Monday, November 12, 2012

Online Charging နှင့် Convergent Billing စနစ် ၀န်ကြီး စစ်ဆေး

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်းသည် ယမန်နေ့မွန်းတည့် ၁၂ နာရီက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရန်ကုန်မြို့ဟံသာဝတီရှိသတင်း အချက်အလက် နည်းပညာ ဌာနနှင့် အော်တိုတယ်လီဖုန်း စခန်း၌ ပြည်ပ နိုင်ငံများနှင့် အင်တာနက် ချိတ်ဆက်ထားမှု၊ ADSL သုံးစွဲသူများ လွယ်ကူ အဆင် ပြေစေရေး စီမံ ဆောင်ရွက် ထားရှိမှု၊ ကြိုးဖုန်း (Auto Phone) သုံးစွဲသူများ အတွက် ဆောင်ရွက် ထားရှိမှု များကို လည်းကောင်း၊ နံနက် ၉ နာရီခွဲတွင် မိုဘိုင်းလ် ဆက်သွယ်ရေး စခန်း ဗဟန်း အိတ်ချိန်းရှိ GSM မိုဘိုင်းလ် တယ်လီဖုန်း များအတွက် Online Charging System (OCS) ၏ ဆောင် ရွက် နေပုံများနှင့် အလုံ အိတ်ချိန်းရှိ CDMA မိုဘိုင်းလ် တယ်လီဖုန်း များအတွက် Convergent Billing System (CBS)ဆောင်ရွက်နေပုံ များကိုလည်းကောင်း လိုက်လံ ကြည့်ရှု စစ်ဆေးသည်။

တယ်လီဖုန်း သုံးစွဲသူများ အနေနှင့် အမှန်တကယ် သုံးစွဲ ခဲ့သည့်အတိုင်း တယ်လီဖုန်း သုံးစွဲခများ ပေးဆောင် နိုင်ရန် တယ်လီဖုန်း သုံးစွဲခ ကောက်ခံမှု စနစ်များသည် မှန်ကန် မြန်ဆန်ပြီး ထင်သာမြင်သာ ရှိရမည် ဖြစ်သည့်အပြင် မိမိတို့ ဌာနနှင့် ပတ်သက်၍ စမ်းသပ်စစ်ဆေး လိုပါက မှန်ကန်စွာ ရှင်းလင်း ပြောကြား ပေးကြရန်နှင့် GSM တယ်လီဖုန်းများ အတွက် ဖုန်းခေါ်ဆိုခ ကောက်ယူမှု စနစ် Online Charging System (OCS) နှင့် CDMA ဖုန်းများအတွက် ဖုန်းခေါ်ဆိုခ ကောက်ခံမှု စနစ် Convergent Billing System (CBS)တို့ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် အာမခံ တာဝန်ယူ ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက လှည့်လည်စစ်ဆေး ကြည့်ရှုစဉ် မှာကြားခဲ့သည်။

GSM မိုဘိုင်းလ် တယ်လီဖုန်း များအတွက် ဒေါ်တင်နွယ်မိုး (လက်ထောက် အင်ဂျင်နီယာ ဖုန်း ဝ၉-၅၁ဝဝ ဝဝ၁)၊ ဒေါ်ခင်ဖြိုး (အင်ဂျင်နီယာမှူး ဖုန်း ဝ၉- ၅ဝ၂၁ဝ၁ဝ)၊ CDMA မိုဘိုင်းလ် တယ်လီဖုန်း များအတွက် ဦးသန့်ဇင်ထွေး (လက်ထောက် အင်ဂျင်နီယာ ဖုန်း ဝ၉- ၇၃ဝဝ ဝ၁ဝဝ)၊ ဦးကိုကိုအောင် (အင်ဂျင်နီယာမှူး ဖုန်း ဝ၉- ၈၅ဝဝ ဝဝ၁) နှင့် ကြိုးဖုန်း (Auto Phone) များအတွက် ဦးဇော်မင်းဦး (အင်ဂျင်နီယာမှူး ဖုန်း ဝ၉- ၅၄၂ ၁ဝ၇၇) တို့ထံ တယ်လီဖုန်း ခေါ်ဆိုခ များနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

မြ၀တီ

ဘကြီးသက်
Unknown at 11:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

iPhone 5S နှင့် i Pad mini 2 ၂၀၁၃ နှစ်ဆန်းတွင် ထွက်ရှိမည်

phone Arenaဝဘ်ဆိုဒ်နဲ့ ထိုင်ဝမ်တိုင်းမ် သတင်းက ဖော်ပြတဲ့ သတင်း ဖြစ် ပါတယ်။ Apple ကုမ္မဏီဟာ iPhone 5s နဲ့ iPad mini 2 ကို ၂၀၁၃ ခုနှစ် ပထမ လေးလအတွင်း ထုတ်လုပ်ဖြန့်ချိမယ်လို့ ဆိုထားပါတယ်

iPhone 5 ထွက်ရှိတာမကြာသေးပဲ သူ့ထက် ဗားရှင်းထပ်မြင့်တဲ့ 5S ထွက်ရှိ မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာ ယခု အသစ်ဆက်ဆက် iPad mini ကို ထပ်ဆင့် Upgrade လုပ်ထားတဲ့ နံပါတ် ၂ မြောက် iPad mini ကိုလည်း ထုတ်လုပ် ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ iOS ဗားရှင်းမြင့်ထားတဲ့ စမတ်ဖုန်း ဖြစ်ပြီး ပထမလေးလအတွင်း အလုံးရေ ၅သောင်းမှ ၁ သိန်းကြား ထုတ်လုပ်ပါမယ်။ i Pad mini 2 အရေအတွက်တော့ ခန့်မှန်း မပေးထား ပါဘူး။

ယမန်နှစ်က iPhone 4 ပြီး iPhone 4S ထွက်ရှိတဲ့ ပုံစံအတိုင်း iPhone 5S ဆိုပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ iPad mini တုန်းကလည်း လူပြောများခဲ့ပြီး ဒီတစ်ခါ Perfect ဖြစ်မယ့် mini လို့ဆိုပါတယ်။ Apple ကတော့ Officially မကြေညာသေးပါဘူး။

သို့ပေမယ့် ယခုရက်ပိုင်းအတွင် i Phone 5S နဲ့ i Pad mini 2 အကြောင်းကို တရားဝင်ကြေညာနိုင်ချေ ရှိတယ်လို့ သိရပါတယ်။

--
Ref:phone Arena
TechSpace Journal

......................................................
Copy and Credit to ^..^
ဲမြ၀တီ
iPhone 5S နှင့် i Pad mini 2 ၂၀၁၃ နှစ်ဆန်းတွင် ထွက်ရှိမည်
................................................................................

phone Arenaဝဘ်ဆိုဒ်နဲ့ ထိုင်ဝမ်တိုင်းမ် သတင်းက ဖော်ပြတဲ့ သတင်း ဖြစ် ပါတယ်။ Apple ကုမ္မဏီဟာ iPhone 5s နဲ့ iPad mini 2 ကို ၂၀၁၃ ခုနှစ် ပထမ လေးလအတွင်း ထုတ်လုပ်ဖြန့်ချိမယ်လို့ ဆိုထားပါတယ်

iPhone 5 ထွက်ရှိတာမကြာသေးပဲ သူ့ထက် ဗားရှင်းထပ်မြင့်တဲ့ 5S ထွက်ရှိ မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာ ယခု အသစ်ဆက်ဆက် iPad mini ကို ထပ်ဆင့် Upgrade လုပ်ထားတဲ့ နံပါတ် ၂ မြောက် iPad mini ကိုလည်း ထုတ်လုပ် ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ iOS ဗားရှင်းမြင့်ထားတဲ့ စမတ်ဖုန်း ဖြစ်ပြီး ပထမလေးလအတွင်း အလုံးရေ ၅သောင်းမှ ၁ သိန်းကြား ထုတ်လုပ်ပါမယ်။ i Pad mini 2 အရေအတွက်တော့ ခန့်မှန်း မပေးထား ပါဘူး။

ယမန်နှစ်က iPhone 4 ပြီး iPhone 4S ထွက်ရှိတဲ့ ပုံစံအတိုင်း iPhone 5S ဆိုပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ iPad mini တုန်းကလည်း လူပြောများခဲ့ပြီး ဒီတစ်ခါ Perfect ဖြစ်မယ့် mini လို့ဆိုပါတယ်။ Apple ကတော့ Officially မကြေညာသေးပါဘူး။

သို့ပေမယ့် ယခုရက်ပိုင်းအတွင် i Phone 5S နဲ့ i Pad mini 2 အကြောင်းကို တရားဝင်ကြေညာနိုင်ချေ ရှိတယ်လို့ သိရပါတယ်။

--
Ref:phone Arena
TechSpace Journal

......................................................
Copy and Credit to ^..^
ဲမြ၀တီ

ဘကြီးသက်
Unknown at 10:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျောက်ဝိုင်းတွင် လောပန်တစ်ဦးက ကလေးတစ်ယောက်အား ကိုယ်ထိလက်ရောက် ကျူးလွန်

တရုတ်နိုင်ငံသားတစ်ဦးမှ အမျိုးသားကလေးငယ်တစ်ဦးအား ၎င်း၏ပိုက်ဆံခိုးယူသူဟု ထင်မြင်၍ ကိုယ်ထိလက်ရောက်ကျူးလွန် မှုနှင့် ပတ်သက်၍ မန္တလေးကျောက်မြတ်ဈေးအတွင်းမှ လူအများစုက ဈေးရုံအား ၀န်းရံမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

“ကျွန်တော်က ချဉ်ပေါင်းသည်ဆီကနေ ချဉ်ပေါင်းတောင်းစားနေတာ ၊ သူက ကျွန်တော့် နောက်ကနေ တကောက် ကောက် လိုက်နေ တာ ၊ လိုက်နေတာနဲ့ လောပန်း ဘာတုန်းဆိုမေးလိုက်တော့ သူက ကျွန်တော့် ဂုတ်ကိုညှစ်ထားတာ ၊ အဲဒါနဲ့ သူ့လက်ကို ပုတ်ပြီး ထွက်ပြေးတော့ သူကလိုက်လာပြီး ပြန် မိသွားတော့ လက်သီးနဲ့ ထိုးတယ် “ ဟု ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသူ အမျိုးသားကလေး ငယ်က ပြောသည်။

ထိုဖြစ်ရပ်ကြောင့် ဈေးတာဝန်ရှိသူများက ရုံးခန်းတွင် ခေါ်ယူဖြေရှင်းနေစဉ်
ထောင်ချီသည့် လူအုပ်ကြီးမှ ရုံးခန်းအား ၀ိုင်းထားခဲ့ကြပြီး ပြင်းထန်စွာ
အပြစ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

“ ပိုက်ဆံခိုးတယ်ဆိုပြီး ဒီရောက်လာကြတာ ၊ ခိုး/မခိုးတော့ မသိကြဘူး ၊ တရုတ်ကလည်း သူ့ပိုက်ဆံ ခိုးတယ် ထင်ပြီး ထိုးလိုက်တာ ဖြစ်တော့ ကလေးဖက်က မကျေနပ်ကြဘူးဖြစ်ကုန်တာ ၊ ကျွန်တော်တို့လည်း တတ်နိုင်သမျှ ဒီမှာ ပြေ လည်အောင် ဆောင်ရွက်ပေးနေပါတယ် ၊ ဘေးမှာလဲ ပြသနာက ထိန်းမရဘူး ဖြစ်လာတယ်´´ဟု ဈေးတာဝန်ရှိသူ ဒု-ဥက္ကဌ ဦးဇော်ဇော်က အတည်ပြုပြောသည်။

အဆိုပါကိစ္စတွင် ဈေးစည်ပင် ရဲတစ်ဦးကလည်း ကလေးငယ်အား ထိုးကြိတ်မှုပြု လုပ်ခဲ့သည် ဟု စွပ်စွဲပြောဆိုမှုများ ရှိခဲ့သော်လည်း တာဝန်ရှိသူများမှ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီး မျက်မြင် သက်သေများကမူ ဟုတ်မှန်ကြောင်း ပြောဆိုကြသည်။

ကလေးတစ်ဦးအား အပြစ်မရှိပဲနှင့် ရိုက်နှက်မှုသည် ကလေးငယ်
အခွင့်အရေးဆုံးရှုံးမှုဖြစ်ပြီး တာဝန်ကျရဲအနေဖြင့် ထိုသို့မပြုလုပ်
သင့်ကြောင်း ကလေးချစ်သူများကွန်ယက်မှကိုညိုလင်းက ပြောသည်။

အထက်ပါကိစ္စနှင့်ပတ်သတ်၍ တရုတ်နိုင်ငံသားဖြစ်သူက ၎င်း၏ပိုက်ဆံအား ခိုးယူသွားသည်ဟု ထင်မြင်ပြီး လိုက်လံဖမ်းဆည်းခြင်းသာဖြစ်ကြောင်း ၎င်း၏ စကားပြန်မှတဆင့် မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

ထိုဖြစ်ရပ်အတွက် တရုတ်နိုင်ငံသားမှ အထိုးခံရသူ အမျိုးသား ကလေးငယ်အတွက် နစ်နာကြေး ကျပ်(၂)သိန်း ပေးခဲ့ကြောင်း သိရသည်။

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
Myit Makha Mediagroup

Unknown at 10:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ညီနောင်တိုင်းရင်းသားပါတီတွေ သမ္မတ အိုဘားမားနဲ့တွေ့လိုကြောင်း တောင်းဆို

တိုင်းရင်းသား (၁၃) ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင် တိုင်းရင်းသား
ပါတီများ ဖက်ဒရေးရှင်း NBF အဖွဲ့က နိုဝင်ဘာလ ၁၉ရက်နေ့မှာ
မြန်မာနိုင်ငံကို ရောက်ရှိမယ့် အမေရိကန်ပြည်ထောင်စုရဲ့သမ္မတ အိုဘားမား နဲ့ တွေ့ဆုံလိုကြောင်း ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ရက်စွဲနဲ့
ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးအတွက် အမေရိကန်သမ္မတရဲ့ အားပေးထောက်ခံ ဆောင်ရွက်ပေးမှုဟာ အင်မတန်အရေးကြီးတာကြောင့် အခုလို တွေ့ဆုံဖို့ တောင်းဆိုရတာဖြစ်ကြောင်း ရန်ကုန်မြို့ ကျောက်တံတား
မြို့နယ်အိုလံပစ်တာဝါမှာဒီကနေ့ညနေပိုင်းကပြုလုပ်တဲ့ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBFအဖွဲ့ခေါင်းဆောင်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲ
အပြီးမှာ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က RFA ကို ပြောပါတယ်။

ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF အဖွဲ့အနေနဲ့
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးကို အစဉ်တစိုက် အားပေးကူညီ
ခဲ့တဲ့ အမေရိကန်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုကြောင်း၊ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု
ပေါ်ပေါက်လာရေးအတွက် သမ္မတ အိုဘားမားအနေနဲ့ အကြံဥာဏ်ကောင်း
တွေပေးနိုင်ဖို့ မျှော်လင့်ကြောင်း စတဲ့အချက်တွေကိုလည်း NBF အဖွဲ့ရဲ့ ဒီကနေ့ ကြေညာချက်မှာ တိုက်တွန်းဖော်ပြထားပါတယ်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF အဖွဲ့ထဲမှာ ရှမ်း
တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား
လူမျိုးများ ဒီမိုကရေစီပါတီ၊ အရှိုချင်း အမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်ပါတီ၊ တအောင်း
(ပလောင်)အမျိုးသားပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီတို့ ပါဝင်ပါတယ်။

RFA
..........................................................................
Copy and Credit to ^..^
Myanmar Online News
ညီနောင်တိုင်းရင်းသားပါတီတွေ သမ္မတ အိုဘားမားနဲ့တွေ့လိုကြောင်း
တောင်းဆို
.....................................................................................

Unknown at 4:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုဘိုင်းဖုန်းတွင် စွယ်စုံသုံး ဆော့ဝဲလ် အသုံးပြုနိုင်တော့မည်

မိုဘိုင်းဖုန်းတွင် ထည့်သွင်းအသုံးပြုနိုင်သည့် Gothere Myanmar စွယ်စုံသုံးဆော့ဝဲလ် အားလာမည့် ၂၀၁၃ ခုနှစ်တွင်း Apple ထုတ်ကုန် ios ဗားရှင်းများ၌ စတင်အသုံးပြုနိုင်တော့မည်ဟု သိရသည်။
အဆိုပါဆော့ဝဲလ်အား လက်ရှိတွင် အန်းဒရွိုက်ဖုန်းများ၌ ထည့်သွင်းအသုံးပြုနိုင်ပြီး www.go-there-myanmar.com တွင် အခမဲ့ရယူအသုံးပြုနိုင်သည်။

မိုဘိုင်းဖုန်းများတွင် ကြော်ငြာထည့်သွင်းသူလုပ်ငန်းရှင်များအတွက်လည်း အခမဲ့ကြော်ငြာခြင်းနှင့် အခကြေးငွေပေး premium ပုံစံနှစ်မျိုးရှိသည်ဟု ၄င်းကုမ္ပဏီမှ ပရောဂျက်မန်နေဂျာကို မိုးသန့်ဦးကဆိုသည်။
“လိပ်စာ၊ဖုန်းနံပါတ်မျိုးဆိုရင်အလကားကြော်ငြာပေးပါတယ်။စာတိုပုံစံမျိုးပေးပို့ချင်တယ့် လုပ်ငန်းရှင်တွေကတော့ ဖုန်းအလုံးရေပေါ်မူတည်ပြီး ကျသင့်သွားမှာပါ”ဟု ၄င်းကဆက်ပြောသည်။

ယင်းဆော့ဝဲလ်တွင်းရှိ ဖုန်းရှာဖွေခြင်းစနစ်မှာ ဖုန်းအတွင်းအင်တာနက် အမြဲတစေဖွင့်ထားရန် မလိုအပ်ပဲ တိကျသေချာသော လျှို့ဝှက်နံပါတ် ထည့်သွင်းရုံဖြင့် တည်နေရာကို အလွယ်တကူရှာဖွေနိုင်မည်ဖြစ်သည်။
အထက်ပါ မိုဘိုင်းဖုန်းတွင်းသုံး စွယ်စုံဆော့ဝဲလ်အား ယခုနှစ်သြဂုတ်လတွင် စတင်အသုံးပြုနိုင်ခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်တွင်းရှိဖုန်းသုံးစွဲသူ ၁၀ ရာခိုင်နှုန်းခန့်အသုံးပြုလျှက်ရှိသည်။

သုတလင်း

ဘကြီးသက်
Unknown at 12:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မီဒီယာအပါအ၀င် လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကိုပါ ထိပါးစေနိုင်သည့် ဆက်သွယ်ရေး ဥပဒေကြမ်း

မီဒီယာအပါအ၀င် လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကိုပါ ထိပါးစေနိုင်သည့်
ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပါဝင်သော ပုဒ်မ ၆၃၊ ၆၄၊ ၆၆၊ ၇၃၊ ၇၄နှင့် ၇၅ တို့ပါ အချက်များအပေါ် နည်းပညာ နယ်ပယ်မှ ကျွမ်းကျင်သူများသာမကဘဲ အများပြည်သူကပါ ဝေဖန်အကြံ ပြုမှုများ ရှိနေ
=====================================
ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရန်အတွက် နိုဝင်ဘာလ ၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ခဲ့သော ဆက်သွယ်ရေး ဥပ

ဒေကြမ်းတွင် ပါဝင်သည့် ဥပဒေပုဒ်မ ၆၃၊ ၆၄၊၆၆၊ ၇၃၊ ၇၄နှင့် ၇၅ တို့အပေါ် နည်းပညာ နယ်ပယ်မှ ကျွမ်းကျင်သူများသာမကဘဲ အများပြည်သူကပါ ဝေဖန်အကြံ ပြုမှုများ ရှိနေကြောင်း သိရသည်။

အခန်း (၂၀) ပါဝင်သော ဆက်သွယ်ရေး ဥပဒေကြမ်းတွင် အခန်း (၁၉) ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်း၌ ပါဝင်သည့် ဥပဒေပုဒ်မ ၆၃၊ ဥပဒေ ပုဒ်မ ၆၄၊ ဥပဒေ ပုဒ်မ ၆၆ ဥပဒေပုဒ်မခွဲ (ဃ) နှင့် (င) တို့အပါအ၀င် အခန်း (၂) အထွေထွေတွင် ပါဝင်သော ဥပဒေပုဒ်မ (၇၃)၊ ဥပဒေပုဒ်မ (၇၄)နှင့် ဥပဒေပုဒ်မ (၇၅) တို့မှာ အငြင်းပွားဖွယ်ရာများ ဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိခဲ့ခြင်းဖြစ်သည်။

ယခုထွက်ရှိလာခဲ့သော ဥပဒေကြမ်းတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ဆိုင်ရာ အချက်အလက်များကို အသားပေး ဖော်ပြခဲ့သော်လည်း အခြားတစ်ဖက်တွင်မူ မီဒီယာအပါအ၀င် လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကိုပါ ထိပါးစေနိုင်သည့် ဥပဒေပုဒ်မများ ပါဝင်နေသည့် အတွက် ယခုကဲ့သို့ အကြံပေး ဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group

ဘကြီးသက်
Unknown at 11:05 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွှေပြည်တော်မျှော်နေသူ ပြည်သူတစ်ဦး

အယ်ဒီတာရှင့်

ကျွန်မက ဒေါ်လာ နည်းနည်းစားတဲ့ ဝန်ထမ်း တစ်ဦးပါ။ ဒီခေတ်မှာ ဒေါ်လာစားတွေက ထူးပြီး အထင်ကြီးစရာ မဟုတ်တာကြောင့် ကြွားတယ်လို့ မထင်စေလိုပါ။ လစာရတာနဲ့ လက်ထဲမှာ သုံးစရာ မရှိတော့တာမို့ ရှိစုမဲ့စု ဒေါ်လာလေးကို ကျစ်ကျစ်ပါအောင် ကိုင်ပြီး (တကယ်တော့ ဒေါ်လာက ကျစ်ကျစ်ပါအောင်လို့ ပြောလို့ မရလှပါဘူး။ ကြေသွားရင် ပြဿနာ မသေးလှလို့ပါ။ ကောင်းကောင်းကိုင် သွားတယ် ဆိုပါတော့။) တရားဝင်ရတဲ့ လစာကို တရားဝင်လဲဖို့ သိမ်ဖြူငွေလဲ ကောင်တာကို တကူးတက သွားခဲ့ပါတယ်။ သွားရတဲ့ အကြောင်းရင်းကလည်း ခါတိုင်း လဲနေကျ နေရာက ကောင်တာထက် ရှစ်ကျပ်လောက် လျော့နေတာက တစ်ကြောင်း၊ (တကယ်တော့ ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းက ဒီနေ့ ၈၆၂ ကျပ်၊ ကောင်တာမှာက ၈၅၅ ကျပ်၊ မှောင်ခိုဈေးက ၈၄၇ ကျပ်) အနီးအနား ဘဏ်က တစ်ရက်ကို ၂၀၀ ထက် ပိုမလဲပေးဘူး ပြောတာက တစ်ကြောင်းကြောင့်မို့ သိမ်ဖြူကို အဖော်တစ်ယောက်နဲ့ အတူတူ သွားခဲ့ပါတယ်။ ကောင်တာကို ကားငှား သွားတာ အသွား ၁၅ မိနစ်လောက် ကြာပါတယ်။ ခဏနေ အပြန် ဘယ်လောက်ကြာလဲ ပြောပါ့မယ်။

ကောင်တာလည်း ရောက်ရော ဒီနေ့ ငွေလဲစနစ်ကိုကြည့်ပြီး သြော်... လူ့ဘုံခန်းဝါ၊ လူ့ပြည်ရွာမှာ၊ ဝမ်းစာခက်ခဲ၊ ဒေါ်လာလဲမလား ကြံတယ်၊ အံ့သြလွန်း မက အံ့သြရပါရဲ့၊ ကယ်ကြပါငှဲ့ အရပ်ကတို့ လို့သာ အော်လိုက်ချင်စိတ် ပေါက်မိရင်း ပေါက်နေတာ ကြောင့် အယ်ဒီတာ့ထံ စာရေး ရင်ဖွင့်ရပါတော့တယ်။

ကောင်တာ စုစုပေါင်းက ခြောက်ကောင်တာရှိတယ် ထင်ပါတယ်။ မှားသွားမလားတော့ မသိဘူး။ တစ်ကောင်တာကို ဒေါ်လာတစ်ရာပဲ လဲပေးသတဲ့။ ငွေလဲရတာက ဒီလို။ လဲချင်ရင် ပုံစံဖြည့်ပြီး မှတ်ပုံတင် ဒါမှမဟုတ် ဝန်ထမ်းကတ်က ထားခဲ့ရတယ်။ ပြီးတော့မှ တစ်ယောက်စီ နာမည်ခေါ်ပြီး လဲပေးတယ်။ ဘဏ်အပေါ်မူတည်ပြီး အနှေးအမြန် ကွာတယ်။ ရှိနေတဲ့ ဘဏ်ခြောက်ခုထဲမှာ တချို့က ၁ဝ မိနစ်နဲ့ရတယ်။ တချို့က ၁၅ မိနစ်၊ မိနစ် ၂ဝ လောက်ကြာတယ်။ ဘဏ်တစ်ခုက အင်မတန်ကောင်းတယ်။

ရှိနေတဲ့ဝန်ထမ်း တွေအားလုံး တစ်ယောက်တစ်မျိုး စနစ်ကျကျလုပ်သွားတာ ဘယ်လောက်မှ မကြာဘူး။ တခြားဘဏ်တစ်ခုကကျတော့ ဘဏ်လုပ်ငန်းမို့ တော်တော့တယ်။ ဝန်ထမ်းက ဒါလောက်များပြားတဲ့ သူတို့ရှေ့လူတွေကို ဝန်ဆောင်မှုပေးနေတာ။ တစ်ကမ္ဘာလုံးအချိန် သူပိုင်တဲ့ အတိုင်း။ မြန်မြန်ဆန်ဆန် လုပ်နေမကျလို့လား၊ နိစ္စဓူဝလုပ်နေရလို့ ငြီးငွေ့နေသလားမသိ။ အဲဒီမှာ စောင့်လိုက်ရတာ တမေ့တမြော။ နောက်ဘဏ်တစ်ခုကျတော့ ဘေးနားကဝန်ထမ်းတွေ ဘာလုပ်နေသလဲမသိ။ ပုံစံကောက်တဲ့ ဝန်ထမ်းကတော့ သူတစ်ယောက်တည်း အလုပ်များတဲ့ကြားထဲ စာတစ်လုံးရေးဖို့အရေး သူ့နှာခေါင်းပွတ်နေတာ သုံးခေါက်နဲ့ မကြာသင့်တာကြာပြန်ရော။ ဝန်ထမ်းကတ်နဲ့ မှတ်ပုံတင်နှစ်ခုလုံးပါတဲ့ သူငယ်ချင်းက ကောင်တာနှစ်ခုမှာ တစ်ပြိုင်တည်း ပုံစံဖြည့်ထား၊ ငွေလဲပေးတဲ့အထိ စောင့်လုပ်နိုင်တယ်။ ကောင်တာတစ်ခုမှာ ပျမ်းမျှ အနည်းဆုံး ၁၅ မိနစ်ကြာလိုက်တာ ဒေါ်လာ ၃၀၀ လောက်လဲပြီးတာနဲ့ ၁ နာရီ ၄၅ မိနစ်ရှိသွားပြီ။
နောက်ဆုံးဘဏ်မှာ လဲတာ ကံကောင်းချင်တော့ ဘဏ်မပိတ်ခင် သီသီလေး နောက်ထပ် တစ်ရာလဲ လိုက်ရတယ်။ အဲဒါနဲ့ ကျွန်မလည်း မေးကြည့်တယ်။ တစ်နေ့ တစ်ရာ စနစ်က နေ့တိုင်းလား မေးတော့ မဟုတ်ဘူး။ လိုသလို ဝယ်ပေးပါတယ်တဲ့။

ဆိုလိုတာက ဒီနေ့ သိပ်မလိုလို့ တစ်ရာပဲ ယူတာပေါ့။ အောင်မယ်လေး။ ငွေလဲကောင်တာက လိုတစ်မျိုး မလိုတစ်မျိုး အလုပ်လုပ်နေတာလား။ လူတွေ အဆင်ပြေအောင် လဲခွင့် မရဘူးလား။ ကျွန်မရဲ့ မမီတဲ့ဥာဏ်နဲ့ တွေးမိပါတယ်။ တရားဝင် ရတဲ့ငွေကို တရားဝင် ရောင်းချင်တာ ဘာလို့ ရောင်းချင်သလောက် ရောင်းလို့ မရဘူးလဲ။ အများကြီးလည်းမှ မဟုတ်တာ။ ဘာဖြစ်လို့လဲ။ ဘယ်သူ့မှာ တာဝန် ရှိသလဲ။ ကျွန်မ တကယ့်ကို မစဉ်းစား တတ်ပါဘူးရှင်။ လူပြိန်း အတွေးတွေးတယ်ပဲ ပြောပြော။ ဒီလိုနည်းပြီး ဒါလောက်ကြာနေတော့ နောက်ဆို ဈေးနည်းနည်း လျော့ပေမယ့် ကားခနဲ့ ပြန်တွက်ရင် မှောင်ခိုဆီ သွားတောင် စိတ်ချမ်းသာသေး ဆိုတဲ့ အတွေးဝင်မိတော့ ဒီငွေလဲ ကောင်တာ ဒီပုံစံအတိုင်းဆို မှောင်ခိုဈေးကို မပပျောက်စေတဲ့ အပြင် အားပေးအား မြှောက်တောင် ဖြစ်နေမလား တွေးမိပါတယ်။

လေးရာလဲပြီးတာနဲ့ ၂ နာရီကျော်နေပြီမို့ ကိုယ့်ရှိစုမဲ့စုနဲ့ တခြားလူတွေ ပေးလိုက်တာ တွေကို အိတ်ထဲ အသေအချာထည့်၊ အပြေးအလွှားကားငှားပြီး ပြန်ရတယ်။ ဆလံတကာ့ ဆလံ ... နောက်ဘယ်တော့ မသွားတော့ဘူးလို့ တွေးပြီး ပြန်အလာ လမ်းမှာလည်း အံ့သြစရာ တွေ့ရပြန်တယ်။

ရန်ကုန်မြို့ ကားလမ်းပိတ်တာတော့ အထူးတလည် စာဖွဲ့စရာ မလိုပါဘူး။ သိမ်ဖြူကနေ ရွှေဂုံတိုင် မယုံမရှိပါနဲ့ ၄၅ မိနစ်ကြာ တယ်။ ကြာတာကို စောင့်နေတုန်း လမ်းကြောကျော်ပြီး မောင်းသွားတဲ့ ကားတစ်စီး ပိတ်နေတဲ့ ကားတွေကို အရေးမလုပ်။ သူ့လမ်းကြော မဟုတ်တဲ့ လမ်းကြောကို မောင်းလိုက်တာ အားနာမှု၊ ရှက်ရွံ့မှု၊ ကြောက်ရွံ့မှု မရှိတဲ့အပြင် ဟန်ကျပန်ကျ ဖုန်းတောင်ပြောနေလိုက် သေး။

ပြည်သူ့ခေတ်က ကောင်းဆက်နိုင်ရဲ့ခေါင်းစဉ်ကို ငှားပြောရရင် ကျွန်မလေ အံ့သြလွန်းလို့ သေတော့မယ်။
သြော် ... စည်းကမ်းရှိသော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ လို့ ကြွေးကြော်နေတဲ့ ငါတို့တိုင်းပြည် ကြိုးနီ စနစ်တွေ နေ့စဉ်နဲ့အမျှ ကောင်းမွန်လာရင်များ၊ တို့ပြည်သူတွေလည်း မမှန်တာ လုပ်ရတာ ရှက်ရွံ့တတ်ပြီး တာဝန်ယူတတ်၊ စည်းကမ်း ရှိတတ်ကြရင်များ ဘယ်လောက် ကောင်းလေမလဲ။ ကိုယ်ကိုယ်တိုင်ကလည်း ဘယ်လို နိုင်ငံသားမျိုးလဲ၊ တို့တွေ ဘယ်လို တိုင်းပြည် တည်ဆောက် နေကြသလဲ လို့ ဆန်းစစ် တွေးမိပါတော့တယ်ရှင်။

ရွှေပြည်တော်မျှော်နေသူ ပြည်သူတစ်ဦး

ဘကြီးသက်
Unknown at 10:09 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နှုတ်ခမ်းဖောက်ခြင်း၏ အန္တရာယ်များ ( လူငယ်လေးများ သိစေချင်သည် )

ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပြီး အဆင်တန်ဆာတွေကို အလှတပ်ဆင်ခြင်းဟာ ဒီနေ့ခေတ်ငယ်ရွယ်သူတွေအကြားမှာ ခေတ်စားနေပါတယ်။

ဟိုအရင်ခေတ်ကတော့ အများအားဖြင့် နားဖောက်တာကိုသာ လုပ်ကြပေမယ့် ယခုခေတ်မှာ နားမှာလည်း နှစ်ပေါက်၊ သုံးပေါက်ဖောက်ကြသလို နှုတ်ခမ်း၊ မျက်ခုံး၊ နှာခေါင်း၊ ချက်စတဲ့ ခန္ဓာကိုယ်နေရာတွေမှာပါ အပေါက်ဖောက်ပြီး အလှဆင်နေကြပါတယ်။ ခန္ဓာကိုယ်အ
ပေါက်ဖောက်ခြင်းဟာ အန္တရာယ် ရှိပါတယ်။ အထူးသဖြင့် နှုတ်ခမ်းမှာ အပေါက်ဖောက်ခြင်းဟာ ရောဂါပိုးကူးစက်ခြင်းအပြင် သွားနဲ့ခံတွင်း ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပေးတဲ့သူတိုင်း ပိုးသတ်ထားတဲ့ အပ်တွေကို အသုံးပြုမယ်လို့ မသေချာပါဘူး။ ဒါကြောင့် ရောဂါပိုးကူးစက်ခံရနိုင်တဲ့ အန္တရာယ်ကို လျစ်လျူရှုထားလို့ မရပါဘူး။ ဒါ့အပြင် အပေါက်ဖောက်ပြီးပါက ပိုးသန့်စင်အောင် ဂရုစိုက်ပြုစုမှုမရှိရင်လည်း ရောဂါပိုးတွေအများအပြား ဝင်ရောက်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။

AIDS ရောဂါဖြစ်စေတဲ့ HIV ပိုးကူးစက်ခံရနိုင်တဲ့ နည်းလမ်းတွေထဲမှာ မသန့်ရှင်းတဲ့အပ်ကို အသုံးပြုပြီး ခန္ဓာကိုယ် အပေါက်ဖောက်ခြင်းလည်း ပါဝင်နေတယ် ဆိုတာကို အမြဲသတိရပါ။ ဂရုစိုက်ပြီး ပိုးသန့်စင်မှု မလုပ်ရင် ခန္ဓာကိုယ်အပေါက်ဖောက်တဲ့ ပထမလူဆီမှ HIV ပိုးဟာ ဒုတိယလုပ်တဲ့ သူဆီကို ရောက်ရှိကူးစက်သွားပါလိမ့်မယ်။

သွားဖုံးတွေ ဆုတ်ယုတ်လာတဲ့အခါ သွားတွေရဲ့အောက်မှ အာရုံကြောတွေပေါ်လာပြီး သွားကျဉ်တာဖြစ်လာပါမယ်။

HIV ပိုးလိုပဲ နာတာရှည် အသည်းရောင် အသားဝါဘီပိုးနဲ့ စီပိုးတွေဟာလည်း မသန့်ရှင်းတဲ့အပ်နဲ့ ခန္ဓကိုယ် အပေါက်ဖောက်ရာမှ ကူးစက်နိုင်ပါတယ်။

နှုတ်ခမ်းမှာ အပေါက်ဖောက်ပြီး တပ်ထားတဲ့ အဆင်တန်ဆာဟာသွားကို အဆက်မပြတ် ပွတ်တိုက်နေရင် ကြာလာတဲ့အခါ သွားတွေတိုက်စားပွန်းပဲ့ပြီး ယိုယွင်းပျက်စီးလာပါလိမ့်မယ်။

နှုတ်ခမ်းမှ အဆင်တန်ဆာဟာ သွားဖုံးနဲ့လည်း ပွတ်တိုက်နေတဲ့အတွက် သွားဖုံးမှ သွေးတွေထွက်လာပြီး ကြာရင်သွားဖုံးတွေ ဆုတ်ယုတ်လာပါမယ်။

ကျန်းမာတဲ့သွားဖုံးတွေ မရှိတော့တဲ့အခါ မေးရိုးဟာ ခိုင်ခံ့မှုမရှိတော့ဘဲ ရောဂါပိုးကူးစက်မှုတွေကိုလည်း ခံရပါမယ်။ ဒီအခါ သွားတွေဟာ ယိုင်နဲ့လာပြီး နောက်ဆုံးမှာ သွားတွေကို ဆုံးရှုံးရပါလိမ့်မယ်။

အတွေ့အကြုံနည်းသူက နှုတ်ခမ်းဖောက်ပေးတဲ့အခါမှာ အာရုံကြောတွေကို ထိခိုက်သွားစေနိုင်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း နှုတ်ခမ်းဖောက်ခြင်းရဲ့ အန္တရာယ်တွေက များပြားလွန်းတာကြောင့် လူငယ်တွေအနေနဲ့ ခဏတာဖက်ရှင်စတိုင်တစ်ခုအတွက် နှုတ်ခမ်းဖောက်ခြင်းကို မပြုလုပ်သင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။Health

...................................................................................
Reference and Credit to ^..^
စိတ်ကူးပျော်ရာ
နှုတ်ခမ်းဖောက်ခြင်း၏ အန္တရာယ်များ ( လူငယ်လေးများ သိစေချင်သည် ) 
..............................................................................................

Unknown at 10:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပန်ကာအောက်က လူ

၂၀၁၂ နိုဝင်ဘာ ၁၃ ရက် ။
ဘာလိုလိုနဲ့ ပန်ကာအောက်မှာ ထိုင်ပြီးလုပ်ရတဲ့ အလုပ်တခုရဖို့ အစပြုခဲ့တဲ့နေ့ဟာ နှစ်ပေါင်း ၂၀ တင်းတင်း ပြည့်ခဲ့ပြီပဲ။
လွန်ခဲ့တဲ့ အနှစ် ၂၀ ခုလိုအချိန်မျိုးမှာ ကျနော်တို့ လူငယ်တသိုက် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သံလျှက်စွန်းမှာတည်ရှိတဲ့ ဧရာဝတီရေတပ်စခန်းဌာနချုပ် ဘောလုံးကွင်းဘေးက အဆောက်အဦတခုထဲမှာ စာချုပ်တွေ ကိုယ်စီလက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြရတယ်။
အဲဒီနေ့မတိုင်မီက ဆေးကြီးစစ် ဆိုတဲ့ နောက်ဆုံး ကျန်းမာရေးစစ်ဆေးမှုကိုလည်း ခံယူခဲ့ကြပါတယ်။
ဖိုင်နယ်ဆေးစစ်မှု မအောင်မြင်သူတချို့ မျက်နှာလေးတွေ ရှုံ့မဲ့ရှုံ့မဲ့ နဲ့ လွယ်အိတ်လေးတွေကိုယ်စီလွယ်၊ အိမ်ပြန်ကြတော့မယ်ပေါ့။ လူပေါင်း ၄၀၀ ကျော် လျှောက်ထားတဲ့အထဲမှာ စစ်စစ်ပေါက်ပေါက် လူ ၉၀ လောက်ပဲ လက်ခံတာဆိုတော့ အရွေးချယ်ခံရသူတွေဟာ ဆန်ကာတင်မဟုတ်တာတောင် ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းရှိသူတွေလို့ ပြောနိုင်ပါတယ်။
ပထမဆုံး ပဏာမဆေးစစ်တဲ့နေ့ကနေ တဖြည်းဖြည်း လျော့နည်းလာတဲ့ လူဦးရေဟာ ဖိုင်နယ်ဆေးစစ်တဲ့ နေ့မှာ လူ ၁၅၀ တောင် မပြည့်တော့ပါဘူး။ အဲဒီမှာ အရည်အသွေးပြည့်မီသူ ၉၀ နဲ့ အရံလူ ၁၀ ဦး ရွေးချယ် လိုက်တယ် ထင်ပါရဲ့။ အရံလူတွေကို ကျနော်တို့က under height လို့ခေါ်ကြတယ်။ သတ်မှတ် ကိုယ်အလေး ချိန်နဲ့ အရပ်အမြင့် မမီတမီ လူပိန် လူပုလေးတွေထဲက ရွေးထုတ်ထားသူတွေပါ။
အကယ်၍ စံချိန်မီရွေးချယ်ထားသူတွေထဲက လွဲချော်မှုတွေ ရှိခဲ့ရင် အစားထိုးနိုင်ဖို့ စီစဉ်ထားတာပါ။ တကယ်လည်း စာချုပ်ချုပ်ဆိုတဲ့နေ့မှာ တချို့ရွေးချယ်ခံ စစ်သည်လောင်းတွေ အချိန်မီ ရောက်မလာတော့ ပါဘူး။ ဒီလိုနဲ့ အရံလူတွေ ထဲက ၅ ယောက်လောက် အစားထိုး ရွေးချယ်လိုက်ရပါတယ်။ ( ခုလောက်ဆို ကျနော်တို့လူစုထဲက ဓူဝံကြယ် လေမှာလွင့်လို့ လုပ်သက်ရင့် ဆရာကြီးဖြစ်သူတွေ ဖြစ်နေလောက်ရောပေါ့)
ကျနော့်ကို ပန်ကာအောက် အရောက်တွန်းပို့လိုက်သူတွေကတော့ ကျေးဇူးရှင် ကျွေးသဖခင်နဲ့ အိမ်သူဇနီးတို့ ၂ ဦးပဲ ဖြစ်ပါတယ်။
အဖေက ကျနော့်အစ်ကိုကြီးရဲ့ အလုပ်ကိုသဘောကျပြီး ကျနော့်ကိုလည်း အဲဒီလို ဖြစ်စေချင်နေတာ။ အစ်ကိုကြီးဟာ ၁၀ တန်းမအောင်ပေမဲ့ မြန်မာ-အင်္ဂလိပ် လက်နှိပ်စက်သင်တန်းတက်ပြီး နေပူစပ်ခါး မသွားရဘဲ နေရိပ်ထဲက ပန်ကာတပ်ရုံးခန်းထဲမှာ ငြိမ်းငြိမ်းလေး အသက်မွေးနေရသူမို့လား… ကျနော်က ၁၀ တန်းအောင်ပြီး သားဆိုတော့ အဖေ့အထင်မှာ အစ်ကိုကြီးထက်တောင် သာချင်သာလိမ့်မယ် အတွေးလည်း ရှိနေပုံရတယ်။
ညီအစ်ကိုရင်းပေမဲ့ စိတ်နေစရိုက်နဲ့ ဗီဇချင်း မတူတာကိုတော့ အဖေ အလေးအနက် သတိထားမိဟန် မတူ။ အစ်ကိုကြီးက သီးသန့်ကမ္ဘာလေးထဲမှာ အေးအေးလူလူ သူ့ဖီလင်နဲ့သူ နေတတ်သူ။ ကျနော်က ခပ်စွာစွာ လှုပ်လှုပ်ရှားရှားသမား… လိုအပ်ရင် ကြီးတော်နွား အလကားကျောင်းပေးဖို့လည်း ဝန်မလေးသူ။
ဇနီးသည်ကတော့ ရပ်ရွာအုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ကျနော်အကြား ပြဒါးတလမ်းသံတလမ်း  ဆက်ဆံရေး အနေအထားကြောင့် ရွာမှာဆက်နေဖို့ ကျနော့်ကို စိတ်မချနိုင် ဖြစ်နေတာပါ။
အဲဒီအချိန်က ကျနော်ဟာ ရွာမှာ ဆိုးပေတေ အဖော်တွေနဲ့ ပျော်လို့ကောင်းနေတုန်း ကာလပေါ့။  ရဝတ အာဏာပိုင်တွေရဲ့ မြင်မြင်သူ လူမထင်တဲ့ ဆင်ကန်းတောတိုး အနိုင်ကျင့်လုပ်ရပ်တွေကို ဆတ်ဆတ်ထိ မခံ တုန့်ပြန်အံတုနေသူတွေဟာ ရပ်ကျော်ရွာကျော် အဖော်အလှော်ကောင်းတဲ့ ကျနော်တို့အဖွဲ့ပါ။ နိုင်ငံတော်က လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေဖို့ဆိုပြီး ကျနော်တို့ နယ်မှာ မဟာဗျူဟာ အမည်ရှိတဲ့ ကားလမ်း တခုဖောက်တယ်ဗျာ။ ပြည်သူတွေကတော့ မသာဘူတာလမ်း လို့ တီးတိုး ခေါ်ကြတယ်။
အဲဒီမှာ တနယ်လုံးရှိကျေးရွာတွေက လက်လုပ်လက်စား မုဆိုးမ မကျန် ကိုယ့်စားရိတ် ကိုယ်စား ရက်ရှည် လုပ်အားပေး လုပ်ခဲ့ရတယ်။ ကျနော်လည်းပါတာပေါ့။ တအိမ်ထောင် မြေ ၁၀ ကျင်းနှုန်း နဲ့ မြွေဆိုးတွေပေါတဲ့ ကိုင်းတောကွင်းထဲမှာ ၇ ရက်လောက် ညအိပ်ညဉ့်နေ လုပ်အားပေးကြရတာ။
ဒီလောက်နဲ့ မပြီးသေးဘူးဗျ။ သတ်မှတ်ထားတဲ့ အတိုင်းအတာ ပြီးဆုံးခါနီးမှာ မြို့နယ်ဦးစီးမှူးနဲ့ အဖွဲ့ရောက်လာ ပြီး လုပ်ငန်းလိုအပ်ချက်အရ ဆိုကာ နောက်ထပ် မြေ ၅ ကျင်းစီထပ်တိုး သတ်မှတ်ပေးတယ်ဗျာ။ အဲဒီမှာ လူတွေ ဒေါသ ထိန်းမရအောင် ဖြစ်လာကြတယ်။ ပါလာတဲ့ စားနပ်ရိက္ခာလည်း ကုန်သလောက်ရှိပြီ။ ပြီးတော့ အိမ်မှာကလည်း လုပ်စရာတွေ တပုံကြီး။ မပြန်မဖြစ် ပြန်ကြရတော့မှာ။
အဲဒါကို ခြိမ်းခြောက်အကျပ်ကိုင်ပြီး အတင်းလုပ်အားပေးခိုင်းစေတာ။ လူအများစု ပြန်ချင်ကြတယ်။ ဒါပေမဲ့ မပြန်ရဲဘူး ဖြစ်နေတယ်။ အိမ်ပြန်ရောက်ပြီး နောက်ကပါလာမယ့် အန္တရာယ်ကို လန့်နေကြတယ်။ အဲဒီအချိန်မှာ ရွာစော်ကဲဖြစ်တဲ့ ကျနော်တို့အဖွဲ့က အခြေအနေကို စတင်ဖောက်ခွဲပြလိုက်တယ်။
‘အားလုံး စဉ်းစားကြပါ။ ဒီအတိုင်းငြိမ်ခံနေရင် အနိုင်ကျင့်မှုတွေက ဒီထက်ပိုဆိုးလာလိမ့်၊ ခုဟာက ကျနော်တို့ တာဝန်ကျေပြီ။ သူတို့ထပ်ပြီး မတရားအနိုင်ကျင့်တာ။ ကျုပ်တို့တော့ မလုပ်နိုင်တော့ဘူး။ ပြန်မယ်။ ကြောက်တဲ့ လူတွေ ကျန်ခဲ့ပေတော့’ ဆိုပြီး ကိုယ့်စားအိုးစားခွက်လေးတွေသိမ်း ပေါက်တူးမှာကုတ်ထမ်းပြီး ကျနော်တို့ လူစွာ လေးငါးယောက် အိမ်ပြန်လမ်းကို ဦးတည်လိုက်တယ်။
အစပိုင်းမှာ ဘေးကလူတွေ ရပ်ကြည့်နေပြီး ကျနော်တို့ အတော်လေးလှမ်းသွားချိန်မှာ လူတချို့ နောက်ကနေ အော်ဟစ် အသံပြုလိုက်လာကြတယ်။ ကျန်လူတွေလည်း အလုပ်ကို စိတ်မပါ့တပါနဲ့ ဆက်လုပ်နေကြတယ်။ အိမ်ပြန်ရောက်လို့ နောက်တနေ့မှာ  ရဲစခန်းက ရဲတွေရောက်လာပြီး ကျနော်အပါအဝင် စတင်လှုံ့ဆော်သူ ၄ ယောက်ကို ဖမ်းသွားတော့တယ်။
ထောင်တော့ မကျလိုက်ပါဘူး။ မြို့နယ်ရဲစခန်းအချုပ်မှာ ၂ ပတ်လောက်နေလိုက်ရတယ်။ ရွာက လူကြီးတွေ လိုက်လာပြီး လွတ်ရာလွတ်ကြောင်း အမျိုးမျိုးကြံဆောင်ကြတာကြောင့် တနှစ်ခံဝန်ခြေချုပ်နဲ့ ပြန်လွတ်လာခဲ့ ရပါတယ်။
အချုပ်ကလွတ်ပြီးနောက်ပိုင်း ကျနော်နဲ့ ရပ်ကွက်အာဏာပိုင်တွေအကြား မိတ်ကောင်းဆွေကောင်း ဆက်ဆံရေး ပျက်ပြားသွားတော့တယ်။ သူတို့က ကျနော်မှာတင်နေတဲ့ တနှစ်ခံဝန်ချုပ်ကို ကိုင်ပြီး ဖိနင်းချင်တယ်။ ကျနော် ကလည်း သူတို့ လုပ်သမျှ မဟုတ်မမှန်ကိစ္စတွေကို တခုချင်း ဖွင့်ချဖော်ထုတ်တယ်။ တိုက်နယ်ရဲစခန်းမှူးက ကျနော့်ကို မကြာခဏခေါ်တွေပြီး ကျစ်သလိုလို ရစ်သလိုလို ခြိမ်းခြောက်သလိုလို စကားလုံးတွေနဲ့ ဖိအားပေး လာတယ်။ ကြာလာတော့ ကျနော် ရွာမှာနေချင်စိတ်ကုန်လာမိရော။
ဒါနဲ့ ရှေ့ဘာဆက်လုပ်မလဲ အတွေးပလုံစီကြည့်ချိန်မှာ တပိုင်းတစပစ်ချထားတဲ့ ကျနော့်ပညာရေးကို သတိရ လာပြန်တယ်။ မြို့မှာ အလုပ်လုပ်ရင်း စာပေးစာယူဆက်တက်ရင် ကောင်းမလား တွေးကြည့်တယ်။ အဲဒီကနေ ၆ လလောက်အကြာ စာပေးစာယူဖြေဆိုဖို့ ပြင်ဆင်ချင်တာရယ်၊ အလုပ်တခုရှာချင်တာရယ် အကြောင်းပြုပြီး ရန်ကုန်ကို ကျနော်ရောက်လာခိုက် ရေတပ်မှာ တကက/စာရေး လျှောက်လွှာခေါ်တာနဲ့ ကြုံကြိုက်နေတုန်း ဒီသတင်းက နယ်မှာရှိတဲ့ ကျနော့်အိမ်ကို နေ့ချင်းပေါက် ရောက်သွားတော့ အဖေရယ် ကျနော့်ဇနီးရယ် သမီးယောက္ခမ နှစ်ဦးသား ဒိုင်းခနဲ ရန်ကုန်ကို ပေါက်ချလာပြီး ကျနော့်ကို ရေတပ်ထဲဝင်ဖို့ အမျိုးမျိုး စည်းရုံး နားချပါတော့တယ်။
ဇနီးသည်ဟာ အရင်တခါ ပြဿနာမှာကတည်းက ကျနော့်အတွက် ပူပင်သောက ရောက်ခဲ့ရတယ်။ နောင်ဆိုရင် အချုပ်ကနေ ထောင်တွေတန်းတွေအထိ ကူးသွားမှာကို အထူးစိုးရိမ်နေပုံရပါတယ်။
အဖေကတော့ စီမံချက်နဲ့ကို ချပြတာ။ လုပ်ရမယ့်အလုပ်က စာရေးဆိုတော့ လက်နှိပ်စက်ရိုက်ရမယ်ဆိုတာ သေချာပေါက်အဖေသိတယ်။ ဒါဆို ပန်ကာအောက်မှာလို့ သူတွက်ပြီးသား။ နောက်တခု… သင်တန်းပြီးပြီးချင်း တပ်ကြပ်ကြီးရာထူး ရအုံးမှာမို့ အောက်တန်းနောက်တန်းအကျဆုံးအဆင့် မဟုတ်နိုင်တာကိုလည်း သူခန့်မှန်း ထားလေရဲ့။ အဲဒီအကြောင်းပြချက်တွေနဲ့ ကျနော့်ကို ကိုင်လှုပ်တာ။ အစတော့ ခပ်အေးအေး ။ ပြေလေထိုးလို့ မရမှန်းသိတဲ့အခါ ဇာတ်ရှိန်မြင့်လာပြီး ‘ဒီတခါ ငါ့စကားကို နားမထောင်ရင် မင်းနဲ့ငါ သေလမ်းရှင်လမ်း အပြတ်ပဲ’ ဆိုတဲ့အထိ ဖြစ်လာတယ်။ ရွာမှာတုန်းကလည်း ကျောင်းဆရာအလုပ် ဝင်မလုပ်လို့ ကျနော့်ကို အဖေ ဒေါသူပုန် ထခဲ့ဖူးသေးတယ်လေ..။ ဒီတော့….
ဘာပဲဖြစ်ဖြစ် အကြောက်အကန် ငြင်းဆန်နေတဲ့ကြားကပဲ နောက်ဆုံးမှာ ဖခင်နဲ့ဇနီးသည် စိတ်ချမ်းသာအောင် ပန်ကာအောက်ကို ကျနော်အရောက်ဝင်ပေးခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်က ရွာမှာဆက်မနေချင်တော့ တာလည်း ပါတာပေါ့ဗျာ။

US-HAITI-QUAKE-AID-TASK FORCE US State Department staff work at a task force room monitoring aid activities for Haiti's earthquake victims in Washington, DC, on January 14, 2010. In Haiti, rescuers raced against the clock to reach survivors among thousands of corpses in quake-hit country, as planeloads of international aid swamped the main airport. Officials have warned the overall death toll may top 100,000 and say three million people could have been affected by Tuesday's powerful quake which ravaged the poorest nation in the Americas. AFP PHOTO/Jewel SAMAD (Photo credit should read JEWEL SAMAD/AFP/Getty Images) AFP/Getty Images

ပန်ကာအောက်ရောက်ရုံတင် ဘယ်ကပါ့မလဲ။ ပန်ကာရွက်လို ချာလပတ်လည်ခဲ့ရတာ၊ အထက်ဌာနက ပို့လာတဲ့ညွှန်ကြားစာထဲမှာ ကျနော်မမွေးမီကတည်းက ထုတ်ပြန်ထားတဲ့ စာတစောင်ကို ရည်ညွှန်းထား.. (ရုံးသမားတွေ ကြုံဖူးမှာပါ) အဲဒီစာကို တပ်မှူးကရှာခိုင်းလို့ ဖိုင်ပုံအထပ်ထပ်လှန်လှောရင်း ချွေးဒီးဒီးကျ၊ ပန်ကာလေလေး ရမလားဆိုပြီး ခပ်နှေးနှေးဖွင့်ကြည့်တဲ့အခါ ပန်ကာရွက်က လေမပါ။ ခပ်မြန်မြန်တင်လိုက် ပြန်တော့ တဂျုတ်ဂျုတ်နဲ့ ပြုတ်ကျခမန်း လှုပ်ရမ်းလာလို့ အသာပြန်ပိတ်ထားရတဲ့ ရုံးခန်း၊ ပန်ကာအောက်မှာ တနေကုန် ခေါင်းစား ခါးကိုက်အောင် တလှုပ်လှုပ်နဲ့ အရှုပ်တွေလုပ်ရလွန်းလို့ မျက်နှာကျက်မှာချိတ်ထားတဲ့ ပန်ကာ ငါ့ခေါင်းပေါ်တည့်တည့်သာ ပြုတ်ကျလိုက်ပါတော့လို့ ဆုတောင်းမိတဲ့ရက်တွေ… ဒါတွေကို အဖေ ဘယ်သိနိုင်ပါ့မလဲ….
ကျနော့်အဖို့တော့ ပန်ကာလေက အေးမြခြင်းကို မဆောင်တဲ့အပြင် ဇောချွေးတွေ အလိပ်လိုက် ပြန်စေပါ တော့တယ်။
တနှစ်တခါဆိုသလို မိန်းမနဲ့ကလေးတွေ လက်ဆွဲပြီး မိဘအိမ်ကို အလည်အပတ်ခွင့်ပြန်ချိန်မှာ ကိုယ်ရတဲ့ ရိက္ခာထဲက ခြစ်ခြုတ်စုဆောင်းထားတဲ့ နို့ဆီ ဗူးလေးတွေရယ်၊ သကြားထုပ်လေးရယ် မိဘတွေရှေ့မှာ အသာချပြီး ကန်တော့တဲ့အခါ အဖေ့မျက်နှာ လဝန်းပမာ.. ဆုတွေပေးလိုက်တာ အရှည်ကြီး။ ခဏနေတော့ မြေးတွေခေါ်ပြီး ရွာထဲထွက်သွားရော… တွေ့သမျှလူတွေကို … ‘ပန်ကာအောက်မှာ အလုပ်လုပ်ရတဲ့ ငါ့သားမိသားစု အလည်ရောက်နေတယ်ကွ’ ဆိုပြီး အားရပါးရ လိုက်ပြောနေပါတော့တယ်။
အိမ်မှလည်း ချွေးမဖြစ်သူကို မေးမေးနေသံ ကြားရတယ်။ ‘ဟဲ့ သမီး.. ညည်းယောက်ျား အလုပ်လုပ်တဲ့ ရုံးကို လိုက်သွားဖူးလာ… အဲဒီမှာ ပန်ကာ ဘယ်နှစ်လုံးတပ်ထားတာတွေ့လဲ’ တဲ့။
အမေကတော့ အမေမဟုတ်လား.. မိခင်ဆိုတာ သားသမီးမျက်နှာ နှစ်ခါပြန်ကြည့်စရာမလိုဘဲကို အထာနပ်ပြီးသားလေ။ သားနဲ့ချွေးမ မျက်နှာတွေကို တလှည့်စီတွေတွေကြီး ကြည့်နေရင်း ဆုပေးဖို့ တောင် မေ့နေတယ်။ သူ့ရင်ထဲက သိနေမှာပေါ့…။ ချွေးမလေးရဲ့ နားရွက်ပေါ် ဖုံးအုပ်ရစ်ဝဲကျနေတဲ့ ဆံနွယ်စ တွေကို အသာအယာ သပ်တင်ပေးရင်း ‘ဆောင်းဦးပေါက် စပါးပေါ်ရင် အမေလာခဲ့အုံးမယ်’ လို့ တိုးတိုးလေး နှစ်သိမ့်အားပေးရှာတယ်။
ခွင့်စေ့လို့တပ်ကိုအပြန်.. ပြောစရာမလိုအောင် အလိုက်သိတဲ့အမေက ဆန်တအိတ်၊ ဆီ ၂ ပိဿာ၊ ပဲမျိုးစုံ၊ ငြုပ်သီး၊ ကြက်သွန်၊ နနွင်းမှုန်ကအစ လိုလေသေးမရှိ အသင့်ထုပ်ပြီးသား..။ ပြီးတော့ ပန်ကာအောက်မှာ အလုပ်လုပ်တဲ့သား မျက်နှာမငယ်ရအောင် သူ့ချွေးခံအိတ်ထဲမှာ ကျစ်ကျစ်ပါလိပ်ထားတဲ့ ငွေစက္ကူတချို့ကို ကလေးမုန့်ဖိုး ဆိုပြီး တဖက်လှည့်နဲ့ လမ်းစရိတ် ထုတ်ပေးခဲ့ရတာတွေ… ဒါတွေကို အဖေ တကယ်မသိခဲ့ တာလား… သိလျက်နဲ့ မသိယောင်ဆောင်နေခဲ့တာလား အဖေရယ်..။
သားသမီးအပေါ် ကျေနပ်ဂုဏ်ယူနေတဲ့ အဖေ့ပါးစပ်ဖျားမှာ နောက်ဆုံးချိန်ထိ ဆုတောင်းအမှာစကားလေး ပါးခဲ့ပါတယ်.. ‘ပန်ကာအောက်မှာ အလုပ်လုပ်တဲ့ ငါ့သား… ကြီးပွားပါစေ… ချမ်းသာပါစေ’ တဲ့..။

ခုချိန်မှာ အဖေမရှိတော့တာ ၁၀ နှစ်ကျော်သွားပြီ… ပန်ကာအောက်ကနေ ကျနော်ရုန်းထွက်ခဲ့တာလည်း ၅ နှစ် ကျော်ပါပြီ။ ဒါပေမဲ့ အဖြစ်အပျက်တွေက မနေ့တနေ့ကလိုပါပဲ။
တခါတလေတော့ ကြံကြီးစည်ရာ စိတ်ကူးကြည့်မိတယ်.. ပန်ကာအဟောင်းတလက် ခေါင်းပေါ်ရွက်ပြီး အဖေ့အုတ်ဂူခြေရင်းနား အရောက်သွား ကန်တော့ချင်လိုက်တာ….
 ‘အဖေရေ… အဖေချစ်တဲ့ ပန်ကာအောက်က သားငယ်လေး အဖေ့ကို သတိတရ လာကန်တော့ပါတယ် ခင်ဗျ’ ဆိုပြီးတော့လေ…..။   ။
နေမင်းသူ
၁၃-၁၁-၂၀၁၂

ဘကြီးသက်
Unknown at 9:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငလျင်လှုပ်ခတ်လျှင် အန္တရာယ်လျော့နည်းစေရန် လုပ်ဆောင်သင့်သော အချက်များ

ငလျင်မလှုပ်မီ ဆောင်ရွက်ရန်

- အခန်းတွင် ခိုင်ခံ့သော စားပွဲခုံ၊ အတွင်းနံရံ သို့မဟုတ် တိုင် တံခါးဘောင်အောက်စသော လုံခြုံသော နေရာများကို သိအောင် လုပ်ထားရန်
- ယင်းနေရာများအောက်သို့ အမြန်ဝင်၍ အကာအကွယ်ယူ၊ဆွဲကိုင်ရန်လေ့ကျင့်ထားရန်
- ပြတင်းပေါက်များ၊ မှန်များ၊ တွဲ လောင်းချိတ်ထားသော ပစ္စည်းများ၊ ယိုင်လဲသော ပရိဘောဂများ စသည့် ပြိုလဲပျက်စီးနုင်သော နေရာများကိုသိထားရန်
- အိမ်ပြင်ပတွင် သစ်ပင်များ၊ တံတားများ၊ အဆောက်အအုံများ၊ ဓာတ်တိုင်များစသော ပြိုကျပျက်စီးနိုင်သောအရာများနှင့် ဝေးသော ကွက်လပ်၊ ကွင်းများကို သိအောင် လုပ်ထားရန်
- ထွက်ပြေးရန်နှင့် အရံထွက်လမ်း ကြောင်းများကို သိထားရန်- ရေ၊ ဓာတ်ငွေ့၊ လျှပ်စစ်မီးတို့ကို အပေါ်ဖြတ်တောက်နိုင်အောင် လေ့ကျင့်လုပ်ကိုင်ထားရန်
- ရှေးဦးသူနာပြုစုနည်းများကို လေ့လာထားရန်မိမိနေအိမ်ကို လုံခြုံအောင်ဆောက်ရွက်ရန်
- နံရံတွင် ကပ်ထားသော လေး လံသည့် ဗီရို၊ သေတ္တာစသည့် ပရိဘောဂများကို ယိုင်လဲပြီး မပြို လဲစေရန်၊ နံရံနှင့် တွဲကပ်ထားရန်။
- ကြီးမားလေးလံသော ပစ္စည်း နှင့် ကွဲတတ်သော ပစ္စည်းများကို အမြင့်တွင်မထားဘဲ၊ အနိမ့်တွင်သာထားရန်
- လောင်ကျွမ်းတတ်သော အရည် များကို အိမ်အပြင်ဝေးရာတွင် လုံ ခြုံစွာထားရန် (ငလျင်ကြောင့် မီးလောင်ခြင်း၊ ပေါက်ကွဲခြင်းများ ဖြစ်တတ်သည်)
- ပန်းချီကား၊ မှန်များစသော လေး လံကွဲရှတတ်သောအရာများကို အိပ်ရာ၊ ထိုင်ခုံရှည်စသော လူလဲလျောင်းရာနေရာနှင့် ဝေးဝေးထားရန်
- မီးလုံး၊ မီးဆိုင်းများကို ငလျင်လှုပ်လျှင် ပြုတ်မကျစေရန် ခိုင်ခံ့စွာထားရန် ငလျင်လှုပ်စဉ်လုပ်ဆောင်ရန်များ
- အေးဆေးတည်ငြိမ်စွာ နေရန်၊ အဆောက်အအုံထဲတွင်ဖြစ်ကအထဲတွင်သာ နေရန်၊ ပြင်ပတွင် ဖြစ်က ပြင်ပတွင်သာ နေရန်(ထိ ခိုက်မှုအများစုသည် ငလျင်လှုပ် စဉ် အဆောက်အအုံတွင်းမှ ထွက် ပြေးခြင်း၊ အတွင်းသို့ပြေးဝင်ခြင်း တို့ကြောင့် အဖြစ်များသည်)
- ပြတင်းပေါက်၊ တံခါး၊ ဘီရိုအမြင့်များ၊ ကွဲနိုင်၊ ပြုတ်ကျနိုင်သောပစ္စည်းများနှင့် ဝေးဝေးနေရန်
- ခိုင်ခံ့သည့် စားပွဲခုံ၊ တံခါးဘောင် အောက်၊အတွင်းနံရံစသည့်တို့အောက်တွင် ၀ပ်နေရန်၊ အကာအ ကွယ်ယူရန်
- အဆောက်အအုံအတွင်းမှ ထွက် ခွာမည်ဆိုပါက အလောတကြီး ထွက်ပြေးခြင်းမပြုဘဲ စနစ်တကျထွက်ခွာပါ။ ဓာတ်လှေကားများကို အသုံးမပြုပါရန်
- အဆောက်အအုံပြင်ပတွင် ဖြစ်ပါက သစ်ပင်များ၊ ဆိုင်းဘုတ်များ၊ အဆောက်အအုံများ၊ဓာတ်ကြိုးများ နှင့်ဝေးသော ကွင်းပြင်၊ကွက်လပ်နေရာများသို့ သွားနေပါ။ ငလျင်လှုပ်ပြီးသည်အထိ ခေါင်းငုံ့၍ကာ ကွယ်ထားရန်
- ကားအတွင်းဖြစ်ပါက စက်ရပ်ပြီး ငလျင်လှုပ်ပြီးသည်အထိ ကားအတွင်းနေရန်၊ အဆောက်အအုံများ၊ ခုံးကျော်တံတားများ၊ ဓာတ် တိုင်များနှင့်မြေပြိုမှုဖြစ်နိုင်သော နေရာများအနီးရှိလမ်းကိုရှောင်ရန်၊လမ်းပျက်စီးမှုများကိုသတိပြုရန်။
 
 Myanmar Express
ဘကြီးသက်
Unknown at 9:52 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အတွက် ကျင့်ဝတ် ပြဋ္ဌာန်းချက်များ ထုတ်ပြန်

 ပြည်တွင်းရဲ့ နိုင်ငံပိုင် သတင်းများကို အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အဖြစ် ပြောင်းလဲ ရာမှာ လိုအပ်တဲ့ မူဝါဒများ၊ ကျင့်ဝတ် များနဲ့ အယ်ဒီတာမျာအတွက် လမ်းညွှန်ချက်များ ချမှတ်နိုင်ဖို့ အတွက် သတင်းစာအုပ်ချုပ်ရေး အဖွဲ့ကို ယခုနှစ် အောက်တိုဘာ လအတွင်းက ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့ဟာ အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အတွက် ကျင့်ဝတ် ပြဋ္ဌာန်းချက် များကို အချက် ၁၆ ချက်ဖြင့် ပြဋ္ဌာန်း လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ  ပြဋ္ဌာန်းချက်ထဲ မှာတော့ သတင်းစာ ဆရာများဟာ အများပြည်သူတို့ သိရှိဖို့ ထုတ်ပြန်တဲ့ သတင်းတိုင်းမှာ အချက်အလက် တိကျမှန်ကန်မှု ရှိစေဖို့ အစွမ်းကုန် စိစစ်ရမှာ ဖြစ်ပြီး ပုံနှိပ် ဖော်ပြချက် မပြုမီ သတင်း အားလုံးကို တတ်စွမ်းသမျှ စစ်ဆေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မည်သည့် သတင်း အချက်အလက် ကိုမျှ မိမိတို့ လိုရာသို့ ဆွဲရေးခြင်း များကို ရှောင်ရှားရမှာ ဖြစ်သလို လိုရင်း အချက်အလက်များ ကိုလည်း တမင်သက်သက် ထိမ်ချန်ထားခြင်းများ မပြုလုပ် ရဘူးလို့ သိရပါတယ်။

 ဒါ့အပြင် တရားရုံး သတင်းများ ရေးသား ဖော်ပြရာမှာ စီရင်ပိုင် ခွင့်ရှိတဲ့ တရားရုံးကို မထီမဲ့မြင် ပြုရာရောက်တဲ့ ဖော်ပြခြင်းများနဲ့ တရား စီရင်ရေးကို ထိပါးစွက်ဖက် နှောက်ယှက်ရာ ရောက်စေမယ့် ရေးသား ဖော်ပြမှုများ ကိုလည်း မပြုလုပ် ရဖူးလို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် အကျင့်သိက္ခာ ပျက်ပြားစေမယ့် ရေးသားမှုများ အပြင် သိမ်ဖျင်းတဲ့ စကားလုံး အသုံးအနှုန်းများ အစရှိတဲ့ အချက်များကိုပါ ပုံနှိပ် ထုတ်ဝေခြင်း မပြုရဘူးလို့ သိရပါတယ်။ အဲဒီလို ဆောင်ရွက်မှုတွေ အပြင် အများပြည်သူ ၀န်ဆောင်မှု သတင်းစာ အုပ်ချုပ်ရေး အဖွဲ့ဟာ အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အဖြစ် ပြောင်းလဲ ဆောင်ရွက်မယ့် မြန်မာ့အလင်း၊ ကြေးမုံနဲ့ New Light of Myanmar သတင်းစာများကို အဆိုပါ ဆောင်ရွက်ချက် များနဲ့အညီ သတင်းများ ရေးသား ဖော်ပြ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

 Myanmar Express 

ဘကြီးသက်
Unknown at 9:49 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ငလျင်လှုပ်ခတ်မှု နောက်ဆက်တွဲ သတင်းများ

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေဆိပ်အဆောက်အဦး VIP ခန်းမ၏ Portico မျက်နှာ နဖူးစည်းမှ (၃)ပေ ပတ်လည်ခန့် Plaster ကွာကျခြင်း၊လေကြောင်းထိန်းမျှော်စင်အောက်ထပ် ဆက်သွယ်ရေးရုံးခန်းနံရံတွင် (၁)လက်မ အကျယ် (၁၀) ပေ အရှည်အက်ကြောင်းနှင့်(၁/၄)လက်မ အကျယ်(၁၀)ပေ အရှည် အက်ကြောင်း(၂)ခုဖြစ်ပေါ်ခဲ့ပြီး လေယာဉ်ပြေးလမ်း နှင့်အခြား station များ ထိခိုက်ပျက်ဆီးမှု မရှိဘဲ ပုံမှန် လည်ပတ်လျက်ရှိပါကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ရက်ကွပ်(၂) ၊ သဒဓ္ဒမ္မဝေပုလစေတီမှ ပေ ၁၅၀ အုတ်တံတိုင်း ဓမ္မာရုံတိုင် (၂၂)လုံး ပြိုကျခြင်း၊ရပ်ကွက်(၂)နေဦးအေးဖေ+ဒေါ်ကြည်မြိုင်နေအိမ် အုတ်တံတိုင်း ပေ (၅၀)ပေ ပြိုကျပြီး ဒေါ်မြ (၅၀)နှစ်၊(ဘ)ဦးအေးဖေ(၀ဲခြေထောက်/ဦးခေါင်းပေါက်ပြဲဒဏ်ရာ)၊ ဦးမာ(၅၂)နှစ်၊ (ဘ)ဦးဌေးမောင်(ယာဒူးဖူးရောင်ဒဏ်ရာ)၊ဒေါ်ခိုင်(၄၅)နှစ်၊(ဘ)ဦးမောင်(၀ဲပေါင်ကျိုးဒဏ်ရာ၊ ၀ဲလက်မောင်း ပေါက်ပြဲ၊၀ဲနံရိုး/ဦးခေါင်းဖူးရောင်ဒဏ်ရာ)ရရှိခြင်း၊ရပ်ကွက်(၂)၊စဥ့်ကူး အထက်တန်းကျောင်း အုတ်တံတိုင်း ပေ (၂၀၀)ပြိုကျခြင်
း၊ နွယ်ရုံကျေးရွာနေ ဦးကျော်ညွှန့်(၂၈)နှစ်၊(ဘ)ဦးကြည်လင်း၊အုတ်တံတိုင်းပြိုကျသဖြင့် ဦးခေါင်းပေါက်ပြဲပြီး သေဆုံးခြင်း၊သာသနာ့ ဗိမ္မာန် (၇၅) ပေခန့် အုတ်တံတိုင်း ပြိုကျခြင်း၊ရပ်ကွက်(၂) ပုသိမ်ရပ်သာကျောင်းဦးသူရိယ(၇၇)နှစ်၊(၉)၀ါ၊(ဘ)ဦးစံမြ၊မျက်နှာကျက်ပြုတ်ကျသဖြင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိခြင်း၊ရပ်ကွက်(၁)၊စဥ့်ကူး-မန္တလေးကားဂိတ်တွင် အုတ်တံတိုင်း ပြိုကျသဖြင့် အောင်ကျော်ဇင် (၄၄)နှစ်၊(ဘ)ဦးလှသန်း၊ပြည်ကြီးတံခွန်မြို့နယ်နေသူမှာ ယာပေါင်ကျိုးခြင်းနှင့် ယာလက်မောင်း ပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ပါသည်။
မိုးကုတ်မြို့နယ် ကသည်းအုပ်စု၊ ရန်ကြီးအောင်ရပ်ရှိ ဘုံသီတာကျောင်းတိုက်အတွင်း အမြင် ၁၃ ပေခန့်၊ လုံးပတ် ၁၃ ပေခန့်ရှိ ရှေးဟောင်းဘုရားပျက်အတွင်းမှ ငလျင်လှုပ်ခတ်မှုကြောင့် ၆ လက်မခန့်ရှိ ငွေဆင်းတုတော် ၃ ဆူ ပေါ်ထွက်ခဲ့ပါသည်။
မတ္တရာမြို့နယ် အင်ကြင်းမြိုင်ကျေးရွာရှိ လေကြောင်းအရန်ကာကွယ်ရေးတပ်အမှတ် (၁၀၁၄)၏ အုတ်တံတိုင်း အမြင့် ၄ ပေခွဲ၊ အလျား ၁၀ ပေခန့်ရှိ ၇ ခန်း စုစုပေါင်း ပေ ၇၀ ခန့်ပြိုကျခဲ့ပါသည်။
အောင်မြေသာစံမြို့နယ် ပြည်ကြီးရန်လုံရပ်ကွက် ၁၆ လမ်း ၈၇x၈၈ လမ်းကြား နေထွက်ဂူဘုရားကျောင်း ၀င်းအတွင်းရှိ နေထွက်ဂူဆုတောင်းပြည့်ဘုရားနှင့် ချမ်းအေးသာစံမြို့နယ် ကဉ္စဏမဟီရပ်ကွက် အကွက် (၆၂၄)၊ ၇၇(၃၀x၃၁)လမ်းကြားရှိ ရွှေဘုံသာမြတ်စွာဘုရား၏ စိန်ဖူးတော်များ မြေခခဲ့ပါသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဒဏ်ရာရှိသူ ကျား(၁၂)ဦး၊ မ(၅)ဦး ရောက်ရှိလာပြီး အဆိုပါဒဏ်ရာရရှိသူများထဲမှ မခိုင်(၄၀)နှစ်(စိစစ်ဆဲ)မှာ သေဆုံးသွားခဲ့သဖြင့် စုစုပေါင်း ဒဏ်ရာရရှိသူ ကျား (၁၂)ဦး၊ မ(၄) စုစုပေါင်း (၁၆)ဦးတက်ရောက်ဆေးကုသလျက်ရှိပါသည်။
သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးအချို့လည်းပျက်ဆီးဆုံးခဲ့ကြောင်းသတင်းရရှိပါသည်။

____________________________________
ယခုသတင်းကို ၁၂.၁၁.၁၂ နံနက် ၈နာရီ၄၄မိနစ်တွင် NOM မှ မျှဝေသည်။
Posted By Admin Team[NOM]

ဘကြီးသက်
Unknown at 9:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသပိတ်ကျင်းမြို့မှ ငလျင်ဒဏ်သင့် ဒေသခံ ပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီးထောက်ပံ့ငွေများပေးအပ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် အဖွဲ့ဝင်များ ဖြစ်ကြသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်ချထားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးဦးဘုန်းဆွေ၊ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာဝင်းမြင့်၊ ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးကြူ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးအောင်သန်းဦးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဟန်စိန် တို့နှင့်အတူယနေ့ မွန်းလွဲ (၃) နာရီတွင် နေပြည်တော်မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ မန္တလေးမြို့သို့ (၄) နာရီမိနစ် (၂၀) တွင် ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်း
ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ထို့နောက် ဒုတိယသမ္မတသည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ အဖွဲ့ဝင်များနှင့် အတူရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာသပိတ်ကျင်းမြို့သို့ ညနေ (၅) နာရီ (၁၀) မိနစ်တွင် ရောက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် (၇) နာရီ (၄၂)မိနစ် (၃၇) စက္ကန့်တွင် မန္တလေးမြေငလျင်စခန်းမြောက်ဘက် (၈၂) မိုင်ခန့်၊ ရွှေဘိုမြို့၏ မြောက်ဘက် (၄၅) မိုင်ခန့် နှင့် သပိတ်ကျင်းမြို့ အနောက်တောင်ဘက် (၁၂) မိုင်ခန့် နေရာတို့ကိုဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၆ ဒဿမ ၈) နှင့် (၅ ဒဿမ ၀) အဆင့်ရှိ (၃) ကြိမ် လှုပ်ခတ်ခဲ့သောငလျင်
ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အအုံများနှင့် လူနေအိမ်များအား
လည်းကောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိကြသည့် ဒေသခံ ပြည်သူများအားဆေးဝါးကုသပေးနေမှု အခြေအနေများကိုလည်းကောင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီးဆေးဝါးများ၊ စားသောက်
ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ပြီးအားပေးစကားပြောကြားသည်။

ဒုတိယသမ္မတသည် ငလျင်ဒဏ်သင့် ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီးစိုးရိမ် ပူပန်မှု မရှိကြရန်နှင့် နိုင်ငံတော်မှ တတ်နိုင်သမျှ ပံ့ပိုးကူညီစောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်းပြော
ကြားပြီးတာဝန်ရှိသူများကိုလည်းမြေငလျင်နှင့် ပတ်သက်သောအသိပညာများ ချပြရှင်းလင်း
ကြရန် မှာကြားသည်။

သပိတ်ကျင်းမြို့ပေါ်တွင် အိမ်ခြေ (၈၄၃) အိမ်၊ အိမ်ထောင်စု (၉၂၁) စု၊ လူဦးရေ (၄၁၉၅) ရှိသည့်အနက် သာသနိကအဆောက်အအုံ (၂၁) လုံး၊ ဌာနဆိုင်ရာအဆောက်အအုံ (၄၈) လုံး၊ စာသင်ကျောင်း (၄) ကျောင်းနှင့် နေအိမ် (၁၀၂) လုံးထိခိုက် ပျက်စီးခဲ့ပြီးဒေသခံ ပြည်သူ (၃) ဦးသေဆုံး၊ (၃၅) ဦးထိခိုက် ဒဏ်ရာရရှိခဲ့သဖြင့် နိုင်ငံတော်မှ ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀)၊ စေတနာရှင် (၄) ဦးကကျပ် သိန်း (၅၀) စီဖြင့် သိန်း (၂၀၀)၊ စုစုပေါင်းငွေကျပ် သိန်း (၃၀၀) ပေးအပ်မှုနှင့်အတူတာဝန်ရှိသူများကကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းငလျင် လှုပ်ခတ်ပြီးနောက် အဆိုပါ ဒေသများတွင် ကာလအတန်ကြာ
သည်အထိမကြာခဏငလျင် ထပ်မံလှုပ်ခတ်လေ့ ရှိသဖြင့် ဒေသခံ ပြည်သူများမှာတိုက်အိမ်နှင့် အုတ်ညှပ်နေအိမ်များအတွင်း မနေထိုင်သင့် သေးကြောင်းသတင်းရရှိသည်။

http://www.president-office.gov.mm/zg/briefing-room/news/2012/11/11/id-1701
— ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ငလျင်ဒဏ်သင့် ဒေသခံများနှင့် တွေ့ဆုံ (6 photos)

ဘကြီးသက်
Unknown at 9:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.