ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ လာမယ့် ဇူလိုင်လကျရင် ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ အားကစားနည်း ၄ မျိုးလောက်မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံ အားကစားနဲ့ ကာယပညာဦးစီးဌာနက စုံစမ်းသိရပါတယ်။
မြန်မာယှဉ်ပြိုင်မယ့် အားကစားနည်းတွေကတော့ မြားပစ်၊ သေနတ်ပစ်၊့ အနောက်တိုင်း လှေလှော် ကစားနည်းနဲ့ ပြေးခုန်ပစ် ပြိုင်ပွဲတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်မယ့် အားကစားသမားတွေအနက် မြားပစ်မှာ နေမျိုးအောင်၊ သေနတ်ပစ်မှာ မောင်ကြူးနဲ့ အနောက်တိုင်း လှေလှော်ပြိုင်ပွဲမှာ မရွှေစင်လတ်တို့ ၃ ဦး သေချာပေါက် သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။
“ကျနော်တို့က Qualification ကတော့ သိပ်မမီဘူး၊ မမီတော့ ဟိုဘက်ကနေ ပေးတာတွေရှိတော့ ကျနော်တို့ သေချာတာတော့ သုံးယောက်ပဲဖြစ်သေးတယ်။ မြားပစ်က နေမျိုးအောင်၊ သေနတ်ပစ်က မောင်ကြူး၊ လှေလှော်အားကစားမှာ မရွှေဇင်လတ်ပါ။”
မြားပစ်၊ သေနတ်ပစ်နဲ့ အနောက်တိုင်းလှေလှော် ကစားနည်းအပြင် ပြေးခုန်ပစ် ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် မာရသွန် ပြိုင်ပွဲနဲ့မီတာ ၄၀၀ ပြေးပွဲတွေမှာ ဝင်ပြိုင်မယ့် အားကစားသမား ၂ ဦးလောက်ကိုလည်း လေ့ကျင့်ပေးထားတဲ့အကြောင်း ဒါပေမယ့် အတည်တော့ မပြုနိုင်သေးဘူးလို့ အိုလံပစ်ကော်မတီက ပြောပါတယ်။
“ကျန်တာတော့ ပြေးခုန်ပစ်က တယောက်၊ နီလာစမ်း၊ အမျိုးသမီးမာရသွန်နဲ့ နောက်တခါ သက်ဇော်ဝင်းက မီတာ ၄၀၀ အပြေးပြိုင်၊ အဲဒါတော့ စောင့်တုန်းပဲ။ ပြန်မရောက်သေးဘူး။”
ရန်ကုန် အင်းယားလမ်း မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှာတော့ အိုလံပစ်ပွဲအတွက် ရည်ရွယ်ပြီး မရွှေဇင်လတ်နဲ့ ကိုဝင်းထိုက်တို့ကို လေ့ကျင့်ပေးထားတယ်လို့ လှေလှော် အဖွဲ့ချုပ်က ပြောပါတယ်။
အနောက်တိုင်း လှေလှော်ပြိုင်ပွဲမှာ ဝင်ပြိုင်မယ့် မရွှေစင်လတ်ဟာ ပြီးခဲ့တဲ့ ဧပြီလက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ လှေလှော်ပြိုင်ပွဲ အရည်အချင်းစစ်ပြိုင်ပွဲမှာ ၁၆ နိုင်ငံမှာ အဆင့် ၇ ရပြီးနောက် ခုလို လန်ဒန်အိုလံပစ်ပွဲမှာ ဝင်ယှဉ်ပြိုင်ခွင့်ရတာလို့ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်က ဒေါက်တာ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။
“လောလောဆယ်တော့ ရွှေစင်လတ်ကို လေ့ကျင့်ပေးနေတယ်။ ပြိုင်မှာက မိန်းကလေးက ရွှေစင်လတ်၊ အားလုံးကျမတို့ဆီမှာ သုံးမျိုးရှိတာကို၊ အခုလောလောဆယ် ၂ မျိုးအတွက်ကို တင်ထားပါတယ်။ အမျိုးသားက ဝင်းထိုက်။ ရွှေစင်လတ်ကတော့ တောင်ကိုရီးယားမှာ အရည်အချင်းစစ်ပြိုင်ပွဲမှာ ၁၆ နိုင်ငံမှာ ၇ ဝင်တယ်။ ပုံမှန်ကတော့ အဆင့် ၅ ဝင်ရတယ်။ ဒါပေမယ့် နိုင်ငံအလိုက် တောင်းလိုက်တော့ ခွင့်ပြုချက်ရတယ်။ ပြိုင်ဘက်တွေကတော့ နိုင်ငံအများကြီးလာမှာဆိုတော့ ဆုတံဆိပ်က မှန်းဖို့မလွယ်ဘူး။ ဒါပေမယ့် ကြိုးစားရမှာပေါ့။”
အလားတူ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်ကလည်း ကိုနေမျိုးအောင် အပြင် ကိုဇော်ဝင်းထိုက်ကိုလည်း လေ့ကျင့်ပေးထားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက မြားပစ်၊ ရေကူး၊ ပြေးခုန်ပစ်နဲ့ လှေလှော်ပြိုင်ပွဲတွေ သွားရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတံဆိပ်ရခြင်းတော့ မရှိပါဘူး။
၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲကို ဇူလိုင်လ ၂၇ ရက်ကနေ ဩဂုတ်လ ၁၂ ရက်ထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်က အားကစားသမား ၁ သောင်းကျော်ဟာ အားကစားအမျိုးအစား ၂၆ မျိုးလောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ပီတာအောင် - ဒီဗွီဘီ
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment