Tuesday, July 17, 2012

တစ်ခါနှိပ် ငါးရာ

“ငါးသိန်းဖုန်း” တွေ တစ်နိုင်ငံလုံး ဖွင့်လိုက်လို့ စီးပွားရေး အမြင်ရှိတဲ့ ကျေးရွာလေး တစ်ရွာမှ“လှအေး” တစ်ယောက် ငါးသိန်း ဖုန်းလေးဝယ်ပြီး တစ်ကိုင်ကိုင်နဲ့၊ တစ်ရွာလုံးကလည်း လက်ကိုင်ဖုန်း သေးသေးလေးကို သွားလေရာ ယူသွားနိုင်လို့ အထူးအဆန်း ဖြစ်နေကြတယ်။

ဖုန်းလေးကို ကြည့်ပြီး စကား ပြောနိုင်တာကို အံ့သြနေကြပြီး သူပြောချင် ငါပြောချင် ဖြစ်နေကြ တယ်။ စီးပွားရေးသမားပီပီ လှအေးကလည်း ဆက်ချင်တဲ့သူ ဆက်၊ တစ်ခါနှိပ် ငါးရာလို့ ပြောလိုက်ရော၊ ရွာသားတွေ သူတို့မှာရှိတဲ့ ဖုန်းနံပါတ်လေးတွေ ကိုယ်စီ ရှာနေကြပြီ။     
သူအရင်ဆက်မယ်၊ ငါအရင်ဆက်မယ် ရန်ဖြစ်နေလို့ အသက်ကြီးတဲ့သူ ဦးစားပေးပြီး တန်းစီစနစ်နဲ့ ဆက်နေကြတယ်။    
 

“လာ ဘကြီးဖြိုး အရင်ဆက်ပါ”  
“အေး၊ ငါ့သမီးလေး ရန်ကုန်မှာ ဟိုတလောလေးက ငါးသိန်းဖုန်း ဝယ်လိုက်တယ်၊ ဒါ သူ့နံပါတ်”  
လှအေးကလည်း သူ့ ဖုန်းလေး ပျက်သွားမှာစိုးလို့ ဘယ်သူ့မှ ပေးမကိုင်ဘဲ၊ သူကိုယ်တိုင် နံပါတ်နှိပ်ပေးလျက်-
“ရော့ ဘကြီးဖြိုး ရပြီ၊ ဟိုဘက်က စကား စပြောရင် ဘကြီးက ဒီဘက်က ပြန်ပြောလို့ ရပြီ”  
“တူ --- တူ--  လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက် ပိတ်ထားပါသဖြင့်”  
“အေး သမီးလား၊ ဘယ်က လူကြီးမင်းလဲ၊ အဘလေ၊ အဘ၊ သမီးက အဘနဲ့ စကား မပြောချင်လို့ စက်ပိတ်ထားတာလား”
“ဟာ အဘ၊ ဒါဆို ဖုန်းခေါ်လို့မရဘူး၊ အဘရ” 

“ဟေ ဘာလို့ မရမှာလဲ၊ ဟိုဘက်ကအသံ ကြားနေရတယ်လေ”                                       

“ငါ့သမီးက ငါ့ကို စိတ်ကောက်နေလို့ စက်ပိတ်ထားတယ်တဲ့"
“မဟုတ်ဘူး အဘရဲ့၊ အဘကို နောက်မှ ရှင်းပြတော့မယ်၊ ကဲ နောက်တစ်ယောက်”  


“ဒေါ်အေးပုံ၊ ဖုန်းနံပါတ်ပြော”
 “ကျုပ်လည်း ကျုပ်သမီးဆီ ဆက်မလို့၊ ရော့ ဒီနံပါတ်လေး နှိပ်ပေး”
“ရပြီ ခေါ်နေပြီ”  
“ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေတယ်တဲ့၊ ကြည့်စမ်း ငါ့သမီး ဘယ်ရောက်နေလို့လဲ၊ ဆက်သွယ်လို့ မရတော့ဘူး၊ မဖြစ်တော့ဘူး၊ ရန်ကုန် လိုက်သွားမှ ဖြစ်မယ်”  
“ဟာ ကြီးဒေါ်ကလည်း ဒီလိုမဟုတ်ဘူး၊ ဆက်သွယ်မှုပြင်ပဆိုတာ လူရောက်တာ မဟုတ်ဘူး၊ ဖုန်းရောက်တာ အာ.. ဒါ လည်း မဟုတ်ဘူး၊ ဘယ်လို ရှင်းပြရမှန်းမသိဘူး၊ နောက်မှ ရှင်းပြမယ်နော်”  

“ကဲ ဦးသော်တာက ဘယ်သူ့ဆက်မှာလဲ နံပါတ်ပြော”  
“ငါ့တူမလေးပါ၊ သူများတွေ ဆက်တော့ ငါလည်း ဆက်ချင်တာနဲ့ မရှိ ရှိတဲ့ ဖုန်းနံပါတ်ကို ရှာလာခဲ့တာ။”  
“ရပြီ၊ ဟဲလို----စမ်းစမ်းလား”  
“ဘယ်က စမ်းစမ်းလဲ”  
“သမီးက ဦးကို မေ့နေပြီပေါ့”    
“ဒီမှာ ဘယ်ကဦးလဲ၊ ဦးလည်း မသိဘူး၊ စမ်းစမ်းလည်း မဟုတ်ဘူး၊ ဖုန်းထဲကနေ လာညုမနေနဲ့ -- ဂွက်”   
“ဟာ---ဟာ ဘယ်လို ဖြစ်တာလဲကွ၊ ငါ့တူမလည်း မဟုတ်ဘူး ရန်တွေ့ ခံလိုက်ရတယ် ”  
“အော်၊ ဦးသော်တာက ဖုန်းနံပါတ်ကို သေချာမသိဘဲ ဆက်တာကိုး”  

“ကဲ မိလဲ့ပြော၊ ညည်းနံပါတ်”
“ရော့ ကျုပ်က ကျုပ်သူငယ်ချင်းဆီ ဆက်မလို့”
“ကဲ ခေါ်နေပြီ”
“ဟဲလို----- ညည်းလား” 
“ဘယ်ကညည်းလဲ”
“ညည်းကလဲ မသိတော့ဘူးလား၊ ကျုပ်လေ”
“ဘယ်က  ညည်းတွေ ကျုပ်တွေလဲ မသိဘူး”

“ညည်းသူငယ်ချင်း၊ ကျုပ်မိ---ဟဲလို၊ ဖုန်းချသွားပြီ။ ဒီကောင်မ တော်တော် ဘဝ မေ့တယ်”

ဒီလိုနဲ့ “လှအေး” တစ်ယောက် စက်ပိတ်ထား ငါးရာ၊ ဆက်သွယ်မှု ပြင်ပရောက် ငါးရာ၊ ဖုန်းမှားဆက် ငါးရာ၊ ညည်းနဲ့ကျုပ် နှစ်လုံးပြော ငါးရာ၊ တစ်ခါနှိပ် ငါးရာနဲ့ ဖုန်းဖိုး ကြေလောက်တယ်။  

L သင်းသင်းစိုး 
(ဒဂုံတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၂၀၁၁)

မောက္ခပညာရေးမဂ္ဂဇင်း
http://www.maukkha.org/index.php/book-store/short-stories/2216-ctma-phone-myanmar

lu bo

ဘကြီးသက်
Unknown at 8:57 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.