ယနေ့ ကမ္ဘာ၌ ခေါင်းအခဲရဆုံး ပြဿနာများထဲ ကလေးလုပ်သား ပြဿနာ အရေးကလည်း ထိပ်ဆုံး တစ်ဆယ်စာရင်းဝင်နေ၏။ လူ့အခွင့်အရေးနှင့်လည်း တိုက်ရိုက် သက်ဆိုင်နေပြီး တစ်စွန်းတစ်စ မကတော့သော ဆူးချွန်တစ်ခုလည်း ဖြစ်သည်။ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး အခြေခံ စံကြီးများထဲ အတော့်ကို စနိုးစနောင့် ဖြစ်ဖွယ်ကိစ္စ ဖြစ်နေပါသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကပင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေး စစ်သားနှင့် လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာသွားသည်။ ကလေးစစ်သားသည်လည်း ကလေးလုပ်သား တစ်ပိုင်းဖြစ်ပါ၏။ ယခု စာရေးသူတို့ထံ၌တော့ လှုပ်ရှား အရေးယူမည့် စီမံချက်သစ်များ စတင်နေပြီဟု ကြားသိရသောကြောင့် လေလ့ာထားရသမျှထဲမှ ကလေးလုပ်သား ပြဿနာ အက်ဆေးတစ်ပုဒ်ကို ပြန်လည် ဖောက်သည်ချလိုပါသည်။
ဖွံ့ဖြိုးပြီး ဒီမိုကရေစီ နိုင်ငံကြီးများ၌ သိပ်မပြောသာလှတော့လည်း ဖွံ့ဖြိုးဆဲ၊ ထိုမှတစ်ဆင့် ဆင်းရဲသော နိုင်ငံကြီး၊ ငယ်များအတွက် နိစ္စဓူဝ ဘ၀တွေထဲ လွှဲရှောင်မရ ဖြစ်နေသည်။ ခါးသီးသော အကျပ်အတည်းတစ်ရပ်။ ဖွံ့ဖြိုးဆဲ စာရင်းပေါက် နေသော်ငြား စီးပွားရေး တစ်ဟုန်ထိုး တိုးတက်လာ၍ ကမ္ဘာ့မေဂျာပါဝါထဲ ၀င်လာသော BRICS ငါးနိုင်ငံ (ဘရာဇီး၊ ရုရှား၊ အိနိ္ဒယ၊တရုတ်၊ တောင်အာဖရိက) အတွင်း၌ပင် ရုရှားလောက်မှလွဲ၍ ကျန်နိုင်ငံများ အခက်တွေ့နေကြရသော ပြဿနာ၊ ပဲ့နင်း ဦးထောင် ဦးနင်းပဲ့ထောင် ဖြစ်နေရဆဲဖြစ်၏။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သုံးရပ်လုံး မျှခြေညီ တည်ငြိမ်ပါမှ ဖြေရှင်းပြေလည်နိုင်မည် ဖြစ်ပါသည်။
အာရှဆင်ကြီးဟု ခေါ်ကြသော မေဂျာပါဝါ အိနိ္ဒယသည် ကလေးလုပ်သား ပြဿနာနှင့် ပတ်သက်၍ အဆိုးဝါးဆုံး ကြုံတွေ့နေရသော နိုင်ငံဖြစ်၏။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အင်အားကြီးမားလှသော်လည်း လူဦးရေ တစ်ဘီလီယံနှင့် ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလွန်း၍ဟု ယေဘုယျ ပြောနိုင်သည်။ သို့ဆိုလျှင် အခြား ပိုဆင်းရဲသော ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်ရော...။ စဉ်းစားရုံဖြင့် သိနိုင်လောက်ကြပြီး တကယ်တမ်း ထောင့်စေ့အောင် ကိုင်တွယ် မဖြေရှင်းနိုင်ကြသေးပေ။ မိမိတို့ နိုင်ငံတွင်လည်း ထိုအရေးမသေး လှကြောင်း လူတိုင်း အသိပင် ဖြစ်ပါ၏။
ILO အဓိပ္ပာယ် သတ်မှတ်ချက်နှင့် အစ ပျိုးခြင်း
အသက် ၁၄ နှစ်အောက်အရွယ် ကလေးသူငယ်အားလုံး ပါဝင်သော “ကလေး လုပ်သား” ဆိုသည်ကို နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO) မှ ယခုလို အဓိပ္ပာယ် ဖွင့်ဆိုပြထားသည်။
“ကလေး သူငယ်များဖြင့် ပြီးမြောက်စေသော အလုပ်ပုံစံ၊ ယင်းအလုပ်သည် ကလေးသူငယ်တို့၏ နုနယ်ငယ်ရွယ်သောဘ၀နှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသလို ပညာသင်ခွင့် ဆုံးရှုံးခြင်း၊ ကျွမ်းကျင်မှုများ မဆည်းပူးနိုင်စေဘဲ ကလေးများ၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုပါ နစ်နာစေသော အနေအထားတစ်ရပ်၌ လုပ်ကိုင် ကြရသူ ကလေးငယ်များ...”
ကလေးသူငယ်တို့သည် လူသားဖြစ်စဉ်အတွက် အကြီးမြတ်ဆုံး လောက လက်ဆောင်များ ဖြစ်ကြပြီး ဤလက်ဆောင်ကို ပုဂ္ဂလိက ကြီးပွားရေး တစ်ရပ်တည်း အတွက် ကိုယ်ကျိုးရှာသလို ကလေးလုပ်သားများအဖြစ် မှားယွင်း အယူလွဲစွာ အသုံးချခံနေကြရပြန်၏။ အိနိ္ဒယကို ကြည့်ပါ။ စုစုပေါင်း လူဦးရေ၏ ၃၆ ရာခိုင်နှုန်းသည် ၁၄ နှစ်အောက် ကလေးငယ်များ ဖြစ်ကြပြီး ၅ နှစ်မှ ၁၄ နှစ်ကြား ကလေးငယ် အများစုမှာ အကျပ်အတည်းဆိုက် ဘ၀တွေထဲ ရောက်ရှိနေထိုင်နေကြရဆဲ ဖြစ်သည်။ ကလေးငယ် ၅ ဦးတွင် ၁ ဦးမှာ အလုပ်ခိုင်းစား ခံနေရ၏။ ပန်းများသဖွယ် နုနယ်လှပသော ၎င်းင်းတို့၏ ဘ၀များက မဖူးပွင့်မီ ညှိုးရော်ခံနေကြရပါသည်။
အပြန့်ကျယ်လှသော ပြဿနာ
ကလေးလုပ်သား ကိစ္စသည် မြို့ပြမှာထက် ကျေးလက်၌ ပိုဆိုးဝါးသည်။ ဘ၀ အနေအထားကြောင့်ဖြစ်၏။ နိမ့်ကျ ဆင်းရဲလှသော ကျေးလက်မိသားစုများအနေဖြင့် ၎င်းတို့၏ (အရွယ် မရောက်သေးသူ) ကလေးငယ်များကို စားရေးသောက်ရေးအတွက် မြို့ပြသို့ စေလွှတ်ပစ်လိုက်ရသည်။ မြို့ပြဧရိယာများ၌လည်း ထမင်းတစ်လုပ်အတွက် မနည်း ရုန်းကန်ကြရတော့ရမြဲသာ ဖြစ်၏။ ကလေးသူငယ်များကို မသေရုံ စားလောက် သည့် လုပ်အားပေးခိုင်းစေ၍ ရသောကြောင့် စက်မှုကုန်ထုတ်ကဏ္ဍ၌ အရွယ်ရောက်ပြီး လုပ်သားတို့ကိုပါ လုပ်အားခ လျှော့ချပစ်လာနေကြသည်။ ပြဿနာများကား အလွန် ကျယ်ပြန့် ရှုပ်ထွေးကုန်တော့သည်။ ကလေးသူငယ်များကို အန္တရာယ်အများဆုံး၊ ကျန်းမာရေးအရ မသင့်တော်ဆုံး အလုပ်နေရာများ၌ ခိုင်းစေသည်။ ဤတွင် ရောဂါပေါင်းစုံ ရရှိကုန်ကြတော့၏။
ကလေးလုပ်သား ဇာစ်မြစ်များ
အလွန် ဆင်းရဲသော အလွှာအောက် လူဦးရေ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းရှိနေသော တိုင်းပြည်များ (ဥပမာ-အိနိ္ဒယ)တွင် ကလေးလုပ်အား ကိစ္စသည် ရှုပ်ထွေးလှသော ပြဿနာကြီး ဖြစ်နေသည်။ ကလေးလုပ်သားဖြစ်စေသော အကြောင်းရင်းထဲမှ ၄ ရပ်ကို ယခုလို တွေ့ရှိဖော်ပြနိုင်၏။
၁။ အလွန်ဆင်းရဲခြင်း (Extreme Poverty) သည် ကလေးလုပ်သား ဇာစ်မြစ်များ၏ ခေါင်ချုပ်ပြဿနာဖြစ်သည်။ ကလေးသူငယ်များသည် မိဘများ အိမ်စရိတ်အတွက် အလုပ်ဝင်လုပ်ရခြင်း၊ မိသားစုအတွက် တစ်ခုတည်းသော ၀င်ငွေဖြစ်နေခြင်းမျိုးတို့ ဖြစ်တတ်ကြ၏။
၂။ ဈေးပေါသော အလုပ်သမားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စားခံရခြင်းဖြင့် ကိုယ်ကျိုးသမားများအတွက် စားပေါက်ဖြစ်လာကြသည်။
၃။ မိဘများ၏ ပညာရေးအသိ နိမ့်ကျမှုကြောင့် ကလေးလုပ်သားကိစ္စ ပေါ်လာ ရခြင်းကလည်း အရေးပါသော အချက်တစ်ချက်ဖြစ်သည်။
၎။ မိဘအများစုသည် ကျောင်းစနေရမည့် အရွယ်ရောက်လာသော ကလေးကို အိမ်စရိတ် အပိုဝင်ငွေအလို့ငှာ ကျောင်းသို့ အပ်နှံခြင်းထက် လုပ်ငန်းခွင် ၀င်ကြစေဖို့သာ ပိုအားသန် စိတ်ကူးတတ်ကြသည်။
ကလေးလုပ်သား လျော့ကျ ပပျောက်ရေးအတွက် တိုင်းတာ တွက်ချက် ဆောင်ရွက် ကြရန်
ကလေးလုပ်သား ပြဿနာသည် ယူနီဗာဆယ်အသွင် ဆောင်လာနေပြီဖြစ်ပြီး အိနိ္ဒယကဲ့သို့ နိုင်ငံများက သာဓက ဆိုးကြီးဖြစ်နေ၏။ တစ်နိုင်ငံချင်းအလိုက်၊ ဒေသချင်း အလိုက်၊ ဂလိုဘယ်အဆင့်အထိ ကလေးလုပ်သား တိုက်ဖျက်ရေး စနစ်တကျ စီမံ ချမှတ် ဆောင်ရွက်မှုများ လုပ်ကိုင်ကြရတော့ပေမည်။
NGO တို့၏ အခန်းကဏ္ဍ
NGO တို့ အနေဖြင့် ကလေးလုပ်သား ပြဿနာ ကြီးထွားလာနေမှုကို အရေးပါသော နေရာမှ ကာကွယ်စောင့်ရှောက် ပေးနိုင်လာကြပြီဖြစ်၏။ အစိုးရဘက်မှ လက်လှမ်းမမီသော အစွန်အဖျား ဒေသများ၌ နေထိုင်ကြရသူ သန်းပေါင်းများစွာက အထူးပြုရမည့်ကိစ္စ ဖြစ်နေပြီး လူ့အဖွဲ့အစည်းရှိ ကဏ္ဍတိုင်းသို့လည်း ပါဝင်နိုင်မည် မဟုတ်။ NGO များက ထိုဒေသများနှင့် အစိုးရအကြား ပေါင်းကူး ဆက်စပ် လှုပ်ရှား ဆောင်ရွက်ပေးနိုင်ပါသည်။
မီဒီယာ၏ အခန်းကဏ္ဍနှင့် အရေးပါမှု
မီဒီယာက ကလေးလုပ်သား ပြဿနာ ထောက်ပြရုံသာမက ၀ိုင်းဝန်းပေးနိုင်ခြင်းသည် လူသားဖွံ့ဖြိုးမှု ဖြစ်စဉ်ကြီး တစ်ရပ်လုံး၏ အရေးအပါဆုံး အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်လာသည်။ မီဒီယာများအနေဖြင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ပြီး ကလေးလုပ်သား ထားရှိ ခိုင်းစေနေသော လုပ်ငန်းများ၊ စီးပွားရေး ကဏ္ဍများကို ဖော်ထုတ် ထောက်ပြ ဝေဖန်နိုင်၏။ အစိုးရဘက်မှလည်း အကာအကွယ် ပေးသော ဥပဒေများဖြင့် မီဒီယာကို စောင့်ရှောက်ပေးရမည် ဖြစ်သည်။ ဆင်းရဲမျဉ်း မှတ်အောက် အလွှာ (BPL-Below Poverty Line) ရောက် မိသားစုများကို ဘဏ္ဍာရေးအရဖြစ်စေ၊ ငွေကြေး မဟုတ်သော အခြား လိုအပ်ချက်များကို ဖြည့်ဆည်း ပေးခြင်းဖြင့် ဖြစ်စေ စီမံကိန်းတစ်ရပ် ပုံစံဖြင့် ထောက်ပံ့ပါက ထိုအလွှာမှ ကလေးငယ်များ ပညာသင်လာနိုင်ကြပါမည်။ မညီမျှခြင်းများကို ၀င်ရောက် ဖြေရှင်း ပေးရာ၌ ထိရောက် အောင်မြင်သော နိုင်ငံတစ်နိုင်ငံအနေဖြင့် ကလေးလုပ်သား ပြဿနာ အဆုံးသတ်သွားစေရန် လုပ်သားရေးရာ ၀န်ထုပ်ဝန်ပိုး လျော့ကျစေမှု၊ အခြား ဆက်စပ် ဆောင်ရွက်မှုများ အပါအ၀င် ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ ကဏ္ဍများတွင် အခြား အခွင့်အလမ်းများ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ကြကြောင်း တွေ့ရှိရသည်။
ကလေးလုပ်သား ပြဿနာသည် နိုင်ငံတကာ နတ်ဆိုးကြီးသဖွယ် ဖြစ်နေပါ၏။ ဖြည်းဖြည်းမှန်မှန် အပြတ်ရှင်း၊ အပြုတ်တိုက်ဖို့လည်း လိုအပ်သည်။ တစ်နပ်စာ ၀မ်းမ၀တ၀ ငွေကြေးအတွက် လုပ်အားကို နာရီပေါင်းများစွာ အရင်းပြု ရောင်းစား နေကြရသော သူများထဲမှ ကလေးသူငယ် အချို့သာ မိသားစုကို ပြန်ထောက်ပံ့နိုင်ကြ ပြန်၏။ အစိုးရအနေဖြင့် ခြေလှမ်း အနည်းငယ်သာ ရွှေ့နိုင်ကြသေးသည်။ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) အနေဖြင့် ၁၉၉၁ ခုနှစ်ကတည်းက ကလေးလုပ်သား ကာကွယ်ပေးရေးနှင့် ပပျောက်ရေး နိုင်ငံတကာ စီမံချက် (IPECL) ကို ချမှတ်ထားခဲ့ပြီး ဖြစ်ပါသည်။ ထိုစီမံချက်ထဲသို့ အစောဆုံး ပူးပေါင်း ၀င်ရောက်ခဲ့သူများအနက် အိနိ္ဒယ ၁၉၉၂ လည်း ပါဝင်၏။ သို့သော်လည်း စီမံချက်နှင့် အသေးစိတ် စီမံကိန်းများအပေါ် တာဝန်ယူ၊ တာဝန်ခံမှု အားနည်းခြင်းများကြောင့် ခေါင်းကိုက်စရာ ပြဿနာကြီးများ ဖြစ်ပေါ်နေရဆဲပင် ဖြစ်သည်။ အဓိက လိုအပ်ချက်များ ကလေးသူငယ်နှင့် ကလေး လုပ်သားဆိုင်ရာ ဥပဒေများကို အားအင်ပြည့် ပြင်ဆင် ပြဋ္ဌာန်း၍ ထိရောက်သော ဆောင်ရွက်မှု ယန္တရား ထပ်မံ တိုးချဲ့ရေးပဲ ဖြစ်သည်၊ ဥပဒေများ ပြဋ္ဌာန်းပြီး တာဝန်ယူ ဆောင်ရွက်မှု မရှိပါကလည်း အလုပ်မဖြစ်။ ကလေးလုပ်သား ပြဿနာဟု တွင်တွင် အော်နေရုံပဲ ဆိုလျှင်လည်း မဖြေရှင်းနိုင်။ ကလေးနှင့် မိဘများကြားမှ သဘောဆန္ဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်တို့ကို မမြှင့်တင် မပြုပြင်ပေးနိုင်သရွေ့ ဤခရီးဝေးဦးမည် သာ။ သန်းပေါင်းများစွာသော ကလေးလုပ်သားတို့ ထပ်တိုးပွားလာပေဦးမည်။ တကယ် ပြန်ကြည့်ကြမည်ဆိုပါက “ထောက်ပံ့ ဖြည့်ဆည်းရေး” တစ်ဖက်တည်း လုပ်ပြနေရုံနှင့် လည်း မတွင်ကျယ်နိုင်ပါ။ “လိုအပ်ချက်” ဘာလဲ၊ တကယ်လိုနေတာ ဘာလဲ ဆိုသည်ကိုလည်း ပေါ်လွင် ထင်ရှားအောင် ဆွဲထုတ်နိုင်ရေး ဆက်လုပ်ကြရဦးမည် ဖြစ်သည်။ ဒီကိစ္စ အိနိ္ဒယ တစ်နိုင်ငံတည်း မဟုတ်၊ နိုင်ငံများစွာ၏ အရေးကိစ္စလည်း ဖြစ်နေပါပြီ။
Ref:Child Labour in India.(IHRB)
တင်စိုးမင်း
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၃၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၁၉)
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment