ခုတလော ဘာဖြစ်နေတယ် မသိပါ face book တွင် စာရေးပြီး နာမည်ကြီးနေသူတို့ကို အားကျမိသည် ။ သူတို့လို အရမ်းနာမည်ကြီးချင်သည် ဆရာစိုးမင်း ဆိုလျှင် စာရေး အရမ်းကောင်းတာကြောင့် ကမ္ဘာပေါ်တွင် face book သုံးတဲ့ မြန်မာနိုင်ငံသားရှိသည့် မည်သည့်နိုင်ငံကိုသွားသွား မျက်နှာပွင့်သည် ကျွေးမွေးဧည့်ခံ ချင်သူများသည် ။ သူ့လို စာရေးကောင်းသူတစ်ယောက်ဖြစ်ချင်သည် ခက်တာက ကိုယ်က သူ့လိုရေးနိုင်ဖို့တော့ ဒီတစ်သက် ဖြစ်နိုင်စရာ မမြင် ။ ရန်ကုန်က မျိုးသက်ပိုင်တို့လို သမိုင်းကြောင်းနှင့်ချီ၍ ရေးတာလည်း အားကျမိသည် ခက်တာက ကိုယ်ကျောင်းနေတုန်းက သမိုင်းဆို စိတ်မဝင်စား တစ်ခါက သူငယ်ချင်းနဲ့ ရောက်တတ်ရာရာပြောရင်း အိန္ဒိယကို ပါတော်မူသွားတဲ့ မင်းတုန်းမင်း လို့ပြောမိလို့ အဟားခံရဖူးသည် ။ မလေးက ကိုအောင်စိုးတို့လို အရေးအသား ခပ်သွက်သွက်နှင့် ဟာသလေးတွေ ရေးချင်သည် ဒါပေမယ့်ကိုယ်က သူ့လို အမြဲတမ်း ရယ်စရာ ရေးနိုင်လောက်အောင် ဟာသဥာဏ် မရှိ ။ နိုင်ထူးအောင်လိုတော့ မရေးချင်ပါ သူ့စာတွေဖတ်ရတာက ဘာတွေမှန်းမသိ ခေါင်းစားသည် ။ လူ အယောက် ၂၀ လောက် Tag လုပ်ပေးတာတောင် ၁၀ ယောက်လောက်သာ Like လုပ်ကြသည် ။ တစ်ချို့ဆို Remove tag ပင်လုပ်သွားကြသေးသည် ။
အင်း … ခက်ပါတယ်လေ ဘယ်လိုရေးရပါ့ … အာ … ဟုတ်ပြီ … ဒီနေ့ အလုပ်က အပြန် ကားပေါ်မှာ အော်ကြီးဟစ်ကျယ် ဖုန်းပြောနေတဲ့ ကိုယ်ရွှေမြန်မာတစ်ယောက်ကြောင့် အားလုံးက လှောင်ပြုံးလေးနှင့် ပြုံးနေကြတာ ကြုံခဲ့ရသည် ။ ဟုတ်ပြီ … လူတွေရဲ့ အကျင့်စရိုက် မပြင်နိုင်လို့ ပြဿနာတက်ခဲ့ဖူးသည့် အကြောင်းလေး ခေါင်းထဲ ဝင်လာသည် အဲ့ဒါလေးကို ကိုအောင်စိုးရေးသလို ခပ်သွက်သွက်လေး ဖြစ်အောင် ဘီယာသောက်ပြီး ရေးလိုက်မယ် လာလေ့ … ။
အပြော မတတ်တော့ ဆဲသလို
ရောမကို ရောက်လျှင် ရောမ လိုကျင့်ရမည် ဆိုတော့ စကားပုံကို ဘယ်ပညာရှိက ပြောခဲ့သည်မသိပါ ။ မြန်မာနိုင်ငံကို လာလည်သော အဖြူကောင် တိုးရစ်တွေ မြန်မာပြည်မှာ ငါးပိရည်နှင့် ထမင်းမစားသည်ကို ကြည့်၍ သိုးဆောင်းတို့ရဲ့ စကားပုံ မဟုတ်ဟုတော့ ခန့်မှန်းမိပါသည် ။ ၄င်း စကားပုံမှာ ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာ လူမျိုးများ အတွက် ပြည်ပနိုင်ငံ ရောက်သည့် အခါ ၄င်းရောက်ရှိရာ နိုင်ငံ၏ အလေ့အကျင့် ၊ စရိုက် ၊ စည်းကမ်း အတိုင်း လိုက်နာ နေထိုင်ရန် အတွက် ရည်ရွယ်ခဲ့ဟန် တူပါသည် ။ သို့သော် ယခု အခါတွင် မြန်မာလူမျိုးတွေ ကမ္ဘာ့နေရာ အနှံ့အပြားသို့ ရောက်ရှိနေကြပြီဖြစ်သော်လည်း ရောမ ရောက်လျှင် ရောမလိုကျင့် ဆိုတော့ စကားပုံကို တွင်တွင် သုံးနေပြောနေကြပေမယ့် ထိုစကားပုံ၏ ဆိုလိုချက် အတိုင်း မည်သူမျှ မလိုက်နာကြပါ ။ မိမိတို့၏ အကျင့် ၊ ဗီဇ ၊ ဝါသနာ အတိုင်း ပြုမူကျင့်ကြံ ပြောဆိုလျှက်သာ ရှိကြလေသည် ။
မြန်မာနိုင်ငံတွင် နေခဲ့စဉ်က တယ်လီဖုန်းနှင့် ထိတွေ့ သုံးစွဲဖူးသူတို့သည် ဖုန်းပြောသည့်အခါ ကျယ်လောင်စွာပြောလေ့ရှိကြသည် ။ ပြည်ပမှ ဖုန်းလိုင်းတို့သည် နှစ်ကိုယ်ကြားလေသံဖြင့် ပြောလျှင်ပင် ကြည်လင်စွာ ကြားရသော်လည်း မြန်မာပြည်က အကျင့်ပါလာသောကြောင့်ဖြစ်ပါသည် ။ လူသိပ်မကြပ်လှသော ဘစ်ကားပေါ်သို့လည်း တွန်းတွန်းတိုက်တိုက်ဖြင့် တိုး၍ တက်တတ်ကြသည် ရန်ကုန်က လိုင်းကား စီးခဲ့ရသောကြောင့် အကျင့်ပါနေခြင်း ဖြစ်ပါသည် ။ လမ်းသွားရင်း ကွမ်းစားတတ်သည် ကွမ်းစားရင်း ကွမ်းတံတွေးကို အမှုမဲ့ အမှတ်မဲ့ ထွေးတတ်ကြသည် ပြဿနာ တက်ဖူးသူများလည်း ရှိပါသည် ။ ထိုသို့ အကျင့်တို့မှာ အသက်ကြီးလာမှ စွဲကပ်လာသော အကျင့်တို့ ဖြစ်၍ သတိနှင့်ယှဉ်၍ ပြင်လျှင် ပြင်၍ ရနိုင်သော ပြင်ပ အပရိက အစွဲများသာ ဖြစ်ပါသည် ။ ဒါပေမယ့် လူမှန်းသိတတ်ခါစကတည်းက စွဲလာသော အစွဲတို့မှာ ပြင်၍ မရနိုင်ပေ သတိလက်လွတ်ဖြစ်ခါ ပြုမူ တတ်ကြသည် ။
ကျွန်တော်တို့တစ်တွေ စရောက်ခါစက လုပ်ရတဲ့စက်မှာ ဘင်္ဂလားဒေ့ရှ် လူမျိုးတွေက ကိုယ့်ထက် အရင်ရောက်နေတဲ့ နှစ်ကြီးသမားတွေ ဆိုတော့ သူတို့ရဲ့ ဆရာလုပ် ဗိုလ်ကျတာ ခံခဲ့ရတယ် ။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာတွေဆိုတာက ကိုယ့်မြန်မာနိုင်ငံမှာသာ လူကြားထဲ ရန်ဖြစ်ရင် ပုဆိုးကျွတ်ပြီး အရှက်ကွဲမှာ ကြောက်ရတာကြောင့် တော်ရုံကိစ္စလောက်နဲ့ဆို ရန်မဖြစ်ရဲဘဲ သီးခံခဲ့ရသမျှ နိုင်ငံခြားရောက်လာတော့ ပုဆိုးဝတ်စရာ မလိုတော့ဘဲ ဘောင်းဘီသာ အမြဲဝတ်ရတာကြောင့် ရန်ဖြစ်ရင် ပုဆိုးကျွတ်ကျမှာ မကြောက်ရဘူး ဒါကြောင့် နည်းနည်း စကားများတာနဲ့ ထ ရန်ဖြစ်တတ်ကြတယ် ( အွန်လိုင်းမှာ ရန်ဖြစ်ဖို့ ဝန်မလေးကြတာကလည်း ပုဆိုးကျွတ်မှာ မပူရလို့ ထင်ပါရဲ့ ) ။ စက်ရုံမှာလည်း ကျွန်တော်တို့ မြန်မာတွေ ရောက်လာမှ တစ်လကို အနည်းဆုံး ရန်ပွဲ တစ်ပွဲတော့ ဖြစ်လေ့ရှိတယ် အခြား လူမျိုးနဲ့ သော်လည်းကောင်း ကိုယ့်လူမျိုး အခြင်းခြင်းသော်လည်းကောင်း ပေါ့ ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဂျပန် ဆာမူရိုင်းတွေ မဟုတ်လို့ ရန်ဖြစ်သည့်အခါ ဓါး မကိုင်တတ်ကြသလို တရုတ် ရှောင်လင် ကျောင်း မတက်ဖူးတာကြောင့် အတွင်းအားလည်း မကောင်းကြပါ ဒါ့ကြောင့် ရန်ဖြစ်သည့်အခါ ဘယ်သူမှ ဆိုးဆိုးရွားရွား ဒါဏ်ရာ မရကြသလို ဒီနေ့ ရန်ဖြစ်ပြီး နဘမ်းသတ်ကြပေမယ့် နောက်နေ့ကျ ဘာရန်ငြိုးမှ မထားဘဲ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံ တတ်ကြတာကြောင့် ပြဿနာ ကြီးကြီးကျယ်ကျယ်တော့ မဖြစ်ကြပါ ။ အဲ့လို မကြာခဏ ရန်ဖြစ်တတ်တာကြောင့် မြန်မာတွေ အပေါ် ဘင်္ဂလား လူမျိုးတွေ အရင်ရောက်ခါစလောက် ဗိုလ်မကျရဲတော့ ။
ကျွန်တော်တို့ အဖွဲ့မှာ ဘယ်သူနဲ့မှ ပြဿနာတက်ဘဲ အားလုံးနဲ့ ပြေပြေလည်လည် နေတတ်တဲ့ ငတင့် ဆိုတဲ့ လူတစ်ယောက်ရှိတယ် ။ သူဟာ ခပ်ပိန်ပိန်ပါးပါးနဲ့ စကားပြောရင် အခြောက်လို ပြောတတ်တယ် တကယ်တော့ အခြောက် မဟုတ် ။ သူနဲ့ စကားပြောတဲ့ အခါမှာ သူ့ကို စရင်း နောက်ရင်းနဲ့ သူပြောသလို ကောင်မရယ် ဘာရယ် ပြောရာမှ ကျွန်တော်ပါ မိမိနှင့် ခင်မင်ရင်းနီးသော သူများကို စနောက်လျှင် အခြောက် လေသံနှင့် စတတ်နောက်တတ်သည့် အကျင့်က စွဲလာခြင်း ဖြစ်ပါသည် ။
တစ်နေ့ ကျွန်တော်တို့ အလုပ်ဝင်တဲ့ ချိန်မှာ ငတင့် တစ်ယောက် ချောင်းသံလေး တဟွတ်ဟွတ်နှင့် ဖြစ်နေတာကြောင့်
“ ဟဲ့ … ကောင်မ တီဘီဖြစ်နေတာလား သေတော့မလို့လား ” ဟုလှမ်းနောက်ရာ
“ လင်မရသေးဘဲနဲ့တော့ မသေနိုင်သေးပါဘူး ကောင်မရယ် အဟွတ်ဟွတ် ” ဟု
အသံပြုရင်း သူ့အလုပ်ဆိုဒ်သို့ ထွက်သွားလေသည် ။ သူနှင့် ကျွန်တော်တို့က အလုပ်ဆိုဒ် မတူပါ သူလုပ်ရသည့်ဆိုဒ်မှာ သူ့ထက် အရင်ရောက်နေသော ဘင်္ဂလား တစ်ယောက်၏ အနိုင်ကျင့် ငေါက်ငမ်း ခိုင်းစေသည့် ဒါဏ်ကို ခံရသည် ။ ဒါပေမယ့် သူပြေလည်အောင်သည် ဘယ်သော အခါမှ ပြဿနာ မတက် ထို ထောင့်မကျိုးသော ဘင်္ဂလား ကိုကျွန်တော် လည်း သိပ်ကြည့်မရပေမယ့် သွားရန်ဖြစ်ဖို့တော့ စိတ်မကူးမိ သူနှင့် ကျွန်တော်က ဆိုဒ်ခြင်း မတူ ။ သူများဆိုဒ်ကို သွားရန်ဖြစ်လျှင် မိမိသာ အလွန်ဖြစ်ခါ အထက်လူကြီး၏ ဒါဏ်ပေးမှုကို ခံရမည့် အပြင် ထို ဘင်္ဂလား အကောင်လည်းထွားသည် ရန်ဖြစ်လည်း ကိုယ်က နိုင်မည့် ပုံမပေါ် ဒါ့ကြောင့် အသာ လက်ရှောင်နေခြင်းဖြစ်သည် ။
ညနေသုံးနာရီ တီးတိုင်း နားချိန်တွင် ငတင့် ရန်ဖြစ်လို့ ဆိုသည့် အသံကြားတာကြောင့် ကျွန်တော် အပြေး တစ်ပိုင်းနှင့် သွားကြည့်တော့ အကောင်သေးသော ငတင့် မည်သို့လုပ်လိုက်သည်မသိ ဘင်္ဂလားကောင်မှာ မျက်နှာ ရှုံ့မဲ့နေရင်း ခုန်ဆွ ခုန်ဆွ လုပ်နေရသည် ။ ငတင့်ကတော့ ဘာမျှ ဖြစ်ပုံ မပေါ် ဒါ့ကြောင့် ရန်မဖြစ်ဖူးတဲ့ အကောင် ဒီနေ့မှ ရန်တွေ ဖြစ်လို့ပါလား အထူးအဆန်းပဲလို့ တွေးရင်း သတင်းမေးဖို့ သူ့ဆီရောက်လာခဲ့တယ် ။
“ ဘယ်လို ဖြစ်တာလဲ ဟ ငတင့်ရ ”
“ မသိပါဘူးကွာ အလုပ်နားချိန်ရောက်လို့ ချောင်းဆိုးတာနဲ့ လျက်ဆား ထိုင်လျက် နေတာကို သူက ချိုကြည့်လာကြည့်တယ် ( ဂျို ဂျိ ကြည့်တယ် ဟုတ်ဖတ်ပါ ) ။ ငါလည်း ဘာတုန်းဟ လို့တွေးရင်း ထပ်လျက်တော့ လက်သီးဆုပ်ပြတယ် ခက်တော့နေပါပြီ ဒီကုလားနှယ်လို့ တွေးရင်း နောက်ထပ် ထပ်လျက်တော့ ငါ့ကို နရင်းလာရိုက်တာနဲ့ စိတ်ထဲ ထောင်းခနဲ ဖြစ်သွားပြီး ထထိုးပစ်တာ သူကလည်း လုပ်တယ် ဒါပေမယ့် ရေရှည်ဆို ငါမနိုင်မှာစိုးလို့ ပေါင်ချားကို ခြေဖျားနဲ့ အသာခတ်လိုက်တာ အဘား … လို့အော်ပြီး ဒူးထောက်ကျသွားတာပဲ ဒီတော့မှ သူ့လူတွေက လာဆွဲကြတာလေ အဟွတ် အဟွတ် … ” လို့ရှင်းပြပြီး ချောင်းဆိုးလာလို့ သူ လျက်ဆား ထုတ်လျက်နေပြန်ရော ။
ဒါနဲ့ ကျွန်တော်လည်းစဉ်းစားရတယ် ဒီဘင်္ဂလား ဘာ့ကြောင့် အကြောင်းမဲ့ ကိုယ်ထိလက်ရောက် ရန်စရတာလဲ ဒီထက်ပိုဆိုးလာရင်တော့ ရုံးခန်းကို တိုင်မှ ဖြစ်မယ်လို့တွေးနေမိတယ် ။
သူစလုပ်တာ သေချာလားလို့ မေးမလို့ ငတင့်ကို ကြည့်လိုက်တော့မှ သူလျက်ဆား လျက်နေတာကို မြင်မိပြီး ကြက်သီးထခါ ရန်ဖြစ်ရတဲ့ အကြောင်းကို သဘောပေါက်သွားရတယ် ။ ကျွန်တော်တို့ မြန်မာတွေက ဆေးဖျော် ဆေးလျက်တဲ့ အခါမှာ လက်ခလယ် ကိုသာ အသုံးပြုပြီး မွှေကြ လျက်ကြတဲ့ အကျင့်က ငယ်ငယ်လေးကတည်းက မိဘက သင်ပေးတဲ့ အတိုင်းစွဲလာတော့ ခုသူလည်း လျက်ဆား လျက်တဲ့ အခါမှာ လက်ညိုး၊ လက်သကြွယ် ၊ လက်သန်း တို့ကို ဆုပ်ပြီး လက်ခလယ် တစ်ချောင်းသာ ထောင်ပြီး လျက်နေတာကိုး လျက်ရုံနဲ့ မပြီးတဲ့ အပြင် စုပ်ပါ စုပ်ပြလိုက်တော့ ဘင်္ဂလား ခမျာ သူ့ဆဲတယ်လို့ ထင်တော့မှာပေါ့ ။
အဲ့တာကြောင့်ကို နရင်းရိုက်ပြီး ပြောရတယ်
“ ဟဲ့ကောင်မ နင့်ကို ဟိုက ရိုက်မှာပေါ့ နင်လုပ်နေတာက သူ့ကို ဆဲသလို ဖြစ်နေတာကိုး ” ဆိုတော့မှ
“ အာ ဟုတ်သားပဲ ဟီးဟီး ” တဲ့ … ဟိုဘင်္ဂလား ခမျာတော့ အောင့်သက်သက်မှ တကယ့် အောင့်သက်သက်ဖြစ်သွားမှာ အဆဲက ခံရသေး မတော်ရာကိုက ကန်ခံသေးနဲ့ … ။
ဒီတော့မှ ငတင့်က သွားတောင်းပန်လိုက်လို့ ပြဿနာက ရုံးခန်း မရောက်ဘဲ ပြီးသွားပါတယ် ။ အော် … အကျင့် အကျင့် အရိုးစွဲလာတော့ ပြင်လို့ မရ ။ အပြော မတတ်တော့ ဆဲသလိုတဲ့ ခုဟာက အနေအထိုင် မတတ်တော့လည်း ဆဲသလိုပါပဲလား … ။
ရွှင်လန်းချမ်းမြေ့ကြပါစေ …
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment