Monday, November 5, 2012

Add ons တွေအကြောင်း တစေ့တစောင်း

 
အင်တာနက် အသုံးပြုသုတော်တော်များများ တွင်မိမိနှစ်သက်ရာ Browser အမျိုးမျိုးကိုအသုံးပြုလေ့ရှိတတ်ပါ သည် ထိုသို့အသုံးပြုရာတွင် Browser များသည် သူတို့၏ စွမ်းဆောင်ရည်ပေါ်ကိုမူတည်ပြီးသာ လုပ်ဆောင်နိုင်ပါသည် သို့သော် တစ်ခါတစ်ရံတွင် Brower လုပ်ပေးနိုင်သည်ထက် မိမိကပိုမိုလိုချင်သောအခါ အသုံးပြုနိုင်သည့် အရာတစ်ခုရှိပါသည် ထိုအရာမှာ Add ons ပင်ဖြစ်ပါသည်

Add on များအား ယေဘုယျအားဖြင့် သူ၏စွမ်းဆောင်ရည် ပေါ်လိုက်ပြီး သုံးမျိုးခွဲခြားထားပါသည် သူတို့ကတော့

(၁) Brower Extension
(၂) Appearance
(၃) Plugins

ယခုဆောင်းပါးတွင် ထိုသုံးမျိုး၏ကွဲပြားခြားနားပုံအားတင်ပြသွား မည်ဖြစ်ပါသည်

(၁) Browser Extension
သူသည်ကွန်ပျူတာ ပရိုဂရမ်တစ်ခုဖြစ်ပြီး နာမည်နှင့်လိုက်အောင်ပင် မိမိ၏ Browser အားသာမန်စွမ်းဆောင်နိုင်သည်ထက် ပိုမိုစွမ်းဆောင် ပေးနိုင်ပါသည် မိမိအသုံးပြုသော Extension ပေါ်ကိုလိုက်ပြီး စွမ်းဆောင်ရည်မြင့်လာခြင်းဖြစ်ပါသည် သုတို့ကို မိမိမကြည့်ရူချင်လိုသော ကြေငြာများအား ပိတ်ထားခြင်း websites များမှ Video များအား Dowload လုပ်ရာတွင် အသုံးပြုခြင်း မိမိ၏ browser အား တခြား လူမူရေးကွန်ယက်များဖြစ်သော Facebook, twitter စသည်တို့ဖြင့်ချိတ်ဆက်ထားခြင်း စသဖြင့် အသုံးပြုနိုင်ပါသည်

(၂) Appearance
Appearance တွင်၂မျိုးရှိပါသည် Complete Themes & Background Themes ဆိုပြီးဖြစ်ပါသည် Complete Themes ဆိုတာကတော့ သူ့ကိုအသုံးပြုပြီး Buttons တွေ Menu တွေအားမိမိလိုသလို ပုံစံပြောင်းပစ်ခြင်း ဖြစ်ပါတယ် Background Themes ဆိုတာကတော့ မိမိ၏ Brower အား မိမိနှစ်သက်သည့် ပုံများထည့်သွင်းရာ တွင် အသုံးပြုခြင်းဖြစ်ပါတယ်

(၃) Plugins
Plugins ဆိုတာကတော့ အင်တာနက်အသုံးပြု သူများ မသုံးမဖြစ် အသုံးပြုနေရသည့် အရာတစ်ခုအနေနဲ့ တည်၇ှိနေပါသည် Plugins များကတော့ Flash, QuickTime, Sliverlight စသည်တို့ဖြစ်ပြီ့း ရုပ်ရှင်တွေ/သီချင်းတွေ/ဂိမ်းတွေ ကိုအသုံးပြုသည့်အခါ ထောက်ပံ့ပေးသည့် အရာတစ်ခုဖြစ်ပါတယ် ဆိုလိုသည်မှာ သက်ဆိုင်ရာ Plugins မရှိဘဲ မိမိအသုံးပြုလိုသည်အား အသုံးမပြုနိုင်ပါ ထို့ကြောင့် မိမိ၏ Brower ထဲတွင် လိုအပ်သည့် Plugins တွေအားထည့်သွင်းထားရမည်ဖြစ်ပါသည်

Add ons တွေကို ဘယ်လိုအသုံးပြုမလဲ

မိမိလက်ရှိအသုံးပြုနေသည့် Brower ပေါ်ကိုလိုက်ပြီး သက်ဆိုင်ရာ store များတွင် ရယူနိင်ပါသည် Software တွေသွင်းသလိုမျိုး အချိန်အများကြီးယူပြီး အလုပ်ရူပ်ခံစရာမလိုဘဲ မိမိနှစ်သက်ရာ Brower ၏ store ကိုသွားပြီး “Add to Chrome” (ဥပမာ) အား ကလစ်တစ်ချက်နှိပ်ပြီး မိမိ၏ Browser တွင်ထည့်သွင်း အသုံးပြုနိုင်ပါသည် မိမိအသုံးမပြုလိုတော့သော Add ons များအား Brower ၏ Setting နေရာအားသွားရောက်ပြီး ဖယ်ရှားနိုင်ပါသည်ခင်ဗျာ
ဒီလောက်ဆိုလျှင် Add ons ဆိုသည်အား အခြေခံအားဖြင့် နားလည်လောက်ပြီဟု ယူဆပါသည်ခင်ဗျာ

သို့သော် Add ons များအားထည့်သွင်းရာတွင် ထည့်သွင်းလို့အဆင်မပြေနိုင်သည်မှာရှိတတ်ပါသည် ထိုအခါ အောက်ပါ Error များ ပြတတ်ပါတယ် ထို့ကြောင့် ယခုလိုပြသ လာပြီဆိုလျှင် မည်ကဲ့သို့ဖြေရှင်းရမည်ဆိုသည်ကိုတော့ နောက်ထပ်ဆောင်းပါးတစ်ခုဖြင့် အသေးစိတ်ရှင်းပြ တင်ဆက်သွားပါမည်ခင်ဗျာ သို့သော် များသောအားဖြင့်ကတော့ ထည့်သွင်းလို့အဆင်ပြေပါသည်ခင်ဗျာ

ကျနော်တို့ပေ့ခ်ျမှတစ်စုံတစ်ခုရသွားသည်ဆိုလျှင်ကျေနပ်နေသည့်
IT4M

ဘကြီးသက်
Unknown at 10:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗြိတိန်တွင် Samsung က Apple ကို ထပ်မံ တရားစွဲ

ပထမအကြိမ် တရားစွဲပြီး နောက်ထပ်တစ်ကြိမ် တရားစွဲရတဲ့ ဖြစ်ရပ်မျိုး ပြန် လည် ကြုံတွေ့ရပြန်ပြီ ဖြစ်ပါတယ်။ ဖြစ်ပုံက ဒီလိုဖြစ်ပါတယ်။

ပထမအကြိမ်တုန်းက လန်ဒန်တရားရုံးရဲ့  ဆုံးဖြတ်ချက်အရ Samsung ဟာ Apple ဆီမှ နည်းပညာ ခိုးမချထားဘူးလို့ ဆုံးဖြတ်ခဲ့ပြီး Apple မှ Samsung ကို တရားဝင် တောင်းပန်းရမယ်လို့ တရားစီရင်ချက်ချခဲ့ပါတယ်။ တောင်း ပန်မှုကတော့ UK အခြေဆိုက် Apple ဝဘ်ဆိုဒ်မှာ Samsung ကို တရားဝင် တောင်းပန်ကြေညာပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း Apple က တကယ် တောင်းပန်ပေးပါတယ်။ သို့ပေမယ့် လက်တစ်လုံးကြား ကွက်ကျော် ရိုက်သွားပါတယ်။

တောင်းပန်းစာကို မောက်စ်နဲ့ Scroll Down လုပ်မှ တွေံ့ရမှာ ဖြစ်ပါတယ်။ ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါဘူး။ iPad mini ကို ဓာတ်ပုံ ကြီးကြီးနဲ့ ကြော်ငြာပါတယ်။ သာမန် ဝင်ကြည့်သူ တစ်ယောက်အနေနဲ့ iPad mini အပေါ်သာ အာရုံရောက်ပြီး အောက်မှာ စာကျန်သေးတယ်ဆိုတာ သတိထားမိကြမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ Apple ရဲ့  Developer များက လက်စွမ်းပြလိုက်တာ ဖြစ်ပါတယ်။ JavaScript "resize" code ကို အသုံးပြု လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပုံကိုသာ အသားပေးပြီး တောင်းပန်စာ က အောက်ကို ကျသွားရတယ်လို့ ဆိုပါတယ်။

ဒါကို UK အခြေဆိုက် Samsung ကျေနပ်မှုလုံးဝ မရှိပဲ လန်ဒန် တရားရုံးကို ထပ်မံ တိုင်ကြားပါတယ်။ ယင်းသို့ ထပ်မံတိုင်ကြားမှုကြောင့် Apple အနေနဲ့ တောင်းပန်စာ ပေါ်အောင် တရားဝင်ပြန်လည် ဖော်ပြပေးရမယ့် အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။
--
Ref:zdnet
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/samsung-apple.html
ဗြိတိန်တွင် Samsung က Apple ကို ထပ်မံ တရားစွဲ

ပထမအကြိမ် တရားစွဲပြီး နောက်ထပ်တစ်ကြိမ် တရားစွဲရတဲ့ ဖြစ်ရပ်မျိုး ပြန် လည် ကြုံတွေ့ရပြန်ပြီ ဖြစ်ပါတယ်။ ဖြစ်ပုံက ဒီလိုဖြစ်ပါတယ်။ 

ပထမအကြိမ်တုန်းက လန်ဒန်တရားရုံးရဲ့  ဆုံးဖြတ်ချက်အရ Samsung ဟာ Apple ဆီမှ နည်းပညာ ခိုးမချထားဘူးလို့ ဆုံးဖြတ်ခဲ့ပြီး Apple မှ Samsung ကို တရားဝင် တောင်းပန်းရမယ်လို့ တရားစီရင်ချက်ချခဲ့ပါတယ်။ တောင်း ပန်မှုကတော့ UK အခြေဆိုက် Apple ဝဘ်ဆိုဒ်မှာ Samsung ကို တရားဝင် တောင်းပန်ကြေညာပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း Apple က တကယ် တောင်းပန်ပေးပါတယ်။ သို့ပေမယ့် လက်တစ်လုံးကြား ကွက်ကျော် ရိုက်သွားပါတယ်။ 

တောင်းပန်းစာကို မောက်စ်နဲ့ Scroll Down လုပ်မှ တွေံ့ရမှာ ဖြစ်ပါတယ်။ ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါဘူး။ iPad mini ကို ဓာတ်ပုံ ကြီးကြီးနဲ့ ကြော်ငြာပါတယ်။ သာမန် ဝင်ကြည့်သူ တစ်ယောက်အနေနဲ့ iPad mini အပေါ်သာ အာရုံရောက်ပြီး အောက်မှာ စာကျန်သေးတယ်ဆိုတာ သတိထားမိကြမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ Apple ရဲ့  Developer များက လက်စွမ်းပြလိုက်တာ ဖြစ်ပါတယ်။ JavaScript "resize" code ကို အသုံးပြု လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပုံကိုသာ အသားပေးပြီး တောင်းပန်စာ က အောက်ကို ကျသွားရတယ်လို့ ဆိုပါတယ်။ 

ဒါကို UK အခြေဆိုက် Samsung  ကျေနပ်မှုလုံးဝ မရှိပဲ လန်ဒန် တရားရုံးကို ထပ်မံ တိုင်ကြားပါတယ်။ ယင်းသို့ ထပ်မံတိုင်ကြားမှုကြောင့် Apple အနေနဲ့ တောင်းပန်စာ ပေါ်အောင် တရားဝင်ပြန်လည် ဖော်ပြပေးရမယ့် အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။ 
--
Ref:zdnet
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/samsung-apple.html

ဘကြီးသက်
Unknown at 9:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အခြေအနေမဲ့တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့လေလွင့်ကလေးများ ထိန်းသိမ်ရေးအထူးစီမံချက်ပြုလုပ်မည်





ရန်ကုန်တစ်မြို့လုံးရှိ အခြေအနေမဲ့များ၊တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့လေလွင့်ကလေးများ ထိန်းသိမ်းရေးအထူးစီမံချက်ကို လာမည့်နိုဝင် ဘာလ ၅ ရက်နေ့မှစတင်၍ နှစ်ပတ်ကြာပြုလုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊လုံခြုံရေးနှင့် စည်းကမ်းထိန်း သိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ရန်ကုန်မြို့တွင်း အခြေအနေမဲ့၊ တောင်းရမ်းစားသောက်သူနှင့် မိဘမဲ့ လေလွင့်ကလေးများကို ရန်ကုန်မြို့ ရှိလမ်းဆုံမီးပွိုင့်များ၊ခုံးကျော်တံတား အောက်များတွင် အများဆုံးတွေ့ရှိထိန်းသိမ်းခဲ့ရပြီး ထိန်းသိမ်းခဲ့ရသည့် သူများအထဲတွင် ကလေးငယ်များ၊ လူကြီးများအပြင် အနာကြီးရောဂါဝေဒနာ ရှင်များ၊ဒုက္ခိတမသန်စွမ်းသူများ၊စိတ် ရောဂါရှိသူများနှင့် ကလေးငယ်အား ရင်ခွင်ပိုက်ကာ တောင်းရမ်းနေသူများလည်း ပါဝင်ကြောင်းသိရသည်။ ''အခြေအနေမဲ့သူတွေ၊ တောင်းရမ်းစားသောက်သူတွေ၊ မိဘမဲ့ လေလွင့် ကလေးငယ်တွေကို ဦးတို့အနေနဲ့ ဖမ်းတာမဟုတ်ပါဘူး။ ရန်ကုန် မြို့ကို အဆင့်မြင့်မြို့တော်အဖြစ် တည်ဆောက်တဲ့နေရာမှာ လမ်းဆုံလမ်းခွနေရာ တွေမှာ အမြင်မသင့်လျော်တာကြောင့် ထိန်းသိမ်းတာ ဖြစ်ပါတယ်။ ထိန်းသိမ်း ခဲ့တဲ့သူတွေ ကိုဦးတို့ကနေတဆင့် လူမှုဝန်ထမ်းကို ပြန်အပ်ပြီးလူမှုဝန်ထမ်း ကနေတဆင့် ယောက်ျားလေး၊ မိန်းကလေး၊ လူကြီးခွဲပြီး သက်ဆိုင်ရာ သင်တန်းကျောင်းတွေ၊ စောင့်ရှောက်ရေးဌာနတွေကို ခွဲပြီးပို့တာဖြစ်ပါ တယ်''ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ ထိန်းသိမ်းခံရသူများအထဲတွင် မွေးစမှငါးနှစ်အထိကလေးငယ်များ ဖြစ်ပါက ရွှေဂုံတိုင်ရှိကလေးပြုစုရေးဌာန၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ (ကျား) များအားကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ ၁၂နှစ်မှ ၁၆ နှစ်အထိ (ကျား)များအား သန်လျင်နှင့် ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ ၅ နှစ်မှ ၁၂ နှစ်အထိ(မ)များအား အမျိုးသမီးသက်ငယ်သင်တန်းကျောင်း၊ ၁၂ နှစ်မှ ၁၆ နှစ်အထိ(မ)များအား အမျိုးသမီးသက်မွေးသင်တန်းကျောင်း၊ အသက် ၁၈ နှစ်အထက်(ကျား၊မ)များအား ၀ါးနက်ချောင်းလူမှုစောင့်ရှောက် ရေးဌာန၊ ယင်းအထဲမှ စိတ်ရောဂါဝေဒနာရှင်များအား စိတ်ရောဂါဆေးရုံ၊ အနာကြီးရောဂါဝေဒနာရှင်များအား ရန်ကုန်ဆေးရုံကြီးအရေပြားဌာန၊ မျက်မမြင်ဆိုပါက မျက်မမြင် ကျောင်း၊မိသားစုကစွန့်ပစ်သောသက်ကြီး များအား တိုင်းလူမှုဝန်ထမ်းဌာနသို့လည်းကောင်း ပို့ဆောင်ပြီး အချို့ အယောင်ဆောင် တောင်းရမ်းစားသောက်သူများကို မွေးကင်းစမှ အသက် ၁၆ နှစ်အထိအား မိဘထံပြန်လည်အပ်နှံပြီး မိဘမရှိပါက လူမှုဝန်ထမ်းသို့ အပ်နှံကာ အသက် ၁၈ နှစ်အထက်ဖြစ်ပါက ဥပဒေအရအရေးယူရန် ရဲစခန်းသို့ လွှဲပြောင်းပေးကြောင်း သိရသည်။ ရန်ကုန်မြို့တွင်း အခြေအနေမဲ့၊ တောင်းရမ်းသူများနှင့် မိဘမဲ့လေလွင့် ကလေးများထိန်းသိမ်းရေး စီမံချက်ကို ပုံမှန်ပြုလုပ်နေပြီး နိုဝင်ဘာ ၅ ရက်နေ့တွင်ပြုလုပ်မည့် အထူးစီမံချက်မှာ ယခုနှစ်အတွင်း ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ကာ ပထမအကြိမ်အထူးစီမံချက်ကို ပြီးခဲ့သည့်အောက်တို ဘာလအတွင်းက တစ်ပတ်ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။
ဘကြီးသက်
Unknown at 9:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံရေး အပြောင်းအလဲမှ ... တရားဥပဒေ စိုးမိုးရေးနှင့် သတိထားဖွယ်ရာ ဘေးထွက်ဆိုးကျိုးများ

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းမှာ ... "အာဏာရှင် ဖြုတ်ချရေး၊" "စစ်အာဏာရှင် အလိုမရှိ"၊ " မတရားတဲ့ အစိုးရ အလိုမရှိ" လို့ ကြွေးကြော်သံတွေက မြန်မာ့နိုင်ငံရေးရဲ့ ၂၀၁၂ ခုနှစ် စာမျက်နှာမှာ မရှိသလောက် နည်းသွားတာကတော့ သိသာတဲ့ အချက်ပါပဲ။ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုသံတွေက ဟိုတစ်စ ဒီတစ်စ ရှိနေသေးပေမယ့် အရင်လို ပြင်းထန် စူးရှပြီး အားပါမှုကတော့ နည်းနည်း အားပျော့လာတာလည်း တွေ့ရပါတယ်။ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ဝမ်းနည်းဖို့ ကောင်းပါတယ်။

တိုင်းပြည်အတွက် ဘုံရန်သူ စစ်အာဏာရှင်ဆိုတာကြီးက မှေးမှိန်လာသလို ရှိလာတာကတော့ .. လက်ရှိ အရပ်ဝတ် စစ်ခေါင်းဆောင်တွေအတွက် ရည်မှန်းချက် အောင်မြင်တယ်လို့ ပြောလို့ ရနိုင်သလောက် ရှိပါတယ်။
ဒါပေမယ့် စစ်သားတွေဘက်မှာလည်း အရင်က ရာနှုန်းပြည့် ချုပ်ကိုင်ခွင့်ကနေ အာဏာအချို့ လက်လွှတ်လိုက်ရတာကို မကြေနပ်တဲ့ သူတွေလည်း ရှိမှာ မလွဲပါဘူး။ .. နိုင်ငံရေးကို ကိုယ်ပိုင် အခွင့်အရေးနဲ့ တွဲကြည့်ပြီး အရှုံးအမြတ် တွက်ချက်နေမှုကနေ အဲဒီလို အရှုံးဆိုတဲ့ တွက်ချက်မှု ပေါ်လာတယ်လို့ မြင်လို့ရပါတယ်။ တဖက်ကလည်း အတိုက်အခံတွေဘက်မှာ တိုင်းပြည်ရဲ့ အဓိက အာဏာကို အရပ်ဝတ် စစ်ခေါင်းဆောင်တွေ ဆက်လက်နေရာယူထားတာနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အပေါ်မှာ တိုင်းပြည်က လည်ပတ်နေရတာကို ကြည့်ပြီး .. နိုင်ငံရေး အပြောင်းအလဲ ဘာမှ မရှိသေးဘဲ .. ကိုယ့်ဘက်က ပေးလိုက်ရတဲ့ အရှုံးက ... အာဏာရှင်အပေါ် အလျော့ပေးလိုက်ရတယ် ဆိုပြီး ... အရှုံးတွက် တွက်သူတွေလည်း ရှိပါတယ်။ တသက်လုံး စကားမတည်တတ်တဲ့ စစ်အာဏာရှင် အဆက်ဆက်ရဲ့ လိမ်ညာတာကို ခံရမှုအပေါ် .. အခြေခံပြီး တွက်ချက်တဲ့ အရှုံးလို့ မြင်ရပါတယ်။

အရှုံးပဲ ပြောပြော၊ အနိုင်ပဲ ထင်ထင် .. မြန်မာပြည်ရဲ့ နိုင်ငံရေး လမ်းကြောင်းကတော့ ...ဖိနှိပ်ရေး (စစ်သားတွေ အမြင် လုံခြုံရေး)နဲ့ တော်လှန်ရေး လမ်းကြောင်းကနေ ... နိုင်ငံရေး လမ်းကြောင်းဖက်ကို ခြေလှမ်း ယောင်ယောင်လေး လှမ်းလာတာကတော့ အထင်အရှားပါပဲ။ အသိသာဆုံး အပြောင်းအလဲကတော့ တချိန်က စကားမပြောဘဲ ရန်သူလို ထင်မြင်ပြီး မျက်နှာခြင်းဆိုင်လို့တောင် မရတဲ့ .. ဘက် နှစ်ဘက်က လူတွေ ... အခုတော့ မကြာခဏ မျက်နှာခြင်းဆိုင် စကားပြောနေကြတာဟာ ကောင်းမွန်တဲ့ တိုးတတ်မှုပါပဲ။ လူဆိုတာ .. အခြားသော သတ္တဝါတွေနဲ့ ယှဉ်ရင် ... သာလွန်တဲ့ အချက်က "စကား" ဆိုတဲ့ အရာကို သုံးပြီး အချင်းချင်း နားလည်မှု တည်ဆောက်ပြီး တိုးတတ်မှုကို ရှာဖွေကြတာ .. လူသားသဘာဝပဲ မဟုတ်ပါလား။ ဒီအတွက် ကောင်းမွန်တဲ့ ရလဒ်တွေ ရလာမယ်လို့ .. မျှော်လင့်ပါတယ်။ အရင်လို တဖက်ကပြော တဖက်က နားထောင်ဆိုတဲ့ .. အထက်အောက် ဆက်ဆံမှုမျိုးကနေ ဖယ်ခွာပြီး .. ဘေးတိုက် ညှိနှိုင်းဆောင်ရွက်မှုဟာ ... တိုးတတ်တဲ့ ဆက်ဆံမှုလို့ အမှတ်ပေးစရာ ရှိပါတယ်။  ကောင်းမွန်တဲ့ ပြောင်းလဲမှုလို့ သတ်မှတ်ပါတယ်။ ဒီတော့ နိုင်ငံရေး အခင်းအကျင်းဟာ ပြောင်းလာပါတယ်။ (နိုင်ငံရေး ဖြစ်စဉ် ပြောင်းလဲလာတယ်ဆိုတာကို ထောက်ပြတာဖြစ်ပါတယ်။ ကောင်း၊ မကောင်းဆိုတဲ့ ရလဒ်ကို တိုင်းတာခြင်း မဟုတ်ပါ။) အဲဒီကနေ တဆင့် ပြည်သူအများစုရဲ့ နိုင်ငံရေးအပေါ် တုန့်ပြန် စဉ်းစားမှုဟာလဲ ပြောင်းလာပါတယ်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေးကို အဓိက ထားရမယ်လို့ ပြောပြီးတဲ့ နောက်ပိုင်းမှာ ... မြန်မာ့လူထုရဲ့ နိုင်ငံရေး အတွက် ပြောဆိုလာကြတဲ့ ဖြစ်စဉ် အာရုံစိုက်မှုဟာ ... အာဏာရှင်ဖြုတ်ချရေးထက် ... တရားဥပဒေ စိုးမိုးရေး ... တရားမျှတရေး ဆိုတဲ့ ဘက်ကို တဖြည်းဖြည်း ဦးတည်ပြောဆိုလာကြတာကို တွေ့ရတယ်။ အစိုးရကလည်း အရင်လို တင်းတင်းမာမာ မဟုတ်ဘဲ နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုတချို့မှာ ပျော့ပြောင်းလာတာကလည်း အာဏာရှင် ဖြုတ်ချရေးဆိုတဲ့ အသံတချို့ကိုပြောင်းလာစေတဲ့ အချက် တစ်ချက်အဖြစ် ထည့်စဉ်းစားလို့ရပါတယ်။

ဒီတော့ ပြည်သူတွေရဲ့ အဓိက ပြောဆိုလာချက်က တရားဥပဒေဖြစ်လာပါတယ်။ မျှတမှု ဖြစ်လာပါတယ်။ ဒီနေရာမှာ တရားဥပဒေနဲ့ မျှတမှု ဆိုတာလည်း တူသလိုလိုနဲ့ ကွဲတယ်ဆိုတာကို ကွဲကွဲပြားပြား သိဖို့ လိုအပ်လာပါတယ်။ ဥပဒေတိုင်းဟာ မျှတမှု ရှိချင်မှ ရှိပါလိမ့်မယ်။ မျှတမှုတိုင်းဟာလည်း ဥပဒေလို့ သတ်မှတ်ထားချင်မှာ သတ်မှတ်ပါလိမ့်မယ်။ ဥပမာ .. ၂၀၀၈ အခြေခံဥပဒေမှာ မျှတမှု မရှိတာတွေ ရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ၂၅ % ကို ကာကွယ်ရေး ဦးစီးချုပ်က ရွေးရတယ်ဆိုတာ ... မျှတမှု လုံးဝ မရှိပါဘူး။ ပြည်သူ တစ်ယောက်ချင်းစီးက လွှတ်တော် ကိုယ်စားလှယ်ရွေးဖို့ မဲ တမဲပဲ ရှိနေတဲ့အချိန်မှာ ကာကွယ်ရေး ဦးစီးချုပ်က လူဦးရေ သန်း ၅၀ မှာ မဲပေးနိုင်သူ သန်း ၂၅ သန်း ရှိတယ်ထား ..  ၂၅ % ဆိုတော့ ... မဲ အရေအတွက်ပေါင်း ၆.၂၅ သန်းကို တစ်ယောက်ထည်းက ပေးနေသလို ဖြစ်နေတယ်။ ဒါဟာ မျှတမှု လုံးဝ မရှိပါဘူး ..  ဒါပေမယ့် ဥပဒေ ဖြစ်နေတာကြောင့် ... မျှတမှုနဲ့ ဥပဒေဆိုတာကို ခွဲခြား မြင်နိုင်ဖို့ အရေးကြီးလာပါတယ်။

ဥပဒေစိုးမိုးမှုဟာ နိုင်ငံတနိုင်ငံအတွက် အဆုံးစွန်သော ရလဒ် မဟုတ်ပါဘူး။ မျှတတဲ့ တရားဥပဒေတွေ ပေါ်ထွက်ရေးနဲ့ မျှတတဲ့ တရားဥပဒေ စိုးမိုးရေးကသာ အဆုံးစွန်သော ရလဒ် ဖြစ်ရမှာ ဖြစ်တယ်ဆိုတာကို သတိမှုမိစေလို့ လိုပါတယ်။ ဥပဒေ စိုးမိုးရေးဆိုတာ တောင်းဆိုလို .. ဥပဒေ စိုးမိုးရေး လုပ်နေတယ်ဆိုပြီး မမျှတမှုတွေကို လုပ်နေတယ်ဆိုရင် ... မမျှတတဲ့ ဥပဒေတွေကို ပြည်သူ့တာဝန်အရ တားမြစ်ဖို့ လိုပါတယ်။ ဒါကြောင့် .. ဥပဒေစိုးမိုးရေးကို တောင်းဆိုနေတာနဲ့ တပြိုင်နက်မှာ ..တရားမျှတတဲ့ ဥပဒေ ရှိနေဖို့ သတိထားဖို့ လိုနေပါသေးတယ်။

တရားဥပဒေ စိုးမိုးရေးကို ပြောလာကြတယ်ဆိုတာနဲ့ တပြိုင်နက်မှာ နောက်ထပ် ပြဿနာ အဖြစ် ဘေးထွက် ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဥပဒေ စိုးမိုးဖို့ တောင်းဆိုမှုတိုင်းမှာ .. ဥပဒေစိုးမိုးရေးအတွက် ... အစိုးရ (သို့) တရားရေးရာ ဌာနတွေကို လုပ်ပိုင်ခွင့်တွေ ပိုပေးလိုက်ရတတ်ပါတယ်။ ဥပဒေစိုးမိုးရေး ဖေါ်ဆောင်နိုင်ဖို့ လုပ်ဆာင်လာရတဲ့ ဌာနတွေ ဖြစ်တဲ့  .. ရဲ၊ စစ်တပ်၊ တရားရုံး၊ ထောင် ... စတဲ့ နေရာတွေ အားလုံးရဲ့ လုပ်ပိုင်ခွင့်ကို တိုးပေးလာရတော့မှာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဥပမာဆိုရင် .. ရခိုင်ပြည်မှာ တရားဥပဒေ စိုးမိုးဖို့ စစ်တပ်က လူထုကို ထိန်းချုပ်နိုင်ဖို့ အာဏာတစုံတရာကို စစ်တပ်ကို ပေးနေရပါတယ်။ အရင်က အသက်မဝင်သလို ဖြစ်တဲ့ ဓါး၊ လှံ၊ လက်နက်တွေကို ရှာဖွေ သိမ်းစည်းခွင့် ပေးလိုက်ရပါတော့တယ်။ ရွာမှာ ထင်းခုတ်မယ့် ဓါးလည်း စစ်တပ်နဲ့ ရဲက လူကို အန္တရာယ်ပေးနိုင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဖြစ်လာရင် ... သိမ်းသွားမှာ ဖြစ်ပါတယ်။ အလားတူ ထောင်တွေမှာလည်း သတ်သတ်မှတ်မှတ် ထောင်ဝန်ထမ်းတွေ လိုက်နာရမယ့် တိကျတဲ့ ဥပဒေ မရှိပါဘူး။ အင်္ဂလိပ်ခေတ်က အကျဉ်းထောင် လက်စွဲကို စံထားပြီး လုပ်နေကြတာပဲ ရှိပါတယ်။ ဒီလို ကိစ္စတွေအတွက် ... မျှတမှုကို မရှာဖွေနိုင်သေးခင်၊ မျှတ သင့်လျှော်တဲ့ ဥပဒေ ပြဌာန်းမှု မရှိသေးခင်မှာ .. အကျဉ်းသာတွေရဲ့ အခွင့်အရေးတွေဟာ ပြဿနာ ရှိလာနိုင်ပါတယ်။

ဒါ့အပြင် ရေရှည်မှာလည်း ဥပဒေ စိုးမိုးဖို့ ပြောလာတာကို .. တရားဥပဒေ ချိုးဖေါက်သူတွေကို ထောင်ချဖို့ ဆိုတာနဲ့ လွဲမှား ယူဆတတ်တဲ့ အကျင့်တွေ၊ စိတ်ခံစားမှုတွေ ရှိနေသေးတာကြောင့် အကျဉ်းသား အရေအတွက် တိုးလာနိုင်ပါတယ်။ တရားသူကြီးတွေက ဥပဒေ ချိုးဖေါက်သူတွေကို စာရိတ္တပြုပြင်ရေးထက် အပြစ်ဒဏ်ပေးရေးဘက်ကို ဦးတည်ပြီး ထောင်ချမှု ပိုများလာနိုင်ပါတယ်။ ဒီအခါ အကျဉ်းသား အရည်အတွက် ပိုများလာနိုင်ပါတယ်။ အဲဒီအခါ အကျဉ်းဦးစီးဌာန ဝန်ထမ်း တိုးမြှင့်မှု၊ အကျဉ်းကျသူ ပိုများလာလို့ အကျဉ်းထောင်တွေထဲ လူဦးရေ ထူထပ်မှု၊ နိုင်ငံတော်က အကျဉ်းထောင်တွေအတွက် စရိတ်ကျခံရမှုတွေ ပိုများလာနိုင်ပါတယ်။ အဲဒီလို များလာရင် .. အခြားသော ကဏ္ဍတွေ ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးမှာ အသုံးပြုရမယ့် နိုင်ငံရဲ့ ငွေတွေဟာ အကျဉ်းသားတွေအတွက် အသုံးပြုရမယ့်ဘက် ရောက်သွားရင် နှမြောစရာပါ။ နောက်ပြီး နိုင်ငံအတွက် အလုပ်လုပ်နိုင်မယ့် လုပ်သားအင်အားဟာ အကျဉ်းသား အဖြစ် ပိုများပြီး ရောက်သွားရင် ... လုပ်သားအင်အား အလေ့အလွင့် ဖြစ်သွားနိုင်ပါတယ်။ တကယ် ပြင်မရအောင် ဆိုးသွမ်းတာမျိုး မဟုတ်ဘဲ သာမန် ချဲထီမှုလောက်နဲ့ အကျဉ်းကျသွားလို့ .. အကျဉ်းထောင်က ထွက်လာရင်လည်း ပတ်ဝန်းကျင်က ထောင်ထွက်ဆိုပြီး လူမှု အသိုင်းအဝိုင်းက ဖယ်ကျဉ်တာတွေ ရှိလာရင်လည်း အဲဒီလူနဲ့ သူ့မိသားစု အပါအဝင် .. လူမှု အသိုင်းအဝိုင်းအတွက်လည်း ဆိုးကျိုးရလဒ်တွေ ရလာနိုင်ပါတယ်။

ဥပဒေ စိုးမိုးရေးကို ပြောလာတာနဲ့ ... နိုင်ငံအတော်များများမှာ ရှိတဲ့ တရားဥပဒေတွေရဲ့ အားနည်းချက် ဖြစ်တဲ့ ... လမ်းပေါ်မှာ ဖြစ်တတ်တဲ့ ဥပဒေချိုးဖေါက်မှုကို ဦးစားပေးပြီး .. အခြား ဥပဒေ ချိုးဖေါက်နေမှုတွေကို လျှစ်လှူရှု ခံရတတ်ပါတယ်။ အဲဒါတွေကတော့ လူချမ်းသာတွေနဲ့ သြဇာအာဏာရှိသူတွေ ချိုးဖေါက်လေ့ရှိတဲ ရာဇဝတ်မှုတွေပဲ ဖြစ်ပါတယ်။ သာမန် .. ခိုးမှု၊ လုယက်မှု၊ ရိုက်နှက်မှု၊ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ လိမ်လည်မှု၊ ပြည်သူပိုင် ပစ္စည်း ဖျက်စီးမှု၊ မုဒိန်းမှု၊ လောင်းကစားမှု .. စတဲ့ အမူတွေကို ကိုင်တွယ်ဖြေရှင်းတာကို ဦးစားပေး ဖြေရှင်းတဲ့ ဥပဒေတွေ၊ ပြစ်ဒဏ်တွေဟာ ရှိနေပြီးသား ဖြစ်ပြီး ... အခြားသော ပြဿနာတွေ ဖြစ်တဲ့ .. လူချမ်းသာတွေ၊ သြဇာအာဏာရှိသူတွေ ကျူးလွန်လေ့ရှိတဲ့ အမှုတွေအတွက် မျှတတဲ့ ဥပဒေတွေ မရှိတာတာ တွေ့ရပါတယ်။ ဒီအတွက် ... ဆင်းရဲသားတွေသာ ထောင်မှာ များပြီး .. လူချမ်းသာနဲ့ သြဇာရှိသူတွေ ကျူးလွန်တဲ့ အမှုတွေဟာ လွတ်နေတတ်တာကြောင့်  ... ဆင်းရဲသားတွေကို ရွေးပြီး ထောင်ချဖို့အတွက် တောင်းဆိုနေသလို ဖြစ်နေတတ်ပါတယ်။ ဥပမာ .. သူတပါး ပစ္စည်း ခိုးမှုအတွက် ခိုးသူဟာ ထောင်ကျနိုင်ပေမယ့် ... လယ်ယာမြေ အဓမ္မသိမ်းတဲ့ လုပ်ငန်းရှင်ဟာ သူများ ပစ္စည် ခိုးမှုနဲ့ ထောင်မကျနိုင်ပါဘူး။ အများဆုံး လျှော်ကြေး၊ ... အနည်းဆုံး နိုင်ငံတော်က ခိုင်းလို့ လုပ်ရတာပါဆိုတာနဲ့ ပြီးသွားနိုင်ပါတယ်။ အထက်ပါ အချက်တွေက ဥပဒေစိုးမိုးရေး တောင်းဆိုမှုရဲ့ နောက်က ဖြစ်လာနိုင်တဲ့ ဘေးထွက် ဆိုးကျိုးတွေ ဖြစ်ပါတယ်။

အချုပ်အားဖြင့် ဆိုရရင် .. တရားဥပဒေစိုးမိုးရေးကို တောင်းဆိုနေတာနဲ့ တပြိုင်နက်မှာ တရားဥပဒေဆိုတာ မျှတမှု၊ ကိုယ့်ကျင့်တရားကို အခြေခံပြီး သဘာဝနဲ့ မဆန်ကျင့်သော ပြဌာန်းချက်၊ အားနည်းသူတွေ ဆင်းရဲသူတွေကို ဖိနှိပ်မှု မရှိသော ဥပဒေ၊ .. အပြစ်ဒဏ်ပေးဖို့ဆိုတာကို အဓိက မရည်ရွယ်ဘဲ .. စာရိတ္တပြုပြင်ရေး .. မျှတတဲ့ တရားဥပဒေ ပေါ်ပေါက်ရေး ... တင်းကြပ်တဲ့ ဥပဒေတွေ မပေါ်ပေါက်ရေး စတာတွေကိုပါ တပြိုင်နက် တောင်းဆိုနိုင်တဲ့ ကောင်းမွန်ပြီး အဆင့်အတန်းမြင့်တဲ့ လူမှု အဖွဲ့အစည်း ဖြစ်လာအောင် သတိတရားထားပြီး .. လုပ်ကိုင်ကြဖို့ဟာ နိုင်ငံရေး အပြောင်းအလဲအတွက် ပဲ့ထိမ်းမှုအဖြစ် လိုအပ်နေပါသေးကြောင်း .... ။

လေးစားစွာဖြင့်
ကိုထိုက်

ဘကြီးသက်
Unknown at 9:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒါလေး ဖတ်ပြီး မှ " ဒေါ်အောင်ဆန်းစုကြည် " ကို ဝေဖန် ပါ ..



Philosophermg Myathar

ရခိုင်အရေး သမ္မတရုံးက ကြေညာချက်တွေ ထွက်လာနေတာ တခုပြီး တခုပဲ။ ဒီလိုထုတ်ပြန်ပေးတာကိုတော့ မဆိုးဘူး ပြောလို့ရပေမယ့် ဒီပြဿနာကို ချည်းကပ်တာမှာ လူမျိုးရေး၊ ဘာသာရေး အစွဲမပါ ဘဲ လုပ်ဆောင်ကြရမယ်။ စစ်အာဏာရှင်လက်ထက်တုန်းကလည်း အမျိုးသားရေး၊ မျိုးချစ်စိတ်၊ ဇာတိမာန် ဆိုတဲ့ စကားလုံး တွေကို တွင်တွင်ကျယ်ကျယ် ကိုင်စွဲ အသုံးပြုခဲ့တယ်။ ဒါတွေရဲ့ ရိုက်ခတ်မှုက ယနေ့ 
အချိန်ထိပဲ။ အမျိုးသားရေး ဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးခဲ့တဲ့ စစ်အာဏာရှင်တွေကြောင့် တိုင်းပြည်လည်း အဖက်ဖက်က ပျက်ဆီးခဲ့ပြီ။

တခါ မျိုးချစ်စိတ်ဆိုတာ စစ်မှန်တဲ့ ပြည်ထောင်စုအတွက် ဆိုပြီး ပြောတာရှိပေမယ့် တိုင်းရင်းသားတွေက ဘယ်လိုဟာကို ပြည်ထောင်စုလဲဆိုတာ မေးခွန်းထုတ်ကြတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုမှာရှိတဲ့ အမျိုးသားရေးဆိုတာ ဘာလဲ ဆိုပြီး ဗမာဆိုတာ အပါအ၀င် တိုင်းရင်းသားတွေ အားလုံးကြားမှာ တော်တော် စကားပြောလာရတဲ့ကိစ္စ ဖြစ်လာတယ်။ ဒီနေရာမှာ တိုင်းပြည်ချစ်တာနဲ့ အမျိုးသားရေးဆိုတာ မကွဲပြားကြဘူး။

ရခိုင်ကိစ္စဟာ အမျိုးသားရေးလို့ ပြောလာတယ်။ အမျိုးသားရေး ဆိုတာ တတိုင်းပြည်လုံး အရေးဖြစ်တယ်။ တဖက်ကလည်း ရခိုင်မှာဖြစ်ခဲ့တာတွေက လူမျိုးရေးလည်း ပါလာတယ်။ အမျိုးသားရေးနဲ့ လူမျိုးရေးဆိုတာ မကွဲဘဲ ဖြစ်လာတယ်။ ဒီနေရာမှာ အမျိုးသားရေး အဖြစ် တဖက်နိုင်ငံက ၀င်လာသူတွေဆိုပြီး ဆန့်ကျင်ရေး လုပ်လာတာတွေ ရှိတယ်။ ရခိုင်မှာက ရခိုင်က ရခိုင်လူမျိုးအဖြစ် သူတို့ကိုသူတို့မြင်သလို ဗမာကိုလည်း ဗမာအဖြစ်ပဲ မြင်ကြတယ်။ အခု နောက်ဆုံးဖြစ်တဲ့ ကျောက်နီမော် စတဲ့ ဒေသတွေဟာ ကမန်တိုင်းရင်းသားတွေလည်း ရှိတဲ့နေရာဖြစ်တယ်။

ကမန်ဆိုတာ ကျနော်တို့ တိုင်းပြည်မှာ နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ မွတ်ဆလင်တွေ တိုင်းရင်းသားတွေပဲ။ တ ချို့ကမန်တွေဆို ရိုးရိုးတန်းတန်း နိုင်ငံသား မရတဲ့သူတွေတောင် ရှိတယ်။ ရှုပ်ထွေးလာတာက ကမန်မွတ်ဆလင် တိုင်းရင်းသားတွေကို ရခိုင်တွေက ဘာဖြစ်လို့ ၀င်တိုက်လဲဆိုတော့ ကမန်တွေကြားထဲမှာ ဘင်္ဂါလီ မွတ်ဆလင်တွေက ၀င်ရောက်လာခဲ့တယ်လို့ ဆိုနေကြတယ်။ ဒါတွေက စိုးရိမ်စရာ အခြေအနေတွေ ဖြစ်တယ်။

ကျနော်တို့ အမြဲစိုးရိမ်တာက ရခိုင်ပြည်နယ်ထဲမှာ စစ်အုပ်ချုပ်ရေး တာဝန်ယူတဲ့ အနေအထားကိုပဲ။ အဲဒီအနေအထား ကို မရောက်စေချင်ဘူး။ ရခိုင်တွေရော၊ တခြား နယ်မြေခံတွေရောကို နိုင်ငံတော်အစိုးရဆိုတာက အကာအကွယ်ပေးရမယ့် တာဝန်ရှိတယ်။ ဒီနေရာမှာ စစ်အုပ်ချုပ်ရေး တာဝန်ယူတာနဲ့ ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ အကာအကွယ်ပေးရေးနဲ့ မဆိုင်ဘူး။ စစ်အုပ်ချုပ်ရေးဆိုတာ အန္တရာယ် သိပ်များတယ်။ လွတ်လပ်ရေး ရပြီး ပါလီမန်ခေတ် ၁၉၅၈ ခုနှစ်မှာ သင်ခန်းစာရှိခဲ့တယ်။ စစ်တပ်က အိမ်စောင့် အစိုးရဆိုပြီး လုပ်ခဲ့တယ်။ ၁၉၆၂ နှစ်က စပြီး ဗမာပြည် စစ်အာဏာရှင်အောက် ရောက်ခဲ့တယ်။

အခု တိုင်းပြည် ပြုပြင်ပြောင်းလဲရေး လုပ်နေချိန်မှာ ရခိုင်ပြည်နယ်အရေးဟာ စိုးရိမ်စရာ ဖြစ်လာတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့လည်း တည်ငြိမ်အေးချမ်းမှုကို ရအောင် ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် ဖြေရှင်းဖို့ တိုက် တွန်းပြောကြားနေတာပဲ။ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေကို အကောင်အထည်ဖော်တဲ့ လူတွေက အချိန်မီ အရေးယူဖြေရှင်းကြရမယ့် တာဝန်ရှိတယ်။ ဒါပေမယ့် ဒီတာဝန်တွေ ပေါ့လျော့ခဲ့တယ်။

ဒုတိယ အကြိမ် ပြန်ဖြစ်တာက အစိုးရပိုင်းက အားနည်းမှုတွေ ရှိတယ်။ ဒီကိစ္စ အားလုံးက အစိုးရ အပေါ်မှာပဲ မူတည် တယ်။ အခုလို အခြေအနေဆိုး ထပ်ဖြစ်ဖို့ မသင့်တော့ဘူး။ အစောပိုင်း အစိုးရက စုံစမ်းရေးကော်မရှင်တွေဖွဲ့တယ်။ ပထမ ကော်မရှင်လဲ ဘယ်ရောက်သွားလဲမသိတော့ဘူး။ နောက် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာကိုလည်း ရခိုင်ကို သွားခွင့်ပြုတယ်ဆိုတော့ အကောင်းဖက်မျှော်လင့်ထားခဲ့တယ်။ အခုလို အခြေအနေပြန်ဆိုးလာတာတော့ လွဲမှားနေပြီ ဆိုတာ ပြောလို့ရတယ်။ အစိုးရအနေနဲ့က တရားဥပဒေစိုးမိုးရေး လုံခြုံရေး နဲ့ ပြန်လည် တည်ငြိမ်ရေးကို အလေးပေး လုပ်ရမှာ။ ဟိုဟာ ဖုံး ဒီဟာ ဖုံးဖိထားတာတွေ မလုပ်ပဲ မြင်သာထင်သာ လုပ်ဖို့လိုတာ။

အခု မတည်ငြိမ်မှုတွေကြောင့် စစ်တပ်ပါလာပြီး စစ်အုပ်ချုပ်ရေး ဖြစ်လာတာကို လုံးဝ မလိုလားဘူး။ ဒါကို စစ်အုပ်ချုပ်ရေး တရားမ၀င် မဟုတ်ပါဘူးလို့ ပြောပြီး တကယ်တမ်း စစ်အုပ်ချုပ်ရေး လုပ်နေတာဟာ ရိုးသားမှု ရှိမှ ရှိပါ့မလား ဆိုပြီး ဒီလို တွေးစရာဖြစ်လာခဲ့တယ်။ တဖက်က သမ္မတက ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်။ စစ်တပ်က ထောက်ခံတယ်ပြောတယ်။ ရခိုင်မှာ အခုလို ပဋိပက္ခတွေ ထပ်ဖြစ်လာတာဟာ လူထုက စစ်တပ်ကို တောင်းဆိုလာအောင် ဖန်တီးတာလားဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိလာနေတယ်။

ဘာပဲပြောပြော တိုင်းပြည်မှာ လုံခြုံရေးကို အကြောင်းပြုပြီး စစ်တပ်က အုပ်ချုပ်ရေးမှာ ပြန်ဝင်လာတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။ တချို့ မသင်္ကာဖွယ်ရာ အချက်တွေလည်း မြင်လာရတယ်။ ဥပမာ ကျောက်နီမော် ကိစ္စလိုမျိုး ဖြစ်တာကို ချက်ချင်း တရား ဥပဒေနဲ့ အရေးယူတာမလုပ်ပဲ လွှတ်ပေးထားတဲ့ သ ဘောမျိုး ဖြစ်နေတယ်။ အဲဒီကနေ အခြေအနေဆိုးဝါးလာတဲ့အထိ ဖြစ်လာတယ်။ နောက် ဥပမာ OIC အိုအိုင်စီလိုကိစ္စမျိုးပေါ့။ အိုအိုင်စီ ရုံးခွဲဖွင့်ရေး ကိစ္စမှာ ၀န်ကြီးအဆင့်က လက်မှတ်ထိုးတယ်လည်း ပြောတယ်။ ညွှန်ကြားရေးမှူးချုပ်က နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးတယ်လည်း ပြောတယ်။ အဲဒီကိစ္စက ပွင့်လင်း မြင်သာမှု မရှိခဲ့ဘူး။ ဘယ်သူက ဘယ်လိုလက်မှတ်ရေးထိုးတယ်ဆိုတာ မသဲကွဲခဲ့ဘူး။

ဟိုဘက် အိုအိုင်စီက ရုံးစိုက်တော့မယ် အစရှိသဖြင့် အစီအမံတွေ လုပ်လာပြီး မြန်မာပြည်သူလူထုသိလာပြီးတော့မှ လူထုက မကျေနပ်တဲ့ အသံတွေ ထွက်လာခဲ့တယ်။ အဲဒီကနေ ပြည်သူလူထုက ဒါကို မလိုလားလို့ အိုအိုင်စီ ရုံးဖွင့်ခွင့် မပြုတော့ဘူးဆိုပြီး ကြေငြာတယ်။ ဒါက လူထုက တောင်းဆိုလာလို့ သမ္မတကြီးက လုပ်ခွင့်မပေးဘူး ရပ်လိုက်လို့ ဆိုတဲ့သဘော လုပ်ခဲ့တယ်။ ရခိုင်တွေ ဘက်မှာလည်း သမ္မတကြီးကောင်းလို့၊ သမ္မတကြီးကယ်လို့ သမ္မတကြီးဟာ အားကိုးရတဲ့သူဖြစ်တယ်ဆိုတော့ သမ္မတကို အမွှန်းတင်နေတာလား။ အဲဒီဟာတွေ အားလုံးက နိုင်ငံရေး ရည်ရွယ်ချက်၊ နိုင်ငံရေး ရည်မှန်းချက်နဲ့ ဖန်တီးယူတာလားဆိုပြီးတောင် ကျနော် ဒီလိုပဲ တွေးထင်လာတယ်။

အခု ကြေညာချက်တွေ ထုတ်တယ်။ ဟိုလူ လက်ညှိုးထိုး၊ ဒီလူလက်ညှိုးထိုး စသဖြင့် အဖွဲ့အစည်းတွေက နောက်ကွယ် က ကြိုးကိုင်တယ်ဆိုပြီး လုပ်လာတယ်။ ဒါဆို နောက်ကွယ်မှာ စစ်တပ်ကလည်း ခုနကပြောသလို ကယ်တင်ရှင်ကြီး အ ဖြစ် လူထုက တောင်းဆိုလာအောင်လို့ ကြိုးကိုင်ခဲ့တာရော ရှိမလား၊ ဒီလိုလည်း စဉ်းစားမိပြန်တယ်။ ဘာကြောင့်လည်း ဆိုတော့ တရား ဥပဒေစိုးမိုးရေးတွေ၊ လူ့ အခွင့်အရေးတွေဆိုတာနဲ့ ချည်းကပ်လုပ်ဆောင်ရမယ့် အစား အခြေအနေကို လွှတ်ပေးပြီး လမ်းမှားကို မောင်းပို့ခဲ့သလားဆိုပြီး တွေးမိတယ်။ သမိုင်းမှာ ဒါမျိုးတွေက ရှိခဲ့ဖူးလို့ပါ။

ပြောရရင် နောက်ကွယ်က ကြိုးကိုင်နေသူတွေ၊ အဖွဲ့အစည်းတွေ ရှိတယ်ဆိုတဲ့ သမ္မတရုံးက ကြေညာချက်အတိုင်း မရိုး သားမှုတွေ၊ လှုံ့ဆော်မှုတွေ နောက်လက်တွေကတော့ ရှိနေတာအမှန်ပဲ။ ဒီလိုကြေညာချက်ထွက်လာပြီး အရေးယူမယ် ပြောနေတုန်း ဟိုမှာက အကုန်နီးပါး ပြာကျကုန်ပြီ။ သေကြ ကျေကြဖြစ်ကုန်ပြီ။ နောက် စုံစမ်းရေး ကော်မရှင် ဆိုတာမှာလည်း Celebrities (နာမည်ကြီးသူများ) နဲ့သာဖွဲ့ထားပြီး တကယ် ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး စတဲ့ ဘက်ပေါင်းစုံက လူတွေမထည့်ပဲ ထားတာကြောင့် အခုထိ အလုပ်မဖြစ်ဘူး။

အခု ကော်မရှင်မှာ ရခိုင်ဘက်ကလူ၊ မွတ်ဆလင်ဘက်က လူ စသဖြင့် ကော်မရှင် အဖွဲ့ဝင်တွေကထဲက သတင်း တွေ ပေါက်ကြား၊ တချို့က ဖောက်ထုတ်ပစ်တာတွေ လုပ်လာတဲ့ သတင်းတွေလည်း ကြားနေရတယ်။ ကော်မရှင် အဖွဲ့ဝင်တွေမှာ ဆန္ဒစွဲ၊ ဂတိစွဲ ဘယ်လောက်ရှိနေလဲ ဆိုတာ ပြောမရနိုင်ဘူး။ ဆန္ဒာဂတိ ကင်းကင်းရှင်းရှင်း ထွက်လာတဲ့ အစီရင်ခံစာမျိုး ဖြစ်မှသာလျှင် မှန်မှန်ကန်ကန် ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် မလွယ်ဘူး။


(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက တဦးဖြစ်သည့် သတင်းစာဆရာဟောင်း ဦးဝင်းတင်က ဖုန်းဖြင့် ဖြေဆိုပြောကြားချက်ကို တည်းဖြတ်ဖော်ပြပါသည်)


(ဖီလော်ဆိုဖာမောင်မြသာ )

ဘကြီးသက်
Unknown at 9:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီမိုကရေစီကို တန်ဖိုးမဲ့အောင်၊ သေးသိမ်ပျက်စီးအောင် ဖျက်ဆီးပစ်ချင်သူတွေ ရှိနေပြီ





ကနေ့ခေတ်မှာ မဟုတ်မဟတ် လုပ်ကြံဖန်တီးတာတွေ တဖြည်းဖြည်း ရှိလာနေပါတယ်။ မသမာ- မရိုးသား-လိမ်လည်သူတွေက မဟုတ်မဟတ်တွေ လုပ်လေလေ သူတို့အကျင့်စရိုက်နဲ့ ရည်ရွယ်ချက်ဟာ ပိုပြီး လူသိလေပါပဲ။ ဖုံးထားသမျှ ကုန်းခါမှပေါ် ဆိုသလို သူတို့ ဘယ်လို ကောက်ကျစ် ယုတ်မာတတ်သလဲလို့ လူတကာကို အသိပေးနေသလို ဖြစ်နေပါတယ်။ အသိဥာဏ် နုံနဲ့သူတွေ၊ ကိုယ်ကျိုးကြည့်တတ်သူတွေ၊ လူ့လောကကို အကောင်းမမြင် အရွဲ့တိုက်ချင်သူတွေကတော့ အခုလို စဉ်းစားတတ်မှာ မဟုတ်ဘဲ လုပ်ချင်တာကိုသာ ဇွတ်တရွတ် လုပ်တတ်ကြပါတယ်။

လူတွေ အသိဥာဏ် ပိုမို တိုးတက်စေတဲ့ စာပေလောကမှာ နာမည်ရင်း မဟုတ်ဘဲ ကလောင်နာမည်နဲ့ သုံးပြီး ရေးသားကြပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး မီဒီယာကနေ လွယ်လွယ်ကူကူ ရတဲ့ ကလောင်အမည်တခုကို တလွဲဆံပင်ကောင်း အသုံးချလာတတ်ကြပါတယ်။ 

အရင်ကတော့ ရည်ရွယ်ချက်ကောင်းနဲ့ လုပ်ကြတာ ဖြစ်ပေမယ့် နောက်တော့ ပျော်စေ ပျက်စေ လုပ်လာကြရင်းကနေ တဖြည်းဖြည်းနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ ဘာသာရေး တိုက်ခိုက်မှုတွေ၊ လူမျိုးရေး တိုက်ခိုက်မှု ရှိလာပြီး နိုင်ငံရေး တိုက်ခိုက်မှုထိ ဆိုးဆိုးဝါးဝါး ကျယ်ပြန့်လာနေပါတယ်။

အမည်ရင်းနဲ့ ဘယ်သူဘယ်ဝါမှန်း မသိနိုင်တာကြောင့် “ငါလုပ်တာ ဘယ်သူမှ မသိဘူး” ဆိုပြီး တစတစ အတင့်ရဲလာရာကနေ ကိုယ်ကျင့်တရားတွေ၊ လူအချင်းချင်း စောင့်စည်းရမယ့် ကျင့်ဝတ်တွေကို မစောင့်စည်းနိုင်ဘဲ ဖြစ်လာပါတယ်။ တရားဥပဒေကို ချိုးဖောက်မှန်းမသိ ချိုးဖောက်တဲ့အထိ ဖြစ်လာပါတယ်။  အမှန်တရားကို ကျောခိုင်းသူ၊ ပျက်ရယ်ပြု လှောင်ပြောင်တဲ့အထိ အဆင့်နိမ့်ကျသွားပါတယ်။အစွန်းရောက်ကုန်ကြတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါမျိုး လုပ်တဲ့သူတွေဟာ အနည်းအကျဉ်းလောက်ပဲ ရှိနိုင်ပေမယ့် ဆွမ်းဆန်ထဲ ကြွက်ချေး ရောနေသလို မသင့်တော်လှတဲ့ ကိစ္စဖြစ်ပါတယ်။

ဒီမိုကရေစီမှာ အများတကာနဲ့ ပတ်သက်လာရင် ဘာကိုပဲလုပ်လုပ် ပွင့်လင်း မြင်သာရပါမယ်။ ကိုယ်လုပ်သမျှ ကိုယ်ကပဲ တာဝန် ယူနိုင်ရပါမယ်။

သူတို့ဟာ ဒီမိုကရေစီရဲ့ စည်းမျဉ်း ကျင့်ထုံးတွေကို မသိတဲ့သူတွေ ဖြစ်ကိုဖြစ်ရပါလိမ့်မယ်။ သိရင်တောင် မကျင့်သုံးချင်သူ၊ တန်ဖိုး မထားချင်သူ၊ ဖျက်ဆီးချင်သူ ဖြစ်ရပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ကျင့်သုံးနိုင်ဖို့ နှစ်ပေါင်း (၅ဝ) လောက် အသက်တွေ ဆုံးရှုံးခံ၊ ဘဝပျက်ခံပြီး ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ တိုက်ပွဲဝင် ရယူခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကို တန်ဖိုးထားရပါမယ်။ အသက်စွန့်သွားခဲ့ရသူတွေ၊ ဘဝပျက်သွားခဲ့ရသူတွေ၊ ချွေး-သွေး မြေကျခံခဲ့ရသူတွေအပေါ် လေးစားစိတ် ထားရှိအပ်ပါတယ်။

အမြဲထာဝစဉ် တန်ဖိုးထား ထိန်းသိမ်းအပ်တဲ့ ဒီမိုကရေစီကို လူ့ပတ်ဝန်းကျင်မှာ တလွဲဆံပင်ကောင်း အသုံးမချနိုင်အောင် အသိပညာပေးဖို့ မရှိမဖြစ် လိုအပ်လာပါတယ်။ လူထုပညာပေးရေးတွေနဲ့ ကနဦးအဆင့်မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးရတာမျိုးပါ။

အဲဒီလိုမှ မရဘူး ဆိုရင်တော့ ပြည်သူလူထုက လူထုနည်းနဲ့ အပြစ်ပေး အရေးယူရတာ အဆင့်ဆင့် ရှိပါတယ်။ အဲဒါကတော့ အများက ဝိုင်းဝန်းရှုတ်ချ ပြစ်တင် ကန့်ကွက်တာ၊ အများက ဝိုင်းပယ်ထားတာ၊ တရားဥပဒေကြောင်းအရ ပြန်လည် တရားစွဲတာတွေပါပဲ။

 ဒီမိုကရေစီကို တန်ဖိုးရှိရှိ ထိန်းသိမ်းနိုင်မှ လူလောကကြီး သာယာစိုပြေနိုင်မှာ ဖြစ်ပါတယ်။

ဘကြီးသက်
Unknown at 9:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရားဥပဒေ စိုးမိုးရေးဆိုတာ... (Amara Thiha နှင့် ကိုပေါ)


၁။    တရားဥပဒေစိုးမိုးတိုင်း တရားမျှတမှုရှိမယ် ဆိုရင် ၁၉၆၀ ကျော်
Civil Rights Movements တွေ ပေါ်လာစရာမရှိဘူး။ တောင်အာဖရိက လူ့ အခွင့်အရေး
လှုပ်ရှားမှုတွေ ရှိလာစရာလိုမှာ မဟုတ်ဘူး။ တရားဥပဒေစိုးမိုးခြင်းက လူအခွင့်အရေးရဲ့ 
အစိတ်အပိုင်းတခုသာဖြစ်ပြီး ၊ တရားဥပဒေစိုးမိုးရုံနဲ့ တရားမျှတမှူရှိမယ်လို့ အာမခံလို့မရဘူး။

၂။    တရားဥပဒေစိုးမိုးရေးဆိုတာ ကြားနေပြီး ၂ ကောင်စလုံးမှားတယ်ပြောတဲ့အလုပ်
မဟုတ်။ မတရားလုပ်တာဘယ်သူလဲ ဘာလို့မတရားလဲဆိုတာပြောပြီး တရားမျှတမှုရှိအောင်
တဘက်က ရပ်တည်ပေးတာ။ ချိန်ခွင်ရဲ့ အနစ်သာရက အဲဒါပဲ။


၃။ မတရားတအခြေအနေမှာ ၂ ကောင်စလုံးမှားတယ် ပြောတာက မတရားလုပ်သူကို
အားပေးစေပြီး ခံရတဲသူကို အစွန်းရောက်စေတယ် ။ ဒါဟာ တည်ငြိမ်တဲ့အခြေအနေ
တရားမျှတမှုကို ရေရှည်ဖြေရှင်းနိုင်မှာ မဟုတ်။


၎။    တရားဥပဒေစိုးမိုးရေးကို လုံထိန်း အလုပ်လို့ အဓိပ္ဖာယ်ဖွင့်ရင်တော့ ကော်မတီတောင်
မလိုဘူး။ လုံထိန်းတွေလုပ်တတ်ပြီးသားပဲ။

(Amara Thiha ၏ status မှ..)
...............................................................................................

မြန်မာနိုင်ငံရေးသမားတွေရဲ့ မိန့်ခွန်းတွေထဲမှာ ရူးအော့ဖ်လော (rule of law)ဆိုတာတချိန်လုံး
ကြားနေရတယ်။ စစ်လွှတ်တော်ထဲမှာလည်း လွှတ်တော်တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး
ကော်မတီဆိုပြီး ကော်မတီတရပ်ပေါ်ထွန်းလာတယ်။ နိုင်ငံတကာမှာတော့ တရားဥပဒေစိုးမိုးရေး
လို့ ပြောကြရင် တရားဥပဒေဟာ နိုင်ငံသားတိုင်းအပေါ်ကို ညီတူညီမျှ သက်ရောက်စေရမယ်ဆိုတဲ့
သဘော။ ဘယ်သူမှလည်း တရားဥပဒေ အထက်မှာ မရှိစေရဘူးတဲ့။

မြန်မာနိုင်ငံမှာရော ဒီဥပဒေတွေကို ဘယ်သူက ရေးဆွဲသလဲ။ တရားမျှတသော ဥပဒေတွေ
ဟုတ်ပါရဲ့လား။ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး ရေးဆွဲထားတဲ့ ဥပဒေတွေ
ဟုတ်ပါရဲ့လား၊ နိုင်ငံသားတိုင်းကို ညီတူညီမျှ သက်ရောက်နေပါရဲ့လား.. .စတဲ့အချက်တွေကို
ဆက်ပြီး စဉ်းစားဖို့ တော့ လိုမယ်။ နောက်ပြီးတော့ တရားဥပဒေရှေ့ မှောက်မှာ နိုင်ငံသားတိုင်းဟာ
တန်းတူညီမျှ အခွင့်အရေး ရကြပါသလား။

နိုင်ငံအုပ်ချုပ်ရေးယန္တယားရဲ့ ပင်မအချက်အခြာ အသက်သွေးကြောတမျှ အရေးကြီးလှတဲ့
၂၀ဝ၈ အခြေခံဥပဒေမှာ စစ်တပ်ကိုယ်စားလှယ်တွေက လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို
ယှဉ်ပြိုင်စရာမလိုဘဲ ရတယ်ဆိုတော့ စစ်သားများဟာ အရပ်သားများထက် တဆင့်မြင့်တဲ့
အခွင့်ထူးခံ လူတန်းစားတရပ်လို ရှိနေတယ် ဆိုတာ တွေ့ ရတယ်။ ဒါ့အပြင် သမ္မတနဲ့ ဒုသမ္မတ
ရာထူးအတွက်လည်း စစ်ရေးအမြင် ရှိရမယ် ဆိုတဲ့ အချက်နဲ့  အရပ်သားက သမ္မတ
မဖြစ်နိုင်အောင် ကန့် သတ်ထားပြန်တယ်။ ဒီတော့ ၂၀ဝ၈ အခြေခံဥပဒေအောက်မှာ
နိုင်ငံသားတိုင်းဟာ တန်းတူညီမျှ မရှိဘူး ဆိုတာ အထင်းသား ပေါ်လွင်နေတယ်။ ယခင်
စစ်အစိုးရ အဆက်ဆက် လက်ထက်က တာဝန်အရ လုပ်ဆောင်ခဲ့တာတွေကို မှားမှားမှန်မှန်
နောက်ကြောင်းပြန် အရေးယူခြင်း မရှိရဘူးဆိုတဲ့ အချက်ကြောင့် စစ်အစိုးရအဖွဲ့ ဝင်များဟာ
တရားဥပဒေအထက်မှာ ရှိနေကြတာကို တွေ့ ရပြန်ရော။ ပဒေသရာဇ်ခေတ်က ရှင်ဘုရင်တွေဟာ
တရားဥပဒေအထက်မှာရှိတဲ့ သဘောမျိုး။

လက်ရှိ မြန်မာပြည်က ဥပဒေတွေဟာ နိုင်ငံသားတိုင်းကို အညီအမျှ သက်ရောက်စေခြင်း
မရှိတဲ့ ဥပမာတခုကတော့ အစိုးရကို ထောက်ခံ ဆန္ဒပြသူတွေအပေါ် တရားစွဲဆို အရေးယူခြင်း
မရှိဘဲ အာဏာပိုင်တွေက မျက်စိမှိတ် ခွင့်ပြုပေးထားချိန်မှာ အစိုးရကို ဝေဖန်ဆန့် ကျင်တဲ့
သဘောကိုဆောင်တဲ့ ဆန္ဒပြတောင်းဆိုသူတွေကိုတော့ ဥပဒေ ချိုးဖောက်သူများအဖြစ်
တရားရုံးပေါင်း မြောက်မြားစွာမှာ တပြိုင်နက်တည်း တရားစွဲဆို အရေးယူနေခြင်းပါပဲ။
စီတန်းလှည့်လည်ဆန္ဒပြခွင့် လျှောက်ထားတဲ့အခါ ရက်များစွာ ကြိုတင်လျှောက်ထားရခြင်း၊
ခွင့်ပြုချက်ထုတ်မပေးခြင်း စတဲ့ အချက်တွေကိုယ်တိုင်ကလည်း ဥပဒေရဲ့ ဖိနှိပ်ချုပ်ချယ်လိုတဲ့
သဘောနဲ့  ဥပဒေကို ထိန်းသိန်းစောင့်ရှောက်ရမယ့် ဥပဒေဘက်တော်သားတွေရဲ့  အာဏာ
အလွဲသုံးစားလုပ်မှုတွေကို ထင်ဟပ်နေစေပါတယ်။ မတရားတဲ့ ဥပဒေကို ကာကွယ်ထိန်းသိမ်း
စောင့်ရှောက်ခြင်းကို တရားဥပဒေစိုးမိုးရေး လို့  ခေါ်ဆိုလို့  မရပါ။ အုပ်ချုပ်သူအစိုးရက
နိုင်ငံသားများကို ဖိနှိပ်ရာမှာ အသုံးချတဲ့ နည်းလမ်းတခုမျှသာ ဖြစ်နေပါလိမ့်မယ်။
ပြည်သူလူထုကို အင်မတန်ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ နဝတခေတ်၊ နအဖ ခေတ် စတဲ့ စစ်အစိုးရ
အဆက်ဆက် လက်ထက်တုန်းက “ဥပဒေ ဘောင်တွင်း နေထိုင်ခြင်းဘေးကင်းရန်ကွာ
လွန်ချမ်းသာ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ လမ်းမကြီးတွေဘေးမှာ ပြူးနေအောင် ထောင်ထားတာ
တွေကြုံခဲ့ကြရဖူးပါတယ်။

“မတရားတဲ့ဥပဒေဆိုတာ ဥပဒေလုံးဝ မဟုတ် ဘူး” လို့ စိန့် သြဂတ်စတင်းက
ပြောဘူးပါတယ်။ မတရားတဲ့ဥပဒေတွေကို ပြည်သူတွေအပေါ်မှာ ကျင့်သုံးလာရင် ကိုယ့်မှာ
အဲဒီ ဥပဒေတွေကို ချိုးဖောက်ခွင့် ရှိတယ်။ တွန်းလှန်ကာကွယ်ခွင့် ရှိပါတယ်။ တွန်းလှန်ကာကွယ်
ရမယ့်ဝတ္တရား ရှိတယ် လို့ တောင် ပြောနိုင်ပါတယ်။ ဥပဒေဆိုတာ ပြည်သူပြည်သားတွေ
အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေသာဖြစ်ရမှာ ဖြစ်ပြီး အုပ်ချုပ်သူအစိုးရရဲ့ 
အာဏာကို ကာကွယ်ရန် သက်သက် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေ မဖြစ်စေရပါ။

(ကိုပေါ ၏ “တရားဥပဒေစိုးမိုးရေးဆိုတဲ့ စကား သတိထား” ၊ ခေတ်မောင်း စာစောင်
အောက်တိုဘာလထုတ် မှ..)

ဘကြီးသက်
Unknown at 9:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရောဂါကျွမ်းမှ ဆေးရတယ်



WHO က CD4 ဆဲလ် ၃၅၀ အောက် ရောက်ရင် ဆေးစကျွေးခိုင်းပေမယ့် မြန်မာနိုင်ငံမှာ ၁၅၀ အောက်ရှိမှ ဆေးပေးပါတယ် (ဓာတ်ပုံ – Reuters)
ကိုယ့်အားနည်းချက်ကို ဘယ်တော့မှ လူမြင်အောင်မပြဖို့ လေ့ကျင့်ထားသူဖြစ်ပေမယ့် ဘယ်စစ်သားကမှ ဒီကံကြမ္မာကို တင်းမခံနိုင်ဘူးဆိုတာ ကိုသိန်းအောင် နားလည်ပါတယ်။ မျက်တောင်မခပ်စတမ်း တနေ ရာကိုသာ စူးစိုက်ကြည့်လို့ အံကိုတင်းတင်းကြိတ်ထားပြီး တဆတ်ဆတ်တုန်နေတဲ့ သူ့မေးစေ့ကို ငြိမ်အောင် ထိန်းနေပါတယ်။ သူ့အနေအထားက ပြိုကျနေတဲ့ ကုန်းဂမူလိုပါပဲ။ သူ့ပခုံးတွေက ငြိမ်သက်ခြင်းမရှိ ယိမ်းယိုင် နေပြီး ရှေ့ကို ထိုးစိုက်ကျနေတာပါ။ အရိုးပေါ်အရေတင်နေတဲ့  သူ့ခန္ဓွာကိုယ်ကလည်း လျော့ရဲရဲ ဂျင်းအင်္ကျီ ထဲမှာ သိပ်ကို ကျုံလှီလွန်းလှပါတယ်။ နီစွန်းနေတဲ့ သူ့မျက်ဝန်းတွေကနေလည်း မျက်ရည်ပေါက်ကြီးတွေ တလှိမ့်လှိမ့် ကျလို့ ရှက်စိတ်နဲ့ အဝေးကိုသာ ကြည့်နေပါတော့တယ်။
လူလာများတဲ့ ရန်ကုန်မြို့ ဆင်ခြေဖုန်းအရပ်က ဆေးခန်းတခုရဲ့ အပြင်မှာ သူထိုင်နေတာပါ။ သူ့ခန္ဓွာကိုယ် ဟာ HIV၊ တီဘီနဲ့ ဆီးချိုရောဂါတွေကို ကြိုးစားပြီး အံတုနေရမှန်း သူသိပါတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာ ဆုတောင်းနေတာကတော့ တဖြည်းဖြည်းနဲ့ သူ့ ကျန်းမာရေးအခြေအနေ ပိုဆိုးလာစေဖို့ပါပဲ။
ဆင်းရဲနိမ့်ကျတဲ့ တခြားတိုင်းပြည်တပြည်မှာ ရှိနေရင်တောင်မှပဲ ကိုသိန်းအောင်တယောက် HIV အတွက် ကုသမှု ခံယူနိုင်ပါလိမ့်ဦးမယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ကုသဖို့ ဆေးအလုံအလောက် မရှိပါဘူး။ ဒီ ဆေးခန်းကို လာပြကြတဲ့ လူနာတွေထဲမှာ အခြေအနေ အဆိုးဆုံးတွေပဲ အသက်ကယ်ဆေးပိုက်လို့ အိမ်ပြန် နိုင်ကြတာပါ။ ကျန်တဲ့ လူနာတွေအဖို့တော့ သူတို့ကံကြမ္မာဟာ သူတို့ရဲ့ ခန္ဓွာကိုယ်ထဲက ရောဂါခုခံနိုင်တဲ့ ဆဲလ် အရေအတွက် ဘယ်လောက်ကျန်သလဲအပါ် မူတည်ပါလားလို့ သိသွားကြတာပေါ့။ အဲ့ဒီ ဆဲလ် အရေ အတွက်ကို တိုင်းထွာဖို့အတွက်လည်း  ၃ လ တစ်ကြိမ် သူတို့ သွေးလာစစ်ကြရတာပါ။
CD4 ဆဲလ် အရေအတွက် ၃၅၀ အောက် ရောက်သွားရင် HIV ဆေးကုသမှု စလုပ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး (WHO) က အကြံပြုထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ၁၅၀ အောက်ရှိမှ ကုလို့ရမယ်တဲ့။
HIV ဝေဒနာရှင်တွေအတွက် Anti-retroviral ကုထုံးဆိုသည်မှာ အရင်က အနောက်နိုင်ငံတွေမှာပဲ ရနိုင်တဲ့ အံ့မခန်းဖွယ်ဆေးစွမ်းတစ်လက်ပါ၊ ဒါပေမယ့် အခုအခါမှာတော့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေမှာပါ ရနိုင်တာမို့  ရှားပါးပစ္စည်း မဟုတ်တော့ပါဘူး။ ဆေးပြားတွေက အရင်ကထက် ပိုပြီး ဈေးချိုလာတဲ့အပြင် အလွယ်တကူ လက်လှမ်းမီနိုင်တာမို့ တချိန်က ဆာဟာရ အာဖရိကဒေသထဲမှာ ထောင်နဲ့ချီတဲ့ ကလေးတွေကို မိဘမဲ့ ဖြစ် စေခဲ့တဲ့ HIV ရောဂါပိုးဟာ အခုအခါမှာ လူသတ်ပိုး မဟုတ်တော့ပါဘူး။
ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ HIV က ရေးကြီးခွင်ကျယ် ကိစ္စတစ်ခုအဖြစ် ဆက်ရှိနေပါသေးတယ်။ ပြင်ပနဲ့ အဆက်သွယ်ဖြတ်လို့ တကိုယ်တည်း ထင်တိုင်းကြဲခဲ့တဲ့ အရင်စစ်အစိုးရလက်ထက်မှာ ဆယ်စုနှစ်နဲ့ချီပြီး အမှောင်ချခံခဲ့ရတဲ့ မြန်မာနိုင်ငံသား သန်း ၆၀ ဟာ အကူအညီလိုအပ်တဲ့ အခြားနိုင်ငံတွေက ပြည်သူတွေ လိုမျိုး နိုင်ငံတကာအကူအညီတွေ တန်းတူခံစားခွင့် မရခဲ့ကြပါဘူး။
အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံတွေက စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတဲ့အထဲ အစိုးရရဲ့ ကျန်းမာရေး ဘက်ဂျက်ကလည်း မဖြစ်စလောက်ဆိုတော့ ဆေးဝါးနဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ဗလာနတ္တိ ဖြစ်ခဲ့ရတော့တာပေါ့။
အခုဆိုရင် မြန်မာနိုင်ငံဟာ HIV ကုသမှုရဖို့ အခက်ခဲဆုံး နေရာတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်နေတဲ့အပြင်  ဆယ်စုနှစ်နဲ့ချီပြီး လျစ်လျူရှုခံခဲ့ရတာမို့ ပျက်စီးနေတဲ့ ကျန်းမာရေးစနစ်ကို ဦးမော့လာစေဖို့အတွက် နှစ်အပိုင်း
အခြားနဲ့ အချိန်ယူလုပ်ဆောင်ရလိမ့်မယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးကြပါတယ်။
“မြန်မာပြည်က ဘာနဲ့တူသလဲဆိုတော့ ၁၉၉၀ ကျော်ကာလက အာဖရိကမှာ ကျနော်လုပ်ခဲ့တာတွေနဲ့ တူတယ်။ ၁၅ နှစ် အနှစ် ၂၀ရှိလောက် နောက်ကျနေပြီ” လို့ မြန်မာနိုင်ငံထဲမှာ နှစ်ပေါင်းများစွာ အလုပ်လုပ် ကိုင်တဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်က HIV အရေးကျွမ်းကျင်သူ ဒေါက်တာ ခရစ်ဘေယာ Chris Beyrer က ပြောပါတယ်။
“AIDS ရောဂါကို ကုသဖို့ တကယ် ကြိုးစားတယ်ဆိုရင်တောင်မှပဲ လိုအပ်တဲ့ အရင်းအမြစ်တွေမရှိတာမို့ လူတိုင်းက တခြား အခြေအနေကြောင့်လည်း သေနိုင်တာပဲလေလို့ ပြောရမလိုဖြစ်နေတယ်” လို့လည်း သူက ဆိုပါတယ်။
HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ ပူးတွဲအစီအစဉ် (Joint United Nations Programme on HIV/AIDS – UNAIDS) ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ HIV ပိုးရှိသူ ခန့်မှန်းခြေ ၂၄၀၀၀၀ ဦးရှိပြီး တဝက်လောက်က ဆေးကုသမှုမရရှိတဲ့အပြင် AIDS ရောဂါကြောင့် နှစ်စဉ် လူ ၁၈၀၀၀ လောက် သေဆုံးနေရတယ်လို့ သိရ ပါတယ်။
၂၀၁၁ ခုနှစ်မှာ ဂလိုဘယ်ဖန်း (Global Fund) က မြန်မာနိုင်ငံကို ငွေကြေးထောက်ပံ့မှု ရပ်လိုက်တဲ့ အခါ အဲ့ဒီပြဿနာက ပိုဆိုးသွားပါတယ် (ထောက်ပံ့မှုရပ်လိုက်ရတာဟာ နိုင်ငံတကာအလှူငွေတွေ အလုံ အလောက် မရတဲ့အတွက်လို့  ဂလိုဘယ်ဖန်း က ဆိုပါတယ်)။ ဂလိုဘယ်ဖန်းက ရမယ့် အကူအညီကို ဝေဒနာရှင် ၄၆၅၀၀ ဦးအတွက် HIV ဆေးဝါးတွေထောက်ပံ့ပေးဖို့ ရည်စူးထားခဲ့တာကိုး။
ဒါပေမယ့် နိုင်ငံထဲမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာမို့ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ချပေးခဲ့ပါတယ်။ ဂလိုဘယ်ဖန်းကလည်း ဆေးဝါးအကူအညီတွေ ပိုပြီးလျှောက်ထားဖို့ မကြာသေးခင်က မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါသေးတယ်။ ဆေးဝါးလိုအပ်ချက်တွေ ပြည့်မှီဖို့နဲ့ ၂၀၁၅ အကုန်မှာ HIV ဆေးဝါးလိုအပ်နေတဲ့ ဝေဒနာရှင် ၇၅ ရာခိုင်နှုန်း ကျော်ကို အကူအညီတွေ ရောက်နိုင်ဖို့အတွက် အဲ့ဒီလို တိုက်တွန်းခဲ့တာပါ။
ဂလိုဘယ်ဖန်းအနေနဲ့လည်း HIV ဝေဒနာရှင်တွေအတွက် အဓိက အသက်အန္တရာယ်ဖြစ်စေတဲ့ တီဘီရောဂါ တိုက်ဖျက်ရေးကို ဆောင်ရွက်သွားပါလိမ့်မယ်။ ဆေးဝါးတွေကို ခုခံနိုင်တဲ့ တီဘီရောဂါပုံစံမျိုးစုံ နိုင်ငံထဲမှာ ရုတ်ခြည်း ပေါ်ပေါက်လာတာမို့ မြန်မာနိုင်ငံမှာ တီဘီရောဂါဖြစ်နှုန်းဟာ ကမ္ဘာတ၀ှမ်းဖြစ်နှုန်းရဲ့  ၃ ဆနီးပါး ရှိပါတယ်။
ဂလိုဘယ်ဖန်းက မြန်မာနိုင်ငံကို ငွေကြေးထောက်ပံ့မှု ရပ်လိုက်တဲ့အချိန်ကစလို့ နယ်စည်းမခြားဆရာဝန်များ (Doctors Without Borders) အဖွဲ့က လိုအပ်တဲ့ HIV ဆေးဝါးရဲ့ ထက်ဝက်ကျော်ကို ဖြန့်ဝေပေးပြီး ဝေဒနာ ရှင် တွေအတွက် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ဆေးဝါးမလုံလောက်တာမို့  နယ်စည်းမခြားဆရာဝန်များ ဆေးခန်း ၂၃ ခုမှာရှိတဲ့ တာဝန်ကျ ဆရာဝန်တွေဟာ အသည်းအသန် နာမကျန်းဖြစ်နေပေမယ့် CD4 အရေအတွက် မြင့်နေသေးတဲ့ ကိုသိန်းအောင်လိုမျိုး လူနာတွေကို ဆေးမပေးဘဲ ငြင်းထုတ်နေကြရပါတယ်။ အဲ့ဒီလို နာကျင်ဖွယ် ဆုံးဖြတ်ချက်တွေကို သူတို့ နေ့စဉ် ချနေကြရပါတယ်။
“ဒီလို အခြေအနေမျိုးတွေကို တွေ့ရတာ သိပ်ခံရခက်တယ်ဗျာ” လို့ ကိုရီးယား လူငယ်ဆံပင်ပုံစံနဲ့ အသက် ငယ်ငယ် ဆရာဝန် ကိုကျော်နိုင်ထွန်းက ပြောပါတယ်။ သူဟာ အင်းစိန်မြို့နယ်က လူနာ အ၀င်အထွက်များ တဲ့ နယ်စည်းမခြားဆရာဝန်များ ဆေးပေးခန်းကို မနားမနေ စီမံခန့်ခွဲနေတဲ့ ဆရာဝန်ပါ။ ရန်ကုန်တမြို့ထဲမှာတောင် လစဉ် ဆေးပေးသင့်တဲ့ လူနာ ၁၀၀ လောက်ကို ဆေးမပေးနိုင်လို့ ငြင်းထုတ်နေရတယ်လို့လည်း သူက ဆိုပါတယ်။  သူက ဆက်ပြီး “သူတို့တွေ ရောဂါပိုဆိုးတဲ့အချိန်မှ ပြန်ရောက်လာရင်တော့ ဆေးဝါးတွေ ဒီ့ထက် ပိုသုံးရမှာပေါ့။ အခြေအနေက သူရှုံးကိုယ်ရှုံးပါဗျာ” တဲ့။
ကိုသိန်းအောင်တယောက် သူ့မှာ HIV ပိုးစွဲကပ်နေမှန်း ဧပြီလကမှ စသိခဲ့တာပါ။ အဲ့ဒီမတိုင်ခင်တုန်းက  ကိုယ်အလေးချိန်ကျသွားပြီး ကောင်းကောင်း အိပ်မပျော်ပေမယ့် တီဘီနဲ့ ဆီးချိုကြောင့်ဖြစ်တာလို့ပဲ ထင်နေခဲ့တာပါ။
ဒါပေမယ့် ဆေးစစ်ချက်ထွက်လာတဲ့အခါမှာတော့ တုန်လှုပ်ခြောက်ခြားသွားပါတော့တယ်။ ဘယ်လို ဖြစ်ရတာလဲ၊ ဘာ့ကြောင့်ဖြစ်ရတာလဲ ခေါင်းထဲမှာ မေးခွန်းတွေ အစီအရီနဲ့ပေါ့။
“ဆေးစစ်ချက်ထွက်လာတော့ ကျနော် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်ခဲ့မိတယ်ဗျာ” လို့ သူက အဝေး ကိုငေးကြည့်ရင်း ခပ်တိုးတိုးပြောပါတယ်။ “ကျနော့်အတွက် ၀မ်းနည်းဆုံးအရာက ကျနော့်အမျိုးသမီး ပြောတာပါပဲ။ သူက ကျမတို့မှာ ကလေးတွေ ရှိသေးတယ်၊ ရှင်သေလို့ မဖြစ်သေးဘူးတဲ့။”
တစိမ့်စိမ့် ခံစားရစေခဲ့မေးခွန်းတွေအပြင် ဇနီးသည်ကိုပါ ရောဂါကူးစက်စေခဲ့ပြီးလားဆိုတဲ့ စိုးရိမ်မှုနဲ့ ယူကြုံးမရ နောင်တတွေက သူ့ကို ဖိစီးစေခဲ့ပါတယ်။ အဲ့ဒီအရာတွေထက် ပိုသောကရောက်စရာကတော့ ရှေ့ဘာ ဆက်လုပ်မလဲဆိုတာပါပဲ။
နောက်ဆုံးမှာတော့ HIV အကြောင်း တစုံတရာသိ၊ ဒီရောဂါကြောင့် စစ်သားတယောက် မရှုမလှ သေဆုံးခဲ့ရ တာကိုလည်း မျက်မြင်ကိုယ်တွေ့ကြုံဖူး၊ ပြီးတော့ တပ်က အထုတ်ခံရပေမယ့် ဆေးကုသခွင့်ရပြီး သာမန် လူတယောက်လိုပဲ အသက်ရှင်နေထိုင်သွားသူကို တွေ့ဖူးတာမို့ တပ်ကြပ်ကြီး ကိုသိန်းအောင်တယောက် သူနဲ့ သူ့မိသားစုကို ကယ်တင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။
ဒါနဲ့ သူလည်း ဒီကိစ္စကို သူ့ဇနီးသည်ကလွဲလို့ ဘယ်သူ့ကိုမှ အသိမပေးဘဲ လျှို့ဝှက်ထားလိုက်ပါတယ်။ စစ်တပ်အသိုင်းအ၀န်းမှာ AIDS ရောဂါနဲ့ပတ်သက်ပြီး အကြောက်လွန်တာနဲ့ ရောဂါရှိသူတွေကို ခွဲခြား ဆက်ဆံတာတွေ ရှိတာမို့ ကျန်တဲ့လူတွေသိသွားရင် အလုပ်ပြုတ်နိုင်တဲ့အပြင် တပ်ဝန်းထဲက နေစေရာအိမ်လည်း ဆုံးသွားနိုင်တာကိုး။
တဖက်မှာလည်း HIV ဆေးသောက်တာ တခုထဲကပဲ သူ့ရဲ့လျှို့ဝှက်ချက်ကို ထိန်းထားနိုင်တဲ့ အခွင့်အရေးဖြစ် မှန်း သူနားလည်ပါတယ်။
“ဆေးရရင်တော့ ကျနော် သက်ဆိုးရှည်ရှည် နေနိုင်မှာပေါ့။ တိုင်းပြည်အတွက်လည်း တာဝန်ပို ထမ်းဆောင်နိုင်မယ်၊ မိသားစုဘဝလည်း မပျက်စီးဘူးပေါ့ဗျာ” လို့ ကိုသိန်းအောင်က ဆိုပါတယ်။ သူက “ကျနော့်မိသားစုက တန်ဖိုးဖြတ်လို့ မရပါဘူး” တဲ့။
ဒီလိုနဲ့ အင်းစိန်မြို့နယ်ထဲက ဆေးခန်းမှာ သူရဲ့ ပထမဆုံး သွေးစစ်ချက်ကို ရင်တမမနဲ့ စောင့်နေခဲ့ပါတယ်။
ရလာဒ်က CD4 အရေအတွက် ၄၆၀ ပါ။ အမေရိကန် ပြည်ထောင်စုမှာ ဆိုရင်တော့ ဒီအရေအတွက်နဲ့ ဆေး လက်ခံရနိုင်ပါတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ …။
ဆေးခန်းက သူ့ကို တီဘီဆေး ပေးလိုက်ပြီး နောက် ၃ လာကြာတဲ့အခါ သွေးလာစစ်ဖို့ပဲ ပြောလိုက်ပါတယ်။
နောက်တနေရာ ရန်ကုန်မြို့ပြင် HIV ကယ်ဆယ်ရေး ဂေဟာတခုရဲ့ အဆောက်အအုံလေး ၂ လုံးထဲမှာလည်း ဝေဒနာရှင် ၂၀၀ လောက် ပြွတ်သိပ်နေကြပါတယ်။ အဲ့ဒီထဲက အတော်များများဟာ သူတို့ သေမယ့်အချိန်ကို စောင့်နေကြတာ ပါ။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ နိုဝင်ဘာ နေအိမ်အကျယ်ချုပ်က လွတ်ပြီး ရက်ပိုင်းအတွင်းမှာ ဒီဂေဟာလေးက ဝေဒနာရှင်တွေဆီ သွားရောက်လည်ပတ်ခဲ့ပြီး သူတို့အတွက် ဆေးဝါး တွေ ပိုပေးကြဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၀ါရှင်တန်မှာ ကျင်းပတဲ့ နိုင်ငံတကာ AIDS ညီလာခံမှာလည်း HIV ကြောင့် အရှက်တကွဲအကျိုးနည်း ဖြစ်ရတာတွေကို သူက ဗီဒီယိုလင့်ခ်ကနေ တဆင့် မေတ္တာတရားအပြည့်နဲ့ ပြောကြားခဲ့ပါသေးတယ်။ “HIV ဘာလဲဆိုတာကို ကျမတို့ ပြည်သူတွေ နားလည်ဖို့ လိုပါတယ်။ ဒါဟာ ကျမတို့ ကြောက်ရမယ့်အရာ မဟုတ်ဘူးဆိုတာကိုလည်း နားလည်ဖို့ လိုပါ တယ်” လို့ သူက ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထောက်အပံ့နဲ့ ဖွင့်ထားတဲ့ ဒီဂေဟာမှာ ဆရာဝန်လည်းမရှိသလို သူနာပြု လည်းမရှိတာမို့ လူနာတွေက တဦးနဲ့တဦး အပြန်အလှန် စောင့်ရှောက်နေကြရတာပါ။
မိဘတွေသေဆုံးသွားကြပြီး ရောဂါနဲ့ ကျန်ခဲ့တဲ့ ကလေးတွေလည်း လေ၀င်လေထွက်မရှိတဲ့ အခန်းတွေထဲမှာ ဖိနပ်မပါပဲ ပြေးလွှားဆော့ကစားနေတာကို တွေ့ရပါတယ်။ အသက်ရှုနေပေမယ့် အလောင်းတွေလိုဖြစ်နေတဲ့ လူနာတွေကိုတော့ နံရံဘေး တဘက်တချက်က ဝါးခင်းပေါ်မှာ နေရာချထားပေးပါတယ်။
နောက်အခန်းတခုမှာတော့ သစ်သားကြမ်းပြင်ပေါ်ခင်းထားတဲ့ ကောက်ရိုးဖျာပေါ်မှာ အမျိုးသမီး အယောက် ၂၀ စုပြုံပြီး နေနေကြပါတယ်။ မွေးခင်းစ ၇ ရက်အရွယ် သမီးငယ်ကို နို့တိုက်ရင်း အသက်ငယ်ငယ် ကလေး အမေတစ်ဦး အခန့်ထောင့်မှာ ရှိုက်ငိုနေတာကိုလည်း တွေ့ရပါတယ်။ သူကိုယ်ဝန်ဆောင်ပြီး ကလေးမွေးခါနီး အချိန်အထိ HIV ဆေးမရခဲ့တာမို့ သူ့သမီးငယ်ရောဂါပိုး ရှိမရှိသိရအောင် နောက်ထပ် ၁၈ လောက် ကြာတဲ့ အထိ စောင့်ရအုံးမှာပါ။
“ဒီလောက် လူနာတွေအများကြီးကို စောင့်ရှောက်ဖို့ ငွေကြေး အကန့်အသတ်ရှိပါတယ်”  လို့ ၂၀၀၂ မှာ ဒီဂေဟာကို တည်ထောင်ခဲ့ပြီး အခု လွှတ်တော်အမတ်ဖြစ်နေတဲ့ မဖြူဖြူသင်းက ဆိုပါတယ်။ “အခုလို အကန့်အသတ်အောက်မှာ ဆေးရဖို့ စောင့်နေကြတဲ့လူနာတွေအတွက် အရမ်းအန္တရာယ်များလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးဆိုးလာတဲ့အချိန်ကြမှပဲ သူတို့ ဆေးရတာကြောင့်မို့ပါ။”
ကတုံးဆံပင်နဲ့ ခန္ဓာကိုယ်ပါးပါးလျားလျား ကိုသိန်းအောင်ဟာ သူ့ရဲ့ စစ်သားဘ၀ကို ပြန်မြင်ကြည့်မိပါတယ်။ သူက အခု ၂၇ နှစ်ရှိပါပြီ။ အဲ့ဒီမတိုင်ခင် ဆယ်စုနှစ်တခုလုံး သားပစ်မယားပစ်နဲ့ တိုင်းရင်းသားဒေသတွေ က တိုက်ပွဲတွေထဲမှာ အချိန်ကုန်ခဲ့တာပါ။
အတိတ်တစ္ဆေက ညအိပ်တိုင်း သူ့ကို အမြဲခြောက်လှန့်တာမို့ အိပ်ပျက်ညတွေ များလှပါပြီ။ ရှေ့တန်းမှာ ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရတာမို့ ဒဏ်ရာရ စစ်သားတွေရဲ့ သွေးနဲ့ သူ ပုံမှန်ထိတွေ့ခဲ့ရပါတယ်။ တခြား အမျိုးသမီးတွေနဲ့လည်း သူ လိင်ဆက်ဆံခဲ့ဖူးပါတယ်။ ဒါပေမယ့် အခြောက်လှန့်ဆုံး မေးခွန်းကတော့ အခုလိုဖြစ်တဲ့အပေါ် သူဘယ်သူ့ကို အပြစ်တင်ရမလဲ ဆိုတာပါပဲ။ ဒီအဖြေကို သူလည်း ဘယ်တော့မှ သိမှာ မဟုတ်ပါဘူး။
အဲ့ဒီအတွေးတွေဖျောက်နိုင်ဖို့ သူ ညတိုင်း အိပ်ဆေးသောက်ပေမယ့် မပျောက်ပါဘူး။ ဇောချွေးတွေသာ တကိုယ်လုံး ရွှဲရွှဲစိုပြီး ဆီး ခဏခဏသွားရတာပဲ အဖတ်တင်ပါတယ်။
ပြီးခဲ့လမှာ ၁၀ ပေါင်ကျသွားတာမို့ အခုဆို ကိုသိန်းအောင်ရဲ့ ကိုယ်အလေးချိန်က ပေါင် ၁၂၀ ပဲ ရှိပါတော့ တယ်။ ပါးစောင်တွေ ချိုင့်လာပြီး မျက်စိလည်း ဟောင်းလောင်းဖြစ်လာပါပြီ။ ခွန်အားတွေ တစစ လျော့လာ တာမို့ တခြားသင်တန်းသားတွေနဲ့အတူ နေ့စဉ်လေ့ကျင့်ခန်းလည်း မလုပ်နိုင်တော့ပါဘူး။ တီဘီရောဂါကို အကြောင်းပြထားပေမယ့် အထက်အရာရှိတွေကို အကြာကြီး လိမ်ထားလို့မရမှန်း သူသိပါတယ်။
“ရနိုင်သမျှတော့ ကျနော်ဖုန်းဖိထားပါတယ်၊ ဒါပေမယ့် တချို့လည်း ကျနော့်အကြောင်း စပြောနေကြပြီဆိုတော့ သူတို့နဲ့ တိုက်ရိုက်မတွေ့အောင် ကျနော် ရှောင်ပါတယ်” လို့ ကိုသိန်းအောင်က ပြောပါတယ်။ “တခြားသူတွေလိုပဲ ကျနော်လည်း အားကောင်းမောင်းသန် ဖြစ်ချင်တာပေါ့။ ကျနော် ကြိုး စားတယ်ဗျာ၊ ဒါပေမယ့် စိတ်ပဲရှိပြီး ကိုယ်က မလိုက်နိုင်တော့ဘူး” လို့လည်း သူက ဆိုပါတယ်။
သူ့အမျိုးသမီးကတော့ သူ့အတွက် ဆေးမရမခြင်း ဆေးစစ်မခံဘူးလို့ သိရပါတယ်။ ဆေးစစ်ကြည့်လို့ ရောဂါ ပိုးရှိမှန်းသိသွားရင် အဲ့ဒီနောင်တနဲ့ သူ ကိုယ်ကိုယ့်ကိုယ် သတ်သေမှာကို စိုးရိမ်ပြီး မစစ်ဘဲ နေတာလို့ သိရပါတယ်။
“သူက ကျနော့်ကို စိတ်ဓာတ် မကျစေချင်ဘူးလေ။ ကျနော့်အမျိုးသမီးမှာသာ ဒီရောဂါရှိရင် ကျနော် အရမ်းကို စိတ်ဓာတ်ကျမိမှာပဲ” လို့ ကိုသိန်းအောင်က ပြောပါတယ်။  “”
ရောဂါဖိစီးတာကြောင့် သူဘယ်သူလဲဆိုတာကိုတောင် တခါတလေ ပြန်စဉ်းစားမိတယ်လို့လည်း သူက ပြောပါသေးတယ်။
စစ်ပွဲမှာလည်း သူတပါးကို သတ်ခဲ့၊ သူ့ အမျိုးသမီးကိုလည်း လိမ်လည်လှည့်စားခဲ့၊ ပြီးတော့ ဘ၀တစ်ခုလုံး မှာလည်း ထိတ်လန့်စရာတွေ မျက်မြင်ကြုံတွေ့ခဲ့ရတာမို့  ကိုသိန်းအောင်ဟာ သူ့ အမှားတွေအတွက် ပြင်ဆင် ပေးဆပ်ခွင့် ရချင်နေသူပါ။
ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တာမို့ အတိတ်ဘ၀က မကောင်းတာလုပ်ခဲ့မိတဲ့အတွက် ဒီဘ၀မှာ ပြစ်ဒဏ်အဖြစ်နဲ့ ဒီရောဂါခံစားနေရတာလို့ သူယူဆပါတယ်။ ဒါကြောင့်လည်း တဖက်သားကိုကူညီရင်း သူလုပ်နိုင်သမျှ ဒါန ကုသိုလ် နဲ့ လူကောင်းတစ်ယောက်ဖြစ်အောင် သူ့ကိုယ်သူထူထောင်မယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
ဝေဒနာသည်တွေထဲမှာ သူ့ထက်ပိုဆိုးတဲ့ ဝေဒနာသည်တွေ အရင်ဆေးကုသခွင့်ရသင့်တယ်လို့ ကိုသိန်း အောင်က ပြောပါတယ်။ ဒါပေမယ့် (ဒုတိယအကြိမ် သွေးစစ်ချက်ကို စောင့်နေရင်း) စိတ်ထဲမှာတော့ သူ့ရဲ့ ကိုယ်ခံအားက သတ်မှတ်ချက်နဲ့ကိုက်အောင် အားနည်းနေပါစေလို့လည်း တတွတ်တွတ်ဆုတောင်း နေမိ ပါတယ်။
သူ့ဆုတောင်း မပြည့်ရှာပါဘူး။ သွေးစစ်ချက်ရလာဒ်ကို ဆရာဝန်က ဖတ်ပြတဲ့အခါ ဒီတခါလည်း လက်ချည်း ဗလာနဲ့ ပြန်ရအုံးမည်ဆိုတာ သူသိလိုက်ပါတယ်။
CD4 အရေအတွက် ၂၈၉ တဲ့။ များလွန်းနေသေးတာကိုး။
သူ့မှာ ရွေးချယ်စရာလမ်း တစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ သူ့ရောဂါအခြေအနေ ဒီထက်ပိုဆိုးပါစေလို့ ဆုတောင်းပြီး နောက် ၃ လမှာ သွေးထပ်စစ်ဖို့သာ ဖြစ်ပါတော့တယ်။
(The Associated Press မှ ဆေးဘက်ဆိုင်ရာ သတင်းထောက် Margie Mason ၏ In Myanmar, only sickest HIV patients get drugs ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
 ဧရာဝတီ
ဘကြီးသက်
Unknown at 12:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်ပြည်နယ် ပဋိပက္ခများအတွက် အဖွဲ့အစည်းအသီးသီး စုပေါင်း၍ နိုဝင်ဘာ ငြိမ်းချမ်းရေး ကြေညာချက် ထုတ်ပြန်




ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခကိစ္စရပ်များနှင့် ပတ်သက်၍ နိုဝင်ဘာ ၁ ရက်၌ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးအဖွဲ့ အသီးသီးတို့မှ နိုဝင်ဘာ ငြိမ်းချမ်းရေး ကြေညာချက်တစ်စောင်အား စုပေါင်းလက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခအရပ်ရပ်တို့ အပေါ်၌ နိုင်ငံရေးပါတီများ၊ လူမှုရေး အထောက်အကူပြု အဖွဲ့အစည်းများနှင့် ဘာသာရေး ခေါင်းဆောင်များမှနေ၍ ငြိမ်းချမ်းရေးအပေါ်တွင် အခြေပြုတွေ့ဆုံ ဆွေးနွေးကာ နိုဝင်ဘာငြိမ်းချမ်းရေး ကြေညာချက်အား စုပေါင်းလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ ၄င်းကြေညာချက်၌ (၁) ရခိုင်ပြည်နယ်အတွင်း ဖြစ်ရပ်မှန်များကို ပိုမို၍ ပွင့်လင်းမြင်သာစွာ သုံးသပ်နိုင်ရန်အတွက် နိုင်ငံပိုင်မီဒီယာများနှင့် ပုဂ္ဂလိက မီဒီယာများမှ ဖော်ပြပေးရန်။ (၂) ယခုကဲ့သို့ နိုဝင်ဘာ ၁ ရက်တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီး၏ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု အစိုးရအဆင့် ကိုယ်စားလှယ်များ ပါဝင်သော ပိုမိုကျယ်ပြန့်သည့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနှီးနှော ဖလှယ်ပွဲများ ကျင်းပပေးရန်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးအား အကြံပြု တောင်းဆိုကြသည်။ (၃) ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များအတွက် သက်ဆိုင်ရာ နိုင်ငံတော်အစိုးရ တာဝန်ရှိသူများအား ချီးကျုးပြီး ယခုထက် ပိုမိုထိရောက်သော ဆောင်ရွက်ချက်များကို အလျင်အမြန် အကောင်အထည်ဖော်ရန် မိမိတို့က တညီတညွတ်တည်း တိုက်တွန်းကြသည်ဟု ပါရှိသည်။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြရာတွင် ရခိုင်ပြည်နယ်ဘက်မှ ရဟန်းတော်များ ဦးဆောင်ပါဝင်ပြီး အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်။ ၄င်းတို့၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ကြေညာချက် ထွက်ပေါ်လာရန်အတွက် ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များမှနေ၍ သဘောတူညီကာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခအရပ်ရပ်တို့အပေါ် ငြိမ်းချမ်းမှု ရရှိနိုင်စေရန်အတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဘကြီးသက်
Unknown at 12:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.