Wednesday, August 1, 2012

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်

 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံအဝှမ်း တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေ စိုးမိုးရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည့် အချိန်တွင် အေးချမ်းမှုနှင့် လုံခြုံရေးကို ထိပါးစေမည့် အဖြစ်အပျက် နှစ်ရပ် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည်။ ယင်းအဖြစ်အပျက်များမှာ မေလ ၂၈ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၌ အမျိုးသမီးငယ် တစ်ဦးအား လူငယ်သုံးဦးက လုယက်၊ အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့ခြင်းနှင့် ဆက်စပ်၍ ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့နယ်အတွင်း ခရီးသည်တင် ဘတ်စ်ကားပေါ်မှ ခရီးသည် ၁ဝ ဦးအား သတ်ဖြတ်ခဲ့မှုတို့ပင် ဖြစ်ပါသည်။ ဤဖြစ်ရပ်နှစ်ခုတွင် ပထမအမှု၌ သေဆုံးခဲ့ရသည်မှာ ဗုဒ္ဓဘာသာဝင် ရခိုင်အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒုတိယအမှုတွင် သေဆုံးသူများမှာ မူဆလင် အမျိုးသားများ ဖြစ်ကြသည်။ ဤအဖြစ်အပျက်နှစ်ရပ် ဖြစ်ပွားပြီးနောက် စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင် မြို့များတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သူများက နေအိမ်များ၊ ဈေးဆိုင်များနှင့် တည်းခိုခန်းများကို မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့ကြသည်။ အဆိုပါ အကြမ်းဖက်မှုများကြောင့် နှစ်ဖက်စလုံးမှ ၇၇ ဦး သေဆုံးပြီး ၁ဝ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စုစုပေါင်း လူနေအိမ် ၄၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၅ လုံးနှင့် စာသင်ကျောင်း ၃ ကျောင်း မီးလောင်ပျက်စီးခဲ့သည်။ ယင်းသို့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ စတင်ဖြစ်ပွားချိန်မှာပင် ဆူပူမှုဖြစ်ပွားရာ နေရာများ၌ တည်ငြိမ်မှု ရရှိရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် ချက်ချင်းအရေးယူ ဆောင်ရွက်ပေးခဲ့သည်။ အလားတူ အကြမ်းဖက်မှုများ မပြန့်ပွားစေရန်နှင့် တည်ငြိမ်အေးချမ်းမှု ရရှိစေရန် အတွက်လည်း လိုအပ်သည်များကို စီမံဆောင်ရွက်ခဲ့သည်။ အခြေအနေအရပ်ရပ်ကို ပြည်သူများ သိရှိနိုင်ရေး အတွက်လည်း ပွင့်လင်းမြင်သာစွာ အသိပေး ထုတ်ပြန်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း အဖြစ်မှန် ဖော်ထုတ်ရေးနှင့် ဥပဒေမဲ့စွာ မင်းမဲ့စရိုက်ဖြင့် ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်ရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော အဖွဲ့ဝင် ၁၆ ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မတီကို ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ဇွန်လ ၁၁ ရက်နေ့တွင် ရခိုင်ပြည်နယ်တွင်း အရေးအခင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်သူများသို့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ ထိုသို့ မိန့်ခွန်း ပြောကြားရာတွင် နိုင်ငံတော်သမ္မတက ပြည်သူလူထုအနေဖြင့် နိုင်ငံတော်အစိုးရနှင့် လက်တွဲ၍ ပူးပေါင်း ဆောင်ရွက်ကြရန် ပန်ကြားပြီး အခြေအနေ အရပ်ရပ်ကို သည်းခံခြင်းတရားဖြင့် ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံလျက် နိုင်ငံတော်အစိုးရ အနေဖြင့် တရားဥပဒေ စိုးမိုးရေးကို အထူးအလေးထားသွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်သမ္မတရုံးက ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် အရေးပေါ် အခြေအနေကို ထုတ်ပြန်ကြေညာခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း အဖြစ်အပျက်များကို သုံးသပ်ကြည့်မည် ဆိုပါက တစ်ဦးနှင့်တစ်ဦး ဘာသာရေး အယူအဆ ကွဲပြားခြင်းနှင့် ယုံကြည်မှု ကင်းမဲ့ခြင်းမှ မုန်းတီးမှုနှင့် လက်တုံ့ပြန်မှု၊ လက်စားချေမှုများကြောင့် ဥပဒေမဲ့စရိုက်များ ပျံ့နှံ့သွားခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ယင်းသို့ အကြမ်းဖက်မှုများကြောင့် ထိခိုက်နစ်နာရသူများမှာ ဗုဒ္ဓဘာသာနှင့် မူဆလင် အသိုင်းအဝိုင်း နှစ်ဖက်လုံးမှ ဖြစ်ကြောင်း တွေ့ရှိရရာ ဤအကြမ်းဖက်မှုများသည် ဘာသာရေး ဖိနှိပ်ညှဉ်းပန်းမှုနှင့် ဆက်စပ်မှု မရှိကြောင်း ထင်ရှားသည်။ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် နိုင်ငံ တစ်နိုင်ငံဖြစ်လျက် ကွဲပြားခြားနားသော ယုံကြည်မှု အမျိုးမျိုးရှိကြသည့် ပြည်သူအားလုံး ငြိမ်းချမ်းစွာ အတူတကွ နေထိုင်လျက်ရှိကြသည်။ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုအသင်းအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များသည် အခင်းဖြစ်ပွားရာ ဒေသများသို့ သွားရောက်ခဲ့ကြပြီး ကယ်ဆယ်ရေးစခန်းရှိ ဒုက္ခသည်များအား ကယ်ဆယ်ရေး ပစ္စည်းများ ဝေငှခြင်း၊ ပြန်လည်နေရာ ချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးခြင်း တို့ကို လုပ်ဆောင်လျက်ရှိကြသည်။ နိုင်ငံတော်အစိုးရက အဆိုပါမြို့နယ်များတွင် အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်သူ ရခိုင်အမျိုးသား ၁၄၃၂၈ ဦးနှင့် မူဆလင်ဘာသာဝင် ၃ဝ၇၄ဝ ဦးတို့အတွက် ကယ်ဆယ်ရေး စခန်း ၈၉ ခု တည်ဆောက်ပေးခဲ့သည်။ ယခုအခါ ရခိုင်ပြည်နယ်အတွင်း ဥပဒေစိုးမိုးရေး အခြေအနေ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သဖြင့် အဆိုပါ ကယ်ဆယ်ရေး စခန်းများမှ မိသားစုများသည် မိမိတို့၏နေရပ် ဒေသများသို့ ပြန်လည် ရွှေ့ပြောင်းလျက် ရှိနေကြပြီ ဖြစ်သည်။ မောင်တောမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်များ ပြန်လည် တည်ဆောက်ရေးအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနက နေအိမ် ၂ဝ၂ လုံးကိုလည်းကောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက နေအိမ် ၂၂၂ လုံးကို လည်းကောင်း၊ အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သော CARE Myanmar က နေအိမ် ၁၂၈ လုံးကိုလည်းကောင်း အသီးသီး တည်ဆောက်ပေးသွားမည် ဖြစ်သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မောင်တောမြို့နယ်အတွင်း ဒုက္ခသည်များအတွက် ယာယီတဲ အလုံး ၄ဝဝ ကို ပေးအပ်ခဲ့ပြီးဖြစ်သည်။ စစ်တွေမြို့နှင့် မြို့နယ်အတွင်းရှိ ဒုက္ခသည်များ ခိုလှုံနိုင်ရန် ရခိုင်ပြည်နယ်အစိုးရက ယာယီတဲ အလုံး ၁၇ဝ နှင့် ကုလသမဂ္ဂ မဟာမင်းကြီးရုံးမှ ဦးဆောင်၍ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ယာယီတဲ အလုံး ၆ဝဝ ကို တည်ဆောက်ပေးရန် ကတိပြုခဲ့ကြသည်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WEP) ကလည်း ဒုက္ခသည်စခန်းများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၆ သိန်းခန့်ကို အသုံးပြုခဲ့ပြီး စားနပ်ရိက္ခာ ၁၅၁၅ တန်ကို ထောက်ပံ့ပေးခဲ့ပြီ ဖြစ်သည်။ WEP ၏ သိုလှောင်ရုံများတွင် ရိက္ခာတန် ၂၁ဝဝ ကို သိုလှောင်ထားရှိပြီး ဖြစ်သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက မီးဖိုချောင်အသုံးအဆောင် အမျိုးမျိုး ၆၈၁၈ စုံနှင့် မိုးရေကာဖျင် အချပ်ပေါင်း ၂၄၁၂ ကို ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်များအတွက် ပံ့ပိုးခဲ့ပြီဖြစ်သည်။ ထို့အပြင် နှစ်ဖက်စလုံးမှ ဒုက္ခသည်များ၏ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး လုပ်ငန်းများအတွက် ပြည်တွင်းပြည်ပ စေတနာရှင်များထံမှ ကျပ်သန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ  ငွေသားနှင့် ပစ္စည်းများကိုလည်း လက်ခံရရှိပြီး ဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အဆိုပါဒေသများတွင် တရားဥပဒေစိုးမိုးမှု ပြန်လည် တည်ဆောက်ရေးအတွက် ဆောင်ရွက်ရာတွင် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့သည်။ ဖြစ်ပေါ်နေသော  အခြေအနေကို ဖြေရှင်းရာ၌ အာဏာပိုင်များက မလိုအပ်ဘဲ အင်အားအလွန်အကျွံ အသုံးပြုမှုများရှိကြောင်း အချို့အသိုင်းအဝိုင်းမှ စွပ်စွဲမှုများကို မြန်မာနိုင်ငံအနေဖြင့် အခိုင်အမာ ငြင်းဆိုသည်။ အထက်ပါ အဖြစ်အပျက်များမှာ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်အနည်းငယ်တွင် ပေါ်ပေါက်ခဲ့သည့် အုပ်စုချင်း အကြမ်းဖက်မှုများသာ ဖြစ်သည်။ သို့ဖြစ်ရာ ဖြစ်ရပ်မှန် အခြေအနေများကို ထောက်ရှု၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကိစ္စရပ်အား အချို့အသိုင်းအဝိုင်းမှ ဘာသာရေး ပြဿနာတစ်ရပ်အဖြစ် နိုင်ငံရေးအသွင်နှင့် နိုင်ငံတကာ ကိစ္စရပ်အသွင် ဖြစ်ပေါ်စေရန် ကြိုးပမ်းမှုများကို မြန်မာနိုင်ငံက လုံးဝပယ်ချသည်။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် မရှိမဖြစ် လိုအပ်ချက် တစ်ရပ်ဖြစ်သည်။ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် တိုင်းရင်းသား လူမျိုးများအကြား သဟဇာတရှိမှုသည် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် အရေးကြီးလှပေသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ မူဆလင်နှင့် ဟိန္ဒူဘာသာဝင်များ ရာစုနှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာဖြင့် အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြသည့် ဘာသာစုံနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ သို့ဖြစ်ရာ မကြာမီက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အရေးအခင်းများသည် ဘာသာရေး ဖိနှိပ်ခွဲခြား ဆက်ဆံမှုကြောင့် ပေါ်ပေါက်လာခဲ့ခြင်း မဟုတ်ပေ။ အာဏာပိုင်များအနေဖြင့် စိတ်ရှည်သည်းခံမှုဖြင့် သတိကြီးစွာထားလျက် လိုအပ်သည်များကို အရေးယူ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရက ယခုကိစ္စရပ်အား ဖြေရှင်းနိုင်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ အခြေအနေ အရပ်ရပ်မှာ ပုံမှန်အနေအထားသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည်ဟု ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
ဘကြီးသက်
Unknown at 10:50 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.