အစိုးရက ပြည်တွင်းထွက် လောင်စာစွမ်းအင်ကို ပြည်ပတင်ပို့ရောင်းချလို့ ၀င်ငွေ ဒေါ်လာဘီလျံနဲ့ချီပြီး ရနေတာကြောင့် ပြည်တွင်းလောင်စာဆီ ဈေးနှုန်းကို မမြှင့်တင်သင့်ဘူးလို့ ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့နဲ့ မြန်မာနိုင်ငံ မြစ်ချောင်းများ ဆိုင်ရာ ကွန်ရက်က ပြောခွင့်ရသူ ကိုသူရိန်က ပြောပါတယ်။
“အစိုးရက လျှပ်စစ်မီးခတွေကို ၄၀၊ ၅၀ ရာခိုင်နှုန်းလောက် တိုးလိုက်တယ်။ ဘာကိုအကြောင်းပြပြီး တိုးလိုက်တယ်ဆိုတော့ သူတို့ဝန်ကြီးဌာနမှာ လိုငွေပြတယ် ဆိုပြီးတော့၊ တကယ်တမ်းဆိုရင် လိုငွေပြစရာ အကြောင်းမရှိဘူး။ ဥပမာ တိုင်းပြည် လျှပ်စစ်စွမ်းအင်က အများကြီး အလျှံအပယ်ကို ရှိတယ်။ ရှိတဲ့စွမ်းအင်ကို ပြည်တွင်းမှာ အသုံးမပြုဘဲ နိုင်ငံခြားကို ရောင်းချတယ်။ တကယ်တမ်းပြောရင် ဘတ်ဂျတ်က ပိုငွေတောင်ပြနေရမှာ။”
ပြီးခဲ့တဲ့ အပတ်ကစလို့ အစိုးရက ပြည်တွင်း လျှပ်စစ်ဓာတ်အားခ နှုန်းထားကို နှစ်ဆ၊ လောင်စာဆီ ဈေးနှုန်းကိုလည်း သုံးပုံတပုံထိ မြှင့်တင်လိုက်တဲ့တွက် ပြည်သူတွေ လောင်စာဆီ မြင့်တက်မှုဒဏ် ရင်ဆိုင်နေရတယ်လို့ အဲဒီနှစ်ဖွဲ့ရဲ့ ပူးတွဲ အစီရင်ခံစာမှာ ဆိုပါတယ်။
အစိုးရအနေနဲ့ အိမ်နီးချင်နိုင်ငံကို ရောင်းချတဲ့ လောင်စာဆီရငွေကို ပွင့်လင်းမြင်သာစွာ ဖော်ပြပေးဖို့နဲ့ ဒီလောင်စာဆီကို မရောင်းချဘဲ ပြည်တွင်းမှာ လုံလောက်စွာပေးဖို့လည်း တောင်းဆိုပါတယ်။
“ဗမာပြည်မှာ လောင်စာပြတ်လပ်တဲ့ဟာတွေက မဖြစ်သင့်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဗမာပြည်က စွမ်းအင်နဲ့လောင်စာ ရေနံ၊ သဘာဝဓာတ်ငွေ့။ အထူးသဖြင့် သဘာဝဓာတ်ငွေ့၊ ဟိုက်ဒရိုပါဝါ ပရောဂျက် ခေါ် ရေအားလျှပ်စစ်တွေက အလျှံအပယ်ကို ထွက်တယ်။ နိုင်ငံခြားကိုရောင်းတယ်။ အဲဒါတွေကို နိုင်ငံခြားကို မရောင်းဘဲ ပြည်တွင်းမှာ အသုံးပြုမယ်ဆိုရင် ကျနော်တို့မှာ ဒီလိုပြဿနာတွေ ပေါ်လာစရာ မရှိဘူး။ ပြည်တွင်းမှာ ပိုလျှံရင်တော့ ပြည်ပကိုရောင်းတာ ပြဿနာ မရှိပါဘူး။ ရောင်းလိုက်လို့ ရှိရင်လည်း ရောင်းလို့ရတဲ့ငွေတွေကို တကယ့်ကို ပွင့်လင်းမြင်သာတဲ့ စနစ်တခုအောက်မှာ လုပ်လို့ရှိရင် ဒီလိုဈေးနှုန်းတွေကို အစိုးရအနေနဲ့ ဥပမာ ဘတ်ဂျက်ကွာဟမှု ရှိတယ်ဆိုတာ တင်ပြစရာ မလိုပါဘူး။ အဲဒီကရလာတဲ့ ငွေတွေကို ဘယ်မှာသုံးလဲ၊ ဘယ်လို ငွေလဲနှုန်းတွေနဲ့ လုပ်လဲ။ ဘယ်ဘဏ်မှာ အပ်ထားလဲ။ နိုင်ငံခြားမှာလား၊ ပြည်တွင်းမှာလားဆိုတာလဲ ပွင့်ပွင့်လင်းလင်း မပြောဘူး။ အဲဒါတခုပါပဲ။ တကယ့်အဲဒီ စွမ်းအင်ကရတဲ့ ငွေတွေကို ပွင့်လင်းမြင်သာတဲ့ စနစ်တခု အောက်မှာ အသေအချာကို ဖော်ပြမယ်။ တိုင်းပြည် ကောင်းကျိုးအတွက် အသုံးပြုမယ်ဆိုရင် ကျနော်တို့ နိုင်ငံမှာ ဒီလို စွမ်းအင်လောင်စာ ဆီဈေးမြင့်တာတို့ ဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။”
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၆ ရက်နေ့တုန်းက လောင်စာဆီ ဈေးမြင့်တက်မှုကြောင့် ဆိုင်ကယ်တက္ကစီ ဈေးနှုန်းမြင့်သွားတဲ့အတွက် စစ်တွေတက္ကသိုလ် ကျောင်းသား ထောင်ချီ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်က လောင်စာဆီဈေးမြင့်တက်လို့ အထွေထွေ ကုန်ကျစရိတ်တွေ တိုးမြင့်ပြီး ကုန်ဈေးနှုန်း မြင့်တက်ခဲ့ရာက ရွှေဝါရောင် တော်လှန်ရေးအထိ ဖြစ်ပွားခဲ့ပါတယ်။
ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့နဲ့ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ရက်ရဲ့ ပူးတွဲအစီရင်ခံစာမှာ သဘာဝဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ်တို့ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရာကနေ အစိုးရက နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ဝင်ငွေရရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လောင်စာရင်းမြစ်တွေကိုလည်း နိုင်ငံခြားသို့ တင်ပို့ရောင်းချဖို့ ပိုက်လိုင်းတွေ ရေကာတာတွေလည်း တည်ဆောက်နေတယ်လို့ ထောက်ပြထားပါတယ်။

0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment