Tuesday, July 17, 2012

ဒီပဲယင်းတွင် ဒုက္ခိတဖြစ်သွားသည်အထိ ရိုက်နှက်ခံရသူ NLD အဖွဲ့ဝင် ကိုမြတ်ကို



၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက်မှုတွင် ရိုက်နှက်ခံရသူတဦး၏ ဓာတ်ပုံကို မုံရွာမြို့ NLD ၏ Facebook တွင် ယနေ့ ပေါ်ပေါက်လာသည်။
သူ၏အမည်မှာ ကိုမြတ်ကို ဖြစ်ပြီး မြောင်မြို့နယ် တွင်းကြီးကျေးရွာအုပ်စုတွင် နေထိုင်သူ ဖြစ်သည်ဟု ဆိုသည်။
သူ့ကို သွားရောက် တွေ့ဆုံသော NLD အဖွဲ့ဝင်များကိုလည်း ဓာတ်ပုံတွင် တွေ့ရသည်။

ကိုမြတ်ကိုသည် စစ်ကိုင်းတိုင်းသို့ ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးပေးသည့် NLD အဖွဲ့ဝင်များထဲတါင် ပါဝင်သည်။
၂၀၀၃ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း ဒေသ အကြမ်းဖက်မှုတွင် ထောင်နှင့်ချီသော လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့သည်။
ထိုဖြစ်ရပ်ကို အာဏာပိုင်တို့က ပဋိပက္ခတခုအဖြစ် သတ်မှတ်ပြီး သေဆုံးသူ ၄ ဦးရှိသည်ဟု တရားဝင် ပြောဆိုခဲ့သည်။
အများအပြား ဒဏ်ရာရ ဖမ်းဆီးခံရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD အဖွဲ့ဝင် တချို့မှာ နှစ်ရှည် ထိန်းသိမ်းခံခဲ့ရသည်။

ယခုအခါ အစိုးရက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြောဆိုခြင်း အလျဉ်း မရှိသကဲ့သို့ NLD ကလည်း သင်ပုန်းချေလိုသည့်ပုံရှိနေသည်ကို တွေ့ရသည်။

ဘကြီးသက်
Unknown at 5:56 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

အလှအပမက်မောမူကြောင့် ဘ၀ပျက်တတ်ကြောင်း ပြည်တွင်း/ပ မှရွှေမြန်မာ မမ၊ညီမ များသိစေရန်အိတ်ဖွင့်ပေးစာ







မိန်းကလေးတွေ လှချင်ပချင်တာနဲ့ ပတ်သက်ပြီး ဒီခေတ်ကလေးမလေးတွေဟာ အလှဗေဒကို နည်းနည်းတော့ စဉ်းစားကြစေချင်တယ်လို့ ပြောရင် မိန်းကလေးပဲလှချင်တာ ဓမ္မတာမဟုတ်လား၊ ဟိုဘက်ခေတ်ပဲ၊ ဒီဘက်ခေတ်ပဲနဲ့ ခွဲနေဦးမှားလာလို့ ပြန်ပြောချင်နေမလားတော့ မဆိုနိုင်ဘူး။
ဟုတ်တာပေါ့ … မိန်းကလေးဆိုတာ လှချင်တာပဲ၊ ဒါလူ့ဓမ္မတာပဲ။ ဟိုခေတ်ရယ်၊ ဒီခေတ်ရယ် ခွဲမနေအပ်ပါဘူး။ ဒါပေမယ့် မိန်းကလေးတွေ လှချင်တယ် ဆိုတာ အတိုင်းမသိ၊ အတာမသတ်၊ လှသထက် လှရမယ်ဆိုရင် ဘယ်လိုလုပ်ရ လုပ်ရ ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး။ အဲဒါကို ပြောချင်တာပါ။
မိန်းကလေးဟာ ကိုယ်ရမ်းမသိ၊ သိပ်လှချင်နေရင် အန္တရယ် အလွန်ကြီးတယ်။ ဘာပြုလို့လဲဆိုတော့ ဒို့မိန်းကလေးတွေမှာ စောင့်စည်းရမယ့် ကာယိနြေ္ဒဆိုတာက ရှိနေလို့ပဲ။ ဒါကြောင့် လှတော့ လှချင်တာပေါ့။ ဒါပေမယ့် သူ့အတိုင်းအတာနဲ့ သူသာလှချင်ရတယ်။
ဥပမာဆိုပါတော့ သဘင်နယ်က မဟုတ်တဲ့ အရပ်သူ မိန်းကလေးများက လှအောင်ပအောင် ပြုပြင်ကြတဲ့အခါ သဘင်သည်တွေကို တုပပြီး မပြုပြင်ရဘူး။ ကိုယ်ကရုပ်နဲ့ လုပ်စားတာမဟုတ်ဘူး။ ဇာတ်၊ အငြိမ့်၊ ရုပ်ရှင်၊ ဗွီဒီယို၊ အဆိုတော်စတဲ့ သဘင်နယ်က မိန်းကလေးတွေကတော့ ရုပ်ရှည်နဲ့ လုပ်စားကြရတာမို့ သူတို့ က သူတို့ အတိုင်းအတာနဲ့ သူတို့ လှအောင်ပအောင် ပြုပြင်နိုင်ကြတယ်။ ဒါ သူတို့ စီးပွားရေး။ ဒါသူတို့ အသက်မွေးဝမ်းကျောင်း။ ဟိုဘက်ခေတ် (အမေတို့ခေတ်) တုန်းက မိန်းကလေး တစ်ယောက်ကို ၀တ်စားဆင်ယင်ပုံ ကြည့်တာနဲ့ ဒါ အရပ်သူပဲ၊ ဒါ သဘင်သည်ပဲ ဆိုတာ ခွဲခြားပြောနိုင် သိနိုင်သည်။
ခန္ဓာကိုယ်နဲ့ ရင်းနှီးလုပ်ကိုင်စားရတဲ့ မိန်းကလေးတွေကလည်း သူ့သဘာဝနဲ့ သူ၊ သူ့အသက်မွေးမှုနဲ့ သူ၊ သူ့အပြုအမူ အနေအထိုင်၊ သူ့အမူအရာနဲ့သူ ရှိကြတယ်။ ကြည့်တတ်ရင် တခြားလူတွေနဲ့ ကွဲပြားတယ်။
ပြီးတော့ “တံခါးဖွင့်စီးပွားရေး၊ ဈေးကွက်စီးပွားရေး” ဆိုတာ ပေါ်လာတဲ့ ဒီခေတ်မှာ မိန်းကလေးတွေရဲ့ တန်ဖိုးက သိသိသာသာကြီး ကျဆင်းသွားတယ်လို့ ခံစားရတယ်။ ငွေရှင်ကြေးရှင်များက သူတို့ ကုန်ပစ္စည်း ရောင်းချရရေး၊ သူတို့ အမြတ်အစွန်း ရရှိရေးအတွက် ရုပ်ရည်သန့်ပြန့်ပြီး ငယ်ရွယ်တဲ့ လူဆင်းရဲ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ကို သူတို့ ကုန်ပစ္စည်းနဲ့ ရောနှောပြီး ရောင်းစားနေကြတယ်။ မိန်းကလေး တွေမှာ သိတော့သိသားပဲ။ ဆင်းရဲလို့ မျက်စိမှိတ်ပြီး ထည့်ရောင်းပေးနေရတယ်။ ဒီအတွက် ဆင်းရဲရခြင်းကိုလည်း အသည်းနာလိုက်တာ။ အမြတ်အစွန်းရရေး၊ သူဌေးမြန်မြန်ဖြစ်ရေးဆိုတဲ့ နည်းလမ်းတွေထဲမှာ လူ့တန်ဖိုးက ပါပုံမရဘူး။ အထူးသဖြင့် မိန်းမရဲ့ တန်ဖိုးဟာ အကျဆင်ဆုံး ဖြစ်လိမ့်မယ် ထင်တယ်။
နောက်ပြီး လှချင်ပချင်တဲ့ သမီးမိန်းကလေးတွေကို သတိပေးချင်သေးတယ်။ မိန်းကလေးရဲ့ အရည်အချင်းမှာ သမီးကညာ ဘ၀တစ်ခုတည်းနဲ့ လမ်းဆုံးမနေစေနဲ့။ မိန်းမတွေဟာ ဒီလောကမှာရှိတဲ့ လူသားတွေရဲ့ တ၀က်တိတိရှိပြီး လူ့လောကကို ယောက်ျားနဲ့ ဆိုးတူကောင်းဖက် လက်တွဲလို့ ရင်ပေါင်တန်းပြီး တည်ဆောက်နေတဲ့ လူသား။ ပြီးတော့ မျိုးဆက်သက်ကို မွေးထုတ်ပေးပြီး ကြီးပြင်းအောင် မွေးကျွေးသုတ်သင်တဲ့ မိခင်လူသား။ ဒီတာဝန်ကို ယောက်ျားတွေက မယူနိုင်ဘူးနော။
အဲဒီတာဝန်တွေကို အပြည့်အ၀ထမ်းရွက်ကြရတဲ့ အခါ ငယ်တုန်းက ရူးလို့၊ မိုက်လို့ လှတာကို အထင်ကြီးခဲ့တာ။ လှချင်ခဲ့တာ၊ အလှကိုသာ ရှိခိုးခဲ့တာ လှဖို့ဆိုရင် ဘာမဆိုလုပ်ချင်ခဲ့တာတွေဟာ မိုက်မဲမှုပဲလို့ မြင်လာလိမ့်မယ်။
သူတို့ဆီက စကားပုံတစ်ခုက BEAUTY IS SKIN DEEP တဲ့။ အလှဆိုတာ အရေဖျား တထောက်သာ နက်တာပါတဲ့။ ဘာမှ ကြီးကြီးကျယ်ကျယ် နက်နက်နဲ့နဲ့ မဟုတ်ပါဘူးလို့ သူတို့ ဆီမှာ သွန်သင်မှုရှိပေမယ့် လှသထက်လှချင်အောင် နေ့တိုင်း နေ့တိုင်း အပြအသတွေနဲ့ ဆွဲဆောင်သွန်သင်နေတယ်။ မိန်းကလေးတွေဟာ တုပပြီး တုပပြီး လိုက်လိုက် လုပ်လိုက်ရတာ၊ အဖော်အလှစ်ပဲ ကျန်တော့တယ်။ ဒါတောင် တစ်ဝက်တစ်ပျက်ဖော်၊ တစ်ဝက်တစ်ပျက် လှစ်နေကြပါပြီ။ မိန်းကလေးရဲ့ တန်ဖိုးက ဒါတွေပဲလား။ သေသေချာချာ စဉ်းစားကြကွယ်။ ခန္ဓာကိုယ် အပြင် မိန်းကလေးမှာ ဦးနောက်နဲ့ နှလုံးသားရှိသေးတယ် ဆိုတာကို မေ့ပျောက်နေအောင် လှဖို့ ချည်း နေ့တိုင်း အဘက်ဘက်က ပညာပေးနေတာတွေကို သတိလေးထားပြီး အသိတရား ယှဉ်ပြီး လက်ခံတတ်ဖို့ အရေးကြီးပါတယ်။
မိန်းမရဲ့တန်ဖိုး၊ လူ့တန်ဖိုးမှာ ရုပ်ဆင်းရူပကာတင့်တယ်ခြင်းဆိုတာက ရာခိုင်နှုန်းနည်းနည်းပဲ ရှိတာ။ အလှဆိုတာ တစ်ယောက်တလေမှာ ဖြစ်တာ၊ လူမှာ လှတာမလှတာထက် လူ့အရည်အသွေးဖြစ်တဲ့ လုံ့လ၀ီရိယ၊ ဇွဲသတ္တိ ခံနိုင်ရည်၊ ပြီးတော့ ကြင်နာမှု၊ သနားမှု၊ အနစ်နာခံမှု၊ သူတစ်ပါးအတွက် အကျိုးဆောင်မှု၊ စွန့်လွှတ်မှု စတဲ့ အရည်အသွေးတွေ ရှိဖို့ အများကြီး ကြိုးစားလုပ်ဆောင်ရတယ်။ ဒါမှ လူ့ဘ၀မှာ လူဖြစ်ရကျိုးနပ်မယ်။
ဒါကြောင့် မိန်းကလေးတွေ အလှဗေဒကို သေသေချာချာ စဉ်းစားစေချင်တာ။ ပြီးတော့ ဒီခေတ်မှာ လှစရာ၊ လှအောင် လုပ်စရာတွေက များလိုက်တာ။ အဲဒါတွေ အတွက် ကုန်လိုက်တဲ့ ပိုက်ဆံ။ ။
လူထု ဒေါ်အမာ ရေးသားသော အမေ့ရှေးစကား စာအုပ်မှ ကောက်နှုတ်တင်ပြထားပါသည်။
မှတ်ချက်။ ။ ဤ ဆောင်းပါးတွင် ပါသော တချို့သော စာကြောင်းများနှင့် “အမေ” ဟူသော အသုံးအနှုန်းများကို ဖြောက်ပြီး ပြန်ရေးထားပါသည်။
ဒီတပတ်အတွက်တော့ မိန်းကလေးတွေရဲ့ အလှအပနဲ့ ပတ်သက်တဲ့ သတိပေး ဝေဖန်ချက်တွေကို ရေးထားတဲ့ လူထုဒေါ်အမာရဲ့ အမေ့ရှေးစကား စာအုပ်ထဲက “လှသထက် လှချင်နေရင်” ဆောင်းပါးကို သူငယ်ချင်းတွေ ဖတ်ဖို့ ရွေးချယ်ပေးလိုက်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီးတော့ အခုခေတ်မှာ ပေါ်ပြူလာ ဖြစ်နေတဲ့ ကိုရီးယား မင်းသမီးလေးတွေလိုလှသထက်လှချင်နေတဲ့ ကောင် မမတွေ၊ ညီမလေးတွေ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်ပါစေကွယ်။

Myanmar Express

ဘကြီးသက်
Unknown at 12:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိုးတက်လာပါပြီ



ဝန်ထမ်းတွေကို အရင်က ဌာနတာဝန်နဲ့ မီးရထားစီးရင် လက်မှတ်ခရဲ့ ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ပေးပြီး ကျသင့်ငွေ တ၀က်ပဲ ပေးခဲ့ရပါတယ်။ အခုတော့ ၀န်ထမ်းတွေအတွက် တိုးတက်လာပါပြီ။

မီးရထားဝန်ကြီးဌာနက ၂၅ ရာခိုင်နှုန်းပဲ လျှော့ပေးမှာဖြစ်ပြီး မီးရထားခ ကျသင့်ငွေရဲ့ ၇၅ ရာခိုင်နှုန်း ကို ပေးချေ ရတော့မယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။

ဝန်ထမ်းတွေဟာ အခုတော့ မီးရထားခကို အရင်ကထက် တိုးပြီး တက်ပြီး ပေးရတာလည်းဖြစ်ပါတယ်။

 ဧရာဝတီ ဘလော့
ဘကြီးသက်
Unknown at 11:28 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Facebook တွင်လုံခြုံစိတ်ချစွာရှိနေဖို့အတွက် အကြံပြုချက် (၇) ချက်.........

 





Facebook တွင်လုံခြုံစိတ်ချ အစစ်အမှန် မဟုတ်သော ကမ္ဘာသည် အန္တရာယ်တစ်ခုပင် ဖြစ်နိုင် သည်။ဖေ့ဘုတ်ခ်တွင် သင်သည် ဘေးအန္တရယ်မှ ကင်းဝေးရန် အောက်ပါအချက် ၇ ချက်ကို
အသေအချာ ဖတ်ရှုပါ။

၁။ အများနှင့် သက်ဆိုင်ခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ပါ။

ဒါကတော့ ရှေ့သို့ ဖြောင့်တန်းနေတယ်လို့ သင် တွေးထင်နေလိမ့်ပါမယ်။ ပြီးတော့လူအများဟာ ထင်မြင်ချက်အောက်နေ သူတို့တွေ ပုန်းကွယ်နှင့်ပြီးဖြစ်သည်။
သို့သော် သင်ဟာ ၎င်း categories အများအပြားတွင် ဆက်တင်ကို မသုံးဘူးဆိုရင်တခြားလူတွေ က သင့်ရဲ့ အချက်အလက်တွေကို မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ ဒါကတော့ဖေ့ဘုတ်လ်အကောင့် အတွက် အလွန်အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။
သင်ကိုယ်သင်ကာကွယ်ရန် click Account> Privacy settings> Profileinformation ဆီသွားပါ။
Categories ၁၂ ခုလုံးအတွက် သင့်ရဲ့ သီးသန့်တည်ရှိမှုကို ချိန်ကိုက်ပါ။အဲဒီနောက်မှာ Privacy> Contact information ကို ပြန်သွားပါ။ သင့်privacy ဆက်တင်မှာရှိတဲ့ categories ၉ ခုလုံးကိ ပြင်ဆင်ပါ။


၂။ သင်ကို ရှာဖွေရေးအင်ဂျင်တွင် ရှာဖွေခွင့်မပြုပါနှင့်။

တစိမ်းတရံလူများရဲ့ သင့် စာမျက်နှာကို ဆက်သွယ်လာမှုကို တားဆီးရန်Account>
Privacysettings> Search သို့သွားပါ။ ဖေ့ဘုတ်ဘ် ရှာဖွေရေး ရလဒ်အတွက် ‘Only
friends’ ဆိုတဲ့ ကို ရွေးချယ်ပါ။


၃။ သင်ရဲ့ အချက်အလက်အပြည့်အစုံတွေကို တခြားကုမ္ပဏီများဆီ မလွှဲပြောင်းဖို့
ဖေ့ဘုတ်ခ်ကို ခွင့်မပြုပါနဲ့။
သင်က သူတို့ကို ခွင့်ပြုလိုက်မယ်ဆိုရင် ဖေ့ဘုတ်ခ်သည် ကုမ္ပဏီတွေဆီ သင့်ရဲ့ကောက်ကြောင်း ပုံတွေကို ကြေငြာ အကြောင်းအရာတွေနဲ့ သုတေသနလုပ်ငန်းတွေအတွက်ဆက်သွယ်လာ မှာ ဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ ကြေငြာတွေမှာ သင့်အချက်အလက်တွေကို သုံးစွဲသွားနိုင်တယ်။
ဒါတွေကို ရပ်တန့်အောင် လုပ်ဆောင်ဖို့အတွက် Account> Privacy>Settings
> Applicationsand websites ကို ကလစ်ပါ။ နောက်တဖန် ‘Instact Personalisation Pilot
Program ’ ကို သွားပြီး ‘Edit setting’ ကို ကလစ်ပါ။ ဖန်သားပြင်ရဲ့အောက်ဆုံး မှာ ပုံးလေဟာ အမှန်ခြစ်ထားတာမှာရှိတဲ့အတွက် အသေအချာ ပြုလုပ်ပါ။
ဘယ်ကြေငြာမှာမှ သင့် အချက်အလက်တွေ မပေါ်အောင် အသေအချာလုပ်ဆောင်ရမှာက
Account> Account Settings> Facebook Adaverts ဆီသွားပါ။ ‘no one’
on ‘Allow ads on platform pages to show my information to’ နှင့် ‘Show
my social actions in Facebook ads to’ တခုကို ရွေးချယ်ပါ။


၎။ တခြားသောသူမှ သင် အကောင့်ကို သုံးမသုံး အသေအချာ လုပ်ပါ။

အရင်ပတ်က ဖေ့ဘုတ်ခ်မှာ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အကြောင်းအရာအသစ်ဖြစ်ပါတယ်။
အဲဒီfeature အသစ်က သင်အကောင့်ကို ဆက်သွယ်ဖို့ ကြည့်ရှုစစ်ဆေးမယ့် devices
များကို ခွင့်ပြုခြင်း ဖြစ်ပါတယ်။
Account> Account settings > Account security သို့ သွားပါ။ ‘Wouldyou like to receive notifications for logins from new devices’ ကို ကလစ်ပေးပြီးနောက်မှာအောက်မှာ ရှိတဲ့ ‘Yes’ ကို ကလစ်ပါ။
အကောင့်ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ သင်သုံးနေတဲ့ device နာမည်ကို သင်ကိုမေးနေပါလိမ့်မယ်။
အဲဒီ့နောက်မှာ ၎င်းက သင့်အီးမေးလ်ဆီ ပို့ပါလိမ့်မယ်။ အခုချိန်မှာတော့သင်မသုံး တဲ့ device မှ သင့် အကောင့်ကို တခြားတယောက်က ၀င်ရောက်မယ်ဆိုရင်အီးမေးလ်က ပြောပြတာကို သင်သည် လက်ခံ ရရှိပါလိမ့်မယ်။ ထိုပုံစံမျိုးဖြစ်ပေါ်လာမယ်ဆိုရင် သင်အနေနဲ့ ချက်ချင်း လျှို့ဝှက်နံပါတ်ကိုပြောင်းလဲပေးပြီး ဖေ့ဘုတ်ခ်ရဲ့ Help Centre ကို အကြောင်းအကြားပါ။



၅။ သင့် ပရိုဖိုင်ထဲတွင် မွေးနေ့ရက်ကို အပြည့်မဖော်ပြပါနဲ့။

ဒီအကြောင်းအရာကတော့ မည်သူမည်ဝါဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကိုခိုယူသူတွေ အတွက်ပစ်မှတ်ကောင်းတခု ဖြစ်ပါတယ်။ ၎င်းတို့ဟာ သင့်ရဲ့ ပိုမိုပြည့်စုံတဲ့ သတင်းအပြည့် အစုံတွေစုဆောင်းပြီး ဖြစ်နိုင်ချေရှိတဲ့ သင့် ဘဏ် သို့မဟုတ်credit ကဒ် အကောင့်တွေ ကို ဆက်သွယ်ရယူပြီး အသုံးပြုနိုင်ပါတယ်။ သင်အနေနဲ့မွေးရက်သက္ကရာဇ် အပြည့်အစုံ ထည့်သွားပြီးခဲ့လျှင်ပရိုဖိုင် စာမျက်နှာဆီသွားပြီး ‘info’ tab ကို ကလစ်ပါ။ “Edit information”
လုပ်ပါ။ အခြေခံ အကြောင်အရာအချက်လက်အောက်မှာ မွေး သက္ကရာဇ်တွင် လ သို့မဟုတ်
ရက် ကိုသာဖော်ပြပါ။ အပြည့်အစုံ မဖော်ပြပါနဲ့။



၆။ သင်သူငယ်ချင်များမှ သင့်ကိုယ်သင် ကာကွယ်ပါ။

သင့် ဖေ့ဘုတ်ခ် သူငယ်ချင်းများသည် applications များကို အသုံပြုလာသောအခါ
သူတို့သည် third parties မျာနှင့် သင့် အချက်လက်များကို မတော်တဆအသုံးပြုလာနိုင်တယ်။
ကာကွယ်ရန်အတွက် Account > Privacy Settings > Applications andwebsites >
What your friends can share aboutyou သို့သွားပါ။ ပုံးပုံစံအားလုံးထဲက အမှတ်ခြစ် ထားတာတွေကို ပြန်ဖြုတ်ပြီးsave ပြန်လုပ်ပါ။


၇။သင်ရဲ့ ပင်မစာမျက်နှာမှာ ကြေငြာ မထားပါနဲ့။
ဖေ့ဘုတ်ခ်ပေါ်တွင် သင်ပို့စ်လုပ်သည့်အခါတိုင်း လိပ်စာ အပြည့်အစုံ မသုံးမိရန်
အသေအချာလုပ်ပါ။

Myanmar Express
ဘကြီးသက်
Unknown at 11:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂီတလောကမှ လူငယ် ဆို-ရေး-တီး ပညာရှင်များ အရေးပေါ်အစည်းအဝေး


ဇူလိုင် ၁၆ ရက်၊နေ့လည် ၁ နာရီက ရန်ကုန်မြို့၊ Park Royal Hotel မှာ
ဂီတလောကမှ လူငယ် ဆို-ရေး-တီး ပညာရှင်များ အရေးပေါ်အစည်းအဝေး
တစ်ခု ခေါ်ယူစုဝေးခဲ့ကြပါတယ်။
တေးသံရှင် ဖြူဖြူကျော်သိန်း၊အနဂ္ဂ၊သံသာဝင်း တို့ ဦးဆောင်တဲ့ လူငယ်
အနုပညာရှင် ၁၀ ဦး ဇူလိုင် ၁၁ ရက်နေ့ ကနေပြည်တော်၊လွှတ်တော်ရုံးခန်းမှာ ဥက္ကဌ သူရဦးအေးမြင့် ဦးဆောင်တဲ့
ပြည်သူ့ဆက်ဆံရေးကော်မီတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့မှုများကို ဂီတမောင်
နှမများကို ပြန်လည်ရှင်းပြပြီး မကြာမီ အသစ်ရွေးချယ်တော့မယ့်
ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့သစ်မှာလူငယ်တွေရဲ့
ဂီတသစ် အလွှာ ကိုတိုးချဲ့ဖွဲ့စည်းရေးကို ပြည်သူ့ဆက်ဆံရေးကော်မီတီ
ရဲ့ထောက်ခံမှုအရ ဆက်လက်ဆောင်ရွက်ကြဖို့ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။
ဂီတအစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေး
ကော်မီတီဝင်တစ်ချို့ရဲ့ နှေက်ယှက်ဟန့်တားမှုတွေမျိုးစုနဲ့ကြုံခဲ့ကြရပေမယ့်
ဂီတသစ် လူငယ်လေးတွေရဲ့ အံ့မခန်း ညီညွတ်တဲ့စွမ်းအားကြောင့်
သူတို့လိုလားတဲ့အရာကိုရရှိခဲ့ပြီဖြစ်ပါတယ်။
သူတို့တွေ့ဆုံဆွေးနွေးမှုမပြီးခင်မှာဘဲ မြန်မာနိုင်ငံဂီတအစည်းအရုံး
အလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ တေးသံရှင်နွဲ့ယဉ်ဝင်း ရဲ့ အဆိုပြုလွှာ
ကို ဂီတအစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မီတီ က
ပယ်လိုက်တယ်လို့သတင်းဝင်လာတဲ့အတွက် အစည်းအဝေးကိုရပ်နားပြီး
အနုပညာမောင်နှမတွေအားလုံး တာမွေမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံ
ဂီတအစည်းအရုံး(ဗဟို) ကိုစုဝေးကာသွားရောက်ပြီး လက်ရှိ ဂီတအစည်းအရုံး
ဥက္ကဌ ကိုပွင့်လင်းစွာဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။
မကြခင်ရက်ပိုင်းမှာ ရွေးကောက်ပွဲ ရက်ကြေညာဖို့ရှိပါတယ်။
ဇူလိုင် ၁၇ ရက်မှာ ဂီတသစ်လူငယ်များနဲ့ ဂီတအစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မီတီ အကြေအလည်ဆွေးနွေးကြမှာဖြစ်ပါတယ်။
စိတ်ဝင်စားတဲ့ ဂီတမောင်နှမများ လာရောက်လေ့လာဆွေးနွေးကြဖို့လည်း
ဂီတသစ်လူငယ်များက ဖိတ်ခေါ်ထားပါတယ်။
ဂီတသစ် အလွှာပေါ်ပေါက်ရေးအတွက် ပါဝင်ထောက်ခံအားပေးကူညီနေကြ
သူတွေထဲမှာ စတီရီယို အလွှာက တေးရေး-မြင့်မိုးအောင်။ကေ အေ တီ၊
ညီညီသွင်၊နောင်နောင်(ဆန်းဖလားဝါး)၊အောင်နိုင်စန်း၊စောခူဆဲလ်၊
မင်းချစ်သူ တို့အပြင် စတီရီယို တေးသံရှင်တွေဖြစ်ကြတဲ့ ဇော်ပိုင်၊R ဇာနည်၊
L လွန်းဝါ၊J မောင်မောင်၊သားစိုး၊Acid,Big Bag,Metal Zone Band တွေနဲ့
တေးသံရှင် ဟေမာနေ၀င်း၊ကော်နီ၊ကဗျာဘွဲ့မှူး၊အိမ့်ချစ်၊ကာကာ၊သဇင်သင်း၊
သျှီ၊မေစပယ်ညို၊နော်လီဇာ စတဲ့ ထင်ရှားတဲ့ အနုပညာရှင်များစွာပါဝင်ကြပါ
တယ်။

ဘကြီးသက်
Unknown at 11:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကို ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မည်



၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ကြသော အာဇာနည်များ။ ဓါတ်ပုံ - RFA
လာမဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပမဲ့ အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ပြောကြားပါတယ်။

အစိုးရက အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မိသားစုဝင်တွေအတွက် သီးသန့် အစီအစဉ်အဖြစ် ဂါရ၀ပြုဖို့ သတ်မှတ်ထားကြောင်း၊ အစီအစဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဂါရ၀ ပြုမှာ ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်သာမြင့်က ပြောပါတယ်။


အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေချ ဂါရ၀ ပြုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ရုံးချုပ်မှာ ကျင်းပမဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ကြောင်း သိရပါတယ်။


ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေး တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့ အခမ်းအနား တက်ရောက်ဖို့အတွက် ဇူလိုင် (၁၈) ရက်နေ့မှာ ရန်ကုန်မြို့ကို ခေတ္တခဏ ပြန်လာမှာဖြစ်ပါတယ်။


RFA Burmese

ဘကြီးသက်
Unknown at 9:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မေ့မရနိုင် ......(၁၉) ဇူလိုင်

          
     ဒိုင်း ..ကနဲ၊ ကြားလိုက်ရသော သေနတ်သံနှင့်အတူ ..အိပ်ယာထက်မှ ဆတ်ကနဲ ထထိုင်မိလိုက်သည်။
တကယ်ဖြစ်ခဲ့သည့် အိပ်မက်တစ်ခုက မလိုချင်ပါဘဲနှင့်၊ သူ့ထံကို မညှာမတာ ရောက်လာတတ်၏။ ဝေ့၀ဲလာသောမျက်ရည်နှင့် နားသယ်စဆီမှချွေးစစို့စို့က၊ ရင်ထဲက ထွက်လာသော ပူလောင်မှုအတွက် သက်သေတစ်ခုပမာ ..။

အံကိုခပ်ဖွဖွ ဖိကြိတ်မိ၏။ ချစ်ခြင်းမေတ္တာ၊ နားလည်နွေးထွေးမှုတို့ဖြင့်၊ ဖွဲ့တည်ထားသည့် မိသားစု၊ တိုင်းပြည်တစ်ခုလုံး၏ စံပြုစရာ မိသားစုတစ်ခုမှ တံတိုင်းကြီးသည် ဘယ်လိုကံကြွေးကြောင့်များ ..သူတို့ဘ၀ထဲမှ စောစီးစွာ စွန့်ခွာသွားရပါသနည်း ...။
                 အခုဆိုလျှင် နှစ်ကာလတစ်ခုပင် ကြာခဲ့သော်လည်း ..သူ့ရင်ထဲမှာ မနေ့တစ်နေ့က အတိုင်းပင် ..။ နာကျင်ရ၏။ခံစားရ၏။ ဒါပေမယ့်လည်း ..သူ့ ဝေဒနာ သူ့နာကျင်မှုတို့ကို သားသမီးတို့ရှေ့မှာ၊ လူထုကြီးတစ်ရပ်လုံးရှေ့မှာ လုံးဝ မထုတ်ဖော်ချင်ခဲ့ပါ။ ချစ်လင်ခင်ပွန်းသည်၏ သံမဏိစိတ်ဓာတ်၊ အနစ်နာခံတတ်သော သူရဲကောင်းစိတ်ဓာတ်တို့ကို အလေးထားသောအားဖြင့်၊ သူသည်လည်း ပျော့ညံ့တဲ့ မိန်းမတစ်ယောက်အဖြစ် မကျန်ခဲ့ချင်ပါ။
ထို့ကြောင့် .. ဝေဒနာကို သိမ်းဆည်း၏။ မျက်ရည်တို့၏ ဖယ်သုတ်၏။ ငိုနေမည့်အစား ချစ်သောသူ၏ ဆန္ဒကိုတစ်သွေမတိမ်း ဖြည့်ဆည်းပေးလို၏။ သို့သော်လည်း.. အခုလို အိပ်မက်တွေ မက်သည့် ညတိုင်းတော့ .. မိန်းမသားတစ်ယောက်၏ နှလုံးသွေးမှ ဖြစ်ထွန်းလာသော ခံစားချက် ..မျက်ရည်စတို့သည်၊ လူမသိ သူမသိ ရင်ကို ထိုးနှက်လာစမြဲပင် ....။
                 အိပ်မပျော်တော့မည့်အတူတူ .. အိပ်ယာမှထကာ၊ ရင်ထဲက အပူကို လျော့လိုလျော့ငြားဖြင့် .. ရေတစ်ခွက် ထသောက်မိ၏။ ဖန်ခွက်လေးကို စားပွဲပေါ်သို့ အသာအယာပြန်ချလိုက်သည်။ ပြတင်းပေါက်မှ ဖြာကျနေသောလရောင်ကအတိတ်တို့ကို ညှို့ယူခေါ်ဆောင်သွားပြန်၏။
                 လေတဖြူးဖြူးတိုက်နေသော ၀ရံတာလေးမှာ လရောင်ကလည်း ဖြာလို့နေ၏။ တယောသံသဲ့သဲ့ ....နားစည်ထဲသို့နွဲ့နွဲ့ကလေး ၀င်လာသည်။
(မှန်ရွှေဖြူ ပြတင်းငယ်နော်၊ ရော်ကာ ရမ်းလို့ တွေးမျှော် ... အရုဏ်တော်ကျူးလို့ လင်းသော်၊ ပျိုမေ စောင့်လို့ သာမျှော်) ၂(သန်းခေါင်ယံတည်းက နော် ... ပေါ်လာမယ် စောင့်လို့မျှော်။ တွန်ချိန်သံ ရောက်လို့ ပျိုဆွမ်းကပ်ချိန် ရောက်သော်။
ကြက်ဖ တွန်ကျူးလို့ ကျော်) ၂
 (စိန်ခြူးကြာညောင်၊ လရောင်လင်းသော်၊ မှန်ရွှေဖြူပြတင်းကနော်၊ သန်းခေါင်ဦးမယ်ခုမျှော်) ၂ သုံးချက်စည်တော်
စည်တော်၊ ရိုက်ဆော်ညင်းသော် လင်းအောင် မယ်ခုမျှော်.... .....
               တယောသံနှင့် လိုက်ဖက်မျှစွာ ဆိုညည်းမိသည့်၊ မေရှင်၏ မယ်ခုမျှော် ..ဆိုသည့် သီချင်းလေး ..။ ဆိုသူမှာလည်းရှက်သွေးလည်း ဖြာနေသလို၊ နားထောင်သူမှာလည်း အပြုံးလေးတွေ သာနေခဲ့သည့် ..ည။ တစ်နည်းအားဖြင့်.. မြန်မာပြည်၏ အဖိုးအနဂ္ဂထိုက်တန်တစ်ဦး၏ အလှဆုံးဖြစ်ခဲ့သော ..ည။
                နောက်တစ်ခေါက်ထပ်ဆိုပါဦး ..ဟု၊ တောင်းဆိုသည့် အခါမှာလည်း၊ မငြင်းပယ်နိုင် ..။ သူ့အသံသည် သူ့မေတ္တာတရားနှင့်ထပ်တူ ..နားဆင်သူ၏ နှလုံးသားကို ကြည်နူးစိမ့်ဝင်သွားသည့်အတွက် ..ကိုယ်တိုင်လည်း ပီတိပြုံးလေး ပြုံးခဲ့မိ၏။ ဒီလိုနှင့် .. ရှေးကံဆုတောင်း ..အကြောင်းရေစက်လေးက ..သူတို့ နှစ်ယောက်ကြားဝယ် ပေါင်းကူးတံတားလေးဖြစ်ခဲ့သည်။ တစစ ရင်းနှီးလာ၏။ မေတ္တာသက်ဝင်မှုက ပိုမိုထင်ရှားလာသည်။
                 သူ မည်မျှကံကောင်းခဲ့ပါသလဲ ..။ တိုင်းပြည်အတွက်ဆို အသက်ကို မြက်တစ်ပင်လို သဘောထားသူ၏ရင်ခွင်ရိပ်မှာ ချွေးသိပ်ဖို့၊ ယောကျာ်းတစ်ရာမှာ တစ်ယောက်မရှိနိုင်သော ခြင်္သေ့စိတ်ဓာတ်ပိုင်ရှင်၊ သူရဲကောင်းတစ်ယောက်၏ နှလုံးသားမှာ နားခိုဖို့ .. လှမ်းလာသော ကမ်းလက်ကို ရဲဝံ့စွာ သူတွဲဆက်ခဲ့သည်။ သူ ..ယုံကြည်ပါ၏ ..၊မြတ်နိုးပါ၏။ သူ့နည်းတူ ..တိုင်းသူပြည်သားအပေါင်းတို့ ကလည်း ..ယုံကြည်ကြ၏၊ အားကိုးမြတ်နိုးကြ၏။ သူတို့မိသားစုဘ၀တစ်ခုအတွက်သာမက၊ တိုင်းပြည် တစ်ခုလုံး၏ ဦးစီးဦးဆောင်ကောင်းတစ်ယောက်အဖြစ်၊ သူအမြဲ ဂုဏ်ယူတန်ဖိုးထားခဲ့ရသည်။
                သားနှင့် သမီးငယ်လေးကိုလည်း ..သူတို့ဖခင်၏ မြင့်မြတ်သော စိတ်နှလုံးကို ..အတုယူစေချင်၏။ ဒီသွေးဒီသားမှလူထုတစ်ရပ်လုံးအတွက် ယုံကြည်အားကိုးထိုက်သော အမွေကို လက်ဆင့်ကမ်းဆက်ခံစေချင်၏။ တိုင်းရေးပြည်ရေးဆိုသည်မှာတော့ ..အပြောကျယ်လှသည်။ အတိုက်အခံတွေ များသည်ထက်များလာ၊ တာဝန်တွေကြီးသည်ထက်ကြီးလာသော်လည်း တိုင်းပြည် အပေါ်မှာ ပေးဆပ်နေသည့် စိတ်ခွန်အားများကို တစ်ပြားမှအလျော့မခံဘဲ၊ နေ့မနားညမအား ကြိုးစားနေရှာ သူကို၊ ဇနီးသည်တစ်ယောက်အနေနှင့် အစစအရာရာ စိုးရိမ်မိသော်လည်း ..ကိုယ့်တိုင်းပြည်၏ လွတ်လပ်ရေးနှင့် ပုဂ္ဂလိကခံစားချက်တို့ ယှဉ်ပြိုင်လာသောအခါ .. အားငယ်စကား၊ စိုးရိမ်စကားတို့က နှုတ်
ဖျားမှ ထွက်မလာတော့ ...။
                 မဆီမဆိုင် ...လှိုင်ထိပ်ခေါင်တင်ကို သူ သတိရမိလိုက်သည်။ တိုင်းပြည်ကို အသက်ပေးလှူ ထားသည့် ယောကျာ်းတို့၏ ဇနီးမယားဘ၀မှာ၊ လောကဓံနှင့် သေခြင်းတရားကို အလေးမူအရေးယူနေလို့ မဖြစ်..။ လှိုင်ထိပ်ခေါင်တင်ဆိုသည်ကား နူးနူးညံ့ညံ့ ကဗျာဖွဲ့ရည် လင်္ကာသီသူ ။ သူကတော့ ...ဂျပန်ခေတ် မှာမှ လူလာဖြစ်ရသည့် ရဲရဲဝံ့ဝံ့ သူနာပြုတစ်ယောက် ..။ သူတို့နှစ်ယောက်မှာ ဘ၀ပေးအခြေအနေမတူကြ။ မွေးဖွား ကြီးပြင်းရာခြင်းလည်း မတူကြ ..။
တူညီတာ တစ်ခုကတော့ သူတို့နှစ်ယောက်လုံး၏ နှလုံးသားဖြစ်မည်ထင်၏။ သူရဲကောင်းတို့ထက်ပင် သူတို့ကို ချစ်မြတ်နိုးသော မိန်းမသားတို့၏ စိတ်မှာပိုမို ခိုင်ခံ့မာကျောနိုင်ရပါသည်ဟု၊ သူ ပြောလျှင် ..ငြင်းကောင်းငြင်းကြပေလိမ့်မည်။
              တိုင်းပြည်၏ ခေါင်းဆောင်တစ်ယောက်ကျဆုံးချွတ်ချော်ခဲ့ပါလျှင် ...သူ့အတွက် တစ်ဘ၀စာ ငြိမ်းသွားနိုင်သော်လည်း၊ ကျန်ရစ်သူ၏ နှလုံးသားမှာ တောက်လောင်ပြင်းရှသည့် မီးကတော့ ..သတိရတိုင်း အလျှံတငြီးငြီး......။
ခေါင်းပေါ်က ဗောင်းတော် မြေခသည့်အိပ်မက်အတွက်၊ တားဆီးခဲ့သည့်ကြားမှ .. ကိုယ့်ကိုယ်ကို စိတ်ချယုံကြည်သူကအေးဆေးသက်သာ လှမ်းခွာခဲ့၏။ ကံအဆိုး မိုးသို့ရွာချိန်မှာတော့ ..လှိုင်ထိပ် ခေါင်တင်အတွက် အချိန်နှောင်းခဲ့ပြီ ...။
တိမ်ခိုးနဲ့ မင်းရေးပမာ ပြောရခက်သား ဆိုသလို ..ပြောရခက်သည့် တိုင်းပြည်၏အရေးတွင် ..အသက်ပေးခဲ့သော ကနောင်မင်းသားကြီးကို ကြည့်ပြီး၊ လှိုင်ထိပ်ခေါင်တင်၏ အသည်းနှလုံးတွေ မည်မျှကြွေပြုံးခဲ့မည်ကို .. သူကိုယ်တိုင်လည်း ကိုယ်တွေ့ခံစား စာနာနားလည်ချိန်သို့ .. မလွဲမသွေ ဆိုက်ရောက်လာခဲ့ပြန်သည်။
               ဇူလိုင် (၁၉) ....။ မိုးတွေ စွေခဲ့တဲ့နေ့ ..။
               စနေသားတစ်ယောက်အတွက် .. အဆိုးတွေကို ဆောင်ကြဉ်းပေးခဲ့တဲ့ ..စနေနေ့ ..။
               အို ..........။
               ဆယ့်သုံးချက်တောင် ထိခဲ့သတဲ့လား။ ပူလောင်ပြင်းထန်တဲ့ ကျည်ဆံတွေက ခန္ဓာကို ထွင်းဖောက်ပြီး ..သူတို့နဲ့ဝေးရာဆီကို ခေါ်သွားပြီတဲ့လား ..။ အဲဒီ့အခိုက် တဒင်္ဂမှာ တိုင်းပြည်အပေါ် ..စိတ်အေးခဲ့ပါမလား ..။ လွတ်လပ်ရေး ..
...ငါ့တိုင်းပြည်သူ့ကျွန်ဘ၀က လွတ်မြောက်ရေး ..လို့ပဲ၊ နောက်ဆုံးထွက်သက်မှာ မြည်တမ်းသွားခဲ့သလား။
              မမြဲတဲ့ခန္ဓာကိုယ်ကြီးက ဘုန်းဘုန်းလဲကျသွားပေမဲ့ ..တည်ကြည်ခိုင်ခံ့တဲ့ အာဇာနည်စိတ်ဓာတ် တွေက ..သွေးတွေနဲ့အတူ.. အခန်းနံရံထက်မှာ ..ပြန့်ကျဲထင်ကျန်နေခဲ့သလား။
             ရက်စက်လိုက်ကြတာ .......။ သူတို့မိသားစုအပေါ်မှာမက ..တိုင်းပြည်တစ်ခုလုံးအပေါ်မှာပါ ရက်စက်လိုက်ကြတာ။ ဒီလိုနည်းနဲ့ ဖြေရှင်းလို့များ ..ရင်ထဲက အာဃာတက ကြေရောသတဲ့လားလေ ..။ နေရာတစ်ခုအတွက် .. ရက်စက်သူတို့ရဲ့အပြုအမူဟာ ..သမိုင်းတင်ကျန်မဲ့ နေ့ .. ဘယ်သူမှတော့ မေ့နိုင်မယ်မထင်ဘူး ..။
              သားလေးနဲ့ သမီးလေးကို ရင်ခွင်ထဲထည့်ပြီး ..မျက်ရည်ကျနေမယ့် သူ့ကို ..မသနားရင်နေပါ ..။ လူထုတစ်ရပ်လုံးရဲ့နှမြောတသစိတ်၊ နာကျင်ဝမ်းနည်းစိတ်တွေကိုတော့ .. သူတို့ ထည့်မတွက်ခဲ့ကြပါလား ...။
               ပြီးခဲ့တာတွေ ..မပြီးခဲ့ဘူး ...။ မရှိတော့ပေမဲ့ ..ရှိနေတယ်...။ ရုပ်ခန္ဓာကြီးဟာ သင်္ခါရအောက်မှာ ကျရောက်ခဲ့ရပေမယ့်၊ စိတ်တွေက အရိပ်တွေလို ရှိနေတယ်။ အငွေ့အသက်တွေက ..နေ့ရက်တွေမှာ ..ရှိနေသေးတယ်။
               ဗိုလ်ချုပ်အောင်ဆန်း ..ဆိုတာ၊ သူ့အတွက် ..လေးစားမြတ်နိုးရာ လင်ယောကျာ်း၊ သားသမီး တွေအတွက် စံပြုအားကိုးရာ ဖခင်၊ ပြည်သူလူထုအတွက် ..အဖိုးအဖြတ်နိုင်တဲ့ ခေါင်းဆောင်ကောင်း .....။
              သူ ...မျက်လုံးတွေကို ဖိမှိတ်လိုက်မိသည်။ အတိတ်နှင့် ပစ္စုပ္ပန်တစ်သားတည်း ကျသွားချိန်တွင် မျက်ရည်စတို့ပါးပြင်ပေါ်သို့ ညင်သာစွာ လိမ့်ဆင်းသွား၏။ ကောင်းကင်ယံမှာ လရောင်ဖြာနေသေး၏။ ပြတင်းပေါက်မှ လေနုအေးက လွမ်းမောစရာ တိုက်ခတ်သွားသည်။
               (စိမ်းကားလွန်းသော်၊ ဖိုးရွှေလကိုပြောလိုက်ပါနော်။ ချစ်မိတဲ့သူ့အပေါ် ဘယ်ဆီမှာမျှော်) ၂ ခေါ်ပေးပါလားလို့နော်။ တွေ့ရမှ ရွှင်ပျော်၊ စိတ်သက်သာမနော် ...........။
                 မယ်ခုမျှော် ..သီချင်းလေးကို ပြန်ကြားယောင်လာသည်။ ရိုးသားကြည်လင်သော အပြုံးအေးအေးနှင့် မျက်နှာကို မြင်ယောင်လာ၏။ မျက်ရည်တို့ကို ပွတ်ဖယ်သုတ်ပစ်လိုက်သည်။ သူ့ရင်ထဲမှာ အမြဲရှင်သန်နေသည်ဟု၊ ယုံကြည်နေပါ၏။

                                                                          ------------------------

နန်းအသင်္ခယာ

(ကျွန်မသည် အာဇာနည်နေ့အတွက် အမှတ်တရ တစ်ခုခုရေးချင်မိပါသည်။ ဗိုလ်ချုပ်ကိုသော်လည်းကောင်း အာဇာနည်ခေါင်းဆောင်ကြီးများကိုသော်လည်းကောင်း၊ ချီးကျူးရေးသာခြင်း တသအောက်မေ့ခြင်းတို့ကို ဖွဲ့သီရန် စဉ်းစားသော်လည်း၊ ကျမသည် မိန်းမသားတစ်ဦးဖြစ်သည့်အားလျှော်စွာ ဗိုလ်ချုပ်၏ ချစ်ဇနီး ဒေါ်ခင်ကြည်ကို ရုတ်တရက် သတိရမိလာ၏။ ထို့ကြောင့်ကျမ၏ မတောက်တခေါက် အနုပညာစွမ်းရည် လေးဖြင့် ..မိန်းမသားချင်း ခံစားမှုကို စာနာနားလည်ကြည့်ပြီး ..ယခုစာလေးအား ..ဖန်တီးမိပါသည်။ ကျွန်မသည် ငယ်ရွယ်သူဖြစ်သည့်အလျှောက် မှားယွင်းချွတ်ချော်မှုများ၊ အမြင်မတူမှုများရှိခဲ့ပါလျှင် သည်းခံခွင့်လွှတ်ပေးကြဖို့ မေတ္တာရပ်ခံပါသည်။ တကယ့်ဖြစ်ရပ်မဟုတ်ဘဲ ..ကိုယ်စားဝင်ပြီး ခံစားရေးသား သောကြောင့် ငြင်းခုန်စရာ သဘောမတူစရာများလည်း ရှိနေနိုင်ပါသည်။ မည်သို့သောကြောင့်မျှ မဟုတ်ဘဲ၊
ကျွန်မ၏ ဖန်တီးမှုလေးသက်သက်နှင့် ခံစားတွေးတောမိသော အာဇာနည်နေ့လေးကို အားလုံး နားလည် ပေးကြပါရှင် ..။ )

ဝဏ္ဏကျော်ထင် ဒေါက်တာမြင့်ဆွေ၏ ‘မှတ်မိသေးတယ် ဂျပန်ခေတ် ဆေးရုံကြီးဝယ် ’ စာအုပ်မှ အချက်အလက်တချို့ကို မှီငြမ်းကိုးကားပါသည်ရှင် ..။
 လူဗိုလ်
ဘကြီးသက်
Unknown at 9:03 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိမဆုံးမ ဖမဆုံးမ

             ခေါင်းစဉ် .. တဆိတ်လေး ရိုင်းနေရင် ခွင့်လွှတ်ပါ။
             မိမဆုံးမ ဖမဆုံးမ ..ဟူသော၊ ဝေါဟာရကို ကျမတို့ ငယ်ငယ်တည်းက မကြားဖူးသူ မရှိသလောက်ဖြစ်သည်။ သို့သော်..တကယ်တမ်း မျက်မြင်ကိုယ်တွေ့အားဖြင့်၊ ရေရေရာရာ သိသူ နည်းမည်ထင်ပါသည်။အကြမ်းအားဖြင့် ..မိုက်ရိုင်းသူ၊ အဂါရ၀ရှိသူတို့အား ခေါ်ကြသည်။ ကျမသည် မည်သို့သော အကြောင်းကံကြောင့် မသိပါ။ မိမဆုံးမ ဖမဆုံးမများ ...များစွာ ..များစွာ တွေ့ခဲ့ဖူးပါ၏။

(၁) 
             ကျမ (၇)တန်းလောက်ကဖြစ်သည်။ အဖေ့မိတ်ဆွေအိမ်ကို အလည်သွား၏။ အဖေက သူတို့အိမ်မှာ ကျမကို အပ်ခဲ့ကာ၊ အလုပ်ကိစ္စတစ်ခုဖြင့် အပြင်ထွက်သွားသည်။ ထိုအိမ်တွင် အိမ်ရှင်လင်မယား နှင့် သမီး နှစ် ယောက်နေ၏။ သမီးကြီးက အသက် သုံးဆယ်ဝန်းကျင်ခန့်၊ သမီးငယ်က နှစ်ဆယ့်ငါးနှစ် ၀န်းကျင်။
သူတို့မိဘနှစ်ပါးတွင် ဖခင်ဖြစ်သူက အချိန်ပြည့်အရက်သောက်လေ့ရှိပြီး၊ မိခင်ဖြစ်သူက ဘူတာရုံတွင် ဈေးသည်ဟုဆိုသည်။ သူတို့သမီးအကြီးက ကျမအဖေ၏ရုံးက စာရေးမဖြစ်သည်။ ညီအစ်မနှစ်ယောက်စလုံးချောကြလှကြပါပေ၏။အကြီးမက ညိုညိုချောချော၊ အငယ်မက ဖြူဖြူသန့်သန့်
လေး ဖြစ်သည်။
             သူတို့၏ မိခင်သည် နှုတ်အလွန်ကြမ်း၏။ ကျမ အဲဒီ့အိမ်သို့ ခဏရောက်စဉ်တွင် အိမ်တွင် အရက်သမားသမား သူတို့အဖေကိုမတွေ့ရ။ သူတို့မိခင်က ပါးစပ်မှ ရင့်သီးကြမ်းတမ်းသော စကားလုံးများကို အဆက်မပြတ်ထွက်နေသည်။ အငယ်မက အစ်မဖြစ်သူကိုနင်တစ်လုံး ငါတစ်လုံးနှင့် ပြောဆို ငြင်းခုန်နေသည်။ ကျမက ကလေးသာသာမျှမို့ ..ရေရေရာရာ နားမလည်။ သေချာတာက သူတို့လိုလေသံမျိုးနှင့် အိမ်မှာ ပြောဆိုပါလျှင် အရိုက်ခံရမည် အဆူခံရမည်ဆိုတာတော့ သိသည်။ ကျမ ဖေဖေက စကားကြမ်းကြမ်းပြောတာဆဲဆိုအော်ဟစ်တာကို လုံးဝမကြိုက်။သူတို့မိခင်ကတော့ သူလည်းဆဲ၊ ညီအစ်မနှစ်ယောက်လည်း ဆဲနေသည်ကို မကြားသလိုနေပြီး ..တစ်ခွန်းမျှ ဟန့်တားခြင်းမရှိ။            
            ခဏနေတော့ ..သူတို့ ဖခင် ပြန်ရောက်လာသည်။ လူက မည်းမည်း သေးသေးညှက်ညှက်။ ခြေလှမ်းတွေက ဒယိမ်းဒယိုင် ....။အိမ်ထဲဝင်ဝင်ချင်း .. သူ့သမီးအကြီးကို .. မကြားဝံမနာသာ စကားတစ်ခုနှင့်ဆဲကာ ရေခပ်ခိုင်း၏။ သမီးဖြစ်သူက လှည့်မကြည့်။ သူ့ကိုပြောတာမဟုတ်သလို မျက်နှာပေးနှင့် ..။ အဖိုးကြီးက ထပ်ဆဲသည်။ ဒီတစ်ခါကျတော့ .. သူတို့မိခင်က မနေ။ ရှင့်ပါးစပ်ပေါက်ကို ပိတ်ထားလိုက်စမ်း ..ဟု၊ လှမ်းအော်သည်။ အရက်သမားဖြစ်သူက သူ့ကိုပါ ဆဲတော့သည်။ သမီးအကြီးက .. အဖေမျက်နှာကို လှမ်းကြည့်ကာ တစ်ခွန်းလှမ်းအော်၏။ ဟဲ့အကောင် ..နင်ေ-ာက်ပါးစပ်ကို ပိတ်လို့ ပြောနေတယ်လေ ......တဲ့။            
             ကျမ နားထဲမှာ ဒိန်းကနဲဖြစ်သွားသည်။ အဖေနှင့်သမီးမှ ဟုတ်ပါလေစ ....။ အဖေဖြစ်သူကလည်း..အပြန်အလှန်ဆဲသည်။ရိုင်းစိုင်းအောက်တန်းကျသော စကားလုံးများသည် ထိုတိုက်ခန်းအတွင်းမှာ ပဲ့တင်ထပ်နေ၏။ တိုက်ပွဲက ပြင်းသည်ထက်ပြင်းလာသည်။အမေဖြစ်သူက သူ့ယောကျာ်းကို ဟင်းချက်နေသည့် လက်ထဲက ယောက်မဖြင့် ပြေးရိုက်သည်။ သမီးတွေက ၀င်မဆွဲ ..။ အမေနှင့်အဖေ၏ ရန်ပွဲကို အရပ်ထဲက ခွေးကိုက်ပွဲလို သူတို့ပါ ၀င်နွှဲကြသည်။
ဆဲဆိုနေသော အဖေဖြစ်သူကို .. အငယ်မက လှမ်းပြောပြန်သည်။ ငါတို့ကို ဆက်ဆဲနေမယ်ဆို ..နင့်ခေါင်းကို ထမီနဲ့လာ အုပ်လိုက်မယ် ......တဲ့။ လာရဲလာကြည့်လေ ..ဟု၊ အာလေးလျှာလေးနှင့် သူတို့ဖခင်က ပြန်တုံ့ပြန်သည်။ အကြီးမက (ကန်တော့ပါရဲ့) ထမီကို မကာ ..အဖေဖြစ်သူဆီ ပြေးသွား၏။ ကျမ မျက်နှာလွှဲလိုက်ပါသည်။ကိုယ်နှင့်မဆိုင်သော်ငြား .. ကျမ တစ်သက် ထိုအိမ်ကို နောက်ထပ်အလည် မသွားဖြစ်တော့ပါ ...။


(၂) 
               ဆေးခန်းမှာလည်း အာဝါဒါးတွေ ပြည့်နေတာပဲ ....။
               ထိုစကားကိုကြားလိုက်ရသည်က ရန်ကုန်မြို့လယ်ခေါင်ရှိ .. အရိုးအကြောတရုတ်ဆေးဆရာ တစ်ယောက်၏ ဆေးကုခန်းတွင် ဖြစ်သည်။ ပြောသူ အမျိုးသမီးဆီမှ နှုတ်မှထွက်သော စကားနှင့် မလိုက်ဖက်သော ..သင်းပျံ့နေသည့် အကောင်းစားရေမွှေးနံ့ကိုရသည်။ ထိုဆေးခန်းတွင် ဆေးဆရာက ဆင်းရဲသူ လူနာများကို ငွေတစ်ထောင်ထက်မပိုသောနှုန်းဖြင့်..ကုသပေးနေသည်ကို ဆေးခန်းလာသူ အားလုံးသိကြပါ၏။ အလွှာစုံ အဆင့်တန်းစုံမှ လူများ တစ်နေ့တစ်နေ့ ရာနဲ့ချီပြီး ကုသပေးနေရသော နေရာဖြစ်သည်။  
             ဒလဘက်ကမ်းမှ လက်ကျိုးလာသော ကလေးမလေးတစ်ယောက်က အဖေဖြစ်သူကို ဖက်တွယ်ကာ .. ငိုမဲ့မဲ့ ..မျက်နှာလေးနှင့် သူ့အလှည့်ကို စောင့်နေရှာ၏။ တုံကင်နံပါတ်က သူ့အလှည့်ရောက်ဖို့ ဘယ်လောက်မှမလိုတော့။ ခုနက အမျိုးသမီးတွင်လည်း ..ကလေးငယ် တစ်ယောက် ပါသည်။ ဒလမှကလေးမနှင့် မတိမ်းမယိမ်း။ သူတို့အလှည့်က ဒလမှ
ကလေးမလေးပြီးရင် ရောက်ပြီဖြစ်သည်။အိမ်ရှေ့တွင် သူတို့ကားကို ရပ်ထား၏။ ကားပေါ်မှ အဖိုးကြီး တစ်ယောက်ကလှမ်းအော်သည်။ သမီး နင်တို့အလှည့်မရောက်သေးဘူးလား ..တဲ့။ သူ့သမီးက ခေါင်းခါပြရင်း ပါးစပ်မှလည်း အထက်ပါအတိုင်း မကျေမချမ်းရေရွတ်လေသည်။
             ဆရာ ..ကျမသားလေး ဂျွမ်းထိုးရင်း လက်နာသွားလို့ ကြည့်ပေးပါဦး။ ကိုယ့်အလှည့်မရောက်သေးတာ သိသိကြီးနဲ့ ဆရာဖြစ်သူကို လှမ်း စောဒက တက်သည်။ ဆရာက တုံကင်အလှည့်ရောက်ရင် ခေါ်မယ် ..ဟု၊ အေးဆေးစွာပြန်ပြော၏။ စိတ်မရှည်သည့် အမူအယာဖြင့်၊ မျက်မှောင်ကုတ်လိုက်သည်ကို တွေ့ရသည်။ သူ့သားလေးက ၀င်လိုက်ထွက်လိုက်နှင့် ဆော့ကစားနေ၏။ ကျမ အမှတ်တမဲ့အကြည့်ရောက်သွားသည်က သူတို့သားအမိရပ်နေသော နေရာ။ ဖိနပ်ချွတ်ရသော နေရာမို့လို့ ဆေးခန်းဝမှာ ဖိနပ်တွေ တန်းစီနေ၏။ ရာဘာဖိနပ်လည်းပါသည်။ ပိန်းတန်းဖိနပ်လည်းပါသည်။ သူတို့သားအမိက သူများတွေလို ဖိနပ်လုံးဝမချွတ်ဘဲ .. သူတစ်ပါးတို့ ချွတ်ထားသည့် ဖိနပ်များပေါ်မှာ နင်း
ကာ မတ်တပ်ရပ်နေ၏။ သူတို့ဖိနပ်မှ သဲတွေ အညစ်အကြေးတွေက သူများဖိနပ်ခေါင်ပေါ်မှာ ပေရေလို့ နေသည်။
ကားပေါ်မှ အဖေဖြစ်သူကလည်း ကြာရကောင်းလား စိတ်တိုနေ၏။ ဆင်းရဲချို့တဲ့သူ လူနာများကို အထင်သေးစွာကြည့်ရင်း၊ ကားပေါ်မှာ အထက်စီးမှ စံမြန်းနေ၏။ သမီးဖြစ်သူ ကလေးအမေကလည်း သူများဖိနပ်တွေပေါ်မှာ ခေါင်းမော့ ရင်ကော့ ရပ်နေပြီးအလိုမကျစွာ မျက်မှောင်ကုတ်ထား၏။ တုံကင်နံပါတ်နောက်တစ်ခုခေါ်သံကြားသည်။
              သားအမိနှစ်ယောက်က ကျမ မထင်ထားသော အပြုအမူကို ရက်စက်စွာပြုလိုက်၏။ ဒလမှ ကလေးမနှင့် သူ့မိဘများကို ကိုယ်လုံးနှင့်တိုက်ကာ သူ့သားကို လက်တစ်ဖက်ကဆွဲလျက်ဆရာ့ရှေ့ကို အတင်းဝင်ထိုင်ပြီး ..ကျမတို့ကားရပ်ထားရတာကြာပြီ ဆရာ။ သားလေးကို အရင်ကြည့်ပေးပါတဲ့။ ဆရာက စောင့်လက်စနှင့် လက်ကျိုးသော လူနာကို အရင်ကြည့်မည်ဟု၊ အကျိုးအကြောင်းပြောလေသည်။
               အမျိုးသမီးမျက်နှာမှာ ညိုမှောင်လျက် ..ချက်ခြင်းပင် ဆတ်ကနဲ လှည့်ထွက်ကာ၊ ကားပေါ်တက် သွား၏။ သူ့အဖေဖြစ်သူကလည်း ဆေးဆရာကိုရော၊ ဆေးခန်းရှိလူနာများကို မကြားတကြားဆဲသည်။ လူဆင်းရဲတို့၏ ရာဘာဖိနပ် ကတ္တီပါဖိနပ်များပေါ်တွင်ဒေါက်ဖိနပ်မှ အညစ်အကြေး သဲရွှံ့တို့ ပေ ..ကျန်နေ၏။


(၃) 
                ဟေးးးးးးကနဲ ..အော်သံနှင့်အတူ၊ သူတို့ တစ်အုပ်စုလုံး မိသားစုတစ်စုလုံး အမှိုက်ပုံးကြီးကို မွှေကြသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ..အစရှိသဖြင့် ရေးထားသည့် အမှိုက်ပုံးကြီးကို တွန်းလာသူက အဖေနှင့်အမေဖြစ်ဟန်တူ၏။ အမှိုက်ပုံးထဲမှ ထီး၊ဖိနပ် အပါအ၀င် ကလေးကစားစရာတချို့ လည်း ပါလာသည်။ လုကြယက်ကြ ...တိုးကြဝှေ့ကြ။
               ထိုအထဲမှာမှ အသက်မတိမ်းမယိမ်း ကလေး၂ယောက်က ဘတ်တံတစ်စုံကို တွေ့သွားကြ သည်။ အားရ၀မ်းသာနှင့် တစ်ယောက်တစ်ခု ယူကာ၊ ကြက်တောင်ရိုက်မယ်ဟု၊ အော်ကြသည်။ ခက်တာက သူတို့မှာ ရိုက်စရာကြက်တောင်မရှိ။ ထိုအခါ ကလေးတစ်ယောက် လမ်းဘေးမှ ကျောက်စရစ်ခဲတစ်ခဲကို ပြေးကောက်သည်။ ကျောက်စရစ်ခဲ ခပ်ရွယ်ရွယ်ကို ဘတ်တံပေါ်တင်လျှက် ဟိုဘက် သည်ဘက်ရိုက်ကြ၏။ ဘာဖြစ်လာနိုင်သည်ဆိုတာ မှန်းကြည့်နိုင်ပါသည်။ လူတွေထိ သည်။ အနားမှာရပ်ထားသော တက္ကစီကို ထိသည်။ ထိုသို့ ကလေးတွေဖြစ်ချင်တိုင်းဖြစ်နေမှုအပေါ် မိဘများက စိတ်ဝင်စားဟန်မပြ။ သူတို့နှင့်မဆိုင်သည့်အလား။ သူတို့ပဲမမွေးထားသလို .. သူတို့ကိုယ်တိုင်လည်း အမှိုက်ပုံးထဲမှ ရတနာသိုက် ကိုသာ စူးစိုက်နေကြ၏။ အမြင်မတော်တဲ့သူတချို့က ဟန့်တားလိုသဖြင့်ပြောဆိုတော့မှ၊အဖေဖြစ်သူ ဘုကြည့်လှည့်ကြည့်ရင်း ကလေးတွေကို တစ်ချက်လှမ်းကြည့်သည်။ ထိရောက်သော ဟန့်တားမှုမျိုး လုံးဝမလုပ်။ ကျမက ဒီဘက် ပလပ်ဖောင်းပေါ်မှ သူတို့ပြုမူလှုပ်ရှားမှုများကို ဓာတ်ပုံရိုက်ဖြစ်ခဲ့သည်။ စာတစ်ပုဒ်ရေးဖို့ အဲဒီ့အချိန်ကတည်းက စိတ်ကူးဖြစ်ခဲ့သည်။


                အထက်ပါ ဖြစ်ရပ် သုံးခုသည်၊ ပေါ့ပေါ့လေးတွေးလျှင် ဖြစ်လေ့ဖြစ်ထဟု၊ အရေးမကြီးသလို ယူဆနိုင်သော်လည်း၊ တကယ်လေးလေးနက်နက် စဉ်းစားကြည့်ပါက .. အလွန်ကြောက်စရာကောင်းသည် ဟု၊ ကျမ တွေးမိပါသည်။ အလားတူ ကိစ္စရပ်တွေလည်းများစွာ ကြုံခဲ့ဖူးပါ၏။ အဂါရ၀ ကြီးစိုးလာသော ခေတ်တွင်၊ လူကြီးရှေ့ကခေါင်းငုံ့သွားရမည်ကို မသိကြချိန်တွင် ၊ နောင်အနာဂတ်မှာအလွှာစုံမှ နေပြီး အခုလို မိမဆုံးမ ဖမဆုံးမလေးများများပြားလာလျှင် ...........။
               အပေါ်ဆုံးမ မိသားစုသည် သာမာန်မိသားစု လူလတ်တန်းစားဖြစ်သည်။ ကျမတို့နှင့် ရင်းနှီး ကျွမ်းဝင်သည်။ ထို့ကြောင့် သူတို့၏ ဇာတ်သိမ်းများကိုလည်း ပြန်ကြားခဲ့ရ၏။ အဖေကို ထမီနှင့်အုပ်သော သမီးကြီးဖြစ်သူသည် အိမ်ထောင်အကျမတော်ဖြစ်ပြီး အရက်သမား မယားဖြစ်ကာ သမီးလေးနှစ်
ယောက်နှင့် ဒုက္ခပင်လယ်ဝေနေ၏။ အငယ်မက ..ခရီးသွားရင်း ကားမှောက်ကာ အသေဆိုးနှင့် သေသွားသည်။ အမေဖြစ်သူက နှစ်လုံးအမှုနှင့် ထောင်ကျသည်။ အဖေအရက်သမားကတော့ ကွယ်လွန်ရှာခဲ့ပြီ ..။
               အနေမတတ်သဖြင့် .. အသေလည်း မမြတ်ခဲ့ကြ ...။ မိဘကလည်း ကိုယ်တိုင်မှား ..၊ သားသမီး မှားနေတာကိုလည်း မပြုပြင်သဖြင့် .. မိသားစုတစ်ခုလုံး ဘ၀တစ်ခုသာမက သံသရာပါ အမှားဝဲဂယက်မှာ လည်ကြတော့မည်။           
               ဒုတိယမိသားစုသည် လူကုံထံများ ဖြစ်ကြသည်။ ငွေကြေးအရှိန်အ၀ါ ဂုဏ်သိမ်ဥစ္စာကြောင့် မောက်မာကြသည်။ သူတို့ဘယ်လိုနေကြသည်၊ အသက်ရှင်နေကြသေးသည် ကျမ မသိပါ။ သို့သော်လည်း ... လူ့တန်ဖိုးအစစ်ကို နားလည်သူများကြားဝယ် သူတို့အတွက်နေရာရှိလိမ့်မည်ဟု၊ ကျမတော့ မထင်ခဲ့။ ရေပေါ်ဆီအလွှာတစ်ခုမှာတော့ သူတို့ လူရာဝင်ကောင်းဝင်ပါလိမ့်မည်။ သို့သော် ..သူတို့သည်လည်း .....။
             တတိယမိသားစုကတော့ ဆိုဖွယ်မရှိ။ ဒီပုံစံအတိုင်းဆိုလျှင်၊ သူတို့ဘ၀၏ အနာဂတ်သည် မှေးမှိန်ပျပျ ..။

             မည်သို့ပင် ဖြစ်စေ .... ကျမသည် အလွှာစုံမှ လူတန်းစားများအားလုံးကို ဘ၀ပေးကြောင့် မည်သည့် အနေအထားမျိုးမှာပဲနေရသည်ဖြစ်စေ ..မိဘကလည်း မိဘ၀တ္တရားကျေ၊ သားသမီးကလည်း သားသမီး ၀တ္တရားကျေပြီး ..မည်သူ့အတွက်မှ မဟုတ်သည့်တိုင်ကိုယ့်ကိုယ်ကို တန်ဖိုးထားနိုင်သည့် လိပ်ပြာသန့်စွာ အသက်ရှင်နိုင်သည့် လူပီသသည့် လူများ .. ဖြစ်စေချင်ပါသည်။
             အမိယုတ်တော့နှုတ်ကြမ်း ..အဖယုတ်တော့ ကိုယ်ကြမ်း ဆိုသည့် ..အတိုင်း၊ သားသမီးတို့၏ အပြုအမူအနေအထိုင်များသည် ကိုယ်နှင့်အများကြီးသက်ဆိုင်သည်ကို သတိချပ်စေချင်မိ၏။ မွေးကတည်းက မိဘနှင့်မနေရသူများလည်း ကိုယ်နှင့်နေထိုင်သော သူစိမ်းဖြစ်စေ ဆွေမျိုးဖြစ်စေ မိဘသာဖြစ်သည်ဟု၊ ယူဆစေချင်ပါသည်။
            ဒီစာလေးကို ရေးဖြစ်သည့် ကျမသည်လည်း ငယ်ငယ်တည်းက မိစုံဖစုံနှင့်နေလိုက်ရချိန် နည်းခဲ့ပါသည်။ သို့သော်လည်း ..ကျမနှင့် အတူနေရခဲ့ရသည့် အချိန်တိုလေးအတွင်းမှ အမေ၏ ဆုံးမစကား။ အဖိုးအဖွားတို့၏ ဆုံးမစကားကို ကျမ ရင်ထဲအမြဲထည့်ခဲ့၏။ ကျမမဟုတ်တာ တစ်ခုခု လုပ်မိတိုင်း .. ကျမတစ်ယောက်တည်းကို ထိခိုက်မည်မဟုတ်ဘဲ၊ မိဘဖိုးဖွားများ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်နိုင်သည်ဟု၊ ကျမ တွေးဖြစ်ခဲ့သည်။
             ထို့ကြောင့် .. ကျမ ဘ၀မှာ ဆုံးရှုံးနစ်နာမှုတွေ ရခဲ့ဖူးပါသည်။ ငဲ့ညှာသနားတတ်မှုကြောင့် နောက်ချန်ကျန်နေခဲ့ရဖူးပါသည်။ သည်းခံအလျှော့ပေးမှု၊ ထောက်ထားမှုတို့ကြောင့် .. နေရာမရဖြစ်ခဲ့ရ ဖူးပါသည်။ ရယ်စရာအနေနှင့်ပြောလျှင် ဘတ်စ်ကားပေါ်တောင်မှကျမ လုတက်သည့်အကျင့်မရှိပါ။ အတင်းတိုးဝှေ့တက်နေသူများကို အရင်ပေးတက်လိုက်ပါသည်။
နောက်ဆုံးမှ ကျမတက်သည်။ အဲဒီ့အတွက် ထိုင်စရာမရလျှင် ကျမ မထိုင်ပါ။ ထိုင်စရာရသော်လည်း လူကြီးသူမများတက်လာလျှင် ချက်ချင်း ထပေးလိုက်ပါသည်။
             ကျမ အခုလို လုပ်နေသည့်လုပ်ရပ်များသည် ကျမကိုယ်တိုင်အတွက်ဆိုသည်ထက်၊ ကျမ မိဘများအတွက် ဖြစ်ပါသည်။ ကျမကို တစ်စုံတစ်ယောက် ချီးမွမ်းလာတိုင်း ကျမ မိဘတွေကို ကျမ ရည်ညွှန်းလေ့ရှိသည်။
             အခုလို ဖြစ်လာရခြင်းမှာ .. ကျမ ငယ်ငယ်က တွေ့ကြုံခဲ့ဖူးသော အထက်ပါ ဖြစ်ရပ်များ၏ ကျေးဇူးလည်း မကင်းပါ။
ကျမ ..မိမဆုံးမ ဖမဆုံးမဟု၊ အပြောခံရမှာ ကြောက်ပါသည်။ ကျမ အချိန်တန်သောအခါ မိသားစုဘ၀နှင့် သားသမီးများရလာလျှင်လည်း ...ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ..ဘ၀ကို တန်ဖိုးရှိစွာ ဖြတ်သန်း ရင်ဆိုင်နိုင်သော သားသမီးလေးများအဖြစ်နေထိုင်နိုင်အောင်သွန်သင်ဦးမည်ဖြစ်၏။
             ကျမ ရေးသည့်စာတွင် အမှားတစ်စုံတရာပါခဲ့ပါလျှင် .. ကျမ၏ ညံ့ဖျင်းနုံချာမှုဟု၊ မှတ်ယူပြီး သူတော်ကောင်းနှလုံးသားနှင့် ခွင့်လွှတ်နိုင်ပါစေ ..။ ကျမ၏ ပတ်ဝန်းကျင်လေးထဲက ကြုံတွေ့လာရသော အမြင်တစ်စိတ်တစ်ဒေသလေးတွေကို ကြိုးစားရေးသားပါဦးမည်။

စာဖတ်သူများ ငြိမ်းချမ်းပါစေ ...။

နန်းအသင်္ခယာ
  lu bo

ဘကြီးသက်
Unknown at 9:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တစ်ခါနှိပ် ငါးရာ

“ငါးသိန်းဖုန်း” တွေ တစ်နိုင်ငံလုံး ဖွင့်လိုက်လို့ စီးပွားရေး အမြင်ရှိတဲ့ ကျေးရွာလေး တစ်ရွာမှ“လှအေး” တစ်ယောက် ငါးသိန်း ဖုန်းလေးဝယ်ပြီး တစ်ကိုင်ကိုင်နဲ့၊ တစ်ရွာလုံးကလည်း လက်ကိုင်ဖုန်း သေးသေးလေးကို သွားလေရာ ယူသွားနိုင်လို့ အထူးအဆန်း ဖြစ်နေကြတယ်။

ဖုန်းလေးကို ကြည့်ပြီး စကား ပြောနိုင်တာကို အံ့သြနေကြပြီး သူပြောချင် ငါပြောချင် ဖြစ်နေကြ တယ်။ စီးပွားရေးသမားပီပီ လှအေးကလည်း ဆက်ချင်တဲ့သူ ဆက်၊ တစ်ခါနှိပ် ငါးရာလို့ ပြောလိုက်ရော၊ ရွာသားတွေ သူတို့မှာရှိတဲ့ ဖုန်းနံပါတ်လေးတွေ ကိုယ်စီ ရှာနေကြပြီ။     
သူအရင်ဆက်မယ်၊ ငါအရင်ဆက်မယ် ရန်ဖြစ်နေလို့ အသက်ကြီးတဲ့သူ ဦးစားပေးပြီး တန်းစီစနစ်နဲ့ ဆက်နေကြတယ်။    
 

“လာ ဘကြီးဖြိုး အရင်ဆက်ပါ”  
“အေး၊ ငါ့သမီးလေး ရန်ကုန်မှာ ဟိုတလောလေးက ငါးသိန်းဖုန်း ဝယ်လိုက်တယ်၊ ဒါ သူ့နံပါတ်”  
လှအေးကလည်း သူ့ ဖုန်းလေး ပျက်သွားမှာစိုးလို့ ဘယ်သူ့မှ ပေးမကိုင်ဘဲ၊ သူကိုယ်တိုင် နံပါတ်နှိပ်ပေးလျက်-
“ရော့ ဘကြီးဖြိုး ရပြီ၊ ဟိုဘက်က စကား စပြောရင် ဘကြီးက ဒီဘက်က ပြန်ပြောလို့ ရပြီ”  
“တူ --- တူ--  လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက် ပိတ်ထားပါသဖြင့်”  
“အေး သမီးလား၊ ဘယ်က လူကြီးမင်းလဲ၊ အဘလေ၊ အဘ၊ သမီးက အဘနဲ့ စကား မပြောချင်လို့ စက်ပိတ်ထားတာလား”
“ဟာ အဘ၊ ဒါဆို ဖုန်းခေါ်လို့မရဘူး၊ အဘရ” 

“ဟေ ဘာလို့ မရမှာလဲ၊ ဟိုဘက်ကအသံ ကြားနေရတယ်လေ”                                       

“ငါ့သမီးက ငါ့ကို စိတ်ကောက်နေလို့ စက်ပိတ်ထားတယ်တဲ့"
“မဟုတ်ဘူး အဘရဲ့၊ အဘကို နောက်မှ ရှင်းပြတော့မယ်၊ ကဲ နောက်တစ်ယောက်”  


“ဒေါ်အေးပုံ၊ ဖုန်းနံပါတ်ပြော”
 “ကျုပ်လည်း ကျုပ်သမီးဆီ ဆက်မလို့၊ ရော့ ဒီနံပါတ်လေး နှိပ်ပေး”
“ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေတယ်တဲ့၊ ကြည့်စမ်း ငါ့သမီး ဘယ်ရောက်နေလို့လဲ၊ ဆက်သွယ်လို့ မရတော့ဘူး၊ မဖြစ်တော့ဘူး၊ ရန်ကုန် လိုက်သွားမှ ဖြစ်မယ်”  
“ဟာ ကြီးဒေါ်ကလည်း ဒီလိုမဟုတ်ဘူး၊ ဆက်သွယ်မှုပြင်ပဆိုတာ လူရောက်တာ မဟုတ်ဘူး၊ ဖုန်းရောက်တာ အာ.. ဒါ လည်း မဟုတ်ဘူး၊ ဘယ်လို ရှင်းပြရမှန်းမသိဘူး၊ နောက်မှ ရှင်းပြမယ်နော်”  

“ကဲ ဦးသော်တာက ဘယ်သူ့ဆက်မှာလဲ နံပါတ်ပြော”  
“ငါ့တူမလေးပါ၊ သူများတွေ ဆက်တော့ ငါလည်း ဆက်ချင်တာနဲ့ မရှိ ရှိတဲ့ ဖုန်းနံပါတ်ကို ရှာလာခဲ့တာ။”  
“ရပြီ၊ ဟဲလို----စမ်းစမ်းလား”  
“ဘယ်က စမ်းစမ်းလဲ”  
“ဒီမှာ ဘယ်ကဦးလဲ၊ ဦးလည်း မသိဘူး၊ စမ်းစမ်းလည်း မဟုတ်ဘူး၊ ဖုန်းထဲကနေ လာညုမနေနဲ့ -- ဂွက်”   
“ဟာ---ဟာ ဘယ်လို ဖြစ်တာလဲကွ၊ ငါ့တူမလည်း မဟုတ်ဘူး ရန်တွေ့ ခံလိုက်ရတယ် ”  
“အော်၊ ဦးသော်တာက ဖုန်းနံပါတ်ကို သေချာမသိဘဲ ဆက်တာကိုး”  

“ကဲ မိလဲ့ပြော၊ ညည်းနံပါတ်”
“ရော့ ကျုပ်က ကျုပ်သူငယ်ချင်းဆီ ဆက်မလို့”
“ဟဲလို----- ညည်းလား” 
“ဘယ်ကညည်းလဲ”
“ညည်းကလဲ မသိတော့ဘူးလား၊ ကျုပ်လေ”
“ဘယ်က  ညည်းတွေ ကျုပ်တွေလဲ မသိဘူး”

“ညည်းသူငယ်ချင်း၊ ကျုပ်မိ---ဟဲလို၊ ဖုန်းချသွားပြီ။ ဒီကောင်မ တော်တော် ဘဝ မေ့တယ်”

ဒီလိုနဲ့ “လှအေး” တစ်ယောက် စက်ပိတ်ထား ငါးရာ၊ ဆက်သွယ်မှု ပြင်ပရောက် ငါးရာ၊ ဖုန်းမှားဆက် ငါးရာ၊ ညည်းနဲ့ကျုပ် နှစ်လုံးပြော ငါးရာ၊ တစ်ခါနှိပ် ငါးရာနဲ့ ဖုန်းဖိုး ကြေလောက်တယ်။  

L သင်းသင်းစိုး 
(ဒဂုံတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၂၀၁၁)

မောက္ခပညာရေးမဂ္ဂဇင်း
http://www.maukkha.org/index.php/book-store/short-stories/2216-ctma-phone-myanmar

lu bo

ဘကြီးသက်
Unknown at 8:57 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အွန်လိုင်းမှတစ်ဆင့် မင်္ဂလာဆောင်ခြင်း ပြည်တွင်း၌ ပြုလုပ်လာကြ





အွန်လိုင်းမှတစ်ဆင့် မင်္ဂလာအခမ်းအနားကျင်းပမှုမျိုး ပြည်တွင်း၌ ပြုလုပ်လာကြ ကြောင်း မင်္ဂလာအခမ်းအနား ပြုလုပ်ပေးသူ အချို့၏ ပြောပြ ချက်အရ သိရသည်။

”သတို့သား ဒါမှမဟုတ် သတို့သမီးက အဝေးရောက်နေပြီး ပြန်မလာနိုင်ဘူးဆိုရင် ဒီဘက်မှာ ပရိသတ်အစုံအလင်နဲ့ သတို့သား ဒါမှမဟုတ် သတို့သမီးတစ်ယောက် ရှိ နေပြီး ဟိုဘက်ကလူကို အွန်လိုင်းကနေမြင်ပြီး ဆောင်တာမျိုးပါ။ ဟိုဘက်ဒီဘက် ပရိုဂျက်တာနဲ့မြင်ပြီး ဆောက်ကြတာ”ဟု မင်္ဂလာအခမ်းအနားများ ပြုလုပ်ကျင်းပ ပေး လျက်ရှိနေသာ Park Royal Hotelမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းကဲ့သို့ အွန်လိုင်းမှတစ်ဆင့် မင်္ဂလာအခမ်းအနားကျင်းပခြင်းကို ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးများတွင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိနေပြီး ယမန်နှစ်ကစတင်ကာ အဆိုပါ အခမ်းအနားများ ပြုလုပ်ကျင်းပပေးရခြင်းများ ခေတ်စားလာခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
”ပြီးခဲ့တဲ့နှစ်က နိုင်ငံခြားသား စုံတွဲနှစ်တွဲရယ်၊ မြန်မာစုံတွဲ တစ်တွဲရယ်ကို အွန်လိုင်းကတစ်ဆင့် တက်ရောက်တဲ့ မင်္ဂလာပွဲအနေနဲ့ လက်ခံကျင်းပပေးခဲ့ရတယ်။ ဒီနှစ်ထဲ မှာ တစ်ပွဲလုပ်ပေးဖို့ ရှိတယ်”ဟု ၄င်းက ပြောသည်။

အဆိုပါ မင်္ဂလာအခမ်းအနားမျိုးကို နိုင်ငံခြားတွင် အလုပ်မအား လပ်သူများ၊ အချိန်မပေးနိုင်သောသူများ၊ လုပ်ငန်းရှင်များ အများဆုံး ပြုလုပ်ကြကြောင်း သိရသည်။

”အွန်လိုင်းကနေ ကြိုက်၊ အပြင်မှာလက်ထပ်တာတွေပဲရှိခဲ့တာ။ အခုက မြန်မာပြည်မှာ အွန်လိုင်းက ယူတာတွေရှိလာပြီဆိုတော့ တစ်ခုအဆင်ပြေပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေ အလုပ်မပျက်ဘူးပေါ့။ စင်ကာပူမှာတော့ ခဏခဏတွေ့ရတယ်”ဟု စင်ကာပူတွင် ကျောင်းတက်နေသော မမြတ်မှူးချယ်က ပြောသည်။

အွန်လိုင်းမှတစ်ဆင့် မင်္ဂလာအခမ်းအနား ပြုလုပ်ခြင်းသည် အရှေ့ တောင်အာရှနိုင်ငံများသို့ ကူးပြောင်းရောက်ရှိလာခြင်းမှာ ကာလအနည်းငယ်သာရှိနေသေးပြီး ကမ္ဘာ တွင် ရေပန်းစားနေကြောင်း သိရသည်

Myanmar Express

ဘကြီးသက်
Unknown at 8:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆက်သွယ်ရေးကဏ္ဍတွင်လည်း နိုင်ငံခြားကုမ္ပဏီများကို ခွင့်ပြုတော့မည်


မြန်မာအစိုးရအနေနှင့် ဆက်သွယ်ရေး (telecommunication) ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကို ခွင့်ပြုတော့မည်ဖြစ်ကြောင်း အစိုးရ အကြီးတန်းအရာရှိတဦးက ဖော်ထုတ် ပြောဆိုလိုက် သည်။

နိုင်ငံတကာ ကုမ္ပဏီများကို အစိုးရနှင့် ဖက်စပ်လုပ်ကိုင်စေကာ မြန်မာပြည်တွင်း အခြေခံ အဆောင်အအုံများ တည်ဆောက်ပြီး ဝန်ဆောင်မှုများ ပေးစေရန်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ဦးကျော်စိုးက စင်္ကာပူနိုင်ငံတွင် တနင်္လာနေ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာအစိုးရအနေနှင့် တိုင်းပြည်တွင်း ဝန်ဆောင်မှုများ ပေးရန်အတွက် နိုင်ငံခြားကုမ္ပဏီ သုံးခုအထိ ဖက်စပ် လုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုနိုင်သည်။

“ကျနော်တို့အနေနဲ့ နိုင်ငံသားတွေအတွက် ဆက်သွယ်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှုတွေမှာ ပိုမိုများပြားတဲ့ ရွေးချယ် စရာတွေ ပေးလိုပါတယ်။ ဒါဟာ လူတိုင်းအတွက် လူမှုရေးနဲ့ စီးပွားရေးနယ်ပယ်တွေမှာ အကျိုးဖြစ်ထွန်းစေမှာပါ” ဟု ဦးကျော်စိုးက ဆိုသည်။

အစိုးရအနေနှင့် မကြာမီ လအနည်းငယ်အတွင်း အကြံပေးတယောက်ကို ခန့်အပ်မည်ဖြစ်ပြီး ၎င်းအကြံပေး အရာရှိ အနေနှင့် မြန်မာပြည်တွင်း ရင်းနှီးလုပ်ကိုင်မည့် နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီများအတွက် အဆိုပါ ကဏ္ဍ ဖွင့်လှစ်ရေးနှင့် ဘောင်စည်းမျဉ်းများအတွက် အကြံဉာဏ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းဌာနကြီးမှူး ဦးကျော်စိုးက ပြောဆိုသည်။

လူဦးရေ သန်း ၆၀ ခန့်ရှိသော မြန်မာနိုင်ငံတွင် လူ သုံးသန်းသာလျှင် တယ်လီဖုန်း တလုံး အသုံးပြုနိုင်သေးပြီး လာမည့် ၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်ကုန်တွင် ၇၅ ရာခိုင်နှုန်းထိ မြှင့်တင်ရန် ရည်ရွယ်ထားသည့်အတွက် လူဦးရေ သန်း ၄၀ မှာ ဖုန်းကိုင်ဆောင် အသုံးပြုလာနိုင်လိမ့်မည် ဖြစ်ကြောင်း ဦးကျော်စိုးက ပြောသည်။

ထိုသို့ နိုင်ငံခြား ပုဂ္ဂလိကကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်သည့်အခါ အစိုးရအနေနှင့် ပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းထိ စွဲကိုင်ထားမည် ဖြစ်သည်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ဥပဒေအရ ဆက်သွယ်ရေး လုပ်ငန်းမှာ အခြေခံအားဖြင့် နိုင်ငံပိုင်ဖြစ်ပြီး အစိုးရသာလျှင် ဝန်ဆောင်မှုပေးနိုင်သည့် တဦးတည်းသော အခွင့်အရေးပိုင်ရှင် ဖြစ်သည်။ သို့သော် ဆက်သွယ်ရေး ဥပဒေသစ်တခုကို မူကြမ်းရေးဆွဲနေရာ အချောကိုင်အဆင့်သို့ ရောက်ရှိနေပြီး ၎င်းဥပဒေသစ်အရ ပုဂ္ဂလိက အခန်းကဏ္ဍများလည်း ခွင့်ပြုလာလိမ့်မည်ဟု ဦကျော်စိုးက ပြောဆိုသွားသည်။

မြန်မာနိုင်ငံသည် နိုင်ငံအတွင်း မိုဘိုင်းဖုန်းနှင့် သတင်းအချက်အလက် ဝန်ဆောင်မှုများ တိုးတက်ရေးအတွက် အလင်း ဖန်မျှင် fibre-optic ကွန်ယက် ကို နိုင်ငံအနှံ့ တည်ဆောက်လျက် ရှိနေသည်။ လက်ရှိ Fibre-optic ကွန်ယက်၏ အရွယ်အစားမှာ ကီလိုမီတာ ၁၀၀၀ ခန့်ရှိကြောင်း ဦးကျော်စိုးက ပြောခဲ့သော်လည်း အသေးစိတ် အချက်အလက်များ ကို ပြောဆိုသွားခြင်း မရှိပေ။

မဇ္ဈိမသတင်းဌာန
ဘကြီးသက်
Unknown at 8:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.