လိပ်ပြာကန်ဆရာတော် ဦးဃောသိတကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် လိပ်ပြာကန်တိုက်၊ အလယ်ကျောင်းကြီးအတွင်းက ဖယ်ပေးရန် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ပါတယ် ။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (တတိယ အဖွဲ့ခွဲ)ရဲ့ အကြောင်းပြချက်ကတော့ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ငါးထပ်ကြီး မြောက်ရပ်ကွက်၊ လိပ်ပြာကန်တိုက်၊ အလယ်ကျောင်းကြီး၌ ယခင်က နေခဲ့ပြီး နိုင်ငံတော်အား ဆန့်ကျင်မှု၊ တရားမဝင် နိုင်ငံခြားငွေ လက်ဝယ်ထားရှိမှုတို့အရ ထောင်ဒဏ် (၇) နှစ် ပြစ်ဒဏ် ချမှတ်ခံရသဖြင့် နိုင်ငံရေး မပြုလုပ်ရန် တားမြစ်ထားသည့် ကျောင်းစည်းကမ်းအရ ကျောင်းမှ ထုတ်ပယ်ထားပြီး ဖြစ်သည်ဟု အကြောင်းပြချက်ဖြင့် ဦးဃောသိတ( ၁၂/ကခက(သ)၀၀၀၁၂၆) အား လိပ်ပြာကန်တိုက်၊ အလယ်ကျောင်းကြီးအတွင်း တရားမဝင် အဓမ္မ ဝင်ရောက်နေထိုင်လျက်ရှိသဖြင့် ဤညွှန်ကြားစာ ရသည့်နေ့မှ ၃ ရက်နေ့အတွင်း ထွက်ခွာသွားရန် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ခြင်း ဖြစ်ပါတယ် ။
“စာထဲမှာ ပါတာက ဦးဇင်းက ထောင်က ထွက်လာတယ်။ ထောင်က ထွက်လာပြီးတော့ ဒီမှာ နေထိုင်ခွင့် မရှိဘူး၊ အဲတာကြောင့်မို့လို့ ကျောင်းတိုက်က ဖယ်ရှားခြင်းဖြစ်တဲ့အတွက်ကြောင့် ထွက်သွားပေး ဆိုပြီးတော့ သူတို့က ပြောတယ်လေ။ အဖြစ်မှန်ကတော့ ကျောင်းထိုင်ဆရာတော်က ကျောင်းပိုင်မြေကို တခြားကျောင်းကို ရောင်းချတယ်။ ဦးဇင်းက သာသနာ့မြေတွေကို အဲလိုလုပ်တာ မကြိုက်တဲ့အတွက်ကြောင့် လက်ရှိ ကျောင်းထိုင်ဆရာတော်ကို ဒါတွေ မလုပ်ဖို့ပြောတယ်။ ပြောတာကို လက်မခံတဲ့အတွက်ကြောင့် ဦးဇင်းက တိုက်ဌာနပိုင်ဆရာတော်ကို တိုင်လိုက်တယ်။ အဲလို ဦးဇင်းက တားမြစ်တဲ့အတွက်ကြောင့် ဦးဇင်း ရှိနေရင် သူ ရောင်းချလို့ မရဘူး။ အဲတာကြောင့် ဦးဇင်းကို မောင်းထုတ်တာပေါ့။ ဦးဇင်းက ဆက်ပြီးတော့ မ.ဟ.န တွေကို သိအောင်လုပ်ရမှာ ၊ သူတို့က မသိဘူးလေ၊ အောက်ခြေကို ဆင်းမကြည့်ပဲနဲ့ သူတို့က သဘောထား ဒီလိုလုပ်လိုက်တာ” လို့ ဦးဃောသိတက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
လိပ်ပြာကန်တိုက်၊ အလယ်ကျောင်းကြီးမှ ကျောင်းပိုင်မြေကို မောရွှေပြည်(ရှမ်း)ကျောင်းအား တိုးချဲ့ဆောက်လုပ်ရန် မြေနေရာ ရောင်းချသည့်ကိစ္စအပေါ် ဦးဃောသိတက လိပ်ပြာကန်ကျောင်းတိုက်အုပ်ဆရာတော်ကြီးထံသို့ (၁၃-၁-၂၀၁၂)ရက်နေ့နှင့် (၂၄-၁-၂၀၁၂) ရက်နေ့တွင် တိုင်ကြားခဲ့ပါတယ်။ ထိုကြောင့် တိုက်အုပ်ဆရာတော်မှ မောရွှေပြည်(ရှမ်း)ကျောင်းအား ကျောင်းဆောင်သစ် ဆောက်လုပ်နေတဲ့အပေါ် ခတ္တရပ်ဆိုင်းထားရန် တားမြစ်ခဲ့ပါတယ်။ လိပ်ပြာကန်တိုက်၊ အလယ်ကျောင်းကြီး ဆရာတော် ဦးဇောတိကက သူ့ကို တိုင်ရမလားဆိုပြီး သူရောင်းလိုက်တဲ့ မောရွှေပြည်(ရှမ်း)ကျောင်း၏ ဆရာတော်တွေ နဲ့ ပေါင်းပြီးတော့ ဦးဇင်းကို နှင်ထုတ်ပေးရန် မ.ဟ.န ကို သွားတိုင်တာဖြစ်တယ်။ အခု မ.ဟ.န ကနေပြီးတော့ စာရပြီး ၃ ရက် နေရင် အပြင်ကို ထွက်ဖို့ အမိန့်စာ ထွက်လာပေမယ့် နောက်ထပ် ၂ ရက်တိုးပြီး နေခွင့်ပေးတဲ့အတွက် ဆရာတောဦးဃောသိတဟာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ကျောင်းတိုက်မှာ ဆက်လက် နေထိုင်ခွင့် ရထားပါတယ်။
“အခုလို ကျောင်းပိုင်မြေကို ရောင်းဖို့ စီစဉ်နေတာ တော်တော်ကြာနေပြီ။ အခုမှ အောင်မြင်တာ။ အရင်တုန်းက အဲနားမှာ ဘုန်းကြီးလေး တပါးနေတာ။ အဲဒီနေရာကို ရောင်းချင်တော့ ဘုန်းကြီးလေး နေတဲ့ကျောင်းကို ဖျက်ဆီးပစ်လိုက်ပြီးတော့ ကိုယ်တော်လေးကိုလဲ ကျောင်းမှ နှင်ထုတ်လိုက်တယ်။” လို့ ဦးဃောသိတက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
“ဦးဇင်းရဲ့ ခံစားချက်ကတော့ ဦးဇင်းက ဒီကျောင်းက ဘုန်းကြီးတပါးပဲလေ။ ကျောင်းက တပည့်သံဃာတွေကလဲ ဦးဇင်းကို မထွက်စေချင်ဘူးလေ။ မထွက်စေချင်တော့ ဦးဇင်းကလဲ ဒါကို ချက်စုံလက်စုံ မ.ဟ.န ဆရာတော်ကြီးတွေ သိအောင်ပြောရမယ်။ လာပြီးတော့ ဦးဇင်းကို ဆွဲထုတ်သွားမယ်ဆိုရင်လဲ ဦးဇင်းက ငြိမ်ခံဖို့ အသင့်ရှိပါတယ်။ ဦးဇင်းကတော့ ကျောင်းက မထွက်နိုင်ပါဘူး။ မထွက်နိုင်တဲ့အတွက်ကြောင့် မ.ဟ.န ဆရာတော်ကြီးတွေကိုလဲ သိအောင်လုပ်မယ်။ အဖွဲ့အစည်းတွေကိုလဲ သိအောင်လုပ်မယ်။ အမှန်တရားကို ပေါ်အောင်လုပ်မယ်လို့ ဦးဇင်းအနေနဲ့ ပြောချင်ပါတယ်”လို့ ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment