တက်ခွေး
(ညိုမြအားအကြောင်းပြု၍ ရေးသည်)
တက်ခေတ်တွင် တက်လူ တက်ဘုန်းကြီးဟူ၍သာ ရှိကြသည် မဟုတ်။ ခွေးတို့သည်ပင်လျှင် တက်ခွေးဖြစ်ချေ သည် တမုံ့။ အကြောင်းမူကား ဃရာဝါသ၊ ကိစ္စမျာမြောင်၊ ခွေးတို့ဘောင်ဝယ် လူ့စရိုက် လူ့အကျင့်ကို တက်လှမ်းလင့် ကုန်သော ခွေးသူတော်ကောင်းအပေါင်းတို့သည်ပင်လျှင် ၀ါဝင်ကိုရှောင်ကာ တပို့တွဲလတွင် ရက်ရွေးကြလေသည်။
ဤမျှ တက်စိတ်ဝင်စားသော ခေတ်တွင် အောင်နက်သည် လွတ်လပ်ရေးကို ၎င်း၏အူသံဖြင့် သုနက္ခတိုင်းပြည် ကြီးကို တုန်လှုပ်ချောက်ချားစေသည်။
အောင်နက်၏ သက္ကရာဇ် တွက်စစ်ကြည့်သော် မနှစ်က တော်သလင်းတွင် လူပျိုဘော်ဝင်ခဲ့သည်။ သို့သော် အရာမရောက်သေးသဖြင့် သူတစ်ပါးတို့ အိမ်ထောင်သားမွေးသည်ကို ရွယ်တူတမ်းတူ ခွေးပျိုကာလသားတို့အပေါ်တွင် ခွေးကာလသားခေါင်း ပြုလုပ်ခါ လမ်းဆုံးလမ်းမတွင် အူ၍ ခဲဘိုးတောင်းခဲ့သည်။ ယခုနှစ်အချိန်အရွယ်ရောက်လာငြား လည်း ခွေးသာနု စိတ်ဝင်စားလာရကား ဓမ္မတာဖြစ်သော ရာဂစိတ်တို့ကို ခွေးသာနုစိတ်ဖြင့် ချိုးနှိမ်ဖိစီးထားလိုက်လေ သည်။ အောင်နက်၏စိတ်တွင် ခွေးတို့အဖို့ ခွေးတို့၏ လွတ်လပ်ရေးသည် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ ဧကုနာဝီသတိ။
ထိုအဖိုးတန်သောစိတ်ကို မွေးမြူရင်း သုနက္ခပြည်တွင် ခွေးတို့၏ ချို့တဲ့ရသော အကြောင်းရင်းကို စူးစမ်းရှာဖွေ သည်။ ခွေးအပေါင်းတို့ ခွေးဆင်းရဲ၍ နေချေပြီတကား။ ရှေးအခါက အလှူအိမ်၊ မသာအိမ်တို့တွင် ခွေးတစီစီဖြင့် စီကားခဲ့ သည်။ ယခုမူကား ခွေးများ ထိုကဲ့သို့ ရွှင်ပျစွာ မအူနိုင်ကြပြီ။ ခွေးဝင်စားနှင့် ခွေးဝဲစား ခွေးဦးရေတို့သည် 1937-ခု၊ မွန်းတည့် စာရင်းအရ လွန်ခဲ့သော ဆယ်နှစ်ကထက် ဆယ်ဆမျှ တိုး၍လာသည်။ မြို့စွန်မြို့ဖျားသို့ရောက်သော ခွေးများ ပေါချေပြီ။ အကြောင်းအသို့နည်း။
ရှေးက လူတစ်အိမ်ထောင်လျှင် ခွေးနှစ်အိမ်ထောင် ချောင်ချိစွာနေနိုင်သည်။ ယခု လူတို့အိမ်တွင် ခွေးနေရာ အစား မျောက် ရောက်နေပြီ၊ ကြောင်မင်းမူနေပြီ။ ကြက်တူရွေးချယ်လှယ်ပြီး၊ ခေတ်ဆန်သော လူတို့တွင် ကျား၊ ၀က်၊ ခြင်္သေ့၊ မြွေ စသည်တို့ကိုပင် အလှမွေးမြူကြလေပြီ။
ဤသည်ကား အဘယ့်ကြောင့်နည်း။ ခွေးခြင်း မညီညွတ်မှုကြောင့် တုံလော။ ခွေးသာနုတရား လျော့ပါး ၍ မဟုတ်လော။ ရှေးက အလှူအိမ် ခွေးစုစားရသော “ဘုံဝါဒ“ ပျောက်၍ “ငါတကော” ၀ါဒ ရောက်နေခြင်းကြောင့် မဟုတ်ပါလော။
ရှေးကခွေးများ သစ္စာရှိသည်။ ယခုကာလ ခွေးများ သစ္စာမဲ့သည်။ ရှေးကခွေးများသည် မိမိသခင်သေသည်၏ အခြားမဲ့တွင်ပင်လျှင် ၎င်း၏မြေပုံပေါ်တွင် ထိုင်၍အူခဲ့သည်။ ယခုကာလ ခွေးတို့သည် သခင်သေ၍ မြေမြှုတ်ပြီးသည်နှင့် တစ်ပြိုင်နက် အလောင်းကောင်ကို ဖော်၍ စားကြသည်။
ရှေးက ခွေးများသည် သခင့်ဥစ္စာကို စောင့်ရှောက်သောအားဖြင့် တစ်စိမ်းတစ်ရံ ဆန်လာလျှင် အူတော် ဟောင် တော်ရကြသည်။ ယခုခေတ်ခွေးများသည် သခင်လစ်လျှင် မီးဖိုချောင်ထဲဝင်၍ ထမင်းကြမ်းအိုးထဲသို့ နှုတ်သီးစွပ်သည်။
ရှေးကခွေးများ အကြောင်းရှိ၍ တစ်ကောင်ကအူလိုက်လျှင် တစ်ရွာလုံး အူကြသည်။ ယခုခေတ် တစ်ကောင်က အူလျှင် အခြားတစ်ကောင်က ခေတ်မဆန်ဟု ဆိုသည်။ ခေတ်ဆန်သူက အူပြန်လျှင်လည်း “၀ူး ---” မအူဘဲ အင်္ဂလိပ်လို “ဘောင်း --- ဝေါင်း” ဟု အူကြသည်။
ခွေးလောကကြီးသည် မတရားလွန်း မတရားဖြစ်၍ နေချေပြီ။
အသို့နည်း အချင်းခွေးတို့ ညီညွတ်ကြကုန်လော့၊ ခေတ်နှင့် ရင်ပေါင်တန်းကြကုန်လော့၊ ခွေးသာနုတရား ပွားများ ကြကုန်လော့။ ယခုခေတ်ဆိုးထဲတွင် ခွေးတို့၏ လွတ်လပ်မှုသည် တားဆီးပိတ်ပင်ခြင်း ခံနေရသည်။ အူချင်တိုင်း မအူနိုင်၊ သွားချင်တိုင်း မသွားရ၊ စားချင်တိုင်း မစားဝံ့၊ မင်္ဂလာဆောင်ချင်တိုင်း မဆောင်ရ၊ စည်းလုံးကြကုန်၊ ညီညွတ်ကြကုန်၊ ညီညွတ်မှုဖြင့် လွတ်လပ်ရေးကို ဆောင်ရွက်ကြကုန်အံ့။
ယင်းသို့လျှင် အောင်နက်သည် နားရွက်ကိုစွင့်၍၊ သွားကိုဖြီး၍၊ လျှာကိုထုပ်၍၊ သားရေယို၍၊ အမြီးကိုကောက်၍၊ ဒေါမာန်ပါပါနှင့် ဂျွန်နီဝါကားထည့်သော ထင်းရှူးဘုံးစင်မြင့်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ တက်ခွေးပျို ပရိသတ်ပေါင်း 50-ကျော် (သတင်းစာအလိုအားဖြင့် တစ်စောင်က 5 ကောင်ကျော် တစ်စောင်က 5 ထောင်ကျော်) ခန့်ရှေ့တွင် ခွိနြေ္ဒ သမ္မတ္တိဖြင့် ခွေးဝံသာနုတရားကို တစ်ခုသော နံနက်ခင်းတွင် ဖြန့်ချိ၍နေလေ၏။
အောင်နက်၏တရားအဆုံး၌ ခွေးတို့သည် ကောင်းကြီးမင်္ဂလာ “အူ” ဘာပေးကြလေသည်။
ဤသို့ အူကြစဉ် နှုတ်သီးမည်းမည်း ခွေးဝဲစားတစ်ကောင်သည် တက်ခွေး အစည်းအဝေးပွဲအနားသို့ သိုးကာ သီကာ ဖြတ်သွားရာ တက်ခွေးတစ်စုက “ခွေးသား စုံထောက်တွေ တစ်ဆိတ်ရှိ ခွေးဇသတ်ပုဒ်မ 124 ကို အားကိုးပြီး အစိုးရနှင့် ရန်တိုက်ပေးနေတာပဲ။ မောင်းလိုက်ကြဟေ့၊ ငါတို့ အလိုမရှိဘူး” ဟု ဟောင်ကြလေသည်။ တချို့ကလည်း ထက်သောအစွယ်ကို ဖြဲ၍ပြကြသည။် ဤသည်ကို မြင်သော ခွေးစုံထောက်၏နောက်လိုက်ခွေးပုလိပ်တစ်ကောင်က လက်နက်ဥပဒေနှင့် အရေးယူမည်ဟု ဟိန်းလိုက်သေးသည်။ သို့သော် ထိထိရောက်ရောက် အရေးမယူသဖြင့် အစည်း အဝေးပွဲသည် ထမြောက်အောင်မြင်လေသည်။
တက်ခွေး အစည်းအဝေးကို ခွေးကော်မတီဖွဲ့၍ ခွေးလုပ်ငန်းနှင့် ခွေးဝါဒတို့ကို ဆွေးနွေးကြခြင်းဖြင့် အဆုံးသတ် သည်။
ထိုလုပ်ငန်းအစီအစဉ်တွင် တက်ခွေးတို့သည် သုံးဌာနကို လူတိုထံမှ တောင်းဆိုရန် ဆုံးဖြတ်ကြသည်။ ထိုသုံး ဌာနကို လူတို့ထံမှ တောင်းဆိုရန် ဆုံးဖြတ်ကြသည်။ ထိုသုံးဌာနတို့သည်ကား အလှူအိမ်၊ မီးဖိုချောင်၊ ယိုအိမ်သာတို့ ဖြစ် လေသည်။ တက်ခွေးတို့ အလိုအားဖြင့် အလှူအတန်းတွင် လူတို့သည် ဖိတ်ထားသော လူဦးရေအလိုက် ကျွေးမွေးသော စနစ်ဖြင့် ခွေးစားမကျန်အောင် ပိတ်ပင်တားဆီးမှု၊ ရှေးက မီးဖိုချောင်သည် ခွေးတို့၏နေရာဖြစ်သော်လည်း ယခုအခါ အိမ် ရှင်မက အုပ်စီးမှု အိမ်သာသည် ခွေးတို့၏ ဘိုးဘပိုင် ပစ္စည်းဖြစ်လျက်နှင့် ယခုအခါ မြူနီစီပယ်က အုပ်ချုပ်မှု၊ ထိုသုံးမှု သုံး ဌာနတို့ကို လူတို့၏လက်မှ ပြန်လည်ရအောင် တောင်းဆိုရန်ဖြစ်သည်။ များစွာသော တက်ခွေးတို့၏စိတ်၌ နောက်ဆုံး အချက်ဖြစ်သော အိမ်သာကို မြူနီစီပယ်က အုပ်ချုပ်မှုသည် ဒိုင်အာကီ စနစ်ထက် ဆိုးဝါးသည်ဟု အယူရှိကြကုန်သည်။
အဆိုပါ တောင်းဆိုချက်တို့ မရမခြင်း လူတို့၏အိမ်ကို စောင့်ရသောအရေး၌ သပိတ်မှောက်ခြင်း၊ အလုပ်ရပ်စဲ ခြင်း၊ ဆူပူထကြွ သောင်းကြမ်းရန်ကိုလည်း တက်ခွေး အစည်းအဝေးက လေးနက်စွာ ဆုံးဖြတ်လေသည်။
နေမင်းသည် ပြူ၍လာလေပြီ။ အောင်နက်သည်လည်း တက်ခွေးအဖော်များနှင့်အတူ သုနက္ခအလံကိုလွှင့်ကာ ခွေးပါးစပ်ဘင်ဆိုင်းတီး၍ ခွေးတပ်ကြီးချီ၍ လာလေသည်။ ခေါင်ေးဆာင်အောင်နက်၏ရှေ့တွင် တက်ခွေးပျိုမသူနာပြု တပ်သည် “ခွေးတို့လွတ်လပ်ရေး“ “သုံးဌာန တောင်းဆိုချက်“ “အမဲရိုးထက် အမဲသားက အရသာရှိသည်” ဟူသော စာတမ်းများကို ကိုင်ဆောင်ကာ စီတန်းလှည့်လည်လာသည်။
ဗိုလ်ခွေး၊ သင်္ဘောခွေး၊ အိမ်ခွေး၊ ခွေးပျိုနာမိနေ၍ မလိုက်နိုင်သော ခွေးတို့သည် မိမိတို့၏ တည်နေရာမှနေ၍ ရှုံ့ချကဲ့ရဲ့သောအားဖြင့် ဟောင်ကြ ဟိန်းကြသည်။
ဤသို့ ခွေးအပေါင်းတို့ တပ်ချီလာလတ်သော် များမကြာမီ အငြိမ်းစား ရိက္ခာတော်ရ အရာရှိတစ်ဦးဖြစ်သူ ဦးသာဝ၏ အိမ်ရှေ့သို့ ရောက်လေ၏။
ရောက်လျှင်ရောက်ခြင်း အောင်နက်သည် တက်ခွေးအပေါင်းတို့အား ဟောင်စေသည်။ မိမိကိုယ်တိုင်ကလည်း ဓာနရှင်ဝါဒကို အလိုမရှိဟုဆို၍ အူလေသည်။
အိမ်ရှင်ဦးသာဝသည် ၀ါးရင်းတုတ်ကို ကိုင်၍ ထွက်လာ၏။ အောင်နက်ရှေ့က သူနာပြုတပ်သည် ၀ါးရင်းတုတ် ကို မြင်သော တုန်လှုပ်ခြောက်ခြားသွားသဖြင့် အဝေးသို့ရှားကြလေ၏။ အောင်နက်သည် ခွေးတို့၏အလယ်တွင် ခွေးထိုင် ထိုင်၍ သုံးဌာနကို တောင်းဆို၏။ ဦးသာဝမှာ ခွေးအူသံကိုနားမလည်။ ခွေးရူးထသည်ထင်၍ “ဟဲ့ခွေးတွေ”ဟု မောင်း၏။ အောင်နက်သည် ရှေ့သို့ တစ်လှမ်းတိုး၍ ဦးသာဝ၏ပုဆိုးစကို မထိတထိဟပ်၏။ ဦးသာဝသည် ၀ါးရင်းတုတ်ကို ခပ်သာ သာ အသုံးပြုလိုက်ရာ အောင်နက်၏နှုတ်သီးကိုထိ၏။
ထိုအခါတွင်မှ ခွေးအာဇာနည် အောင်နက်သည် ခွေးသာနုမာန်ဖီကာ နောက်လိုက်နောက်ပါ တက်ခွေးတို့ကို ညာသံပေး၍ ဟောင်လေ၏။
“ခွေးပြည်သည် ခွေးအဖို့”
“အမဲရိုးသည် တို့အစာ”
“ဟောင်ခြင်းသည် တို့စကား”
ဟူ၍ အောင်နက်သည် သုံးကြိမ်တိတိ အူပြီးသော် ဦးသာဝ၏လည်မြိုကို ဟပ်လေ၏။
နောက်လိုက်နောက်ပါ တက်ခွေးတို့သည် အောင်နက်ကို ဦးသာဝနှင့် ရှူးတိုက်ခဲ့ပြီးလျှင် အိမ်အပေါ်ထပ်၊ အောက်ထပ်၊ မီးဖိုချောင်၊ အိမ်သာ စသည်တို့ကို အနှံ့အပြား ၀င်ပြီးသော် အမဲခြောက်၊ ဘဲကင်၊ နံပြား၊ ငါးပိ၊ ထောပ်၊ ဒိန်ခဲ၊ ကြက်ဥ၊၊ ပလိန်းကိတ်၊ ငါးပုတ်ပြား၊ ၀က်ပေါင်ခြောက်၊ မစင်၊ ဆိတ်သားနှပ် စသော ခွေးသုဒ္ဒါတို့ကို ပြေး၍ ဟပ်ကြ လေကုန်၏။
အောင်နက်မှာမူ သုနက္ခပြည်အတွက် အသက်ကို ပမာမထားဘဲ အရိုးကြေကြေ အရေခမ်းခမ်းဟူသောသဘော ဖြင့် လည်မြိုကို ဟပ်သော်လည်း ဦးသာဝ၏လက်ကောက်ဝတ်ကိုသာ မိသောကြောင့် မလွှတ်တမ်း ခဲထားသည်တွင် ဦးသာဝတသည် ၀ါးရင်းတုတ်ဖြင့် အုပ်ဆက်ကိုနှက်လိုက်လေသည်။
အောင်နက်၏နားရွက် စုတ်ထွက်သွားပြီးလဆင် သွေးများ ယိုစီး၍ လာလေသည်။ အောင်နက်၏စိတ်၌ ထိုသွေး တို့သည် သုနက္ခပြည်အတွက် ထွက်ရသောသွေးများ ဖြစ်ချေသည်ဟု အယူရှိကာ သဲမည်းသောဇာတိမာန်ဖြင့် ဦးသာဝ အား နောက်ထပ် တင်ပါးဆုံကို ခဲပြန်လေ၏။ ဦးသာဝလည်း လက်နှစ်ဖက်နှင့် တအားလွှဲ၍ ခါးဆစ်ကို ၀ါးရင်းတုတ်ဖြင့် ရိုက်လေ၏။ အောင်နက်လည်း သုနက္ခတိုင်းပြည် လွတ်လပ်ရေးအတွက် ကိန်ဟုမြည်ကာ မထနိုင်ရှိလေ၏။ ဤသည် တွင်မှ ဦးသာဝသည် အိမ်ပေါ်သို့ လွှားခနဲ ပြန်တက်သွား၏။ သို့ရာတွင် တော်တော်နှင့်ဆင်းမလာနိုင်။ အိမ်ပေါ်ရှိ တက်ခွေးတို့၏ရန်ကို တော်လှန်နေရသည့် လက္ခဏာရှိသည်။ ဤအတောအတွင်း အောင်နက်လည်း ခြံစည်းရိုးလုပ်ထား သော ပုဏ်ဏရိပ်ပန်းပင်များအောက်တွင် ပုန်း၍နေလေသည်။
ဦးသာဝအိမ်ပေါ်တက်၍ များမကြာမီ တက်ခွေးတစ်စုတို့လည်း တစ်ကောင်ပြီးတစ်ကောင် ဖရိုဖရဲနှင့် ဆင်းပြေး ကြသည်။ ပထမခွေးသည် အောင်နက်ကို ခလုတ်တိုက်မိသည်။ အောင်နက်၏ ပယောဂကြောင့် ထွက်ပြေးရာတွင် နှောင့်နှေးရသဖြင့် အောင်နက်၏ဂုတ်ကို နှစ်ခါလောက် ဟပ်၍ ရမ်းလိုက်သည်။ အောင်နက်မှာ ခါးကြောမျက်၍ ဘာမျှ မတတ်နိုင်။ ဒုတိယခွေးသည် ပြေးရင်းလွှားရင်း အမဲရိုးပါးစပ်မှ လွတ်ကျသည်။ အောင်နက်က သူ့ဖို့ယူဆောင်လာသည် ထင်၍ အသာဟပ်လိုက်ရာ အမဲရိုးရှင် တက်ခွေးသည် အောင်နက်၏နားရွက်ကောင်းကို ဇက်ဇက်မြည်အောင် ကိုက်၍ ခါ လိုက်သည်။ အမဲရိုးလွတ်ကျကာမှ ကောက်ယူထွက်ပြေးသည။် တတိယတက်ခွေးသည် ဒိန်ခဲကိုချီ၍ အောင်နက်ကို နင်းပြီးလဆင် သုတ်ချေတင်သည်။ စတုတ္ထခွေးသည် အောင်နက်ကြောင့် ၀ါးရင်းတုတ်ဖြင့် အရိုက်ခံသည်ဟုဆို၍ အောင်နက်၏ခါးကို ကိုက်၍ ချာချာလည်အောင် ခါသည်။ ပဉ္စမ၊ ဆဋ္ဌမအစရှိသော တက်ခွေးတစ်စုတို့ကား အောင်နက် အား စိတ်နာသောအားဖြင့် ဟောင်ကြ ဟိန်းကြသည်။ အောင်နက်သည် ၎င်းတို့ရန်ကို မတွန်းလှန်နိုင်သဖြင့် ခါးကို တရွတ်ဆွဲကာ လွတ်ရာကျွတ်ရာ မန်ကျည်းပင် တစ်ပင်အောက်တွင် ၀တ်နေရသည်။
ခွေးသံများ တိတ်လတ်သော် အောင်နက်သည် ဒဏ်ရာ၏ဝေဒနာကို ခံစားရင်း ခွေးလောကကို ကမ္မဋ္ဌာန်းစီးဖြန်း ၍ နေလေသည်။ ဟာ၍နေသောဝမ်းသည် တကျုတ်ကျုတ်မြည်၍ နေသည်။ ဤနည်းဖြင့် တစ်နေကုန်လွန်ရလေသည်။
နောက်တစ်နေ့နံနက်လင်းသော် ဦးသာဝသည် ပန်းပင်ရေလောင်းရင်း ပုဏ်ဏရိပ်ခြံစည်းရိုးအနား မန်ကျည်းပင် အောက်တွင် လဲနေသော အောင်နက်ကို တွေ့ရလေသည်။ အောင်နက်သည် စစ်ပြေငြိမ်းသော အထိမ်းအမှတ်ကိုပြကာ နှာခေါင်းရှုံ့ချီပွချီနှင့် အမြီးနန့်ရင်း မျက်နှာချိုသွေးလိုက်သည်။ ဦးသာဝသည် သနားလာသည်နှင့် ချမ်းသာပေးလိုက် သည်။
ထိုနေ့မှစ၍ အောင်နက်သည် ဦးသာဝ၏ ခွေရုံတစ်ကောင် ဖြစ်လာလေသည်။ အောင်နက်၏သတ္တိကို လေးစား သော ဦးသာဝသည် ၎င်း၏လက်ရှိ အပျိုဘော်ဝင်စ “လူစီ” ခေါ် အင်္ဂလိပ်သင်္ဘောခွေးကပြားမကလေးနှင့်အတူ ထမင်း ခွက်ဆုံ စားစေသည်။
လူစီသည် ကလက်တက်တက် ပျက်တက်တက်နှင့် အောင်နက်၏ရှေ့တွင် နန့်ကြောဆွဲ၍ ပြလေသည်။
ဤသို့ နှစ်ခါလောက်ပြလိုက်ရသည်ရှိသော် အောင်နက်သည် ခွေးစိတ်တွေဝင်၍ လာလေသည်။
တစ်နံနက်ခင်းတွင် ဦးသာဝသည် အိမ်အပေါ်ထပ် ပြတင်းဝေမှ မျက်နှာသစ်ရင်း အောင်နက်နှင့်လူစီတို့ အကြောင်းဆက်၍နေကြသည်ကို တွေ့မြင်ရလေသော် “ရိုင်းလိုက်လေကွာ၊ တပို့တွဲလကြီးမှာ” ဟု ဆိုမြည်မိသော်လည်း စကားကို အဆုံးမသတ်နိုင်ဘဲ သားရင်း သမီးရင်း ဖြစ်လာပြန်သောကြောင့် မျက်နှာလွှဲလိုက်ရသည်။
မောင်ထင်
မှတ်ချက်။ ။ မောင်ထင်တည်းဟူသော မြို့အုပ်သည် ကျွန်ုပ်တို့ ၀ံသာနုများအား ဤသို့ ပုတ်ခတ်ဆဲရေးခြင်း တည်းဟူသော မကောင်းမှုကြောင့် ရာထူးတိုးတက်လျက် ဆုကြီး၊ လာဘ်ကြီး၊ တံဆိပ်ကြီး၊ ဘွဲ့ကြီးများ ရကြပါစေသတည်း။
ညိုမြ
Kyaw Swa Shwe facebook မှကူးယူဖော်ပြပါသည်။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment