ကျောင်းသားများရဲ့ ဦးဆောင်မှုနဲ့ ပြည်သူလူထု တစ်ရပ်လုံးက မဆလ တစ်ပါတီ စနစ်ကို ဗုံးဗုံး လဲကျသွားအောင် စွမ်းဆောင်ခဲ့သည့် ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးကြီးကား နှစ်ပေါင်း နှစ်ဆယ် ရှိခဲ့ပေပြီ။ (ဒီမိုကရေစီ ခေါင်းဆောင်ကြီးတွေ ပြောနေကြ မိန့်ခွန်း အစအတိုင်း ခိုးချလိုက် တာပါဗျာ။ခွင့်လွှတ်ကြပါ။) ထိုနှစ်ပေါင်း နှစ်ဆယ် ကာလအတွင်း ကျွန်ုပ်တို့၏ စွမ်းဆောင်နိုင်မှု၊ အောင်မြင်မှုများကို ပြန်လည် သုံးသပ်ရလျှင်----
အရေးတော်ပုံကာလ
အမှိုက်ကစ ပြဿဒ် မီးလောင် ဆိုသကဲ့သို့ပင် လက်ဘက်ရည်ဆိုင်တွင် အရက်မူးနေသော အရပ်သားနှင့် ကျောင်းသားများ ကက်ဆက်အခွေ လုဖွင့်ရာမှ ပေါ်လာသည့် ရန်ပွဲမှစပြီး မဆလ ပြိုကွဲ ခဲ့ရပေသည်။ အကယ်၍ ရန်ပွဲတွင် ကျောင်းသားကသာ လက်ဦးပြီး အရပ်သားများကို အပိုင်တွယ်နိုင် ခဲ့လျှင် ယခုကဲ့သို့ သမိုင်းတွင်မည့် အရေးတော်ပုံကြီး ဖြစ်လိမ့်မည် မထင်။ သို့သော် ဘာပဲဖြစ်ဖြစ် ၁၉၇၆ မှိုင်းရာပြည့် နောက်ပိုင်း ငြိမ်သက်နေသော ကျောင်းသား လှုပ်ရှားမှုကြီးသည် မဆလ အစိုးရကို စိန်ခေါ် ခဲ့လေပြီ။ ထိုလှုပ်ရှားမှုကြီးတွင် ကျောင်းသားေ တွမည်ကဲ့သို့ ပါဝင်ခဲ့ကြသနည်း
ကျောင်းသား ဆန္ဒပြမှုများ ပေါ်လာသည်နှင့် ကျွန်ုပ်တို့သည် နောင်တော် ကျောင်းသားများ၏ သမိုင်းခြေရာကို ထပ်ချပ်လိုက်ပြီး ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) အလံကို ပြန်လည် လွှင့်ထူရန် ဆောင်ရွက်ခဲ့ကြပေသည်။ သို့သော် ကျွန်ုပ်တို့ကား နောင်တော်များထက် အရူးက တစ်မူး သာခဲ့သည်။ ဗကသ သာမက မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (မကသ)၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ (ရကသ) စသည်တို့ကို အပြိုင်အဆိုင် ဖွဲ့ကြပေ၏။ ထို့ပြင် အာဏာရှင် စနစ် တော်လှန်ရေး ကာလဖြစ်ရကား ဗိုလ်ချုပ်တို့ခေတ် ဗကသ ကဲ့သို့ တစ်ပြည်လုံး ညီလာခံခေါ်ပြီး ရွေးတာမျိုး လုပ်ရန် အချိန်မရ။ မဆလ ကဲ့သို့ပင် ကိုယ့်ဖဲ ကိုယ်ဆင် ကိုယ့်ဖဲ ကိုယ်ချိုး နည်းဗျူဟာဖြင့်ပင် ဘာပြောပြော လက်ခုတ်တီးနေသော ပရိသတ်ကြီးရှေ့တွင် တစ်ယောက်က အဆိုတင်။ ကျန်တစ်ယောက်က ထောက်ခံ။ လူထုကြီး သဘောတူပါလားဟု မေးပြီး အတည်ပြုခဲ့ရပေသည်။
ထိုသို့ ဖွဲ့ရာတွင်လည်း ကျောင်းသား ခေါင်းဆောင်များသည် အနာဂတ် နိုင်ငံရေး လောကတွင် ယခင် လူကြီးများထက် မညံ့ဘဲ လက်သွက် ခြေသွက် ခွက်စောင်း ခုတ်နိုင်ကြောင်းကို ပြနိုင်ခဲ့ကြပေသည်။ ဥပမာ။ မင်းဇေယျတို့က ရန်ကုန် တက္ကသိုလ်ထဲတွင် မကသ ဖွဲ့ရေးအတွက် အစည်းအဝေး ထိုင်နေကြောင်း သတင်းရချိန်တွင် ဆေးရုံကြီးရှိ မိုးသီးဇွန်၊ မင်းကိုနိုင်တို့အဖွဲ့က ချက်ခြင်း ရောက်လာပြီး မင်းဇေယျတို့ လေပေါကောင်းတုံး စင်ပေါ်တက်ပြီး ဗကသ ဖွဲ့လိုက်ကြောင်း ကြေညာကာ ဗကသ ကို မကသ ရှေ့ရောက်အောင် လုပ်ခဲ့ကြသည်။ ထိုအချိန်ထဲက မိုးသီးဇွန်က ခေသူမဟုတ်ကြောင်း ပြခဲ့ပေ၏။
သို့သော် နောက်ဆုံးတော့ ကျော်ဟိန်းက ကျော်ဟိန်းပါပဲဆိုသကဲ့သို့ပင် ကျောင်းသားများမှာ နိုင်ငံရေး သမားဟောင်းများက နှစ်ကောင်စား ကင်းပေါက်ဖြင့် အနိုင်ပိုင်းသွားခြင်းကို ခံခဲ့ရပေသည်။ ဒေါက်တာ မောင်မောင်က စစ်အုပ်ချုပ်ရေးရုပ်သိမ်းပြီဟု ကြေညာလိုက်ချိန်တွင် မူလထဲက စစ်တပ်နဲ့ ကျောင်းသား ချပေ့စေ၊ ယာလည်းညက် ကြက်လည်းမောဟု ထိုင်စောင့်နေသော မူလပထမ နိုင်ငံရေး သမားများ၊ အလံဖြူ၊ အလံနီဟောင်းများ၊ ဗိုလ်နေ၀င်းက အရူးထက် တစ်မူးသာလုပ်ပြီး ကန်ထုတ်လိုက် သဖြင့် ဘေးထိုင် ဘိုင်ကျ ဘုပြောရင်း မဆလ ပေးသည့် နိုင်ငံရေး ပင်စင်ယူနေသူ ဘောင်းဘီချွတ်များက ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး ဆိုသည့် အေ့စ်သုံးချပ်ကို ချခင်း လိုက်သည့်အခါ စင်ပေါ်မှ ကျောင်းသား ခေါင်းဆောင်များ အောက်ဆင်းပြီး လက်ခုတ်တီးရသည့် ဘ၀ ရောက်သွား ပေတော့သည်။ ( နာလိုက်တာဗျာ။ မဟုတ်ရင် မိုးသီး ၀န်ကြီးချုပ် ဖြစ်နေလောက်ပြီ။)
ဤသို့ဖြင့် ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးကြီးမှာ ဆရာကြီးများ ထိုင်ခုံလုသည်ကို ထိုင်စောင့်နေရင်းဖြင့် စစ်တပ် အာဏာသိမ်းမှုကို ခံလိုက်ရပေသည်။
န၀တခေတ်
စက်တင်ဘာ ၁၈ ရက်နေ့ ညနေ လေးနာရီခွဲတွင် စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း ကြေညာချက် ထွက်လာသည့်အခါ ကြားဖြတ်အစိုးရဖွဲ့ဖို့ အိမ်မက်မက်နေသော ဒီမိုကရေစီ ခေါင်းဆောင်များ ငုတ်တုတ် မေ့သွားကြသည်။ ပါးစပ်ထဲရောက်ခါနီး ထမင်းလုပ် ပုတ်ချခံရသော ကလေးငယ်ကဲ့သို့ လည်းကောင်း၊ ပါးစပ်ထဲက အရိုးကို အလုခံလိုက်ရသော ခွေးအိုကြီးကဲ့သို့ လည်းကောင်း ပြင်းစွာသော အမျက်ထွက်ကုန်၏။ ထို့ကြောင့် ပြည်သူလူထု အပေါင်းက လမ်းပေါ် ထွက်ပြီး ဆန့်ကျင် တိုက်ပွဲဝင်ရန် တောင်းဆိုကြသည်။
သို့သော်ငြားလည်း နိုင်ငံရေး ခေါင်းဆောင်များနှင့် မိုးသီးဇွန်၊ မင်းကိုနိုင်အစရှိသော ကျောင်းသား ခေါင်းဆောင်များသည် လည်းကောင်း အနာဂတ် နိုင်ငံရေးတွင် သူတို့၏ အရည်အချင်းများကို အသုံးချနိုင်ရန် အတွက် စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်ခြင်း မပြုဘဲ သံရုံးများတွင် လည်းကောင်း၊ ဘုန်းကြီးကျောင်းများတွင် လည်းကောင်း၊ မိတ်ဆွေ အပေါင်းအသင်း အိမ်များတွင် လည်းကောင်း ပုန်းအောင်း (မှားလို့) မြေအောက်သို့ ခိုဝင်သွားကြပေသည်။ ဘာမသိ ညာမသိနှင့် လမ်းပေါ် ထွက်လာသော ကျောင်းသားများ၊ ပြည်သူများကား တဲ့တဲ့ပစ်မည်ဟု ကြိမ်းဝါးထားသော စစ်တပ်နှင့် တွေ့ပြီး ကိစ္စချော ကုန်ကြလေသည်။ သို့သော် ၎င်းတို့၏ စွန့်လွှတ်မှုများကား အချည်းနှီး မဖြစ်ပေ။ နောင်တွင် နှစ်စဉ် ရှစ်လေးလုံး ကျရောက်တိုင်း ခေါင်းဆောင်ကြီးများက မိန့်ခွန်း ပြောသည့်အခါ ထည့်သွင်း ဂုဏ်ပြုခြင်း ခံရပေသည်။ ( တစ်နှစ်လုံး လုပ်ချင်တာ လုပ်ပြီး ဇူလိုင် ၁၉ ကျမှ ဗိုလ်ချုပ်ကို သတိရတဲ့ အာဇာနည်နေ့ အတိုင်းပင် ဖြစ်ပါသည်။)
မြေအောက် လျှိုးနေသော ခေါင်းဆောင်ကြီးများက စက်တင်ဘာ ၂၇ ရက်နေ့တွင် န၀တက ပါတီတွေ ဖွဲ့နိုင်ပြီဟု ကြေညာ လိုက်သောအခါ မီတာ တစ်ရာ ပြေးပွဲ တာလွှတ် သကဲ့သို့ စက်တင်ဘာ လဆန်းတုံးက အယုံအကြည် မရှိပါဟု ပြောထားသော ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ပြေးပြီး မှတ်ပုံ တင်ကြလေရာ ကမ္ဘာ့စံချိန်ဖြစ်သော ပါတီပေါင်း ၂၃၅ ပါတီအထိ ရောက်သွားခဲ့ပေသည်။ သို့တိုင် အောင် ဒီမိုကရေစီ ခေါင်းဆောင်များ၊ ကျောင်းသား ခေါင်းဆောင်များက စစ်တပ်ကို ကြောက်ပြီး နယ်စပ် ထွက်ပြေးနေသာ ကျောင်းသားများကို ပြန်မလာနဲ့ဦး လက်နက်ကိုင် တိုက်ပွဲဆင်ကြဟု အမိန့်ပေးခဲ့ ကြသဖြင့် ထိုင်းနယ်စပ်တွင် ကျောင်းသား တပ်မတော်ကြီး ပေါ်လာခဲ့ပေတော့သည်။
ကျောင်းသားတပ်မတော်
လက်နက်ကိုင် တိုက်ပွဲဝင်သော ကျောင်းသား တပ်မတော်ကား မြန်မာ့သမိုင်းတွင် ပထမဆုံး သော ကျောင်းသားတပ်မတော်ကြီး ဖြစ်သောကြောင့် ဂုဏ်ယူဖွယ်ရာ ဖြစ်ပေသည်။ ထိုတပ်မတော်ကြီး ဖြင့် ကျွန်ုပ်တို့ ဘာတွေ လုပ်နိုင်ခဲ့သနည်း။
စစ်အစိုးရကို ဖြုတ်ချမည် ဆိုသော စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ခဲ့သည့် အောက်ခြေ ရဲဘော်များ တိုက်ပွဲတွင် လည်းကောင်း၊ ငှက်ဖျားဒဏ်ဖြင့် လည်းကောင်း ကျဆုံးခဲ့ရပေသည်။
ခေါင်းဆောင်များ၏ အာဏာရှင် ဆန်မှုကို ဝေဖန်မိသော ABSDF ( မြောက်ပိုင်း) မှ ကျောင်းသားများကား စစ်တပ်သူလျှိုဟု ဆိုကာ အသတ်ခံခဲ့ရသည်။
ခေါင်းဆောင်များက မဲဆောက်နှင့် ဘန်ကောက်ကို လွန်းပျံသွားရင်း တိုက်ပွဲများကို ကွပ်ကဲကာ ဒီမိုကရေစီ တော်လှန်ရေး၏ အရသာကို ခံစားကြ၏။ ထိုသို့ခံစားရင် အဝေမတည့်သည့်အခါ အခါလည်သား ကျောင်းသား တပ်မတော် နှစ်ခြမ်းကွဲခဲ့ပေသည်။
ခွဲရေး တွဲရေး လုပ်ရင်းနှင့်ပင် အမြင်ကျယ်လာသော ခေါင်းဆောင်များက တတိယနိုင်ငံသို့ ထွက်ပြီး အနာဂတ ဒီမိုကရေစီ နိုင်ငံတော်အတွက် လိုအပ်သော ပညာများကို သွားရောက် သင်ကြား ကြကုန်၏။ ပြီးသောအခါ မြန်မာ့အရေး ကျွမ်းကျင်သူ ပညာရှင်၊ စစ်ရေး ကျွမ်းကျင်သူ ပညာရှင်များ အမည်ခံရင်း Proposal နိုင်ငံရေးနှင့် ဘလော့ဂ် လက်နက်ကိုင် တိုက်ပွဲများကို အားတက်သရော ဆက်လက် ဆင်နွဲ နေကြကုန်သည်။
၎င်းတို့ကဲ့သို့ အမြင်မကျယ်ရှာသော အောက်ခြေ တပ်သားထုနှင့် ထွက်ပေါက် မရှာနိုင်သော ခေါင်းဆောင်ငယ်များက ကျောင်းသား တပ်မတော် အမည်ခံရင် ကေအင်ယူ၊ ကေအင်ပီပီ တို့၏ ပေးစာ ကမ်းစာ စားရင်း။ ကျပန်းလုပ်ရင်းဖြင့် ခေါင်းဆောင်ကြီးများ၏ Proposal နိုင်ငံရေးကြောင့် အောင်ပွဲခံ ရမည့် အချိန်ကို စောင့်နေရ ပေတော့သည်။
ပြည်ပြေး နိုင်ငံရေးသမားများ
၉၀ ရွေးကောက်ပွဲ ပြီးသောအခါ န၀တ လက်ထက်တွင် ဘယ်လိုမှ အာဏာမရနိုင်ဟု မြင်လာ သော နိုင်ငံရေး သမားများ၊ အရေးအခင်း နောက်ပိုင်း ထိန်းသိမ်းခံထားရာမှ ပြန်လွတ်လာသော ကျောင်းသားများ သည်လည်း တောင်ကို ကျော်၍ လည်းကောင်း၊ ထောက်လှမ်းရေးတွင် နောင်နိုင်ငံရေး မလုပ်တော့ပါဟု လက်မှတ်ထိုး၊ ပတ်စပို့်ယူပြီး လည်းကောင်း ( အောင်ဒင်ကို စောင်းပြောတာ မဟုတ်၊ တိုက်ဆိုင်ရင် ခွင့်လွှတ်) ပြည်ပသို့ ရောက်လာကြသည်။
ထိုဆရာကြီးများကား ဂလိုဘယ်လိုက်ဇေးရှင်းခေတ် နိုင်ငံရေးသမားများပီပီ တောထဲတွင် လက်နက်ကိုင် တိုက်ရန် စိတ်မကူး။ တိုက်နေသူတွေကို သောက်ရူးတွေဟု ထင်သည်။ ထို့ကြောင့် နိုင်ငံရေး ခိုလှုံခွင့်ရရန်နှင့် Proposal နိုင်ငံရေး လောကအတွင်း အသံထက်မြန်သော နှုန်းဖြင့် ၀င်နေရာ ယူနိုင်ရန် အတွက် ကြိုးစားကြကုန်၏။ ထို့ကြောင့် ၉၀ ခုနှစ် နောက်ပိုင်း ပြည်ပ ထွက်လာသူများကား ၈၈ တုံးက ခေါင်းဆောင်ခဲ့သည့် အကြောင်း၊ န၀တက ဖမ်းဆီးပြီး နှိပ်စက်သည့် အကြောင်းများကို နားထောင်သူ မျက်ရည်လည်အောင် ပြောတတ်သည်။ စစ်အစိုးရကို နှစ်နှစ်အတွင်း ဖြုတ်ချမည့် စီမံကိန်းများကို မစားရ၀ခမန်း ပြောတတ်၏။ ထိုသူများ၏ ကျေးဇူးကြောင့်ပင် နိုင်ငံတကာတွင် မြန်မာ့အရေး ဆောင်ရွက်သည့် အဖွဲ့များ မိုးဦးကျမှို ထွက်သကဲ့သို့ ပေါ်လာတော့သည်။
နအဖကို ပိတ်ဆို့ ဒဏ်ခတ် အရေးယူဖို့၊ လုံခြုံရေး ကောင်စီက အရေးယူဖို့ ဆိုသည့် အသံတွေ ကြားလာရ၏။ သို့သော် နအဖ အစိုးရကား ပန်းပန်မြဲ။ တစ်ခုသာ ထူးခြားသည်။ မြန်မာ ပြည်သူတွေ ဘ၀ မပြောင်းသော်လည်း ပြည်ပရောက် ခေါင်းဆောင်များ၏ ဘ၀ကား တိုးတက်လာပေ၏။ ၎င်းတို့၏ ဆွေမျိုး သားချင်းများလည်း ဒီမိုကရေစီ တော်လှန်ရေး သမားများ အဖြစ် ပြည်ပသို့ရောက်လာ၏။ ပြည်တွင်းရှိ မိဘ၊ ဇနီးများထံသို့လည်း ဟွန်ဒီဖြင့် တော်လှန်ရေး ရန်ပုံငွေများ ပေးပို့လာနိုင်ပေသည်။ ကောင်းလေစွ။
ပြည်တွင်းမှ ခေါင်းဆောင်များ
တကယ်တော့ ပြည်တွင်းမှ ခေါင်းဆောင်များဟု ဆိုရန် မသင့်။ ပြည်တွင်းရှိ ခေါင်းဆောင်ဟု သာ ပြောရပေမည်။ အဘယ်ကြောင့်ဆိုသော် အရာရာသည် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်သာ မူတည် နေသောကြောင့်တည်း။ ဒေါ်စု ထွက်လာရင် ပွဲစည်သည်။ ဒေါ်စု ပြန်ဝင်သွားလျှင်ကား ခေါင်းဆောင်များ အနေဖြင့် ကြေညာချက် ထုတ်ခြင်းနှင့် ရေဒီယိုမှ အင်တာဗျူးခြင်းတည်းဟူသော အလုပ်နှစ်ခုကို အင်တိုက် အားတိုက် ဆောင်ရွက်ကြသည်။ အောက်ခြေ ပါတီဝင်များ အနေဖြင့် နိုင်ငံရေး လုပ်နေတာလား၊ သတင်းထောက် လုပ်နေတာလား၊ စာအုပ် ထုတ်ဝေရေး လုပ်နေတာလားဟု မခွဲခြားနိုင်အောင်ပင် ဖြစ်ခဲ့ရသည်။ ပြည်တွင်း ခေါင်းဆောင်များလည်း ပြည်ပက လူများထက် မညံ့။ သံရုံးများက ရသော ဒီမိုကရေစီ ထောက်ပံ့ကြေးများကို လျှို့ဝှက်ရေးကို အကြောင်းပြပြီး စာရင်းမရှိ အင်းမရှိ သုံးသည့် ပညာတတ် လာကြပေပြီ။ ဆွေမျိုးများကို ပြည်ပ ပို့ကုန်အဖြစ် တင်ပို့တတ် လာပေပြီ။ NLD ဗဟို အလုပ် အမှုဆောင် ဘဘကြီး တစ်ဦးဆိုလျှင် အဖွားကြီးကို ကွာပြီး အထက်မြန်မာပြည်က ပါတီဝင် အမျိုးသမီး တစ်ဦးနှင့် ရွှေတောင်ကြားတွင် အိမ်ဝယ်ပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်နေပြီ ဖြစ်သည်။ ( ဦးညွန့်ဝေကို စောင်းပြောတာ မဟုတ်၊ တိုက်ဆိုင်မှုရှိလျှင် ကန်တော့ပါခင်ဗျား။)
သို့တိုင်အောင် ထိုခေါင်းဆောင်များ အပေါ် ယုံကြည်နေဆဲ ဖြစ်သော မင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်များ၊ ကျောင်းသား မျိုးဆက်သစ်များနှင့် သံဃာများက ရွှေဝါရောင်တော်လှန်ရေးကို ဆင်နွဲခဲ့ သေးသည်။ ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးများကား ၈၈ တုံးက သောက်ကျင့်အတိုင်း သေချာမှ ၀င်ပါဖို့ ထိုင်စောင့်နေခဲ့သည်။ ထို့ကြောင့်ပင် နှစ်တုံးစားလည်း သဘောမပေါက်သေးသည့် ကျောင်းသားများ သေကြ၊ ကျေကြ၊ ထောင်ကြကျ၏။ သံဃာများလည်း မသက်မသာခဲ့။ ခေါင်းဆောင်ကြီးများကမူ ကြေညာချက်တွေ ထုတ်ပြီး သွားလေသူများကို ဂုဏ်ပြုခဲ့ကြပေသည်။
ဤသည်ကား ကျွန်ုပ်တို့ ဒီမိုကရေစီ တော်လှန်ရေးကြီးကား နှစ်နှစ်ဆယ် ခရီးပေတည်း ။ အားတက် ဖွယ်ရာပါတကား။ ခေါင်းဆောင်ကြီးများ ဘ၀သာယာရေး အတွက် ဒီမိုကရေစီ အော်ရင်း ကျွန်ုပ်တို့ နောက်ထပ် နှစ်ပေါင်း နှစ်ဆယ် ဆက်တိုက်ပွဲဝင်ကြစို့။
ဒီမိုကရေစီ တော်လှန်ရေး အောင်ရမည်။
ခေါင်းဆောင်ကြီးများ သက်တော်ရာကျော် ရှည်ပါစေ။ စီးပွားဥစ္စာ တိုးတက်ပါစေ။ ဆွေမျိုးများကို စောင့်ရှောက်နိုင်ပါစေ။
Myanmar Express

ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment