-ပြောမယုံ၊ ကြုံမှပဲ သိခဲ့ရတဲ့ ဒီနှစ် ၂၀၁၂ ခုနှစ်ရဲ့ဖြစ်ရပ်
၂၀၁၂ ခုနှစ်ရဲ့ ရာသီဥတုဟာ တကယ်တော့ “စကတည်းက ယဉ်သကို”လို့ ဆိုရမှာဖြစ်ပါတယ်။ ကြည့်လေ။ ဒီနှစ် မိုးမကျမီ မိုးကြိုကာလလောက်ကတည်းက ရာသီအလိုက် ခန့်မှန်းချက်တွေပေးဖို့ ဆန်းစစ်တွက်ချက်မှုတွေလုပ်တော့ အဖြေက အစဉ်အလာအတိုင်း မိုးပဲဖြစ်ဖြစ်၊ အပူချိန်ပဲဖြစ်ဖြစ်၊ ပုံမှန်ထက်ပိုမယ်၊ လျော့မယ်၊ ပုံမှန်အတိုင်းရှိမယ်....စသဖြင့် တစ်ခုခုကို အဆုံးအဖြတ်ပေးဖို့ တိကျခိုင်မာတဲ့အထောက်အထား ဘာတစ်ခုမှ ရှာမတွေ့ရဘူးဆိုတဲ့ အဖြေကိုပဲ ရနေခဲ့ပါတယ်။
ဒီတော့ ခန့်မှန်းချက်တွေကို ဘာသာရပ်အသုံးအနှုန်းနဲ့ ပြောရရင်တော့ Climatological လို့ပဲ ထုတ်ပြန်ခဲ့ကြရပါတယ်။ အဓိပ္ပာယ်ကတော့ ဖြစ်ပေါ်လာမယ့် ရာသီဥတုအခြေအနေအရပဲ ဖြစ်ပါလိမ့်မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ အခုလည်း ဇူလိုင်လ၊ သြဂုတ်လ၊ စက်တင်ဘာတွေအတွက် ခန့်မှန်းချက်တွေကို တစ်လထက်ပိုပြီး မခန့်မှန်းနိုင်သေးပါဘူး။ -ရာသီဥတု ဖောက်ပြန်မှုတွေဟာ ပိုပိုဆိုးလာပါတယ်
တကယ်တော့ ရာသီဥတုတွေ ဖောက်ပြန်နေခဲ့တာ အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတုတွေ စတင်ပြောင်းလဲလာခဲ့တာကတော့ ၁၉၈၀ ခုနှစ်လောက်က စပါတယ်။ မြန်မာ့ရာသီဥတုကတော့ တိတိကျကျ လေ့လာတွေ့ရှိချက်အရ ပြောရရင် အဲဒီထက်တောင် စောပါသေးတယ်။ ၁၉၇၈ ခုနှစ်ကတည်းက စပါတယ်။ ဖောက်ပြန်မှုတွေကိုတော့ သိသိသာသာ သတိထားလာခဲ့မိတာ ၂၀၀၆ ခုနှစ်ကတည်းက စပါတယ်။ ၂၀၀၆ ခုနှစ်ကစပြီး မိုးကြိုးပစ်ခံရလို့ သေဆုံးတာတွေ၊ လေဆင်နှာမောင်း တိုက်ခတ်တာတွေ၊ လျှပ်တစ်ပြက် ရေကြီးတာတွေ၊ မုန်တိုင်းတိုက်ခတ်တာတွေအားလုံး နှစ်စဉ်ပိုမို ကြုံတွေ့လာရပါတယ်။ မိုးကြိုးပစ်ခံရလို့ သေဆုံးရတာတွေ အချို့နှစ်တွေမှာ တစ်ရာကျော်အထိ ရှိလာပါတယ်။
၂၀၀၆ ခုနှစ်ကစပြီး မုန်တိုင်းနှစ်စဉ် ၀င်ရောက်တာ ခံနေရပါတယ်။ ၂၀၀၆ မှာ မာလာ၊ ၂၀၀၇ မှာ အကာ့ရှ်၊ ၂၀၀၈ မှာ နာဂစ်၊ ၂၀၀၉ မှာ ဘစ်ဂျလီ၊ ၂၀၁၀ မှာ ဂီရိနဲ့ ပြီးခဲ့တဲ့ ၂၀၁၁ မှာ အိုတူးဘီမုန်တိုင်းတွေ မြန်မာနိုင်ငံကို ကျရောက်ခဲ့တယ်။ ဘယ်တုန်းကမှ မြန်မာနိုင်ငံကို မုန်တိုင်းခြောက်နှစ်ဆက်တိုက် ၀င်ရောက်ခဲ့တာ သမိုင်းမှာ မရှိခဲ့ပါဘူး။ လေဆင်နှာမောင်းဆိုတာကလည်း နှစ်စဉ်ပဲ။ အရင်တုန်းက ဒီမိုးတိမ်တောင်တွေကို အကြောင်းပြုပြီး ဖြစ်ကြရတဲ့ မိုးကြိုးပစ်မှုတွေ၊ လေဆင်နှာမောင်း တိုက်ခတ်မှုတွေဆိုတာ မိုးမကျမီ မိုးကြိုကာလနဲ့ မိုးအပြီး မိုးလွန်ကာလတွေမှာသာ ဖြစ်လေ့ရှိပေမယ့် ၂၀၀၆ ခုနှစ်ကစပြီး မိုးတွင်းကြီးမှာလည်း ရှောင်မလွတ်တော့ပါဘူး။
-အယ်လ်နီညို၊ လာနီညာတွေကလည်း အမြဲလိုဖြစ်နေပါတယ်
အလွန်ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ပေးတတ်တဲ့ အယ်လ်နီညိုရာသီဥတု၊ အလွန်အေးပြီး စွတ်စိုတဲ့ရာသီဥတုကို ပေးတတ်တဲ့ လာနီညာရာသီဥတု စတာတွေဖြစ်ရင် အစွန်းရောက် ရာသီဥတုတွေ ဖြစ်တော့တာပါပဲ။ အားကောင်းတဲ့ အယ်လ်နီညိုဖြစ်ပြီဆိုရင် နွေဟာ အလွန်ပူမယ်၊ မိုးနည်းမယ်၊ မုတ်သုံတွေ ၀င်တာနောက်ကျ၊ ထွက်တာစောပြီး မိုးရာသီတိုတောင်းသွားမယ်။ ဘင်္ဂလားပင်လယ်အော် မုန်တိုင်းတွေ အဖြစ်နည်းသွားပြီး ဖြစ်ရင်တော့ ပိုမိုပြင်းထန်တဲ့ မုန်တိုင်းတွေ ဖြစ်တတ်တယ်။ လာနီညာဖြစ်ပြီဆိုရင်လည်း ဆောင်းဟာ အေးမယ်၊ မိုးပိုမယ်၊ ရေကြီးမယ်၊ မုန်တိုင်းတွေ အဖြစ်များမယ်၊ မြန်မာနိုင်ငံကို ပိုဝင်ရောက်တတ်တယ်။ အားလုံးလွန်လွန်ကဲကဲချည်းပါပဲ။ မဇ္ဈိမပဋိပဒါ အလယ်အလယ်လမ်းစဉ်ကို စွန့်ခွာတဲ့အတွက် “တန်ဆေး၊ လွန်ဘေး”ဆိုသလို ပျက်စီးခြင်းတရားချည်းပါပဲ။ တကယ်တော့ အယ်လ်နီညို၊ လာနီညာဖြစ်စဉ်တွေ ဖြစ်တတ်တာ လူသားတွေ သိလာခဲ့ကြတာ ၁၅ ရာစုနှစ်ကတည်းကဆိုတော့ အခုဆို နှစ်ပေါင်း ၅၀၀ ကျော် ရှိလာခဲ့ပါပြီ။ အဲ..ပြောင်းလဲလာတာကတော့ ၁၉၈၀ ခုနှစ်မတိုင်မီက ဒီဖြစ်စဉ်တွေဟာ ငါးနှစ်၊ ခုနစ်နှစ်မှ တစ်ကြိမ်သာ ဖြစ်လေ့ရှိပါတယ်။ အခုတော့ နှစ်တိုင်းဆိုသလို ဖြစ်လာကြပါတယ်။ ဒါဟာ ကြီးမားတဲ့ ပြောင်းလဲမှုကြီးပါ။ ရာသီဥတုတွေမှာသာမက ပတ်ဝန်းကျင်ရေးရာ ဂေဟစနစ်ကြီးကိုပါ အပြောင်းအလဲတွေ ဖြစ်စေခဲ့ပါတယ်။ ရေအောက်သန္တာကျောက်တန်းတွေ အပြောင်းအလဲဖြစ်ကြရတာ ဒီအယ်လ်နီညို၊ လာနီညာဖြစ်စဉ်တွေကြောင့် ဖြစ်ကြရတယ်လို့ မကြာမီလေးကပဲ လေ့လာမှုတစ်ခုက ဆိုပါတယ်။
-၂၀၁၂ ရာသီဥတုရဲ့ ဖောက်ပြန်မှုတွေ
၂၀၁၂ ခုနှစ်ရဲ့ ရာသီဥတုဟာ အခုဆိုရင် မိုးလယ်ကာလရဲ့ ပထမလဟာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ မုတ်သုံဝင်တာ ပြီးခဲ့ပြီ။ ထူးခြားဖောက်ပြန်တာ မရှိသလောက်ပါပဲ။ အ၀င်ကာလမှာ အရှေ့ဘက် တောင်တရုတ်ပင်လယ်က ဖြစ်စဉ်တွေရဲ့ ပံ့ပိုးမှုတွေ ရခဲ့တယ်။ မိုးတွင်းရောက်လာတော့ အနောက်ဘက် အာရေဗျပင်လယ်ဘက်က အထောက်အပံ့တွေ ရခဲ့ပြန်ပါတယ်။ ဒါပေမဲ့ ထူးခြားမှုတွေတော့ ရှိခဲ့ပါတယ်။ ရာသီဥတုဟာ အဲဒီ့အရှေ့ဘက်နဲ့ အနောက်ဘက်တို့ရဲ့ ပံ့ပိုးမှုတွေဟာ ချိန်သားမကိုက်ဘဲ ချိန်ခွင်တစ်ခုရဲ့လျှာလို ဒီနှစ် ဘောင်ပိတ်အနေအထား မရှိတာကို တွေ့နေရပါတယ်။ ချိန်ခွင်ခွက်နှစ်ဖက်လို တစ်ဖက်ကသာရင် တစ်ဖက်ကလျော့သွား နေပါတော့တယ်။ မိုးရွာသွန်းမှုကိုပဲကြည့်။ မိုးအများဆုံးရွာတဲ့ ဒေသတွေဟာ အရင်လိုကုန်းပေါ်မှာ မဟုတ်ဘဲ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်နေပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲမှာ နေ့စဉ်တစ်နေ့ မိုးရေချိန် လေးလက်မလောက်အထိ ရွာနေတဲ့အချိန် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းမှာ တစ်ပတ်လုံးနေလို့ မိုးရေချိန်တစ်လက်မပြည့်အောင် မနည်းရွာနေရပါတယ်။
-မိုးများ မိုးနည်းနေတဲ့ ဒေသတွေ
ဒီနှစ် အခုလက်ရှိ မိုးလယ်ကာလ ရောက်တဲ့အထိ မိုးကောင်းကောင်းရွာခဲ့တဲ့ ဒေသတွေဟာ ကမ်းရိုးတန်းဒေသတွေသာ များပါတယ်။ ရခိုင်ပြည်နယ် အလယ်ပိုင်း၊ ဧရာဝတီတိုင်း အနောက်တောင်ဘက်ဒေသ၊ ရန်ကုန်တိုင်းတောင်ပိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အစပ်ဒေသတွေ ဖြစ်ပါတယ်။ ကုန်းတွင်းပိုင်းမှာတော့ ချင်းပြည်နယ်၊ မကွေးတိုင်းအနောက်ခြမ်း၊ စစ်ကိုင်းအထက်ပိုင်းနဲ့ ချင်းပြည်နယ်တွေဟာ မိုးရကြရပါတယ်။ ထူးခြားတာကတော့ ဒီနှစ်မိုးတွင်းတစ်ခုလုံး လက်ရှိကာလအထိ မိုးနေ့စဉ်ရက်ဆက်ဆိုသလို မိုးကောင်းနေတဲ့ဒေသကတော့ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ်ပဲ ဖြစ်ပါတယ်။ နေ့စဉ်တစ်နေ့ကို ပျမ်းမျှမိုးရေချိန် နှစ်လက်မနှုန်းလောက်နဲ့ ရွာနေပါတယ်။ ဒါပေမဲ့ ကုန်းတွင်းပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ပဲခူးတိုင်းအနောက်မြောက်ပိုင်းတို့မှာတော့ မိုးအလွန်နည်းနေပြီး ရက်သတ္တတစ်ပတ်ကို မိုးရေချိန်တစ်လက်မ မပြည့်ပါဘူး။ တစ်နေ့ကို တစ်မီလီမီတာ၊ နှစ်မီလီမီတာနှုန်းလောက်တောင် အနိုင်နိုင်ဖြစ်နေပါတယ်။ မန္တလေးတိုင်းမြောက်ပိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်းဒေသအချို့တို့မှာ မိုးမရွာတာ နှစ်လကျော်လောက် ရှိနေကြပါပြီ။ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်းနဲ့ အရှေ့ပိုင်း၊ ပဲခူးတိုင်းမြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာလည်း မိုးအရနည်းလို့ ပျိုးတောင်ကောင်းကောင်း မထောင်နိုင်ကြပါဘူး။ ထူးထူးခြားခြား တွေ့ရတာကတော့ မြန်မာနိုင်ငံ တောင်၊ မြောက် မိုးရွာသွန်းမှု မညီမျှမှု ပြယုဂ်တစ်ခုအဖြစ် တွေ့ရတာကတော့ မြောက်ပိုင်းက စစ်ကိုင်းအထက်နဲ့ ကချင်ပြည်နယ်တွေက မိုးကောင်းနေပြီး တောင်ပိုင်းက မွန်-တနင်္သာရီတိုင်းတွေက မိုးနည်းနေတာပဲဖြစ်ပါတယ်။
-ဒီဖြစ်ရပ်တွေရဲ့ အရင်းခံအကြောင်း
ဒီနှစ် ၂၀၁၂ ခုနှစ်အတွင်း အခုလို မြောက်ပိုင်းမှာ မိုးများ၊ တောင်ပိုင်းမှာ မိုးနည်း၊ အလယ်ပိုင်းမှာ မိုးခေါင်ဖြစ်ရတဲ့ အကြောင်းရင်းက ဘာလဲ။ အဓိကအကြောင်းကတော့ မုတ်သုံလေဦးလို့ ခေါ်ကြတဲ့ Monsoon Front ဟာ မြန်မာနိုင်ငံမြောက်ပိုင်းကို မုတ်သုံလေဦး ရောက်ရှိခဲ့တဲ့ ဇွန်လဆန်းကစပြီး ကနေ့အထိ မြန်မာနိုင်ငံ မြောက်ပိုင်းကနေ တောင်ဘက်ကို ပြန်မဆင်းဘဲ ကုန်းတွင်းပိုင်းမှာပဲ တစ်ချိန်လုံး နေ့စဉ်ရက်ဆက် တည်ရှိနေတာကြောင့်ဖြစ်ပါတယ်။ တစ်နည်းပြောရရင် မုတ်သုံလေဦးဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာပဲ ရှိနေခဲ့လို့ဖြစ်ပါတယ်။
-နောက်ဆက်တွဲ ဖြစ်ရပ်တွေအနေနဲ့ တွေ့ကြရတာကတော့
ဒီဖြစ်စဉ်ရဲ့ ပထမဆုံးတွေ့ရတဲ့ တိုက်ရိုက်အကျိုးဆက်ကတော့ ဒီလို မုတ်သုံလေဦး မြန်မာနိုင်ငံမြောက်ပိုင်းကို နေ့စဉ်ဖြတ်သန်းနေလေတော့ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ နေ့စဉ်မိုးရွာနေစေတာပဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဆိုတာ ချင်းတွင်းဧရာဝတီတို့ရဲ့ မြစ်ဖျားခံရာဒေသတွေဆိုတော့ ချင်းတွင်းမြစ်ရေ၊ ဧရာဝတီမြစ်ရေတွေဟာ တစ်ခါတည်း တက်လာကြတော့တာပေါ့။ နောက်တော့ မြစ်ကြောင်းတစ်လျှောက် မြို့အသီးသီးရဲ့ စိုးရိမ်ရေအမှတ်တွေကို ကျော်လာကြတော့တဲ့ အထိပါပဲ။ စိုးရိမ်ရေအမှတ်ကို ရောက်ရှိခဲ့ကြတဲ့ မြို့တွေကိုကြည့်ရင် မြန်မာနိုင်ငံ မြစ်ကြီးများရဲ့ ဇွန်၊ ဇူလိုင်လတွေမှာ ကြုံတွေ့ရတတ်လေ့ရှိတဲ့ First Flood Wave ရဲ့ စီးဆင်းပုံကို လှပသေသပ်စွာ တွေ့ကြရပါမယ်။ ကချင်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာနေမှုကြောင့် ဧရာဝတီမြစ်ရေဟာ ပထမဆုံးမြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ်ကို ရောက်ပါတယ်။ နောက်သုံးလေးရက်ကြာတော့ အောက်ဘက်က ဗန်းမော်နဲ့ ကသာရဲ့ စိုးရိမ်ရေအမှတ်ကို ရောက်ပါတယ်။ နောက်သုံးရက်ကျော်ကြာတော့ မိုးမရွာဘဲဖြစ်နေတဲ့ မန္တလေး၊ စစ်ကိုင်းကို ရောက်လာတော့တာပါပဲ။ ဇူလိုင် ၁ ရက်နေ့မှာတော့ ကျွန်တော်ဟာ ဟောပြောပွဲတစ်ခုဟောဖို့ မြင်းမူမြို့အနီးက ကံလှ-ကံသာကျေးရွာကို ရောက်နေတယ်။ ကျွန်တော် ရောက်နေတဲ့နေ့မှာပဲ ကံလှ-ကံသာကျေးရွာတွေမှာ မျက်စိအောက်မှာပဲ ရေတွေ တရိပ်ရိပ်တိုးနေတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ နောက် ရန်ကုန်ပြန်ရောက်ပြီး ဇူလိုင် ၇ ရက်နေ့မှာတော့ နယ်မိတ်ဆွေတစ်ဦးရဲ့ပြောပြချက်အရ ချင်းတွင်း-ဧရာဝတီမြစ်ဆုံရဲ့ အောက်ဘက်အရပ်ဖြစ်တဲ့ ချောက်မြို့ဘက်က ရွာ ၁၄ ရွာ ဧရာဝတီမြစ်ရေ တိုက်စားခံရတယ်လို့ သတင်းကြားသိရတော့တာပါပဲ။ ဒီနောက်တော့ ဧရာဝတီမြစ်အောက်ပိုင်းဖြစ်တဲ့ ဟင်္သာတဆီကို ဧရာဝတီမြစ်ရေတွေ စုံဆင်းနေကြလေရဲ့။
-မုန်တိုင်းဖြစ်ပေါ်မှုနဲ့ ပတ်သက်လို့
မုတ်သုံလေဦးဟာ ထုံးစံက ဒီလိုမိုးတွင်းဆိုရင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းအတွင်းမှာ တည်ရှိနေရမှာပါ။ အခုတော့ ဟိမ၀န္တာတောင်ခြေကို ဦးခိုက်နေလေတော့ နောက်ဆက်တွဲဖြစ်လာတာက ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းတွေ မဖြစ်နိုင်တော့တာပါပဲ။ အခု ၂၀၁၂ ခုနှစ် ဇူလိုင်လ ပထမဆယ်ရက်ပတ်အထိ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတစ်လုံးမှ မဖြစ်နိုင်သေးပါဘူး။ အကြောင်းကတော့ အနောက်တောင် မုတ်သုံလေဦးလို့ခေါ်တဲ့ မုတ်သုံလေဖိအားနည်းချိုင့်ဝှမ်း (Monsoon Trough) ဟာ မုန်တိုင်းတွေရဲ့ မွေးဖွားရာဇာတိ (Birth Place) ဖြစ်ပါတယ်။ ဒီလေဖိအားနည်းရပ်ဝန်း တစ်လျှောက်မှာ လေဖိအားနည်းရပ်ဝန်းတွေ တန်းစီပြီးဖြစ်နေကြပါတယ်။ ဒီလေဖိအားနည်းရပ်ဝန်းတွေဟာ မုန်တိုင်းတွေဖြစ်လာဖို့ လေစိုင်ဝဲတွေကို ဖြစ်ပေါ်စေရပါတယ်။ ဒီအတွက် စွမ်းအင်ဖြည့်ဆည်းမှု လိုအပ်ပါတယ်။ အဲဒီလိုတဲ့ စွမ်းအင်ဖြည့်ဆည်းမှုကို ရေငွေ့တွေက ပေးရပါတယ်။ ဒီလိုအပ်တဲ့ ရေငွေ့တွေကို အောက်ခံရေပြင်တွေကပဲ ထုတ်လုပ်ပေးရပါတယ်။ အခုတော့ မုတ်သုံလေဖိအားနည်းချိုင့်ဝှမ်းတွေရဲ့ အောက်ခံမျက်နှာပြင်ဟာ ရေပြင်မဟုတ်ဘဲ မြေပြင်ဖြစ်နေလေတော့ ရေငွေ့ဖြည့်ဆည်းမှု မရနိုင်တော့ပါဘူး။ အဲဒါကြောင့် မုတ်သုံလေဖိအားနည်းချိုင့်ဝှမ်းအတွင်းက လေဖိအားနည်းရပ်ဝန်းတွေဟာ ပိုမိုအားကောင်းလာနိုင်ခြင်း မရှိတော့တဲ့အတွက် မုန်တိုင်းများအဖြစ်ကိုလည်း မရောက်ရှိနိုင်ကြတော့တာပဲ ဖြစ်ပါတယ်။
-အလယ်ပိုင်းဒေသ မိုးနည်းရတာနဲ့ ပတ်သက်လို့
အလယ်ပိုင်းဒေသလို့ ခေါ်ကြတဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းဒေသဟာ မိုးနည်းရေရှားတဲ့ မိုးကွယ်အရပ်ဖြစ်ပါတယ်။ ဒီဒေသဟာ မုတ်သုံကြောင့် မိုးရတဲ့ဒေသ မဟုတ်ပါဘူး။ ပြောရရင်တော့ မုတ်သုံနဲ့တောင် ဒီအရပ်ဒေသဟာ ပြောင်းပြန်ဆက်စပ်မှု ရှိတယ်လို့တောင် ပြောနိုင်ပါတယ်။
ဒီတော့ ဒီဒေသဟာ ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းများဖြစ်လို့ တိမ်စွယ်တန်း (Plume Cloud) တွေ တိုးဝင်လာတဲ့အခါဖြစ်စေ၊ မုန်တိုင်းအကြွင်းအကျန်တွေ ၀င်ရောက်လာတဲ့အခါမှဖြစ်စေ၊ အရှေ့ဘက်က လာတတ်တဲ့ အရှေ့လေပွေလှိုင်းနဲ့ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်စတာတွေ ၀င်ရောက်လာတဲ့အခါမှဖြစ်စေ မိုးရတတ်တဲ့ဒေသ ဖြစ်ပါတယ်။ အခုတော့ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဒီနှစ်အတွင်း မုန်တိုင်းကလည်း တစ်လုံးမှမဖြစ်၊ အရှေ့ဘက် တောင်တရုတ်ပင်လယ်ပြင်အတွင်းဖြစ်သမျှ အပူပိုင်းမုန်တိုင်းနဲ့ တိုင်ဖွန်းတွေကလည်း ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းထဲမှာပဲ အရှေ့မြောက်ဘက်ကိုပဲ ပြန်ပြန်ကွေ့သွားနေခဲ့တာကြောင့် ဘာမုန်တိုင်း အကြွင်းအကျန်မှလည်း ရောက်မလာ၊ ဘာအရှေ့ လေပွေလှိုင်းမှလည်း ရောက်မလာခဲ့တာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဟာ မိုးတွင်းကြီးမှာ မိုးပျောက်နေရတာ ဖြစ်ပါတယ်။
-ငါးသိုင်းများပြီး ဟင်းဟုန်နေတဲ့ ဖြစ်စဉ်
ဒီတော့ အဓိကအကြောင်းက ဘာလဲ။ ဒါတွေအားလုံးရဲ့ အကြောင်းကတော့ ဒေသတွင်းရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေ ဖြစ်ပေါ်နေလို့ပဲ ဖြစ်ပါတယ်။ အဓိကအကြောင်းကတော့ ရုပ်ကြွင်းလောင်စာတွေ မီးရှို့လို့ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ တိုးနေတယ်။ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ တိုးလာလို့ ကမ္ဘာကြီးပိုပူနွေးလာတယ်။ ကမ္ဘာကြီးပိုပူနွေးလာလို့ ရာသီဥတု ပြောင်းလဲလာတယ်။ ဒါကြောင့် ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ လျှော့ချကြဖို့ Kyoto Protocol ကို ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က သဘောတူပြဋ္ဌာန်းခဲ့ကြတယ်။ အဲဒီသဘောတူညီချက်အတွက် အစည်းအဝေးတွေ၊ ရန်ပုံငွေတွေ၊ တာဝန်ယူကြတဲ့ နိုင်ငံအလိုက်အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေ၊ အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေ ကြိုးစားလိုက်ကြတာ ငွေတွေသုံးစွဲလိုက်ကြတာ ၁၇ နှစ်ကျော်လာခဲ့ပါပြီ။ ဘာလဲ၊ အောင်မြင်မှုတွေ ရနေပြီလားလို့ ခင်ဗျားမေးချင်သလား။ ဟဲ..ဟဲ အခု ၂၀၁၂ ဇွန်လဆန်းကပဲ ကမ္ဘာ့ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပါဝင်မှုနှုန်း CO2 Concentration ဟာ ကမ္ဘာ့လုံခြုံမှုအတွက် အများသဘောတူ သတ်မှတ်ထားတဲ့ အမြင့်ဆုံးအဆင့် 350 ppmv ကို ကျော်လွန်ပြီး နှစ်ပေါင်းသန်း ၄,၅၀၀ သက်တမ်းရှိတဲ့ ကမ္ဘာ့သမိုင်းရဲ့ စံချိန်သစ်အဖြစ် 400 ppmv level ကို စံချိန်တင် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ လူသားတွေ ရာသီဥတုပြောင်းလဲမှုကို ဘယ်လောက်ထိ အလေးအနက်ထား ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းကြိုးစားခဲ့ကြတယ်ဆိုတာကိုသာ ကြည့်ကြပါတော့ဗျာ။ ။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment