ပြည်သူတွေ ဆန္ဒပြကြတယ်၊ အလုပ်သ္မားတွေ ဆန္ဒပြကြတယ်၊
ဒီအပေါ်မှာ အမျိုးမျိုးသော ဝေဘန် ဆွေးနွေးစကားတွေ ပြောလာကြတယ်၊
ဆန္ဒပြတာ ကောင်းသလား၊ မကောင်းဘူးလားပေါ့။
ဒီမိုကရေစီဆိုတာ အများဆန္ဒဖြစ်တယ်၊ ဒီမိုကရေစီလိုချင်လို့ စွန့်လွှတ်စွန့်စား အနစ်နာခံပြီး တိုက်ပွဲဝင်ခဲ့ကြတာသည် အများ၏ ဆန္ဒကို ထုတ်ဖေါ်ခွင့်ရဖို့ပဲဖြစ်တယ်၊
ဒါကြောင့် ဆန္ဒပြခြင်းသည် ဒီမိုကရေစီ၏ ဓလေ့စရိုက်သွင်ပြင်လက္ခဏာပဲဖြစ်ပါတယ်၊
ဆန္ဒပြခြင်း ယဉ်ကျေးမှု့သည် အစဉ်အမြဲထွန်းကားနေရမည်သာဖြစ်ပါသည်၊
မည်သူကမျှ အမိန့်အာဏာနှင့် နှောက်ယှက်ဖျက်စီးခြင်းမျိုး မလုပ်ရပါ၊
ဒါကို အဆင့်အတန်းမီ လူ့သမဂ္ဂဟု ခေါ်ပါသည်။ ၁၉၈၈ခုနှစ် လူထုတရပ်လုံး၏ အထွေထွေ မကျေနပ်ချက်များအရ ပေါ်ထွန်းလာခဲ့သည့် လူထုအရေးတော်ပုံဆန္ဒပြပွဲကြီးသည် ကြီးကျယ်မြင့်မားလှပါသည်၊ မှန်ကန်ကောင်းမွန်လှပါသည်၊
သို့သော် စစ်အစိုးရဆိုးက အကြမ်းဖက်ဆူပူမှု့ဖြစ်အောင် တမင်ဖန်တည်းလိုက်ပါသည်၊
ရန်ကုန်ရှိ ကုန်သွယ်ရေး ဂိုထောင်ကြီးများကို သူတို့လူများက အလျှင်ဦးအောင်ဖေါက်ယူပြကြပြီး လူထုက နောက်မှ လိုက်၍ဖေါက်ယူအောင် ဖန်တည်းပါသည်။ ဤကဲ့သို့သော နည်းလမ်းများဖြင့် ဆန္ဒပြပွဲကို အကြမ်းဖက်လုယက်ပွဲဖြစ်အောင် ဖန်တည်းပြီး လူထုကို နှိပ်ကွပ်ကာ စစ်အာဏာသိမ်းမှု့ အသစ်တခု ပြုလုပ်ခဲ့ကြပါသည်၊
ယနေ့အစိုးရသည် ယ္ခင်က စစ်အစိုးရလက်ကျန်နှင့် လက်သစ်များပင် ဖြစ်နေပါသေးသည်။ ဒါကြောင့် ရိုးသားစွာ ဆန္ဒပြပွဲမှ အကြမ်းဖက်လုယက်ပွဲကြီးဖြစ်အောင်လည်း အစိုးရများဘက်မှ ပြုလုပ်တတ်ကြပါသည်၊
ဒီလိုလုပ်ရပ်မျိုးသည် နိုင်ငံရေးတွင် ရိုးနေပြီဖြစ်သော်လည်း ဖန်တည်းရန် အလွန်လွယ်ကူသဖြင့် သတိထားရန်အထူးလိုအပ်ပါသည်။ အချို့သော အစိုးရများ၊ အဖွဲ့အစည်းများသည်လည်း မိမိတို့အစိုးရ သက်ဆိုးရှည်ရန်၊ မိမိတို့အဖွဲ့အစည်းပါတီများ အာဏာရရန်အတွက် လူထု၏ မကျေနပ်ချက်များကို အသုံးချပြီး ဆန္ဒပြပွဲများ ပေါ်ပေါက်လာစေရန်လှုံဆော်ဖန်တည်းတတ်သည့် အကျင့်များလည်း ရှိကြပြန်ပါသည်၊ လူထုကို လှည့်စားသည့် ဆန္ဒပြပွဲမျိုးပင်ဖြစ်ပါသည်၊
၁၉၆၇ ခုနှစ်က မြန်မာပြည် ဆန် ပြဿနာဖြစ်ပေါ်မှု့ကို ဗိုလ်နေဝင်းစစ်အစိုးရက မဖြေရှင်းနိုင်သဖြင့် ရန်ကုန်နေ တရုတ်လူမျိုးများက ရိုင်းပြသည်ဟု ဖန်တည်းပြီး တရုတ် ဗမာ အဓိကရုဏ်းအဖြစ် ဖန်တည်းဖြေရှင်းခဲ့ကြပါသည်၊ ထိုနည်းတူ ပြည်သူလူထု၏ စားဝတ်နေရေး အကြပ်အတည်းကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို ကုလားဗမာ အဓိကရုဏ်း များအဖြစ် အစိုးရဆိုးမှ ဖန်တည်းတတ်သည့် အစဉ်အလာကြီးလည်းရှိနေပါသည်။ ထိုနည်းတူ တိုင်းရင်းသား အချင်းချင်းသွေးကွဲပြီး ပဋိပက္ခဖြစ်အောင် ဖန်တည်းလုပ်ဆောင်တတ်ကြပြန်ပါသည်
၊ ဤသည်များမှာ လူထု၏ အကြပ်အတည်းကို အမှန်တကယ်ဖြေရှင်းမပေးနိုင်သည့် အစိုးရဆိုးများ၏ သောက်ကျင့်ဆိုးများပင်ဖြစ်ပါသည်။ *ရှေ့တစ်လှမ်းတိုး နောက်နှစ်လှမ်းဆုတ်* နည်းစနစ်သည် အင်မတန်ကြောက်စရာကောင်းသည့် အစိုးရဆိုး လူယုတ်မာများ၏ နည်းပင်ဖြစ်သည်၊
ဤနည်းကို ဗိုလ်နေဝင်းလူယုတ်မာကြီး ကိုယ်တိုင် ကျင့်သုံးခဲ့သည်၊
သူတို့ စစ်အာဏာရှင် တစ်စု၏ အတောမသတ်နိုင်သည့် လောဘမီးကြောင့် ကြွယ်ဝသည့် မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြသည့် ပြည်သူလူထုကြီးသည် ဆင်းရဲမွဲတေပြီး ပညာမဲ့များဖြစ်ခဲ့ကြရသဖြင့် ပေါ်ပေါက်ခဲ့သည့် အထွေထွေသော လူထု၏ မကျေနပ်ချက်များကြောင့် မြန်မာပြည်ကြီး ပေါက်ကွဲမည့်အခြေကို ဆိုက်လာသည့် ၁၉၈၆ မှ ၁၉၈၈ ခု ကာလများတွင် ဗိုလ်နေဝင်းက စနစ်တကျဖြင့် *ရှေ့တစ်လှမ်းတက် နောက်နှစ်လှမ်းဆုတ်* ပေါ်လစီကို ချပြီး သုံးပါတော့သည်။ ပေါ်လစီ၏ အဓိပ္ပါယ်မှာ လူတဦးသည် တစ်နေ့အတွက် လုပ်အားခ ငွေကျပ်တစ်ရာရသည်ကို မလောက်ငပဲ မကျေနပ်ဖြစ်ခါ ပေါက်ကွဲမည့် အချိန်တွင် ပေါက်ကွဲအောင် တမင်မြှောက်ပင့် ဖန်တည်းပြီး ငတ်ပြတ်နေသူကို တနေ့လုပ်ခငါးဆယ်ဖြင့် မလွှဲသာမရှောင်သာတော့ပဲ လုပ်ရမည့် အခြေကိုရောက်စေပြီးမှ ကယ်တင်ရှင်လုပ်ကာ တစ်နေ့လျှင် ခွန်နှစ်ဆယ့်ငါးကျပ် နှုန်းသို့ တိုးပေးပြီး ပဏာယူကာ နိုင်ငံရေး အမြတ်ထုတ်သည့် ပုံစံပင်ဖြစ်သည်။ ကွယ်လွန်သူ ခေတ္တသမ္မတ ဦးမောင်မောင်က *ခင်ဗျားတို့ တစ်နေ့ကျရင် ကျွန်တော်တို့ကို ပြန်ပြီးတမ်းတကြရမယ်* ဆိုသည့် စကားသည် ဗိုလ်နေဝင်း၏ တစ်ပါတီစနစ်ကိုကြိုက်သလား ပါတီစုံစနစ်ကို ကြိုက်သလားဆိုသည့် ပရိယာယ်စကားကို မီးမှောင်းထိုးပြလိုက်ခြင်းဖြစ်သည်၊
သို့သော် ကမ္ဘာ့သမိုင်းရေစီးကြောင်းပြောင်းလဲမှု့ကြောင့် စစ်အာဏာရှင်များ ထင်တိုင်းမပေါက်ပဲ ဖြစ်ခဲ့ရပါသည်၊ မည်သို့ဆိုစေ ဆန္ဒပြပွဲများ၏ သတိထားစရာပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လွတ်လပ်ရးမရမီကပင် ဗ.က.ပ ခေါ် ဗမာပြည်ကွန်မြူနစ်ပါတီလည်း ပေါ်ထွန်းခဲ့သည်၊
ယနေ့အထိလည်း အသက်ရှည်ဆဲပင်ဖြစ်သည်၊
မြန်မာပြည်ကို ကွန်မြူနစ်နိုင်ငံဖြစ်ရန် နည်းစုံဘက်စုံဖြင့် ကြိုးစားခဲ့ကြသည်၊
လူထုအုံကြွမှု့၊ ဆန္ဒပြပွဲကြီးများ အမျိုးမျိုးကိုလည်း ဗ.က.ပ မြေအောက်ယူဂျီများက ပြုလုပ်ခဲ့ကြသည့် သာရကများလည်း အထင်ကရရှိခဲ့ပါသည်၊ သူတို့၏ ကြိုးပမ်းမှု့များကြောင့်လည်း လူထုလှုပ်ရှားမှု့ သပိတ်တိုက်ပွဲများ အဆက်မပြတ်ပေါ်ပေါက်ခဲ့ကြပါသည်၊
ဗိုလ်ပြုတ်ကြီး မောင်ခင်ညွှန့်တို့ အဖွဲ့က ထုတ်ဝေခဲ့သည့် အာဏာသိမ်းရန်ကြံစည်သူများ (စာအုပ်အနီ)မှာ အထင်အရှား လေ့လာနိုင်ပါသည်။ ဗ.က.ပ ယူဂျီများ ဖန်တည်းသည့် ဆန္ဒပြပွဲများနှင့် ဗ.က.ပ များပါဝင်ပါတ်သက်လာသည့် ဆန္ဒပြပွဲများသည် လူထု၏ ဆန္ဒထက် ဗ.က.ပ တို့၏ ဝါဒစွဲရည်ရွယ်ချက်များက ပိုမိုလွှမ်းမိုးနေသဖြင့် အောင်မြင်မှု့များ မရခဲ့ကြပါ၊
အကျိုးထက် အဆိုးက ပိုများကာ အရှုံးထွက်ပြီး လူထုပင် နစ်နာခဲ့ရသည့် ဆန္ဒပြပွဲများဖြစ်ခဲ့ကြရသည်မို့ အထူးပင် သတိထားရမည့် ကိစ္စဖြစ်ပါသည်။ လူထု၏မကျေနပ်ချက်ကို ထုတ်ဖေါ်ဆန္ဒပြရန်ကိစ္စမှာ လှုံ့ဆော်သူ၊ ဦးဆောင်ဦးရွက်ပြုသူ၊ အနစ်နာခံသူရှိဖို့လည်း လိုပါသည်၊
သို့သော် ထိုဦးဆောင်သူသည် ဗ.က.ပ ဖြစ်ခြင်း၊ ဗ.က.ပ လိုလားသူဖြစ်နေသည်က အရေးမကြီးသေးပါ၊
အရေးကြီးတာက ကွန်မြူနစ်ဝါဒလွှမ်းမိုးရေးနှင့် ကွန်မြူနစ်နိုင်ငံဖြစ်လာရေး စသည့် ပရောဂများပါလာပါက ၎င်းဆန္ဒပြပွဲမှာ ကျရှုံးမည်သာ ဖြစ်ပြီး၊ အကျိုးမဖြစ်ထွန်းပါ၊
အကြောင်းမှာ ကမ္ဘာသူကမ္ဘာသားများသည် မာက္စ်ဝါဒ၊ ကွန်မြူနစ်ဝါဒကို လုံးဝလက်မခံကြတော့သောကြောင့်ဖြစ်ပါသည်၊
ထို့ကြောင့် ယနေ့ခေတ်ဆန္ဒပြပွဲများတွင် ဝါဒစွဲ ကင်းရှင်းရန်လုံးဝအရေးကြီးပါသည်။ ယနေ့မြန်မာနိုင်ငံတွင် စက်ရုံအချို့မှ အလုပ်သမားတွေ ဆန္ဒပြကြပြီ၊ မြို့နယ်တွေမှာ လျှပ်စစ်မီး၊ လျှပ်စစ်ဓါတ်အား လုံလောက်စွာ မရရှိကြသဖြင့် ပြည်သူတွေ ဆန္ဒပြကြပြီ၊ လယ်မြေ ယာမြေ ဥယျာဉ်မြေတွေကို မတရား သိမ်းယူခံရသဖြင့်လည်း ဆန္ဒပြမှု့တွေပြုလုပ်စဖြစ်နေကြပြီ၊ မှန်သည်၊
လုပ်ကိုလုပ်ကြရမည်၊ သို့ပေမင့် အထက်ကဆိုခဲ့သည့် အစိုးရဆိုးများ၊ ဝါဒဆွဲယိမ်းသူများ၏ ဦးဆောင်စွက်ဖက်မှု့များကို သတိထားကြရမည့်အပြင်၊ *က* သုံးလုံးပေါ်လစီနှင့် ကိုက်ညီစေရန်လည်း သတိပြုကြရပါမည်။ ကြောင်းကျိုးဆီလျှော်မှု့ရှိရမည်၊ အကန့်အသတ်ရှိရမည်၊ အကျိုးအမြတ်လည်းရှိရမည်၊
ဤသုံးချက်နှင့် ပြည့်စုံအောင် ခေါင်းဆောင်က အရည်အချင်းရှိပြီး အမျှော်အမြင်ရှိရမည်ဖြစ်ပါသည်၊
ယနေ့လုပ်ခတိုးရေး၊ လျှပ်စစ်မီးအားရရေး၊ လယ်ယာမြေပြန်ရရေး ဆန္ဒပြပွဲများသည် ကျိုးကြောင်းတိုက်ဆိုင်ဆီလျှော်မှု့ရှိနေပါသည်၊ စည်းစနစ်ကျနပြီး အကြမ်းဖက်သည့် အစွန်းသို့ မရောက်စေရပါ၊
စစ် တစ်မတ်သား အစိုးရသစ်၏ ဆန္ဒပြမှု့နည်းဥပဒေများ မထွက်သေးခြင်းကိုလည်း စောင့်စရာမလိုပါ၊ ထွက်လာလျှင်လည်း လူထုဆန္ဒနှင့် မကိုက်ညီပါက ၎င်းနည်းဥပဒေများကို ပြုပြင်ရန် ပြောဆိုကြပြီး ဆက်လက်ဆန္ဒပြနိုင်ကြပါသည်၊ အရေးကြီးသည်မှာ မသက်ဆိုင်သူများကို မထိခိုက်စေရန်နှင့် ရုပ်ဝတ္ထုပစ္စည်းများကို မဖျက်ဆီးမိစေရန်ဖြစ်သည်၊
ဤမျှလောက်ဆိုလျှင် ဆန္ဒပြခြင်းသည် အကန့်အသတ်နှင့်ညီညွတ်သည်ဟု ဆိုနိုင်ပါသည်။ အကျိုးအမြတ်ကိစ္စကတော့ ဆန္ဒပြခြင်းသည် ဆန္ဒပြသူများအတွက် သာမက အများပြည်သူအတွက် အကျိုး အမြတ် တစ်စုံတစ်ရာတော့ ရှိရမည်သာဖြစ်သည်
၊ ပြည်သူလူထု၏ ဆန္ဒပြ သပိတ်မှောက်မှု့၏ အကျိုးရလာဘ်၏ အများစုကို အစိုးရဆိုးကလည်းကောင်း ဝါဒစွဲ အဖွဲ့အစည်းတစ်ခုကလည်းကောင်း ရရှိပြီး ဆန္ဒပြလူထုက အနည်းစုပဲရသည်ဆိုလျှင်လည်း တွက်ခြေမကိုက်ပါ၊
တကယ်တော့ ဆန္ဒပြလူထုသည် အစိုးရဆိုး၏ လက်ထက်တွင် စွန့်လွှတ်စွန့်စားပေးဆပ်ကြရသည်သာဖြစ်ပါသည်၊ ပေးဆပ်ရင်းနှီးသလောက် အကျိုးအမြတ်မရသည့် ဆန္ဒပြမှု့မျိုးသည် မဖြစ်သင့်ပါ၊
သို့သော် အကျိုးအမြတ်သည် မသေချာဖြစ်နေပြီး အခြားရွေးစရာလမ်းမရှိလျှင်တော့ လုပ်သင့်လျှင်လုပ်ကြရမည်သာဖြစ်ပါသည်၊
အကျိုးအမြတ်ဟူသည်မှာ အောင်ပွဲကြီး မဟုတ်သေးပါ၊
အောင်ပွဲကြီးအတွက် အထောက်အကူဖြစ်စေမည့် ပေးဆပ်ရင်းနှီးမှု့ပင်ဖြစ်ပါသည်၊
ဤကဲ့သို့ အကျိုးအမြတ်ကို ရအောင် မယူနိုင်လျှင် အောင်ပွဲကြီးနှင့်ပိုမိုအလှမ်းဝေးသွားနိုင်ပြီး အရှုံးပင်ထွက်တတ်ပါသည်။ ဦးဖိုးသာအောင်
၂။၆။၂၀၁၂
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment