လူဗိုလ်ဟူသည်
“တာမွေဗလီ ပါလား …တာမွေဗလီ ဆင်းမယ့် အကိုအမများ တိုးထားပေးကြပါ”
ကားစပါယ်ယာ၏ အော်သံကြောင့်လန့်နိုးသွားရပါတယ်။ အာရုံကိုမနည်းစုစည်းပြီး ဆင်းရမယ့် မှတ်တိုင်ကို စဉ်းစားလိုက်သည်။ သီတာမှတ်တိုင် ဆိုတော့ နှစ်မှတ်တိုင်လိုပါသေးလား။ လှိုင်သာယာမှာ အလုပ်ဆင်းပြီး အဝေးသင်ဖြေဆိုရန်ကျူရှင်ကိုတော့ သီတာလမ်းက ဆရာမတစ်ယောက်ဆီမှာ တက်နေတဲ့ ကျွန်မ အတွက် ရွှေဧည့်သည် ကားပေါ်မှ အချိန်များဟာ များသောအားဖြင့် အိပ်စက်အနား ယူချိန်များသာ ဖြစ်တတ် ပါသည်။
“သားတို့ တစ်နေကုန်ထမင်းမစားရသေးလို့……………………………………………….”
နားထဲကို မ၀ံ့မရဲလေးတိုးဝင်လာသော အသံနှစ်ခုရှိရာ စောင်းငဲ့ကြည့်မိတော့ ၇-၈ နှစ် နှင့် ၃ နှစ် အရွယ်ခန့် ကလေး နှစ်ဦး။ ညစ်ပတ်ပေရေနေသော အ၀တ်အစား၊ ပိန်လှီခြောက်ကပ်လှသော ခန္ဓာကိုယ်များ၊ မွတ်သိပ်တောင့်တစွာ သို့သော် မမျှော်လင့်ရဲသော မျက်ဝန်းမှိန်မှိန်လေးများ။ ကျွန်မ လက်ထဲမှ ကော်ဖီကို ဆက်မဖျော်မိဘဲ စူးစမ်းစွာလိုက်ကြည့်နေမိသည်။ ဆိုင်ရှင်က ဘာမှမပြောသလို စားပွဲထိုးလေးများကလည်း လျစ်လျူရှုထားသဖြင့် ကလေးနှစ်ယောက် စားပွဲဝိုင်းစေ့ လျှောက်ရပ်နေကြ သည်။ တချို့ဝိုင်းကတော့ခေါင်းခါပြ သည်။ တချို့ဝိုင်းကလက်ခါပြသည်။ တချို့ကငွေအကြွေအချို့ ထုတ်ပေး ကြသည်။
ကျွန်မထိုင်နေသောစားပွဲသို့ရောက်လာပါပြီ။ ခုနက ငေးကြည့်နေမိသော ကိုယ့်ကိုယ်ကိုယ် အသံတိတ် အပြစ်တင်လိုက်ပြီး ငါဘာလုပ်ရမလဲ မေးခွန်းကို ရင်ထဲမှာ ကျယ်ကျယ်လောင်လောင်မေးရင်း ကြောင်ကြည့်နေ မိပါသည်။ အိတ်ထဲမှ ပိုက်ဆံကို အပြေးအလွှား တွက်ချက်ကြည့်တော့ စားပွဲပေါ်မှ ကော်ဖီမစ်ဖိုး ရှင်းပြီးလျှင် အိမ်ပြန်ဖို့ ဘတ်စ်ကားခနှင့် ပိုငွေအနည်းငယ်သာ ရှိတော့မည် ဖြစ်သည်။ သို့သော်
“သားတို့ဗိုက်ဆာလို့လား…”
ခေါင်းလေးတွေ ပြိုင်တူငြိမ့်လာကြတော့ ကျွန်မဘာမှမစဉ်းစားတော့ပါ။
“သားတို့ထိုင်..မုန့်စားမလား ပေါင်မုန့်တစ်ထုပ်စီစားလို့ရတယ် .. မ၀သေးရင်တော့ ဒီကော်ဖီကို နှစ်ယောက်သောက်”
ကျွန်မမှာ အကျင့်တစ်ခုရှိသည် ကလေးများတောင်းစားနေလျှင် ဘယ်သောအခါမှ ငွေကြေး ပေးကမ်းလေ့ မရှိပါ။ မုန့်တခုခုသာ ပေးလေ့ရှိပြီး (အချိန်ရလျှင်) သူတို့နှင့် စကားပြောလေ့ ရှိပါသည်။
ကလေးများအားပေါင်မုန့်တစ်ထုပ်စီ ဖောက်ပေးလိုက်ပြီး ဂရုဏာသက်စွာ ကြည့်နေမိသည်။
“သြော်…တကယ်ဆာနေကြရှာတာကိုး” …သူတို့အားပါးတရစားနေကြပြီ။
ရေနွေးခွက် ၃ ခွက်ကို ဖြည့်ရင်း ကိုယ့်အစာအိမ် ကိုယ်မေ့သွားတော့သည်။ သူတို့လေးတွေ ပေါင်မုန့်ကုန်တော့ ရေနွေးခွက်က လက်လှမ်းကြတာမို့ ကော်ဖီသောက်လေဟုသာ တိုးတိုး ညင်သာပြောမိလိုက်သည်။
“သားနာမည်ဘယ်လိုခေါ်လဲ”
“အောင်အောင်” တုံးတိတိဖြေသည်။
“ညီလေးနာမည်ရော”
“ညီမလေးပါ…. စုစု လို့်ခေါ်တယ်”
ညီမလေးဆိုတော့ ရင်ထဲမှာ ထိတ်ကနဲဖြစ်သွားရသည်။
ဒီအရွယ်ကတည်းက တောင်းစားနေရ သောမောင်နှမလေးနှစ်ယောက်ကို ကရုဏာသက်မိသလို မိန်းကလေးဖြစ်သူ အငယ်လေးအတွက် ရင်လေး သွားရပြန်သည်။ ကျွန်မမှာလဲ ညီမလေးတွေ တူမလေးတွေ ရှိနေ သည်လေ။
“သားတို့ဘယ်မှာနေကြသလဲ”
“နတ်ချောင်းထဲမှာ” ပြတ်တောင်းတောင်းဖြေပြန်သည်။
“မေမေတို့ဖေဖေတို့ရော” မေးလိုက်တော့ ကလေးမျက်နှာပျက်တာတစ်ချက် မြင်လိုက်ရသည်။ ဘာလို့များပါလိမ့်????
“အဖေက အရင်ကရထားပေါ်မှာ မုန့်ရောင်းတယ် ..ခုတော့သေပြီ…… အမေက အ၀တ်လိုက် လျှော်တယ်”
ဆက်မမေးရဲတော့ပါ။ သူတို့လေး၏နှလုံးသားနုနုလေးတွေထဲ နာကျင်မှုတွေတိုးပွါးလာမှာ လုံးဝမှ မလိုလားပါ။ မေးချင်နေတာတွေက အများကြီးပါ။ ကလေးတွေလဲ ထသွားချင်နေပုံပေါက်နေပြီ။ သူတို့လဲ စိတ်ရှုပ်ရှာမည်ပေါ့။ မုန့်လေးတစ်ခုကျွေးပြီး မေးခွန်းတွေအများကြီးနဲ့ နှိပ်စက်သလိုဖြစ်မှာ စိုးရိမ်မိပါသည်။
“ပြန်တော့မလားကလေး” ဟုမေးတော့ ခေါင်းသာငြိမ့်ပြသည်။
ကျွန်မလဲ သွားရပါတော့မည်။ ပေါင်မုန့်နှစ်ခုနှင့် ကော်ဖီတခွက်ကျသင့်ငွေသည် ကျွန်မ ည၉နာရီ မှ ကြားကားစီးပြီးပြန်ရန် မလုံလောက်တော့ပြီဖြစ်သဖြင့် ဆရာမကို ဖုန်းဆက်ကာခွင့်တိုင်ပြီး သာမန်လိုင်းကားတွေ ရှိချိန်မှာသာ စောစောပြန်ဖို့စဉ်းစားမိလိုက်သည်။ ဆရာမအိမ်ထိရောက်သွားပြီး ဒီနေ့မသင်တော့ဘူး ပြောလို့မှ မဖြစ်လေပဲ။ ရုံးမှပြန်မလာရသေးကြောင်း မုသာတစ်ခုတော့ကျူးလွန် ရပါတော့မည်။ ကိစ္စမရှိပါ။ ကျွန်မလုပ်ခဲ့သောလုပ်ရပ် မှားသည်ဟု ကျွန်မ မသတ်မှတ်ပါ။
“ရှင်းမယ် မောင်လေး”
“ရှင်းပြီးသွားပြီ အစ်မ”
ကျွန်မခဏလေး ကြောင်သွားသည်။ ခုမှရှင်းမှာလေ ၀ိုင်းမှားတာလားဟု ထပ်ပြောတော့ ရှင်းပြီး သွားပြီအစ်မ လို့သာ ပြန်ပြောပြန်သည်။ တစ်ခုခုတော့ထူးခြားနေပါပြီ။ ကျွန်မ ကောင်တာဆီလျှောက် သွားပြီး ဆိုင်ရှင်ကို တစုံတခုမေးမည်ပြင်တော့ ဆိုင်ရှင် ကပင် ကြိုတင်၍ “ရှင်းပြီးပြီညီမ” ဟုထပ်ပြောပြန် သည်။
“ဟုတ်ကဲ့ ဘယ်သူရှင်းသွားလဲ သိချင်လို့ပါ ကျွန်မ ကျေးဇူးတင်ချင်လို့ပါရှင်.. ပြီးတော့ ကလေး တွေလဲ ခုမှစားပြီးတာဆိုတော့ ပိုက်ဆံဘယ်လိုတွက်ပေးလိုက်လဲလို့ပါ.. လိုရင်ကျွန်မထပ်ပေးပါ့မယ်”
“ရတယ်ညီမ… နောက်မှလိုတာပိုတာရှင်းမယ်လို့ ပြောထားတယ်..ရတယ် စိတ်မပူနဲ့.. သူတော့ပြန်သွားပြီ”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်မ.. ငွေရှင်းသွားတဲ့သူကိုလည်း ကျေးဇူးတင်ကြောင်းပြောပေး ပါနော်”
ဒါဖြင့် ကျွန်မကျူရှင်အေးဆေးတက်လို့ရပြီပေါ့။ ဆရာမအိမ်ဘက်လျှောက်ထွက်လာရင်း ခေါင်းထဲမှာ မတင်မကျကျန်ရစ်နေသည်။ အဲဒီညနေက ဆရာမသင်သမျှစာ ကျွန်မခေါင်းထဲ မ၀င်တော့ပါ။ “ပြန်သွားပြီ” တိုးတိုးလေးရေရွတ်ရင်း တခုခုသတိရလိုက်ပါသည်။ ဒါဆိုသူ ခုနကတည်းကရှိနေခဲ့တယ်ပေါ့။ ဘာကြောင့်ရှင်း သွားရတာလဲ? နောက်မှလိုတာပိုတာ ရှင်းမယ်ဆိုတော့ ပိုင်ရှင်နှင့် ရင်းနှီးသူသာဖြစ်ရမည်။ ဒီလက်ဘက် ရည်ဆိုင်မှာ အမြဲထိုင်လေ့ ရှိသူဟု ပြောရင်ရကောင်းပါရဲ့။ ဒီလူမှာ ကလေးတွေကို ကျွေးမွေးချင်တဲ့ စိတ်စေတနာ ရှိတာအမှန် ပင်ဖြစ်သည်။ သူကိုယ်တိုင်ဆိုင်ထဲမှာ ရှိနေရက်နဲ့ ကလေးတွေ ကိုဘာလို့ ကိုယ်တိုင်ခေါ်မကျွေးလိုက်တာလဲ?? သူက ခေါင်းခါပြသော ၀ိုင်းကလား?? လက်ခါပြသော ၀ိုင်းကလား?? ငွေအကြွေအချို့ထုတ်ပေးသူ တစ်ယောက်လား?? ဆိုင်ရှင်ကိုအားနာလို့လား?? ဒါမှမဟုတ် တူတူထိုင်ရမှာ ရှက်လို့လား?? ဒါမှမဟုတ် အဲလိုကျွေးလိုက်ဖို့ စိတ်မကူးမိလို့များလား??? ကျေးဇူးတင် စရာကောင်းပါသည်။ အိမ်ပြန်လမ်းကြားကားပေါ်မှာ အဲဒီမေးခွန်းတွေကို ကျွန်မလွှင့်ပစ်လိုက်ပါတော့သည်။
ရင်ထဲမှာတော့ ဆုတောင်းတစ်ခုသာပါ……….
“မြင်နိုင်ကြပါစေ မြင်ရဲကြပါစေ မြင်တတ်ကြပါစေ” လို့…………………………………..
ချစ်ခြင်းများစွာဖြင့်
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment