Monday, November 5, 2012

ဒီမိုကရေစီကို တန်ဖိုးမဲ့အောင်၊ သေးသိမ်ပျက်စီးအောင် ဖျက်ဆီးပစ်ချင်သူတွေ ရှိနေပြီ





ကနေ့ခေတ်မှာ မဟုတ်မဟတ် လုပ်ကြံဖန်တီးတာတွေ တဖြည်းဖြည်း ရှိလာနေပါတယ်။ မသမာ- မရိုးသား-လိမ်လည်သူတွေက မဟုတ်မဟတ်တွေ လုပ်လေလေ သူတို့အကျင့်စရိုက်နဲ့ ရည်ရွယ်ချက်ဟာ ပိုပြီး လူသိလေပါပဲ။ ဖုံးထားသမျှ ကုန်းခါမှပေါ် ဆိုသလို သူတို့ ဘယ်လို ကောက်ကျစ် ယုတ်မာတတ်သလဲလို့ လူတကာကို အသိပေးနေသလို ဖြစ်နေပါတယ်။ အသိဥာဏ် နုံနဲ့သူတွေ၊ ကိုယ်ကျိုးကြည့်တတ်သူတွေ၊ လူ့လောကကို အကောင်းမမြင် အရွဲ့တိုက်ချင်သူတွေကတော့ အခုလို စဉ်းစားတတ်မှာ မဟုတ်ဘဲ လုပ်ချင်တာကိုသာ ဇွတ်တရွတ် လုပ်တတ်ကြပါတယ်။

လူတွေ အသိဥာဏ် ပိုမို တိုးတက်စေတဲ့ စာပေလောကမှာ နာမည်ရင်း မဟုတ်ဘဲ ကလောင်နာမည်နဲ့ သုံးပြီး ရေးသားကြပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး မီဒီယာကနေ လွယ်လွယ်ကူကူ ရတဲ့ ကလောင်အမည်တခုကို တလွဲဆံပင်ကောင်း အသုံးချလာတတ်ကြပါတယ်။ 

အရင်ကတော့ ရည်ရွယ်ချက်ကောင်းနဲ့ လုပ်ကြတာ ဖြစ်ပေမယ့် နောက်တော့ ပျော်စေ ပျက်စေ လုပ်လာကြရင်းကနေ တဖြည်းဖြည်းနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ ဘာသာရေး တိုက်ခိုက်မှုတွေ၊ လူမျိုးရေး တိုက်ခိုက်မှု ရှိလာပြီး နိုင်ငံရေး တိုက်ခိုက်မှုထိ ဆိုးဆိုးဝါးဝါး ကျယ်ပြန့်လာနေပါတယ်။

အမည်ရင်းနဲ့ ဘယ်သူဘယ်ဝါမှန်း မသိနိုင်တာကြောင့် “ငါလုပ်တာ ဘယ်သူမှ မသိဘူး” ဆိုပြီး တစတစ အတင့်ရဲလာရာကနေ ကိုယ်ကျင့်တရားတွေ၊ လူအချင်းချင်း စောင့်စည်းရမယ့် ကျင့်ဝတ်တွေကို မစောင့်စည်းနိုင်ဘဲ ဖြစ်လာပါတယ်။ တရားဥပဒေကို ချိုးဖောက်မှန်းမသိ ချိုးဖောက်တဲ့အထိ ဖြစ်လာပါတယ်။  အမှန်တရားကို ကျောခိုင်းသူ၊ ပျက်ရယ်ပြု လှောင်ပြောင်တဲ့အထိ အဆင့်နိမ့်ကျသွားပါတယ်။အစွန်းရောက်ကုန်ကြတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါမျိုး လုပ်တဲ့သူတွေဟာ အနည်းအကျဉ်းလောက်ပဲ ရှိနိုင်ပေမယ့် ဆွမ်းဆန်ထဲ ကြွက်ချေး ရောနေသလို မသင့်တော်လှတဲ့ ကိစ္စဖြစ်ပါတယ်။

ဒီမိုကရေစီမှာ အများတကာနဲ့ ပတ်သက်လာရင် ဘာကိုပဲလုပ်လုပ် ပွင့်လင်း မြင်သာရပါမယ်။ ကိုယ်လုပ်သမျှ ကိုယ်ကပဲ တာဝန် ယူနိုင်ရပါမယ်။

သူတို့ဟာ ဒီမိုကရေစီရဲ့ စည်းမျဉ်း ကျင့်ထုံးတွေကို မသိတဲ့သူတွေ ဖြစ်ကိုဖြစ်ရပါလိမ့်မယ်။ သိရင်တောင် မကျင့်သုံးချင်သူ၊ တန်ဖိုး မထားချင်သူ၊ ဖျက်ဆီးချင်သူ ဖြစ်ရပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ကျင့်သုံးနိုင်ဖို့ နှစ်ပေါင်း (၅ဝ) လောက် အသက်တွေ ဆုံးရှုံးခံ၊ ဘဝပျက်ခံပြီး ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ တိုက်ပွဲဝင် ရယူခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကို တန်ဖိုးထားရပါမယ်။ အသက်စွန့်သွားခဲ့ရသူတွေ၊ ဘဝပျက်သွားခဲ့ရသူတွေ၊ ချွေး-သွေး မြေကျခံခဲ့ရသူတွေအပေါ် လေးစားစိတ် ထားရှိအပ်ပါတယ်။

အမြဲထာဝစဉ် တန်ဖိုးထား ထိန်းသိမ်းအပ်တဲ့ ဒီမိုကရေစီကို လူ့ပတ်ဝန်းကျင်မှာ တလွဲဆံပင်ကောင်း အသုံးမချနိုင်အောင် အသိပညာပေးဖို့ မရှိမဖြစ် လိုအပ်လာပါတယ်။ လူထုပညာပေးရေးတွေနဲ့ ကနဦးအဆင့်မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးရတာမျိုးပါ။

အဲဒီလိုမှ မရဘူး ဆိုရင်တော့ ပြည်သူလူထုက လူထုနည်းနဲ့ အပြစ်ပေး အရေးယူရတာ အဆင့်ဆင့် ရှိပါတယ်။ အဲဒါကတော့ အများက ဝိုင်းဝန်းရှုတ်ချ ပြစ်တင် ကန့်ကွက်တာ၊ အများက ဝိုင်းပယ်ထားတာ၊ တရားဥပဒေကြောင်းအရ ပြန်လည် တရားစွဲတာတွေပါပဲ။

 ဒီမိုကရေစီကို တန်ဖိုးရှိရှိ ထိန်းသိမ်းနိုင်မှ လူလောကကြီး သာယာစိုပြေနိုင်မှာ ဖြစ်ပါတယ်။

ဘကြီးသက်
Unknown at 9:50 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.