နိုဝင်ဘာလ၊ ၁၃ ရက်နေ့က ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၌် ဗုံးပေါက်ကွဲခဲ့မှုအတွက် တရားခံအဖြစ် စွဲဆိုခံထားရသူ ဦးဒရောင်တန်ဂွန်းဘက်မှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မည်ဟု ကချင်ပြည်နယ် မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဒေါ်ဒွဲဘူက ပြောသည်။
“ပါတီနဲ့မဆိုင်ပါဘူး။ ကျွန်မက နဂိုကတည်းက ရှေ့နေတစ်ယောက်ဖြစ်တဲ့အတွက်ကိုယ့်ဘာသာ တစ်ဦးချင်းဆုံးဖြတ်ချက်နဲ့လိုက်တာပါ။ အများပြည်သူဆိုင်တဲ့ နေရာမှာဖြစ်တာမဟုတ်ဘူး။ သူတို့မိသားစု ဒီအိမ်မှာပဲဖြစ်ပြီး ဒီအိမ်ကလူကသေသွားတယ်။ ဒီအိမ်ကလူက တရားခံဖြစ်တယ်ဆိုတော့ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ကူညီနိုင်တဲ့ အပိုင်းကို ကူညီတာပါ။ သူတို့အနေနဲ့လည်း ကျွန်မကို အကူအညီတောင်းတယ်လေ” ဟု ၎င်းက YPI သို့ပြောသည်။
စည်းလုံးရေး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စ.ဒ.က.က) ၏ ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါ်ဒွဲဘူက ထိုကဲ့သို့ရှေ့နေလိုက်ခြင်းအား စိုရိမ်မှုအနည်းငယ်ရှိနေကြောင်း ၊ သို့သော်တားမြစ်ခြင်းမရှိကြောင်း ဒေါ်ဒွဲဘူက ပြောကြားသည်။
“ပါတီပိုင်းကတော့ စိုးရိမ်မှုရှိတယ်။ ဒါက အကြမ်းဖက်မှုဖြစ်တယ်ဆိုတော့ မတော်လို့ ကျွန်မတို့ပါတီကို သူများတွေက ဒီလိုအကြမ်းဖက်မှုတွေမှာ ပါတီက ပါဝင်ဆောင်ရွက်မှုရှိသလားဆိုတာကိုထင်သွားမှာစိုးရိမ်တာပါ။ အခြားတော့မရှိပါဘူး။ ” ဟု ၄င်းကဆိုသည်။
အဆိုပါအမှုအတွက် ယခုအချိန်တွင် ပါဝါတင်ထားဆဲဖြစ်ကြောင်း၊ ထို့ပြင် တိမ်းရှောင်သွားသူ သုံးဦးကိုလည်း လိုက်လံဖမ်းဆီးဆဲဖြစ်ကြောင်း၊ ၄င်းတို့အားဖမ်းဆီးရမိပါက ဦးဒရောင်တန်ဂွန်းအား ၄င်းတို့နှင့်အတူစစ်ဆေးမည်ဖြစ်ပြီး ဖမ်းဆီးရမိခြင်းမရှိပါက သီးခြားစစ်ဆေးသွားမည်ဟု သိရကြောင်း ဒေါ်ဒွဲဘူကဆိုသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါဗုံးပေါက်ကွဲမှုကြောင့် အိမ်ရှင်ဖြစ်သူ ဦးဒရောင်တန်ဂွန်း၏သားနှစ်ဦး မြေးတစ်ဦးအပါအ၀င် အမျိုးသား ၇ ဦး အမျိုးသမီး ၃ ဦးသေဆုံးကာ၊ အမျိုးသား ၁၄ဦးနှင့် အမျိုးသမီး ၉ ဦးဒဏ်ရာရခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင်ဖေါ်ပြခဲ့သည်။ အဆိုပါပေါက်ကွဲမှု အတွက် တာဝန်ရှိသည်ဟုဆိုကာ အိမ်ရှင်ဖြစ်သူ ဦးဒရောင်တန်ဂွန်းနှင့် ဇနီးအား အစိုးရမှ ဖမ်းဆီးထားသည်။
ဦးဒရောင်တန်ဂွန်းသည် မိဘမဲ့ကလေးများနှင့် ဆင်းရဲနွမ်းပါးသူများကို ကူညီစောင့်ရှောက်နေသူတစ်ဦးဖြစ်ကာ ၄င်းပိုင်ခြံဝင်းအတွင်းတွင်လည်း မိဘမဲ့ကလေးများနှင့် ခိုကိုးရာမဲ့များကို စောင့်ရှောက်ထားသည်။
စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) ခေါင်းဆောင်များမှာ မဒိန်ဇုံးတိန့်၊ ဒူဝါ ခက်ထိန်နန်၊ ရှေ့နေ လမြဂမ်တို့ဖြစ်၍ ရွေးကောက်ပွဲ မတိုင်မီ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ခွဲထွက်လာပြီး ယင်းပါတီကို သီးခြားတည်ထောင်လိုက်ကြခြင်းဖြစ်သည်။ ။ ။
ဇန်န၀ါရီ ၆၊ ၂၀၁၂၊ (YPI)

0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment