By ဇာဏီ၊ မတ်လ ၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်။
အဓမ္မ လယ်ယာမြေသိမ်းဆည်းခံရသည့် ပြဿနာများနှင့် အင်းမ အင်းအတွင်းရှိ ရေထိန်းဆည် စီမံကိန်းကြောင့် တောင်သူလယ်သမားတွေကြုံတွေ့နေရသော လယ်ယာမြေ ပြဿနာများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တခုကို ပြည်မြို့၊စည်တော်မင်္ဂလာရပ်ကွက်၊ အမှတ်(၁၃) နေအိမ်မှာ ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက် ၁၀း၀၀ နာရီအချိန်မှ နေ့လည် ၂း၃၀ အချိန်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဥပဒေအတိုင်ပင်ခံ ရှေ့နေ ဦးအောင်သိန်း၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်ကျော်ထွေး (ခ) ကိုမာကီးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးတို့ တက်ရောက် ဆွေးနွေးခဲ့ကြပြီး မကွေးတိုင်းနှင့် ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ကံမမြို့နယ်နှင့် သဲကုန်းမြို့နယ် စတဲ့ လေးမြို့နယ်မှာရှိတဲ့ ဒေသခံ တောင်သူလယ်သမား အယောက် ၇၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲဟာ တောင်သူ လယ်သမားများနှင့် လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများ အပြန်အလှန် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပါတယ်။
" အဓိကအားဖြင့် အဓမ္မ လယ်ယာမြေသိမ်းဆည်းခံရတဲ့ ကိစ္စတွေ၊ အတင်းအဓမ္မ လယ်ယာမြေ ရွှေ့ပြောင်းခံရတာတွေကို အဓိကထားပြီး ဆွေးနွေးသွားတယ်။ ဥပဒေသမားတွေကတော့ ဥပဒေပိုင်းဆိုင်ရာပေါ့နော် သူတို့ အဓမ္မ လယ်ယာမြေ သိမ်းခံရတဲ့ လယ်သမားတွေရယ်၊ အဓမ္မ ရွှေ့ပြောင်းခြင်းခံရတဲ့ လယ်သမားတွေကို ဥပဒေပိုင်းဆိုင်ရာ အန်ကယ် ဦးအောင်သိန်းတို့က ဥပဒေဘောင်အတွင်းကနေ ဆက်လက်ကူညီသွားမယ်။ ကျမကတော့ လယ်သမားတွေက အခုလို အဓမ္မ လယ်ယာမြေသိမ်းခြင်း ခံရတာတွေက လယ်သမားအဖွဲ့အစည်းတွေ မရှိလို့ ဒီလိုမျိုး မကာကွယ်နိုင်တာ ဖြစ်တယ်။ အခြေခံသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့တွေ ဖွဲ့ပြီးတော့ ပြည်နယ်နှင့်တိုင်းတွေမှာ ကျေးရွာတိုင်း ကျေးရွာတိုင်းတွေမှာ ဖွဲ့ပြီးတော့ လယ်သမားတွေက ကိုယ့်ရဲ့အခွင့်အရေးတွေ ကိုယ့်လယ်သမားတွေရဲ့ ဘဝမြှင့်တင်ရေးတွေကို ပူးပေါင်းပါဝင်ပြီးတော့ ဆက်လက်တောင်းဆိုသွားမယ်ဆိုရင် လယ်သမားတွေရဲ့အခွင့်အရေးတွေ ရနိုင်တယ်ဆိုတာ ပြောပြတယ်။ အခြေခံ လယ်သမား သမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့တွေ ဖွဲ့ဖို့ ကျမက တောင်းဆိုတယ်ရှင့်။ " လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
"အဓမ္မ လယ်ယာမြေ သိမ်းဆည်းခံရသည့် ပြဿနာများနှင့် သဲကုန်းမြို့နယ်အတွင်းရှိ အင်းမ အင်း ရေထိန်းဆည် စီမံကိန်းကြောင့် တောင်သူလယ်သမားတို့ ကြုံတွေ့နေရသော လယ်ယာမြေ ပြဿနာတွေကို အဓိကထား ဆွေးနွေးခဲ့တဲ့ နေရာမှာ ဒါတွေက စစ်တပ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်တဲ့ လုပ်ရပ်တွေက မှန်းဆလို့ မရနိုင်လောက်အောင် ကျနော်တို့ မမျှော်မှန်းခဲ့တဲ့ အရာမျိုးတွေ တွေ့ရတယ်။ စစ်တပ်ကနေပြီးတော့ ပန်းတောင်းမြို့နယ်အတွက်ဆိုရင် လယ်ယာမြေကို သိမ်းတယ်။ သိမ်းပြီးတော့ သီးစားခနဲ့ လုပ်ခိုင်းတယ်။ သီးစားခ မချနိုင်ဘူးဆိုရင် အဲဒီလယ်မြေကို အပြီးသိမ်းတယ်။ လယ်သမားတွေကို လယ်ယာမြေတွေက နှင်ထုတ်တယ်။ ဖြေရှင်းဆောင်ရွက်တဲ့အခါမှာ ပညာပေးတဲ့ သဘောအနေနဲ့ ခေါ်ပြီးတော့ နှိပ်စက်တာမျိုးတွေကို တွေ့ရပါတယ်။ "လို့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတဦးဖြစ်တဲ့ ကိုရဲထင်ကျော်က ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
" ဒီမှာ လယ်သမားတွေကို အများဆုံး တွေ့ရပါတယ်ရှင်။ တကယ်ကို ခွန်အားအပြည့်နဲ့ မျှော်လင့်ချက်တွေနဲ့ တက်ရောက်လာတဲ့ လယ်သမားတွေ အများကြီးတွေ့ရတယ်။ ကျမတို့ တော်တော်လေး ဝမ်းသာပါတယ်။ နောက်ပြီး သူတို့ပြောပြတဲ့ သူတို့ရင်ထဲက ခံစားချက်တွေ ကြားရတော့လဲ စိတ်မကောင်းဖြစ်မိတယ်။ ဒီလိုမျိုး မြို့နယ်တိုင်း မြို့နယ်တိုင်းတွေက အခုလိုမျိုး လယ်သမားတွေ ဒီနေ့ဆို ငါးရာလောက် ရှိတယ်ရှင်။ အဲလိုမျိုး အများကြီး တလ တခါလောက် အပြန်အလှန် ဆွေးနွေးပွဲ လုပ်မယ်ဆိုရင် လယ်သမားတွေက ပိုပြီးတော့ သူတို့စိတ်ဓာတ် ခွန်အားတွေ ပိုပြီးတော့ မြင့်မားလာမယ် လို့ မြင်ပါတယ်။ အဲလိုမျိုး နေရာတိုင်းမှာ ဖြစ်စေချင်တယ်။ " လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
" ကျနော်တို့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ လယ်သမားတော်တော်များများက အဓမ္မ လယ်ယာမြေအသိမ်းခံရတဲ့ကိစ္စတွေ၊ လယ်ယာမြေနဲ့ပတ်သတ်တဲ့ အဆင်မပြေတဲ့ ကိစ္စတွေကို အမျိုးမျိုး ခံစားနေရတယ်။ အဲဒီပြဿနာတွေကို တနေရာချင်း တခုချင်းစီအလိုက် ကျနော်တို့ ဖြေရှင်းတာကလဲ တမျိုးပေါ့။ အဲလိုပြဿနာတွေကို မြို့နယ်အလိုက် အစည်းအဝေးပွဲတွေ လုပ်မယ်။ တိုင်းဆိုလဲ တိုင်းအလိုက် အစည်းအဝေးပွဲတွေလုပ်ပြီး ပူးပေါင်းဖြေရှင်းသွားမည် ဆိုရင် ၇၅% သော တောင်သူလယ်သမားတွေရဲ့ ဘဝနဲ့ဆိုင်တဲ့ ပြဿနာတွေ ချုပ်ငြိမ်းသွားမယ်။ ကျနော်တို့အနေနဲ့ ဒီ အလုပ်ရုံဆွေးနွေးပွဲ ကနေပြီးတော့ မြန်မာနိုင်ငံတောင်သူ လယ်သမားအရေးအတွက် တစုံတခု သက်ရောက်မှု ရှိမယ်လို့ ကျနော် ယူဆပါတယ်။ "လို့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတဦးဖြစ်တဲ့ ကိုရဲထင်ကျော်က ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
" မြန်မာတနိုင်ငံလုံးမှာ လယ်ယာမြေကိစ္စတွေက ဒီတမြို့နယ်ထဲတင် မဟုတ်ပဲ မြို့နယ်တိုင်းမှာ အကုန်လုံး ရင်ဆိုင်နေရတာ၊ အဲတာတွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကျမတို့ လယ်သမား အလုပ်အမှုဆောင်အဖွဲ့တွေ ဖွဲ့စည်းပြီးတော့ ကာယကံရှင်တွေဖြစ်တဲ့ လယ်သမားတွေကနေပြီးတော့ ဥပဒေ ရေးဆွဲနိုင်တဲ့အထိ တောင်းဆိုနိုင်မှသာ ကျမတို့ရဲ့ လယ်သမားအခွင့်အရေးတွေ ရမှာ ဖြစ်ပါတယ်။ အဲတာကြောင့်မို့လို့ အားလုံးက အခြေခံသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့အစည်းတွေ ဖွဲ့စည်းတဲ့အခါမှာ ပူးပေါင်းပါဝင်ပေးစေချင်ပါတယ်လို့ မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ လယ်သမားတွေ အားလုံးကို ကျမက ပြောချင်ပါတယ်။ "လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲအတွင်း လယ်သမားအရေး ကူညီစောင့်ရှောက်နေသူတွေ၊ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ ဒေသခံ တောင်သူလယ်သမားတွေ ပူးပေါင်းပြီး မြန်မာနိုင်ငံတဝှန်းမှာ ဖြစ်ပေါ်နေတဲ့ အဓမ္မ လယ်ယာမြေ သိမ်းဆည်းနေတဲ့ ကိစ္စကို လက်ရှိတည်ဆဲအစိုးရ အနေနဲ့ အရေးတယူ ဆောင်ရွက်ပေးရန် စတဲ့ ဆုံးဖြတ်ချက် လေးချက်ကို ချမှတ်ခဲ့တယ်လို့ သိရှိရပါတယ်။
ဘားမားဗီဂျေ
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment