျက်သော သူကပင် ဒိုင်ခံပြောတာဖြစ်၍.. ကျနော်က နားထောင်ပေးသူတဦးသာ။ တခါတလေ ကိုယ်သိချင်တာတွေကို သူ့ထံ မေးမြန်းရသည်။
မည်သို့ရှိရှိ ယခုကိစ္စမှာတော့ သူနဲ့ကျနော် အမြင်ကွဲပြားနေပေပြီ။
“ကျနော့်အမြင်ကတော့ လူထုအုံကြွမှုကြီး ဖြစ်ကိုဖြစ်လာလိမ့်မယ် ယုံကြည်နေတယ်ဗျ.. ဘာဖြစ်လို့လဲဆိုတော့ လူတွေသည်းခံနိုင်မှု ကုန်ဆုံးနေပြီ။ မဆလအာဏာပိုင်တွေ အနိုင်ကျင့်ရက်စက်တာလည်း ကမ်းကုန်နေပြီ.. ဦးစိန် မယုံရင်ကြည့်… ၁၃၀၀ ရာပြည့်အရေးတော်ပုံလိုမျိုး ဖြစ်လာမှာ အသေအချာပဲ”
“အေး.. ငါကတော့ မထင်ဘူးကိုယ့်လူ… လူဆိုတာ ဘယ်လောက်နာကျည်းပစေ.. ကိုယ့်အသက်တော့ နှမြောသကွ… သူများပစ်တဲ့ကျည်ဆံရှေ့ အသားလွတ်ရင်ကော့ အသေခံမယ့်သူ ဘယ်နှစ်ယောက်ရှိ မှာတုန်း.. မင်းစဉ်းစားကြည့်ပေါ.”
“ငတ်နေတဲ့လူတွေက သေဖို့ကြောက်ပါတော့မလား.. ဦးစိန် ကျနော့်ကိုပြောပြဖူးတယ်လေ.. ပြည်တွင်းစစ်ဖြစ်စ တုန်းက မထင်းငတ်နေတဲ့လူတွေ ကျည်ဆံတရွှီရွှီ ကြားထဲမှာ ထမင်းထုပ်လုကြတယ်ဆို”
“အဲဒါက ရန်ကုန်ဘဆွေရေးတဲ့ ‘နှင်းန’ု ဝတ္ထုထဲမှာ ဖတ်ရတာ.. ခုကာလနဲ့ မတူဘူးကွ”
“ကာလမတူပေမဲ့ လူထုဘဝငတ်ပြတ်မွဲတေတာချင်းတော့ မကွာဘူးထင်တယ်ဗျ”
“မဖြစ်နိုင်ပါဘူးကွာ… ကျိန်းသေငါပြောရဲတယ်”
“ဒါဆို ဦးစိန်နဲ့ကျနော် လောင်းကြေးထပ်မလား”
“အံမာ… မင်းဘာကြေးလောင်းချင်လဲ.. ငါ့ဘက်ကတော့ အသင့်ပဲဟေ့”
“ကောင်းပြီ… ရှစ်လေးလုံး တိုင်ပင်ခေါ်ထားတဲ့နေ့မှာ တကယ်ဖြစ်မဖြစ် စောင့်ကြည့်ကြတာပေါ့”
……………………………………………….(၃)…………………………………………………..
ကျနော် ဦးစိန်နှင့် ယှဉ်ပြိုင်ငြင်းခုံနေရခြင်းမှာ အကြောင်းမဲ့တော့မဟုတ်။
မတ်လ ကျောင်းသားအရေးအခင်း ကာလအတွင်းတုန်းက ကျနော်ရွာမှာပင် ရှိနေသေးသည်။ ဧပြီလထဲမှာ ရန်ကုန်မှာတာဝန်ကျသည့် ကျနော်တို့ရွာက သူနာပြုဆရာမတဦး ရွာကို အလည်ပြန်ရောက်လာသည်။ သူ့ပြောပြချက်အရ မတ်လကျောင်းသားအရေးအခင်းမှာ ဒဏ်ရရခဲ့သည့် ကျောင်းသားတချို့ သူတာဝန်ကျရာ ဆေးရုံသို့ရောက်လာပြီး ကုသပေးခဲ့ရသည့်အကြောင်း သိရသည်။
မရှုမလှဒဏ်ရာရထားသော ကျောင်းသားလူငယ်တွေကိုကြည့်ကာ သူ့စိတ်ထဲမှာ မခံမရပ်နိုင် ဒေါသ ထွက်ခဲ့ ရသည် တဲ့။
“လူနာကုတင်ပေါ်မှာ မချိမဆန့် ဝေဒနာခံစားရင်း ညည်းညူနေတဲ့ကျောင်းသား ကျောင်းသူတွေကို မြင်ရတော့ ဦးနေဝင်း မျက်နှာကို မြင်ယောင်လာပြီး အစိမ်းလိုက်ဝါးစားပစ်ချင်စိတ် ဖြစ်မိတယ်”
ပြောရင်း သူ့အသားတွေ တဆတ်ဆတ်တုန်လာပြီး မျက်လုံးတွေ မျက်ရည်ဝဲလာသည်။ သူ့ဘေးနားမှာ ထိုင်နားထောင်နေသည့် ရွာကလူတွေလည်း မျက်နှာမရွင်ပြနိုင်။ ရွာမှာရော ဘာထူးသေးလို့တုန်း… အစိုးရ စပါးတာဝန်ကျေစနစ်ဖြင့် တအိမ်ဆင်းတအိမ်တက် ပုတ်လှန်ကျီလှန်စနစ်ဖြင့် ထင်သလိုအနိုင်ကျင့်တာ ခံနေကြရသည်။ သတ်မှတ်ထားသော တာဝန်ကျေစပါး ပြည့်မီအောင် မပေးသွင်းနိုင်သည့် လယ်သမားတချို့ အဖမ်းခံထားရသည်။ ရွာစဉ်တလျှောက် ခွေးဟောင်သံတစီစီနှင့် မြို့နယ်လုံခြုံစီမံဥက္ကဌ ဦးဆောင်သော စပါးရှာဖွေရေးအဖွဲ့ ခြေရာတွေတင်းကြမ်းထပ်အောင် စပါးရဖို့ ပိုက်စိပ်တိုက်ရှာဖွေကြသည်။
မဆလခေတ်၏ နောက်ဆုံးနေဝင်ချိန်ကား အကြမ်းတမ်း အရိုင်းစိုင်းဆုံး ဘီလူးဆိုင်းတီးကာ အဆုံးသတ်ခရီးနှင် နေလေ၏။ လယ်သမားတွေ ကိုယ်စိုက်တဲ့စပါး ကိုယ်စားဖို့ပင် ချန်ထားခွင့်မရ၊ ကိုယ်ပိုင်တဲ့လယ် အချိန်မရွေး ဆုံးရှုံးရမယ့် အနေအထား၊ ဒီကြားထဲ တရားမဝင်ကြေညာထားသော ငွေစက္ကူတွေက ဘာမှအသုံး မဝင်တော့ လယ်သမားတွေမှာ ဒုက္ခ၊သုက္ခများတွေ တသီကြီးဝေနေတော့သည်။
လယ်သမားတွေ ဒူးနဲ့မျက်ရည်သုတ်နေရချိန်မှာ စပါးဒိုင်မှူးတွေ ငွေတွင်းမောက်နေသည်။ သူတို့ပြောသော ဆိုရှယ်လစ်အသီးအပွင့်ကား လက်တဆုပ်စာ ဆိုရှယ်ဗျူရိုကရက်တွေ အတွက်သာဖြစ်ချေ၏။ ထိုကာလ
မြန်မာပြည် အနေအထားမှာ ပူပြင်းရာသီ တောမြိုင်လယ်မှာ သစ်ရွက်ခြောက်တို့ ထူထပ်စွာပြန့်ကျဲနေသည့်နှယ် ဘယ်နေရာဖြစ်ဖြစ် မီးပွားကျသည့်နေရာ မီးထတောက်ဖို့ အဆင်သင့်။ ထိုအချိန်မျိုးမှာ မဆလ အစိုးရက ငွေစက္ကူ တရားမဝင်ကြေညာလိုက်ခြင်းနှင့် စက်မှုတက္ကသိုလ်ကျောင်းသားများကို အကြမ်းဖက်နှိပ်ကွပ်ပြလိုက် ခြင်းဖြင့် မီးစပျိုးပေးလိုက်ခြင်းဖြစ်ပေသည်။
မတ်လ ကျောင်းသားအရေးအခင်းအတွင်း အချုပ်ကားထဲမှာ ငါးပိသပ်ငါးချဉ်သိပ် ပြည့်ညပ်နေသဖြင့် မွန်းကျပ်သေဆုံးနေသူတွေရော မသေမရှင်ဖြစ်နေသူတွေပါ သင်္ဘောပေါ်တင်ဆောင်သွားပြီး ပင်လယ်ဝမှာ ပစ်ချလိုက်သည် ဆိုသော သတင်းတွေလည်း ကြားသိထားခဲ့သည်။
……………………………………………(၄)………………………………………………..
သြဂုတ်လ ၈ ရက်နေ့မနက်ပိုင်းကတည်းက ကျနော့်စိတ်တွေ လှုပ်ရှားနေမိသည်။ ဘာတွေဖြစ်လာမလဲ.. ဘယ်လိုသတင်းတွေ ကြားရမလဲ နားစွင့်နေမိသည်။ အခြေအနေမှာ ညနေစောင်းသည့်တိုင် သိပ်မထူးခြားလှ။ မြို့ထဲမှပြန်လာသူတွေ ပြောတာက မြို့ထဲနေရာတချို့မှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့သည်ဟူ၍သာ။ ကျနော်နေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်က မြို့စွန်ပိုင်းကျသဖြင့် ပုံမှန်အခြေအနေအတိုင်း ဖြစ်နေသည်။ ဒီအတိုင်းဆို ဦးစိန်နဲ့ လောင်းကြေးထပ်ထားတာ ကျနော်ရှုံးရတော့မည့် အခြေအနေ။
ည ၇ နာရီကျော်ကျော်လောက် ကျနော်တို့ထမင်းစားနေတုန်းအချိန် လူအုပ်ကြီး အော်ဟစ်ကြွေးကြော်သံတွေ မသဲမကွဲကြားနေရသည်။ အသံတွေကတဖြည်းဖြည်း နီးလာပြီး ပီပီသသဖြစ်လာသဖြင့် လမ်းထိပ်သို့ ထွက်လာခဲ့ရာ မှိန်ပြပြလျှပ်စစ်မီး အလင်းရောင်အောက်မှာ ခေမာသီလမ်းမကြီးအတိုင်း ချီတက်လာသော ဆန္ဒပြလူတန်းကြီးကို တွေ့လိုက်ရသည်။ မီးတုတ်ကိုင်ဆောင်ထားသူများ၊ ခွပ်ဒေါင်းအလံ၊ ကြယ်ငါးလုံးပါအလံ ကိုင်ဆောင် ထားသူများ၊ နဖူးမှာ အဝတ်နီစည်းနှောင်ထားသူများ ကလေးလူကြီး ယောက်ျားမိန်းမ စုံလင်စွာ ပါဝင်သည်။ ဂိတ်ဟောင်းလမ်းဆုံဘက်မှ ပတ်ထွက်လာသော လူတန်းကြီးမှာ ကားလမ်းမအပြည့်နီးပါးဖြစ်နေပြီး ရှေ့ဆုံးက သွားသူတွေ ကန်သာယာလမ်းဆုံဘက်လောက်ရောက်သည့်တိုင် လူတန်းကုန်ဆုံးသွားခြင်း မရှိပေ။ လမ်းမပေါ် ထွက်ကြည့်သူတွေလည်း လူတန်းကြီးထဲမှာ ရောပါသွားကြသည်။ နေ့တွင်းချင်းပင် ရန်ကုန်မြို့အနှံ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ကူးစက်သွားသည်။ လူထုလှုပ်ရှားမှုကြီး တကယ်ဖြစ်ပြီ။
နောက်နေ့ သြဂုတ် ၉ ရက်မနက်ပိုင်း ကျနော် အလုပ်သွားချိန်မှာ မထသယာဉ်လိုင်းတွေ ပုံမှန်ပြေးဆွဲနေသည်။ နေ့လည်ပိုင်း ကျနော် အလုပ်မှာရှိနေတုန်း တံတားလေး ခုံးကျော်တံတားအနီးမှာ ပစ်ခတ်မှုဖြစ်ပွားသည်ဟု သိရ၏။ ညနေပိုင်း အလုပ်ပြန်လာချိန်မှာတော့ မြောက်ဥက္ကလာဘက်သို့ပြေးဆွဲသော ယာဉ်လိုင်းများ မရှိ တော့ပြီ။ တံတားလေးလမ်းဝ (နဝဒေးမှတ်တိုင်) မှာဆင်းပြီး အိမ်သို့ ခြေကျင်လမ်းလျှောက်ပြန်ရန်သာ ရှိတော့သည်။
ကားပေါ်မှဆင်းပြီး ခုံးကျော်တံတားဘက်လျှောက်လာခဲ့ရာ တံတားအဆင်းနားမှာ သံဆူးကြိုးအတားအဆီးများ ချထားသည်ကို တွေ့ရသည်။ ခုံးတံတား အလယ်တည့်တည့်လောက်မှာ စစ်စိမ်းရောင် တီအီးကားတစီး ရပ်နား ထားသည်။
ခုံးတံတားပေါ်မရောက်မီ (၁)ရပ်ကွက်ဘက်သို့သွားသော လမ်းကြားမှတဆင့် မြို့ပတ်ရထားလမ်းပေါ်တက်၍ ပစ်ခတ်မှု ဖြစ်ပွားသော နေရာကိုလှမ်းကြည့်ရာ မြင်ကွင်းမရှင်းလင်းသဖြင့် ရထားလမ်းအတိုင်း တံတားလေး ဘူတာနား အထိ လျှောက်လာခဲ့သည်။ ဘူတာစင်္ကြန်လမ်းနှင့် သံလမ်းတလျှောက် ဂုံးတံတားဆီသို့ လှမ်းမျှော် ကြည့် နေသူတွေ အများကြီး။ သူတို့ မျက်ဝန်းတွေမှာ ဝမ်းနည်းကြေကွဲမှု၊ ခံပြင်းဒေါသရိပ်တွေ အထင်းသား ပေါ်လွင် နေ၏။ မိန်းခလေးတချို့ ရှိုက်ငိုနေတာ တွေ့ရ၏။
ကျနော်လည်း ဘူတာနောက်ပိုင်း လူသွားလမ်းမှ ကတ္တရာလမ်းဘက်ကို ကူးလာပြီး ၅ လမ်းမှတ်တိုင်ဘက်ကို ပြန်လှည့်လာခဲ့သည်။
အခုမှ မြင်ကွင်းကို သေချာတွေ့ရတော့သည်။ ခုံးကျော်တံတားမှ ၅ လမ်းမှတ်တိုင်ဘက်အဆင်း မှာလည်း သံဆူးကြိုးအတားအဆီးတွေချထားပြီး သံဆူးကြိုးတွေ နောက်နားမှာ သေနတ်ကိုအသင့်အနေထားကိုင်ကာ ရပ်နေသော စစ်သား သုံးလေးဦးကို တွေ့ရ၏။ သူတို့နဲ့ မလှမ်းမကမ်းမှာ ဆက်သွယ်ရေးစက်ဖြင့် စကားပြောနေ သူတဦးကိုတွေ့ရလေသည်။
ကတ္တရာလမ်းမပေါ်မှာတော့ ဖိနပ်တွေ၊ ထမင်းထုပ်တွေ၊ မုန့်ထုပ်တွေ၊ အချိုရည်ဗူးတွေ၊ လက်ကိုင်ပုဝါတွေ ကစင့်ကလျားပြန့်ကျဲနေသည်။ ရှေ့ဆုံးမှပိတ်ကာ ချထားသော သံဆူးကြိုးနှင့် ၁၀ ကိုက်လောက်အကွာမှာ ပေပါပုံးခွံတခု လမ်းဘေးသို့ လိမ့်ကျနေပြီး သွေးကွက်တွေ စွန်းထင်းနေတာ တွေ့ရပြန်သည်။ လမ်းအလယ်ပိုင်း မှာလည်း သွေးတွေ အကွက်လိုက် အကွက်လိုက် မြင်မကောင်းအောင် ရှိနေ၏။ သွေးကွက်တခုပေါ်မှာ မှန်ကွဲကြေမွနေသော ဓာတ်ပုံဘောင်တခု။ ပြီးတော့ လမ်းပုခုံးစောင်း ရေအိုင်စပ်တွင် ရွှံ့အလိမ်းလိမ်းပေကျံ နေသော ကျောင်းစိမ်းလုံချည် တထည် နှင့် ဝါးအရိုးတံကျိုးပဲ့ပြီး စက္ကူပန်းခြုံမှာ ရစ်ပတ်ငြိတွယ် နေသော အလံတလက်။
အနီးပတ်ဝန်းကျင်ရှိ လက်ဘက်ရည်ဆိုင်များ သီချင်းဖွင့်သံ တိတ်ဆိတ်လျက်။ ဆိုင်ထဲမှာ လူအချို့သာ ထိုင်နေ သည်။ ထိုစဉ် ဆိုင်အတွင်း စားပွဲဝိုင်းတခုဆီမှ ခပ်အုပ်အုပ်စကားသံ ထွက်ပေါ်လာတာ ကြားလိုက်ရသည်။ “စစချင်း ပစ်တုန်းက လူအုပ်ပေါ်ကျော်ပစ်တာကွ.. နောက်မှ လူအုပ်ထဲပစ်ထည့်လိုက်တာ.. တောက်.. တော်တော်ရိုင်းစိုင်းယုတ်မာတဲ့ကောင်တွေ”
ကိုယ့်ရှေ့မှာတင် ပစ်ခတ်နေတာ ကြုံလိုက်ရသူများမပြောနှင့် နောက်ကျမှ ရောက်လာပြီး မြင်တွေ့ရသူများပင် ရင်မချိအောင်ခံစားရသည့် အနိဌာရုံမြင်ကွင်းများ…။
ကစင့်ကလျား မြင်ကွင်းတွေကို ကြည့်နေရင်း ရင်ထဲမှာ မွန်းကျပ်တစ်ဆို့လာသည်။ ထင်မှတ်မထားသော ရက်စက်မှုတွေ တကယ်ဖြစ်သွားပါလား။ မြောက်ဥက္ကလာသားတွေ ပွဲဦးထွက်အထိနာခဲ့ရပြီ။
……………………………………………………….(၅)……………………………………………………….
ညနေ အတော်စောင်းပြီမို့ လေးကန်သောခြေလှမ်းများဖြင့် ကျနော် အိမ်ပြန်လာခဲ့သည်။ အိမ်ရောက်သည့် အခါ အိမ်ပေါ်မတက်သေးဘဲ လွယ်အိတ်ကို အိမ်ပေါက်ဝနောက်နားမှာချိတ်ကာ ဦးစိန်အိမ်ဘက်ကို ထွက်လာ ခဲ့၏။ ဦးစိန်ကို အိမ်ရှေ့ ကုလားထိုင်ပေါ်မှာမှီလျက်သားထိုင်နေတာ အခန့်သင့်ပင် တွေ့ရသည်။ သူ့မျက်နှာ နွမ်းလျညှိုးရော်လျက် မှိုင်တွေငေးငေး ဖြစ်နေသည်။ ခါတိုင်းလို မျက်မှန်တပ်မထားပေ။ ကျနော့်ကိုမြင်တော့ အတန်ကြာ စူးစူးစိုက်စိုက် ကြည့်နေပြီးမှ တုန်ရီလှိုက်မောသံလေးလေးကြီးဖြင့်…
“ငါ့တွက်ကိန်း တက်တက်စင်အောင် လွဲသွားပြီကွာ” ဟုပြော၍ မျက်နှာလွှဲသွားပြန်သည်။
ကျနော်သူ့ကို အနိုင်ယူစကားမဆိုချင်တော့…။
မုန်တိုင်းက ကျနော်တို့ကို ရိုက်ခတ် လှုပ်နှိုးလိုက်လေပြီ။
……………………………………………………………………………………………………………
ရှစ်လေးလုံး အရေးတော်ပုံအတွင်း ကျဆုံးသွားခဲ့သော ရဟန်းရှင်လူပြည်သူအပေါင်း ကောင်းရာသုဂတိ ရောက်ကြပါစေ…
ဝေမော်
၎ သြဂုတ် ၂၀၁၂
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment