ယနေ့မျက်မှောက် မြန်မာ့နိုင်ငံရေးသည် အခြေခံဥပဒေသစ်တစ်ရပ်ကိုပြဋ္ဌာန်းပြီး အရပ်ဘက် လူ့အဖွဲ့ အစည်းကို အနည်းဆုံးသော ဥပဒေပြုလုပ်ငန်းစဉ် များဖြင့်လည်ပတ် ကာ ပြည်သူလူထုကြီး၏ အကျိုးစီးပွား အလို့ငှာ အင်အားကြီးသော နိုင်ငံရေးပါတီများက လွှတ်တော်တွင်းသို့ရောက်ရှိလာသော Political Process ခေါ် အဆင့်အလိုက် တာဝန်ခွဲဝေဆုံးဖြတ်သည့် စနစ်များဖြင့် အရှိန်အဟုန်ရနေပြီဖြစ်သည်။
ထိုသို့အရှိန်အဟုန်များဖြင့်လည်ပတ်စေခြင်းသည် အမျိုးသားနိုင်ငံရေး တွင် နိုင်ငံတော် အချုပ်အခြာ အာဏာ ၏ ခတ်မ သုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို ပိုင်းခြားသုံးစွဲနိုင်ရန်၊ အပြန်အလှန်ထိန်းကျောင်းနိုင်ရန်၊ Principle of Separation of Power ကို အကောင် အထည်ဖော်နိုင်ရန်၊ ဒေသ ဆိုင်ရာအဆင့်များ အထိ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဆင့်ဆင့်ခွဲဝေ ကျင့်သုံး နိုင်ရန် ပထမဆုံးသော သီးခြား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ကို ဖွဲ့စည်းပြီး ကမ္ဘာ့ နိုင်ငံရေး ရေစီးကြောင်းဖြစ်သည့် ကိုယ်စားပြုလွှတ်တော်နိုင်ငံရေးမှ နိုင်ငံရေးကို တရားစီရင်ရေးနည်းလမ်းဖြင့် ဆောင်ရွက် ခြင်းကြောင့်ဖြစ်ပေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးသည် ၁၉၂၀ ခုနှစ် ၀န်းကျင်တွင် သြစတေးလျနိုင်ငံ ဥပဒေသိပ္ပံ ပညာရှင်ဟမ်ကယ်ဆန်မှ စတင်မိတ်ဆက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှ ကျင့်သုံး အကောင် အထည်ဖော်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးကို သီးခြားတရားရုံးများဖြင့် ကျင့်သုံးသကဲ့သို့ အမြင့်ဆုံးတရားရုံးများသို့ တရားစီရင်ရေးအာဏာကိုအပ်နှင်းလျက် ကျင့်သုံးဆောင် ရွက်ခြင်းများလည်း ရှိပါ သည်။
မြန်မာနိုင်ငံသည် အင်္ဂလိပ်ရိုးရာဥပဒေစနစ် ကျင့်သုံးသောနိုင်ငံများအနက် တောင်အာဖရိကနိုင်ငံအပြင် ဒုတိယမြောက် သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံးရုံးအဖြစ် တရားစီရင်ရေးကျင့်သုံးဆောင်ရွက်သော နိုင်ငံဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရတည်ထောင်သော နိုင်ငံပေါင်း(100)ကျော်တွင် အဆိုပါ အယူအဆ ကို လက်ခံကျင့်သုံးလျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးအမည်ဖြင့်လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အမည်ဖြင့်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာကောင်စီအဖြစ်လည်းကောင်း ကျင့်သုံးသော နိုင်ငံပေါင်း(၇၂)နိုင်ငံရှိကြောင်း လေ့လာသိရှိရသည်။
ထို့ပြင် အင်္ဂလန်၊ အစ္စရေး၊ ကနေဒါ နှင့် နယူးဇီလန်နိုင်ငံများကဲ့သို့ ၀က်မင်စတာ လွှတ်တော်နိုင်ငံရေး ကို လက်ခံ ကျင့်သုံးလျက်ရှိသော နိုင်ငံများသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး အယူအဆသဘောတရားများကို ၄င်းတို့၏နိုင်ငံရေးတွင် လက်ခံကျင့်သုံးလာကြောင်း တွေ့ရှိရပေမည်။ အာရှတွင် သီးခြားတရားရုံးများဖြင့် မြန်မာနိုင်ငံအပါအ၀င် တောင်ကိုရီးယားသမ္မတနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ ထိုင်ဝမ်နိုင်ငံ တို့တွင်လည်း အထင်ကရ ပါဝင်ဆောင်ရွက်လျက်ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ပါ ပုဒ်မ ၃၂၃၊ ၃၂၄ တို့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ဖွဲ့စည်းပုံဥပဒေအခြေခံ ဆိုင်ရာ နိုင်ငံရေးဆုံးဖြတ်ချက်သည် အပြီးသတ် အတည်ဖြစ်ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး သည် အမြင့်ဆုံးသော နိုင်ငံတော် အဖွဲ့အစည်း ဖြစ်ကြောင်း သက်သေပင်ဖြစ်သည်။မွန်ဂိုလီးယားနိုင်ငံ၊ တောင်အာဖရိကနိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံး ကဆုံးဖြတ်ပေးခဲ့သည့် မည်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေ(Constitution as Applicable or Governing Law)သည် အတည်ဖြစ်ကြောင်း ဆုံးဖြတ်ပေးခဲ့ကြသည့် ဆုံးဖြတ်ချက် သာဓကများသည်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး နည်းလမ်းအားဖြင့် အစိုးရသစ်တစ်ရပ်ကိုပင် ဖန်တီး မွေးဖွားပေးနိုင်ကြောင်း စီရင်ပိုင်ခွင့်အာဏာ ၏ကျယ်ပြန့် လှသော အခန်းကဏ္ဍများကို လေ့လာတွေ့ရှိနိုင်ပါသည်။
နိုင်ငံရေး၊အများပြည်သူမူဝါဒ (Public Policy)၊ ရွေးကောက်ပွဲဆိုင်ရာ ပြသနာများနှင့် ကိုယ်ကျင့်တရား ဆိုင်ရာပြသနာများကို သာမန် နိုင်ငံရေးနည်းလမ်းများ ဖြင့် ဖြေရှင်းဆောင်ရွက်ရာတွင်ဝိ၀ါဒကွဲပြားမှုများ၊ သောင်မတင်ရေမကျဖြစ်မှုများ၊ ၀ိဝါဒဖြစ်မှု(Dilemmas)၊ မတူကွဲပြားမှု (Disagreement) ဖြစ်မှုများ ကို အချိန်တို အတွင်း (Speedy Trial)တရား စီရင်ရေး နည်းလမ်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများကသာလျှင် ဆုံးဖြတ်ဆောင်ရွက်နိုင်သည်။ တရားစီရင်ရေးနှင့်တရား သူကြီးတို့၏ အခန်း ကဏ္ဍသည် ရှေ့တန်းသို့ ရောက်ရှိနေသောကြောင့် ဒီမိုကရေစီ၏ အခြေခံစံနှုန်းများဖြစ်သည့် အများစုသည် အနိုင် (Majority Right) ကို ချိုးဖျက်သကဲ့သို့ပင် ဖြစ်သည်။
သို့သော်လည်း John Rawl ၏ Theory Of Justice, Justice as Fairness ကဲ့သို့သော လုပ်ထုံး လုပ်နည်း အသစ်များကို တရားစီရင်ရေးတွင်ထည့်သွင်းထားသဖြင့် နစ်နာသူအနည်းစုသည်လည်း ၄င်းတို့နှင့် လိုက်လျောညီထွေ သည့် အကျိုးခံစားခွင့်များကိုခံစားရမည်ဖြစ်ကြောင်း၊ သို့မှသာလျှင် ဒီမိုကရေစီ၏ အခြေခံ စံနှုန်းဖြစ်သော အများစုအနိုင်(Majority Right) ကို ခံစားနိုင်အောင် ထည့်သွင်းကျင့်သုံးထားသည်။
နိုင်ငံဖြတ်ကျော် နိုင်ငံတကာခုံရုံးများတွင်လည်း ယနေ့လက်ခံကျင့်သုံးအကောင်အထည်ဖော်နေသည့် တရားစီရင်ရေးနည်းလမ်းများ ကျင့်သုံးဆောင်ရွက်မှု အယူအဆများနှင့်သဘောထားတူညီသည်။ တရားစီရင်ရေး နည်းလမ်းဖြင့် ဆောင်ရွက်သော(၂၀၀၀)ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ် ၊ တောင်အာဖရိက နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသစ်၏အခန်းကဏ္ဍ၊ဥရောပသမဂ္ဂတွင် ဂျာမနီနိုင်ငံ၏အခန်းကဏ္ဍ နှင့် အဆင့်ကို သတ်မှတ်ခြင်း၊ ချေချင်းညှာစစ်ပွဲများ၊ အာဂျင်တီးနားနိုင်ငံ၏ စီးပွားရေးမူဝါဒ၊ အစ္စရေးနိုင်ငံ၏တည်ထောင်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ပါဝင်သော”ဂျူးများနှင့် ဒီမိုကရေစီနိုင်ငံတော်”၊ ကနေဒါပြည်ထောင်စုနိုင်ငံနှင့် ကျူးဘက်ပြည်နယ်ခွဲထွက်မှု နိုင်ငံရေးဖြစ်စဉ် စသောဖြစ်ရပ်များနှင့် အပူတပြင်းငြင်းခုံဆုံးဖြတ်ခဲ့ရသော ကမ္ဘာ့ နိုင်ငံများ၏ နိုင်ငံရေးပြသနာများသည် နိုင်ငံဖြတ်ကျော် နိုင်ငံတကာခုံရုံးများမှ နိုင်ငံရေးကိုတရားစီရင်ရေး နည်းလမ်းကျင့် သုံးလျက် ဖြေရှင်း ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ ရသော သာဓကဖြစ်ရပ်ဖြစ်သည်။
နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် တရားဥပဒေစိုးမိုးရေးဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နိုင်ငံရေး၏အန္တိမရည်ရွယ်ချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများက တရားစီရင်ရေး နည်းလမ်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းကြောင့် ဒီိမိုကရေစီတရားစီရင်ရေး ဥပဒေပြု အာဏာတို့ တစ်စုံ တစ်ရာအားနည်းကြလျှင် ထိုနိုင်ငံရှိ လူမှုဝန်းကျင်သည် အလားအလာမကောင်း တတ်သလို လူ့အဖွဲ့အစည်း၏ လုံခြုံရေးသည်လည်း အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်ခံရခြင်းကို ကာကွယ်ရာရောက်မည်။
ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်း၊ ပြည်သူတို့ကအပ်နှင်းထားသော အုပ်ချုပ်ရေးအာဏာကို ကိုင်စွဲပြီး ပြည်သူ့ ကောင်းကျိုးဝန်ကိုထမ်းရသည့် အဖွဲ့သည် အစိုးရပင်ဖြစ်သည်။ နိုင်ငံ၏အနာဂတ်သည် အုပ်ချုပ်ရေး အာဏာ သုံးစွဲသူတို့၏ပညာ၊ အမြော်အမြင်ပေါ်တွင်မူတည်သည်။ ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် တစ်ခုဖြစ်သော တရားဥပဒေနှင့်တရားစီရင်ရေးကို တစ်စုံတစ်ရာ အင်အားရှိအောင် ဆောင်ရွက်ပေးခြင်းသည် ပြည်သူနှင့်လူ့အသိုင်းအ၀ိုင်းကိုစောင့်ရှောက်ခြင်း၊ လုံခြုံမှုပေးခြင်း၊ အာမခံချက်ပေးခြင်း ဖြစ်သည်ဟုခံယူထားပြီး တရားဥပဒေနှင့်တရားစီရင်ရေးကို တစ်စုံတစ်ရာပံ့ပိုးထောက်ပံ့သင့်ပြီး တရားရုံးများနှင့် တရားသူကြီးများ ကလည်း သင်္ကေတချိန်ခွင် ကို အလှဆင်သည်ထက် ပိုပြီးတန်ဖိုးထားတတ်ကြရန် လိုအပ်ပေမည်။

(မျိုးသန့်MNA)
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment