ယနေ့မီဒီယာတွေမှာ ဘင်္ဂလီကိစ္စနဲ့ ပတ်သက်ပြီး အချို့ဆောင်းပါးများ၊ သတင်းများဟာ မြန်မာပြည်တိုင်းရင်းသား ပြည်သူလူထုအတွက် အဆိပ်အတောက်တွေ ဖြစ်နေတာ တွေ့ရတဲ့အတွက် တာဝန်သိရင် တာဝန်ရှိတယ်ဆိုသလို ရေးသား တင်ပြလိုက်ရပါတယ်။ စာရေးသားသူအချို့ဟာ ကမြောက်ကခြောက် မဟုတ်ကြပါဘူး။ နိုင်ငံခြားနေ ပညာတတ်ဆိုသူတွေ ပါဝင်ပါတယ်။ စာဖတ်ပရိသတ်အချို့ရဲ့ ကွန်မင့်တွေကိုကြည့်တော့ အကျိုးရှိတဲ့စာပေမျိုး၊ ဗဟုသုတများတဲ့စာမျိုးကို များများဖတ်ပုံမျိုး မတွေ့ရသလို ကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်တိုင်းထွာပြီး ယုံကြည်လက်ခံတာမျိုးကိုလည်း ကောင်းစွာ မတွေ့ရပဲ ပညာတတ်တွေ ရေးတာပဲဆိုတဲ့ အသိသက်သက်နဲ့ လုံးထွေးအီးယောင်ဝါးလုပ်ပြီး လက်ခံနေကြတာကို တွေ့ရပါတယ်။ ဒီဆောင်းပါး ခေါင်းစဉ်ကိုရေးတော့ ရင်းနှီးတဲ့ ကျွန်တော့်မိတ်ဆွေတွေက နိုင်ငံရေးနဲ့ သက်ဆိုင်တာပဲ ရေးပါလို့ ပြောကြပါတယ်။ အမှန်တော့ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမူရေး၊ ဘာသာရေး၊ ပညာရေး၊ ယဉ်ကျေးမူ အစရှိသည်ဖြင့် အကုန်လုံး အကျုးံဝင် ဆက်စပ်နေတာပါ။ တစ်ခုခုမှာ ပြဿနာဝင်နေပြီဆိုရင် နိုင်ငံရေး အုပ်ချုပ်ရေးကိုပဲ ဦးတည်သွားတတ်ပါတယ်။ ဒါကြောင့် တနည်းတဖုံ အကြောင်းအကျိုး ဆက်စပ်နေတာကိုထောက်ပြီး အကြောင်းအရာ ရှုထောင့်အမျိုးမျိုးကနေ ရေးသားတင်ပြနေခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံသို့ ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ပင် တရားမ၀င် ခိုးကူးဝင်ရောက်တဲ့ ဘင်္ဂလီများကို ထိုင်းရဲများမှ ဖမ်းဆီးထားပုံ
ယခုလတ်တလော အကြောင်းအရာတစ်ခုကို ကြားထိုးတင်ပြချင်ပါတယ်။ ရခိုင်တိုင်းရင်းသားတို့ နယ်မြေမှာ ရခိုင်နဲ့ဘင်္ဂလီတွေအကြား ပြဿနာတွေ ဖြစ်ပွားနေပါတယ်။ ဒါဟာ အကြောင်းရှိလို့ အကျိုးဖြစ်လာတဲ့ အကြောင်းအကျိုး ဆက်နွယ်မှု (causes and affects) တစ်ခုပါ။ ပြန်ခွဲရင် လတ်တလောအကြောင်းရင်း (immediate causes) နဲ့ နောက်ခံအကြောင်းတရားများ (root causes) ဆိုတာကို တွေ့ကြရမှာပါ။ မီဒီယာတွေမှာ အီးယောင်ဝါး ရေးနေကြတာမျိုး ဗိုလ်ကျော်ဆန်းနဲ့ ဦးအောင်သောင်းတို့လို လူဆိုးလူကြမ်းတွေနဲ့ မပတ်သက်သလို အစိုးရရဲ့ နိုင်ငံရေးအာရုံပြောင်းဖို့ လှည့်ကွက် လုံးဝမပါပါဘူး။ အခြေခံက ရခိုင်တိုင်းရင်းသူတစ်ဦးကို မုဒိမ်းကျင့် လူသတ်တဲ့ကိစ္စကနေ ပြဿနာစလာတာကိုပဲ စံနစ်တကျ အဖွဲ့တစ်ခုက ဖန်တီးနေတာလိုလို အာအက်ဖ်အေရဲ့ လေသံတွေ၊ တရုတ်ဗမာ အဓိကရုဏ်းမျိုး ဖေါ်ပြပြီး သက်သေထူနေတဲ့သူတွေ၊ အိညက်ညက် နိုင်ငံရေးလေသံမျိုးနဲ့ ပြတ်ပြတ်သားသား သဘောထားကို မပြောရဲသလိုလိုလူတွေ၊ လူသားချင်း စာနာထောက်ထားသလိုလို လူ့အခွင့်အရေးကိုပဲ အရမ်းလေးစားသူတွေလိုလို ငြိမ်းချမ်းရေး လိုလားနေသူတွေလိုလို စတဲ့လိုလိုသမားတွေ တတ်ယောင်ကားတွေလည်း အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။
တချိန်က လှေစီးပြီး စီးပွားရေးသွားလုပ်ဖို့ ဘင်္ဂလားကနေထွက်ခွာရင်း ထိုင်းရေတပ်က ဖမ်းမိတော့ ရိုဟင်ဂျာကို လူသားချင်းစာနာပါဆိုတဲ့ နိုင်ငံရေးသမားလိုလို ဆောင်းပါးသမားလိုလို နိုင်ငံခြားနေ အချို့သော အမျိုးသား အမျိုးသမီးတွေ (မြန်မာစစ်စစ်တော့ ဟုတ်ဟန်မတူပါ) လည်း ရှိကြပါသေးတယ်။ ၁၉၉၀ ခုလောက်ကဆိုရင် နဝတကို ဆဲဖို့လောက်သာတွေးနေတဲ့ နိုင်ငံရေးအမြင် မရှိသူတွေက ရခိုင်ပြည်နယ်မှာ စစ်တပ်တွေဖွင့်တော့ ရန်သူမရှိတဲ့ရခိုင်မှာ ဘာလို့ စစ်တပ်တွေ အများကြီးဖွင့်ရတာလည်းလို့ လက်ညှိုးထိုး ဖွခဲ့ကြပါတယ်။ တကယ်တော့ တိုင်းရင်းသားရခိုင်နယ်မြေမှာ မမြင်ရတဲ့ ရန်သူတွေရော မြင်ရတဲ့ ရန်သူတွေရော ရှိနေခဲ့ကြပါတယ်။ အဲဒါကို အရင်ဆုံး သဘောပေါက်နေခဲ့ကြသူတွေမှာ ဘင်္ဂလားရော အနောက်နိုင်ငံကြီး အချို့ရော အာရှကနိုင်ငံအချို့ရော ပါဝင်သလို လှုပ်ရှားမူတွေလည်း ရှိနေခဲ့ကြပါတယ်။ NGO တွေ UNHCR တွေ ဆိုတာဟာလည်း ရခိုင်တိုင်းရင်းသားများအတွက် မဟုတ်ပဲ မယောင်ရာဆီလူးပြီး လူသားချင်းစာနာမှု အစီအစဉ် ခေါင်းစဉ်ပြကာ ဘင်္ဂါလီ ကျေးရွာများအတွက် ကယ်တင်စောင့်ရှောက်ခဲ့တဲ့ လုပ်ငန်းလိုမျိုး ကြံစည်လှုပ်ရှား နေခဲ့ကြတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
ပြဿနာဖြစ်ပွားရခြင်းရဲ့ လတ်တလော အကြောင်းအရာကိုကြည့်ရင် နံပါတ်တစ်က - မြန်မာနိုင်ငံမြေပုံ ရခိုင်တိုင်းရင်းသား နယ်မြေနေရာမှာ ဘင်္ဂလီတွေရဲ့ပုံကို ထည့်ပြီး ဝါဒဖြန့်ပေးခဲ့တဲ့ ဘီဘီစီ အသံလွှင့်ဌာနရဲ့ လှုံ့ဆော်မူ၊ နံပါတ်နှစ်က - ရခိုင်အမျိုးသမီး မသီတာထွေး အသက် (၂၇) နှစ်ကို မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုးသုံးဦးက မုဒိန်းကျင့်ပြီး လည်ပင်းကိုလှီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တို့ဖြစ်ပါတယ်။ နံပါတ်တစ်ဖြစ်စဉ်ကိုကြည့်ရင် ဘီဘီစီဟာ မြန်မာနိုင်ငံအပေါ် သွေးထိုးလှုံ့ဆော်မူပြုရာမှာ ကြိုတင်မျှော်တွေးနိုင်ပြီး ထိရောက်အောင် ဆောင်ရွက်တဲ့ နေရာမှာ သိပ်ထူးချွန်နေတာ တွေ့ရပါတယ်။
နယ်စပ်ဒေသဆိုတာ နှစ်ဘက်ကူးလူး ဆက်ဆံမူများ ရှိနေပြီး ရေကြည်ရာမြက်နုရာဘက်ကို ပြောင်းရွှေ့အခြေချတတ်တာ သဘာဝပါ။ ဒါကြောင့် ဘူးသီးတောင်၊ မောင်တောဒေသမှာ ဘင်္ဂလီတွေ ကူးဝင်နေထိုင်နေကြတယ်ဆိုတာ ကလေးသိခွေးသိ သိနိုင်တဲ့အချက်ပါ။ ဘင်္ဂလားဒေသဟာ သမိုင်းအရ ခရစ်တော်မပေါ်မှီကာလ ဓည၀တီခေတ် မင်းဆက်များ၊ ရခိုင်မင်းများပိုင်ဆိုင်သော ဒေသဖြစ်ခဲ့ပြီး ၁၆ ရာစုအကုန်လောက်မှာ မဂိုမူဆလင်ဘုရင်များ လက်အောက် ကျရောက်ခဲ့ရပါတယ်။ ဗုဒ္ဓဘာသာထွန်းကားရာ နယ်မြေတစ်ခု ဖြစ်ခဲ့သော်လည်း ထိုအချိန်ကစပြီး မူစလင်ဘာသာ နေရာယူခဲ့ပါတယ်။ ရခိုင်လူမျိုးများဟာလည်း စစ်တကောင်းတောင်တန်းများ တဝိုက်မှာ ခိုအောင်းနေခဲ့ကြပြီး အဝကျွန်းများရှိရာဒေသ နတ်မြစ်ရဲ့ တဘက်ကမ်း ဘူးသီးတောင်၊ မောင်တောနယ်စပ်တွေမှာ နေထိုင်ခဲ့ကြပါတယ်။ မြန်မာဘုရင်လက်ထက် အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီကို စောင့်ရှောက်ရတဲ့ ဗြိတိသျှစစ်တပ်တို့ မတိုက်ခိုက်ခင် အချိန်ထိ နတ်မြစ်တလျောက် ရှင်မဖြူကျွန်း အပါအဝင်မှာ ရခိုင်တိုင်းရင်းသားတို့ နေထိုင်လာခဲ့ကြပြီး အင်္ဂလိပ်က ရခိုင်ကို သိမ်းပိုက်ချိန်ကစလို့ ဘင်္ဂလီတွေ စတင် ဝင်ရောက်လာခဲ့ကြပါတယ်။ မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်က သိမ်းပိုက်ထားချိန်မှာတော့ ဘူးသီးတောင် မောင်တောနယ်စပ်ကနေ ဘင်္ဂလီတွေ အများအပြား လှိမ့်ဝင်လာခဲ့ကြလို့ မြန်မာပြည်ဘုရင်ခံကတောင် တားဆီးယူရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
အိန္ဒိယက မြန်မာနိုင်ငံထက်စောပြီး လွတ်လပ်ရေးရချိန်မှာ ဘင်္ဂလားဒေသဟာ အိန္ဒိယ၊ ပါကစ္စတန် လက်အောက်ခံဖြစ်ခဲ့ပြီး နောက်တော့ အရှေ့ပါကစ္စတန်ကို ပုန်ကန် ခွဲထွက်လာခဲ့ကြပါတယ်။ ရှင်မဖြူကျွန်းဟာလည်း အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရကတည်းက ဘင်္ဂလားလက်ထဲ ပါသွားခဲ့ပါတယ်။ ပါကစ္စတန်နဲ့အိန္ဒိယ ခွဲချိန်မှာ ဘင်္ဂလီတွေဟာ ဘူးသီးတောင်၊ မောင်တောနယ်ကိုတောင် ပါကစ္စတန်နယ်မြေထဲထည့်ဖို့ လှုပ်ရှားခဲ့ဖူးပါတယ်။ နောက်ပိုင်း အများအပြား ထပ်မံခိုးဝင်လာခဲ့ကြတာကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ၀မ်းတင်လက်ထက်တွင် နဂါးမင်းစစ်ဆင်ရေးနဲ့ တားဆီးခဲ့ရာမှာ ဘင်္ဂလားဘက် ပြန်ပြေးသွားတဲ့ဘင်္ဂလီတွေကို ကုလသမဂ္ဂအစီအစဉ်နဲ့ ပြန်ပြေးသွားတဲ့ အရေအတွက်ထက် ပိုမိုပြီး လက်ခံပေးခဲ့ရပြန်ပါတယ်။ http://bdcburma.wordpress.com/ မှာ အခြေအနေကို လေ့လာကြည့်ရူနိုင်ပါတယ်။ ဦးနေဝင်း လက်ထက်မှာပါ။ သို့သော်လည်း ဝင်လာမစဲ တသဲသဲရှိနေခဲ့ပြီး ပြည်မထဲက ရန်ကုန်အထိ ဝင်လာနိုင်ခဲ့ကြတာ ကိုယ်တွေ့မို့ စာရေးသူတောင် လန့်သွားခဲ့မိပါတယ်။ မှတ်ပုံတင်လည်းမရှိ မြန်မာ စကားလည်း တစ်လုံးမှ မတတ်သူတွေဖြစ်ပြီး အချိန်ကာလအားဖြင့် ရန်ကုန်မှာ စစ်တပ်နဲ့နယက တယက မယက ရယကတို့က ကိုယ့်မိဘပြည်သူလူထုကို ကောင်းကောင်းကြီး နှိပ်စက်နေတဲ့ အချိန်ထဲမှာပါ။ (ဧည့်စာရင်းကို မြန်မာချင်း ခြင်ထောင်လှန်စစ်ပြီး အရံမီးသတ်နဲ့ အလိုတော်ရိ ရပ်ကွက်လူကြီးဆိုသူတွေက မူးရူးအနိုင်ကျင့်နေချိန်မှာပါ။)
ဆက်လက်ဖော်ပြပါမည်
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment