Saturday, August 25, 2012

မြန်မာ မိန်းကလေးငယ်များ ယမကာ သောက်သုံးမှုများလာ


ဆယ်ကျော်သက် အရွယ် မြန်မာ အမျိုးသမီးငယ်များ ၏ မူးယစ်စေတတ်သော အဖျော်ယမကာ သောက်သုံးမှုနှုန်းမှာ ယခုနှစ် အနည်းငယ် အတွင်း တဖြည်းဖြည်းမြင့်တက်လာနေကြောင်း ပြည်တွင်း လူမှုရေးအဖွဲ့တဖွဲ့မှပြုလုပ်သည့် စစ်တမ်းတခုက ဆို သည်။
ယင်းစစ်တမ်းသည် မြို့နယ်ပေါင်း၂၀ ပါဝင်ပြီး ရန်ကုန်မြို့ အစိုးရကျောင်းများ၊ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများနှင့် ဆယ်ကျော်သက် အရွယ် လူငယ်များ၊ အုပ်ထိန်းသူမိဘများ စသည့် လူဦးရေ ၅၀၀ ကို မေးမြန်း ကောက်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။
အချိုရည်(သို့) ဝိုင်ဟု သတ်မှတ်ထားသည့် အရက်ပါဝင်သော အဖျော်ယမကာများ ဈေးကွက်အတွင်း ၀င်ရောက်မှု များပြားလာခြင်း က ဆယ်ကျော်သက်အရွယ် မြန်မာအမျိုးသမီးငယ်များ အဖျော်ယမကာ သောက်သုံးမှုမြင့်တက်လာစေခြင်း အကြောင်းရင်း ဖြစ် သည်ဟု ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ဘီယာနှင့် အဖျော်ယမကာ ရောင်းချသော ဆိုင်ကြီးတချို့က တာဝန်ရှိသူများ က ပြော သည်။
“ဆိုင်ကိုလာထိုင်ကြတဲ့သူတွေမှာ မိန်းကလေးတွေပါလာ ကြတယ်။ သူတို့တွေ မှာတတ်တာတွေက ဘီယာနဲ့ စပိုင်လို ဝိုင်မျိုးပေါ့။ သူတို့ကိုယ်သူတို့ ထိန်းသိမ်းနိုင်တဲ့အရွယ်တွေဆိုတော့ တားခြင်း၊ မတားခြင်း မလုပ်ပါဘူး။ ဒါပေမယ့် မိန်းကလေးတွေ ဒီလိုသောက် တာ ကတော့ မကောင်းဘူး”ဟု ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်ကြီး တဆိုင်မှ ပိုင်ရှင် အမျိုးသားက ပြောသည်။
ဆယ်ကျော်သက် မိန်းကလေးများ၏ အဖျော်ယမကာ သောက်သုံးမှု မြင့်တက်လာသည်ဟု ဆိုရာတွင် တက္ကသိုလ် တက်ရောက်နေ သည့် ကျောင်းသူများနှင့် အသက်၂၀ ကျော်အရွယ် မိန်းကလေးငယ်များက ရာခိုင်နှုန်း ပိုမိုများပြားနေကြောင်းလည်း အဆိုပါ စစ် တမ်းတွင် ဖော်ပြထားသည်။
“အခုခေတ် မိန်းကလေးတွေက စိတ်ညစ်တယ်လို့ ထင်ရတဲ့အရာတွေကို ပျောက်ချင်လို့ ခံစားလို့ကောင်းအောင်ဆိုပြီး သောက်ကြ တယ်လို့ ကျနော်တို့ သိရပါတယ်။ နောက်တခုက ခေတ်စားနေတဲ့ ကျနော်တို့ဆီက ကိုရီးယားရုပ်သံ ယဉ်ကျေးမှုပါ။ ဒါတွေကို ထိန်း ချုပ်ဖို့အတွက်က မိဘနဲ့သားသမီးရဲ့ဆက်ဆံရေး၊ စီးပွားရေးသမားတွေရဲ့ဈေးကွက် ချဲ့ထွင်မှုနဲ့ ဆရာတွေရဲ့ ကျောင်းသားတွေနဲ့ ထိတွေ့မှုတွေက အရေးကြီးတယ်လို့ ထင်တယ်”ဟု ရန်ကုန်မြို့နေ အထက်တန်း ကျောင်းဆရာ တဦးက ဆိုသည်။
အငြိမ်းစား တက္ကသိုလ်ဆရာ ဦးမောင်မောင်ချို ဆိုသူကလည်း“အရက်ဆိုင်တွေ တရားမဝင်ဖွင့်လာကြတယ်။ ကျောင်းတွေကို အရမ်း ဝေးကွာတဲ့ နေရာတွေကို ပို့ပစ်တယ်။ စည်းကမ်းတင်းကျပ်တဲ့ တက္ကသိုလ်အဆောင်တွေဆိုတာ ဒီဘက်ခေတ်မှာ မရှိတော့ ဘူး။ ဒါတွေက အခုလို ယောကျာ်းလေးသာမက မိန်းကလေး ငယ်လေးတွေပါ အရက်နဲ့နီးစပ်လာတဲ့ အဓိကအချက်တွေပဲ”ဟု ပြော သည်။
ထို့အပြင် လူငယ်တွေ့ဆုံပွဲများ၊ စတိရှိုးဖျော်ဖြေပွဲများတွင် အရက်နှင့် အဖျော်ယမကာများကို ထည့်သွင်းလာကြခြင်းများအပြင် အားကစားပြိုင်ပွဲများကို အကြောင်းပြုကာ အရက်၊ ဘီယာ ကြော်ငြာများကို မြင်သာထင်သာ ပြုလုပ်လာခြင်းများနှင့် ဈေးကွက် အတွင်း လွယ်ကူစွာဝယ်ယူ ရရှိနိုင်ခြင်း စသည့်အချက်များကလည်း ဆယ်ကျော်သက် မိန်းကလေးငယ်များ၏ သောက်သုံးမှုမြင့် တက်လာစေခြင်း အကြောင်းရင်းများ ဖြစ်နေသည်ဟု ရန်ကုန်နှင့် မန္တလေးမြို့များရှိ မိဘ အုပ်ထိန်းသူတချို့က ပြောဆိုကြသည်။
အဖျော်ယမကာ သောက်သုံးမှု မြန်မာအမျိုးသမီးငယ်များနှင့် ယဉ်ပါးလာခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်မြို့နေ အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူ တဦးက“စပိုင်ဝိုင် လောက်တော့ သောက်ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ စားသောက်ဆိုင်တွေမှာ သောက်ဖြစ်တယ်။ ခရီးထွက်တဲ့အခါတွေလည်း သူငယ်ချင်းတွေနဲ့သောက်ဖြစ်တယ်။ ဝိုင်လို့သတ်မှတ်ပြီး သောက်ကြတာပါ”ဟု ပြော ပြသည်။
ယခုနောက်ပိုင်း ရိုက်ကူးပြသသော မြန်မာ ရုပ်ရှင် ဗီဒီယိုများတွင် အမျိုးသမီးသရုပ်ဆောင်များ အရက်သောက်သုံးသည့် အခန်း ပါဝင်လာမှုကလည်း ဆယ်ကျော်သက် မိန်းကလေးများ၏ အရက်အပေါ်စိတ်ဝင်စားမှု မြင့်တက်လာစေခြင်း အကြောင်းရင်းတရပ်ဖြစ် ကြောင်း ရန်ကုန်မြို့မှ ကျောင်းသား မိဘတဦးက ပြောသည်။
“ဖန်တီးသူတွေက ဒီအချက်တွေကို သတိထားသင့်တယ်။ မင်းသမီး အရက်သောက်တာမပြောနဲ့ အမျိုးသား သရုပ်ဆောင်တွေ အလကားနေ အလကား ဘီယာဆိုင်ထိုင်နေတယ်ဆိုတဲ့ ပြကွက်တွေဟာ လူငယ်တွေကို အရက်နဲ့ ပိုပြီးရင်းနှီးလာစေတဲ့အကြောင်း ရင်းတွေဖြစ်တယ်”ဟု မန္တလေးသား တဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် အရက်နှင့်ပတ်သက်သည့် ဥပေဒထုတ်ပြန်ချက်တချို့ရှိသော်လည်း လိုက်နာမှုမရှိကြခြင်း၊ သက်ဆိုင်ရာမှပညာပေး ဖြန့်ဝေမှု အားနည်းခြင်းကလည်း ယင်းသို့ အမျိုးသမီးငယ်များ အဖျော်ယမကာသောက်သုံးမှုကို ပိုမိုလွတ်လပ်စေခြင်း၏ အကြောင်း ရင်း တရပ် ဖြစ်ကြောင်း ရှေ့နေများက ပြောဆိုကြသည်။
“မြန်မာပြည်မှာ တားမြစ်ချက်ရှိတယ်။ အသက် ရှစ်နှစ်အောက် ကလေး မည်သူမဆို အရက်ကို မဝယ်ရဘူး။ သောက်သုံး ခွင့်လည်း မရှိဘူး။ အမျိုးသမီးတွေဆို အရက်လိုက်မရောင်းရတဲ့ တားမြစ်ချက်ရှိတယ်။ ယစ်မျိုး ဥပဒေပုဒ်မ ၂၀ မှာ ဒီအချက်တွေနဲ့ ပတ်သက် ပြီး ပြဌာန်းထားတယ်။ ဒါပေမယ့် အခုလက်ရှိမှာက ဒါကို မသိကြသလို၊ သိသူကလည်း ကျင့်သုံးခြင်း မရှိဘူး။ အစိုးရအနေနဲ့ တိတိ ကျကျ ပြဌာန်းချက်တခု ထုတ်ပြန်ဖို့လိုလာပါပြီ”ဟု တရားရုံးချုပ် ရှေ့နေတဦးက ပြောသည်။
ယခုအခါ မြန်မာနိုင်ငံ မြို့ကြီးများတွင် ဖွင့်လှစ်နေကြသည့် ဘီယာနှင့် အဖျော်ယမကာဆိုင်များတွင် အရက် ကုမ္ပဏီများက အမျိုးသမီးများကို ၄င်းတို့ ၏ ထုတ်ကုန်များ ရောင်းချစေခိုင်းနေမှုများသည် ယစ်မျိုး ဥပဒေအရ ယင်းကုမ္ပဏီများကို အရေးယူနိုင်ကြောင်း လည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အရက် ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီ ငါးခုနှင့်အထက်ရှိနေပြီး ထုတ်ကုန်များကို ကြော်ငြာပုံစံ အမျိုးမျိုးဖြင့် ဈေးကွက် အတွင်း လူသိများစေရန်လည်း ပြုလုပ်ကြသည်။
နိုင်ငံတော်သို့ အခွန်အများဆုံးပေးဆောင်နေရသည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများတွင် အထက်ပါ အရက်ကုမ္ပဏီများသည် ထိပ်ဆုံးနေရာက ပါဝင်နေကြကြောင်းလည်း အခွန်ဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
 ဧရာဝတီ
ဘကြီးသက်
Unknown at 7:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာအမျိုးသမီး ဝတ်စုံသည် SEXY DRESS မဟုတ်..စပွန်ဆာ ရှာရန် မဟုတ်..ဖော်ချွတ်ကဏ္ဍအတွက်မဟုတ်.အမျိုးဂုဏ်အတွက်ဖြစ်သည်

မင်းသမီးများခင်ဗျာ..
မြန်မာနိုင်ငံရဲ့ top SEXY ထဲမှာ top ၁၀ ဝင်ခင်သူ များအနေနဲ့ အမျိုးသား ကာလသားအကြိုက် ဦးဦး ကိုကို အကြိုက် မဒမ်ဘာသာ ကြိုက်သလို ဝင်ဆင်နိုင်ပါတယ်...။စိတ်ပါရင် အပ်ချည်ကြိုး ခါးတောင်းကျိုက်ကာ အကယ်ဒမီ ပေးပွဲသို့ တတ်ရောက်နိုင်ပါတယ် ..။
သို့သော်..........သို့သော်ပေါ့ခင်ဗျာ....
..........
.........
.........
မြန်မာ ဝတ်စုံများကို အာပတ်လွတ် နည်းနဲ့ ချုပ်လုပ်လာတာကို တွေ့နေရပြီဖြစ်ပါတယ် ...။



အဲဒီလို ဝတ်စုံတွေနဲ့ မြန်မာ့ အမျိုးသမီး ဝတ်စုံများ standard ကို အောက်သို့ဆွဲမချပါနဲ့ဗျား...။ မဒမ်တို့ အဖော်ကြွယ်တဲ့ မော်ဒယ်တသိုက် ရဲ့ ကိုးလိုးကန့်လန့် ဝတ်စားဆင်ယင်မှုနောက်မှာ တောက်လျှောက်လိုက်ဝတ်မဲ့ အမျိုးသမီးငယ်များကို ငဲ့စောင်းကြည့်ပါ...။


မော်ဒယ် မဒမ် မမ များခင်ဗျား..ဒီလိုသာ များပြားလာမည်ဆိုလျှင် မြန်မာ နိုင်ငံတွင်လည်း ဟိုအစ္စလာမ်နိုင်ငံကဲ့သို့ ၄င်းတို့ဘာသာရေး
နိုင်ငံယဉ်ကျေးမှူနဲ့ မကိုက်တဲ့ ဝတ်စားဆင်ယင်မှူမျိုး ဝတ်ဆင်တဲ့ အမျိုးသမီးတိုင်းကို လှည့်ကင်းပတ်..အချုပ်ကားပေါ်ဆွဲတင်ရတဲ့ နိုင်ငံကဲ့သို့ ဖြစ်စေချင်ပါသလား...။မြန်မာဝတ်စုံသည် မဒမ်တို့
ဖော်ချွတ်ရာ...စပွန်ဆာ ဆွဲဆောင်ရာ..နာမည်ကြီးရာ အတွက် တန်ဆာခံမဟုတ်ပါ ..။မှန်ကြည့်ပါ...
ငါဟာ မြန်မာအမျိုးသမီးလား သေသေချာချာပြန်မေးပါ..။ထို့နောက်မှ မိမိဝတ်စုံများကို ပြန်လည် ဆန်းစစ်ပါ ။

(မောင်ကျောက်ခဲ အဖွဲ့ ဝိုင်းတော်သားများ )
ဘကြီးသက်
Unknown at 6:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာဒေသခံလယ်သမားများသြဂုတ်လ တတိယပတ်ကစတင်ပြီးနေ့စဉ်ဆန္ဒဖေါ်ထုတ်နေကြဟုဆို


မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာ တရုတ်ကုမ္ပဏီတစ်ခုမှဆောင်ရွက်လျက်ရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို၂၀၁၀ ပြည့်နှစ်အတွင်းက သတ္တုတွင်း ဝန်ကြီးဌာနထံကနေ  မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က လုပ်ပိုင်ခွင့်များ လွှဲ ပြောင်းရယူခဲ့ပြီး အဲဒီစီမံကိန်းကြီးကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ တရုတ်နိုင်ငံမှမြန်မာဝမ်ဘိုကုမ္ပဏီက တာဝန်ယူဆောင်ရွက် လျက်ရှိပြီးကာ အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ဆောင်ရန်အတွက် ကျေးရွာပေါင်း၂၂ ရွာမှ လယ်ယာမြေဧကပေါင်း၇၈၀၀ကျော် သိမ်းခံရပြီး ကျေးရွာလေးရွာမှာ ရွာလုံးကျွတ် ပြောင်းရွှေ့ပေးခဲ့ရကြောင်း၊  ဒေသခံများအနေနဲ့ အဆိုပါစီမံကိန်းမှ တာဝန်ရှိသူများ ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ ထိပ်တိုက်တွေ့ဆုံနေရတဲ့ အဓိကအကြောင်းအရာတစ်ခုဟာ ၂၀၁၀ ခုနှစ်အတွင်းက ယင်းစီမံကိန်းပြုလုပ်ရန်အတွက် ဒေသခံများကို လယ်ယာမြေသိမ်းဆီးမှု အတွက် သုံးနှစ်စာ သီးနှံလျော်ကြေးငွေအဖြစ်လယ်သမားတစ်ဦးကို ကျပ် ၅ သိန်း ၂ သောင်းစီ ပေးအပ်ခဲ့ပြီး၊သိမ်းဆီးမှုပြုလုပ်စဉ်ကသုံးနှစ်ခန့်ဟုထင်ရပေမယ့် ယခုအခါတွင် လယ်ယာမြေများကို အပြီးအပိုင် သိမ်းဆည်းခဲ့တဲ့အတွက်သြဂုတ်လ တတိယ ပတ်မှစတင်ပြီးနေ့စဉ်ဆန္ဒဖေါ်ထုတ်မှုများပြုလုပ်ခြင်းဖြစ်ပြီး၊အဲဒီလို လယ်ယာမြေများ အသိမ်းခံခဲ့ရတဲ့အတွက် ဒေသခံလယ်သမားဦးရေ တစ်ထောင်ဝန်းကျင်က စုပေါင်းပြီး သြဂုတ်လ ၂၄ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း သွားရောက်ကာ ဆန္ဒဖော် ထုတ်မှုပြုလုပ် ခဲ့တဲ့အပြင် အသိမ်းခံခဲ့ရတဲ့ လယ် ယာ မြေများအပေါ်တွင် “မိမိတို့ကျေးရွာပိုင်လယ်ယာမြေများကို မည်သူမှ လုံးဝ မကျူး ကျော်ရ"စတဲ့ စာတမ်းများ ရေးသားထားတာကိုလည်း ဆိုင်းဘုတ်များကို စိုက် ထူခဲ့ကြတယ်လို့ပြောပါတယ်။
ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံများနဲ့  စီမံကိန်းတွင်တာဝန်ယူလျက်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်များဟာ ထိပ်တိုက်တွေ့ဆုံခဲ့ရကြောင်း၊ ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်အင်အား လေးရာနီးပါးက စီမံကိန်းဧရိယာအတွင်း ဝင်ရောက်လာတဲ့ လယ်သိမ်းခံရတဲ့ ဒေသ ခံများကို လက်နက်များကိုင်ဆိုင်၍၊ ဒိုင်းများကိုကိုင်ဆောင်က ရာဘာတုတ်များနဲ့ ရိုက် ပြီး၊လယ်သမားများလမ်းလျှောက်ချီတက်နေကြတာကိုခြောက်လှန့်ပြီး လူစုခွဲခဲ့ ကြောင်း၊
အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး ဆားလင်းကြီးမြို့နယ် ဆည်တည်းရွာမှ တောင်သူ ဦးမြင့်သိန်းက "ကျွန်တော်တို့ကို အစတုန်းကတော့ဒီစီမံကိန်းက ကားကြီးတွေ ဖြတ် မောင်းသွားမှာဖြစ်လို့် ဆုံးရှုံးရမယ့် သီးနှံတွေအတွက် သုံးနှစ်စာ လျော်ကြေး အနေ နဲ့ပေးခဲ့လို့ ယူခဲ့ပါတယ်။ အဲဒီလျော်ကြေးတောင် တခြားပြဿနာတွေ ဆက်အဖြစ် မခံချင်တော့လို့ ယူခဲ့တာပါ။ အခုကျတော့ မင်းတို့ကို လျော်ကြေးပေးပြီး သားဖြစ် တဲ့အတွက် လယ်ယာမြေတွေကို သိမ်းတယ်ဆိုတာ ပြောလာတော့  လုံးဝလက်မခံဘူး။ ကျွန်တော့်အနေနဲ့ လယ်ယာအသိမ်းခံရလို့  ယာမြေ ၁၄ ဧကကျော် ဆုံးရှုံးခဲ့ပါတယ်။ ကိုယ့်မျိုးရိုးစဉ် ဆက်လုပ်လာခဲ့တဲ့ ယာမြေပေါ်မှာ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့  အခုလိုလာရောက် ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်”ဟု ပြောပြခဲ့ပြီး၊ဝက်မှေးကျေးရွာမှ ဒေသခံတစ်ဦးကလည်း “အခုကျွန်တော်တို့ဖြစ်နေတဲ့ အခြေအနေက ကိုယ်ပိုင်တဲ့ လယ်ယာမြေတွေကို အင်အားသုံးပြီး လုခံရတာပဲ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက  ကိုယ့်လူမျိုးကို အကာအကွယ် မပေးဘဲ စီမံကိန်းကို လုပ်နေတဲ့ တရုတ်လူမျိုးတွေကိုပဲ အကာအကွယ်ပေးနေတယ်လို့ ပြောရမယ်။ ဒေသခံတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေး နွေးမှုတွေ လုံးဝမလုပ်ဘူး။ ကျွန်တော်တို့ ဆုံးရှုံးရတဲ့ အခြေအနေတွေနဲ့ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တင်ပြတာတွေ ပြောပြတာတွေကို သူတို့က လုံးဝ လက်မခံပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားဖို့အတွက် အသက်ပေးတဲ့အထိ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက် လက်ပြုလုပ်သွားပါမယ်"ဟု ပြောဆိုခဲ့ပါတယ်။
ယခုဆောင်ရွက်လျက်ရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်ကနေ တစ်နှစ်ကို ကြေးနီတန်ချိန် တစ်သိန်းကနေ တစ်သိန်းခွဲအတွင်း ထုတ်လုပ်သွားမှာဖြစ်ပြီး ကြေးနီ တန်တစ်ရာထွက်ရှိပါက ၅၁ တန်ကို တရုတ်ကုမ္ပဏီကခံစားခွင့်ရရှိမှာဖြစ်ပြီး ကျန်၄၉ တန်ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ရရှိမှာဖြစ်ကြောင်း၊စီမံကိန်း တည် ဆောက်မှုနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်အားလုံးကို တရုတ်ကုမ္ပဏီက တာဝန်ယူအကုန် အကျခံရမှာဖြစ်ကြောင်း၊ လက်ရှိလက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ  တရုတ်လူ မျိုးဝန်ထမ်းဦးရေ ၁၅၀  ဝန်းကျင် ဝင်ရောက် လုပ်ကိုင်နေကြောင်း၊ ဆားလင်းကြီးဒေသ လက်ပံတောင်းတောင်မှာ ကြေးနီသတ္တုသိုက်တွေ့ရှိမှုကို အိန္ဒိယ ဘူမိဗေဒတိုင်း တာရေးအဖွဲ့က၁၉၃၄ခုနှစ်က(THEMINERAL RESOURSES  OF BURMA)စာအုပ်တွင် မှတ်တမ်းတင်ခဲ့ကြောင်း၊ ၁၉၅၅ ခုနှစ်မှ ၁၉၅၇ ခုနှစ်တွင် ယူဂိုဆလပ် ပညာရှင်များနှင့် မြန်မာဘူမိဗေဒပညာရှင်များ တွဲဖက်လေ့လာပြီး လက်ပံတောင်းတောင်တွင် စိန်လွန် တူးပြီး ဆက်လက်တိုင်းတာခဲ့ရာမှတွေ့ရှိတာဖြစ်တယ်လို့ပြောပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ဆန္ဒဖေါ်ထုတ်မှုနဲ့ပတ်သက်ပြီးအဆိုပါကြေးနီစီမံကိန်းမှ အ မည်မဖော်လိုသူ ၀န်ထမ်းတစ်ဦးက “အခုဖြစ်နေတဲ့ပြသနာတွေဟာ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် တောင်သူတွေဘက်က မှန်တယ်လို့ ပြောရမယ်။ တောင်သူတွေ အနေနဲ့ကလည်း ကိုယ့်ဘက်ကမှန်နေတဲ့ ဖြစ်ရပ်တစ်ခုကို အမှန်ဘက်ကနေပြီးတော့ ပညာရှိရှိ တွေးခေါ်ပြီး ရင်ဆိုင်သွားဖို့ လိုအပ်ပါတယ်။ ဒီစီမံကိန်းမှာ အဆောက်အအုံ ဆောက်လုပ်မှုအပိုင်းကိုပဲ တရုတ်ကုမ္ပဏီက အဓိကအနေနဲ့  တာဝန်ယူ ဆောက် လုပ်သွားမှာ ဖြစ်ပါတယ်။ လယ်ယာမြေသိမ်းခံရတဲ့ ဒေသခံတွေ ဆန္ဒဖော်ထုတ်မှု ဘာကြောင့်လုပ်နေရတယ်ဆိုတာကို တာဝန်ရှိသူတွေက သိပါတယ်။ ဘာ့ကြောင့် အဆင်မပြေသေးတာ လည်းဆိုတာကို ကျွန်တော်စဉ်းစားလို့မရဘူး” လို့ လက်ရှိဖြစ် ပေါ်နေတဲ့ ကိစ္စနဲ့ပတ်သတ်ပြီးသုံးသပ်ပြောဆိုသွားလို့သိရပါတယ်။   ရတနာပုံသတင်း

ဘကြီးသက်
Unknown at 3:17 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြိတ်မြို့မှာလေယာဉ်အင်ဂျင်ထဲငှက်တစ်ကောင် ၀င်သွားမှုကြောင့်ခရီးစဉ်များရွေ့ဆိုင်းခဲ့ရဟုဆို



သြဂုတ်လ ၂၃ ရက်နေ့မနက်ကကအဲကမ္ဘောဇလေကြောင်းလိုင်းမှ (ATR)လေယာဉ် အမျိုး အစားလေယာဉ် တစ်စင်း ဟာမြိတ်မြို့လေဆိပ်ကနေကော့သောင်း လေ ဆိပ် ကို ပျံသန်းထွက်ခွာရန် လေယာဉ်စက်နှိုးစဉ် အင်ဂျင်ထဲကို ဌက်တစ်ကောင်ဝင်သွား တာကြောင့် ခရီးစဉ်ရွေ့ကိုဆိုင်းခဲ့ရ တယ်လို့ပြောပါတယ်။   
အဆိုဖြစ်ပွားမှုဟာ''နံနက် ၉ နာရီလောက်မှာဖြစ်တာပါ။ ကော့သောင်းကိုအတက် လေယာဉ်အင်ဂျင်ထဲကို ဌက်တစ်ကောင်ဝင်သွားလို့ ပြန်လှည့်ခဲ့ရပါတယ်။ ခရီးသည် တွေရော လေယာဉ်ရော ဘာမှ ထိခိုက်မှု မရှိပါဘူး။ ဒီနေ့ပဲ ဌက်ဝင်သွားတဲ့ အင်ဂျင်ကို လဲလှယ်တပ်ဆင်ပြီးသွားပါပြီ ရန်ကုန်မြို့ကနေ အင်ဂျင်လာပို့တဲ့လေယာဉ်နဲ့ပြန်ပြေးဆွဲဖို့ စီစဉ်နေပါတယ်။ အင်ဂျင်လဲထားတဲ့လေယာဉ်ကိုတော့ စစ်ဆေးမှုတွေ သေချာ အောင်လုပ်ပြီးမှ ပြေးဆွဲမှာပါ''လို့ မြိတ်လေဆိပ်ကတာဝန်ရှိသူ တစ်ဦးကပြောပြ လို့သိရပါတယ်။    

ဘကြီးသက်
Unknown at 3:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြင်ပဈေးကွက်တွင် CDMA 800 MHz ဖုန်းလိုင်းကဒ် ဈေး ကျပ်(၃)သိန်းကျော်အထိမြင့်တက်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  ချထားမှုရပ်ဆိုင်းထားသော CDMA 800 MHz ဖုန်းလိုင်းကဒ်များမှာ အပြင်ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လျှက်ရှိပြီး ဈေးနှုန်းများမှာလည်း သိသိသာသာမြင့်တက်လာကြောင်း ဖုန်းအရောင်းဆိုင်များမှ သိရှိရသည်။

CDMA 800 MHz ဖုန်းလိုင်းကဒ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ် - နှစ်သိန်းဖြင့် ထပ်မံချထားပေးလျှက်ရှိပြီး လက်ရှိတွင် ဝယ်လိုအားမြင့်တက်လျှက်ရှိကာ ငွေကျပ်သုံးသိန်းကျော်အထိ ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။

''  CDMA 800 MHz  ဖုန်းတွေက လူကြိုက်များတယ်၊ အထိုင်ဖုန်းအနေနဲ့လည်း သုံးလို့ရတယ် ဖုန်းလိုင်းဆွဲအားကလည်း ကောင်းတယ်၊ တရားဝင် ဈေးနှုန်းကတော့ ငွေကျပ် နှစ်သိန်းခွဲဆိုပေမယ့် ဖုန်းလိုင်းက ရှားတဲ့အတွက် ဈေးကွက်ထဲမှာ နာမည်ပေါက်ဆိုရင်   ငွေကျပ်သုံးသိန်း ပေးရပြီး ဝယ်နေကြတယ်၊ နယ်တွေ မှာတော့ ငွေကျပ်သုံး သိန်းသုံးသောင်းလောက်အထိ   ပေးဝယ်ရတယ်လို့ ကြားရတယ် ''  ဟုမင်္ဂလာဈေးရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်ကြီးတစ်ဆိုင်မှ မသူဇာက ပြောသည်။

 အဆိုပါဖုန်းများမှာ ယခင်က အသုံးပြုမှု ၊ ဟန်းဆက်ရွေးချယ်မှု ခက်ခဲနည်းပါးသည့်အတွက် လူငယ်များကြိုက်နှစ်သက် မှုနည်းပါးခဲ့သော်လည်းအင်တာနက်အသုံးပြုမှု ကောင်းမွန်ခြင်း ၊ နည်းပညာမြင့် ဟန်းဆက်အသစ်များ   ဈေးကွက်အတွင်း   ပေါများလာခြင်းအပြင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသများများတွင် အသုံးပြုနိုင်ခြင်များကြောင့် လူကြိုက်များလာပြီး ရောင်းအားတက်လာခြင်းဖြစ်ကြောင်း သုံးစွဲသူများထံက သိရှိရသည်။

 အခုလို  800 MHz တွေ ပြန်ပြီးနားထားတော့ အပြင်ပေါက်ဈေးတွေ တက်သွားတာလည်း ဖြစ်နိုင်ပါတယ်''ဟု   မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကျပ်နှစ်သိန်းတန်  CDMA 800 MHz  ဖုန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဇူလိုင်လဆန်းပိုင်းတွင် စတင်ရောင်းချပေးခဲ့ပြီး တစ်လခန့်အကြာတွင်ပြန်လည်ရပ်နားထားခဲ့ခြင်း ဖြစ်ကြောင်းနှင့်ပြန်လည်ချထားပေးရန်အစီအစဉ်ရှိကြောင်းကိုလည်း သိရှိရသည်။

'' CDMA 800 MHz  ဖုန်းတွေကို ပြန်ချထားဖို့ရှိပါတယ် လူသုံးများတာကတော့ သူကနယ်မှာဆိုလဲ ကောင်းကောင်း အသုံးပြုလိုရတယ်၊ အင်တာနက်ဆိုလည်း လိုင်းကောင်းကောင်း အသုံးပြုနိုင်တယ်၊ဒါကြောင်အပြင်မှာ ရောင်းအားကောင်းနေတာပါ'' ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

ဝ၉-၇၃ဝ နှင့်စသော800 MHz  ဖုန်းများကို ၂ဝ၁ဝ ပြည့်နှင့်မှ စတင်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက  ကျပ်ငါးသိန်းဖြင့်ငှားရမ်းသုံးစွဲခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၄င်းအချိန်က ပြင်ပဈေးကွက်၌ ကျပ်ခုနှစ်သိန်းအထိ မြင့်တက်ခဲ့ဖူးသည်။

ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup
ဘကြီးသက်
Unknown at 2:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တက်ခွေး

တက်ခွေး
(ညိုမြအားအကြောင်းပြု၍ ရေးသည်)

တက်ခေတ်တွင် တက်လူ တက်ဘုန်းကြီးဟူ၍သာ ရှိကြသည် မဟုတ်။ ခွေးတို့သည်ပင်လျှင် တက်ခွေးဖြစ်ချေ သည် တမုံ့။ အကြောင်းမူကား ဃရာဝါသ၊ ကိစ္စမျာမြောင်၊ ခွေးတို့ဘောင်ဝယ် လူ့စရိုက် လူ့အကျင့်ကို တက်လှမ်းလင့် ကုန်သော ခွေးသူတော်ကောင်းအပေါင်းတို့သည်ပင်လျှင် ၀ါဝင်ကိုရှောင်ကာ တပို့တွဲလတွင် ရက်ရွေးကြလေသည်။
ဤမျှ တက်စိတ်ဝင်စားသော ခေတ်တွင် အောင်နက်သည် လွတ်လပ်ရေးကို ၎င်း၏အူသံဖြင့် သုနက္ခတိုင်းပြည် ကြီးကို တုန်လှုပ်ချောက်ချားစေသည်။
အောင်နက်၏ သက္ကရာဇ် တွက်စစ်ကြည့်သော် မနှစ်က တော်သလင်းတွင် လူပျိုဘော်ဝင်ခဲ့သည်။ သို့သော် အရာမရောက်သေးသဖြင့် သူတစ်ပါးတို့ အိမ်ထောင်သားမွေးသည်ကို ရွယ်တူတမ်းတူ ခွေးပျိုကာလသားတို့အပေါ်တွင် ခွေးကာလသားခေါင်း ပြုလုပ်ခါ လမ်းဆုံးလမ်းမတွင် အူ၍ ခဲဘိုးတောင်းခဲ့သည်။ ယခုနှစ်အချိန်အရွယ်ရောက်လာငြား လည်း ခွေးသာနု စိတ်ဝင်စားလာရကား ဓမ္မတာဖြစ်သော ရာဂစိတ်တို့ကို ခွေးသာနုစိတ်ဖြင့် ချိုးနှိမ်ဖိစီးထားလိုက်လေ သည်။ အောင်နက်၏စိတ်တွင် ခွေးတို့အဖို့ ခွေးတို့၏ လွတ်လပ်ရေးသည် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ ဧကုနာဝီသတိ။
ထိုအဖိုးတန်သောစိတ်ကို မွေးမြူရင်း သုနက္ခပြည်တွင် ခွေးတို့၏ ချို့တဲ့ရသော အကြောင်းရင်းကို စူးစမ်းရှာဖွေ သည်။ ခွေးအပေါင်းတို့ ခွေးဆင်းရဲ၍ နေချေပြီတကား။ ရှေးအခါက အလှူအိမ်၊ မသာအိမ်တို့တွင် ခွေးတစီစီဖြင့် စီကားခဲ့ သည်။ ယခုမူကား ခွေးများ ထိုကဲ့သို့ ရွှင်ပျစွာ မအူနိုင်ကြပြီ။ ခွေးဝင်စားနှင့် ခွေးဝဲစား ခွေးဦးရေတို့သည် 1937-ခု၊ မွန်းတည့် စာရင်းအရ လွန်ခဲ့သော ဆယ်နှစ်ကထက် ဆယ်ဆမျှ တိုး၍လာသည်။ မြို့စွန်မြို့ဖျားသို့ရောက်သော ခွေးများ ပေါချေပြီ။ အကြောင်းအသို့နည်း။
ရှေးက လူတစ်အိမ်ထောင်လျှင် ခွေးနှစ်အိမ်ထောင် ချောင်ချိစွာနေနိုင်သည်။ ယခု လူတို့အိမ်တွင် ခွေးနေရာ အစား မျောက် ရောက်နေပြီ၊ ကြောင်မင်းမူနေပြီ။ ကြက်တူရွေးချယ်လှယ်ပြီး၊ ခေတ်ဆန်သော လူတို့တွင် ကျား၊ ၀က်၊ ခြင်္သေ့၊ မြွေ စသည်တို့ကိုပင် အလှမွေးမြူကြလေပြီ။
ဤသည်ကား အဘယ့်ကြောင့်နည်း။ ခွေးခြင်း မညီညွတ်မှုကြောင့် တုံလော။ ခွေးသာနုတရား လျော့ပါး ၍ မဟုတ်လော။ ရှေးက အလှူအိမ် ခွေးစုစားရသော “ဘုံဝါဒ“ ပျောက်၍ “ငါတကော” ၀ါဒ ရောက်နေခြင်းကြောင့် မဟုတ်ပါလော။
ရှေးကခွေးများ သစ္စာရှိသည်။ ယခုကာလ ခွေးများ သစ္စာမဲ့သည်။ ရှေးကခွေးများသည် မိမိသခင်သေသည်၏ အခြားမဲ့တွင်ပင်လျှင် ၎င်း၏မြေပုံပေါ်တွင် ထိုင်၍အူခဲ့သည်။ ယခုကာလ ခွေးတို့သည် သခင်သေ၍ မြေမြှုတ်ပြီးသည်နှင့် တစ်ပြိုင်နက် အလောင်းကောင်ကို ဖော်၍ စားကြသည်။
ရှေးက ခွေးများသည် သခင့်ဥစ္စာကို စောင့်ရှောက်သောအားဖြင့် တစ်စိမ်းတစ်ရံ ဆန်လာလျှင် အူတော် ဟောင် တော်ရကြသည်။ ယခုခေတ်ခွေးများသည် သခင်လစ်လျှင် မီးဖိုချောင်ထဲဝင်၍ ထမင်းကြမ်းအိုးထဲသို့ နှုတ်သီးစွပ်သည်။
ရှေးကခွေးများ အကြောင်းရှိ၍ တစ်ကောင်ကအူလိုက်လျှင် တစ်ရွာလုံး အူကြသည်။ ယခုခေတ် တစ်ကောင်က အူလျှင် အခြားတစ်ကောင်က ခေတ်မဆန်ဟု ဆိုသည်။ ခေတ်ဆန်သူက အူပြန်လျှင်လည်း “၀ူး ---” မအူဘဲ အင်္ဂလိပ်လို “ဘောင်း --- ဝေါင်း” ဟု အူကြသည်။
ခွေးလောကကြီးသည် မတရားလွန်း မတရားဖြစ်၍ နေချေပြီ။
အသို့နည်း အချင်းခွေးတို့ ညီညွတ်ကြကုန်လော့၊ ခေတ်နှင့် ရင်ပေါင်တန်းကြကုန်လော့၊ ခွေးသာနုတရား ပွားများ ကြကုန်လော့။ ယခုခေတ်ဆိုးထဲတွင် ခွေးတို့၏ လွတ်လပ်မှုသည် တားဆီးပိတ်ပင်ခြင်း ခံနေရသည်။ အူချင်တိုင်း မအူနိုင်၊ သွားချင်တိုင်း မသွားရ၊ စားချင်တိုင်း မစားဝံ့၊ မင်္ဂလာဆောင်ချင်တိုင်း မဆောင်ရ၊ စည်းလုံးကြကုန်၊ ညီညွတ်ကြကုန်၊ ညီညွတ်မှုဖြင့် လွတ်လပ်ရေးကို ဆောင်ရွက်ကြကုန်အံ့။
ယင်းသို့လျှင် အောင်နက်သည် နားရွက်ကိုစွင့်၍၊ သွားကိုဖြီး၍၊ လျှာကိုထုပ်၍၊ သားရေယို၍၊ အမြီးကိုကောက်၍၊ ဒေါမာန်ပါပါနှင့် ဂျွန်နီဝါကားထည့်သော ထင်းရှူးဘုံးစင်မြင့်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ တက်ခွေးပျို ပရိသတ်ပေါင်း 50-ကျော် (သတင်းစာအလိုအားဖြင့် တစ်စောင်က 5 ကောင်ကျော် တစ်စောင်က 5 ထောင်ကျော်) ခန့်ရှေ့တွင် ခွိနြေ္ဒ သမ္မတ္တိဖြင့် ခွေးဝံသာနုတရားကို တစ်ခုသော နံနက်ခင်းတွင် ဖြန့်ချိ၍နေလေ၏။
အောင်နက်၏တရားအဆုံး၌ ခွေးတို့သည် ကောင်းကြီးမင်္ဂလာ “အူ” ဘာပေးကြလေသည်။
ဤသို့ အူကြစဉ် နှုတ်သီးမည်းမည်း ခွေးဝဲစားတစ်ကောင်သည် တက်ခွေး အစည်းအဝေးပွဲအနားသို့ သိုးကာ သီကာ ဖြတ်သွားရာ တက်ခွေးတစ်စုက “ခွေးသား စုံထောက်တွေ တစ်ဆိတ်ရှိ ခွေးဇသတ်ပုဒ်မ 124 ကို အားကိုးပြီး အစိုးရနှင့် ရန်တိုက်ပေးနေတာပဲ။ မောင်းလိုက်ကြဟေ့၊ ငါတို့ အလိုမရှိဘူး” ဟု ဟောင်ကြလေသည်။ တချို့ကလည်း ထက်သောအစွယ်ကို ဖြဲ၍ပြကြသည။် ဤသည်ကို မြင်သော ခွေးစုံထောက်၏နောက်လိုက်ခွေးပုလိပ်တစ်ကောင်က လက်နက်ဥပဒေနှင့် အရေးယူမည်ဟု ဟိန်းလိုက်သေးသည်။ သို့သော် ထိထိရောက်ရောက် အရေးမယူသဖြင့် အစည်း အဝေးပွဲသည် ထမြောက်အောင်မြင်လေသည်။
တက်ခွေး အစည်းအဝေးကို ခွေးကော်မတီဖွဲ့၍ ခွေးလုပ်ငန်းနှင့် ခွေးဝါဒတို့ကို ဆွေးနွေးကြခြင်းဖြင့် အဆုံးသတ် သည်။
ထိုလုပ်ငန်းအစီအစဉ်တွင် တက်ခွေးတို့သည် သုံးဌာနကို လူတိုထံမှ တောင်းဆိုရန် ဆုံးဖြတ်ကြသည်။ ထိုသုံး ဌာနကို လူတို့ထံမှ တောင်းဆိုရန် ဆုံးဖြတ်ကြသည်။ ထိုသုံးဌာနတို့သည်ကား အလှူအိမ်၊ မီးဖိုချောင်၊ ယိုအိမ်သာတို့ ဖြစ် လေသည်။ တက်ခွေးတို့ အလိုအားဖြင့် အလှူအတန်းတွင် လူတို့သည် ဖိတ်ထားသော လူဦးရေအလိုက် ကျွေးမွေးသော စနစ်ဖြင့် ခွေးစားမကျန်အောင် ပိတ်ပင်တားဆီးမှု၊ ရှေးက မီးဖိုချောင်သည် ခွေးတို့၏နေရာဖြစ်သော်လည်း ယခုအခါ အိမ် ရှင်မက အုပ်စီးမှု အိမ်သာသည် ခွေးတို့၏ ဘိုးဘပိုင် ပစ္စည်းဖြစ်လျက်နှင့် ယခုအခါ မြူနီစီပယ်က အုပ်ချုပ်မှု၊ ထိုသုံးမှု သုံး ဌာနတို့ကို လူတို့၏လက်မှ ပြန်လည်ရအောင် တောင်းဆိုရန်ဖြစ်သည်။ များစွာသော တက်ခွေးတို့၏စိတ်၌ နောက်ဆုံး အချက်ဖြစ်သော အိမ်သာကို မြူနီစီပယ်က အုပ်ချုပ်မှုသည် ဒိုင်အာကီ စနစ်ထက် ဆိုးဝါးသည်ဟု အယူရှိကြကုန်သည်။
အဆိုပါ တောင်းဆိုချက်တို့ မရမခြင်း လူတို့၏အိမ်ကို စောင့်ရသောအရေး၌ သပိတ်မှောက်ခြင်း၊ အလုပ်ရပ်စဲ ခြင်း၊ ဆူပူထကြွ သောင်းကြမ်းရန်ကိုလည်း တက်ခွေး အစည်းအဝေးက လေးနက်စွာ ဆုံးဖြတ်လေသည်။
နေမင်းသည် ပြူ၍လာလေပြီ။ အောင်နက်သည်လည်း တက်ခွေးအဖော်များနှင့်အတူ သုနက္ခအလံကိုလွှင့်ကာ ခွေးပါးစပ်ဘင်ဆိုင်းတီး၍ ခွေးတပ်ကြီးချီ၍ လာလေသည်။ ခေါင်ေးဆာင်အောင်နက်၏ရှေ့တွင် တက်ခွေးပျိုမသူနာပြု တပ်သည် “ခွေးတို့လွတ်လပ်ရေး“ “သုံးဌာန တောင်းဆိုချက်“ “အမဲရိုးထက် အမဲသားက အရသာရှိသည်” ဟူသော စာတမ်းများကို ကိုင်ဆောင်ကာ စီတန်းလှည့်လည်လာသည်။
ဗိုလ်ခွေး၊ သင်္ဘောခွေး၊ အိမ်ခွေး၊ ခွေးပျိုနာမိနေ၍ မလိုက်နိုင်သော ခွေးတို့သည် မိမိတို့၏ တည်နေရာမှနေ၍ ရှုံ့ချကဲ့ရဲ့သောအားဖြင့် ဟောင်ကြ ဟိန်းကြသည်။
ဤသို့ ခွေးအပေါင်းတို့ တပ်ချီလာလတ်သော် များမကြာမီ အငြိမ်းစား ရိက္ခာတော်ရ အရာရှိတစ်ဦးဖြစ်သူ ဦးသာဝ၏ အိမ်ရှေ့သို့ ရောက်လေ၏။
ရောက်လျှင်ရောက်ခြင်း အောင်နက်သည် တက်ခွေးအပေါင်းတို့အား ဟောင်စေသည်။ မိမိကိုယ်တိုင်ကလည်း ဓာနရှင်ဝါဒကို အလိုမရှိဟုဆို၍ အူလေသည်။
အိမ်ရှင်ဦးသာဝသည် ၀ါးရင်းတုတ်ကို ကိုင်၍ ထွက်လာ၏။ အောင်နက်ရှေ့က သူနာပြုတပ်သည် ၀ါးရင်းတုတ် ကို မြင်သော တုန်လှုပ်ခြောက်ခြားသွားသဖြင့် အဝေးသို့ရှားကြလေ၏။ အောင်နက်သည် ခွေးတို့၏အလယ်တွင် ခွေးထိုင် ထိုင်၍ သုံးဌာနကို တောင်းဆို၏။ ဦးသာဝမှာ ခွေးအူသံကိုနားမလည်။ ခွေးရူးထသည်ထင်၍ “ဟဲ့ခွေးတွေ”ဟု မောင်း၏။ အောင်နက်သည် ရှေ့သို့ တစ်လှမ်းတိုး၍ ဦးသာဝ၏ပုဆိုးစကို မထိတထိဟပ်၏။ ဦးသာဝသည် ၀ါးရင်းတုတ်ကို ခပ်သာ သာ အသုံးပြုလိုက်ရာ အောင်နက်၏နှုတ်သီးကိုထိ၏။
ထိုအခါတွင်မှ ခွေးအာဇာနည် အောင်နက်သည် ခွေးသာနုမာန်ဖီကာ နောက်လိုက်နောက်ပါ တက်ခွေးတို့ကို ညာသံပေး၍ ဟောင်လေ၏။
“ခွေးပြည်သည် ခွေးအဖို့”
“အမဲရိုးသည် တို့အစာ”
“ဟောင်ခြင်းသည် တို့စကား”
ဟူ၍ အောင်နက်သည် သုံးကြိမ်တိတိ အူပြီးသော် ဦးသာဝ၏လည်မြိုကို ဟပ်လေ၏။
နောက်လိုက်နောက်ပါ တက်ခွေးတို့သည် အောင်နက်ကို ဦးသာဝနှင့် ရှူးတိုက်ခဲ့ပြီးလျှင် အိမ်အပေါ်ထပ်၊ အောက်ထပ်၊ မီးဖိုချောင်၊ အိမ်သာ စသည်တို့ကို အနှံ့အပြား ၀င်ပြီးသော် အမဲခြောက်၊ ဘဲကင်၊ နံပြား၊ ငါးပိ၊ ထောပ်၊ ဒိန်ခဲ၊ ကြက်ဥ၊၊ ပလိန်းကိတ်၊ ငါးပုတ်ပြား၊ ၀က်ပေါင်ခြောက်၊ မစင်၊ ဆိတ်သားနှပ် စသော ခွေးသုဒ္ဒါတို့ကို ပြေး၍ ဟပ်ကြ လေကုန်၏။
အောင်နက်မှာမူ သုနက္ခပြည်အတွက် အသက်ကို ပမာမထားဘဲ အရိုးကြေကြေ အရေခမ်းခမ်းဟူသောသဘော ဖြင့် လည်မြိုကို ဟပ်သော်လည်း ဦးသာဝ၏လက်ကောက်ဝတ်ကိုသာ မိသောကြောင့် မလွှတ်တမ်း ခဲထားသည်တွင် ဦးသာဝတသည် ၀ါးရင်းတုတ်ဖြင့် အုပ်ဆက်ကိုနှက်လိုက်လေသည်။
အောင်နက်၏နားရွက် စုတ်ထွက်သွားပြီးလဆင် သွေးများ ယိုစီး၍ လာလေသည်။ အောင်နက်၏စိတ်၌ ထိုသွေး တို့သည် သုနက္ခပြည်အတွက် ထွက်ရသောသွေးများ ဖြစ်ချေသည်ဟု အယူရှိကာ သဲမည်းသောဇာတိမာန်ဖြင့် ဦးသာဝ အား နောက်ထပ် တင်ပါးဆုံကို ခဲပြန်လေ၏။ ဦးသာဝလည်း လက်နှစ်ဖက်နှင့် တအားလွှဲ၍ ခါးဆစ်ကို ၀ါးရင်းတုတ်ဖြင့် ရိုက်လေ၏။ အောင်နက်လည်း သုနက္ခတိုင်းပြည် လွတ်လပ်ရေးအတွက် ကိန်ဟုမြည်ကာ မထနိုင်ရှိလေ၏။ ဤသည် တွင်မှ ဦးသာဝသည် အိမ်ပေါ်သို့ လွှားခနဲ ပြန်တက်သွား၏။ သို့ရာတွင် တော်တော်နှင့်ဆင်းမလာနိုင်။ အိမ်ပေါ်ရှိ တက်ခွေးတို့၏ရန်ကို တော်လှန်နေရသည့် လက္ခဏာရှိသည်။ ဤအတောအတွင်း အောင်နက်လည်း ခြံစည်းရိုးလုပ်ထား သော ပုဏ်ဏရိပ်ပန်းပင်များအောက်တွင် ပုန်း၍နေလေသည်။
ဦးသာဝအိမ်ပေါ်တက်၍ များမကြာမီ တက်ခွေးတစ်စုတို့လည်း တစ်ကောင်ပြီးတစ်ကောင် ဖရိုဖရဲနှင့် ဆင်းပြေး ကြသည်။ ပထမခွေးသည် အောင်နက်ကို ခလုတ်တိုက်မိသည်။ အောင်နက်၏ ပယောဂကြောင့် ထွက်ပြေးရာတွင် နှောင့်နှေးရသဖြင့် အောင်နက်၏ဂုတ်ကို နှစ်ခါလောက် ဟပ်၍ ရမ်းလိုက်သည်။ အောင်နက်မှာ ခါးကြောမျက်၍ ဘာမျှ မတတ်နိုင်။ ဒုတိယခွေးသည် ပြေးရင်းလွှားရင်း အမဲရိုးပါးစပ်မှ လွတ်ကျသည်။ အောင်နက်က သူ့ဖို့ယူဆောင်လာသည် ထင်၍ အသာဟပ်လိုက်ရာ အမဲရိုးရှင် တက်ခွေးသည် အောင်နက်၏နားရွက်ကောင်းကို ဇက်ဇက်မြည်အောင် ကိုက်၍ ခါ လိုက်သည်။ အမဲရိုးလွတ်ကျကာမှ ကောက်ယူထွက်ပြေးသည။် တတိယတက်ခွေးသည် ဒိန်ခဲကိုချီ၍ အောင်နက်ကို နင်းပြီးလဆင် သုတ်ချေတင်သည်။ စတုတ္ထခွေးသည် အောင်နက်ကြောင့် ၀ါးရင်းတုတ်ဖြင့် အရိုက်ခံသည်ဟုဆို၍ အောင်နက်၏ခါးကို ကိုက်၍ ချာချာလည်အောင် ခါသည်။ ပဉ္စမ၊ ဆဋ္ဌမအစရှိသော တက်ခွေးတစ်စုတို့ကား အောင်နက် အား စိတ်နာသောအားဖြင့် ဟောင်ကြ ဟိန်းကြသည်။ အောင်နက်သည် ၎င်းတို့ရန်ကို မတွန်းလှန်နိုင်သဖြင့် ခါးကို တရွတ်ဆွဲကာ လွတ်ရာကျွတ်ရာ မန်ကျည်းပင် တစ်ပင်အောက်တွင် ၀တ်နေရသည်။
ခွေးသံများ တိတ်လတ်သော် အောင်နက်သည် ဒဏ်ရာ၏ဝေဒနာကို ခံစားရင်း ခွေးလောကကို ကမ္မဋ္ဌာန်းစီးဖြန်း ၍ နေလေသည်။ ဟာ၍နေသောဝမ်းသည် တကျုတ်ကျုတ်မြည်၍ နေသည်။ ဤနည်းဖြင့် တစ်နေကုန်လွန်ရလေသည်။
နောက်တစ်နေ့နံနက်လင်းသော် ဦးသာဝသည် ပန်းပင်ရေလောင်းရင်း ပုဏ်ဏရိပ်ခြံစည်းရိုးအနား မန်ကျည်းပင် အောက်တွင် လဲနေသော အောင်နက်ကို တွေ့ရလေသည်။ အောင်နက်သည် စစ်ပြေငြိမ်းသော အထိမ်းအမှတ်ကိုပြကာ နှာခေါင်းရှုံ့ချီပွချီနှင့် အမြီးနန့်ရင်း မျက်နှာချိုသွေးလိုက်သည်။ ဦးသာဝသည် သနားလာသည်နှင့် ချမ်းသာပေးလိုက် သည်။
ထိုနေ့မှစ၍ အောင်နက်သည် ဦးသာဝ၏ ခွေရုံတစ်ကောင် ဖြစ်လာလေသည်။ အောင်နက်၏သတ္တိကို လေးစား သော ဦးသာဝသည် ၎င်း၏လက်ရှိ အပျိုဘော်ဝင်စ “လူစီ” ခေါ် အင်္ဂလိပ်သင်္ဘောခွေးကပြားမကလေးနှင့်အတူ ထမင်း ခွက်ဆုံ စားစေသည်။
လူစီသည် ကလက်တက်တက် ပျက်တက်တက်နှင့် အောင်နက်၏ရှေ့တွင် နန့်ကြောဆွဲ၍ ပြလေသည်။
ဤသို့ နှစ်ခါလောက်ပြလိုက်ရသည်ရှိသော် အောင်နက်သည် ခွေးစိတ်တွေဝင်၍ လာလေသည်။
တစ်နံနက်ခင်းတွင် ဦးသာဝသည် အိမ်အပေါ်ထပ် ပြတင်းဝေမှ မျက်နှာသစ်ရင်း အောင်နက်နှင့်လူစီတို့ အကြောင်းဆက်၍နေကြသည်ကို တွေ့မြင်ရလေသော် “ရိုင်းလိုက်လေကွာ၊ တပို့တွဲလကြီးမှာ” ဟု ဆိုမြည်မိသော်လည်း စကားကို အဆုံးမသတ်နိုင်ဘဲ သားရင်း သမီးရင်း ဖြစ်လာပြန်သောကြောင့် မျက်နှာလွှဲလိုက်ရသည်။
မောင်ထင်
မှတ်ချက်။ ။ မောင်ထင်တည်းဟူသော မြို့အုပ်သည် ကျွန်ုပ်တို့ ၀ံသာနုများအား ဤသို့ ပုတ်ခတ်ဆဲရေးခြင်း တည်းဟူသော မကောင်းမှုကြောင့် ရာထူးတိုးတက်လျက် ဆုကြီး၊ လာဘ်ကြီး၊ တံဆိပ်ကြီး၊ ဘွဲ့ကြီးများ ရကြပါစေသတည်း။
ညိုမြ
Kyaw Swa Shwe facebook မှကူးယူဖော်ပြပါသည်။

ဘကြီးသက်
Unknown at 1:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆိတ်ခေါင်းကိုချိတ်၍ ခွေးသားရောင်းမည့် ပုံနှိပ်မီဒီယာဥပဒေ နှင့် အမြုတေစာနယ်ဇင်းကောင်စီ

 

ဆိတ်ခေါင်းကိုချိတ်၍ ခွေးသားရောင်းမည့် ပုံနှိပ်မီဒီယာဥပဒေ နှင့် အမြုတေစာနယ်ဇင်းကောင်စီ
သန်းဝင်းလှိုင်၊ သြဂုတ် ၂၄၊ ၂၀၁၂
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော အရပ်သားအရေခြုံ အစိုးရသစ်မှ နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့် ၂၀၁၂ ဇွန်လ ၁၉ ရက်နေ့တွင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နှင့်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရှိ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများအား နိုင်ငံတော်အခြေပြ မိန့်ခွန်းတစ်ရပ်အပါအဝင် အမှာစကား နှင့် မိန့်ခွန်း (၁၇)ကြိမ်ခန့် ပြောကြားရာ၌ မဏ္ဍိုင်ကြီးသုံးရပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဥပဒေပြု၊ စီမံခန့်ခွဲအုပ်ချုပ် စီရင်ဆုံးဖြတ်ခြင်း ရှိမရှိ၊ အဂတိတရားလိုက်စားမှု ရှိမရှိ၊ အကျင့်ပျက်ခြစားမှု ရှိမရှိ နိုင်ငံတော် နှင့် နိုင်ငံသားများအကျိုးအလို့ငှာ စောင့်ကြည့်တည့်မတ်ပေးရမည့် စတုတ္ထမဏ္ဍိုင်က ဥပဒေနှင့်အညီ လွတ်လပ် စွာ တာဝန်ထမ်းဆောင်နိုင်မှသာ သွားလိုသောပန်းတိုင်သို့ ဖြောင့်ဖြူးစွာ ရောက်ရှိနိုင်မည့်အပြင် ပြည်သူလူထု တရပ်လုံးက ယုံကြည်အားကိုးအပ်သော မဏ္ဍိုင်သုံးခုအဖြစ်သို့လည်း ရောက်ရှိနိုင်မည်ဟု ပြောကြားသွားခဲ့ သည်။
            သို့သော် စတုတ္ထမဏ္ဍိုင်နှင့်ပတ်သက်၍ အလေးပေးပြောကြားနေသော်လည်း တစ်နှစ်ကျော် သာရှိသေးသော အစိုးရသစ်သက်တမ်းအတွင်း ပြည်တွင်းမီဒီယာများကို ဝန်ကြီးဌာနအချို့နှင့် အစိုးရအဖွဲ့များက ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲမှုများ ပြုလုပ်လျက်ရှိပေသည်။
            ထို့ပြင် အစိုးရသစ်က ၂၀၁၂ သြဂုတ် ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတဆင့် စာနယ်ဇင်းသမားများကို အမိန့်ကြော်ငြာစာ (အမှတ် ၆၁/၂၀၁၂) ဖြင့် မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ပြည်သူလူထု၏ ဆန့်ကျင်ကန့်ကွက် ဝေဖန်သံများ ပွက်ပွက်ညံအသံများ ပေါ်ထွက်လာခဲ့သည်။
အစိုးရ၏ ကြေညာချက် အပြည့်အစုံမှာ -
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ အပုဒ်ခွဲ(က)အရ နိုင်ငံတော်သည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်း ထားသည့် ဥပဒေနှင့် မဆန့်ကျင်လျှင် မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖေါ်ပြော ဆိုခွင့်၊ ရေးသားဖြန့်ချိခွင့် ရမည်ဆိုသည့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်ဆိုင်ရာပြဋ္ဌာန်းချက်ကို ခံ စားနိုင်ရန် ပြည်ထောင်စုလွှတ်တော်မှ ပုံနှိပ်မီဒီယာ ဥပဒေသစ်အား မပြဋ္ဌာန်းနိုင်မီအတောအတွင်း စာနယ်ဇင်း သမားများကို အာကာအကွယ်ပေးနိုင်ရန် အတွက်လည်းကောင်း၊ စာနယ်ဇင်းကျင့်ဝတ်များ ပြုစုရေးဆွဲရန် အ တွက်လည်းကောင်း၊ အကြီးသော စာနယ်ဇင်းဆိုင်ရာ ဝိရောဓိပြဿနာများ ပေါ်ပေါက်လာပါက စည်းမျဉ်းစည်း ကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ကိုင်တွယ်ဖြေရှင်းပေးနိုင်ရန် အတွက်လည်းကောင်း ရည်ရွယ်၍ အောက်ပါ ပုဂ္ဂိုလ်များအပါအဝင် မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီကို ဖွဲ့စည်းလိုက်သည်။
မြန်မာနိုင်ငံ အမြုတေစာနုယ်ဇင်းကောင်စီ
(က) ဦးခင်မောင်အေး၊ တရားရုံးချုပ် တရားသူကြီး(ငြိမ်း) – ဥက္ကဋ္ဌ
(ခ) ဒေါက်တာအောင်ထွန်းသက်၊ ကျောင်းအုပ်ကြီး (ငြိမ်း) – ဒုဥက္ကဋ္ဌ(၁) (United Nations System College)
(ဂ) ဒေါက်တာခင်အေး (မောင်ခင်မောင် – ဓနုဖြူ) – ဒုဥက္ကဋ္ဌ(၂) မြန်မာစာ ပါမောက္ခ(ငြိမ်း)
(ဃ) ဒေါက်တာမျိုးသန့်တင် (စာပေ ပညာရှင်) – အဖွဲ့ဝင်
(င) ဒေါက်တာတင်လှိုင် (ဘိုးလှိုင်) စာပေ ပညာရှင် – အဖွဲ့ဝင်
(စ) ဦးခင်မောင်လေး (ဖိုးသောကြာ) – အဖွဲ့ဝင်
(ဆ) ဦးစိုးသိမ်း (မောင်ဝံသ) – အဖွဲ့ဝင်
(ဇ) ဦးသီဟစော (သီဟစော) – အဖွဲ့ဝင်
(ဈ) ဦးအောင်လှထွန်း (ရိုက်တာသတင်းဌာန) – အဖွဲ့ဝင်
(ည) ဦးတင်လှိုင် (လယ်တွင်းသားစောချစ်) – အဖွဲ့ဝင်
(ဋ) ဦးခင်မောင်ထွန်း (ခင်မောင်ထွန်း၊ လမ်းမတော်) – အဖွဲ့ဝင်
(ဌ) ဦးအုန်းမောင် (မြင်းမူမောင်နိုင်မျိုး) – အဖွဲ့ဝင်
(ဍ) ဒေါ်ချိုချိုတင် (မစန္ဒာ) – အဖွဲ့ဝင်
(ဎ) ဒေါက်တာတင်ထွန်းဦး – အဖွဲ့ဝင်
(ဏ) ဒေါက်တာသာထွန်းဦး (တူဒေးမီဒီယာ) – အဖွဲ့ဝင်
(တ) ဦးမြင့်မောင် – အဖွဲ့ဝင်
(ထ) ဦးမောင်မောင်မြင့်အေး – အဖွဲ့ဝင်
(ဒ) ဦးကိုကို (ကိုကို – စက်မှုတက္ကသိုလ်) – အတွင်းရေးမှူး
(ဓ) ဦးမောင်မောင်ဦး (ဟိန်းလတ်) – တွဲဖက်အတွင်းရေးမှူး(၁)
(န) ဒေါက်တာကျော်ဇောနိုင် (မူပိုင်ခွင့်ဆိုင်ရာ ဥပဒေပညာရှင်) – တွဲဖက်အတွင်းရေးမှူး(၂)
            အမြုတေစာနယ်ဇင်းကောင်စီနှင့် ပတ်သက်၍ ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်း တင်က -
            “၁၉၆၉ မှာ လုပ်ခဲ့တဲ့ စာနယ်ဇင်းကောင်စီ ဖွဲ့တဲ့အချိန်တုန်းက စစ်အစိုးရ အဲဒီအချိန်တုန်းက တော်လှန်ရေးအစိုးရလို့ခေါ်တဲ့ စစ်အစိုးရက စာနယ်ဇင်းကောင်စီ ဖွဲ့တဲ့အခါမှာ သတင်းစာသမားတွေ၊ စာနယ်ဇင်းသမားတွေရဲ့ ဆန္ဒနဲ့အညီ ဖွဲ့နိုင်သေးရင် အခုဒီမိုကရေစီလို့ အမည်ခံတဲ့ ဒီစစ်တစ်ပိုင်းအစိုးရ ကနေပြီးတော့ ဘာဖြစ်လို့ လူတွေရဲ့ဆန္ဒ၊ စာနယ်ဇင်းလောကကလူတွေ ဦးဆောင်ဦးရွက်ပြီး ဖွဲ့တာမ ဟုတ်ဘဲနဲ့ ဘယ်သူမှမသိတဲ့၊ စာနယ်ဇင်းနဲ့လည်း ဘယ်လိုမှ ပတ်သက်နိုင်စရာအကြောင်းမရှိတဲ့လူတွေ ဘာလို့ထည့်ဖွဲ့တယ်ဆိုတာ ကျနော်နားမလည်ဘူး။ သတင်းစာလောကမှာ လုပ်ခဲ့ဖူးတဲ့လူတစ်ယောက် အနေနဲ့ ပြောရရင်တော့ သတင်းစာလောကရဲ့ အနေအထား၊ အခုသွားနေတဲ့ သုံသဏ္ဌာန်အရတော့ သတင်းစာသမားတွေကို ချုပ်ကိုင်ဖို့ ဒုတိယစာပေစီစစ်ရေးပေါ့ဗျာ။ စာပေကို စီစစ်ရုံတင်မကတော့ဘဲနဲ့ စာပေကို ထိန်းချုပ်ဖို့၊ စာနယ်ဇင်းတွေကို စီစစ်ဖို့မကတော့ဘဲ ထိန်းချုပ်ဖို့ နောက်တခါ စာနယ်ဇင်းသ မားတွေကို ထိန်းချုပ်ဖို့ လုပ်တဲ့ရည်ရွယ်ချက်တွေ ဖြစ်နေတယ်လို့ ကျနော်ကတော့ မြင်တယ်။ အဲဒီလို အဖွဲ့အစည်းမျိုးကို စောစောစီးစီးကနေပြီးတော့ ကန့်ကွက်သင့်တယ်။ စောစောစီးစီးကတည်းက စော ဒကတက်သင့်တယ်လို့ ကျနော် အဲဒီလိုပဲ မြင်တယ်” ဟူ၍ ပြောကြားခဲ့သည်။
            ထိုနည်းတူစွာ ကြေးမုံသတင်းစာ ဆရာကြီးကိုကိုကြီးကလည်း -
            “ကျနော်ကတော့ ဒီအဖွဲ့ကို လုံးဝ(လုံးဝ) သဘောမတူဘူးဗျာ။ တကယ်ဆိုရင် အသက်မွေးဝမ်း ကြောင်းလုပ်နေတဲ့ စာရေးဆရာတွေ၊ သတင်းစာဆရာတွေ ကိုယ်စားပြုတယ်လို့ ကျနော်မထင်ဘူးဗျာ။ အဲဒီမှာပါနေတာက ကျနော် ရှင်းရှင်းပြောမယ်ဗျာ။ ခရိုနီဂျာနယ်လစ်တွေပဲဗျာ။ အဲဒီလူတွေပဲ။ အဲဒီတော့ ကျနော် လုံးဝ မထောက်ခံဘူး။
နောက်ပြီး အစိုးရ ဖွဲ့စည်းတယ်ဆိုတာကိုက သဘောမကျဘူး။ ဟိုတုန်းကလည်း အစိုးရဖွဲ့ပေး တဲ့စာပေ စာနယ်ဇင်း ဘာညာဆိုတာတွေ ရှိခဲ့တာပဲ။ အစိုးရဖွဲ့တော့ အစိုးရပုသဏ္ဌာန်နဲ့ အစိုးရအလိုကျ လိုက်လုပ်မယ့်သူတွေလိုဗျ။ သတင်းစာဆရာ၊ စာနယ်ဇင်းလောကအတွက် အကျိုးပြုပြီးတော့ လုပ်ပေး တာထက် သူတို့အကျိုးစီးပွားနဲ့ အစိုးရမျက်နှာရဖို့အတွက် လုပ်ကြံမယ့်သူတွေပဲလေ။ ကျနော်တို့က တော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူးဗျာ။” ဟူ၍ ဖွင့်ဟခဲ့သည်။
Eleven Media Group ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်ကလည်း -
“မြန်မာစာနယ်ဇင်းကောင်စီရော မီဒီယာဥပဒေတွေပါ ဂျာနယ်လစ်တွေကို သေသေချာချာ မပြ ဘဲ အစိုးရဘက်က ဇွတ်အတင်းလုပ်တဲ့အတွက် ပြဿနာတွေအများကြီး ရှိပါတယ်။ ဥပမာ နိုင်ငံ တစ်ချို့မှာ ကောင်စီဥက္ကကိုဋ္ဌ တရားသူကြီးတစ်ယောက်ခန့် ထားတယ်။ အဲဒီနိုင်ငံမှာ တရားစီရင်ရေး စနစ်က ကောင်းမွန်တယ်။ တရားသူကြီးတွေက လူလေးစားခံရသူတွေ၊ သြဇာတိက္ကမရှိသူတွေ ဖြစ် တယ်။ ဒီမှာတော့ တရားစီရင်ရေးစနစ် ချို့ယွင်းနေတာ နှစ် ၄၀ လောက်ရှိပြီး တရားသူကြီး အတော် များများကလည်း ဒီလိုအနေအထားမှာ မရှိဘူး။ ဒီလိုပုံတူကူးချတော့ တလွဲတွေ ဖြစ်ကုန်တာပေါ့။ မီဒီ ယာဥပဒေလည်း ဒီလိုဇွတ်အတင်းလုပ်ရင် ဒီလိုမျိုးပြဿနာတွေ ဖြစ်လာမှာပါပဲ။
စာနယ်ဇင်းကောင်စီဆိုတာ အမိန့်အာဏာနဲ့ ရပ်တည်တာမဟုတ်ဘူး။ ခိုင်မာတဲ့မူဝါဒနဲ့ ပါဝင်တဲ့ သူတွေရဲ့ ကိုယ်ကျင့်သိက္ခာ နာမည်ကျော်ကြား လေးစားခံရမှုတွေနဲ့ သြဇာတိက္ကမရှိရှိ ရပ်တည်တာ။ ကျနော်တို့ ဝင်မလုပ်နိုင်ပေမယ့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို အာမခံပြီး လေးစားယုံကြည်လောက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းသွားရင် ထောက်ခံဖို့ဝန်မလေးပါဘူး။ အခုလို အစိုးရနဲ့ သတင်းမီဒီယာတွေကြားမှာ မပြေမလည်ဖြစ်ရတာ မီဒီယာဥပဒေရေးဆွဲတဲ့ခေတ် နောက်ပြန်ဆွဲလိုတဲ့ အရာရှိကြီးတချို့ကြောင့် ဖြစ် ပါတယ်။” ဟူ၍ ထောက်ပြခဲ့သည်။
အမြုတေစာနယ်ဇင်းကောင်စီ နှင့်ပတ်သက်၍ ၂၀၁၂ သြဂုတ် ၁၅ ရက်နေ့ထုတ် Weekly Eleven News ဂျာနယ်တွင် Eleven Media Group ၏ သဘောထားကိုလည်း အောက်ပါအတိုင်း ဖေါ် ပြခဲ့သည်။
အမြုတေစာနယ်ဇင်းကောင်စီနှင့်ပတ်သက်သည့် Eleven Media Group ၏ သဘောထား
၁။ စာနယ်ဇင်းအမြုတေကောင်စီတွင် ပါဝင်သောသူများနှင့်ပတ်သက်ပြီး အောက်ပါအချက်များကို သဘောမတူ ပါ။
            (က) ဦးဆောင်မည့် ဥက္ကဋ္ဌနှင့် ဒုက္ကဋ္ဌတို့သည် စာနယ်ဇင်းလုပ်ငန်းများနှင့် ဂျာနယ်လစ်များ၏ အရေး ကိစ္စများကို နားလည်ကျွမ်းကျင်သူများ မဟုတ်ပါ။ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည်လည်းကောင်း၊ တရားသူကြီးများ၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာပိုင်းသည်လည်းကောင်း၊ ယုံကြည်လက်ခံနိုင်မှုနှင့်ပတ် သက်၍ အများပြည်သူကြား မေးခွန်းထုတ်စရာများရှိနေသည်မှာ အထင်အရှားဖြစ်ပါသည်။ ၎င်းအခြေအနေမျိုး တွင် အငြိမ်းစားတရားသူကြီးတစ်ဦးအား စတုတ္ထမဏ္ဍိုင်အား ထိန်းကွပ်ပေးမည့် ဦးဆောင်ဦးရွက်နေရာတွင်ထား ခြင်းမှာ လုံးဝမလုပ်ဆောင်သင့်သောအရာဟု Eleven Media Group မှ ရှုမြင်ပါသည်။
            (ခ) ပါဝင်သောသူအများစုမှာ ယခင်အစိုးရလက်ထက်က စာပေလောကနှင့် အများပြည်သူ၏ ယုံကြည် ကိုးစားမှုမခံရသော စာပေစာနယ်ဇင်းအဖွဲ့မှ အဖွဲ့ဝင်အများစု ဖြစ်နေပါသည်။
            (ဂ) ပါဝင်သောသူအချို့မှာ စာနယ်ဇင်းကျင့်ဝတ်နှင့်ပတ်သက်ပြီး လေးစားလိုက်နာခြင်းမရှိဘဲ ကျင့်ဝတ် ကို ဖောက်ဖျက်သော သမိုင်းကြောင်းရှိနေသူများဖြစ်နေသဖြင့် စာနယ်ဇင်းအမြုတေကောင်စီ၏ အဓိကရည်ရွယ် ချက်ဖြစ်သော စာနယ်ဇင်းကျင့်ဝတ်နှင့်ဆိုင်သည့် ထိန်းကွပ်မှုကို လုပ်ဆောင်နိုင်မည်ဟု မယူဆနိုင်ပါ။
            (ဃ) စာနယ်ဖင်းကောင်စီတွင် ပါဝင်သောသူများမှာ ဤလောက၌ အလုပ်လုပ်ကိုင်နေထိုင်သော သူ များဖြစ်သဖြင့် Conflict of interest အကျိုးစီးပွားတူပြဿနာများ ဖြစ်ပေါ်လာနိုင်သော အခြေအနေတွင် ရှိနေပါ သည်။ အတွင်းရေးမှူး ဦးကိုကို၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာသာထွန်းဦး၊ ဦးမောင်မောင်မြင့်အေး၊ ဒေါက်တာတင်ထွန်းဦး၊ ဦးစိုးသိမ်း(မောင်ဝံသ)၊ ဦးသီဟစော(သီဟစော) တို့မှာ ထုတ်ဝေသူများဖြစ်သဖြင့် အကျိုးစီးပွားဆိုင်ရာပြဿနာများ ရှိနိုင်ပါသည်။
၂။ အမြုတေစာနယ်ဇင်းကောင်စီ၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ ကြေညာချက်ပါအပိုဒ်(၂)မှ အောက်ပါ အပိုဒ်ခွဲများကို သဘောမတူပါ။
            “(ခ) စာနယ်ဇင်းနယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များ၏ ရေးသားဟောပြော ဆောင်ရွက်မှုများသည် တိုင်းရင်း သားပြည်သူများ အကျိုးစီးပွားအား မထိပါအောင် ကာကွယ်စောင့်ရှောက်စေရေး၊ နိုင်ငံတော်၏ဂုဏ်သိက္ခာ မထိ ခိုင်စေရေးနှင့် နိုင်ငံတော်၏အချုပ်အခြာအာဏာ မထိခိုက်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ရန်၊”
            အထက်ပါအချက်သည် စာပေစိစစ်ရေးမှ ရေးသားခြင်းကိုသာ စိစစ်ခဲ့သော်လည်း ယခုအမြုတေစာနယ် ဇင်းကောင်စီသည် ရေးသားခြင်းသာမက ဟောပြောခြင်းကိစ္စများကိုပင် ကြီးကြပ်ဆောင်၇ွက်ရန် အခွင့်အာဏာ ကို အလွန်အကျွံပေးထားကြောင်း တွေ့ရှိရပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကိုသာမက ပြောဆိုခွင့်ကိုပါ ထိပါး ထားသည့်အတွက် ၎င်းအဖွဲ့၏တာဝန်တ္တရားသည် စာပေစိစစ်ရေးထက်ပိုဆိုးသော တာဝန်ဝတ္တရားများဖြစ် ကြောင်း တွေ့ရှိရပါသည်။
            “(င) စာနယ်ဇင်းကျင့်ဝတ်များကို ရေးသားပြုစုပြဋ္ဌာန်းရန်။
             (စ) စာနယ်ဇင်းဆိုင်ရာ အတတ်ပညာနှင့် ကျင့်ဝတ်သိက္ခာများကို စာနယ်ဇင်း နယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များ သိရှိနားလည် လိုက်နာကျင့်သုံးရေးအတွက် လေ့ကျင့်ပညာပေးရန်။”
            စာနယ်ဇင်းကျင့်ဝတ်များကို ပြဋ္ဌာန်းရန်အတွက် ပါဝင်သော ပုဂ္ဂိုလ်အချို့၏ ကိုယ်ကျင့်တရားနှင့် စာရိတ္တ များမှာ သံသယဖြစ်ဖွယ်ရှိပါသည်။ မည်သည့်ပုဂ္ဂိုလ်များဖြစ်သည်၊ မည်သည့်အချက်များဖြင့် အကျင့်စာရိတ္တပိုင်း၊ စာနယ်ဇင်းကျင့်ဝတ်ပိုင်း ငြိစွန်းမှုရှိသည်မှာ စိစစ်သင့်သောအရာများ ဖြစ်ပါသည်။
၃။ အမြုတေစာနယ်ဇင်းကောင်စီ၏ လုပ်ပိုင်ခွင့်များမှာ လိုအပ်သည်ထက် ပိုပေးထားသော လုပ်ပိုင်ခွင့်များဖြစ် ကြောင်း အောက်ပါအချက်များအရ တွေ့ရှိရပါသည်။ ၎င်းကြေညာချက်ပါ အပိုဒ်(၃)မှ အပိုဒ်ခွဲများမှာ -
            “(က) စာနယ်ဇင်းကောင်စီ၏ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ (Regulation & Procedure of the Press Council) ကို ရေးဆွဲပြဋ္ဌာန်းခြင်း။
            (င) စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီသော သတင်းသမားများအား ခေါ်ယူဆွေးနွေးညှိနှိုင်းခြင်း။”
            ကျင့်ဝတ်ဟူသော စကားလုံးကို ပိုင်းခြားဆုံးဖြတ်ရာ၌ Bias အဂတိတရားမပါမှုမှာ အလေးထားရမည် ဖြစ်ပါသည်။ ၎င်းအဖွဲ့၌ ပါဝင်သောသူအချို့၏ အဂတိတရားနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်ရှိသော အချက်အ လက်များစွာ ရရှိထားပါသည်။
            “(စ) အထက်ဖေါ်ပြပါလုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာ၌ သက်သေခံဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေနှင့် တရားမနစ်နာမှုဥပဒေ Tort တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင့်သုံး ဆောင်ရွက်ခြင်း။”
            ယင်းဥပဒေများ ထည့်သွင်းထားခြင်းမှာ သတင်းဆိုင်ရာဖြစ်ပွားသော ပဋိပက္ခများတွင် လိုအပ်ပါက သက်သေခံစာရွက်စာတမ်းများကို တောင်းယူကြည့်ရှုရန် သက်သေခံဥပဒေကိုလည်းကောင်း၊ သတင်းရေးသား ခြင်းနှင့်ပတ်သက်၍ တရားမကြောင်းအရ တရားစွဲဆိုခြင်းဆိုင်ရာများကို ဖြေရှင်းရာတွင် အထောက်အကူပြုရန် တရားမနစ်နာမှုဥပဒေနှင့် တရားမကျင့်ထုံးဥပဒေတို့ကိုလည်းကောင်း ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့ပြင် ဖြစ် ပေါ်လာသည့် သတင်းဆိုင်ရာဖြစ်ပွားသော ပဋိပက္ခများတွင် သမ္မာန်စာထုတ်ဆင့်ခြင်းနှင့် ပြစ်မှုဆိုင်ရာလုပ်ထုံး လုပ်နည်းများ လုပ်ဆောင်ခြင်းတို့ ဆောင်ရွက်နိုင်ရန် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေကို ထည့်သွင်းထားသည်ဟု သုံးသပ်ရပါသည်။
            “(ဆ) ပေးအပ်သော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့် ဆောင်ရွက်မှုများအတွက် စာနယ် ဇင်းကောင်စီ၊ ကောင်စီအဖွဲ့ဝင်များ သို့မဟုတ် ကောင်စီတာဝန် ပေးအပ်ခြင်းခံရသူများအား ပြစ်မှုကြောင်းအရ သော်လည်းကောင်း၊ တရားမကြောင်းအရသော်လည်းကောင်း တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ရရှိခြင်း။”
            ဤအဖွဲ့တွင် ပါဝင်သူအများစုသည် စာရေးဆရာနှင့် ဂျာနယ်လစ်များ ဖြစ်သည်။ ၎င်းတို့အား ပြစ်မှု ကြောင်းအရသော်လည်းကောင်း တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ပေးထားခြင်းသည် ဥပဒေ၏အထက်သို့ ရောက်ရှိနေသည့်အတွက် လက်မခံနိုင်ပါ။
            “(ဈ) စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လိုပ်အပ်သလိုအရေး ယူဆောင်ရွက်ခြင်း။”
            စာနယ်ဇင်းကျင့်ဝတ်ဆိုသည်မှာ Moral Values စိတ်ပိုင်းဆိုင်ရာ တန်ဖိုးဖြတ်မှုများသာဖြစ်သည်။ ကျင့် ဝတ်ဖောက်ဖျက်၍ မည်သည့်ဥပဒေနှင့် မည်သည့်အဖွဲ့အစည်းကမှ အပြစ်ပေး၍မရပါ။ ဤသည်ကို ယခုအဖွဲ့မှ အသိပညာပေး၍လိုအပ်သလို အရေးယူဆောင်ရွက်မည်ဆိုသည်မှာ လုံးဝလုပ်ဆောင်သင့်သည့် ကိစ္စမဟုတ်ပါ။ အဆိုပါအဖွဲ့ဝင်များကိုယ်တိုင် ကျင့်ဝတ်နှင့်အညီ နေထိုင်ပါသလားဆိုသည်မှာ ပြန်လည်မေးခွန်းထုတ်စရာဖြစ် နေပါသည်။
၎။ “မြန်မာနိုင်ငံအမြုတေစာနယ်ဇင်းကောင်စီ၏ အဖွဲ့ဝင်များသည် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အခွင့်အာဏာများ ကို ရရှိစေရမည်” ဆိုသည့်အချက်မှာလည်း အာဏာကို လိုအပ်သည်ထက် ပိုပေးထားသလိုဖြစ်နေသည်။ ပြည် သူ့ဝန်ထမ်းများကဲ့သို့ ၎င်းတို့၏တာဝန်ဝတ္တရားများကို နှောင့်ယှက်မှုဟုဆိုပြီး တရားစွဲဆိုခွင့်များ စသည်ဖြင့် အခွင့်အရေးကို မလိုအပ်ဘဲ ပေးထားခြင်းဖြစ်ပြီး စာနယ်ဇင်းကောင်စီအား သတင်းမီဒီယာများက ပြန်လည်ချေပ ရေးသားခြင်း မပြုနိုင်ရန်လည်းကောင်း၊ ပါဝင်သောအဖွဲ့ဝင်များအား ဝေဖန်ခြင်းမပြုနိုင်ရန်ဖြစ်သည်။
            မကြာသေးမီက မီဒီယာများအား တရားစွဲဆိုမှုများ၊ ထုတ်ဝေခွင့်ပိတ်ပင်မှုများ၊ စာနယ်ဇင်းသမားများ အား ခေါ်ယူသတိပေးမှုများကို တွေ့ကြုံခဲ့ကြရပါသည်။ ထိုအခြေအနေမျိုးတွင် အမြုတေစာနယ်ဇင်းကောင်စီ အား ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ယင်းအဖွဲ့ဖွဲ့စည်းခြင်းကို စာနယ်ဇင်းများအား တိုင်ပင်ခြင်းမရှိဘဲ အစိုးရမှတိုက် ရိုက်ခန့်ထားခြင်းဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့သည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို အာမခံနိုင်ခြင်းမရှိဟု ယူ ဆပါသည်။ ထို့ပြင် စာနယ်ဇင်းလွတ်လပ်ခွင့်အား နောက်ပြန်သွားစေနိုင်သည့် လုပ်ဆောင်မှုဟုလည်း Eleven Media Group မှ ယူဆပါသည်။ ယခုကဲ့သို့ လုပ်ဆောင်မှုသည် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး မလလိုလားအပ်သော ရှုပ်ထွေးမှုများဖြစ်ပေါ်စေနိုင်သလို ကန့်သတ်ချုပ်ချယ်ခြင်းများသည် ဒီမိုကရေစီအပြောင်း အလဲအား နောက်ပြန်သွားစေခြင်းများဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ဒီမိုကရေစီအပြောင်းအလဲ အား ရှေ့သို့သွားမည်ဆိုပါက ယခုကိစ္စအား ပြန်လည်စဉ်းစားသုံးသပ်ပေးပါရန် တိုက်တွန်းအပ်ပါသည်။
            ယခုကဲ့သို့ အစိုးရမှဦးဆောင်ပြီး စာနယ်ဇင်းအမြုတေကောင်စီ ဖွဲ့စည်းကြောင်း ကြေညာခြင်းနှင့်ပတ် သက်၍ စာနယ်ဇင်းမီဒီယာသမားများ၊ စာနယ်ဇင်းအဖွဲ့အစည်း အသီးသီးကလည်း လက်မခံနိုင်ကြောင်း ဝိုင်း ဝန်းကန့်ကွက်ခဲ့ကြသည်။
            စာနယ်ဇင်းကောင်စီတွင် ပါဝင်ကြသူအချို့မှာ ယခင်အစိုးရလက်ထက်က စာပေလောကနှင့် အများ ပြည်သူ၏ယုံကြည်ကိုးစားမှု မခံရသောစာပေနှင့် စာနယ်ဇင်းအဖွဲ့မှ အဖွဲ့ဝင်အများစုဖြစ်ပြီး ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌမှာ လည်း စာနယ်ဇင်းလောက၏ အရးအရာများကို လုံးဝနားလည်သူများ မဟုတ်ကြောင်း ဝေဖန်ထောက်ပြကြ သည်။ ထို့အပြင် ပါဝင်သူအချို့မှာ စာနယ်ဇင်းကျင့်ဝတ်နှင့်ပတ်သက်၍ လေးစားလိုက်နာခြင်းမရှိဘဲ ကျင့်ဝတ်ကို အကြိမ်ကြိမ်ဖောက်ဖျက်ခဲ့သော သမိုင်းနောက်ခံသူများဖြစ်နေခြင်း၊ အချို့စာပေလောကတွင် အစိုးရနှင့်ဝေစား မျှစား လုပ်ကိုင်စားသောက်နေသော  စီးပွားရေးသမားများဖြစ်နေခြင်း စသောအချက်များ ထောက်ပြခဲ့ကြသည်။
            မြန်မာနိုင်ငံအမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းနှင့် ကြေညာချက်အပိုဒ်(၃)တွင် ဖေါ်ပြထားသော လုပ် ပိုင်ခွင့်များကို အောက်ပါအတိုင်းပြဋ္ဌာန်းထားသည်။
(က) စာနယ်ဇင်းကောင်စီ၏ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ (Regulation & Procedure of The Press Council) ကို ရေးဆွဲပြဋ္ဌာန်းခြင်း။
(ခ) စာနယ်ဇင်းလောက ဖွံ့ဖြိုးရေးကိစ္စများအတွက် လွတ်လပ်စွာဆောင်ရွက်ခြင်း။
(ဂ) နိုင်ငံတကာအဖွဲ့အစည်းများနှင့် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ခြင်း။
(ဃ) သတင်းသမားများ သတင်းရယူခြင်းနှင့် သတင်းရေးသားရာ၌ ဖြစ်ပွားလာသော ပဋိပက္ခများကို စေ့စပ်ညှိ နှိုင်းပေးခြင်း။
(င) စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီသောသတင်းသမားများအား ခေါ်ယူဆွေးနွေးညှိနှိုင်းခြင်း။
(စ) အထက်ဖေါ်ပြပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာ၌ သက်သေခံဥပဒေပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပ ဒေ၊ တရားမကျင့်ထုံးဥပဒေနှင့် တရားမနစ်နာမှုဥပဒေ (Tort) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင့်သုံးဆောင် ရွက်ခြင်း။
(ဆ) ပေးအပ်သောတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့်ဆောင်ရွက်မှုများအတွက် စာနယ်ဇင်းကောင်စီ၊ ကောင်စီအဖွဲ့ဝင်များ သို့မဟုတ် ကောင်စီတာဝန်ပေးအပ်ခြင်းခံရသူများအား ပြစ်မှုကြောင်းအရသော်လည်း ကောင်း၊
(ဇ) စာနယ်ဇင်းဆိုင်ရာ ကိစ္စရပ်များအတွက် နိုင်ငံတော်အစိုးရသို့ အကြံပြုတင်ပြခြင်း။
(ဈ) စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လိုပ်အပ်သလိုအရေးယူ ဆောင်ရွက်ခြင်း။
(ည) စာနယ်ဇင်းကောင်စီ၏ လုပ်ငန်းတာဝန်များနှင့် သက်ဆိုင်ရာကိစ္စများအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့မှတဆင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း။
(ဋ) စာနယ်ဇင်း အဆင့်အတန်းမြှင့်တင်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသား နိုင်ငံရေးကို ရှေးရှုသည့်သတင်းများ ဖွင့်လှစ်ခြင်းဟူ၍ ဖေါ်ပြထားသည်။
ကြေညာချက်အပိုဒ်(၃)မှ အပိုဒ်ခွဲများဖြစ်သော အပိုဒ်က(က) (င) (စ) (ဆ) (ဈ) တို့နှင့်ပတ်သက်ပြီး စာနယ်ဇင်းသမားများ ဝေဖန်ထောက်ပြကြသည်။
အပိုဒ်(ဆ)တွင် ဖေါ်ပြထားချက်အရ ဤအဖွဲ့တွင်ပါဝင်သူများအား တရားစွဲခြင်းမှ ကင်းလွတ်ခွင့်ပေး ထားခြင်းသည် ဥပဒေအထက်တွင် ရောက်ရှိနေခြင်းကြောင့် လက်မခံနိုင်ကြပေ။
အပိုဒ်(၃)၏ (ဈ)၌ စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လိုအပ် သလို အရေးယူဆောင်ရွက်ခြင်းဆိုသည်မှာ ယင်းအဖွဲ့သည် အရေးယူအပြစ်ပေးမှုသည် အာဏာပိုင်အဖွဲ့အ စည်းဖြစ်နေရာ အများစုက လက်မခံနိုင်ကြပေ။
Messenger သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုသူရအောင်က -
“လက်ရှိမှာ ဘယ်အဖွဲ့အစည်းပဲပေါ်ပေါ် စာနယ်ဇင်းလောကကို အကျိုးမပြုရင် မပေါ်ပေါက်စေချင်ဘူး။ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားခွင့်၊ ပြောဆိုခွင့်တွေကို အကာအကွယ်ပေးမယ့်အဖွဲ့မျိုးကိုပဲ ကျွန်တော်တို့ လိုချင်ပါတယ်။ အရင်အဖွဲ့အစည်းတွေကို အသွင်ပြောင်းထားတဲ့ အဖွဲ့အစည်းမျိုး ကျွန်တော်တို့ မလိုချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ လွတ်လပ်စွာထုတ်ဖေါ်ရေးသားခွင့်ကို အကာအကွယ်ပေးမယ့် အ ဖွဲ့အစည်းဖြစ်စေချင်တယ်။ မဟုတ်ရင် လက်ခံမှာမဟုတ်ဘူး” ဟူ၍ ဝေဖန်ခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံချိုကလည်း -
“စာနယ်ဇင်းဆိုင်ရာလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်တွေ အားနည်းတယ်ဆိုလို့ရှိရင် နိုင်ငံတကာက စောင့်ကြည့်နေတဲ့၊ ပြည်သူတွေက စောင့်ကြည့်နေတဲ့ ပြုပြင်ပြောင်းလဲမှု ထင်သာမြင်သာမှုတွေက အားနည်း လာမှာပဲ။ အဲဒီတော့ အရေးကြီးတဲ့ မဏ္ဍိုင်တစ်ခုရဲ့လှုပ်ရှားမှုကို လွတ်လပ်စွာပေးသင့်သလို အဲဒီမဏ္ဍိုင်က အ ထောက်အကူဖြစ်စေမယ့် အဖွဲ့အစည်းတွေ ဖွဲ့ပြီဆိုလို့ရှိရင်လည်း အားလုံးရဲ့ကိုယ်စားပြုမှု ပါဝင်နိုင်အောင် အရေးတကြီး စဉ်းစားသင့်တယ်။ သတင်းစာလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီ အသက်သွေး ကြောဖြစ်တယ်။ အင်မတန်မှအရေးကြီးတဲ့ အခန်းကဏ္ဍပ်ဖြစ်တဲ့အတွက် ဒီနယ်ပယ်မှာ ဟန့်တားမှုတွေ၊ ပိတ်ဆို့ မှုတွေနဲ့ ကိုယ်စားပြုမှုတွေ အားနည်းမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ရှေ့ဆက်သွားမယ့် ပြုပြင်ပြောင်းလဲရေးကိစ္စ လမ်းကြောင်းမှာ အဟန့်အတား အနှောင့်အယှက်တွေ အများကြီးဖြစ်စေနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့စိုး ရိမ်တယ်” ဟူ၍ သူ၏အမြင်ကို ပြောပြသည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ၏ ကြေညာချက်တွင် ပြန်ကြားရေးဝန် ကြီးဌာနနှင့် တွေ့ဆုံစဉ်က အမြုတေစာနယ်ဇင်းကောင်စီ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များတွင် အချို့သော အချက်များသည် စာနယ်ဇင်းကောင်စီအနေဖြင့် လုပ်ဆောင်ရန် မလိုအပ်သော၊ မသင့်တော်သောအချက်များ ပါ ဝင်နေသဖြင့် စာနယ်ဇင်းကောင်စီဖွဲ့စည်းမည့် အစီအစဉ်တွင် မပါဝင်နိုင်ဟု ဆွေးနွေးခဲ့ကြောင်း၊ ထို့နောက် စာ ပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ၎င်းတို့ကော်မတီ၏ သဘောထားကို တောင်းခံခဲ့သဖြင့် တိကျစွာရှင်းလင်းတင်ပြ ခဲ့ကြောင်း၊ တာဝန်ရှိသူများက ဖြုတ်ပယ်ရန် တောင်းဆိုသောအချက်များ မပါဝင်စေရဟု ကတိပြုခဲ့ကြောင်း၊ သို့ ရာတွင် ယခုထုတ်ပြန်ကြေညာသော မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းခြင်းကြေညာချက်၌ ၎င်း တို့တောင်းဆိုထားသော တောင်းဆိုချက်များနှင့် လုံးဝမကိုက်ညီဘဲ လက်မခံနိုင်သည့် အချက်များဖြစ်နေ ကြောင်း၊ စာနယ်ဇင်းသမားများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးခြင်း မရှိရုံမျှမက စာနယ်ဇင်းသမားများ အား ကန့်သတ်ထိန်းချုပ်မှုများကိုပါ ဆက်လက်ပြုလုပ်မည့် အစီအစဉ်များဖြစ်သည်ဟု ယူဆနိုင်သဖြင့် ထိုအ ချက်များဖြုတ်ပယ်၍ အများလက်ခံနိုင်မည့်တာဝန်နှင့်ဝတ္တရား နှင့် လုပ်ပိုင်ခွင့်များအဖြစ် ပြင်ဆင်ပြောင်းလဲရန် လိုလားကြောင်း၊ အဆိုပါအချက်များ ပြင်ဆင်ပြောင်းလဲခြင်းမပြုပါက မြန်မာနိုင်ငံသတင်းစာဆရာများအသင်းအ နေဖြင့် စာနယ်ဇင်းကောင်စီတွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။
ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က ယခုအဖွဲ့တွင် ပါဝင်သူများအနေဖြင့် ၎င်းတို့ တောင်းချက်များမပါဝင်ဘဲ မလိမ့်တစ်ပတ် အလုပ်ခံခဲ့ရသည်ဆိုလျှင် တုံ့ပြန်သည့်အနေဖြင့် နုတ်ထွက်ရလိမ့် မည်။ အဲဒီမီဒီယာဥပဒေတင်မကလဲ လက်ရှိရှိနေတဲ့ဥပဒေကိုလည်း လက်မခံနိုင်ဘူး။ မီဒီယာသမားတွေ တောင်းဆိုတာတွေ ဖြစ်နေတဲ့အချိန်မှာ ဒီစာနယ်ဇင်းကောင်စီဆိုတဲ့လူများဟာ ဒီဥပဒေကို ကာကွယ်စောင့် ရှောက်တဲ့အလုပ်တွေ လုပ်ရမယ်ဆိုတော့ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး” ဟူ၍ ပြောကြားခဲ့သည်။
သတင်းစာဆရာကြီး ဦးသာဘန်းကလည်း -
“အမြုတေကောင်စီတွင် ပါဝင်သူများအနက် ထိပ်ပိုင်းမှပါဝင်သူများသည် စာနယ်ဇင်းကောင်စီတွင် မကြားဘူးသူများဖြစ်ကြောင်း၊ ဆောင်းပါးရေးရုံဖြင့် သတင်းစာဆရာဟု မသတ်မှတ်နိုင်ကြောင်း၊ အဖွဲ့အစည်းကို ကြီးကြပ်ရုံဖြင့် ၎င်းတို့အဖွဲ့အစည်း၏ အနေအထားကို ခန့်မှန်း၍ရကြောင်း၊ ပုဂ္ဂိုလ်ရေးအရရင်းနှီးသော်လည်း နှစ်ဖက်ချွန်၊ သုံးဖက်ချွန်ဖြစ်နေသောလူများဖြင့် ဖွဲ့စည်းထားသော စာနယ်ဇင်းအမြုတေကောင်စီအား လက်မခံ ကြောင်း” မှတ်ချက်ပြုသည်။
မကြာသေးမီက ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်သူများ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့သည် ပုံနှိပ်သူနှင့် ထုတ်ဝေသူများ လိုက်နာကျင့်သုံးရမည့် စာပေစိစစ်သူများကို ထုတ်ပြန် လာခဲ့သည်။ ယင်းစာအုပ်နိဒါန်း၌ “မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ပါလီမန်ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်း ခဲ့သော ၁၉၄၈ – ၆၂ခုနှစ် ကာလများတွင် ပုံနှိပ်မီဒီယာလောကများသည် ဝါဒရေး၊ ပါတီရေး၊ ပုဂ္ဂိုလ်ရေးနှင့် ငွေ ကြေးကိစ္စများအပေါ် အခြေခံဆောင်ရွက်မှုများကြောင့် မဏ္ဍိုင်သုံးရပ်အား ထိန်းကျောင်းရမည့် ရင့်ကျက်တည် ငြိမ်သော စတုတ္ထမဏ္ဍိုင်အဖြစ် မှန်မှန်ကန်ကန် ရပ်တည်နိုင်စွမ်းမရှိခဲ့သည့်အတွက် အထိန်းအကွပ်မဲ့ ပရမ်းပတာ ပုံစံဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်” ဟူ၍ ဖေါ်ပြထားသည်။
ယင်းအချက်ကို စာနယ်ဇင်းသမားများက လက်မခံကြပေ။ ဝါဒရေးပါတီနောက်ခံကြောင့် တစ်ဖက်နဲ့တစ် ဖက်ပုတ်ခတ်ပြီး ရေးသည့်သတင်းစာအချို့ ရှိခဲ့သော်လည်း အများစုမှာ စာနယ်ဇင်းကျင့်ဝတ်နှင့် စည်းကမ်းကို လိုက်နာခဲ့ပေသည်။
ထို့ပြင် စာပေစိစစ်ကြီးကြပ်မှုဗဟိုအဖွဲ့ မူ(၁၂)ခုအနက် (ဋ)၌ “ပြည်သူတဦးချင်း၏ ကိုယ်ပိုင်လွတ်လပ် ခွင့်နှင့် ဂုဏ်သိက္ခာကို တိုက်ခိုင်ရေးသားဖေါ်ပြခြင်း မပြုရ” ဟူ၍ ပါရှိရာ အငြင်းပွားဖွယ်ဖြစ်နေလေသည်။ လူတ ဦးတယောက်သည် ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ အကျင့်စာရိတ္တဖောက်ပြန်ခြင်း၊ အာဏာကိုအလွဲသုံးစားပြု၍ လာဘ်ပေးလာဘ်ယူခြင်း၊ လူ့အခွင့်အရေးနှင့် ဥပဒေချိုးဖောက်ပါက တာဝန်သိသည့် စာနယ်ဇင်းသမားတိုင်က ဖေါ်ထုတ်တင်ပြရမည်သာ ဖြစ်သည်။
တဖန် အသေးစိတ်အခြေခံရမည့် အချက်များထဲ၌ – (က) နိုင်ငံရေး ခေါင်းစဉ်အောက်တွင် -
(၄) အဂတိလိုက်စားမှု၊ တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု အဓမ္မလုပ်အားပေးခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးစစ်သား စသောအကြောင်းအရာတို့နှင့်ပတ်သက်၍ သတင်းအရင်းအမြစ်မခိုင်မာဘဲ ရေး သားဖေါ်ပြခြင်းမပြုရ။
(ခ) စီးပွားရေး ခေါင်းစဉ်အောက်တွင် -
(၂) သတင်းအရင်းအမြစ်မခိုင်မာသော စီးပွာရေးဆိုင်ရာ အချက်အလက်များ၊ သတင်း၊ ဆောင်းပါးနှင့် ဓါတ်ပုံများအား ရေးသားဖေါ်ပြခြင်းမပြုရ။
(ဃ) အထွေထွေ အောက်တွင် -
(၁) ဌာနဆိုင်ရာလုပ်ငန်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ၏ အားနည်းချက်များအား ထောက်ပြဝေဖန်ရာတွင် အချိန်၊ နေရာ၊ အဖွဲ့အစည်းအမည် စသဖြင့် သတင်းအရင်းအမြစ်နှင့် အထောက်အထား ခိုင်လုံစွာဖေါ်ပြရမည်” ဟူ၍ ပါရှိသည်။
စာနယ်ဇင်းသမားတိုင်းသည် ခိုင်လုံသည့်သတင်းအရင်းအမြစ်မရှိပါကမရေးနိုင်ပေ။ သို့သော် မိမိသတင်း ဆောင်းပါးအတွက် ရရှိသောသတင်းအရင်းအမြစ် နေရာ၊ ဌာန၊ ပုဂ္ဂိုလ် အချက်အလက်များကို စာနယ်ဇင်းကျင့်ဝတ်စည်းကမ်းအရထုတ်ဖေါ်ပြောပြခွင့်မရှိပေ။ထုတ်ဖေါ်ပြောကြားပါကသတင်းအချက်အလက်ပေးသူ၊ ဌာန ဒုက္ခရောက်ရှိသွားနိုင်ပေသည်။
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ၁၉၃၆ ခုနှစ်တွင် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအ ဖြစ် ဆောင်ရွက်နေစဉ် မဂ္ဂဇင်းအတွဲ(၅)၊ အမှတ်(၁) အင်္ဂလိပ်ကဏ္ဍပ်၌ “Hell Hound at Large” (ငရဲခွေးကြီး လွတ်နေပြီ) ရေးသားသူစာကိုတက္ကသိုလ်အာဏာပိုင်က ထုတ်ဖေါ်ပြောပြောရန် စာနယ်ဇင်းကျင့်ဝတ် အရ ငြင်းဆန်ခဲ့ဖူးသည်။
ဒီမိုကရေစီစနစ်၏ရည်ရွယ်ချက်မှာ လွတ်လပ်သောလူမျိုးတို့သည် အများကောင်းကျိုးအတွက် မိမိတို့၏ အခွင့်အရေးကို လွတ်လပ်စွာအသုံးပြုနိုင်ရန် ဖြစ်သည်။ လူတို့၌ ထိုကဲ့သို့ အများကောင်းကျိုးအတွက် လွတ်လပ် စွာဆောင်ရွက်နိုင်ရန်မှာ အများကောင်းကျိုးနှင့်စပ်လျဉ်းသော သိသင့်သိထိုက်သည့် ကိစ္စရပ်များကို နားလည်မှ သာဖြစ်နိုင်ပေသည်။ ကိစ္စကောင်းဆိုးတို့ကို အုပ်ချုပ်သူအာဏာပိုင်တို့က ထိန်ချန် သတင်းအမှောင်ချထားလို၍ အုပ်ချုပ်သူများ၏အလိုဆန္ဒနှင့် ကိုက်ညီသမျှကိုသာ အသိပေးလိုသောသဘောရှိခဲ့လျှင် ဘယ်သည့်နည်းနှင့်မျှ ဒီမိုကရေစီသဘော သက်ရောက်နိုင်မည်မဟုတ်ပေ။ လွတ်လပ်စွာကန့်ကွက်နိုင်ခွင့်များ မရှိသရွေ့ တိုင်းပြည် ကောင်းကျိုးအတွက် အနစ်နာခံကာ ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များ၏နောက်တွင် အသိဉာဏ်နှင့် အားပေး ထောက်ခံသူများ တည်ရှိနိုင်မည်မဟုတ်ပေ။
အခြားသောအခွင့်အရေးများ ရရှိမှုသည် လွတ်လပ်စွာရေးသားပြောဆိုခွင့် သို့မဟုတ် စာနယ်ဇင်းလွတ် လပ်ခွင့် မည်မျှရှိမရှိအပေါ်၌ များစွာမူတည်နေပေသည်။
ထို့ကြောင့်ပင် ၁၉၆၄ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ ပထမဆုံးအစည်းအဝေးမှာပင် သတင်း လွတ်လပ်ခွင့်သည် အခြေခံအကျဆုံး လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ကြီး အထွက်အမြတ်ပြု ထားသည့် အခြားသောလွတ်လပ်ခွင့်များအားလုံးအတွက် မှတ်ကျောက်လည်းဖြစ်သည်ဟု ဆုံးဖြတ်ကြေညာခဲ့ သည်။
စတုတ္ထမဏ္ဍိုင်ကြံ့ခိုင်မှ တိုင်းပြည်တွင် ဒီမိုကရေစီ ကျန်းမာကြံ့ခိုင်နိုင်ပေမည်။ ကြံ့ခိုင်သန်စွမ်းသော စတုတ္ထမဏ္ဍိုင်ဖြစ်ရန်အတွက် အဓိကလိုအပ်ချက်သည် စာနယ်ဇင်လွတ်လပ်ခွင့်ပင် ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ တွင်လည်း -
“နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မ ဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်မဆန့်ကျင်လျှင် အောက်ပါအခါင့်အ ရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။
(က) “မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်ကို လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေ ခွင့်” ဟူ၍ ဖေါ်ပြထားရာ ဤသည်မှာ နိုင်ငံသားတို့အတွက်လည်းကောင်း၊ နိုင်ငံတော်အတွက်လည်းကောင်း အသက်တမျှအရေးပါသည့် မူလအခွင့်အရေးတရပ်ကို သတ်မှတ်ပြဋ္ဌာန်းပေးထားခြင်းဖြစ်သည်။
အဆိုပါတန်ဖိုးရှိလှသော အခွင့်အရေးကို စာအုပ်ထဲတွင်သာမကဘဲ တိုင်းပြည်နှင့်လူမျိုးအကျိုးဖြစ်ထွန်း ရေးအတွက် ထိရောက်စွာအသုံးပြုဖို့သည် နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်သည်။
ကိစ္စရပ်တိုင်းကို သိနားလည်ကာ ဝေဖန်ထောက်ခံမှုမရှိခြင်းသည် လူထု၏အသိဉာဏ်ကို ခေါင်းပါးစေ သည်။ လူထု၌အသိဉာဏ်မရှိလျှင် အဂတိလိုက်စားခြင်းကဲ့သို့ မလိုလားအပ်သောဆိုးကျိုးများ ဖြစ်ပေါ်လာတတ် သည်။ အဂတိလိုက်စားမှုကြောင့် လူထု၏စာရိတ္တပျက်ပြားလာသည်။ ထိုအခါ အုပ်ချုပ်ရေးယန္တရားမှာလည်း ကောင်းမွန်စွာ မလည်ပတ်နိုင်တော့ဘဲ ချွတ်ယွင်းပျက်ပြားလာနိုင်ပေသည်။
ကျွန်ုပ်တို့မြန်မာမှု၌ မင်း၊ ပုဏ္ဏား၊ သူဌေး၊ ဆင်းရဲသား ဟုဆိုအပ်သော အမျိုးလေးပါးရှိ၍ ထိုအမျိုးလေး ပါးကို စောင့်ရှောက်ရမည့်တာဝန်မှာ မင်းကျင့်တရား (၁၀)ပါးဖြစ်သကဲ့သို့ စတုတ္ထမဏ္ဍိုင်ဟူသော စာပေလွတ် လပ်မှုကို စောင့်ရှောက်ရန်တာဝန်မှာလည်း ယနေ့ခေတ်တွင် ယဉ်ကျေးသောနိုင်ငံများ ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီကျင့်စဉ်ပင်မဟုတ်ပါလော။
စာပေသည် ပြည်သူ၏နား၊ ပြည်သူ့မျက်စိ၊ ပြည်သူ့ပါးစပ်ပေါက်နှင့်တူရာ စာပေလွတ်လပ်မှုမရှိသော တိုင်းပြည်မှာ မျက်စိကန်း၊ နားပင်း၊ စားကားမပြောတတ်သောသူများနှင့် မခြားတော့ပေ။
“လွတ်လပ်မှုကို ချစ်မြတ်နိုးမှုသည် တခြားလူများကို ချစ်မြတ်နိုးမှုဖြစ်သည်။ အာဏာကိုချစ်မြတ်နိုးမှု သည် မိမိကိုယ်ဟာကိုယ်ချစ်မြတ်နိုးသည်” ဟူ၍ ဗြိတိသျှစာရေးဆရာ “ဝီလျံဟတ်စလေ”က ဆိုခဲ့ဖူးသည်။
စင်စစ် စာနယ်ဇင်းသမားများသည် လက်ရှိအစိုးရကို ဆီလိုအပေါက်ရှာ၊ လုပ်သမျှကို ဝေဖန်ရှုတ်ချ အပြစ်တင်နေသည် မဟုတ်ပေ။ ဖြစ်နေသောပြဿနာ၊ ကျင့်သုံးနေသောစနစ်၊ မှားယွင်းနေသောမူဝါဒ၊ ဥပဒေ တို့ကို အပြုသဘောဖြင့် သုံးသပ်တင်ပြနေခြင်းသာဖြစ်သည်။
သို့သော် အာဏာပိုင်ပုဂ္ဂိုလ်တိုင်းနှင့် ကိုယ်ကျိုးအတ္တသမားများသည် မိမိအကြောင်း သတင်းစာထဲ၊ ဂျာ နယ်ထဲပါလာသည်ကို ကြိုက်ကြသည်တော့ မဟုတ်ပေ။ အာဏာရှင်စနစ်ကျင့်သုံးနေသော အစိုးရများသည် တိုင်းပြည်၌ ပြည်သူလူထုဘက်မှရပ်တည်၍ အမှန်တရားကိုဖေါ်ထုတ်နေသော စာနယ်ဇင်းသမားများကို ရန်သူ သဖွယ်သဘောထားကာ ၎င်းတို့ရှိနေခြင်းသည် စင်ပြိုင်အစိုးရတရပ်ရှိနေခြင်းနှင့်တူသည်ဟု ခံယူ၍ နည်းမျိုးစုံ ဖြင့် နှိပ်ကွပ်နေကြသည်။ ယင်းတို့သည် ၎င်းတို့လုပ်သမျှ ကိစ္စရပ်တိုင်းကိုထောက်ခံ၍ ၎င်းတို့၏ဘုန်းတော်ဘွဲ့ ထောပနာပြုနေသူများကိုသာ အလိုရှိပေသည်။
ထို့ကြောင့် ပြည်သူလူထု၏အကျိုးကို လိုလားလေဟန်နှင့် စာနယ်ဇင်းများကို ချုပ်ချယ်ထိန်းချုပ်နေခြင်း သည် ဉာဏ်အမြော်အမြင်နည်းပါးသော အစိုးရအတွက် ကောင်းချင်ကောင်းပေလိမ့်မည်။ သို့သော် တိုင်းပြည် နှင့်လူထုအတွက်ကား ရင်လေးစရာပင်ဖြစ်သည်။ ဤအချက်ကို သိမ်းစွန်ရဲတို့၏ဇွဲမာန်ကို စာသူငယ်မသိနိုင်သ ကဲ့သို့ “ဘယ်သူသေသေ ငတေမာလျှင်ပြီးရော”ဟူ၍ သဘောထားကာ အာဏာမာန်ယစ်ကာ ထင်တိုင်းကြဲနေ သော အုပ်ချုပ်ရေးအာဏာပိုင်တို့သည် နားလည်မည်မဟုတ်ပေ။
“လူတိုင်းလူတိုင်းသည် အများကောင်းကျိုး၊ ဆိုးကျိုးနှင့်သက်နိုင်သော ကိစ္စရပ်များကို သိပိုင်ခွင့်ရှိသည်။ မိမိထင်မြင်ချက်ကို စာနယ်ဇင်းများမှ ထုတ်ဖေါ်ခွင့်ရှိသည်။ မိမိရသင့်ရထိုက်သောအခွင့်အရေးကို တရားသဖြင့် တောင်းဆိုပိုင်ခွင့်ရှိသည်”ဟူ၍ လူထုအလိုရှိသောသတင်းစာ စာအုပ်ကို ပြုစုခဲ့သော ကင်စလေမာတင် (Kingsley Martin)က ဆိုခဲ့ဖူးသည်။
လွတ်လပ်စွာပြောဆိုင်ခွင့်၊ ရေးသားခွင့်မပေးဘဲ လူထု၏ပါးစပ်နှင့်လက်ကို ထိန်းချုပ်ထားခြင်းသည် လွတ်လပ်စွာတွေးခေါ်လိုသောစိတ်ကို အကျဉ်းချထားသည်နှင့်တူပေသည်။
တနည်းဆိုရသော် စာနယ်ဇင်းလွတ်လပ်ခွင့်သည် လူတဦးစီ၏အခွင့်အရေး၊ ကျန်းမာသန်စွမ်းသော လူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်နှင့် လူမှုပြုပြင်ပြောင်းလဲရေးအင်အားစု၏ ဒေါက်တိုင်ကြီးသဖွယ် ဖြစ်နေပေ သည်။
ယင်းကြောင့်လည်း ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က စာနယ်ဇင်းသမားတွေအနေနဲ့ အမှန်တ ရားချည်းရေနေရုံနဲ့မပြီးဘူး၊ အမှားတရားတွေကိုလည်း ထုတ်ဖေါ်တူးစွပြီးရေးရမည်”ဟု ဆိုခဲ့ပါသည်။ ထို့နည်းတူ စွာ Centre for Law and Democracy အမှုဆောင်ညွန်ကြားရေးမှူး မစ္စတာတိုအီအန်ဒဲလ် ကလည်း-
“စာပေလွတ်လပ်ခွင့်ဆိုတာ အခြာဘယ်လွတ်လပ်ခွင့်မှ ဒီလောက်အရေးမပါပါဘူး။ သတင်းအချက်အ လက်ဆိုတာ ဒီမိုကရေစီရဲ့ အောက်စီဂျင်ဖြစ်ပြီး၊ အဲဒီအောက်စီဂျင် ဆက်လက်တည်မြဲဖို့ဆိုတာ စာပေလွတ်လပ် ခွင့်က အဓိကကျတယ်” ဟု ဆိုခဲ့သည်။
စာပေလွတ်လပ်ခွင့်ကို မည်သည့်ရှုထောင့်မှပင် ကြည့်ကြည့် နိုင်ငံ့ကောင်းကျိုးကို ဆောင်သည်ချည်း ဖြစ်သည်။
သို့သော် လက်ရှိအရပ်သားအရေခြုံအစိုးရသည် ၎င်းတို့၏အာဏာအလွဲသုံးစားမှုများ၊ ကိုယ်ကျိုးရှာမှု များ၊ ရဟန်းရှင်ပြည်သူလူထုအပေါ် ဥပဒေမဲ့ရက်စက်စွာ နှိပ်ကွပ်ခဲ့မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ဘူးပေါ်သလိုပေါ်သွားမည်ကို အကြောက်ကြီးကြောက်နေသည်မှာ ထင်ရှားပေသည်။ ထို့ကြောင့် စာနယ်ဇင်းများအပေါ်၌ နည်းပေါင်းစုံဖြင့်ထိန်းချုပ်ရန် ခေတ်အဆက်ဆက်ကြိုးပမ်းခဲ့ကြသည်။
နောက်ကြောင်းပြန်မလှည့်ပါဘူးဟု ကမ္ဘာသို့ အကြိမ်ကြိမ်ဟစ်ကြွေးနေသော်လည်း ဥပဒေမဲ့ ထင်သလို ရမ်းကားအုပ်ချုပ်နေသော အာဏာရှင်အစိုးရ၏ ဖိနပ်အောက်၌ လူထုတရပ်လုံးသည် ထိတ်လန့်တုန်လှုပ်နေ သည်မှာ မဆန်းလှပေ။ မြွေပွေးမြွေဟောက်များကို မိမိတို့ခါးပိုက်ထဲ ပိုက်ထားမိလျှင်လည်း လူတို့ကြောက်ကြ မည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော် ကြောက်လို့ကောင်းသည် မဟုတ်ပေ။ ကြောက်တတ်လျှင် ဝန်မကင်းဘဲ ဝန်ပိတတ်သည်ကို ဆင်ခြင်သင့်ပေသည်။ မတရားသော အမိန့်အာဏာ လူထုအား အမျိုးမျိုးဖိနှိပ်ထားသော ဥပဒေများကို ဖီဆန်ဆန့်ကျင် ဖျက်သိမ်းမှသာလျှင် လူတိုင်းသည် “အိပ်နိုးချမ်းသာ” ဘဝကို ရရှိပေမည်။
မည်သို့ဆိုစေ အဂတိလိုက်စားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ အာဏာအလွဲသုံးစားမှု၊ ငါနှင့်ငါ့ဆွေမျိုး ကောင်းစားရေးမူဝါဒများ ခေါင်းမထောင်လာစေရန်အတွက် အာဏာရှင်ဆိုးတို့၏ အမှားတရားများကို ဖေါ်ထုတ် တူးစွကာ အပြစ်ရှိသူများကို တရားဥပဒေ၏ရှေ့မှောက်အရောက် ပို့ပေးရမည့်တာဝန်မှာ စာနယ်ဇင်းသမားတိုင်း ၏ သမိုင်းပေးတာဝန်ပင် ဖြစ်ပေသည်။ ထို့ပြင် စာနယ်ဇင်းလောကအား ထိန်းချုပ်ရန်အတွက် ခေတ်ပျက်စာနယ် ဇင်းသမားအတုများ၊ စီးပွားရေးကပ်ပါးများ၊ အလံရှူးဂျာနယ်သမားများ၊ အစိုးရလက်ကိုင်တုတ် အရာရှိများ၊ ဥပ ဒေသမားများ၊ လက်ရှိအာဏာပိုင်များ ပူးပေါင်း၍ မကြာမီပြဋ္ဌာန်းတော့မည့် စာပေလွတ်လပ်ခွင့်အား နားလှည့် ပါးရိုက်မည့် ပုံနှိပ်မီဒီယာဥပဒေနှင့် ဆိတ်ခေါင်းကိုချိပ်၍ ခွေးသားရောင်းစားမည့် အမြုတေစာနယ်ဇင်းကောင်စီ ကို တော်လှန်ရေးသတိဖြင့် ဝိုင်းဝန်းကန့်ကွက် ရှုတ်ချဆန့်ကျင်ကြပါဟု ကြေညာမောင်းခတ် တိုက်တွန်းလိုက်ပါ သည်။
သန်းဝင်းလှိုင်
၁၉ – ၈ – ၂၀၁၂



 Moe Ma Kha
ဘကြီးသက်
Unknown at 10:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရိုဟင်ဂျာသည် မြန်မာ့ပြဿနာဟု အမေရိကန်သံအမတ် ပြော

ရိုဟင်ဂျာအရေးဟာ သည်းမခံမှု၊ ခွဲခြားနှိမ့်ချမှုတွေ နက်ရှိုင်းတာကြောင့်လို့ အမေရိကန် သံအမတ်က ပြောပါတယ် (ဓာတ်ပုံ- Reuters)
ရိုဟင်ဂျာအရေးဟာ ကမ္ဘာကမြင်နေတာထက် ပိုပြီး မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း လူမှုရေး မညီမျှမှုများကို ဖွင့်လှစ်ဖော်ပြနေတာလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရက်မစ်ချယ်က ပြောဆိုလိုက်ပါတယ်။
အရင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆို စစ်တပ်နဲ့ အစိုးရတွေကိုသာ နိုင်ငံတကာက စွပ်စွဲရှုတ်ချခဲ့ကြတယ်။ အခု ရိုဟင်ဂျာအရေးကတော့ သူတို့ကို နိုင်ငံအတွင်း နေထိုင်ခွင့်တောင် မပေးလိုတဲ့ သာမန်လူထုတွေကြား ခွဲခြားနှိမ့်ချမှုတွေကြောင့်ဖြစ်တယ်လို့ ဒဲရက်မစ်ချယ်က The Wall Street Journal ဝေါစတြိဂျာနယ် သတင်းစာကို ပြောကြားခဲ့ပါတယ်။
“ကံအကြောင်းမလှလို့ဘဲ ဆိုပါစို့၊ ဒီကိစ္စကိုကြည့်ရင် (မြန်မာ)နိုင်ငံသားတွေကြား သည်းမခံမှု၊ ခွဲခြားနှိမ့်ချမှုတွေ နက်နက်ရှိုင်းရှိုင်း တွေ့ရတယ်။ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းရှည်ကြာ တိုက်ပွဲဝင်ခဲ့သူတွေနဲ့ တိုးတက်တဲ့အမြင်ရှိသူတွေလို့ တွေးထင်ထားသူတွေတောင် ဒီသဘောထားရှိကြတယ်” လို့ ဒဲရက်မစ်ချယ်က ပြောပါတယ်။
ရလဒ်အနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေဟာ “ကျနော်တို့ ထုံးစံ စနစ်၊ အစိုးရ၊ စစ်တပ်တွေအပေါ် စိုးရိမ်ကြောင့်ကြမှုတွေထက် ပိုကျယ်ပြန့်တယ်။ ဒီကိစ္စဟာ လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ်နေပုံရတဲ့ သည်းမခံတတ်မှုတွေကြောင့် ဖြစ်ရတာပါ။ ဆိုတော့ ဒီကနေ အကြီးအကျယ် စိတ်ပျက်စရာတွေ ပေါ်လာရတယ်။ ပြီးတော့ ငါတို့နဲ့ သူတို့ဆိုပြီး ပိုင်းခြားမှု ဒီဂရီ အရှိန်မြင့်လာခဲ့တော့တာပဲ” လို့ အမေရိကန် သံအမတ်က ပြောပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာအရေးဟာ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ မပတ်သတ်ကြောင်းလည်း ဆိုပါတယ်။
အမေရိကန် အစိုးရအရာရှိများ အနေနဲ့ နှစ်ရှည်လများ ဒုက္ခခံခဲ့ကြရတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေရဲ့ ခံစားချက်တွေကိုလည်း အလေးဂရုပြုကြောင်း၊ နိုင်ငံတကာကလည်း ရိုဟင်ဂျာတွေကိုပဲ ဇောင်းပေးဖော်ပြနေကြောင်း ဒဲရက်မစ်ချယ်က ပြောပါတယ်။ ဒါပေမဲ့ ဒါဟာ ရိုဟင်ဂျာတွေ ဒုက္ခရောက်နေတာကို မကူညီ မစာနာရဘူးလို့ အဓိပ္ပါယ်မထွက်ဘူးလို့ ဆိုပါတယ်။
“သူတို့ဟာ နိုင်ငံမဲ့တွေပါ။ ဘယ်ကိုမှ သွားလို့လည်း မရဘူး။ ဒီကိစ္စ နိုင်ငံတကာမှာလည်း ပျောက်သွားမှာ မဟုတ်ဘူး” လို့ အမေရိကန် သံအမတ်က ဆိုပါတယ်။
ဩဂုတ်လ ၁၇ ရက် လွှတ်တော်ကို ပေးပို့တဲ့ သမ္မတဦးသိန်းစိန် ပေးပို့တဲ့ သဝဏ်လွှာနဲ့အတူ ပါတဲ့ သုံးသပ်ချက်မှာလည်း ရခိုင်ဒေသ ပဋိပက္ခဖြစ်ပွားမှုမှာ ရခိုင်နိုင်ငံရေး ပါတီများ၊ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ခေါင်းဆောင်ပြီး လူမျိုးရေး မုန်းတီးမှု သွေးထိုး လှုံ့ဆော်မှုများ ပါဝင်နေကြောင်း၊ လူမျိုးရေး မုန်းတီးမှု စိတ်ဓာတ် အလွန်မြှင့်တင်ပြီး အဆင် အခြင်မဲ့စွာ တိုက်ခိုက် ဆောင်ရွက်လျက် ရှိကြောင်း ဆိုထားပါတယ်။
ဒါပေမဲ့ သုံးသပ်ချက်တွေဟာ အထောက်အထား ခိုင်လုံမှု မရှိဘဲ တဖက်သတ် စွပ်စွဲထားတယ်လို့ ရခိုင် တိုင်း ရင်းသားများ တိုးတက်ရေးပါတီ (RNDP) လွှတ်တော်ကိုယ်စားလှယ်တွေက အပြင်းအထန် ကန့်ကွက်တဲ့အပြင် လူအတော်များများကလည်း ဝေဖန်ကန့်ကွက်ကြတာမို့ အဲဒီသုံးသပ်ချက်ဟာ သမ္မတ သဘောထားမဟုတ်လို့ သမ္မတရုံးက ထုတ်ပြန်ခဲ့ရပါတယ်။
 ဧရာဝတီသတင်း
ဘကြီးသက်
Unknown at 10:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)


တစ်ချိန်က မိုးနဲစော်ဘွားအုပ်ချုပ်ခဲ့သော ဟော်နန်းရှိရာမြို့၊ ဤဖြစ်ရပ်မှန်ဇာတ်လမ်းတွင် မိုးနဲမြို့သည် အဓိကမကျ မိုးနဲမြို့တွင်နေသော ယာဉ်မောင်း ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကသာ အဓိက သရုပ်ဆောင်များဖြစ်ကြ လေသည်။ တောင်ကြီး လွိုင်လင် မိုးနဲမြို့များသို့ ကုန်စိမ်းများသယ်ယူပို့ဆောင်ပေးနေသော ဒေါင်းစိန်
၏ဂ
ျစ်ကားကို မစီးဘူးသူတော်တော်ရှားသည်။ အထူးသဖြင့် နန်းစင်ချိုတစ်ယောက် ယာဉ်မောင်း ခေါင်းစိန်ဘေး ဂျစ်ကားရှေ့ခန်းမှ လိုက်ပါလေ့ရှိကြောင်းကိုလဲ လူတိုင်းသိကြပြီးဖြစ်သည်

ဒေါင်းစိန်က မိတ္ထီလာသား၊ နန်းစင်ချိုက မိုးနဲသူ။ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ကြသည့်အကြောင်းကိုလဲ မိုးနဲတစ်မြို့လုံးအသိပင်ဖြစ်သည်။

“အစ်ကို နန်းကိုဘယ်တော့ လက်ထပ်ယူမှာလဲဟင်”

“အစ်ကို ရုန်းကန်နေရတဲ့ဘ၀ကိုလည်း နန်းအသိသားနဲ့။ နန်းကို တင့်တောင့်တင့်တယ် လက်ထပ်ယူဖို့ပဲ ကြိုးစားပြီးငွေစုနေတာလေ”

“ဒါတော့ ဒါပေါ့အစ်ကိုရယ်…ယောကျာင်္းလေးတို့ရဲ့အချစ်သည် တစ်ခဏ၊ မိန်းကလေးတို့၏ အချစ်သည် တစ်ဘ၀ဆိုတာလေးတော့ အစ်ကိုသိမှာပါ”

“အစ်ကိုက အဲ့အမျိုးအစားထဲပါနေလို့လား…”

“အဲဒီလို မဟုတ်ပါဘူး အစ်ကိုရယ်၊ နန်းတို့မိန်းမသားဆိုတာရှေ့ရေးကို မျှော်တွေးနေကြတဲ့သူတွေပါ၊ နန်းအစ်ကို့ကို ယုံပါတယ်။ နန်းကို အစ်ကိုဘယ်လောက်ချစ်တယ်ဆိုတာနန်းသိပါတယ်”

နန်းစင်ချိုရဲ့ ချိုသာသော အပြုံးလေးနဲ့ ချစ်စကားပြန်တုံပြန်လိုက်တော့ ဒေါင်းစိန် တစ်ယောက်ပီတိတွေ လွှမ်းလို့ပေါ့…

“မကြာခင် နန်း စိတ်တိုင်းကျဖြစ်စေရမှာပါ နန်းရဲ့”

မိုးနဲဈေးနေ့၊ လွိုင်လင်ဈေးနေ့ တောင်ကြီးဈေးနေ့များတွင် ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကို အမြဲလိုလို မြင်တွေ့နေကြရသည်…

တစ်ဦးအပေါ် တစ်ဦး အနစ်နာခံနားလည်မှုရှိကြပြီးအချစ်ကြီးချစ်ခဲ့ကြသော ယှာုဥှုမောင်းသမားလေး ဒေါင်းစိန်နဲ့ ဈေးသည်မလေးနန်းစင်ချိုတို့ ၃ နှစ်အတွင်းမှာပင် လက်ထပ်ခဲ့ကြသည်။

မိုးနဲတစ်မြို့လုံးကလဲ ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ဇနီးမောင်နှံကို နေနဲ့လ ရွှေနဲ့မြပုံပမာဆိုသည့် သီချင်းထဲကလိုတောင် ထောပနာပြုကြသည်။

နှစ်ဦးသား အနှစ်နှစ်အလလကြိုးစားရှာဖွေခဲ့ကြသည့်ငွေလေးနဲ့ မိဘများနှင့် အိမ်ခွဲ နေထိုင်ကြသည်။

တစ်ဦးအပေါ် တစ်ဦး နားလည်မှုပေး၊ တစ်ဦး အခက်အခဲ များကို တစ်ဦး ဖြေရှင်းပေး ဒေါင်းစိန်ကလဲ အိမ်ထောင်ဦးစီးပီပီ နေ့မနား ညမအား စီးပွားရှာ ကားဆွဲ၊ နန်းစင်ချိုကလဲ အိမ်ထောင်ရှင်မကောင်းဖြစ်အောင် နေထိုင်လေသည် ၊ သို့သော်လဲ တစ်နေ့တွင် ရှေ့သွားနောက်လိုက်ညီနေသော ဇနီးမောင်နှံအတွက် အနှောင့်အယှက်လေးတစ်ခု ၀င်ရောက်လာလေသည်…

“အစ်ကို ဒေါင်း မနက်ဖြန်လည်း အကိုဒေါင်းကားနဲ့ပဲလိုက်မှာနော်၊ ရှေ့ခန်း အစ်ကို့ဘေးမှာ နေရာချန်ထားပေး” အိမ်ရှေ့ဆီမှ အမျိုးသမီးတစ်ဦး၏ ခရာတာတာနွဲ့တဲ့တဲ့ အသံကို ကြားလိုက်ရသဖြင့် နန်းစင်ချို တစ်ယောက် ဝေ့ကြည့်လိုက်သည်။ သူအင်မတန်ချစ်သော လင်တော်မောင် ဒေါင်းစိန်ဘေး၌ ပွတ်သီးပွတ်သပ် ထိုင်နေသည့် ချောချောလှလှ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရသည်…

“ဒီနေ့တော့ ကားရေဆေးရမှာမို့ ချယ်ရီ ဒီကနေပဲဆင်းသွားတော့နော်၊ မနက်ဖြန် ချစ်ရီအိမ်ကို အကိုဝင်ကြိုမယ်”

“Ok ချယ်ရီသွားမယ်”

ဂျစ်ကားရှေ့ခန်းမှ လှုပ်လီလှုပ်လဲ့နှင့် ခပ်ယဲ့ယဲ့ဆင်းသွားသော ချယ်ရီအား စူးရှသောမျက်လုံးအစုံနှင့်ကြည့်နေသူက နန်းစင်ချို။

“ကားဆရာကြီး ဒီနားကိုခဏကြွပါအုန်း”

ရိသဲ့သဲ့စကားကြောင့် ဒေါင်းစိန်သိလိုက်ပြီဖြစ်သည်။

“အဲ့ဒီ ချယ်ရီဆိုတဲ့ကောင်မက ဘယ်ကလဲ၊ ဘာကြောင့် အစ်ကို့ဘေးနားမှာ ကပ်ထိုင်နေရတာလဲ၊ အစ်ကို့ဘေးမှာ နန်းစင်ချိုဆိုတဲ့ သူ့မိန်းမကလွဲရင် ဘယ်သူမှ ထိုင်ခွင့်မရီဘူးလေဆိုတဲ့ စကားလုံးတွေနဲ့ အစ်ကို့ကို တိုက်ခိုက်တော့မယ် မဟုတ်လား။ အခုတော့ အစ်ကို အရမ်းပင်ပန်းလာလို့ စိတ်ရှည်ရှည်ထားပေးအုံးနော်၊ နောက်တော့ အားလုံးရှင်းသွားမှာပါ နန်းရဲ့”

နန်းစင်ချို ဘာမှပင်မပြောလိုက်ရမီ ဒေါင်းစိန်တစ်ယောက် ကားရေဆေးရန်ဟုဆိုကာ ထွက်သွားလိုက်သဖြင့် စကားနည်းရန်ဆဲဖြစ်ခဲ့ရသည်။ သို့ရာတွင်လည်း နေ့စဉ်လိုလို ပတ်ဝန်းကျင်မှ အတင်းအဖျင်းလေများတိုက်ခတ်မှုကြောင့် နန်းစင်ချို ခံပြင်းစိတ်များ အုံကြွလာသည်။ ချယ်ရီဆိုသော မိန်းကလေးကိုတွေ့လျှင် အရှုပ်ကို ရှင်းမည်ဟုဆုံးဖြတ်ထားလိုက်သည်။

သို့နှင့် မည်သူမျှ အသိမပေးပဲ ဒေါင်းစိန်ရှိမည့် ဂျစ်ကားဂိတ်သို့ တစ်ဦးတည်းလိုက်သွားသည်။ “နန်း ဘာဖြစ်လို့ လိုက်လာတာလဲ၊ ချယ်ရီနဲ့ အကို ဘယ်လိုပုံစံနဲ့မှ မပတ်သက်ဘူးဆိုတာ အစ်ကိုရှင်းပြပြီးပြီလေ”

“အစ်ကိုပြောတာတွေအားလုံးကို နန်းနားလည်ပါတယ်၊ ဒါပေမယ့် အစ်ကိုရယ် အရင်တုန်းကလိုပဲ အစ်ကို ကားမောင်းနေရင် အစ်ကို့ဘေးနားမှာပဲ နန်းအမြဲလိုက်နေချင်တာ အစ်ကိုရဲ့”

“ခက်လိုက်တာ နန်းရယ် အစ်ကိုတို့ ကားသမားဆိုတာ ခုနှစ်ရက်သားသမီးနဲ့အလိုက်သင့်ပေါင်းရတယ်ဆိုတာ နန်းလည်းအသိသားနဲ့”

“ဟုတ်ပါတယ် အစ်ကိုရဲ့၊ ဒါပေမယ့်လဲ အကို့ဘေးနားမှာ ဘယ်သူမှ ထိုင်တာ မကြိုက်ဘူး”

“နန်းကလဲ ကလေးဆန်လိုက်တာ။ ကဲလာ ခုလည်းအစ်ကို လိုက်ပို့မယ်၊ အကို့ဘေးနားမှာပဲထိုင်ပေါ့၊ ရှေ့ခန်းမှာ ဘယ်မိန်းကလေးမှ မတင်တော့ဘူး ကျေနပ်လား”

နန်းစင်ချိုက ကနွဲ့ကယနှင့်ခေါင်းအသာညိတ်ပြလိုက်သည်။ ဒေါင်းစိန်တစ်ယောက် ခရီးသည်မပြည့်သော်လည်း ဂိတ်မှထွက်ခဲ့သည်။ မိုးနှင်းများကျထားသဖြင့် စိုစွတ်နေသောလမ်းပေါ်ဝယ် ဒေါင်းစိန်၏ဂျစ်ကားမှာ တရိပ်ရိပ်ပြေးလွှားရင်း တောင်တက်တောင်ဆင်းတို့တွင် ကွေ့လိုက် ပတ်လိုက်နှင့်ကျော်ဖြတ်နေကြောင်းတွေ့ရသည်

နန်းစင်ချိုမှာမူ ဒေါင်းစိန်နံဘေးမှ လိုက်ပါလာရသည်ကိုပင် ပီတိဖြာလျက် တမှေးပင်အိပ်ပျော်သွားဟန်တွေ့နေရသည်။ ခရီးသည်များကလဲ သူ့အတွေးနဲ့သူ့အရေး၊ မှေးသူကမှေး ငေးသူကငေးလို့ပေါ့။ ဂငယ်ဂွေ့တစ်ကွေ့အရောက် မမျှော်လင့်ဘဲ ကုန်တင်ကားယာဉ်ကြီး တစ်စီးကွေ့ထွက်လာသည်ကိုတွေ့လိုက်ရသော ဒေါင်းစိန်လည်း စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်ဖြင့် ကားကိုဘယ်ဘက်သို့ကွေ့ချလိုက်သည်။ အမှတ်မထင်ဖြစ်ပျက်လိုက်မှုကြောင့် နန်းစင်ချိုခမြာ ကား၏ ညာဘက်သို့လွင့်ကျသွားတော့သည်။

ကားကလဲ အရှိန်နဲ့ဖြစ်တာကြောင့် ကျသွားသော အရှိန်နဲ့ပေါင်းပြီး သွေးသံရဲရဲဖြင့် မေ့လဲသွားသော နန်းစင်ချိုအား ချက်ခြင်းပင် လွိုင်လင်ဆေးရုံသို့ အမြန်ပို့ကြသည်။ သို့သော်လဲ နောက်နေ့မနက်တွင် နန်းစင်ချို တစ်ယောက် သေဆုံးသွားကြောင်း သိကြရ၍ မိုးနဲတစ်မြို့လုံးနှင့် ဒေါင်းစိန်တို့ယူကြုံးမရဖြစ်ကြရတော့သည်။

ဒေါင်းစိန်သည် နန်းစင်ချိုအလောင်းအား မိုးနဲသင်္ချိုင်းတွင် ကောင်းမွန်စွာမြှုပ်နှံခဲ့သည်။

ရဲ့တပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုပြုလုပ်ချက် အပေါ်အခင်းဖြစ်စဉ်က ဂျစ်ကားပေါ်တွင်ပါလာသူများအားလုံးက နန်းစင်ချိုမှာ အိပ်ငိုက်နေသဖြင့် ကားရုတ်တရက်အကွေ့တွင် ကျသွားခြင်းဖြစ်ကြောင်း ထွက်ဆိုကြခြင်းကြောင့် ဒေါင်းစိန် အပြစ်နှစ် အနည်းငယ်သာ ကျခံခဲရသည်။

နေ့များသည် လျှင်မြန်စွာဖြတ်သန်းနေ၏ ဒေါင်းစိန်က ယာဉ်မောင်းအလုပ်ကိုသာ ပြန်လုပ်ကိုင်နေကြောင်းတွေ့ရသည်…တစ်ခုထူးခြားချက်က ညဘက်ရောက်လျှင် ဒေါင်းစိန်အိမ်တစ်ဝိုက်မှာ ခွေးများ အလွန် အူကြချင်းဖြစ်သည် နောက်တစ်ချက်ကမူ ဒေါင်းစိန် ကားလိုက်လို့ ကားခေါင်းခန်းတွင် အမျိုးသမီးပါလာလျှင် အနံဆိုးကြီးရခြင်း တစ်ခါတစ်ရံ ကားပေါ်မှ ဆွဲချသလိုတောင် ခံစားရသည်ဟု ပြောစမှတ်ဖြစ်လာကြသည်။

“နန်းစင်ချိုက သူ့လင် ဒေါင်းစိန်ကို ဘယ်လောက်စွဲလမ်းလဲဆိုတာနင်တို့အသိပဲလေ။ ပြီးတော့ သေရတာက အစိမ်းသေ ကျွတ်နိုင်လွတ်နိုင်ပါ့မလားဟဲ့”

“အဲဒါကြောင့် သရဲဘ၀အဖြစ်နဲ့များ သူ့အိမ်သူပြန်နေတာ နေနေမှာပေါ့”

အဲဒါကတော့နန်းစင်ချိုရဲ့ အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်သည့် နန်းကြာယုံနှင့်မြမြ၀င်းတို့၏လေသံ။

“ငါ့အထင်တော့ တို့သူငယ်ချင်း ဒေါင်းစိန်က သူ့မိန်းမကို အရမ်းချစ်တော့ ကားပေါ်ကကျသေတဲ့နေရာကနေ ခေါ်လာတာပဲဖြစ်ရမယ်”

“ဘယ်လိုပဲဖြစ်ဖြစ်ကွာ နန်းစင်ချို သရဲ ဒီအိမ်မှာရှိနေတာတော့သေချာပြီ”

“အိုကွာ ဘာပဲဖြစ်ဖြစ် ငါတို့ ချောင်းကြည့်ရအောင်”

ဒေါင်းစိန်၏သူငယ်ချင်း သံချောင်းနှင့်စိုင်ဇော်ထူးတို့၏ စူးစမ်းသံ ဒေါင်းစိန် အိမ်ပြန်မလာသော ညတည၊ မိုးနှင်းများကျပြီး အအေးဒဏ်ကလဲ လွန်ကဲချိန်ဖြစ်၍မိုးနဲတစ်မြို့လုံး တိတ်ဆိတ်နေချိန်ဖြစ်သည်။

အမှောင်ထုထဲမှာ ခွေးအူသံ တစ်ချက် ကြားရသည်နှင့် သံချောင်းတို့ ဒေါင်းစိန်၏အိမ်သို့ချဉ်းကပ်လိုက်သည်။မှောင်ပြပြမီးဖိုချောင်ဘက်မှ အသံကြားရသဖြင့်နှစ်ဦးသား အာရုံစိုက်ပြီး အကြည့် သူတို့တွက်ထားသည့်အတိုင်း နန်းစင်ချို သရဲကိုတွေ့ရလေပြီ။ ထမင်းချက်သည်၊ ပန်းကန်ဆေးသည် ရေနွေးတည်သည်၊ ရေအိုးတွေ ရေဖြည့်သည် လူဖြစ်စဉ်က လုပ်ခဲ့ပုံအတိုင်းလုပ်ဆောင်လေသည် သို့သော် ဘုရားစင်ရှိသည့်ဘက်ကိုတော့ မသွားချေ…

ထိုစဉ် ဒေါင်းစိန်ပြန်လာသည်ကို တွေ့ရသဖြင့် သံချောင်းတို့ပုန်းနေလိုက်သည်။ ဒေါင်းစိန်တစ်ယောက် သရဲ မနန်းစင်ချို ချက်ပြုတ်လုပ်ကိုင်သွားသည်များကို မတွေ့။မည်သို့မျှမမှုသည့်အပြင် ပူပူနွေးနွေး ထမင်းဟင်းများကို အားပါးတရစားနေကြောင်းတွေ့ကြသည်။

“သံချောင်းမင်းတို့ မြင်တွေ့ခဲ့တာတွေက အမှန်ပဲလား”

“မှန်ရုံတင်ဘယ်ကမလဲ ဆရာရယ် မိုးနဲတစ်မြို့လုံးကလဲ သိနေကြပြီပဲဟာ”

အထက်ပါဖြစ်ရပ်မှန်များအား သံချောင်းတို့က စာရေးသူကိုပြန်လည်ပြောပြနေခြင်းဖြစ်သည်။ သို့ကြောင့်လဲ စာရေးသူကိုယ်တိုင်ပင် ဖြစ်ရပ်မှန်များထဲသို့ စူးစမ်းလိုစိတ်နှင့်ဝင်ရောက်ခဲ့ရလေတော့သည်။

“နေစမ်းပအုန်း မင်းတို့သရဲမကိုတွေ့ရတယ်ဆိုတာက လူပုံစံနဲ့တွေ့လိုက်ရတာလား”

“အဲလိုတော့မဟုတ်ဘူး ဆရာရ၊ ဟိုအင်္ဂလိပ်ကားတွေထဲကလိုတော့ပုံစံကြီးနဲ့မတွေ့လိုက်ရဘူး အသံနဲ့လှုပ်ရှားမှုကိုပဲ သိရတာ”

“ကဲ ဒီကိစ္စကို ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ မင်းတို့လည်း ဗုဒ္ဓဘာသာတွေမလား၊ ဆရာတော်ဆီ သွားလျှောက်ကြည့်မယ်လာ”

စာရေးသူက အသက်ကြီးသူပီပီ ဆရာလုပ်ကာ မိုးနဲမြို့ဘုန်းတော်ကြီးကျောင်းသို့ရောက်ခဲ့ကြရသည်။ အိုမင်းနေပြီဖြစ်သော ဆရာတော်ကြီးမှာ ရှမ်းလူမျိုးဖြစ်ပြီး မြန်မာစကားမတက်သဖြင့် စိုင်းဇော်ထူးက စကားပြန်လုပ်ပေးရသည်။

နန်းစင်ချိုမှာ မိမိ၏လင်သားနှင့် မိမိအိမ်အပေါ်စွဲလမ်းမှု ဥပဒါန်ကြီးပါးမှုကြောင့် အစိမ်းသရဲဖြစ်နေကြောင်း၊ ဖုတ်၊ ပြိတ္တာ သရဲတစ္ဆေတို့မည်သည် အချိန်ကြာမြင့်လာလျှင် အစွယ်ပါထွက်လာပြီး တစ်ရွှာလုံးရှိ ကလေး သူငယ် လူအပေါင်းကိုဒုက္ခပေးတတ်ကြောင်း၊ နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊ ယင်းအပေါက်မှထွက်လာပြီး ရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း၊ မိမိတို့သံယာတော်များအနေဖြင့် ၀ိနည်းကိုစောင့်ထိန်းနေရသူများဖြစ်သောကြောင့် ဤကိစ္စကို မည်သို့လုပ်ဆောင်ရမည်ကို မညွှန်းပြအပ်ကြောင်း မိန့်ကြားလိုက်လေသည်။

သို့နှင့် စာရေးသူ၏ အကြံပြုချက်ဖြင့် နန်းစင်ချို၏ယောကျာင်္းဖြစ်သူ ဒေါင်းစိန်ကိုခေါ်ယူကာ မြို့ခံလူကြီးများရှေ့မှောက်တွင် မေးမြန်းကြရတော့သည်

“သံချောင်းတို့ တွေ့ခဲ့ကြတယ်ဆိုတာတွေဟာ မှန်ပါတယ်၊ ကျနော်မိန်းမ ကျနော်ဆီပြန်လာနေတာကြာပါပြီ၊ လင်ခန်းမယားခန်းအနေနဲ့လည်း လူ့ဘ၀တုန်းကလိုပဲ နေခဲ့ကြပါတယ်၊ တခြားသူတွေကို သတိမပေးဘူးဆိုတာ ကျနော့်မိန်းမ ကို ကျနော်အရမ်းချစ်ပါတယ်၊ သူနဲ့ခွဲလိုက်မှာစိုးပါလို့ပါ”

ဒီတော့ စာရေးသူက တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒါဟာ ဒီတိုင်းဆိုရင် ရှေ့ရေးမမြင်ရသေးတဲ့ ဒုက္ခတွေများတယ် သူဒုက္ခဖြစ်နိုင်တယ်

ကဲ ဒေါင်းစိန် ဒီအခြေအနေကျမှတော့ မဖြစ်တော့ဘူး၊ မြို့နာမည် ရွှာနာမည်ဆိုတာကို ငဲ့ပြီး လူကြီးတွေ စီစဉ်တာကို မင်းလိုက်နာရတော့မှာပေါ့လို့

စာရေးသူက ခက်ပြတ်ပြတ်ပြောလိုက်မှ စကားပြတ်သွားသည်။ သို့နှင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပြီး ဆိုင်ရာပိုင်ရာ ကွင်းပိုင် နယ်ပိုင် သင်္ချိုင်းစောင့်အပါအ၀င် ပုဂ္ဂိုလ်အားလုံး၏ ခွင့်ပြုချက်နှင့်အတူ နန်းစင်ချို၏ အလောင်းကို ဖော်ယူရန် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစီစဉ်ကြတော့သည်။

မြို့နယ်အတွင်းရှိ ရွှာနီးစပ်များမှ ဒီသတင်းကို ကြားသိသွားကြရာမှ အလောင်းဖော့်မည့်နေရတွင် ဆိုင်ခန်းများပင် ရောင်းရလျှက် စည်ကားနေကြောင်း တွေ့ရသည်။ နန်းစင်ချို၏ ယောကျာင်္းဖြစ်သူ ဒေါင်းစိန် နှင့် သူ၏သူငယ်ချင်းများဖြစ်ကြသော သံချောင်း စိုင်းဇော်ထူးတို့နှင့်အတူ စာရေးသူပါ စိတ်ဝင်တစားကြည့်ရူ့လေ့လာကြသည်။

နန်းစင်ချို၏အခေါင်းပုံကို ပံမပျက်စေရန် မြေကိုတူးစွမတင်ကြပြီး မီးရို့နိုင်ရေးအတွက် ထင်းပုံပေါ်သို့တင်လိုက်ကြသည်။

“နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊ ယင်းအပေါက်မှထွက်လာပြီး ရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း” ဆရာတော် မိန့်ကြားခဲ့သည့်အတိုင်း ကြည့် ကြည့်မိရာ အခေါင်း၏ ခေါင်းရင်း ဘက်တွင် အပေါက် ငယ် တစ်ပေါက်ကိုတွေ့လိုက်ကြရသဖြင့် ကြည့်ရှု့သူအားလုံး တအံ့တသြဖြစ်သွားကြရသည်။

သေချာနေပြီဖြစ်သောကြောင့် သံချောင်းတို့အုပ်စုသည် အလောင်းအား ဓာတ်ဆီလောင်းကာ မီးရှို့လိုက်ကြလေတော့သည်…

မီးတောက်များနဲ့အတူ နန်းစင်ချိုအားချစ်ခဲ့ရသည့်အချစ်မီးတောက်များမှာလည်း ဒေါင်းစိန်၏ ရင်တွင်းဝယ် တောက်လောင်နေမည်မှာလည်း မလွဲဧကန်ပင်ဖြစ်မည်ဆိုခြင်းကို ငြင်းချက်ထုတ်စရာပင်မလိုတော့။

ထိုနေ့ ထိုရက်များမှ စပြီး မိုးနဲမြို့၌တစ္ဆေမလေး နန်းစင်ချိုအကြောင်း မည်သို့မည်မျှ မကြားရသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ချိမ့်မည်။
ဤကားစာရေးသူကိုယ်တိုင်ကြုံတွေ့ခဲ့ရသော

ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လေ၏


ဘကြီးသက်
Unknown at 9:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

့သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့်



့
သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင
့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကြည့်မြင်တိုင် ကမ်းနားလမ်း သီရိမင်္ဂလာ ဈေးဟောင်းအနီး ရပ်ကွက် အချို့ ရေ၀င်ရောက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်ပွားခဲ့ရသည့် အကြောင်းအရင်းမှာ အေးရှားဝေါ ဆိပ်ကမ်းမှ ရန်ကုန်မြစ်ထွက် ရေမြောင်းအား ပိတ်၍ ကွန်ကရစ်လောင
်း ပိတ်ဆို့ ထားမှုကြောင့်ဖြစ်သည်ဟု ယူဆကာ ဂဠန်ရပ်ကွက်နှင့် ကရင်ခြံ ရပ်ကွက်မှ ရပ်ကွက်နေ လူအင်အား ၂၀၀ ကျော်ခန့် က ဆန္ဒထုတ်ဖော်ပြီးပိတ်ဆို့ ထားသော ရေမြောင်းအား ပြန်လည် ဖွင့်လှစ်ပေးရန်တောင်းဆိုခဲ့ကြောင်းသိရသည်။ ဆန္ဒပြတောင်းဆိုမှုကြောင့် အေးရှားဝေါဆိပ်ကမ်းသို့ ကုန်တင်ပို့ သယ်ဆောင် ရန်လာသော ကုန်တင်ယာဉ်များမှ လမ်းပိတ်ဆို့  ရပ်တန့် ထားခဲ့မှုကြောင့် ကမ်းနားလမ်း တလျှောက် ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ပွားခဲ့သည်။ ယနေ့ ည ၈ နာရီခန့် တွင် အေးရှားဝေါဆိပ်ကမ်းမှ ၄င်းတို့ ကွန်ကရစ်လောင်း ထားသောရေမြောင်းအား ပြန်လည်ဖယ်ရှားပေးနေပြီဖြစ်ကြောင်းသိရသည်။ သတင်း - သူရထွန်း ဓါတ်ပုံ - ကိုတင်ဝင်း ( ဒဂုံတက္ကသိုလ် )

ဘကြီးသက်
Unknown at 9:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့ဆက်သွယ်ရေး ပုံစံပြောင်းမည်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ဖျက်သိမ်းတော့မည်ဖြစ်ပြီး ယင်းနေရာတွင် ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဟူသောအမည်ဖြင့် ပြောင်းလဲ ဖွဲ့စည်းထားပြီ ဖြစ်သည်။

ဆက်သွယ်ရေးကဏ္ဍကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအစား ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဆက်လက် ချုပ်ကိုင်မည် (ဓာတ်ပုံ- Reuters)


အသစ် ပေါ်ထွက်လာမည့် ဆက်သွယ်ရေး ကော်ပိုရေးရှင်း၏ လက်အောက်တွင် အော်ပရေတာ ဆက်သွယ်ရေး ကုမ္ပဏီလေးခုကို ထားရှိသွားမည် ဖြစ်ပြီး ယင်းတို့မှာ မြန်မာ တယ်လီကွန်း ကုမ္ပဏီ၊ ရတနာပုံ တယ်လီကွန်း ကုမ္ပဏီနှင့် အခြား နိုင်ငံခြားကုမ္ပဏီ နှစ်ခုတို့ဖြစ်ကြသည်။

ပြောင်းလဲ ဖွဲ့စည်းမည့် ဆက်သွယ်ရေး ကော်ပိုရေးရှင်းနှင့် ၄င်း၏ လက်အောက်ရှိ ပုဂ္ဂလိက အော်ပရေတာ လေးခုကို အစိုးရ၏ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများနှင့် အညီ ကွပ်ကဲမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ပြောင်းလဲမှုသည် ပုဂ္ဂလိကပိုင်စနစ်သို့ တိုက်ရိုက်သွားသည့် ပုံစံမဟုတ် ဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် မြန်မာ တယ်လီကွန်း ကုမ္ပဏီ ပါဝင်နေခြင်းနှင့် အစိုးရဌာန ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီတို့ပါဝင်နေခြင်းက ဆက်သွယ်ရေးကဏ္ဍကို ယခင်အတိုင်း ဆက်လက် ချုပ်ကိုင်လွှမ်းမိုးမှု ရှိနေဦးမည် ဆိုခြင်းကို ပြသနေကြောင်း  ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းများကို စောင့်ကြည့် လေ့လာနေသူများက ရှုမြင်သုံးသပ်ကြသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုတိယ ညွန်ကြားရေးမှူး ဦးသန်းထွန်းအောင်၏ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံတကာ ဘဏ္ဍာရေးဥပဒေ သုံးသပ်ချက် (International Financial Law Review – IFLR) အွန်လိုင်း သတင်းက မတ်လတွင် ရေးသားဖော်ပြရာ နိုင်ငံခြားကုမ္ပဏီ နှစ်ခုကိုလည်း အော်ပရေတာ လုပ်ငန်းအတွက် လိုင်စင်ထုတ်ပေးရန်ရှိသော်လည်း ဆက်သွယ်ရေးလုပ်ငန်းဥပဒေသစ် ရေးဆွဲပြဌာန်းပြီးမှ ဖြစ်နိုင်ကြောင်း သိရသည်။
လိုင်စင်ထုတ်ပေးရာတွင် မိုဘိုင်းဆက်သွယ်ရေးစနစ်နှင့် ဝန်ဆောင်မှု အရည်အသွေး၊ ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာတို့အပေါ် မူတည်ကြောင်း ဦးသန်းထွန်းအောင်က ဆိုသည်။

မေရီကို
Irrawaddy
August 23, 2012
http://burma.irrawaddy.org/archives/18437

ဘကြီးသက်
Unknown at 9:05 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရိုဟင်ဂျာ တို့အတွက် သတင်းကောင်း

ဩစတေးလျ နိုင်ငံက သူတို့ နိုင်ငံတွင်းမှာဒုက္ခသည် အရေအတွက်ကို တိုးပြီး ခိုလှုံခွင့် ပေးမယ်လို့ ဝန်ကြီးချုပ်က ကြေညာပါတယ်။ ဩစတေးလျ နိုင်ငံက ကျွမ်းကျင်သူ တွေနဲ့ ဖွဲ့စည်း ထားတဲ့ အဖွဲ့ရဲ့ အကြံပြုချက် အရ ဒုက္ခသည် အရေ အတွက်ကို လက်ရှိ ၁၃၇၅၀ ကနေ ၂၀ဝ၀ဝ လောက် အထိ တိုးပြီး လက်ခံသွားမယ်လို့ ဆိုပါတယ်။

ဒါဟာ နှစ်ပေါင်း ၃၀ လောက် အတွင်းမှာ၄၅ ရာခိုင်နှူန်း အထိ တိုးပြီး လက်ခံတာ ဖြစ်တယ်လို့ဩစတေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ်က ပြော ပါတယ်။

မကြာသေးခင် ကလည်း နိုရူးနဲ့ ပီလန်ဂျီက ခိုလှုံခွင့် တောင်းခံ လာသူ တွေအတွက် ကမ်းလွန်က ကျွန်းတွေ ပေါ်မှာ ရှိတဲ့ စိစစ်ရေး စခန်းတွေကို ပြန်ဖွင့် ပေးဖို့ ဥပဒေပြု အမတ်တွေက အတည်ပြု ပေးလိုက်ကြ ပါတယ်။

ဒါတွေဟာ ဩစတေးလျ နိုင်ငံမှာ ခိုလှုံခွင့် ရနိုင်ဖို့ ကြိုးစားသူတွေ အနေနဲ့ အန္တရာယ် များလှတဲ့ ပင်လယ်ပြင်ကို လှေနဲ့ဖြတ်ပြီး လာနေ ကြတာတွေ လျော့ကျ သွားနိုင်ဖို့ ဖြစ်ပါတယ်။

ခိုလှုံခွင့် လိုချင်သူတွေကို တရားဝင် လမ်းကြောင်းတွေက နေသွားကြဖို့ ကို တွန်းအားပေး သလို ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက လှေနဲ့ကူးပြီး လာကြလည်း ဘာမှ ပိုပြီး အခွင့်အရေးမရ နိုင်ဘူး လို့ သိအောင်လုပ်တဲ့ သဘောပါ။

အခုလို လူသားချင်း စာနာတဲ့ အနေနဲ့ ခိုလှုံဖို့ လာကြသူ တွေကို ပိုလက်ခံတာနဲ့ စိစစ်ရေး စခန်း တွေ ပြန်ဖွင့် ပေးကြတာ ကတော့ လွတ်လပ်တဲ့ အကြံပေး အဖွဲ့က ဒီလ အစောပိုင်းက တင်ပြခဲ့တဲ့ အကြံပြုချက် ၂ ၂ချက်ထဲက တစ်ခု ဖြစ်ပါတယ်။

ဩစတေးလျ နိုင်ငံကို ခိုလှုံဖို့ လာကြသူ တွေဟာ ဩစတေးလျ အနောက် မြောက်ဘက် ကမ်းရိုးတန်းက ခရစ္စမတ်စ် ကျွန်းဆီကို ဦးတည် ကြတာ များပါတယ်။

လူတွေ အပြည့် မတန်တဆ တင်ထားတဲ့ ခနော်နီ ခနော်နဲ့ လှေတွေနဲ့ ပင်လယ်ကူးပြီး အန္တရာယ်တွေကြားက လာကြတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇွန်လ တုန်းကဆိုရင် လူ ၂၀ဝ လောက် တင်လာတဲ့ လှေတစင်း ကျွန်းနား ရောက်ကာနီးမှ နစ်မြုပ် သွားခဲ့ ပါတယ်။

အဲဒီနစ်မြုပ်မှုက သတင်းတစ်ပတ် အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ခဲ့တာကြောင့် ခိုလှုံခွင့်နဲ့ ပတ်သက်လို့ ပါလီမန် အတွင်းမှာပါ ပြန်လည် ဆွေးနွေး ကြရတဲ့ အထိ ဖြစ်သွား ပါတယ်။

နိုရူး စခန်း မှာ စက်တင်ဘာ လကုန်ပိုင်းက စပြီး လူ ၅၀ဝ လောက်အထိ လက်ခံသွားမယ်၊ ပါပူဝါ နယူးဂီနီ စခန်းမှာ လိုအပ်မှုနဲ့ ပတ်သက်လို့ အခု သီတင်းပတ်မှာ ညှိုနှိုင်းမှုတွေ စပြီလို့ သြစတေးလျ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ခရစ္စ ဘိုဝင်က ပြောပါတယ်။

အခုကိစ္စအတွက် ဩစတေးလျ အစိုးရဟာ UNHCR နဲ့လည်း ညှိုနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဂျော်ဒန်၊ တူရကီ နဲ့ လက်ဘနွန်တို့ က ဒုက္ခသည် စခန်း တွေမှာ ရှိနေတဲ့ ဆီးရီးယား နဲ့ အီရတ် ဒုက္ခသည်တွေကို အခု ပိုမို လက်ခံမယ့် သူတွေ အထဲမှာ ထည့်သွင်းမယ်လို့ လည်း ခရစ္စဘိုဝင် က ပြောပါတယ်။

သီရိလင်္ကာ က ဒုက္ခသည်တွေ ကိုလည်း ဆက်ပြီး လက်ခံသွားမယ့် အပြင် မြန်မာ မလေးရှား၊ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံ တို့က ဒုက္ခသည်တွေကိုလည်း ဆက် ပြီး လက်ခံသွားမယ်လို့သူက ပြောပါတယ်။

သြစတြေးလျ နိုင်ငံမှာ မြန်မာဒုက္ခသည် အများအပြားရှိပြီး သြစတြေးလျ အစိုးရအတွက် အလုပ်အကျွးပြုလျှက် ရှိကြပါတယ်။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ပြည်ပမှ မြန်မာများကို ပြန်လာဖို့ အကြိမ်ကြိမ် ခေါ်ခဲ့ပေမယ့် နိုင်ငံခြားမှာ အခြေတကျနဲ့ အဆင်ပြေနေတဲ့ ဒုက္ခသည်များကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်ဖို့ စိတ်ကူးမရှိတာကြောင့် အကြောင်းပြချက် အမျိုးမျိုးပေးပြီး တစ်ယောက်မှ မပြန်ကြသေးပါဘူး။

သြစတေးလျနိုင်ငံရောက် မြန်မာဒုက္ခသည်
အောင်ကျော်နိုင်၊ တိုးနန္ဒ နှင့် ငယ်နိုင် ( www.nge-naing.blogspot.com)

၎င်း တို့ဟာ ကိုယ်တိုင် တိုင်းပြည်အတွက် ဘာမှ မလုပ်ပဲ တိုင်းပြည် အပြင်မှာ နေနေကြပေမယ့် တိုင်းပြည်ထဲက အလုပ်လုပ်နေသူများကိုတော့ အမြဲ ဝေဖန်အပြစ်တင်လျှက် ရှိကြောင်း သိရပါတယ်။

Myanmar Express

ဘကြီးသက်
Unknown at 9:05 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.