သတင်းတစ်ပုဒ်အတွက် အခြေခံအကျဆုံးက သတင်းရင်းမြစ်ပါပဲ။ သတင်းရင်းမြစ်တွေဘက်က အမှန်အတိုင်းပြောမယ်လို့ မျှော်လင့်ထားနိုင်ပေမဲ့ တစ်ခါတစ်ရံမှာ သတင်းရင်းမြစ်က လှည့်ဖြားမယ်၊ အရေးကြီး တဲ့ အချက်ကို ဖုံးကွယ်ထားမယ်၊ ရှုပ်ထွေးအောင်ပြောမယ်၊ စိတ်ထဲရှိတာ ကို ဖုံးကွယ်ထားမယ်ဆိုတဲ့ အခြေအနေမျိုးနဲ့ ကြုံရနိုင်သလို အမှန်တကယ် ရှင်းရှင်းလင်းလင်း မပြောတတ်တာမျိုးနဲ့လည်း ကြုံရနိုင်ပါတယ်။ တစ်ဖက်မှာလည်း သတင်းထောက် ကိုယ်တိုင်ရဲ့ဘက်လိုက်မှု၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ပြုမူဆက်ဆံပုံ၊ အသက်အရွယ်နဲ့ လူမျိုးအသွေးအရောင်ကြောင့်လည်း တစ်ဖက်ရဲ့တုံ့ပြန်မှုက ပုံမှန် မဟုတ်တာမျိုး ရှိနေနိုင်ပါတယ်။ ဂျာနယ်လစ်ဟာ ဒီပြဿနာတွေကို သတိပြုရပါမယ်။ တစ်ဦးတည်းရ သတင်းထူး (exclusive News) ဖြစ်လိုဇောနဲ့ ကိုယ့်သတင်းကို သိပ်ထင်ရှားလိုတဲ့စိတ်ကလည်း ဂျာနယ်လစ် ကိုယ်တိုင် သတင်းရင်းမြစ်မပြောဘဲ နဲ့ ပြောသယောင် လုပ်ကြံဖန်တီးပြီး ကျင့်ဝတ်ဖောက်ဖျက် မိတာမျိုးတွေ လည်း ရှိသွားနိုင်ပါတယ်။
မှတ်တမ်းတင်ခွင့်၊ မတင်ခွင့်
ပုံမှန်အားဖြင့် ဂျာနယ်လစ်တစ်ယောက်၊ သတင်းထောက် တစ်ယောက်ရဲ့ အင်တာဗျူးဟာ ပုံစံသုံးမျိုးရှိပါတယ်။ မှတ်တမ်းတင်ခွင့်ရှိသော ပြောစကား (on-the-record) ၊မှတ်တမ်းတင်ခွင့် မရှိသော ပြောစကား (off-the-record) နဲ့ အမည်နာမ မတတ်လိုသော နောက်ကွယ်မှသာ ထုတ်ဖော်သော ပြောစကား (unattributed/background comments) ဆိုပြီးတော့ပါ။ စာဖတ်ပရိသတ်က ဒီလိုကွဲပြားမှုမျိုးကို ခွဲသိချင်မှသိမှာ ဖြစ်ပေမဲ့ ဂျာနယ်လစ်တွေဘက်က သတင်းရင်းမြစ်ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း ဖော်ပြဖို့လိုပါတယ်။
On-the-record မှာတော့ ရှင်းပါတယ်။ သတင်းရင်းမြစ်က ဂျာနယ်လစ်ကိုလည်း ယုံသလို သူလည်း ပြောရဲတယ်၊ ပြောပိုင်ခွင့်ရှိတယ်ဆိုတော့ သတင်းထောက်က အဆင်ပြေသလို တိုက်ရိုက်ကိုးကား၊ စာစကားနဲ့ တစ်ဆင့်ကိုးကားပြီး ဖော်ပြနိုင်ပါတယ်။
Off -the-record မှာတော့ လုံးဝခြားနားသွားပါပြီ။ သတင်းအချက်အလက်တော့ ပေးတယ်၊ ဒါပေမဲ့ ထိ လွယ်ရှလွယ်မို့ မဖော်ပြစေချင်ဘူး။ ဒါကို သတင်းထောက်က ချိုးဖောက်ရင် ယုံကြည်မှုဆိုတာ ပျက်သုဉ်းသွားပါပြီ။ ဒါကို မချိုးဖောက်သင့်ပါဘူး။ ဒါပေမဲ့ သတင်းရင်းမြစ်က ပုံမှန် on-the-record အင်တာဗျူးမလုပ်ခင်၊ ဒါမှမဟုတ် လုပ်ပြီးမှ off-the-record ပြောချင်တာကို ပြောသင့်ပါတယ်။ on-the-record အင်တာဗျူးတစ်ခု မှာ၊ အများရှေ့မှာ၊ သတင်းစာ ရှင်းလင်းပွဲလိုဟာမျိုးမှာ ပြောလိုက်တာ ကိုတော့ ဘွာတေးလုပ်လို့ မရပါဘူး။ အခု မှ off-the-record လုပ်မရတော့ဘူး။ ထည့်တော့မှာပဲဆိုတာ သတင်းထောက်ဘက် သတင်းရင်းမြစ်ကို အခွင့်သာရင်ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားသင့်ပါတယ်။
off-the-record ပဲရတဲ့ သတင်းအချက်အလက်တွေက ဂျာနယ်လစ်အတွက် ဖြစ်စဉ်နောက်ခံကို နားလည်ဖို့အတွက် အထူးအရေးပါပါတယ်။ နောက်ထပ် သတင်းရင်းမြစ်တစ်ခုဆီက လှည့်ပြီး ဒီအကြောင်းအရာကို ဖော်ထုတ်ဖို့၊ မရေးပါနဲ့၊ မဖော်ပြပါနဲ့လို့ပြောတဲ့ သတင်းရင်းမြစ်ကိုပဲ ဘယ်လိုလေးရေးလိုက်ရင် မထိခိုက်နိုင်ပါဘူးဆိုပြီး ရှဥ့်လည်းလျှောက် သာ၊ ပျားလည်းစွဲသာ ဖော်ပြနိုင်တဲ့ အခြေအနေကို နားလည်အောင်ပြန်ဆွယ်ဖို့ အတွက်လည်း အသုံးကျပါတယ်။
off-the-record interview တွေက နှစ်ဖက်လုံးအတွက် အကျိုးရှိပါတယ်။ သတင်းရင်းမြစ်ကလည်း ပြောတော့ပြောချင်ရှာတယ်၊ သူ့ဆီက ထွက်တယ်ဆိုတာမျိုးလည်း မဖြစ်ချင်ဘူး၊ ဒါကို သတင်းထောက်က ပါးပါးနပ်နပ်နဲ့ တခြားတစ်ဖက်က လှည့်လို့ဖြစ်စေ ဖော်ပြပေးနိုင်ရင် ပြောသူလည်း သူမပြောပါဘူး၊ ဒါပေမဲ့ သိနိုင်တာပဲလေဆိုတဲ့ ပုံစံနဲ့ ကျေကျေနပ်နပ်ဘေးကင်းရန်ကင်း နေနိုင်သလို နောင်ကိုလည်း ဒီလိုမျိုး သူကိုက ပြောချင်လာစိတ်ပေါ်တဲ့ အထိ သတင်းထောက်အပေါ် ယုံကြည်လာနိုင်ပါတယ်။
သတိထားရမှာက အားကောင်းတဲ့ အဖွဲ့အစည်းတွေ၊ အုပ်စုတွေ၊ လူ ပုဂ္ဂိုလ်တွေက ဒီလို တာဝန်မခံရဘဲ ပြောခွင့်ရတဲ့ အခွင့်အရေးကို အသုံးချပြီး သတင်းထောက်ကို ဓားစာခံခိုင်းပြီး သူလိုရာဝါဒဖြန့်သွားနိုင်တာမျိုးပါ။
off-the-record မှာ ကျင့်ဝတ်အရ အရေးကြီးဆုံးက သူပြောတာကို ဒီလိုတော့ဖြင့် ဒဲ့မရေးပါဘူးလို့ ကတိခံပြီးရင် တည်ဖို့ပါပဲ။
အမည်မဖော်လိုသော သတင်းရင်းမြစ်
off-the-record နဲ့ on-the-record ကြားမှာရှိတဲ့ ရှုပ်ထွေးမှုတစ်မျိုးကတော့ အမည်နာမ မတတ်လို သော/နောက်ကွယ်မှသာ ထုတ်ဖော်သော ပြောစကား(unattributed/background comments) ပါပဲ။ ဂျာနယ်လစ်ဟာ ဒီလိုပြောစကားမျိုးကို ကိုးကားတော့မယ်ဆိုရင် ဒီသတင်းရင်းမြစ်ဟာ စိတ်ချယုံကြည်ရနိုင်တယ်ဆိုတာ သေချာဖို့လိုသလို ဒီသတင်းရင်းမြစ် ဘယ်သူဆိုတာတိုက်ရိုက် ဖော်ပြခွင့်မရပေမဲ့ ဒီလူကဒီကိစ္စ ကို နားလည်သိရှိပြီး ပြောနိုင်တဲ့ သူမျိုး ဖြစ်တယ်ဆိုတာ စာဖတ်ပရိသတ်ယုံကြည်အောင် အတတ်နိုင်ဆုံး ရှင်းရှင်း လင်းလင်း ဖော်ပြပေးဖို့ လိုပါတယ်။ ဒီသတင်းရင်းမြစ်ဟာ ဘာကြောင့် သူ့နာမည် မဖော်နိုင်တယ် ဆိုတာ တတ်နိုင်ရင် ရှင်းပြသင့်သလို တခြားသတင်းရင်းမြစ် အနည်းဆုံးတစ်ယောက်လည်း (အဲဒီနောက်တစ် ယောက်ကလည်း အမည်မဖော်လိုသူ ပင်ဖြစ်စေ) ထပ်ပါသင့်ပါတယ်။
ဒီမှာက သတင်းတွေမှာ အမည်နဲ့ရာထူး အတိအကျမပါတဲ့ သတင်းရင်းမြစ်တွေကို အမြောက်အမြား သုံးနေရတော့ ဒါတွေဟာ ကျင့်ဝတ်နဲ့ မညီဘူးလို့ ဝေဖန်မှုမျိုးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အမှန်ကတော့ အမည် အတိအကျမဖော်ပြမှု တစ်ခုတည်းကြောင့် ရေးထားတဲ့ သတင်းက ကျင့်ဝတ်နဲ့မညီဘူးလို့ ပြောလို့ မရပါဘူး။ အနောက်နိုင်ငံများမှာလည်း ထိလွယ်ရှလွယ် ကိစ္စတွေကို ဖော်ပြတဲ့အခါ သတင်းတစ်ပုဒ်လုံး သတင်း ရင်းမြစ်တစ်ဦးတစ်ယောက်ရဲ့အမည်ကိုမျှ တိုက်ရိုက်မဖော်ပြတာမျိုး ရှိပါတယ်။ ဒီလိုသတင်းမျိုးဖော်ပြတဲ့ နေရာမှာ အဓိကကတော့ သတင်းစာရဲ့ခိုင်မာမှုနဲ့ သတင်းရင်းမြစ်တွေရဲ့ အခြေအနေကို ရနိုင်သလောက် အနီးစပ်ဆုံး ရည်ညွှန်းပေးတာပါပဲ။ မှန်ကန်စိတ်ချရမှုကို သတင်းစာက တာဝန်ယူမှုရှိရင် ဒါဟာ ကျင့်ဝတ်နဲ့ လျော်ညီတဲ့အနေအထားလို့ ပြောလို့ရနိုင်ပါတယ်။
ဥပမာအနေနဲ့ပြောရရင် ဗြိတိန် က ဂါးဒီးယန်း သတင်းစာရဲ့ညီနောင် တနင်္ဂနွေထုတ် Observer သတင်းစာ က Blair:No Deal with Brown on No10 ဆိုတဲ့သတင်းပါ။ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ ထုတ်မှာ ပါတဲ့သတင်းပါ။ အဓိကက အဲဒီတုန်းက ၀န်ကြီးချုပ်တိုနီဘလဲနဲ့ ဘဏ္ဍာရေးဝန်ကြီး ဂေါ်ဒွန်ဘရောင်းတို့ အကြား အကွဲအပြဲဖြစ်နေပြီဆိုတာကို ဖော်ပြတဲ့သတင်းပါ။ အဲဒီသတင်းမှာ “၀န်ကြီးချုပ်၏ လုပ်ဖော်ကိုင်ဖက် တစ်ဦး”၊ “၀န်ကြီးချုပ်၏ အစိုးရအဖွဲ့ အတွင်းမှ မဟာမိတ်တစ်ဦး”၊ “အစိုးရအဖွဲ့ဝန် ၀န်ကြီးတစ်ဦး”၊ ဘရောင်း ၏ မိတ်ဆွေတစ်ဦး”၊”ဘလဲနှင့် နီးစပ်သည့် ၀ါရင့်အမတ်တစ်ဦး”၊ “ဒေါင်းနင်းလမ်းမှ သတင်းရင်းမြစ်တစ်ဦး” အစရှိသဖြင့် သတင်းရင်းမြစ်တွေ ကို လုံးဝအမည်မဖော်ဘဲ သုံးထားတာကို တွေ့နိုင်ပါတယ်။ ဒီသတင်းမှာ သတင်းရင်းမြစ် အတိအကျ မဖော်ပြထားတဲ့အတွက် မခိုင်မာဘူးလို့ လုံးဝ မပြောနိုင်ပါဘူး။
အဲဒီအတိုင်းပဲ ဘရောင်းနဲ့ ဘလဲကွဲပြီး ဘလဲဖြုတ်ချခံရကာ ဘရောင်း ၀န်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ သတင်း ရဲ့Sensitive ဖြစ်မှုအရ ဘယ်သူကမှ အမည်တပ် မပြောလိုတဲ့အတွက်ကြောင့် ဒီလိုရေးရတာပါ။
လန်ဒန်တိုင်းမ်သတင်းစာက အမေရိကန်-အီရတ်ကို တိုက်တော့မယ်ဆိုတဲ့ အကြောင်း ဖော်ပြရမှာလည်း ဒီလိုပါပဲ။ “ပင်တဂွန်နှင့် နီးစပ်သူတစ်ဦး”၊ “အိမ်ဖြူတော်မှ သတင်းရင်းမြစ် တစ်ဦး”အစရှိသဖြင့် သုံးခဲ့ပါတယ်။ ဒီသတင်းဟာလည်း အမှန်ဖြစ်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း အမည်မဖော်ပေမဲ့ ဘယ်သူဆိုတာ ဒက်ထိသိလောက်အောင်လည်း မလုပ်ဖို့ပါ။ ဥပမာ ဦးဘကုန်စုံဆိုင်မှ ၀န်ထမ်းတစ်ဦးလို့ရေးလိုက်ရင် ဦးဘကုန်စုံဆိုင်မှာ ထိုင်တာက နှစ်ယောက်ပဲရှိပြီး တစ်ယောက်က ဦးဘကိုယ်တိုင်ဖြစ်နေတယ် ဆိုရင် ဘယ်သူပြောတယ်ဆိုတာ ရှင်းသွားတတ်ပါတယ်။ အဲဒီ မှာ ပြောလိုက်မိတဲ့ အလုပ်သမားက အလုပ်ထုတ်ခံရရင် ဂျာနယ်လစ်ဟာ သတင်းရင်းမြစ်ကို ကာကွယ်ပေးရမယ်ဆိုတဲ့ ကျင့်ဝတ်ကို ချိုးဖောက်ရာ ရောက်သွားပါပြီ။
အမည်မဖော်လိုတာ အဆန်း မဟုတ်ဘူးဆိုပြီး “ကုန်သည်တစ်ဦး” တို့၊ “လုပ်ငန်းရှင်တစ်ဦး” တို့ဆိုတဲ့ မရေရာတဲ့ညွှန်းဆိုမှုတွေ လုပ်ခြင်းက တော့မသင့်တော်ပါဘူး။ ဖော်ပြလိုက်လို့ သတင်းရင်းမြစ်မှာ ပြဿနာမရှိ နိုင်ဘူးဆိုရင် နာမည်နဲ့ သတင်းနဲ့ ဘယ်လို ပတ်သက်တယ် ဆိုတာကို အတိအကျ ဖော်ပြသင့်ပါတယ်။အ မည် မဖော်ပြနိုင်ဘူးဆိုရင်တောင် ဒီသတင်းရင်းမြစ်ရဲ့ သတင်းနဲ့ တိုက်ရိုက်စပ်ဆိုင်မှုကို ပေါ်လွင်စေမယ့် “နယ်စပ်ကုန်သွယ်ရေး ကဏ္ဍတွင် ဦးဆောင်လုပ်ကိုင်နေသော ကုန်သည်ကြီး တစ်ဦး”၊ “ ပြည်ပကုမ္ပဏီကြီးများနှင့် ဖက်စပ်လုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦး၊ တာမွေမြို့နယ် တာမွေကြီး အပိုင်း(ခ)ရပ်ကွက်မှ ဒေသခံတစ်ဦး”အစရှိသဖြင့် အတတ်နိုင်ဆုံး ဖော်ပြပေးနိုင်ရပါမယ်။
နိုင်ငံကြီးတွေဆီမှာတောင် အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်ဆိုတာ ရှိနေသေးရင် အကြောက်တရား အရိပ်အောက်က ရုန်းထွက်နေရဆဲ ဖြစ်တဲ့ မြန်မာနိုင်ငံမှာက အမည်မဖော်လိုသူများတာဟာ မဆန်းလှတဲ့ကိစ္စပါ။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်တိုင်မှာက အားနည်းချက်အချို့ ရှိနေတယ် ဆိုတာကိုတော့ ၀န်ခံရပါ မယ်။ သတင်းရင်းမြစ်ကို အရမ်းမရေမရာ ရည်ညွှန်းတာမျိုး၊ ဖုံးကွယ် ပေးထားဖို့ မလိုအပ်ပေမဲ့ ကိုယ်ပျင်းလို့ နာမည်သေချာမမေးခဲ့လို့ အမည်မဖော်ပြနိုင်တာမျိုးတွေ မရည်ရွယ်ဘဲဖြစ်ဖြစ် လုပ်မိခဲ့တာမျိုး ရှိနိုင်ပါတယ်။ ဒါကိုတော့ ကျွန်တော်တို့ ပြင်နေကြပါပြီ။
သတင်းရင်းမြစ်ကို အခြေအနေအရ အတိအကျ မဖော်ပြပေးနိုင်တာဟာ ကျင့်ဝတ်ချိုးဖောက်တာ မဟုတ်ပါဘူး။ ပြောလိုပေမဲ့ အမည်မဖော်လိုသူကို (အထူးသဖြင့် ဖော်လိုက်ရင် ဒုက္ခရောက်နိုင်တဲ့ သတင်းရင်းမြစ်ကို) ပေါ်အောင် ဖော်လိုက်တာက မှ ကျင့်ဝတ်အရ မသင့်တော်တဲ့ကိစ္စပါ။ ကိုယ်တိုင်ရေးချင်တာရေးပြီး အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်လို့ အလွဲသုံးတာကမှ ကျင့်ဝတ်ချိုး ဖောက်တာပါ။ ကိုယ်ကိုယ်တိုင် ပျင်းလို့၊ မမေးမိလို့ အလွယ်လုပ်ပြီး သတင်းရင်းမြစ်ကို မလိုအပ်ဘဲ ကိုယ်မသိလို့ အမည်မဖော်တာကမှ အသက်မွေးဝမ်းကျောင်းအရ ရှိလာတဲ့ တာဝန်ယူမှုကို လျစ်လျူရှု ဖောက်ဖျက်တာ (Professional Negligence) ပါ။
ရည်ညွှန်း။ ။ Ethics for Journalists (Second Edition) by Richard Keeble ကို အခြေခံပြီး နိုင်ငံတကာမှ ဂျာနယ်လစ်အဖွဲ့ အစည်းများ၏ ကျင့်ဝတ်နှုန်းစံများ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ အငြင်းပွားမှုများကို ဖြည့်စွက်ကာ ဆီလျော်အောင် ပြန်ဆိုရေးသားထားခြင်း ဖြစ်ပါသည်)
Written by ဇေ၀င်းနောင်
Eleven Media Group
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment