Wednesday, August 1, 2012

ကိုင်းတန်း ပျံကျဈေး မပြောင်းရရေး ဈေးသည်တွေ ဆန္ဒထုတ်ဖော်


ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒထုတ်ဖော် ခဲ့ကြသော ဈေးသူ ဈေးသားများ
မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ၈၄ လမ်းနှင့် ၈၅ လမ်းကြားမှာရှိတဲ့ ၂၉ လမ်းပေါ်ရှိ ညဘက် ဈေးရောင်းချနေကြတဲ့ ကိုင်းတန်း ပျံကျဈေးကို ၄၁ လမ်း ကမ်းနား
လမ်းထောင့် ကုန်စိမ်းဈေးသစ်ဆီသို့ ပြောင်းရွှေ့ပေးရမယ် ဆိုတာကြောင့် ဈေးနေရာ မပြောင်းရရေးအတွက် ဈေးသူ ဈေးသားတွေ စုပေါင်းပြီး ဇူလိုင်လ ၃၀ ရက်နေ့က
ဆန္ဒ ထုတ်ဖော် ခဲ့ကြပါတယ်။ ဆန္ဒ ထုတ်ဖော်ကြတဲ့ ဈေးသူ ဈေးသားတွေဟာ ည ၁၀း၀၀ နာရီခန့်က စတင်ပြီး ကိုင်းတန်း ပျံကျဈေးတန်းမှာ ငြိမ်းချမ်းစွာ စီတန်း၍
လှည့်လည် ဆန္ဒ ထုတ်ဖော် တောင်းဆို ခဲ့ကြတာဖြစ်ပြီး မြို့တော် စည်ပင်က သက်မှတ်ပေးထားတဲ့ ကုန်စိမ်းဈေးသစ်ကို မပြောင်းရွှေ့ချင်တဲ့ အကြောင်းအရင်းတွေကို
ရှင်းပြ ခဲ့ပါတယ်။ မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေနဲ့ ဈေးနေရာ ပြောင်းရွှေ့ရာမှာ ဈေးသူ ဈေးသားတွေရဲ့ဆန္ဒကို ခံယူခြင်းမရှိပဲ ပြောင်းရွှေ့ခိုင်းတာ
ဖြစ်တယ်လို့ ဈေးသူ ဈေးသားတွေက ပြောဆို နေကြပါတယ်။

ဘကြီးသက်
Unknown at 12:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘကြီးသက်ဆိုဒ်မှ တစ်ပါတ်အတွင်း လူကြိုက်အများဆုံး ပို့စ်များ


သူတို့ ပြောတဲ့ သဇင် အကြောင်း
Jul 19, 2012, 3 comments
2,192 Pageviews
ဇာတ်လမ်းမဟုတ်တဲ့ ရိုက် ကွင်းပေါ်က မင်းသမီး တစ်ယောက်...
Apr 2, 2012, 1 comment
950 Pageviews
ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဇင်ဝိုင်း ဘာလုပ်နေလဲ?(၂)
May 1, 2012, 3 comments
508 Pageviews
နိုင်ငံခြားရောက်မိန်းခလေးများသတိထားကြပါ
Jul 22, 2012
492 Pageviews
အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေ...
Jun 28, 2012

ဘကြီးသက်
Unknown at 12:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစိုးရ အဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုစာရင်း ကောက်ပြီဟုဆို


ဇူလိုင်လ ၃၁ ရက်။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းမြင့်က ဇူလိုင်လ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ပေါ်စေရေးအတွက် အစိုးရ အဖွဲ့ဝင်များအနေနဲ့ ပိုင်ဆိုင်မှု ပစ္စည်းများနဲ့ အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာကြပြီး မှတ်တမ်းတင်ထားရန် အဆိုကို တင်ပြပြီးနောက်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရ အဖွဲ့ဝင်များအားလုံး စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပြုစုတင်ပြကြရန် အမိန့်တစ်ရပ် ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ တင်ပြကြရမယ့် အစိုးရအဖွဲ့ဝင်များမှာ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ ပါဝင်တယ်လို့ အဲဒီအမိန့်စာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ပိုင်ဆိုင်မှု တင်ပြရမယ့်စာရင်းမှာ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများ ပါဝင်ပြီး ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းမှာ မော်တော်ယာဉ်၊ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားနဲ့ ဝတ်ဆင်ရန် ရတနာများ၊ စီးပွားရေးလုပ်ငန်း၊ စုဆောင်းထားရှိတဲ့ ငွေပမာဏ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းမှာ မြေ၊ အိမ်၊ အဆောက်အအုံများ တင်ပြရမှာဖြစ်ပြီး၊ ကြွေးမြီနဲ့ အခြားအထွေထွေပိုင်ဆိုင်မှုများ ရှိပါကလည်း တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

ရတနာပုံ သတင်း - BY YATANARPON

ဘကြီးသက်
Unknown at 12:04 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိမိ၏ ကျန်းမာရေးနှင့် အသက်အရွယ်ကြောင့် ၂၀၁၅ ခုနှစ်အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း CNA နှင့် CNA အင်တာဗျူးတွင် နိုင်ငံတော်သမ္မတ ထုတ်ဖော်ပြောကြား


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို Channel News Asia မှ Indochina Bureau Chief ဖြစ်သူ Anasuya Sanyal က တွေ့ဆုံ မေးမြန်းနေစဉ်
မိမိ၏ ကျန်းမာရေး အခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း Channel News Asia ရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် ပြီးခဲ့သည့်ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်ခဲ့သော ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း CNA ရုပ်သံဌာန၏ အင်တာဗျူးအစီအစဉ်ကို လက်ခံပြီး တွေ့ဆုံဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ ရုပ်သံအင်တာဗျူးအစီအစဉ်ကို Channel  News  Asiaက ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြန်လည်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါသည်။
ယင်းအစီအစဉ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြည် ပခရီးစဉ်အတွင်း ပြည်ပမှ ရုပ်သံသတင်းဌာနတစ်ခုနှင့် ပထမဆုံးသီးခြား တွေ့ဆုံမှုတစ်ခုလည်း ဖြစ်ခဲ့ပါသည်။ Channel  News  Asia နှင့် အင်တာဗျူးကဏ္ဍတွင် နိုင်ငံတော်သမ္မတအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သုံးသပ်ချက် အမြင်များ၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် ပတ်သက်သည့်အမြင်များ၊ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့်အမြင်များ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ချက်အပေါ် အမြင်များ၊ နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုအပေါ် အမြင်များပါဝင်သည့် ဖြေဆိုမှုများကို ပြုလုပ်ခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် Channel  News Asia တို့၏ အင်တာဗျူးအစီအစဉ်တွင် ပါဝင်သော အမေး၊ အဖြေကဏ္ဍကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
CNA - နိုင်ငံတော်သမ္မတကြီးကို ပြုပြင်ပြောင်းလဲရေးသမား၊ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတဲ့သူလို့ အများက ပြောကြတယ်။ ဒီလိုသုံးသပ်မှုတွေကို ဘယ်လိုမြင်ပါသလဲ။ ဒီလိုသုံးသပ်တာ မှန်ပါသလား။ သမ္မတကြီးရဲ့အမြင်ကို သိရှိလိုပါတယ်။ 
နိုင်ငံတော်သမ္မတ - ပြုပြင်ပြောင်းလဲရေးကိစ္စက တစ်ကယ်တော့ ပြည်သူလူထုရဲ့ ဆန္ဒကိုလိုက်ပြီးတော့ ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ စနစ်ကလည်း ပြောင်းလာပြီ။ စနစ်ပြောင်းလာတဲ့အတွက် ပြည်သူလူထုက နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု တွေကို လိုအပ်လာတယ်။ တောင်းဆိုလာတယ်။ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်တောင်းဆိုလာတယ်။ ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးတဲ့သဘော ဖြစ်ပါတယ်။ ဘာကြောင့် ပြည်သူရဲ့ဆန္ဒကို လိုက်လျောပေးရသလဲဆိုရင် ကျွန်တော်တိုက ပြည်သူလူထုက ရွေးချယ်ထားတဲ့ အစိုးရဖြစ်နေလို့ပါ။ စနစ်ကလည်း ပြောင်းသွားပါပြီ။ ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူလူထုရဲ့ဆန္ဒကို လိုက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။
CNA - နိုင်ငံတော်သမ္မတကြီးက မြစ်ဝကျွန်းပေါ် ဧရာဝတီဒေသမှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ တချို့တွေပြောနေကြတဲ့ သတင်းတစ်ခုကပေါ့။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ၂၀၀၈ မှာဖြစ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းပြီးတော့ ဒီဒေသကို သွား ရောက်ပြီး ဒေသမှာရှိတဲ့ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေတာကို မျက်မြင် ကိုယ်တွေ့ တွေ့ပြီး နိုင်ငံတော်ကို အခုလျှောက်လှမ်းနေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို လုပ်ရမယ်ဆိုတဲ့ အမြင်ပြောင်းလာတယ်လို့ ပြောပါတယ်။ ဒါကိုရော သမ္မတကြီးအမြင် အနေနဲ့ အဲဒါကိုမှန်ပါသလား။ 
နိုင်ငံတော်သမ္မတ - ကျွန်တော့်ကို ဧရာဝတီတိုင်းက သာမန်မိဘနှစ်ပါးက မွေးဖွားလာတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဧရာဝတီတိုင်းက ဘာပဲဖြစ်ဖြစ်ကျွန်တော့်ရဲ့ ဇာတိဖြစ်ပါတယ်။ နောက် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကြုံတွေ့ရတဲ့အခါမှာ ကျွန် တော်ကလည်း ဒီဒေသကို ပြန်လည်ထူထောင်ပေးဖို့အတွက် ကယ်ဆယ်ရေးတွေ လုပ်ပေးဖို့အတွက် တာဝန်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဒေသကို ကူညီရေးတွေ၊ ကယ်ဆယ်ရေးတွေ၊ ပြန် လည်ထူထောင်ရေးတွေ လုပ်ပေးတာလည်း ပါပါတယ်။ ကိုယ့်ဒေသဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပိုပြီးတော့ လုပ်ပေးချင်တဲ့ဆန္ဒ ဖြစ်မိပါတယ်။ သို့သော်လည်း ဒီပြုပြင်ပြောင်းလဲရေးလုပ်တာမှာ ဒီကိစ္စတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံးကို ကျွန်တော်တို့ ရောက်ရှိပါတယ်။ ပြည်သူများနဲ့လည်း ထိတွေ့ပါတယ်။ ဒီအတွေ့အကြုံတွေအရ ဒီအချိန်မှာတော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့လိုအပ်တယ်ဆိုပြီးတော့ အားလုံးအတွက် ဒီလိုလုပ်တာဖြစ်ပါတယ်။ ဧရာဝတီတိုင်းရဲ့ အတွေ့အကြုံ တစ်ခုတည်းနဲ့တော့ မဟုတ်ပါဘူး။ 
CNA - မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးပါပြီ။ ဆက်ပြီးတော့ ထိတွေ့ဆက်ဆံမှုတွေ တွေ့နေရပါတယ်။ အဲဒီအခါမှာ နိုင်ငံတော်သမ္မတကြီးရဲ့ ခံစားမှုရယ်၊ နောက်ဒီလိုတွေ့တဲ့အခါမှာ နိုင်ငံတော်သမ္မတကြီးနဲ့ သူနဲ့ ဘယ်လိုအချက်တွေမှာ တူညီမှုရှိပြီးတော့ ဘယ်လိုအချက်တွေမှာ သဘောထား ကွဲလွဲမှုတွေ ရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ သိလိုပါတယ်။
နိုင်ငံတော်သမ္မတ - ပထမဆုံးပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင်ယူပေးတဲ့ National Hero ရဲ့ သမီးတစ်ယောက် ဖြစ်ပါတယ်။ ဒီအတွက်ဖြစ်တာကြောင့် အစကတည်းက ဂုဏ်ယူတဲ့စိတ် ရှိနေပါတယ်။ တပ်မတော်အစိုးရလက်ထက်မှာတော့ နိုင်ငံရေးအပိုင်းတွေမှာ သူနဲ့ တပ်မတော်အစိုးရက အုပ်ချုပ်တဲ့ အစိုးရပိုင်းကတည်းက နည်းနည်းလေး ဆန့်ကျင်ဘက်တွေ ရှိပါတယ်။ ပြောရမယ်ဆိုရင် နှစ်ပေါင်းနှစ် ဆယ်ကျော်လောက်က တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းဆန့်ကျင်နေတဲ့သဘော ရှိပါတယ်။ သို့သော်လည်းပဲ သူကလည်း ဒီမိုကရေစီ ဖော်ဆောင်ရေးကို ကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ အခု ကျွန်တော်တို့က ဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့ ကျင့်သုံးလိုက်တဲ့အခါမှာ သူနဲ့ပူးပေါင်းပြီး ဆောင်ရွက်နိုင်တဲ့ကိစ္စတွေကို ပူးပေါင်းပြီးဆောင်ရွက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆုံးဖြတ်ပြီးတော့ သူ့ကို နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ရအောင် ဒါတွေ ကျွန်တော်တို့ ဆောင်ရွက်ပေးတယ်။ ပြီးတော့မှ သူနဲ့ကျွန်တော်တို့တွေ့တယ်။ တွေ့ပြီးတော့မှ သူနဲ့ကျွန်တော်တို့ တူညီတဲ့အချက်တွေ၊ တူညီတဲ့ အချက်တွေဆိုတာ မြန်မာနိုင်ငံကို ခုနကလို ဖွံ့ဖြိုးတိုးတက်အောင်၊ စီးပွားရေးတိုးတက်အောင်၊ နိုင်ငံရေး တွေ တည်ငြိမ်အောင် ဒီလိုလုပ်မယ့် အချက်တွေ ဘုံတူညီတဲ့အချက်တွေကို လက်တွဲပြီး လုပ်ကြရအောင်ဆိုပြီး ညှိကြတဲ့အခါမှာ သူလည်းသဘော တူပါတယ်။ သို့သော်လည်း တချို့ကွဲပြားခြားနားတဲ့ အချက်တွေကတော့ ရှိမှာပါ။ ဒါတွေကိုတော့ ဘေးမှာအသာဖယ်ထားပြီးတော့ သူနဲ့ခုနကလို မြန်မာနိုင်ငံဘုံအကျိုးစီးပွားဖြစ်တဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကိစ္စ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စတွေကို အတူတကွ ပူးပေါင်းလက်တွဲလုပ်ဖို့ သဘောတူညီချက်တွေ ရခဲ့ပါတယ်။ ခုနမေးခွန်းထဲမှာ မတူညီတဲ့အချက်တွေကတော့ သိပ်အထွေအထူးတော့ မရှိပါဘူး။ မတူတာကတော့ ကျွန်တော်တို့က နိုင်ငံကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အတွက် ပိတ်ဆို့မှုတွေကို ကျွန်တော်တို့က ဖြေလျော့ပေးစေချင်တယ်။ လုံးဝ ရုပ်သိမ်းပေးစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာကိုလှည့်ပြီး ပြောတဲ့၊ တွေ့တဲ့အထဲမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေကို ချက်ချင်းမလာဖို့၊ စဉ်းစဉ်းစားစားနဲ့ လုပ်ဖို့ဆိုတာတွေက ဒီအချက်တွေကတော့ ကွဲ ပြားခြားနားမှု ရှိပါတယ်။ သို့သော်လည်း ဒါတွေက ညှိနှိုင်းလို့ရတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ 
CNA - တပ်မတော်ထဲမှာလည်း ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ အဖွဲ့တွေရှိ သလို၊ ရှေးရိုးစွဲနေတဲ့ အဖွဲ့တွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်ဘက်မှာလည်း စံနှုန်းတွေကို အလေးထားတဲ့သူတွေ ရှိသလို၊ လက်တွေ့ကျတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီး အကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို လိုလားတယ်ဆိုရင် ဒီလိုသဘောထားမတူတဲ့ အဖွဲ့နှစ်ခုကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်နိုင်ဖို့ သမ္မတကြီးအနေနဲ့ လုပ်နိုင်မလား။ အလားတူ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ဘက်အုပ်စု နှစ်စုကို အောင်မြင်စွာ ထိန်းသိမ်းဆောင်ရွက်သွားနိုင်မလားဆိုတာကို သိရှိလိုပါတယ်။ 
နိုင်ငံတော်သမ္မတ - ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ ရှေးရိုးစွဲပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ နောက်ပြီးတော့ တိုးတက်တဲ့အမြင်ရှိတဲ့ လူငယ်တွေလည်း ရှိပါတယ်။ တပ်မတော်ထဲမှာလည်း အလားတူ ရှိမှာဖြစ်ပါတယ်။ နောက်ကျွန်တော် တို့ရဲ့ အစိုးရအဖွဲ့ထဲမှာလည်း ရှိမှာဖြစ်ပါတယ်။ ဒီဟာတွေက တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ မူတည်တာဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြသွားရင်းနဲ့ ဆန့်ကျင်သဘောထားအမြင်ရှိတဲ့သူတွေက နောက်ကအလိုလို လိုက်ပါလာမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီလိုပဲ ယုံကြည်ထားပါတယ်။ 
CNA - ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့အမည်ကို တရားဝင်မြန်မာလို့ ခေါ်ဝေါ်သုံးစွဲနေပါတယ်။ တချို့ကလည်း အရင်ကတည်းက ခေါ်ဝေါ်တာကိုစွဲပြီးတော့ Burma လို့ ခေါ်ဝေါ်သုံးစွဲတာတွေ ရှိနေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ 

တစ် အချက်ကတော့ ကိုယ့်တိုင်းပြည်ရဲ့ အကျိုးစီးပွားကို မထိခိုက်၊ မနစ်နာစေဖို့ပါ။ ဒုတိယအချက်ကတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေဖို့ပါ။ တတိယအချက်ကတော့ အချုပ်အခြာအာဏာကို ၀င်ရောက်ပြီးတော့ စွက်ဖက်တာတွေပေါ့။ အချုပ်အခြာအာဏာကို မထိခိုက်စေဖို့ပါ။ နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို မပျက်ယွင်းစေဖို့ဆိုပြီး ဒီမူဝါဒလေးရပ်ချမှတ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပါတယ်။ . . .
နိုင်ငံတော်သမ္မတ - ကျွန်တော့်ရဲ့ အမြင်ကိုပြောရမယ်ဆိုရင် ဥပမာ ခင်ဗျားရဲ့နာမည် ရှိပါတယ်။ ခင်ဗျားနာမည်မခေါ်ပဲနဲ့ အခြားနာမည်ခေါ်ရင် စိတ်ထဲဘယ်လိုရှိမလဲ။ ကျွန်တော်တို့လည်း ဒီအတိုင်းပါပဲ။ မြန်မာနိုင်ငံဆိုပြီး သတ်မှတ်ထားတယ်။ အ ခြားနာမည် ခေါ်ရင်တော့ စိတ်ထဲမှာ မကြိုက်ဘူးပေါ့။ မကောင်းဘူးပေါ့။
CNA - မြန်မာနိုင်ငံက သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အများကပြောကြတာတော့ မြန်မာနိုင်ငံက သဘာဝအရင်းအမြစ်တွေကို တန်ဖိုးမြင့် ထုတ်လုပ်ရောင်းချတာကို သိပ်ပြီးတော့ ဆောင်ရွက်ခြင်းမရှိဘဲနဲ့ သဘာဝအရင်းအမြစ်လုပ်ငန်းတွေကို ပိုပြီးတော့ ထုတ်လုပ်ရောင်းချနေတာကို တွေ့ရပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်စသဖြင့် ဘယ်ကဏ္ဍကို ပိုပြီးတော့ အလေးပေး ဆောင်ရွက်နေသလဲဆိုတာကို သိလိုပါတယ်။ 
နိုင်ငံတော်သမ္မတ - ပထမဦးဆုံး အနေနဲ့ သဘာဝဓာတ်ငွေ့တွေကို ကုန်ကြမ်းအတိုင်း ရောင်းနေရတာက ငွေကြေးအခြေအနေကြောင့်၊ ငွေကြေးပြဿနာကြောင့် ထုတ်ပြီးတော့ ရောင်းနေရတာဖြစ်ပါတယ်။ အနာဂတ်မှာ သဘာဝဓာတ်ငွေ့တွေကို သုံးပြီး စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ဖို့ ရှိပါတယ်။ ဥပမာ လျှပ်စစ်ထုတ်တဲ့ ဂတ်စ်တာဘိုင်တွေ လုပ်ဖို့ရှိတယ်။ ဓာတ်မြေသြဇာစက်ရုံတွေ ဘိလပ်မြေစက်ရုံတွေ စသဖြင့် Down Stream စက်ရုံ တွေတည်ပြီးတော့ ဓာတ်ငွေ့တွေကို အသုံးချသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါပထမ မေးခွန်းပါ။ စီးပွားရေးမှာ ဘယ်ဝန်ကြီးဌာနကိုပိုပြီးတော့ အလေးထားသလဲဆိုရင် စီးပွားရေးမှာ ကျွန်တော်တို့ ရည်မှန်းချက် နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေ စားရေးဝတ် ရေးနဲ့ပတ်သက်လို့ ပြည့်စုံဖူလုံဖို့ နောင်တိုးလာမယ့် လူဦးရေအတွက် ပြည့်စုံဖူလုံအောင် ဆောင်ရွက်နိုင်ဖို့အတွက် အထူးသဖြင့် ကျွန်တော်တို့ရဲ့ လယ်ယာကဏ္ဍပါပဲ။ စိုက်ပျိုးရေးနိုင်ငံ ဖြစ်ခဲ့ပါတယ်။ လယ်ယာကဏ္ဍကို ပြုပြင်ပြောင်းလဲပြီးတော့မှ လက်ရှိထွက်ရှိတဲ့နှုန်းထက် ပိုမိုထွက်ရှိအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့လို့ စိုက်ပျိုးရေးဝန်ကြီးဌာနကလည်း အရေးကြီးတဲ့ ၀န်ကြီးဌာနတစ်ခု ဖြစ်ပါတယ်။ 
CNA - မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းတွေ အတော်များများ ရရှိခဲ့ပါတယ်။ အခုအခါ မြန်မာမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတဲ့အခါမှာတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးကို သိလိုပါတယ်။ 
နိုင်ငံတော်သမ္မတ - တရုတ်နိုင်ငံက ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း မိုင်ပေါင်း တစ်ထောင့်သုံးရာလောက် နယ်နိမိတ်ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်ပါတယ်။ ရှေးပဝေသဏီကတည်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက် ဆံလာခဲ့ကြတာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတွေလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်က ကျွန်တော်တို့ မြန်မာနိုင်ငံကို အားလုံးဝိုင်းပြီး ပိတ်ဆို့ထားတဲ့အချိန် ဘယ်နိုင်ငံကမှ အကူအညီ မပေးတဲ့အချိန်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အကူအညီပေးတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်ပြီး လုပ်နေတာတွေ ရှိပါတယ်။ တရုတ်နိုင်ငံဆိုတာ ပြောရမယ်ဆိုရင် ဒီကနေ့လည်း ရင်းနှီးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံသည်ပင်လျှင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ နိုင်ငံအားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံစေလိုတဲ့ဆန္ဒ ရှိပါတယ်။ ဟိုတုန်းကတည်းက တိုက်တွန်းနေပါတယ်။ အခုအစိုးရသစ်ပြောင်းလာမှတင် မဟုတ်ပါဘူး။ 
CNA - လက်ရှိအနေအထားအရ မြန်မာနိုင်ငံကို နိုင်ငံခြားအစိုးရတွေ၊ စီးပွားရေး အသိုင်းအ၀ိုင်းတွေ၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသူများက မြန်မာနိုင်ငံကို အထူးစိတ်ဝင်စားနေကြပါတယ်။ စီးပွားရေး အခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတကြီး အနေနဲ့ အမေရိကန်တို့၊ ဥရောပတို့၊ အာဆီယံတို့ ဘယ်ဒေသက စီးပွားရေး လုပ်ငန်းရှင်တွေကို ရွေးရမယ်ဆိုရင် ဘယ်ဒေသကသူတွေကို နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဦးစားပေးရွေးမလဲဆိုတာ သိရှိလိုပါတယ်။ 
နိုင်ငံတော်သမ္မတ - အရှေ့ရယ်၊ အနောက်ရယ် မခွဲခြားပါဘူး။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒမှာလည်း အရှေ့ရယ်၊ အနောက်ရယ် မခွဲခြားဘဲနဲ့ အားလုံးနဲ့ဆက်ဆံဖို့အတွက် ကျွန်တော်တို့ ဒီလိုမူချထားပါတယ်။ တိုင်းပြည်အတွက် အကျိုးရှိမယ့် ရင်းနှီးမြှုပ်နှံမှုဆိုရင် ဘယ်နိုင်ငံကိုမဆို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ မူဝါဒလေးခု ချမှတ်ထားတာရှိပါတယ်။ တစ်အချက်ကတော့ ကိုယ့်တိုင်းပြည်ရဲ့ အကျိုးစီးပွားကို မထိခိုက်၊ မနစ်နာစေဖို့ပါ။ ဒုတိယအချက်ကတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိကာကို မထိခိုက်၊ မနစ်နာစေဖို့ပါ။ တတိယအချက်ကတော့ အချုပ်အခြာအာဏာကို ၀င်ရောက်ပြီးတော့ စွက်ဖက်တာတွေပေါ့။ အချုပ်အခြာအာဏာကို မထိခိုက်စေဖို့ပါ။ ဒီမူတွေ ချပေးထားပါတယ်။ နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို မပျက်ယွင်းစေဖို့ဆိုပြီး ဒီမူဝါဒလေးရပ် ချမှတ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။ 
CNA - ခုနသမ္မတကြီးနဲ့ ပြောသလိုပဲ။ ပူတာအိုဒေသက သဘာဝအခြေခံ ခရီးသွားလာရေးလုပ်ငန်းလုပ်ဖို့ အင်မတန်မှ ကောင်းမွန်တဲ့ဒေသ ဖြစ်ပါတယ်။ ဒါပေမယ့် ကချင်ဒေသက ပဋိပက္ခက မပြီးပြတ်သေးပါဘူး။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံက ကချင်လူမျိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးက ဘယ်လောက်အရေးကြီးတယ်။ ဘယ်လိုအခက်အခဲတွေ ရှိသေးတယ်ဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ အောင်မြင်အောင် ဆောင်ရွက်နေတဲ့အရာတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြောင့် ဘယ်လောက် ထိခိုက်နိုင်တယ်ဆိုတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးက ဘယ်လောက်အရေးကြီးတဲ့ ကဏ္ဍဖြစ်တယ်ဆိုတာကို သိရှိလိုပါတယ်။ 
နိုင်ငံတော်သမ္မတ - တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ကိစ္စက ဦးစားပေး တစ်ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီမိုကရေစီဆက်လက်ပြီးတော့ ရှင်သန်ဖို့အတွက် ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံရေး တည်ငြိမ်ဖို့အတွက်က ပထမ အရေးကြီးပါတယ်။ နိုင်ငံရေး တည်ငြိမ်ဖို့အတွက်ဆိုတာမှာလည်း ခုနကလို ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံနေတဲ့ အင်အားစုတွေနဲ့ အဆင်ပြေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သူ့အင်အားစုတွေက နိုင်ငံ ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့အတွက် ဒါက အရေးကြီးဆုံးဖြစ်ပါတယ်။ ဒီအချက်ကိုလည်း ဦးစားပေးပြီးလုပ်ပါတယ်။ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာပဲ လက်နက်ကိုင်ပြီး ဆန့်ကျင်နေတဲ့ အဖွဲ့ ၁၁ ဖွဲ့ ရှိပါတယ်။ ဒီအဖွဲ့တွေက လွတ်လပ်ရေးစရက တည်းက ဖြစ်ပေါ်လာတဲ့ အဖွဲ့တွေ ရှိပါတယ်။ အရင်အစိုးရအဆက်ဆက်ကလည်း ငြိမ်းချမ်းရေးကို ကြိုးပမ်းခဲ့ပေမယ့်လည်း အောင်မြင်တာရှိတယ်၊ တချို့မအောင်မြင်တာရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာ ဒီဟာတွေက အမွေခံအနေနဲ့ ရလာတာဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘဲနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင်၊ ဒီမိုကရေစီရှင်သန်အောင် ဘယ်လိုမှလုပ်လို့ မရပါဘူး။ မရတဲ့အတွက်ကြောင့် ကျွန်တော်တို့ အစိုးရသစ် စတက်လာလာချင်း ဒီငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် ဦးစားပေးတစ်ရပ်အနေနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ အားလုံးလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ ရှိပါတယ်။ ၁၁ဖွဲ့မှာ ၁၀ဖွဲ့ နဲ့ ပစ်တာ၊ ခတ်တာ၊ တိုက်တာ ရပ်ဆိုင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေးအရ ဆွေးနွေးသွားစရာတွေကတော့ ရှေ့ကိုဆက်ပြီး ဆွေးနွေးသွားဖို့ ရှိပါတယ်။ မြောက်ဘက်ပိုင်းမှာတော့ ကချင်လက်နက်ကိုင် ဆန့်ကျင်ဘက် အဖွဲ့တစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေပါတယ်။ လောလောဆယ်တော့ တစ်နှစ်ကျော်သွားပါပြီ။ ဒီထိတွေ့ဆက်ဆံမှုတွေတော့ ရှိနေတယ်။ သို့သော်လည်း ဒီကနေအထိအောက်ခြေပိုင်းမှာတော့ ပစ်တာ၊ ခတ်တာ၊ တိုက်တာတွေကတော့ ရှိနေတုန်းဖြစ်ပါတယ်။ သို့သော်လည်းပဲ ထိတွေ့ ဆက်ဆံမှုတွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒီအဖွဲ့ဟာလည်း မကြာမီမှာ ငြိမ်းချမ်းရေး တည်ဆောက်သွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ 
CNA - ကျွန်မတို့ သိရှိထားတာကတော့ နိုင်ငံတော်သမ္မတကြီးက သမ္မတသက်တမ်းတစ်ကြိမ်ပဲ တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်သမ္မတကြီးကို ဘယ်လိုမျိုးအနေနဲ့ လူတွေအမြင်မှာ အမှတ်တရ ရှိနေစေချင်ပါသလဲ။ ဘယ်လိုမျိုး မှတ်မှတ်သားသား ရှိနေစေချင်ပါသလဲ။
နိုင်ငံတော်သမ္မတ - တာဝန်ထမ်းဆောင်တယ်ဆိုတာ ကျွန်တော့်ရဲ့ အသက်အရွယ်အရ၊ ကျွန်တော့်ရဲ့ ကျန်းမာရေးအရ ဒီလိုစဉ်းစားလာတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်နိုင်မယ့် လူမျိုးတွေ၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ့် မျိုးဆက်မျိုးတွေ၊ ဒီလို မျိုးဆက်မျိုးက ဆက်ပြီးတော့ တာဝန်ယူသွားစေချင်ပါတယ်။ 
CNA - အခုလို သမ္မတကြီးရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေမှာ ကျွန်မတို့ကို စကားပြောခွင့်ပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ ဂုဏ်ယူပါတယ်ရှင်။ 
နိုင်ငံတော်သမ္မတ - ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။

ဘကြီးသက်
Unknown at 12:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

 ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များက အခြားပြည်ပမှ သွေးထိုး လှုံ့ဆော်မှုနှင့် အားထုတ်မှုရှိသည်ကို သက်သေပြ နေကြောင်းနှင့် ဖမ်းဆီးထားသည့် UNHCR နှင့် WFP တို့မှ ၀န်ထမ်းကိုးဦးအား ဥပဒေနှင့်အညီ အရေးယူမည်ဟု အစိုးရရှင်းလင်း


ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တို့အား တွေ့ရစဉ်
ရခိုင်ပြည်နယ် အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုများအား ပြည်ထောင်စုအစိုးရက ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဟောင်းတွင် ဇူလိုင်လ ၃၀ ရက်နေ့က ရှင်းလင်းခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဦးစွာနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ရခိုင်ပြည်နယ်အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အချို့၏ အချိန်ကိုကြည့်ပါက တစ်ချိန်တည်းတစ်ပြိုင်တည်း ဖြစ်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အဆိုပါဖြစ်ရပ်များက အခြားပြည်ပမှ လူများ၏ နိုင်ငံရေးရည်မှန်းချက်ကို ဦးတည်သည့် ပြည်ပမှ သွေးထိုး လှုံ့ဆော်မှုနှင့် အားထုတ်မှုရှိသည်ကို သက်သေပြနေကြောင်းဟု နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောကြားခဲ့သည်။
ထို့ပြင် ဘင်္ဂါလီများ၏ မွေးဖွားနှုန်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ဘင်္ဂါလီဦးရွှေရောက်ဒူလာ မိသားစုအကြောင်းကို ဥပမာပေးပြောကြားခဲ့ပြီး ဦးရွှေရောက်ဒူလာတွင် မိန်းမလေးဦး၊ သားနှင့်သမီး ၂၈ ဦး၊ မြေးများ ၄၉ ဦး စုစုပေါင်း မိသားစုဝင် ၈၂ ဦးရှိကြောင်းနှင့် မွေးဖွားနှုန်းကိုဖော်ပြရန် ''စကားလုံးရှာလို့ မရနိုင်ကြောင်း'' ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် အဓိကရုဏ်များနှင့်ဆက်စပ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ငါးဦး၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှတစ်ဦး၊ Doctors Without Borders(MSF) မှ လေးဦးအား ဖမ်းဆီးထိန်းသိမ်း ထားကြောင်းနှင့် အဓိကရုဏ်းတွင် မပါဝင်သည်ကို တွေ့ရှိရသည့်အတွက် တစ်ဦးကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောကြားခဲ့သည်။
ကျန်ရှိသောသူများသည် ရွာများကို မီးရှို့ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည်ကို သက်သေအထောက်အထား၊ မျက်မြင်သက်သေများ ရှိပါကြောင်းနှင့် ၎င်းတို့အား သက်ဆိုင်ရာ တရားသူကြီးများက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ဆက်လက်ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် အခြေအနေကို ၎င်းက (၁) ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိခိုက်စေသည့် ဖြစ်ရပ်များ၊ (၂)မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် ဆူပူသောင်းကျန်းသော လူအုပ်ဖြစ်ရပ် များ၊ (၃) အစိုးရ၏ အရေးယူ မှုနှင့် ကာကွယ်တားဆီးရေး ဆောင်ရွက်မှုများ၊ (၄)စစ်တွေမြို့နှင့် အခြားမြို့များတွင် အကြမ်းဖက်မှုနှင့် ဆူပူသောင်းကျန်းသော လူအုပ်ဖြစ်ရပ်များ၏ နောက်ဆက်တွဲဖြစ်စဉ်များ၊ (၅) ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ပြန်လည်ရရှိရေး ဆောင်ရွက်မှုလုပ်ငန်းစဉ်၊ (၆)လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနိုင်ရေး လုပ်ဆောင်မှု၊ (၇)ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်၊ (၈) တရားဥပဒေ စိုးမိုးရေး၊ (၉)သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းသို့ စသည့် ခေါင်းစဉ်များခွဲ၍ ရှင်းလင်းခဲ့သည်။
ထိုကဲ့သို့ ရှင်းလင်းပြီး၌ ဒေသခံ တိုင်းရင်းသားများနှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူ (ဘင်္ဂါလီများ) အတွက် ကြုံတွေ့နိုင်သည့် ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ရွှေ့ပြောင်း အခြေချနေထိုင်သူများ၏ လူဦးရေ အလွန်အမင်း တိုးမြင့်လာမှု၊ ဘာသာရေး ပဋိပက္ခ၊ ယဉ်ကျေးမှု ပဋိပက္ခ၊ လူမှုရေး ပဋိပက္ခ၊ မြေယာအသုံးပြုမှု ပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခ၊ ဆက်သွယ် သွားလာနိုင်မှု အကန့်အသတ်ရှိခြင်း၊ တင်းကျင်သည့် ၀န်းကျင်၊ တင်းကျပ်သည့် ဈေးကွက်အခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု၊ ပညာရေး အဆင့်အတန်း နိမ့်ပါး၍ စာမတတ်မြောက်မှု၊ မဖွံ့ဖြိုးသည့် အခြေခံအဆောက်အအုံများ စသည်တို့သည် ဒေသခံတိုင်းရင်းသားများနှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူ(ဘင်္ဂါလီများ)အတွက် ကြုံတွေ့နိုင်သည့် ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ဖွယ်ရှိသည့် နည်းလမ်းများကိုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တည်ငြိမ်မှုနှင့် ဥပဒေစိုးမိုးမှုကို တိုးမြှင့်ခြင်း၊ ပင်ကိုစွမ်းရည်ရှိသော ပြည်သူ့အုပ်ချုပ်ရေး၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ ပေါ်ပေါက်ဖွံ့ဖြိုးလာခြင်း၊ ပဋိပက္ခ ကာကွယ်ရေး ပြုစုပျိုးထောင်ခြင်း၊ လူ့အဖွဲ့အစည်း နှစ်ရပ်လုံးအတွက် ရပ်ရွာအသိုင်းအ၀ိုင်း ဖွံ့ ဖြိုးအောင် ဆောင်ရွက်ခြင်း၊ ဆက်သွယ်သွားလာနိုင်မှု တိုးတက်အောင် ပြုလုပ်ခြင်း၊ ဒေသခံများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ကိုဖော်ထုတ်ခြင်း၊ ရပ်ရွာအသိုင်းအ၀ိုင်းကြား အပြန်အလှန် ဆက်သွယ်ခြင်း၊ လူမှုရေးလုပ်ငန်းများ အားပေးခြင်း၊ ဈေးကွက်အခွင့် အလမ်း ဖော်ထုတ်ခြင်းနှင့် ဈေးကွက်အခြေအနေများကို အားပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးခြင်းနှင့် စိုက်ပျိုးရေးကို အားပေးခြင်း၊ ပညာရေးနှင့် ကျန်းမာရေးကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခြင်းသည် ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ဖွယ်ရှိသည့် နည်းလမ်းများဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောကြားခဲ့သည်။

ရွာများကို မီးရှို့ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည်ကို သက်သေအထောက်အထား၊ မျက်မြင်သက်သေများရှိပါကြောင်းနှင့် ၎င်းတို့အား သက်ဆိုင်ရာတရားသူကြီးများက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း . . .
ရခိုင်ပြည်နယ်၌ အဓိကရုဏ်းများကြောင့် ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီ ၄၆ ဦး စုစုပေါင်း ၇၇ ဦး သေဆုံးပြီး ၁၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် စုစုပေါင်း လူနေအိမ် ၄၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၄ လုံးနှင့် စာသင် ကျောင်းသုံးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။ 
ထို့ပြင် အဓိကရုဏ်များကြောင့် လက်ရှိဒုက္ခသည်ဦးရေမှာ ဇူလိုင်လ ၃၀ ရက်နေ့အထိ ရခိုင်လူမျိုး ၈၀၃၁ ဦး၊ ဘင်္ဂါလီ ၅၃၃၉၀ ဦး စုစုပေါင်း ၆၁၄၂၁ ဦးရှိကြောင်း သိရသည်။
ရခိုင်လူမျိုး ၈၀၃၁ ဦးအနက် ၅၇၀၂ ဦးမှာ စစ်တွေရှိ ကယ်ဆယ်ရေးစခန်း ၄၃ ခုတွင်ရှိပြီး ၂၃၂၉ ဦးမှာ မောင်တောရှိ ကယ်ဆယ်ရေးစခန်း ခြောက်ခုတွင်ရှိကြောင်းနှင့် ဘင်္ဂါလီ ၅၃၃၉၀ ဦးမှာ စစ်တွေရှိ ကယ်ဆယ် ရေးစခန်းများတွင်ရှိကြောင်း သိရသည်။
အင်ဒိုနီးရှား သံအမတ်ကြီးက ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားများထဲတွင် ပါဝင်မှု ရှိ၊ မရှိ နှင့် စပ်လျဉ်း၍ မေးမြန်းရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ''ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့ လူမျိုး မဟုတ်ပါဘူးလို့ သမ္မတကြီးက ပြောတဲ့စကားကို ကျွန်တော် ထောက်ခံပြောကြားလိုပါတယ်။ ဘာကြောင့်ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၁၈၂၄  ပထမ-အင်္ဂလိပ် မြန်မာစစ်ပွဲ ဖြစ်ပွားတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ဟာ ဗြိတိသျှ ကိုလိုနီအောက် ရောက်ခဲ့ပါတယ်။ အဲဒီအခါမှာ လယ်ယာလုပ်ငန်းတွေအတွက်၊ ကာယလုပ်ငန်းတွေအတွက် လိုအပ်ချက်ရှိလာတဲ့အခါမှာ တစ်ဖက်နိုင်ငံမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေ ကျွန်တော်တို့နိုင်ငံကို အတားအဆီးမဲ့ ၀င်လာခဲ့တဲ့အချိန် ဖြစ်ပါတယ်။ အဲဒီတော့ ဗြိတိသျှလက်ထက်မှာရှိခဲ့တဲ့ အစိုးရပြန်တမ်းတွေကို ကြည့်တဲ့အခါမှာ ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေကို ကြည့်တဲ့အခါမှာ ကျွန်တော်တို့မှာ ဘယ်တုန်းကမှ လူမျိုးခွဲခြားမှုထဲမှာ ရိုဟင်ဂျာဆိုတာကို တရားဝင် ဖော်ပြထားတယ်ဆိုတာ မရှိပါဘူး။ ဘင်္ဂါလီလူမျိုးသာ ဖော်ပြထားတာ ရှိပါတယ်။ ကျွန်တော်တို့မှာ တရားဝင် လူမျိုးစုကြီး ရှစ်စုရှိပါတယ်။ ချင်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှိပါတယ်။ နောက်ပြီး လူမျိုးစု ၁၀၀ ကျော် ရှိပါတယ်။ အဲဒီဟာတွေက တရားဝင်လူမျိုးစုတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာကော၊ ဗြိတိသျှအစိုးရ ပြန်တမ်းမှာရော ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာရော ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက်ကြောင့်  ရိုဟင်ဂျာသည် ကျွန်တော်တို့လူမျိုးထဲမှာပါဝင်တဲ့ လူမျိုးမဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာမရှိပါဘူးလို့ ဖြေကြားချင်ပါတယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါရှင်းလင်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  မြန်မာနိုင်ငံ၌ ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana လည်း တက်ရောက်ခဲ့ကာ ရှင်းလင်းပြောကြားချက်များနှင့် စပ်လျဉ်း၍ မိမိအနေဖြင့် သေချာလေ့လာဆန်းစစ်သွားမည်ဖြစ်ပြီး မိမိခရီးစဉ်အပြီးတွင် ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
 EMG
ဘကြီးသက်
Unknown at 12:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်

 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံအဝှမ်း တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေ စိုးမိုးရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည့် အချိန်တွင် အေးချမ်းမှုနှင့် လုံခြုံရေးကို ထိပါးစေမည့် အဖြစ်အပျက် နှစ်ရပ် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည်။ ယင်းအဖြစ်အပျက်များမှာ မေလ ၂၈ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၌ အမျိုးသမီးငယ် တစ်ဦးအား လူငယ်သုံးဦးက လုယက်၊ အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့ခြင်းနှင့် ဆက်စပ်၍ ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့နယ်အတွင်း ခရီးသည်တင် ဘတ်စ်ကားပေါ်မှ ခရီးသည် ၁ဝ ဦးအား သတ်ဖြတ်ခဲ့မှုတို့ပင် ဖြစ်ပါသည်။ ဤဖြစ်ရပ်နှစ်ခုတွင် ပထမအမှု၌ သေဆုံးခဲ့ရသည်မှာ ဗုဒ္ဓဘာသာဝင် ရခိုင်အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒုတိယအမှုတွင် သေဆုံးသူများမှာ မူဆလင် အမျိုးသားများ ဖြစ်ကြသည်။ ဤအဖြစ်အပျက်နှစ်ရပ် ဖြစ်ပွားပြီးနောက် စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင် မြို့များတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သူများက နေအိမ်များ၊ ဈေးဆိုင်များနှင့် တည်းခိုခန်းများကို မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့ကြသည်။ အဆိုပါ အကြမ်းဖက်မှုများကြောင့် နှစ်ဖက်စလုံးမှ ၇၇ ဦး သေဆုံးပြီး ၁ဝ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စုစုပေါင်း လူနေအိမ် ၄၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၅ လုံးနှင့် စာသင်ကျောင်း ၃ ကျောင်း မီးလောင်ပျက်စီးခဲ့သည်။ ယင်းသို့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ စတင်ဖြစ်ပွားချိန်မှာပင် ဆူပူမှုဖြစ်ပွားရာ နေရာများ၌ တည်ငြိမ်မှု ရရှိရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် ချက်ချင်းအရေးယူ ဆောင်ရွက်ပေးခဲ့သည်။ အလားတူ အကြမ်းဖက်မှုများ မပြန့်ပွားစေရန်နှင့် တည်ငြိမ်အေးချမ်းမှု ရရှိစေရန် အတွက်လည်း လိုအပ်သည်များကို စီမံဆောင်ရွက်ခဲ့သည်။ အခြေအနေအရပ်ရပ်ကို ပြည်သူများ သိရှိနိုင်ရေး အတွက်လည်း ပွင့်လင်းမြင်သာစွာ အသိပေး ထုတ်ပြန်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း အဖြစ်မှန် ဖော်ထုတ်ရေးနှင့် ဥပဒေမဲ့စွာ မင်းမဲ့စရိုက်ဖြင့် ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်ရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော အဖွဲ့ဝင် ၁၆ ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မတီကို ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ဇွန်လ ၁၁ ရက်နေ့တွင် ရခိုင်ပြည်နယ်တွင်း အရေးအခင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်သူများသို့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ ထိုသို့ မိန့်ခွန်း ပြောကြားရာတွင် နိုင်ငံတော်သမ္မတက ပြည်သူလူထုအနေဖြင့် နိုင်ငံတော်အစိုးရနှင့် လက်တွဲ၍ ပူးပေါင်း ဆောင်ရွက်ကြရန် ပန်ကြားပြီး အခြေအနေ အရပ်ရပ်ကို သည်းခံခြင်းတရားဖြင့် ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံလျက် နိုင်ငံတော်အစိုးရ အနေဖြင့် တရားဥပဒေ စိုးမိုးရေးကို အထူးအလေးထားသွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်သမ္မတရုံးက ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် အရေးပေါ် အခြေအနေကို ထုတ်ပြန်ကြေညာခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း အဖြစ်အပျက်များကို သုံးသပ်ကြည့်မည် ဆိုပါက တစ်ဦးနှင့်တစ်ဦး ဘာသာရေး အယူအဆ ကွဲပြားခြင်းနှင့် ယုံကြည်မှု ကင်းမဲ့ခြင်းမှ မုန်းတီးမှုနှင့် လက်တုံ့ပြန်မှု၊ လက်စားချေမှုများကြောင့် ဥပဒေမဲ့စရိုက်များ ပျံ့နှံ့သွားခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ယင်းသို့ အကြမ်းဖက်မှုများကြောင့် ထိခိုက်နစ်နာရသူများမှာ ဗုဒ္ဓဘာသာနှင့် မူဆလင် အသိုင်းအဝိုင်း နှစ်ဖက်လုံးမှ ဖြစ်ကြောင်း တွေ့ရှိရရာ ဤအကြမ်းဖက်မှုများသည် ဘာသာရေး ဖိနှိပ်ညှဉ်းပန်းမှုနှင့် ဆက်စပ်မှု မရှိကြောင်း ထင်ရှားသည်။ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် နိုင်ငံ တစ်နိုင်ငံဖြစ်လျက် ကွဲပြားခြားနားသော ယုံကြည်မှု အမျိုးမျိုးရှိကြသည့် ပြည်သူအားလုံး ငြိမ်းချမ်းစွာ အတူတကွ နေထိုင်လျက်ရှိကြသည်။ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုအသင်းအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များသည် အခင်းဖြစ်ပွားရာ ဒေသများသို့ သွားရောက်ခဲ့ကြပြီး ကယ်ဆယ်ရေးစခန်းရှိ ဒုက္ခသည်များအား ကယ်ဆယ်ရေး ပစ္စည်းများ ဝေငှခြင်း၊ ပြန်လည်နေရာ ချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးခြင်း တို့ကို လုပ်ဆောင်လျက်ရှိကြသည်။ နိုင်ငံတော်အစိုးရက အဆိုပါမြို့နယ်များတွင် အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်သူ ရခိုင်အမျိုးသား ၁၄၃၂၈ ဦးနှင့် မူဆလင်ဘာသာဝင် ၃ဝ၇၄ဝ ဦးတို့အတွက် ကယ်ဆယ်ရေး စခန်း ၈၉ ခု တည်ဆောက်ပေးခဲ့သည်။ ယခုအခါ ရခိုင်ပြည်နယ်အတွင်း ဥပဒေစိုးမိုးရေး အခြေအနေ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သဖြင့် အဆိုပါ ကယ်ဆယ်ရေး စခန်းများမှ မိသားစုများသည် မိမိတို့၏နေရပ် ဒေသများသို့ ပြန်လည် ရွှေ့ပြောင်းလျက် ရှိနေကြပြီ ဖြစ်သည်။ မောင်တောမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်များ ပြန်လည် တည်ဆောက်ရေးအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနက နေအိမ် ၂ဝ၂ လုံးကိုလည်းကောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက နေအိမ် ၂၂၂ လုံးကို လည်းကောင်း၊ အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သော CARE Myanmar က နေအိမ် ၁၂၈ လုံးကိုလည်းကောင်း အသီးသီး တည်ဆောက်ပေးသွားမည် ဖြစ်သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မောင်တောမြို့နယ်အတွင်း ဒုက္ခသည်များအတွက် ယာယီတဲ အလုံး ၄ဝဝ ကို ပေးအပ်ခဲ့ပြီးဖြစ်သည်။ စစ်တွေမြို့နှင့် မြို့နယ်အတွင်းရှိ ဒုက္ခသည်များ ခိုလှုံနိုင်ရန် ရခိုင်ပြည်နယ်အစိုးရက ယာယီတဲ အလုံး ၁၇ဝ နှင့် ကုလသမဂ္ဂ မဟာမင်းကြီးရုံးမှ ဦးဆောင်၍ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ယာယီတဲ အလုံး ၆ဝဝ ကို တည်ဆောက်ပေးရန် ကတိပြုခဲ့ကြသည်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WEP) ကလည်း ဒုက္ခသည်စခန်းများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၆ သိန်းခန့်ကို အသုံးပြုခဲ့ပြီး စားနပ်ရိက္ခာ ၁၅၁၅ တန်ကို ထောက်ပံ့ပေးခဲ့ပြီ ဖြစ်သည်။ WEP ၏ သိုလှောင်ရုံများတွင် ရိက္ခာတန် ၂၁ဝဝ ကို သိုလှောင်ထားရှိပြီး ဖြစ်သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက မီးဖိုချောင်အသုံးအဆောင် အမျိုးမျိုး ၆၈၁၈ စုံနှင့် မိုးရေကာဖျင် အချပ်ပေါင်း ၂၄၁၂ ကို ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်များအတွက် ပံ့ပိုးခဲ့ပြီဖြစ်သည်။ ထို့အပြင် နှစ်ဖက်စလုံးမှ ဒုက္ခသည်များ၏ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး လုပ်ငန်းများအတွက် ပြည်တွင်းပြည်ပ စေတနာရှင်များထံမှ ကျပ်သန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ  ငွေသားနှင့် ပစ္စည်းများကိုလည်း လက်ခံရရှိပြီး ဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အဆိုပါဒေသများတွင် တရားဥပဒေစိုးမိုးမှု ပြန်လည် တည်ဆောက်ရေးအတွက် ဆောင်ရွက်ရာတွင် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့သည်။ ဖြစ်ပေါ်နေသော  အခြေအနေကို ဖြေရှင်းရာ၌ အာဏာပိုင်များက မလိုအပ်ဘဲ အင်အားအလွန်အကျွံ အသုံးပြုမှုများရှိကြောင်း အချို့အသိုင်းအဝိုင်းမှ စွပ်စွဲမှုများကို မြန်မာနိုင်ငံအနေဖြင့် အခိုင်အမာ ငြင်းဆိုသည်။ အထက်ပါ အဖြစ်အပျက်များမှာ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်အနည်းငယ်တွင် ပေါ်ပေါက်ခဲ့သည့် အုပ်စုချင်း အကြမ်းဖက်မှုများသာ ဖြစ်သည်။ သို့ဖြစ်ရာ ဖြစ်ရပ်မှန် အခြေအနေများကို ထောက်ရှု၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကိစ္စရပ်အား အချို့အသိုင်းအဝိုင်းမှ ဘာသာရေး ပြဿနာတစ်ရပ်အဖြစ် နိုင်ငံရေးအသွင်နှင့် နိုင်ငံတကာ ကိစ္စရပ်အသွင် ဖြစ်ပေါ်စေရန် ကြိုးပမ်းမှုများကို မြန်မာနိုင်ငံက လုံးဝပယ်ချသည်။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် မရှိမဖြစ် လိုအပ်ချက် တစ်ရပ်ဖြစ်သည်။ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် တိုင်းရင်းသား လူမျိုးများအကြား သဟဇာတရှိမှုသည် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် အရေးကြီးလှပေသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ မူဆလင်နှင့် ဟိန္ဒူဘာသာဝင်များ ရာစုနှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာဖြင့် အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြသည့် ဘာသာစုံနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ သို့ဖြစ်ရာ မကြာမီက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အရေးအခင်းများသည် ဘာသာရေး ဖိနှိပ်ခွဲခြား ဆက်ဆံမှုကြောင့် ပေါ်ပေါက်လာခဲ့ခြင်း မဟုတ်ပေ။ အာဏာပိုင်များအနေဖြင့် စိတ်ရှည်သည်းခံမှုဖြင့် သတိကြီးစွာထားလျက် လိုအပ်သည်များကို အရေးယူ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရက ယခုကိစ္စရပ်အား ဖြေရှင်းနိုင်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ အခြေအနေ အရပ်ရပ်မှာ ပုံမှန်အနေအထားသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည်ဟု ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
ဘကြီးသက်
Unknown at 10:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှဲဘိန်းရွာမှာ ဒေသခံ လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ဒေသခံ ခြေမြန်တပ်ရင်း ၁၄၈ က ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကစပြီး အပြင်မထွက်ရအမိန့်  ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

တောင်သူ လယ်သမားတွေရဲ့ အခက်အခဲကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့  တာဝန်ခံတွေက အဲဒီ ခမရ ၁၄၈ က မြေသိမ်းယူခံထားရတဲ့ လယ်ပိုင်ရှင် ဒေသခံ လယ်သမားတွေနဲ့ တွေဆုံဆွေးနွေးတဲ့ နေ့မှာပဲ အခုလို ထုတ်ပြန်လိုက်တာလို့  ကျောက်လှဲဘိန်းရွာက လယ်သမားကြီး ဦးဝင်းကြိုင်က ပြောပါတယ် ။

"ကျွန်တော်တို့ ကျောက်လှဲဘိန်းရွာမှာ ၁၄၄ ကို ၂၆ ရက်နေ့က ထုတ်ပါတယ်ခင်ဗျ။ သူတို့ ပိတ်ထားတဲ့ လယ်တွေ ကျွန်တော်တို့က လုပ်မလို့ လုပ်တဲ့အခါကျတော့ ၁၄၄ အမိန့်ထုတ်တယ်။ တောထဲကို နေ့လည်နေ့ခင်း မြစ်မချိုးရဘူး။ ဝါးမခုတ်ရဘူး။ အဲတာတွေ ပိတ်ပင်တားမြစ်တယ်ဗျ။ သူတို့က ပစ်မယ်၊ ခတ်မယ်ပေါ့။ အဲဒီလိုမျိုး။ ကျွန်တော်တို့ရဲ့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတယ်ခင်ဗျ"

ကျောက်လှဲဘိန်းရွာ လယ်သမားတွေ ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေ ဧက ၃၀၀ ကျော်ကို ခမရ ၁၄၈ က ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ သိမ်းယူခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက် ဒေသခံတောင်သူတွေကို တစ်ဧကကို စပါး ၁၄ တင်းနှုန်းနဲ့ သီးစားပြန်ချပေးခဲ့တဲ့ အတွက် လယ်သမားတွေက သီးစားခနဲ့  မိမိတို့ လယ်တွေမှာ ဆက်လက် လုပ်ကိုင်ခဲ့တယ်လို့  ဆိုပါတယ်။
ဒါပေမဲ့ ဒီနှစ် မိုးရာသီမှာတော့ တပ်က လုံးဝ လုပ်ကိုင်ခွင့် မပေးတော့ဘူးလို့ လယ်သမားတွေအရေး လိုက်ပါကူညီပေးနေတဲ့ သပိတ်ကျင်း NLD အဖွဲ့ ဝင် ကိုအေးသိန်းက ပြောပါတယ်။

"၂၆ ရက်နေ့က ကျွန်တော်တို့ ကျောက်လှဲဘိန်းရွာကို သွားကြပါတယ်။ အဲတာ တရားဥပဒေနဲ့အညီ တင်မယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်မယ်ဆိုပြီးတော့မှ လက်မှတ်တွေထိုးကြတယ်။ ၅ နာရီခွဲ အချိန်မှာ ခမရ ၁၄၈ ကနေပြီးတော့မှ ၁၄၄ အမိန့်ထုတ်လိုက်ပါတယ်။
လယ်တွေ၊ ယာတွေ၊ မြေတွေအသိမ်းခံလိုက်ရပြီးတော့မှ လယ်မဲ့ ယာမဲ့ ဖြစ်နေတဲ့ လယ်သမားကြီးတွေက အခု မြစ်ချိုးစားရတယ်ဗျာ။ ဝါးခုတ်စားရတယ်ဗျာ။ အဲဒီ ၁၄၄ အမိန့်ထဲမှာ နေ့လည်ခင်းကြီးတောင်မှ၊ မြင်သာထင်သာ ရှိတဲ့ အချိန်တောင်မှ ဝါးမခုတ်ရ၊ မြစ်မချိုးရဆိုတဲ့ အမိန့်ထုတ်လိုက်တဲ့ အခါမှာ တစ်ရွာလုံးက ထမင်းချက်ဖို့ တောင်ခက်သလိုနေပြီ အခုဟာက"

ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်နဲ့ အစိုးရ ၀န်ကြီးအဖွဲ့ နဲ့  ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ အစည်းထံကို တင်ပြမယ်လို့ ပြောပါတယ်။


RFA
2012-07-30
http://www.rfa.org/burmese/news/farmer-protest-land-grab-07302012225943.html
  
lu bo

ဘကြီးသက်
Unknown at 10:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂျာနယ် ထုတ်ဝေခွင့် ပိတ်ပင်မှု ပြန်ရုပ်သိမ်းပေးရန် မြန်မာဂျာနယ်လစ် ကွန်ရက်မှ တောင်းဆို

ဇူလိုင် ၃၁၊ ၂၀၁၂ ၊ YPI
စာပေ စိစစ်ရေး မှ သတင်းဂျာနယ် ၂ စောင်ကို ထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်သည့် ဆုံးဖြတ်ချက်ကို ပြန်လည် ရုပ်သိမ်းပေးရန် ပြည်တွင်း သတင်းမီဒီယာ အဖွဲ့အစည်း တခုဖြစ်သည့် မြန်မာဂျာနယ်လစ် ကွန်ရက် MJN မှ တောင်းဆိုသွားရန် ယနေ့ဆုံးဖြတ် လိုက်ကြောင်း သိရှိရသည်။
ယနေ့ညနေ ပြုလုပ်သည့် MJN အစည်းအဝေးမှ ယခုကဲ့သို့ ဆုံးဖြတ်လိုက်ကြောင်း ယင်းအစည်းအဝေးကို  တက်ရောက်ခဲ့သူ သတင်းအယ်ဒီတာ တဦးက ပြောသည်။

၎င်းက “ အခုလို အရေးယူမှုဟာ ဒီမိုကရေစီ ဖေါ်ဆောင်ရေးဆီ သွားနေတယ်လို့ သမ္မတဦးသိန်းစိန်က ပြောနေတဲ့ကာလမှာ ယခုလို မီဒီယာ လွတ်လပ်ခွင့်ကို ထိခိုက်စေတဲ့ အရေးယူမှုကို ပြန်သုံးသပ်ပေးဖို့ တောင်းဆိုမယ်လို့ အားလုံး သဘောတူဆုံးဖြတ်လိုက်ကြတယ်” ဟု YPI သို့ပြောသည်။
ဝန်ကြီးငါးဦး အပြောင်းအရွှေ့ သတင်းဖေါ်ပြသည့် ယခု အပတ်ထုတ် အင်ဗွိုင်းဂျာနယ် မျက်နှာဖုံး
ယင်းထုတ်ပြန်ကြေညာချက်တွင် “ ယင်းသို့အရေးယူခြင်းသည် မီဒီယာလွတ်လပ်ခွင့်ကို ပြင်းထန်စွာထိပါးချိုးဖောက်ရုံမက သမ္မတကြီး၏ အပြုသဘောဆောင်သည့်သဘောထားအမြင်များကို ဆန့်ကျင်ကွဲလွဲနေသည့် လုပ် ဆောင်မှုဖြစ်သောကြောင့် ယင်းသို့အရေးယူထားမှုအပေါ် စဉ်းစားသုံးသပ်၍ တစ်ပတ် အတွင်း ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်းစာကို သက်ဆိုင်ရာဝန်ကြီးဌာန ထံ ပေးပို့ သွားမည် ” ဟုဖေါ်ပြပါရှိသည်။
Living Color Media မှ ထုတ်ဝေသည့် The Voice Weekly အပတ်စဉ် ထုတ် ဂျာနယ် နှင့် စင်ရော်မောင်မောင်၊ ရွှေသံလွင် ဦးကျော်ဝင်း တို့ ထုတ်ဝေသည့် Envoy ဂျာနယ်နှစ်စောင်သည်၂၀၁၁ ခုနှစ် ဇွန်လတွင် ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်ကြေညာထားသည့် ညွှန်ကြားချက် အမှတ် (၄၄) ကိုဖောက်ဖျက်သဖြင့် ထုတ်ဝေခွင့်ကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း စာပေစိစစ်ရေးက ယနေ့နေ့လည်တွင် သတင်းဂျာနယ် အယ်ဒီတာများအား ခေါ်ယူပြောဆိုခဲ့သည်။
မည်သည့် သတင်းဖေါ်ပြမှုကြောင့် အရေးယူရသည်ဟု စာပေစိစစ်ရေးက ထုတ်ဖေါ်ပြောဆိုခြင်း မပြုသော်လည်း ယင်းစည်းဝေး မတိုင်မီလေးတွင် စာပေစိစစ်ရေး မှ ဂျာနယ် တိုက်များထံ ဖုန်းဖြင့် ဆက်သွယ်၍ ၀န်ကြီး ၅ ဦး ဋ္ဌာန အပြောင်းအရွှေ့ သတင်းကို လုံးဝဖေါ်ပြခြင်း မပြုရန် သတိပေးခဲ့ သည့် အချက်ကြောင့် ယခု ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်းသည် ယင်းသတင်းဖေါ်ပြမှု နှင့် ပတ်သက်မည်ဟု ဂျာနယ် အသိုင်းအ၀ိုင်းက ကောက်ချက် ချကြသည်။
စာပေ ကင်ပေတိုင်ဟု နာမည်ကြီးသည့် စာပေစိစစ်ရေး ဋ္ဌာန၏ စိစစ်ရေး လုပ်ငန်းစဉ်ကို ယခုနှစ်လည်တွင် ရပ်ဆိုင်းမည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် သတင်းဂျာနယ်များအား စည်းကမ်းမလိုက်နာသည့် အကြောင်းပြချက်ဖြင့် အရေးယူမှု အသစ်များ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။     ။

  lu bo

ဘကြီးသက်
Unknown at 10:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရိုဟင်ဂျာများ လူဦးရေ စိမ့်ဝင်မှု သီအိုရီဖြင့် ၀င်ရောက် လာခြင်း ဖြစ်ကြောင်း ၀န်ကြီး ဦးအောင်မင်း မှပြောကြား

ဒီ ရိုဟင်ဂျာ  တွေကPopulation Best Theory  နဲ့ ကျွန်တော်တို့ နိုင်ငံထဲကိုစိမ့်ဝင် လာတယ်။အကြောင်းအမျိုးမျိုးနဲ့ ဒီလိုဝင်လာပြီးဒီမှာမိန်းမယူတယ်။  သူတို့တစ်ယောက်ထဲနဲ့မိန်းမ က   လေးယောက်လောက်ယူလိုက် တယ်။ဒီတော့ တစ်နှစ်မှာ ကလေး  တစ်ယောက်ပဲမွေးနိုင်တဲ့တိုင်းရင်း သားတွေထက်စာရင်သူတို့က တ နှစ်မှာကလေး လေးယောက်မွေး နေတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဘကြီးသက်
Unknown at 10:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမျိုးသမီးများအတွက် အဆိုးရွားဆုံးနေရာ


ယခုလအတွင်း ဖြစ်ပျက်ခဲ့သည့် အိန္ဒိယအရှေ့မြောက်ပြည်နယ်တခုတွင် အမျိုးသမီးတဦးအား ကာယအိနြေ္ဒ ပျက်ပြားသည်အထိ စော်ကားမှုသည် ပြည်သူများကြားတွင် အထိတ်တလန့် ဖြစ်ပေါ် စေခဲ့သည်။
၎င်းအမျိုးသမီးငယ် တစ်ဦးသည် ည (၉)နာရီ ကျော်တွင် ဘားတခုမှ ထွက်အလာတွင် လူ (၁၈) ဦးမှ သူမအား ဆံပင်ကို ဆွဲကာ လမ်းဘေးသို့ ခေါ်ဆောင်သွားပြီး အင်္ကျီကို ဆုတ်ဖြဲပြီး၊ ကင်မရာရှေ့တွင် ပြုံးစေ၍ ဗွီဒီယို ရိုက်ကူးခဲ့သည်။ ၄၅ မိနစ်အကြာမှ ရဲမှ ရောက်ရှိလာခဲ့သည်။
လွန်ခဲ့သည့်လက တကမ္ဘာလုံးရှိ ဂျန်ဒါရေးရာကျွမ်းကျင်သူ ၃၇၀ ကို စစ်တမ်း ကောက်ယူခဲ့ရာ အိန္ဒိယ နိုင်ငံသည် ကမ္ဘာပေါ်တွင် အမျိုးသမီး များအတွက် အဆိုးဆုံး နေရာတစ်ခု ဖြစ်ကြောင်း မဲပေးခဲ့ကြ သည်။ အိန္ဒိယနိုင်ငံ၏ ဥပဒေတွင် အမျိုးသမီးများ အပေါ်ကာယိနြေ္ဒ ပျက်ပြားအောင် လုပ်ဆောင်မှုသည် ရာဇ၀တ်မှု မြောက်သော ပြစ်မှုဖြစ်သည်။
အိန္ဒိယ နိုင်ငံတွင် (၂၂) မိနစ်တိုင်းတွင် အမျိုးသမီးတဦး မုဒိန်းပြုကျင့် ခံနေရပြီး ၅၈ မိနစ်တိုင်းတွင် ခန်းဝင်ပစ္စည်း တစ်ခုခု မီးရှို့ဖျက်ဆီးခြင်း ခံနေရသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ ကာယအိနြေ္ဒ ပျက်ပြားအောင် လုပ်ဆောင်မှု၊ အိမ်ထောင်ရှင် အမျိုးသား (သို့) ဆွေမျိုး သားချင်းများမှ ရက်စက်စွာ ဆက်ဆံပြုမူခြင်း၊ ပြန်ပေးဆွဲမှုနှင့် လူကုန်ကူမှုပေါင်း (၂၆၁၀၀၀) ကျော် နှစ်စဉ် ဖြစ်ပွားလျက် ရှိသည်။
ဤကဲ့သို့ အကြမ်းဖက်မှု ကျူးလွန်လာရခြင်းမှာ အမျိုးသားများ အနေဖြင့် အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါ က အလုပ်အကိုင် အခွင့်အလမ်း နည်းပါး လာခြင်းကြောင့် ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များ အတွင်း ကျောင်းများတွင် အမှတ်ကောင်းဖြင့် အောင်မြင်သူအများစုမှမှာ အမျိုးသမီး များဖြစ်ပြီး တယ်လီဖုန်း ခေါ်ဆိုရာဌာန၊ အရောင်းမြှင့်တင်ရေးဆိုင်ရာ လုပ်သားများ၊ ကုမ္ပဏီဝန်ထမ်း၊ စက်ရုံများတွင် အမျိုးသမီးများမှာ ရာထူးကြီး နေရာများကို ရရှိလာကြသည်။
ဇာတ်ခွဲခြားမှု စနစ်ရှိသည့် အိန္ဒိယနိုင်ငံတွင် အမျိုးသားများ အနေဖြင့်အမျိုးသမီး အပေါ်ဖိနှိပ်ခြင်းသည် တရားမျှတမှုရှိသည်ဟု မှတ်ယူနေ ဆဲဖြစ်သည်။ အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြားရှိ လူငယ် ၅၃ ရာခိုင်နှုန်းမှ အမျိုးသမီးများ အပေါ် ရိုက်နှက်ခြင်းသည် တရားမျှတသည်ဟု ခံယူနေဆဲဖြစ်ကြောင်း UNICEF ၏ အစီရင်ခံစာတွင် ဖေါ်ပြထားထားသည်။
 Ref; Why India is the worst place to be a woman
မောင်ရမ္မာ
Tuesday, 31 July 2012 07:45
မောက္ခနိုင်ငံတကာသတင်း
http://www.maukkha.org/index.php/news-menu/international-news-maukkha/2256-india-rape

ဘကြီးသက်
Unknown at 10:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.