ဘဝမှာ ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်ခဲ့ရတဲ့ ကာလတွေကို တသက်တာမေ့ပျောက်မရနိုင်ပဲ အမှတ်တရ ဖြစ်နေတတ်တာ လူ့သဘာဝပဲ ဖြစ်ပါလိမ့်မယ်။
၁၉၉၈ မှာ ကျနော်နဲ့ဘဝတူ သူငယ်ချင်းတို့ နယ်တပ်ကနေ ရန်ကုန်မြို့ ဗိုလ်တထောင် လင်းစဒေါင်းလမ်းဆုံ အနီးမှာရှိတဲ့ စစ်မင်းသားတပ်ကို အပြောင်းအရွှေ့ပါလာ ခဲ့တယ်။
စစ်မင်းသားလို့ တင်စားလိုက်ရတာက ဝတ်ဆင်ရတဲ့ ယူနီဖောင်းကို အားနာမိလို့ပါ။ စစ်ရုံးမှာ တာဝန်ထမ်းဆောင်ရသူတောင် အဲဒီတပ်က စစ်သည် လောက် ယူနီဖောင်း တောက်ပြောင်မှု မရှိနိုင်ပါဘူး။ နှစ်စဉ် စစ်သည်တဦးကို ယူနီဖောင်းတစုံကျချုပ်ပေးထားတော့ ဘောင်းဘီဖင်ပြဲ အရောင်မွဲအင်္ကျီ ဘယ်သူမှ မဝတ်ကြပါ။ သွားရောက်တာဝန်ထမ်းဆောင်ရတဲ့ နေရာတွေက ဒိတ်ဒိတ်ကြဲ လူပုဂ္ဂိုလ်တွေ တက်ရောက်တဲ့ ထိပ်သီးအခမ်းအနားတွေ၊ ဗီအိုင်ပီလမ်းကြောင်း ရှင်းလင်းရေး တာဝန်တွေ ဆိုတော့ ဝတ်စားဆင်ယင်မှုမှာ အပြစ်ဆိုစရာမရှိအောင် ဂရုစိုက်ကြရတာ။ ကွန်ဘက်ဖိနပ်ကအစ ဦးထုပ်တံဆိပ်အဆုံး ထိရက်ကိုင်ရက်စရာမရှိ တိုက်ချွတ်သန့်စင်ထားရတာ။ ကျနော်တို့လို ရုံးမှာနေရသူတွေတောင် သူများထက်ပိုပြီး ပြောင်ပြောင် ရောင်ရောင် ဝတ်ဆင်ထားရတယ်။
ဒါပေမဲ့ မိသားစုသက်သာချောင်ချိရေး ဆောင်ရွက်ပေးမှုအပိုင်းမှာတော့ အတော်ကြီးကို ချာတယ်ပြောရမှာပါ။ တနှစ်ပတ်လည်လို့မှ အပိုငွေ တထောင်ပြည့်အောင် မပေးနိုင်တဲ့ တပ်။ စစ်သည်တွေဟာ မိသားစုဝမ်းရေး အတွက် ဖြစ်သလိုရတဲ့နည်းနဲ့ ကျင်လည်ကြရတာ။ သို့ပေမဲ့လည်း အကန့်အသတ်လေး တွေနဲ့။ ရဲဘော် တယောက် ဆိုက္ကားနင်းတာတွေ့ရင် အဆူခံရတယ်ဗျ။ တပ်ဂုဏ်သိက္ခာကျ တယ်တဲ့။
ဒီတော့ လူသူသိပ်မမြင်တဲ့ လုပ်ကွက်လေးတွေ ရှာလုပ်ကြရတယ်။ တချို့က ဓနိတောရုံးနဲ့ ကညနရုံးမှာ ဝန်ဆောင်မှုလုပ်ငန်းလေးတွေ ကိုယ်စားလှယ်လုပ်ကြ။ ကျန်တချို့လည်း အချိန်ပိုင်းအလုပ်တွေနဲ့ ဝမ်းတူးသရီး စတိုးဆိုင် အရောင်းမြှင့်တင်ရေး ကိုယ်စားလှယ်တွေဖြစ်။ ရသမျှအချိန်ပိုလေးတွေကို တန်ဖိုးရှိရှိအသုံးချရင်း လက်ငင်းငွေရစနစ်လေးတွေ ဖန်တီးထားကြရတယ်။
ရန်ကုန်မှာက စားစရိတ်ထက် သွားစရိတ်က ပိုထောင်းတယ်လေ။ တနေ့တနေ့ အသွားအပြန် လမ်းစရိတ် သက်သက်ကိုပဲ ကျပ်ငါးဆယ် ကုန်တာ။ ကိုယ်ရတဲ့လခ ခရီးစရိတ်သာသာဆိုတော့ စားစရိတ်အတွက် တပ်က ပေးတဲ့ ရိက္ခာကွက်တိကွတ်ကြားနဲ့ ဝန်ထမ်းဆန်လေးပဲ အိမ်ပြန်ပေးနိုင်တယ်။ ဟင်းလျာအတွက် အိမ်က မိန်းမ စက်ချုပ်၊ ဈေးရောင်း။
နယ်မှာတုန်းက ခရီးစရိတ်၊ အိမ်ငှားစရိတ်မရှိ။ စားဖို့အတွက်လည်း ဟောင်ကောင်မှာ ပင်လယ်စာပေါတယ်။ ပြီးတော့ အိမ်နောက်ဖေး ဈေးဆိုင်တည် (မတည်ချင်လည်းတည်) ၁၀ မျိုး ၁၀ ဘောင်စိုက်ခင်းလေးတွေနဲ့ ဆိုတော့ တလ တလ အပိုငွေမရှိလှပေမယ့်။ ပူပူပင်ပင် မနေရ။
ဒါပေမဲ့ အနေကြာတော့ ပင်လယ်အော်သံကို နားခါးလာတယ်။ ခြေကျင်တလှည့် ကုန်းကြောင်းတလှည့် ရွေ့နေရတာကို ငြီးငွေ့လာတယ်။ မြို့မှာဆို အပို အလုပ်တခု လုပ်ရင်အဆင်ပြေနိုင်ပါတယ် ဆိုတဲ့အတွေးနဲ့ ၄ နှစ်အကြာမှာ ပြောင်းရွှေ့ခွင့်တင်လိုက်တာ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရင်း နှဲခွက်ကြီးတက်နင်းမိတဲ့ ကိန်းဆိုက်ပါ လေရောပဲ။
ရန်ကုန်ရောက်ခါစမှာ အတော့်ကို ဒုက္ခရောက်တာဗျ။ တခါတလေ သူငယ်ချင်း နှစ်ယောက်သား ငွေငါးဆယ်ကျပ်တန် တရွက်ကို တဝက်စီခွဲပြီး အိမ်ပြန်လမ်းစရိတ်လုပ်ကြရတာ။ လင်းစဒေါင်းကနေ မြို့ထဲကို ကားခငါးကျပ်၊ မြို့ထဲကနေ ကိုယ်နေတဲ့ ရပ်ကွက်အထိ နှစ်ဆယ်ကျပ် ကွက်တိပဲ။ ကိုယ်စီးတဲ့ကား လမ်းမှာ တစုံတရာဖြစ်ပြီဆိုလို့ကတော့ လမ်းလျှောက် ပြန်ရပြီသာမှတ်။
ကျနော်တို့နှစ်ယောက် ဟိုနေရာရောက် ဒီနေရာရောက် ချောင်းပေါက်အောင် အလုပ်လိုက်ရှာ ပေမဲ့လည်း လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် အဖြစ်နဲ့သာ အချိန်ကုန်လူပမ်း ဖြစ်ခဲ့ရတယ်။ နောက်ဆုံး ကံကောင်း ထောက်မစွာ ဝမ်းတူးသရီး လက်ခွဲဆိုင်လေးရဲ့ အရောင်းမြှင့်တင်ရေးဝန်ထမ်း အလုပ်လေးရခဲ့တယ်။ ကျနော်က ဆိုင်အတွက် လိုအပ်တဲ့ ပရိုမိုးရှင်းပြည့်မီအောင်လုပ်မပေးနိုင်လို့ စောစောစီးစီး အလုပ်အနားပေးခံလိုက်ရပြီး သူငယ်ချင်း ဖြစ်သူကတော့ ဆက်အဆင်ပြေနေလေရဲ့။
ဒါနဲ့ပဲ ရုံးမှာ သူလုပ်ရမယ့်အလုပ်တွေ ကျနော်သိမ်းကြုံးကူလုပ်ပေးရင်း သူကလည်း ကျနော့်ကို တတ်နိုင်သမျှ မုန့်ဖိုးငွေစလေး အနည်းငယ်ခွဲပေးရှာတယ်။ သူပေးတဲ့ငွေကို ကျနော်ယူဖို့ လက်တွန့်နေချိန်မှာ သူက အားပေး စကားတခွန်း ဆိုပြန်သေးတယ်။ “ယူသာယူပါ အကိုရာ... ကျနော်တို့ချင်းက ဘဝတူတွေ.. အေးအတူ ပူထွက်ပြေး ပေါ့ဗျာ... တဲ့။ ညီအကိုသဖွယ် သူငယ်ချင်းကောင်း ပီသပါပေတယ်။
စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်တခုမှာ ကျနော့်သူငယ်ချင်းအိမ်ကို အလည်လိုက်သွားမိတယ်။ သူတို့မြို့က ရန်ကုန် တဘက်ကမ်း ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာ ချစ်ကြိုးသွယ်တဲ့မြို့။ ရုံးပိတ်ရက်ဆိုပေမဲ့ သူကတော့ အလုပ်မအားဘူး ခင်ဗျ။ သူ့ဖောက်သည် ဝယ်ယူအားပေးသူ ကပ်စတန်မာတွေနဲ့ အလုပ်တွေရှုပ်လို့။
ဝယ်သူအလာကျဲသွားလို့ နားချိန်နည်းနည်းရတဲ့အခါ ကျနော်တို့နှစ်ယောက် နီးစပ်ရာ လက်ဘက်ရည်ဆိုင်ကို ချီတက် ကြတယ်။ ဒီတော့မှ လက်ဘက်ရည် ပေါ့ဆိမ့်တခွက်နဲ့ စကားဝိုင်းလေးဖွဲ့နိုင်တာ။
“အကို... ခုန ကျနော့်ဆီမှာလာအားပေးတဲ့ ဘွားတော်ကြီးကို မှတ်မိလား”
“လူတွေက အများကြီး ဘယ်သူ့ကိုပြောတာလဲ ဟ..”
“ဟိုလေ မျက်မှန်ကြီးနဲ့ စီးကရက်သောက်တယ်.. လုံးကြီးပေါက်လှ ဘွားတော်ကြီးလေဗျာ”
“သြော်...အင်း မှတ်မိပြီ”
“အဲဒါ ကျနော်တို့ နံပတ်ဝမ်းကြီးရဲ့ အစ်မတဲ့ ဗျ”
“ဟာ ဟုတ်ပါ့မလားဟ သူတို့အဆင့်နဲ့ ဒီနေရာမှာ ဒီလိုနေပါ့မလား”
“ဟုတ်တယ်အကိုရ သူတို့အဖေက မိန်းမတွေအများကြီးတဲ့... သူတို့နှစ်ဦးက အဖေတူ အမေကွဲမောင်နှမတွေ”
“သြော်... အေး.. ဟုတ်ရင်လည်း ဟုတ်မှာ”
ကျနော့် အတွေးထဲမှာ တခါတုန်းက ကြားဖူးတာလေးနဲ့ တိုက်ဆိုင်ကြည့်မိတယ်။ ကပစ မှာလည်း နံပတ်ဝမ်းကြီး ရဲ့ နှမတဦး ရှိတယ်လို့ ကျနော်ကြားဖူးထားတာ.. သူ့ယောက်ဖ အရာခံဗိုလ် ဆုံးပါးချိန် နံပတ်ဝမ်းကြီး ကိုယ်တိုင် သူ့နှမအိမ်ကို ရောက်လာခဲ့ဖူးတယ် ဆိုပဲ။
ကျနော်ပြောတဲ့ နံပတ်ဝမ်းဆိုတဲ့သူကိုတော့ အားလုံးသိကြမှာပါ။ သူကြီးပြင်းလူလားမြောက်ခဲ့တဲ့ မြို့က “ထီးရိပ်လည်းမခို ထီးရိုးနဲ့လည်းမဝေး” ဆိုတဲ့စကားအတိုင်း အမရပူရ မန္တလေးနေပြည်တော်နဲ့ သိပ်ပြီးအလှမ်း မဝေးလွန်းတဲ့ မြို့အမည်မှာ“ဆည်”ပါတဲ့ မြို့လေးပေါ့။ ဒါကြောင့်လည်း သူ့မိသားစုဟာ နန်းဟန်နန်းသွေး နန်းဓလေ့ကို ထုံမွှမ်းနှစ်သက်လွန်းပြီး ယနေ့တိုင် ကျင့်သုံးနေဆဲလို့ သိရပါတယ်။
ခုနပြောတဲ့ ဘွားတော်ကြီး (သူတို့ရွာကလူတွေအခေါ် မာမီကြီး) ဟာ အနေအထိုင် ဘိုဆန်ပြီး အီးလည်းကောင်း တယ်လို့ လူတွေပြောကြတယ်။ သူက ကိုလိုနီခေတ်နှောင်းပညာရေးမှာ ၁၀ တန်းထိပညာသင်ခဲ့ရတယ်တဲ့။ သူ့ယောက်ျားက ဂျပန်ခေတ်မှာ ဂျပန်စကားပြန်တဦး လို့ဆိုကြတယ်။ အဘွားကြီးက သူနဲ့နံပတ်ဝမ်းကြီး မောင်နှမတော်စပ်တာကို ဘယ်သူ့ကိုမှ စပ်စပ်စုစုပြောမပြဘဲ ခပ်ကင်းကင်းပဲ နေတယ်။
ဒါပေမဲ့ ဘွားတော်ရဲ့သားတယောက်က နည်းနည်းလူရည်လည် လူဝင်ဆံ့တယ်။ နံပတ်ဝမ်းကြီးနဲ့ အချိတ်အဆက်ရဖို့ သူလက်လှမ်းမီသမျှ အဆက်သွယ်တွေကတဆင့် အမေဖြစ်သူမသိအောင် ကျိတ်ကြိုးစား ခဲ့တယ်။ လမ်းကြောင်း နည်းနည်း ချိတ်မိလာတဲ့အခါ သူ့အမေမိသားစု ငယ်ငယ်ကရိုက်ထားတဲ့ဓာတ်ပုံကို နံပတ်ဝမ်းကြီးဆီ အရောက် ပို့လိုက်ပြီး တွေ့ခွင့်တောင်းတဲ့အခါ လူကိုယ်တိုင်တွေ့ခွင့်မရပေမဲ့ ဆွေမျိုးဆက် စာရင်းမှန်ကြောင်း အသိအမှတ် ပြုခြင်း ခံရသတဲ့။
အဲဒီအထောက်အထားရပြီး မကြာမီရက်ပိုင်းအတွင်းမှာဘဲ ဒီပုဂ္ဂိုလ် ကလင်ကလင် ဝန်ကြီးရုံးကို တန်းပြေးတော့ တာပဲ။ ဝန်ကြီးကို စာရွက်လေးထုတ်ပြရုံနဲ့ အမွှေးဆပ်ပြာတုံးလောက်ရှိတဲ့ ဖုန်းနံပတ်တခု သူ့လက်ထဲ ဖတ်ခနဲ ပြုတ်ကျ လာတယ်။ ဒီအချိန်တုန်းက တပ်မတော်ထဲမှာ ဗိုလ်မှူးအဆင့်ရှိသူတွေသာ လျှောက်လွှာတင်နိုင်တဲ့ အခွင့်အရေး တခုပါ။ လူကြီး ပီအက်စ်အိုလုပ်ရတဲ့ ဗိုလ်ကြီးတချို့တော့ ခြွင်းချက်အနေနဲ့ လျှောက်ခွင့်ရှိတယ် ပေါ့ဗျာ။
လက်ကိုင်ဖုန်းရပြီး တလလောက်အထိ ဒီလူ့ခါးကြားမှာ လယ်သာအိတ်လေးနဲ့ ချိတ်ထားတာ တွေ့တွေ့နေကြရ တယ်တဲ့။ နောက်ပိုင်းတော့ ငွေလိုတယ်ဆိုပြီး ထုတ်ရောင်းလိုက်တယ် ဆိုပြန်ရော။ မကြာပါဘူး နောက်တလုံး ထပ်ရပြန် တယ်။ ရှင်ဘုရင်အမျိုးဆိုတော့လည်း တနေ့တမျိုး မရိုးနိုင်တဲ့ အခွင့်အရေးတွေနဲ့ပေါ့ နော။
သူများကောင်းစားတာ မနာလိုလို့ မဟုတ်ရပါဘူးဗျာ။ ကိုယ်တွေမှာ အလုပ်ရှိပါလျက် မလောက်မငဖြစ်နေလို့ မိသားစုတဝမ်းတခါးအတွက် ထောင်နှုတ်ခမ်းနင်းပြီး ကျင်လည်နေရချိန်မှာ ငွေရင်းမပါ ပါးစပ်လေး စိုက်လိုက်ရုံနဲ့ သိန်းဆယ်ဂဏန်းချီတဲ့ ငွေပမာဏကို အလွယ်တကူ ရယူနိုင်တဲ့ ဆွေကြီးမျိုးကြီး မိသားစုအကြောင်း တွေ့မြင် ကြားသိခဲ့ရတာလေး ရင်ဖွင့်ချင်တာ သက်သက်ပါ။
သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေ....
ကျနော်...
နေမင်းသူ
၁-၇-၂၀၁၀
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment