From : ခင်မောင်ညို (ဘောဂဗေဒ)
မြန်မာ့ စီးပွားရေး အ၀န်းအ၀ိုင်းမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ပြဌာန်းချက် အမှတ်၎ ကိုယ်စားလှယ်အဖွဲ့ လာရောက်တဲ့သတင်းဟ လှုပ်လှုပ်ရှားရှား ရှိတဲ့သတင်းတစ်ခု ဖြစ်ပါတယ်။ ဒီအဖွဲ့ကို မီရီလ် ကာရာဆူလူ Meral Karasulu (Deputy Division Chief',Asia and Pacific Department ,International Monetary Fund) ခေါင်းဆောင်ပြီး ၂၀၁၂ခုနစ်၊ ဇန်န၀ါရီလ၊ ၉ရက်နေ့ကနေ ၂၅ရက်နေ့အထိ လာရောက်ခဲ့ရမှာ ခရီးစဉ်အပြီး ဇန်န၀ါရီလ ၂၅ရက်နေ့ နေ့စွဲနဲ့ ကျေညာချက် တစ်စောင် ထုတ်ခဲ့ပါတယ်။ ဇန်န၀ါရီ ၂၅ရက်နေ့၊ နေ့လည် ၃နာရီအချိန်၊ ရန်ကင်း ဘဏ်သင်တန်းကျောင်းမှာ ဟောပြောပွဲတစ်ခု လုပ်ခဲ့ပါတယ်။
ဟောပြောပွဲမှာ နိုင်ငံတော်သမ္မတကြီးရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ပထမဆုံး သဘာပတိရဲ့ နိဂုံးချုပ် မိန့်ခွန်းကို ကောက်နှုတ်ဖော်ပြချင်ပါတယ်။ ဦးမြင့်က "အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့လို အဖွဲ့မျိုးက မြန်မာနိုင်ငံအပေါ် အခုလို အပြုသဘော ရှုမြင်တာ ကြားသိရတဲ့အတွက် ကျေနပ်စရာလို့ မြင်ပါတယ်။"
အဖွဲ့ခေါင်းဆောင်ရဲ့ တင်ပြဆွေးနွေးချက်တွေထဲက ပထမဆုံး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာကတော့ အလားအလာကောင်းတွေ ရှိနေတဲ့ မြန်မာနိုင်ငံ စဉ်ဆက်မပြတ် စီးပွားရေး တိုးတက်မှု၊ အားလုံး သက်ဆိုင် အကျုံးဝင်တဲ့ စီးပွားရေး တိုးတက်မှု၊ ရရှိဖို့အတွက်၊ နိုင်ငံအဆင့် စီးပွားရေး တည်ငြိမ်မှု (Macroeconomic stability) နဲ့ စရပါမယ်။ အခုလဲ ဖလှယ်နှုန်း တစ်မျိုးထဲ ဖြစ်ဖို့၊ နိုင်ငံခြားနဲ့ ပတ်သက်တဲ့ အကန့်အသတ်တွေကို ပယ်ဖျက်ဖို့ စတင်လုပ်နေတာကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က အသိအမှတ်ပြုပါတယ်။
၂၀၁၁-၁၂ ဘဏာရေးနှစ်မှာ မြန်မာနိုင်ငံရဲ့ အမှန်တကယ် တိုင်းပြည်ဝင်ငွေ ၅.၅ရာခိုင်နှုန်း တက်ပြီး ၂၀၁၂-၁၃မှာတေ့ ၆ရာခိုင်နှုန်းအထိ တက်မယ်။ ချေးငွေတွေ တိုးပွားတာရယ်၊ စီးပွားရေးလုပ်ငန်းတွေရဲ့ ယုံကြည်စိတ်ချမှုတွေ တိုးပွားလာတာရယ်ကြောင့် ပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်မားလာနိုင်တယ်လို့ တွက်ဆထားပါတယ်။
ငွေဖောင်းပွမှုနှုန်းက ၂၀၁၁-၁၂မှ ၄.၂ရာခိုင်နှုန်း ရှိရာက နောင်နှစ်မှာ ၅.၈ရာခိုင်နှုန်းအထိ တက်မယ်လို့ မျှော်လင့်ပါတယ်။ စားနပ်ရိက္ခာ ဈေးနှုန်းတွေ ဈေးကျတာ ရပ်ပြီလို့ တွက်ပါတယ်။
၂၀၀၉-၁၀ ဘဏာရေးနှစ် အဆုံးကတည်းက မြန်မာကျပ်ငွေဟာ ၃၂ရာခိုင်နှုန်း အထိ တန်ဖိုး တိုးတက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံထဲကို နိုင်ငံခြားက ငွေကြေး အမြောက်အများ ၀င်လာပြီး ပြန်ထွက်ဖို့ကျတော့ အချုပ်အချယ်၊ အတားအဆီးတွေ ရှိနေလို့ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
တကယ်တော့ ၂၀၀၈ခုနစ် ကမ္ဘာ ဘဏာရေးအကြပ်အတည်းဟာ မြန်မာနိုင်ငံကို အနည်းငယ်သာ ထိခိုက်မှု ရှိစေခဲ့သလို ဒေသတွင်းမှာ ၀ယ်လိုအား ကျဆင်းတာဟာ မြန်မာနိုင်ငံကို အနည်းငယ်ပဲ ထိခိုက်နိုင်ပါတယ်။ ရှေ့တန်းရောက်နေတဲ့ နိုင်ငံတွေနဲ့ မြန်မာနိုင်ငံက အဆက်အသွယ် အနည်းငယ်ပဲ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ငွေလဲလှယ်နှုန်း တန်ဖိုး ဆက်တက်နေရင် မြန်မာပို့ကုန်တွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်နိုင်ပါတယ်။
တစ်ဖက်မှတော့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ဖြေလျှော့ပေးတာ ပုဂ္ဂလိကကဏ ချေးငွေတွေ တိုးလာတာ နိုင်ငံခြားငွေနဲ့ အချုပ်အချယ်တွေ ဖယ်ရှားပြီး ဖလှယ်နှုန်းတစ်ခုတည်း ဖြစ်အောင် လုပ်ပေးမယ် ဆိုရင်တော့ တိုးတက်မှု ရနိုင်ပါတယ်တဲ့။
အလွန်တရာ ရှုပ်ထွေးတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း ပြုပြင်ဖို့ကို ဦးစားပေး ဆောင်ရွက်ရမှာပါ။ ပို့ကုန်ပထမ (Export first) မူဝါဒကိုလဲ ပယ်ဖျက်ရပါမယ်။
တချို့ကန့်သတ်ချက်တွေကို ချက်ချင်းဖယ်ရှားနိုင်ပါတယ်။ ဥပမာ ဘယ်စာရင်းနဲ့ပဲဖြစ်ဖြစ် သွင်းကုန်တင်သွင်းခွင့်ပြုတာ၊ သွင်းကုန်လိုင်စင် လွယ်အောင် လုပ်ပေးတာ၊ နိုင်ငံခြားငွေလဲကောင်တတွေမှ လဲခွင့်ရအောင် လုပ်ပေးတာမျိုးတွေပါ။
တကယ်တော့ ငွေလဲလှယ်နှုန်း တစ်မျိုးတည်း ဖြစ်အောင် လုပ်ဖို့ဆိုတာ နိုင်ငံအဆင့် စီးပွားရေး စီမံခန့်ခွဲမှုတွေ အားလုံး တိုးတက်မှုအပေါ်မှာ မူတည်နေပါတယ်။ ဈေးနှုန်းတည်ငြိမ်မှုကို အာရုံစိုက်တဲ့ ငွေကြေးမူဝါဒကို ချမှတ်ပေးရပါမယ်။
မကြာမီက ဘဏ်အတိုးနှုန်းတွေ ချပေးခဲ့တာကို ကြိုဆိုပေမယ့် ထပ်ချနိုင်မယ် မထင်ပါဘူး။ ထပ်ချရင် ဘဏ်မှာ မစုကြတေ့ဘဲ အိမ်ယာမြေလို ဈေးကစားနိုင်တဲ့ နေရတွေ ရောက်သွားမှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးချင်ရင် အတိုးထပ်မချဘဲ ပုဂ္ဂလိကအတွက် အဟန့်အတားတွေ ဖယ်ပေးဖို့၊ ဘဏ်လုပ်ငန်းတွေ တိုးတက်အောင် လုပ်ပေးဖို့အတွက် အကြံပေးတာ တွေ့ရပါတယ်။
အတိုးနှုန်းကို ဈေးကွက်က သတ်မှတ်တဲ့နှုန်း ဖြစ်စေဖို့၊ ငွေတိုက်စာချုပ်တွေလို လက်လီ လက်ကား တွင်တွင်ကျယ်ကျယ် ရောင်းချဖို့ တိုက်တွန်းထားတာကိုလဲ တွေ့ရပါတယ်။ ပုဂ္ဂလိက ဘဏ်တွေက အစိုးရရဲ့ ငွေတိုက်စာချုပ်တွေ ရောင်းကြပေါ့။
၂၀၁၂-၁၃ ဘတ်ဂျက်ကို လွှတ်တော်မှာ ဆွေးနွေးကမယ့် ကိစ္စဟာ အသုံးစရိတ် ဦးစားပေးပုံ ပြန်လည် သတ်မှတ်ဖို့နဲ့ မြင်သာထင်သာဖို့ အတွက် သမိုင်းဝင် အခွင့်အလမ်းတစ်ရပ်ပါ။ အရင်နှစ်က လိုငွေထက် ၁ရာခိုင်နှုန်း လျော့လို့ လိုငွေ ၄.၆ရာခိုင်နှုန်း ရှိနိုင်တဲ့ကြားက ပညာရေးနဲ့ ကျန်းမာရေးအတွက် တိုးသုံးဖို့ အစိုးရရဲ့ အစီအစဉ်ကိုလဲ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ကြိုဆိုပါတယ်။ ငွေလဲလှယ်နှုန်း ပြောင်းဖို့ ကြိုးစားနေတဲ့အချိန်မှ ဥာဏ်ပညာရှိတဲ့ ဘဏာရေးမူဝါဒတွေနဲ့ နိုင်ငံအဆင့် စီးပွားရေး တည်ငြိမ်မှု ရှိအောင် ဆောင်ရွက်နိုင်မှ ဖြစ်ပါတယ်။
ဈေးကွက်က သတ်မှတ်တဲ့ ငွေလဲလှယ်နှုန်းဟာ သွင်းကုန်ကို အားကိုးနေရတဲ့ နိုင်ငံပိုင် လုပ်ငန်းတွေ ဘယ်လောက် အရှုံးပြနေသလဲဆိုတကို ပေါ်လွင်သွားစေပါတယ်။ ဒါပေမယ့် ရွှေနဲ့ ဇောတိက ရေနံစီမံကိန်းက ဓါတ်ငွေ့တွေ ထွက်လာရင် ဘဏာရေးအခြေအနေ ကောင်းလာနိုင်ပါတယ်။ ရလာတဲ့ ၀င်ငွေတွေကို လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ သုံးနိုင်ပါတယ်။
မြန်မာနိုင်ငံ သိသိသာသာ တိုးတက်ဖို့ အတွက်က ဘဏာတော် အရင်းအမြစ်တွေ ထပ်မံရရှိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် သဘာဝ သယံဇာတတွေက ရတာ မဟုတ်၊ တခြား အရင်းအမြစ်တွေက ရမှသာ ဈေးအတက်အကျကြောင့် တန်ဖိုးအတက်အကျတွေဖြစ်၊ ကုန်ခမ်းသွားတော့ အရင်းအမြစ် မရှိတာမျိုးတွေကို ရှောင်ရှားနိုင်ပါမယ်။
ဘဏာငွေ တိုးပွားအောင် လုပ်ရာမှာ ဆင်းရဲသားတွေကို ကကွယ်စောင့်ရှောက်ဖို့အတွက် သွယ်ဝိုက်အခွန်ထက် တိုက်ရိုက်အခွန်ကို ဦးစားပေး ကောက်ရပါမယ်။ အခု မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ အခွန်နဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုထောက်ခံပြီး အခွန်အခြေခံ ကျယ်ပြန့်အောင် လုပ်ဖို့နဲ့ အခွန်ရှောင်တာ လျော့ဖို့လဲ တိုက်တွန်းထားပါတယ်။
နိုင်ငံပိုင်လုပ်ငန်းတွေကို ထောက်ပံ့တာ တဖြည်းဖြည်းချင်း လျော့ချဖို့၊ ဒီလိုနဲ့ ထိခိုက်အလွယ်ဆုံး ဆင်းရဲသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အကြံပြုထားပြီး ပုဂ္ဂလိကပိုင်အဖြစ် ထပ်မံအသွင်ပြောင်းဖို့ နိုင်ငံပိုင်လုပ်ငန်းတွေကို စီးပွားရေးဆန်ဆန် လည်ပတ်ရေးတို့ဟာ ပုဂ္ဂလိကက ဦးဆောင်တဲ့ တိုးတက်မှုကို ရရှိရေးအတွက် အခြေခံကျပါတယ်လို့ ဆိုပါတယ်။
ကျယ်ကျယ်ပြန့်ပြန် တိုးတက်ဖို့ဆိုရင် ဘဏ်စနစ်ကို ခေတ်မီတိုးတက်အောင် လုပ်ရမှာပါ။ အပ်ငွေနဲ့ အရင်းအချိုး သတ်မှတ်ထားတာ တဖြည်းဖြည်းချင်း လျော့ချပြီး အပေါင်ထားရမှာ သီးနှံအပါအ၀င် အမျိုးအမည်တွေ တိုးချဲ့ဖို့လဲ အကြံပြုထားပါတယ်။ ကျေးလက်ဒေသတွေမှာ ဘဏ်ကွန်ယက်တွေ၊ ဘဏ်ခွဲတွေ တိုးချဲ့ဖို့လဲ တိုက်တွန်းထားပါတယ်။ ဘဏ်အချင်းချင်း ဈေးနှုန်းပြိုင် (အတိုးနှုန်းပြိုင်)ပြီး ပြိုင်ဆိုင်မှုကို အားပေးစေချင်တယ်။ အပ်ငွေပေါ် အတိုးပေးတာကို လွတ်လွတ်လပ်လပ် သတ်မှတ်ခွင့်ပြုပြီးတဲ့နောက်မှာ ချေးငွေတွေ အပေါ် ကိုယ့်ဘဏ်နဲ့ ကိုယ် သတ်မှတ်စေချင်တယ်။ နိုင်ငံပိုင်ဘဏ်နဲ့ ပုဂ္ဂလိကဘဏ်လဲ တန်းတူ သဘောထားရမယ်။ စည်းကမ်းထိန်းချုပ်ရာ၊ ကြီးကြပ်ရာမှာ အတူတူပဲ ဆက်ဆံရမယ်။ ဒါမှ ပြိုင်ဆိုင်မှုတွေ မြင့်မားလာမယ်လို့ ဆိုပါတယ်။
ဈေးကွက်က သတ်မှတ်တဲ့ နိုင်ငံခြား ငွေဖလှယ်နှုန်း အဖြစ် ပြောင်းရာမှာ ဘဏ်တွေကို ထိန်းချုပ်မှုနဲ့ ကြီးကြပ်ကွပ်ကဲမှုဟာ အရေးကြီးပါတယ်။ နိုင်ငံခြားဘဏ်တွေနဲ့ ဖက်စပ်လုပ်ခွင့်ပြုရင် နည်းပညာ လွှဲပြောင်းရယူမှု မြန်ဆန်ပြီး ၂၀၁၅မှာ အာဆီယံ ဘဏ်လုပ်ငန်းတွေ ပေါင်းစည်းဖို့ ကြိုတင်ပြင်ဆင်ရာ ရောက်မယ်။
စိုက်ပျိုးရေးကဏမှာ ထုတ်လုပ်မှု စွမ်းအားမြင့်မားဖို့နဲ့ လူနေမှုဘ၀ မြင့်မားဖို့ ချေးငွေတွေ ပိုပေးဖို့ လိုပါတယ်။ ပုဂ္ဂလိကဘဏ်တွေကလဲ ချေးစေချင်ပါတယ်။ လယ်မြေလို အပေါင်ထားပြီး ငွေချေးသင့်တယ်။ ဒါပေမယ့် ချေးငွေတစ်ခုတည်းနဲ့ ကျေးလက်ဒေသ တိုးတက်ပြီး ဆင်းရဲလျော့ကျအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ရပ်ရွာအခြေပြု ဖွံဖြိုးရေးလုပ်ငန်းတွေ အပါအ၀င် ကျေးလက်အခြေခံ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံဖို့၊ ပညာရေးနဲ့ ကျန်းမာရေးအတွက် ပိုသုံးဖို့ အကြံပြုထားပါတယ်။
ပြင်ပ အလွတ်ဈေးကွက်မှ လုပ်ဆောင်နေတာတွေ လျော့ချဖို့နဲ့ ဈေးနှုန်းကျဆင်းစေဖို့ ဓါတ်ဆီနဲ့ စားသုံးဆီဈေးကွက်မှာ လုပ်သလို ပြိုင်ဆိုင်မှု တိုးလာတာကို ထောက်ခံအားပေးထားပါတယ်။ လိုင်စင်ထုတ်ပေးတာ မြင်သာထင်သာ ရှိစေချင်ပါတယ်။
စွမ်းအင်ကဏမှာလိုပဲ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလို ကဏတွေမှာလဲ ပုဂ္ဂလိက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သိသိသာသာ တိုးစေချင်တယ်။ ပစ္စည်းအမယ် တစ်ခု၊ နှစ်ခုကိုပဲ အားကိုးနေရတဲ့ ဘ၀ကနေ ပို့ကုန်အမယ်တွေ များလာစေချင်တယ်။
နိုင်ငံခြားငွေနဲ့ ပတ်သက်တဲ့ အဟန့်အတားတွေ ဖယ်ရှားပေးရင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာနိုင်တယ်။ အထူးစီးပွားရေးဇုန်တွေ တိုးပွားလာနိုင်တယ်။ အထူးစီးပွားရေးဇုန်တွေဟာ လမ်းပန်းဆက်သွယ်ရေးတွေ ချို့တဲ့နေတာကို အဆင်ပြေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို တိုးပွားစေနိုင်တယ်။ ဒါပေမယ့် ပုဂ္ဂလိကကဏ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လုပ်သာကိုင်သာ ရှိတဲ့ စီးပွားရေးဝန်းကျင် ဖြစ်အာင် ကြိုးစားအားထုတ်ရမယ်။ စီးပွားရေးလုပ်ငန်းလုပ်ဖို့ ကုန်ကျတဲ့စရိတ်တွေ လျော့အောင် လုပ်နိုင်ရင် အငယ်စား၊ အလတ်စားလုပ်ငန်းလေးတွေ ပေါ်ပေါက်ရှင်သန်နိုင်မယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က အကြံပြုခဲ့ပါတယ်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment