လတ်တလောဖြစ်သွားတဲ့ ကိစ္စတွေမှာ အဖွဲ့ ၂ဖွဲ့ နဲ့  ကြားက ပြည်သူဆိုတဲ့ Third Party
ဝေဖန်ချင်း သိပ်မလုပ်ချင်ပေမဲ့ တကယ့် ပြည်သူ ၀င်လာရင် ဘယ်လိုဖြစ်မယ်ဆိုတာကို ဆရာမ ခင်ခင်ထူးရဲ့  အညာသူ အညာသားထဲကနေ ခိုးချ (အဲ ကူးချပြလိုက်ပါတယ်ခင်ဗျား)
နောက် အတွေ့ အကြုံ တစ်ခုကတော့ ရွာမှာ လာကသည့် ဇာတ်ပွဲ တစ်ပွဲမှာ ဖြစ်သည်။ ထုံးစံအတိုင်း အမေကြီးနောက် တစ်ကောက်ကောက် လိုက်ရင်း ကျွန်မကတော့ ကလေးပီပီ ဆိုင်းသံ ဗုံသံတွေ ကြားမှာ အိပ်ပျော်နေခဲ့သည်။
တစ်ရေးနိုးတော့ နောက်ပိုင်းဇာတ်ထုပ်ခင်းနေပြီ။ အပူတိုက်ခန်း ရောက်နေပြီ။ ဇာတ်ထုပ်ကိုတော့ ကျွန်မ မမှတ်မိပါ။ မင်းသမီးကလေးကို တိုင်းတော်ပြည်တော်ကနေ နှင်နေသည့် အခန်း။ မင်းသမီးက အထုပ်ကလေးကို ခေါင်းပေါ်ရွက်ထားရင်း ငိုချင်းချနေသည်။ ဘေးက ဓားကြပ်ဝန်က (အမေကြီးကတော့ တစ်ကျပ်ဝန်တဲ့) ဇာတ်မနာနာအောင် မင်းသမီးကို နှိပ်စက်နေသည်။ မင်းသမီးက ငိုလိုက်၊ ဓားကြပ်ဝန်က ဓားနှင့် မင်းသမီးခေါင်းပေါ်က အထုပ်ကို ဖိထားလိုက်။ မင်းသမီးက အလွမ်းသယ်လို့ မပြီးနိုင် မစီးနိုင်ဖြစ်နေတုန်း အမေကြီးက ၀ုန်းဆို ဇာတ်ခုံပေါ်ကို တက်သွားခဲ့ပြီ။ ဇာတ်ထဲက လူတွေရော ပရိသတ်ကပါ ကြောင်ကြည့်နေကြတုန်း အမေကြီး မီးရောင်အောက် ရောက်လာပြီး ဓားကြပ်ဝန်လက်ထဲက ဓားကို လုသည်။ ကျွန်မကတော့ ကျွန်မဘေးမှာ ထိုင်နေရင်းက ထသွားသည့် အမေကြီးကို ဇာတ်စင်ပေါ်မှာ ပေါ်လာမည် မထင်ခဲ့ပါ။
``နင်က အထုပ်ဖိထားတော့ သည်ဟာမ ဘယ့်နှယ်လုပ် ထနိုင်မှာတုံး။ နင်က ဟောသည့်ဓားကို ဟောသလို ဖယ်လိုက်တော့ ... ကိုင်းညဉ်းကလဲ ထ၊ ငိုလို့ ပဲ မပြီးနိုင်ဘူး တကတည်း´´
ဓားကြပ်ဝန်၏ ဓားက အမေကြီးလက်ထဲမှာ။ အမေကြီးလည်း ဇာတ်ခုံအောက်ဆင်းလာရော မင်းသမီးရဲ့ ငိုချင်းခန်းလဲ ပြီးသွားရော၊ ပွဲခင်းတစ်ခုလုံး အသံတွေ ဆူညံနေသည်။ အမေကြီးက သူ့  ကြေးဖလား ၀င်းဝင်းကြီးကို ကောက်ယူတဲ့ပြီး ပြောင်းဖူးဖက်လိပ်ကြီး တထောင်းထောင်းဖွာရင်းက အလုပ်တစ်ခု ပြီးစီး အောင်မြင်လာဟန်မျိုးဖြင့် ဗျစ်တောက် ဗျစ်တောက် လုပ်နေသည်။
``ကိုင်း ... အခုလို ထလုပ်လိုက်တော့ ပြီးရောမှုတ်လား.. တကတည်းတော် သေချင်းဆိုးက တိုင်းပြည်ကလဲ နှင်သေး၊ အထုပ်လဲ ဓားနဲ့ ဖိထားသေး... သောက်မြင်ကပ်ချက်တော့.. ခုံဖနပ်နဲ့ မှ မခုတ်ခဲ့ရ´´
ကဲ ဓားကြပ်ဝန်ရော မင်းသမီးရော၊ ပြည်သူ တကယ်ဝင်လာရင် ဒီလိုဖြစ်မယ်ခင်ဗျား။
1 မှတ်ချက်ကလေးရေးပေးနော်.:
သိပ် ကောင်း.... ရည်ညွှန်း လိုက်ပုံများ...
Post a Comment