Sunday, June 3, 2012

ကောက်နေတဲ့စိတ်ကလေး ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေးထားခဲ့တော့.

အမေစု ခရီးစဉ်ကိုသတင်းလုပ်ဖို့ရောက်နေတဲ့ နိုင်ငံခြားနဲ့ ထိုင်းသတင်းထောက်တချို့ကို စခန်းတာဝန်ရှိသူတွေ ကမောင်းထုတ်ခဲ့တာရယ်..နောက်ပြီးတော့ အမေစု နယ်စပ်က တိုင်းရင်းသားနဲ့ဒီမိုကရေစီအင်အားစုတွေကို မတွေ့ခဲ့တာတွေနဲ့ပတ်သက်ပြီး... ဘယ်လိုထင်သလည်းဗျ.။ ခင်ဗျားတို့အမြင်ကိုသိချင်တယ်ဗျာ..

ကျနော်ထင်တာတော့ ဒီကိစ္စတွေဖြစ်ရတဲ့ အဓိကအကြောင်းအချက်ကြီးသုံးခုရှိတယ်..။
၁) အမေစုလုံခြုံရေးကိုကာကွယ်ဘို့
၂) ထိုင်းမြန်မာဆက်ဆံရေးကို မထိခိုက်စေဘို့နဲ့
၃) မြန်မာဒုက္ခသည်တွေကို ထိုင်းအစိုးရကစောင့်ရှောက်ထားတဲ့ အနေအထားတွေကို မီဒီယာတွေက "ဖွ" မှာ နိုင်ငံတကာ အလယ်မှာ ပြဿ နာလုပ်ခဲ့ရင် ထိုင်းအစိုးရအရှက်တကွဲ အကျိုးနည်းဖြစ်မှာစိုးလို့..
  • ခင်ဗျားတို့သိပြီးဖြစ်လိမ့်မယ့်အတိုင်းပဲဗျာ. ထိုင်းနိုင်ငံနယ်စပ်က မဲဆောက်မြို့ကလေးဆိုတာ မြန်မာနိုင်ငံကနိုင်ငံသား အများစု နေထိုင်ပြီး အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ကြတယ်၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဒီမိုကရေစီအင်အားစုတွေ အခြေစိုက်တဲ့နယ်မြေဖြစ်တယ်.. စတဲ့ စတဲ့ ၀ိသေသထူးတွေရှိတယ် ဆိုပေမယ့်လည်း- နိုင်ငံတကာထောက်လှမ်းရေး အေဂျင်စီတွေ စပိုင်တွေ ခြေချင်းလိမ်နေတဲ့အပြင် ထိုင်းနိုင်ငံက ထောက်လှမ်းရေးမျိုးစုံ တိုင်းရင်းသားလူမျိုးစုတွေက လွတ်ထားတဲ့ထောက်လှမ်းရေးမျိုးစုံ၊ ကျနော်တို့ ဦးသိန်းစိန်အစိုးရဘက်ကလွတ်ထားတဲ့ ထောက်လှမ်းရေးမျိုးစုံ.၊ နိုင်ငံအသီးသီးကလာရောက်လုပ်ကိုင်နေတဲ့ မတရားစီးပွားရေး လုပ်ငန်းမျိုးစုံက လွတ်ထား တဲ့ ထောက်လှမ်းရေးမျိုးစုံအပြင် လူကုန်ကူးလုပ်ငန်းနဲ့ ပြည့်တန်ဆာလုပ်ငန်းက လူမိုက်အမိုက်သရိုက်တွေ၊ လူမိုက်ဂိုဏ်း Gangs တွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားသူတွေနဲ့ အခြားတေလေဂျပိုးတွေမျိုးစုံနေထိုင်အခြေစိုက်ကြတဲ့ အလွန့်အလွန်ရှုတ်တဲ့နေရာ (လုံခြုံရေးအတွက်ကြောက်တတ်ရင်) ကြောက်စရာကောင်းတဲ့နယ်မြေတခုမဟုတ်ပါလားဗျာ။
  • အရင်အတိတ်ကာလတုန်းများကဆို မိမိအခွင့်အရေးနဲ့ ကိုယ်လုပ်ခဲ့တဲ့လုပ်ခငွေရရှိရေးကို တိုက်ပွဲဝင်ခဲ့တဲ့အလုပ်သမား တွေအသတ်ခံရ (သို့)  "ပျောက်ပျောက်သွား" တတ်ပြီး  လူတချို့ဆို မဆီမဆိုင်ပဲပျောက်သွားရတာမဟုတ်လား။ ကျနော်ဆို အခြားသူတွေ စိတ်ဒုက္ခရောက်မှာ စိုးလို့ အမေစုခရီးစဉ်အတွင်းမှာ အဲဒီအကြောင်းတွေ အဖြစ်ဆိုးတွေကို ဘယ်သူ့ကိုမှ ဘာတခုကိုမှမတင်ပြပဲ မဆွေးနွေးပဲ ပွဲပြီးတဲ့အထိ ရင်တမမနဲ့ရှိနေခဲ့တာ။ ခုမှပဲ ဟင်းကနဲရယ်နဲ့ ဟင်း...ချနိုင်တော့တယ်။
  • အဲဒီအချက်အလက်သုံးခု ဖြစ်တည် ပေါင်းစုံမှုအကျိုးဆက်ကြောင့် ချစ်ရတဲ့အမေစုကို လူချင်း တွေ့ချင်သော်လည်း မတွေ့လိုက်ရ ပဲဖြစ်ခဲ့ရတဲ့အတွက် မကျေမချမ်း မချင့်မရဲဖြစ်ခဲ့ရတဲ့ ကျနော်တို့တိုင်းရင်းသားပြည်သူတွေ ထိုင်းအခြေစိုက်ဒီမိုကရေစီ လှုပ်ရှားတက်ကြွသူတွေ လည်းရှိမို့လား။ အဲဒီလိုဖြစ်မှုတွေကြောင့် စိတ်မကျေနှပ်တာတွေကို အန်ထုတ်ပြီး အန်အယ်ဒီကို အပြစ်တင်မယ့်အစား တရားကလေးနဲ့ဆင်ခြင်ပြီး လိုအပ်တဲ့ အကြံဉာဏ်များပေးရင်ပိုသင့်မြတ်မှာပေါ့။  ဆန္ဒတွေမပြည့်ခဲ့ရတဲ့ အကြောင်းအရင်းတွေကို ဆင်ခြင်သိနဲ့ဆုတ်ကိုင်ပြီး သူတို့တွေကြိုးစား နားလည်ပေးဘို့လို လိမ့်မယ်လို့ထင်မိတယ်ဗျာ။   ပြီးတော့ တွေ့ချင်တဲ့သူတို့ဘက်ကလည်း အသေအချာအာမခံနိုင်တဲ့ လုံခြုံရေးဆိုင်ရာအစီအမံတွေ တာဝန်ခံမှုတွေမရှိပဲ အမေစုနဲ့ ထိုင်းအစိုးရက ( တွေ့ဘို့အတွက် ) သူ့လုံခြုံရေးကို Risk မယူသင့် မစွန့်စားသင့်ပါ ဘူး။ ပြောချင်တယ်ဆိုလည်း ဖုန်းပေါ်ကနေ လေလှိုင်း ကနေတဆင့်ပြောလို့ရတာပဲမဟုတ်လား။   အဲဒီကိစ္စကိုရော ဘယ်လိုထင်သလည်းဗျ.။ သိချင်တယ်။ ချစ်တာကတော့မပြောပါနဲ့တော့ တွေ့ချင်တာကတော့ပြောပါနဲ့တော့..တရားမျှတမှုကိုချစ်တဲ့ ဘယ်သူမဆို အမေစုကိုအတင်းကိုဖက်ပြီး ငိုယိုပြီး "အာဘွားတွေ" အများကြီးပေးလိုက်ချင်တဲ့သူတွေချည်းပဲ။
အမေစုဟာ ပြည်သူကိုစည်းရုံးရင်း သူ့ကိုချစ်မြတ်နိုးခြင်းများစွာနဲ့ သူ့ကိုလှမ်းကိုင်ထိတွေ့နုတ်ဆက်လာ တဲ့ ပြည်သူတွေရဲ့လက်တွေကို မြတ်မြတ်နိုးနိုးနဲ့ လှမ်းကိုင်ထိတွေ့ခဲ့ ဆုတ်ကိုင်ခဲ့တဲ့အကြိမ်ပေါင်း၊ သူ့ကိုသိပ်ချစ်မြတ်နိုးလွန်းလို့ (အနယ်အနယ်အရပ်ရပ်က) တကူးတကလာရောက်ပြီး ပန်းတွေပေးကြတဲ့ ပြည်သူတွေရဲ့ပန်းပွင့်တွေ ပန်းစည်းတွေ ကို မြတ်နိုးတဲ့စိတ် မေတ္တာစိတ်တွေနဲ့အသေအချာယူခဲ့တဲ့ အကြိမ်ပေါင်းဟာကမ္ဘာကျော်လက်ဝှေ့သမား မိုဟာမက်အလီ လေ့ကျင့်ရင်းထိုးခဲ့တဲ့ လက်သီးချက်အရေအတွက်စုစုပေါင်းထက် အဆပေါင်းများစွာ သာကောင်းသာနေနိုင်မယ် မဟုတ်ပါလားလို့ ...အဲဒီလိုဂုဏ်ယူတွေးလေးနဲ့.တွေးရင်း. .တွေးရင်းနဲ့ အမေ့ကိုလေးစား တိုးချစ်ရင်း ကောက်နေတဲ့စိတ်ကလေး မကျေမချမ်းစိတ်ကလေး မချင့်မရဲစိတ်ကလေးကို ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေးထားခဲ့တော့.

ခင်ဗျားတို့ရော ဘယ်လိုထင်သလည်းပြောကြစမ်းပါဦး..ကောက်တဲ့အထဲမှာပါရင်တော့ ..သိတယ်နော်..တိတ်တိတ်ကလေးထားခဲ့တော့..။

ကျေးဇူးတင်တယ်ဗျာ.

နေဦး
http://burma.irrawaddy.org/archives/11186

ဘကြီးသက်
Unknown at 8:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီမိုကရေစီယဉ်ကျေးမှု


ပြည်သူတွေ ဆန္ဒပြကြတယ်၊ အလုပ်သ္မားတွေ ဆန္ဒပြကြတယ်၊
ဒီအပေါ်မှာ အမျိုးမျိုးသော ဝေဘန် ဆွေးနွေးစကားတွေ ပြောလာကြတယ်၊
ဆန္ဒပြတာ ကောင်းသလား၊ မကောင်းဘူးလားပေါ့။
ဒီမိုကရေစီဆိုတာ အများဆန္ဒဖြစ်တယ်၊ ဒီမိုကရေစီလိုချင်လို့ စွန့်လွှတ်စွန့်စား အနစ်နာခံပြီး တိုက်ပွဲဝင်ခဲ့ကြတာသည် အများ၏ ဆန္ဒကို ထုတ်ဖေါ်ခွင့်ရဖို့ပဲဖြစ်တယ်၊
ဒါကြောင့် ဆန္ဒပြခြင်းသည် ဒီမိုကရေစီ၏ ဓလေ့စရိုက်သွင်ပြင်လက္ခဏာပဲဖြစ်ပါတယ်၊
ဆန္ဒပြခြင်း ယဉ်ကျေးမှု့သည် အစဉ်အမြဲထွန်းကားနေရမည်သာဖြစ်ပါသည်၊
မည်သူကမျှ အမိန့်အာဏာနှင့် နှောက်ယှက်ဖျက်စီးခြင်းမျိုး မလုပ်ရပါ၊
ဒါကို အဆင့်အတန်းမီ လူ့သမဂ္ဂဟု ခေါ်ပါသည်။
သို့သော် ပြည်သူလူထု၏ အမျိုးမျိုးသော မကျေနပ်ချက်များကို ထုတ်ဖေါ်ဆန္ဒပြသည့် လူထုအခွင့်အရေးကို အလွဲသုံးစားလုပ်ခြင်း၊ အသုံးချပြီး လိုရာဆွဲခြင်း၊ ဖျက်လိုဖျက်စီးလုပ်ခြင်း၊ သေးသိမ်မှေးမှိန်အောင်လုပ်ခြင်း၊ ဝါဒစွဲဖြင့် လမ်းကြောင်းပြောင်းပေးခြင်း၊ နောက်ဆုံး အကြမ်းဖက်မှု့ဖြစ်ပွါးအောင် တွန်းပို့ပြီး ဆန္ဒပြခြင်းဆိုသည့် ဒီမိုကရေစီ ယဉ်ကျေးမှု့ကို ဖျက်စီးမည့် လုပ်ရပ်အပေါ် အတော်ကြီး သတိထားဆောင်ရွက်ကြရန်လိုပါသည်။
၁၉၈၈ခုနှစ် လူထုတရပ်လုံး၏ အထွေထွေ မကျေနပ်ချက်များအရ ပေါ်ထွန်းလာခဲ့သည့် လူထုအရေးတော်ပုံဆန္ဒပြပွဲကြီးသည် ကြီးကျယ်မြင့်မားလှပါသည်၊ မှန်ကန်ကောင်းမွန်လှပါသည်၊
သို့သော် စစ်အစိုးရဆိုးက အကြမ်းဖက်ဆူပူမှု့ဖြစ်အောင် တမင်ဖန်တည်းလိုက်ပါသည်၊
ရန်ကုန်ရှိ ကုန်သွယ်ရေး ဂိုထောင်ကြီးများကို သူတို့လူများက အလျှင်ဦးအောင်ဖေါက်ယူပြကြပြီး လူထုက နောက်မှ လိုက်၍ဖေါက်ယူအောင် ဖန်တည်းပါသည်။
ဤကဲ့သို့သော နည်းလမ်းများဖြင့် ဆန္ဒပြပွဲကို အကြမ်းဖက်လုယက်ပွဲဖြစ်အောင် ဖန်တည်းပြီး လူထုကို နှိပ်ကွပ်ကာ စစ်အာဏာသိမ်းမှု့ အသစ်တခု ပြုလုပ်ခဲ့ကြပါသည်၊
ယနေ့အစိုးရသည် ယ္ခင်က စစ်အစိုးရလက်ကျန်နှင့် လက်သစ်များပင် ဖြစ်နေပါသေးသည်။
ဒါကြောင့် ရိုးသားစွာ ဆန္ဒပြပွဲမှ အကြမ်းဖက်လုယက်ပွဲကြီးဖြစ်အောင်လည်း အစိုးရများဘက်မှ ပြုလုပ်တတ်ကြပါသည်၊
ဒီလိုလုပ်ရပ်မျိုးသည် နိုင်ငံရေးတွင် ရိုးနေပြီဖြစ်သော်လည်း ဖန်တည်းရန် အလွန်လွယ်ကူသဖြင့် သတိထားရန်အထူးလိုအပ်ပါသည်။
အချို့သော အစိုးရများ၊ အဖွဲ့အစည်းများသည်လည်း မိမိတို့အစိုးရ သက်ဆိုးရှည်ရန်၊ မိမိတို့အဖွဲ့အစည်းပါတီများ အာဏာရရန်အတွက် လူထု၏ မကျေနပ်ချက်များကို အသုံးချပြီး ဆန္ဒပြပွဲများ ပေါ်ပေါက်လာစေရန်လှုံဆော်ဖန်တည်းတတ်သည့် အကျင့်များလည်း ရှိကြပြန်ပါသည်၊ လူထုကို လှည့်စားသည့် ဆန္ဒပြပွဲမျိုးပင်ဖြစ်ပါသည်၊
၁၉၆၇ ခုနှစ်က မြန်မာပြည် ဆန် ပြဿနာဖြစ်ပေါ်မှု့ကို ဗိုလ်နေဝင်းစစ်အစိုးရက မဖြေရှင်းနိုင်သဖြင့် ရန်ကုန်နေ တရုတ်လူမျိုးများက ရိုင်းပြသည်ဟု ဖန်တည်းပြီး တရုတ် ဗမာ အဓိကရုဏ်းအဖြစ် ဖန်တည်းဖြေရှင်းခဲ့ကြပါသည်၊ ထိုနည်းတူ ပြည်သူလူထု၏ စားဝတ်နေရေး အကြပ်အတည်းကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို ကုလားဗမာ အဓိကရုဏ်း များအဖြစ် အစိုးရဆိုးမှ ဖန်တည်းတတ်သည့် အစဉ်အလာကြီးလည်းရှိနေပါသည်။
ထိုနည်းတူ တိုင်းရင်းသား အချင်းချင်းသွေးကွဲပြီး ပဋိပက္ခဖြစ်အောင် ဖန်တည်းလုပ်ဆောင်တတ်ကြပြန်ပါသည်
၊ ဤသည်များမှာ လူထု၏ အကြပ်အတည်းကို အမှန်တကယ်ဖြေရှင်းမပေးနိုင်သည့် အစိုးရဆိုးများ၏ သောက်ကျင့်ဆိုးများပင်ဖြစ်ပါသည်။
*ရှေ့တစ်လှမ်းတိုး နောက်နှစ်လှမ်းဆုတ်* နည်းစနစ်သည် အင်မတန်ကြောက်စရာကောင်းသည့် အစိုးရဆိုး လူယုတ်မာများ၏ နည်းပင်ဖြစ်သည်၊
ဤနည်းကို ဗိုလ်နေဝင်းလူယုတ်မာကြီး ကိုယ်တိုင် ကျင့်သုံးခဲ့သည်၊
သူတို့ စစ်အာဏာရှင် တစ်စု၏ အတောမသတ်နိုင်သည့် လောဘမီးကြောင့် ကြွယ်ဝသည့် မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြသည့် ပြည်သူလူထုကြီးသည် ဆင်းရဲမွဲတေပြီး ပညာမဲ့များဖြစ်ခဲ့ကြရသဖြင့် ပေါ်ပေါက်ခဲ့သည့် အထွေထွေသော လူထု၏ မကျေနပ်ချက်များကြောင့် မြန်မာပြည်ကြီး ပေါက်ကွဲမည့်အခြေကို ဆိုက်လာသည့် ၁၉၈၆ မှ ၁၉၈၈ ခု ကာလများတွင် ဗိုလ်နေဝင်းက စနစ်တကျဖြင့် *ရှေ့တစ်လှမ်းတက် နောက်နှစ်လှမ်းဆုတ်* ပေါ်လစီကို ချပြီး သုံးပါတော့သည်။
ပေါ်လစီ၏ အဓိပ္ပါယ်မှာ လူတဦးသည် တစ်နေ့အတွက် လုပ်အားခ ငွေကျပ်တစ်ရာရသည်ကို မလောက်ငပဲ မကျေနပ်ဖြစ်ခါ ပေါက်ကွဲမည့် အချိန်တွင် ပေါက်ကွဲအောင် တမင်မြှောက်ပင့် ဖန်တည်းပြီး ငတ်ပြတ်နေသူကို တနေ့လုပ်ခငါးဆယ်ဖြင့် မလွှဲသာမရှောင်သာတော့ပဲ လုပ်ရမည့် အခြေကိုရောက်စေပြီးမှ ကယ်တင်ရှင်လုပ်ကာ တစ်နေ့လျှင် ခွန်နှစ်ဆယ့်ငါးကျပ် နှုန်းသို့ တိုးပေးပြီး ပဏာယူကာ နိုင်ငံရေး အမြတ်ထုတ်သည့် ပုံစံပင်ဖြစ်သည်။ ကွယ်လွန်သူ ခေတ္တသမ္မတ ဦးမောင်မောင်က *ခင်ဗျားတို့ တစ်နေ့ကျရင် ကျွန်တော်တို့ကို ပြန်ပြီးတမ်းတကြရမယ်* ဆိုသည့် စကားသည် ဗိုလ်နေဝင်း၏ တစ်ပါတီစနစ်ကိုကြိုက်သလား ပါတီစုံစနစ်ကို ကြိုက်သလားဆိုသည့် ပရိယာယ်စကားကို မီးမှောင်းထိုးပြလိုက်ခြင်းဖြစ်သည်၊
သို့သော် ကမ္ဘာ့သမိုင်းရေစီးကြောင်းပြောင်းလဲမှု့ကြောင့် စစ်အာဏာရှင်များ ထင်တိုင်းမပေါက်ပဲ ဖြစ်ခဲ့ရပါသည်၊ မည်သို့ဆိုစေ ဆန္ဒပြပွဲများ၏ သတိထားစရာပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်လွတ်လပ်ရးမရမီကပင် ဗ.က.ပ ခေါ် ဗမာပြည်ကွန်မြူနစ်ပါတီလည်း ပေါ်ထွန်းခဲ့သည်၊
ယနေ့အထိလည်း အသက်ရှည်ဆဲပင်ဖြစ်သည်၊
မြန်မာပြည်ကို ကွန်မြူနစ်နိုင်ငံဖြစ်ရန် နည်းစုံဘက်စုံဖြင့် ကြိုးစားခဲ့ကြသည်၊
လူထုအုံကြွမှု့၊ ဆန္ဒပြပွဲကြီးများ အမျိုးမျိုးကိုလည်း ဗ.က.ပ မြေအောက်ယူဂျီများက ပြုလုပ်ခဲ့ကြသည့် သာရကများလည်း အထင်ကရရှိခဲ့ပါသည်၊
ကျောင်းသား၊ အရပ်သား၊ ဘုန်းကြီး၊ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်း စသည့် ဘက်စုံဒေါင့်စုံမှ လူထုလူတန်းစား အသီးသီးထဲတွင် ဗ.က.ပ ယူဂျီများရှိခဲ့ပါသည်၊
သူတို့၏ ကြိုးပမ်းမှု့များကြောင့်လည်း လူထုလှုပ်ရှားမှု့ သပိတ်တိုက်ပွဲများ အဆက်မပြတ်ပေါ်ပေါက်ခဲ့ကြပါသည်၊
ဗိုလ်ပြုတ်ကြီး မောင်ခင်ညွှန့်တို့ အဖွဲ့က ထုတ်ဝေခဲ့သည့် အာဏာသိမ်းရန်ကြံစည်သူများ (စာအုပ်အနီ)မှာ အထင်အရှား လေ့လာနိုင်ပါသည်။
ဗ.က.ပ ယူဂျီများ ဖန်တည်းသည့် ဆန္ဒပြပွဲများနှင့် ဗ.က.ပ များပါဝင်ပါတ်သက်လာသည့် ဆန္ဒပြပွဲများသည် လူထု၏ ဆန္ဒထက် ဗ.က.ပ တို့၏ ဝါဒစွဲရည်ရွယ်ချက်များက ပိုမိုလွှမ်းမိုးနေသဖြင့် အောင်မြင်မှု့များ မရခဲ့ကြပါ၊
အကျိုးထက် အဆိုးက ပိုများကာ အရှုံးထွက်ပြီး လူထုပင် နစ်နာခဲ့ရသည့် ဆန္ဒပြပွဲများဖြစ်ခဲ့ကြရသည်မို့ အထူးပင် သတိထားရမည့် ကိစ္စဖြစ်ပါသည်။
လူထု၏မကျေနပ်ချက်ကို ထုတ်ဖေါ်ဆန္ဒပြရန်ကိစ္စမှာ လှုံ့ဆော်သူ၊ ဦးဆောင်ဦးရွက်ပြုသူ၊ အနစ်နာခံသူရှိဖို့လည်း လိုပါသည်၊
သို့သော် ထိုဦးဆောင်သူသည် ဗ.က.ပ ဖြစ်ခြင်း၊ ဗ.က.ပ လိုလားသူဖြစ်နေသည်က အရေးမကြီးသေးပါ၊
အရေးကြီးတာက ကွန်မြူနစ်ဝါဒလွှမ်းမိုးရေးနှင့် ကွန်မြူနစ်နိုင်ငံဖြစ်လာရေး စသည့် ပရောဂများပါလာပါက ၎င်းဆန္ဒပြပွဲမှာ ကျရှုံးမည်သာ ဖြစ်ပြီး၊ အကျိုးမဖြစ်ထွန်းပါ၊
အကြောင်းမှာ ကမ္ဘာသူကမ္ဘာသားများသည် မာက္စ်ဝါဒ၊ ကွန်မြူနစ်ဝါဒကို လုံးဝလက်မခံကြတော့သောကြောင့်ဖြစ်ပါသည်၊
ထို့ကြောင့် ယနေ့ခေတ်ဆန္ဒပြပွဲများတွင် ဝါဒစွဲ ကင်းရှင်းရန်လုံးဝအရေးကြီးပါသည်။
ယနေ့မြန်မာနိုင်ငံတွင် စက်ရုံအချို့မှ အလုပ်သမားတွေ ဆန္ဒပြကြပြီ၊ မြို့နယ်တွေမှာ လျှပ်စစ်မီး၊ လျှပ်စစ်ဓါတ်အား လုံလောက်စွာ မရရှိကြသဖြင့် ပြည်သူတွေ ဆန္ဒပြကြပြီ၊ လယ်မြေ ယာမြေ ဥယျာဉ်မြေတွေကို မတရား သိမ်းယူခံရသဖြင့်လည်း ဆန္ဒပြမှု့တွေပြုလုပ်စဖြစ်နေကြပြီ၊ မှန်သည်၊
လုပ်ကိုလုပ်ကြရမည်၊ သို့ပေမင့် အထက်ကဆိုခဲ့သည့် အစိုးရဆိုးများ၊ ဝါဒဆွဲယိမ်းသူများ၏ ဦးဆောင်စွက်ဖက်မှု့များကို သတိထားကြရမည့်အပြင်၊ *က* သုံးလုံးပေါ်လစီနှင့် ကိုက်ညီစေရန်လည်း သတိပြုကြရပါမည်။
ကြောင်းကျိုးဆီလျှော်မှု့ရှိရမည်၊ အကန့်အသတ်ရှိရမည်၊ အကျိုးအမြတ်လည်းရှိရမည်၊
ဤသုံးချက်နှင့် ပြည့်စုံအောင် ခေါင်းဆောင်က အရည်အချင်းရှိပြီး အမျှော်အမြင်ရှိရမည်ဖြစ်ပါသည်၊
ယနေ့လုပ်ခတိုးရေး၊ လျှပ်စစ်မီးအားရရေး၊ လယ်ယာမြေပြန်ရရေး ဆန္ဒပြပွဲများသည် ကျိုးကြောင်းတိုက်ဆိုင်ဆီလျှော်မှု့ရှိနေပါသည်၊
အကန့်အသတ်ရှိရမည်ဆိုသည်မှာ အချိန်၊ နေရာနှင့် လှုပ်ရှားမှု့အတိုင်းအတာကို သတ်မှတ်ပြုလုပ်ကြရပါမည်။
စည်းစနစ်ကျနပြီး အကြမ်းဖက်သည့် အစွန်းသို့ မရောက်စေရပါ၊
စစ် တစ်မတ်သား အစိုးရသစ်၏ ဆန္ဒပြမှု့နည်းဥပဒေများ မထွက်သေးခြင်းကိုလည်း စောင့်စရာမလိုပါ၊ ထွက်လာလျှင်လည်း လူထုဆန္ဒနှင့် မကိုက်ညီပါက ၎င်းနည်းဥပဒေများကို ပြုပြင်ရန် ပြောဆိုကြပြီး ဆက်လက်ဆန္ဒပြနိုင်ကြပါသည်၊ အရေးကြီးသည်မှာ မသက်ဆိုင်သူများကို မထိခိုက်စေရန်နှင့် ရုပ်ဝတ္ထုပစ္စည်းများကို မဖျက်ဆီးမိစေရန်ဖြစ်သည်၊
ဤမျှလောက်ဆိုလျှင် ဆန္ဒပြခြင်းသည် အကန့်အသတ်နှင့်ညီညွတ်သည်ဟု ဆိုနိုင်ပါသည်။
အကျိုးအမြတ်ကိစ္စကတော့ ဆန္ဒပြခြင်းသည် ဆန္ဒပြသူများအတွက် သာမက အများပြည်သူအတွက် အကျိုး အမြတ် တစ်စုံတစ်ရာတော့ ရှိရမည်သာဖြစ်သည်
၊ ပြည်သူလူထု၏ ဆန္ဒပြ သပိတ်မှောက်မှု့၏ အကျိုးရလာဘ်၏ အများစုကို အစိုးရဆိုးကလည်းကောင်း ဝါဒစွဲ အဖွဲ့အစည်းတစ်ခုကလည်းကောင်း ရရှိပြီး ဆန္ဒပြလူထုက အနည်းစုပဲရသည်ဆိုလျှင်လည်း တွက်ခြေမကိုက်ပါ၊
တကယ်တော့ ဆန္ဒပြလူထုသည် အစိုးရဆိုး၏ လက်ထက်တွင် စွန့်လွှတ်စွန့်စားပေးဆပ်ကြရသည်သာဖြစ်ပါသည်၊
ပေးဆပ်ရင်းနှီးသလောက် အကျိုးအမြတ်မရသည့် ဆန္ဒပြမှု့မျိုးသည် မဖြစ်သင့်ပါ၊
သို့သော် အကျိုးအမြတ်သည် မသေချာဖြစ်နေပြီး အခြားရွေးစရာလမ်းမရှိလျှင်တော့ လုပ်သင့်လျှင်လုပ်ကြရမည်သာဖြစ်ပါသည်၊
အကျိုးအမြတ်ဟူသည်မှာ အောင်ပွဲကြီး မဟုတ်သေးပါ၊
အောင်ပွဲကြီးအတွက် အထောက်အကူဖြစ်စေမည့် ပေးဆပ်ရင်းနှီးမှု့ပင်ဖြစ်ပါသည်၊
ဤကဲ့သို့ အကျိုးအမြတ်ကို ရအောင် မယူနိုင်လျှင် အောင်ပွဲကြီးနှင့်ပိုမိုအလှမ်းဝေးသွားနိုင်ပြီး အရှုံးပင်ထွက်တတ်ပါသည်။
ထို့ကြောင့် သပိတ်တိုက်ပွဲဟူသည် *က* သုံးလုံး ပေါ်လစီနှင့် ကိုက်ညီရန် အထူးလိုအပ်ပါတော့သည်၊ တပြိုင်နက်တည်းမှာ ခေါင်းဆောင်လုပ်သူသည် အခြေအနေနှင့် အချိန်အခါကို တွက်ချက်တတ်ရပါမည်၊
မွေးချိန် ဖွါးချိန်တန်မှ လက်သည်ရော မွေးလူနာပါတပြိုင်တည်း ကြိုးစား အားထုတ်ရမည်သာ ဖြစ်သကဲ့သို့ ပတ်ဝန်းကျင်၏ လိုက်လျောညီထွေရှိသည့် အခြေအနေမျိုးလည်း ဖြစ်ရမည် (သို့မဟုတ်) ဖန်တည်းယူတတ်ရမည်သာဖြစ်ပါသည် (ဥပမာ) ဆေးရုံဆေးခန်းဖြစ်စေ၊ အနီးဝန်းကျင်တွင်ဖြစ်စေ၊ မွေးလူနာအတွက် လိုအပ်သည့် ဆေးဝါး၊ အသုံးအဆောင်၊ အထောက်အကူပစ္စည်းများရှိနေသည့် နေရာမျိုးပင်ဖြစ်ပါသည်။
သို့ပါ၍ ယနေ့မြန်မာနိုင်ငံတွင် အလုပ်သမား၊ လယ်သမား၊ ပြည်သူများသည် အဆက်ဆက်သော စစ်အစိုးရဆိုးများ၏ မတရားဖိနှိပ်အနိုင်ကျင့်မှု့ခံနေကြရသည့် ဒဏ်ရာ ဒဏ်ချက်များသည် ယနေ့ အစိုးရသစ်၏ လက်ထက်တွင် ပပျောက်သွားခြင်း မရှိသေးဘဲ အပြင်းထန်ဆုံး ခံနေရသည့် အခြေအနေမျိုးတွင် ရှိနေပါသည်၊ ဒါကြောင့် သပိတ်မှောက်ဆန္ဒပြရန် အလွန်တရာ ကျိုးကြောင်း ဆီလျှော်ညီညွတ်သည့် အချိန်ပင်ဖြစ်ပါသည်။
ယ္ခင်စစ်အစိုးရဆိုးများတွင် ပါဝင်ပါတ်သက်ခဲ့ကြသည့် ပုဂ္ဂိုလ်များသည် ကမ္ဘာ့ခေတ်ပြောင်းမည့် အခြေအနေကို ကြိုသိပြီး ပြင်ဆင်မှု့များပြုလုပ်ထားခဲ့ကြပါသည်၊ ဒါကြောင့် တရားမဲ့သိမ်းပိုက်ပြီး မောင်ပိုင်စီးထားသည့် မြန်မာနိုင်ငံ၏ မြေ၊ ရေ၊ လေ၊ မီး နှင့် စီးပွါးရေးလုပ်ငန်းအလုံးစုံကို တရားဝင်ဖြစ်စေရန် ၂၀၀၈ ဖွဲ့စည်းပုံနှင့်အတူ စစ် တမတ်သား အစိုးရက ကြိုးပန်းနေချိန်ဖြစ်ပါသည်၊ ဒါကို အိုဘားမား၊ ဟူဂျင်းတောင်၊ မန်မိုဟန်ဆင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဘန်ကီမွန်း တို့မှ အစ လမ်းဘေးနေ ၁၀၉၊၁၁၀ တို့ အားလုံးသိနေကြပါသည်၊ သို့သော် မြန်မာနိုင်ငံနှင့် ပါတ်သက်ချင်ကြသည့် နိုင်ငံကြီးတို့သည်လည်း သူ့အကျိုး ကိုယ့်အကျိုးကို ကြည့်ပြီး လှုပ်ရှားနေကြသည်သာဖြစ်သည်။
အရေးကြီးလှသည်မှာ အမေရိကန်ဆင်ကြီးသည် မြန်မာနိုင်ငံကို မဟာဗျူဟာအရ တရုတ်၏ ဗိုက်အောက်က ဆွဲထုတ်ပြီး အနောက်အုပ်စုနှင့် မိတ်ဘက်ဆက်ဆံရေးတည်ဆောက်ရုံမျှဖြင့်လည်း မြန်မာ့အရေးသည် ပြေလည်အုံးမည်မဟုတ်ပါ၊ အမေရိကန် မြန်မာ အကျိုးတူ စီးပွါးရေးလုပ်ငန်းများတိုးတက်ရေးဆိုတာလောက်နှင့်လည်း လုံလောက်မျှတမည်မဟုတ်သေးပါ၊
ပွင့်ပွင့်လင်းလင်းဆိုရသော် အမေရိကန် အရင်းရှင်ကြီးများနှင့် မြန်မာစစ်ဗိုလ်ချုပ်တဖြစ်လဲ စီးပွါးရေးလုပ်ငန်းရှင်ကြီးများ ပူးပေါင်းလုပ်ကိုင်မည့် မြန်မာ့စီးပွါးရေး ကဏ္ဍမြှင့်တင်ရေးဟုဆိုလျှင်တော့ မြန်မာ့ နိုင်ငံရေးတိုက်ပွဲသည် အရှိန်အဟုန်ကြီးမားလာမည်သာဖြစ်ပါသည်။
ဒါကြောင့် အရင် ရှင်းရမည့် ကိစ္စသည် စစ်အစိုးရဆိုး အဆက်ဆက်တွင် မတရားသိမ်းပိုက်ခဲ့ကြသည့် မြန်မာနိုင်ငံ၏ ပိုင်ဆိုင်မှု့အားလုံးကို မူလပိုင်ရှင် နိုင်ငံတော်နှင့် ပြည်သူပြည်သားများထံ ပြန်လည်အပ်နှံစေရေးအတွက် မှန်ကန်တိကျပြတ်သားသည့် ဖွဲ့စည်းပုံ ဥပဒေပေါ်ပေါက်ပြီး အကောင်အထည်ဖေါ်ရန် ဖြစ်ပါသည်၊ ဤသို့ဖြစ်ပေါ်လာစေရန် ကူညီမည့် နိုင်ငံကြီးများသည်သာ မြန်မာ့ မိတ်ဆွေစစ်မိတ်ဆွေမှန်ဖြစ်ပြီး ရေရှည်လက်တွဲသွားနိုင်မည်သာဖြစ်ပါသည်။
မည်သို့ဆိုစေ မြန်မာ့ နိုင်ငံရေး ဖလားလုပွဲသည် အနောက်ဘက်ကွင်းတွင် ကစားနေရသည်မို့ ဒီမိုကရေစီအလံများကိုလွှင့်ထူထားတာတွေ့နေရပါသည်၊ ဒါကြောင့် ဆန္ဒပြပွဲ၊ သပိတ်တိုက်ပွဲများဖြင့် လက်ရှိလူထု၏ အကြပ်အတည်းကို ဖေါ်ထုတ်သည်မှာ သင့်လျှော်နေပါသည်၊ ဟုတ်သည် မှန်သည်ဆိုလျှင် လူတစ်ဦးချင်းဖြစ်စေ လူထုတရပ်လုံးဖြစ်စေ အရည်အတွက် သတ်မှတ်ချက်မရှိဘဲ ဆန္ဒပြခွင့်ရှိသည်၊ ဒါသည်ပင် အခြေခံလူ့အခွင့်အရေးဖြစ်သည်။
ယဉ်ကျေးတိုးတက်လာသည့် လူ့အဖွဲ့အစည်းများတွင်လည်း သဘာဝအတိုင်း ပဋိပက္ခများရှိကြစမြဲပါ၊ ယင်းပဋိပက္ခများကို ဖြေရှင်းကြရာ၌ ယနေ့ခေတ်တွင် အကောင်းဆုံးသော နည်းလမ်းသည် သပိတ်မှောက်ဆန္ဒပြသည့် အနုနည်းပင်ဖြစ်သည်၊ ဤနည်းကို လက်မခံချင်သည့် သူများသည် ဖေါက်ပြန်သည့် အရိုင်းအစိုင်းများသာဖြစ်ကြပါမည်၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရရှိရေးနှင့် တိုင်းပြည်တိုးတက်ပြောင်းလဲရေးအတွက် လွှတ်တော်အမတ်ဖြစ်သွားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့သည် အနုနည်း သပိတ်လက်နက်ကို အစဉ်ကိုင်စွဲခဲ့ကြသူများဖြစ်သဖြင့် သမိုင်းဝင် ခေါင်းဆောင်ကောင်း ပီသသူများ ဖြစ်ကြသည်ကို မည်သူမျှ ငြင်းချက်မထုတ်နိုင်ကြတော့ပါ။
ထို့ကြောင့် မြန်မာပြည်တွင် မတရားမှု့များ ပပျောက်ရေးအတွက် ဆန္ဒပြကြပါ၊ ထုတ်ဖေါ်ပြောဆိုကြပါ၊ *က* သုံးလုံးပေါ်လစီနှင့် ကိုက်ညီကြပါစေ၊ ဝါဒစွဲကင်းပါစေ၊ အကြမ်းဖက်အစွန်းမရောက်ပါစေနှင့်၊ သို့သော် လူတစ်စု၏ အကျိုးနှင့် လူထု၏ အကျိုးကို နှိုင်းယှဉ်ကြည့်တတ်ဖို့တော့ လိုပါသည်၊ ဤသို့ဆိုလျှင် *ပေါင်မုန့်မရလျှင် ကိတ်မုန့်စား* *လျှပ်စစ်မီးမရလျှင် ဖရောင်းတိုင်ထွန်း* ဆိုသည့် အကြံပေးနှင့် ထိုအကြံကို လက်ခံမည့် ပုဂ္ဂိုလ်များ၏ ဖိနှိပ်ခံဘဝမှ မုချလွတ်မြောက်ကြရမည်သာ ဖြစ်ပါကြောင်း။
ဦးဖိုးသာအောင်
၂။၆။၂၀၁၂


ဘကြီးသက်
Unknown at 8:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒါရိုက်တာဝိုင်း၏ လယ်သမားအရေး ရုပ်သံမှတ်တမ်းများဖျက်ဆီးခံရ


ဇွန်၃၊၂၀၁၂ (EVB) - တောင်သူလယ်သမားများ၏ ဖြစ်ရပ်မှန် ဘ၀များကို ဇာတ်လမ်းတိုရိုက်ကူးနေသည့် ဒါရိုက်တာ ၀ိုင်း၏ အဖွဲ့မှ ကင်မရာသမား ကိုပိုက်နှင့် တောင်သူလယ်သမားများအရေး ဆောင်ရွက်သူ ဦးနေလင်းဦးနှင့် တို့အား  ပြင်ဦးလွင်ရဲတပ်ဖွဲ့မှ ပြင်စာရဲစခန်းသို့ ဇွန်လ၁ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကာ မှတ်တမ်းတင် ဗွီဒီယိုရုပ်သံမှတ်တမ်းများအား ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ကင်မရာရိုက်ကူးသူကိုပိုက်မှ “မှတ်တမ်းရုပ်သံရိုက်ကူးထားတဲ့ ကင်မရာတွေအကုန်လုံး ကွန်ပျူတာဆိုင်ကို ယူသွားပြီး မှတ်တမ်းတွေအကုန်လုံးကို ဖျက်ပစ်တယ်။ ပြီးတော့ ရဲစခန်းမှာ (၃)နာရီကျော် ကြာ စစ်ဆေးခံရပြီး၊ ခံဝန်ကတိ ရေးထိုးခိုင်းတယ်။ ပြီးတော့ ၀တ္တရားနှောင့်ယှက်မှုနဲ့လည်း အရေးယူလို့ရတယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်” ဟု EVB သို့ပြောပါသည်။


ရုပ်သံမှတ်တမ်းများ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းမှ “ကိုယ်ရိုက်ကူးထားတဲ့ မှတ်တမ်းတစ်ခုကို ဘာအပြစ်မှမရှိဘဲနဲ့ ဖျက်ဆီးပစ်တာတော့ ရင်နာဘို့ကောင်းတယ်။ ခက်ခက်ခဲခဲရိုက်ကူးထားရတဲ့ ဗွီဒီယိုရုပ်ပုံမှတ်တမ်းတွေရဲ့ တန်ဖိုးဟာ ဘယ်လောက်ကြီးသလဲဆိုတာ သူတို့နားမလည်ပါဘူး”


“ကျွန်တော်တို့ အနေနဲ့ တောင်သူလယ်သမားတွေရဲ့ ဖြစ်ရပ်မှန်ဘ၀ကို ရိုက်ကူးမယ်ဆိုတာ မီဒီယာတွေ၊ ဂျာနယ်တွေ အားလုံးကလည်း ဖော်ပြပြီးသားပါ။ တိုင်းပြည်တစ်ခုလုံးကိုလည်း အတိအလင်းကြေငြာထားပြီးသားပါ။ ၀တ္တရား နှောင့်ယှက်မှုနဲ့ အရေးယူမယ်လို့ခြိမ်းခြောက်ပြီး အပြစ်မရှိဘဲနဲ့ ခံဝန်ထိုးခိုင်းတယ်ဆိုတာ ဥပဒေကို လက်တစ်လုံးခြားလုပ်နေတယ်လို့ မြင်ပါတယ်”။


အဆိုပါဖြစ်ရပ်နှင့်ပါတ်သက်၍ အတည်ပြုချက်ရယူရန် ပြင်စာရဲစခန်းသို့ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်း မရှိခဲ့ပါ။


လယ်ယာမြေသိမ်းဆည်းခံရသည့်တောင်သူလယ်သမားများအရေးကို လိုက်လံဆောင်ရွက် ပေးသည့် တောင်သူလယ်သမားကွန်ယက်မှ ဦးနေလင်းဦးက “ရဲစခန်းမှာ (၃)နာရီလောက်ကြာကြာ ခေါ်ယူစစ်ဆေးတာခံခဲ့ရတယ်။ ဘယ်သူလုပ်ခိုင်းလို့ လယ်သမားတွေ အတွက် လိုက်လုပ်နေတာလဲ၊ နောက်ကွယ်မှာ ဘယ်သူတွေရှိလဲဆိုပြီး စစ်ဆေးမေးမြန်းတယ်” ဟု ပြောဆိုသည်။


ပြင်ဦးလွင်မြို့တွင် ဂတ်စ်ပိုက်လိုင်း စီမံကိန်းစတင်ချိန်မှစ၍ လယ်ယာမြေသိမ်းခံရမှုများသည် တစ်ရှိန်ထိုး မြင့်တက်လာခဲ့၍ ရွေးကောက်ပွဲမတိုင်မီက ရက်ပိုင်းအလိုမှစတင်၍ လယ်ယာမြေများအသိမ်းခံရသည့် တောင်သူလယ်သမားများသည် ပူးပေါင်းစုစည်း၍ လယ်ယာမြေများပြန်လည်ရရှိရေး လှုပ်ရှားမှုများသည် သက်ဝင်လှုပ်ရှားလာခဲ့သည်။


ဒေသဆိုင်ရာအာဏာပိုင်များသည် လက်ရှိ ရွာခံတောင်သူလယ်သမားများ လုပ်ကိုင်စားသောက်လျှက်ရှိသော လယ်ယာမြေများသည် ပိုင်ရှင် ရှိနေသည့်အတွက် ၀င်ရောက်၍ လုပ်ကိုင်ခြင်းမပြုရန်၊ အဆိုပါကိစ္စရပ်ကို မတရားသည်ဟုဆိုကာ နိုင်ငံတော် အကြီးအကဲများကို တိုင်တန်းခြင်း၊ လူ(၅)ဦးထက်ပိုသော လူစုလူဝေးမပြုလုပ်ရန်နှင့် လယ်ယာမြေအသိပညာ ပေးပွဲများ မပြုလုပ်ရန်တားမြစ်ခဲ့ပြီး၊ ယင်းတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက တရားဥပဒေ နှင့်ရင်ဆိုင်ရ၍ ထောင်ဒဏ်(၇)နှစ် ကျနိုင်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ရွာခံတောင်သူ လယ်သမားများက ဆိုသည်။


အာဏာပိုင်များ၏ခြိမ်းခြောက်တားမြစ်မှုများရှိခဲ့သည့်ကြားကပင် တောင်သူလယ်သမားကွန်ယက်တစ်ခု ဖွဲ့စည်းနိုင်ခဲ့ပြီး ပထမဆုံးအကြိမ် လယ်ယာမြေဟောပြောပွဲနှင့် လယ်ယာမြေများပြန်လည်ရရှိရေး ပူးပေါင်းဆုတောင်းဝတ်ပြုပွဲတစ်ခုကို မေလအတွင်းက ပြုလုပ်နိုင်ခဲ့သည်။

 Ethnic Voice of Burma (EVB)

ဘကြီးသက်
Unknown at 7:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သတိ- လူမျိုးရေးအဓိကရုဏ်းမဖြစ်လာစေရန် အရေးတကြီးလိုအပ်နေပါပြီ။

ယနေ့ ၃ ရက်နေ့ ညနေနေ့လည်ပိုင်းက သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာသော ရိုးမသစ္စာအဝေးပြေးကားသည် တောင်ကုတ်မြို့သို့အရောက်တွင် တောင်ကုတ်မြို့သူမြို့သား ရခိုင်လူမျိုးများက တားဆီးကာ ကားပေါ်တွင်လိုက်ပါလာသော မွတ်ဆလင်လူမျိုး ရှစ်ဦးကို ကားပေါ်မှဆွဲချ၍ သတ်ပစ်လိုက်ကြကြောင်း ယခုပင် သတင်းရရှိပါသည်။
ကျောက်နီမော်မှ မသီတာထွေးအား လူမျိုးခြားသုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှု ၏ နောက်ဆက်တွဲအကျိုးတရားများမှ ယခုအခါ လူမျိုးရေးအဓိကရုဏ်းပုံစံ များသို့ ကူးပြောင်းလာနေခဲ့သည်။ တောင်ကုတ်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များမှာ ကျောက်ဖြူမြို့သို့ လုံခြုံရေးယူရာ ထွက်ခွာသွားကြချိန်တွင် ယခုကဲ့သို့ သတ်ဖြတ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မသီတာထွေးအမှုမှ တရားခံသုံးဦးကို ကျောက်ဖြူမြို့တွင်ထားရှိသဖြင့် ရခိုင်ပြည် မြို့နယ်၊ ကျေးရွာများမှ ပြည်သူများက ကျောက်ဖြူမြို့သို့ သွားရောက်ကာ ဆန္ဒပြအုံကြွမှုများ ဖြစ်ပေါ်နေသောကြောင့် ရဲတပ်ဖွဲ့အင်အားများ စေလွှတ်ခဲ့ရခြင်းဖြစ်သည်။
တောင်ကုတ်မြို့မှ လုပ်ငန်းရှင်ကြီးတစ်ဦးက တောင်ကုတ်ရှိ စစ်တပ်သို့အကြောင်းကြားရာ တပ်ရင်းမှူးက မြို့ပြစံမံအုပ်ချုပ်ရေးကိစ္စမှာ ယင်းနှင့်မဆိုင်ပါကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။ ယခုတွင် အသတ်ခံရသူ မွတ်ဆလင် ၈ ဦး၏ အလောင်းများကို တောင်ကုတ်၊ ညဈေးရှေ့တွင် စုပုံထားသည်ဟု ဒေသခံတစ်ဦးက ဖုန်းဖြင့်အကြောင်းကြားသည်။

နောက်ဆက်တွဲကို ဆက်လက်စုံစမ်းနေပါသည်။
Unknown at 7:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမ္မတကြီး ယူတိန်ရှိန်နဲ့ သူ့ရဲ့ အကြံအဖန်ပေး ကိုကိုလိမ်





မြန်မာနိုင်ငံက သမ္မတအကြောင်းကို နိုင်ငံတကာ သတင်းမီဒီယာတွေက ပြောပြီဆိုရင် ယူတိန်ရှိန်၊ ယူတိန်ရှိန်နဲ့ ပြောပါလေရောလား။
          တစ်ချို့ဗမာပြည်က ဘိလပ်စကားတတ်တဲ့သူတွေက ဘိလပ်လိုရေးတဲ့ U ကို ဦးလို့မထွက်ဘဲ ယူလို့ထွက်လို့ ယူတိန်ရှိန်ဖြစ်နေတာပါတဲ့။
          ဒီဘိလပ်ရည်စကားတတ်တဲ့သူတွေ ဘူးယို၊ ဘိုရူးရူးပြီးလျှောက်ပြောနေတာ။ တကယ်တော့ နိုင်ငံတကာ မီဒီယာကြီးတွေက ဘယ်မှားလိမ့်မလဲ။ သူတို့လည်း နံပါတ်ဖိုးမဏ္ဍိုင်ကြီးတွေပဲဥစ္စာ။
          သူတို့က အမျှော်အမြှင်ကြီးကြီးနဲ့ စီလုပ်သံပေါက်အောင် တစ်ခါတည်းခေါ်ထားတာ။ ဘာသိလို့လဲ။
          နောက်ဆို ၀တို့နိုင်ငံကီးလည်း ပြည်ထောင်စု စမ္မတ စီလုပ်မြီမာနိုင်ငံလော်ကြီး ဖြိလာမှာလေ။
          ဒါ့ကြောင့် နိုင်ငံတကာ နံပါတ်ဖိုးမဏ္ဍိုင်တွေက ကြိုပြီးနာမည်ပြောင်းပေးထားတာ။
          ဒါ့ကြောင့် ယူတိန်ရှိန်ကြီး သမ္မတ ဖြစ်လာပြီးတော့
နံပါတ် ဖိုး မဏ္ဍိုင်တွေရဲ့ ကျေးဇူးတော်ကြောင့် အော့နှလုံးနာစရာ သတင်းက ထပ်ကြားရပြန်ပါရောလား။
မရမ်းသီးကပေးတဲ့ နံပါတ် ၁ ဆိုပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်မသူတော် (အဲလေယောင်လို့ တရားစွဲခံနေရပါဦးမယ်) ကိုယ်ဘာသာကိုယ်ပြောပြောနေတဲ့ ဆယ့်တစ်မီဒီယာကြီးရဲ့ စောက်ခွက်စာအုပ်ကြီးမှာ ဒီမနက် ဖတ်လိုက်ရတဲ့ သတင်းကတော့ နိုင်ငံရှော် သမ္မတကြီး ယူတိန်ရှိန် (နိုင်ငံတကာ သတင်းမီဒီယာများပြောသည့်အသံထွက်) ရဲ့ အကြံအဖန်ပေးဆိုလား ဘာဆိုလား ကိုကိုလိမ်ရဲ့စကားပါ။
သမ္မတကြီးရဲ့ အကြံအဖန်ပေး ကိုကိုလိမ်ကပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့လို့ ပြောတဲ့ ပြင်သစ်ဘုရင် လူဝီ ဆယ့်ခြောက်ရဲ့ မိဖုရားကို အားကျလေသလားမသိ။
“လျှပ်စစ်မီးမရှိရင် ဖယောင်းတိုင်ထွန်းနေပေါ့တဲ့”
စမ္မတကီး ယူတိန်ရှိန်ရဲ့ အကြံအဖန်ပေး ကိုကိုလိမ်ဆိုတာကလည်း နယ်နယ်ရရမှ မဟုတ်တာ။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အမ်အာတီဗီဖိုးတွမ်တီးမှာ မျောက်မျက်နှာဆိုတဲ့ အယ်ဒီတာချုပ်ကြီးနဲ့ မမောနိုင်မပမ်းနိုင် ဖောဖောနေတဲ့သူကြီးလေ။ ဒါတင်ဘယ်က ဦးမလဲ တစ်ခုခုဆိုရင် ၀ိုင်းဝိုင်းကိုက်တတ်တဲ့ နံပါတ်ဖိုးမဏ္ဍိုင် အသင်းကြီး ဘာတဲ့ မြန်မာနိုင်ငံ ပုလင်းထောင်ဆရာများအသင်းဆိုလား အဲဒီမှာလည်း သူက နာယက ဆိုပဲ။
ဒါ့ကြောင့်များ ပုလင်းသမားတွေက နာယကကြီး သမ္မတ အကြံအဖန်ပေး ကိုကိုလိမ်ပေးတဲ့ အကြံတွေနဲ့ အဖွဲ့ရှုပ်ကို မကြေနပ်ကြောင်း ကြေညာချက်ထုတ်လေသလား။

ဘကြီးသက်
Unknown at 2:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်တိုင်း ဒေသကြီးကို ညနေ ၅ နာရီမှ မနက် ၅ နာရီမီးအပြည့်ပေးတော့မည်



ယခင်က ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်မီး အုပ်စုအလိုက်ခွဲဝေပေးနေရာမှ ယခုအခါ အဆိုပါ အုပ်စုများကို ညနေ ၅ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အား အပြည့်အဝဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပေးဝေမှုကို ဇွန်(၁)ရက်ညနေမှ စတင်ခဲ့ခြင်းဖြစ်ပြီး နေ့ဘက်လျှပ်စစ်မီးပေးဝေမှုကို အုပ်စု(၃) အုပ်စုအနက် (၀၅းဝ၀)နာရီမှ (၁၁းဝ၀) နာရီအထိတွင် အုပ်စု(၂)စုကိုလည်းကောင်း ၊ (၁၁းဝ၀)နာရီမှ (၁ရးဝ၀)နာရီအထိတွင် အုပ်စု(၂) စုကို လည်း ကောင်း အလှည့်ကျဓာတ်အားပေးမည် ဖြစ်ပြီး (၁ရးဝ၀)နာရီမှ နောက်တစ်နေ့ (၀၅းဝ၀) နာရီအထိ အုပ်စု(၃)စုလုံးကို ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်မီဒီယာ ဂရုပ်သို့ ပြောကြားသည်။

KIA လက်နက်ကိုင် အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲဖျက်စီးမှုကြောင့် ၁၉-၅-၂၀၁၂ ခုနှစ် ၀၂း၄၇ နာရီ အချိန်တွင် ပျက်စီးယိုယွင်းခဲ့သော ၂၃၀ KV ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် (၇၃၊၂၀၆၊၂၀၇၊၂၀၈)တို့ကို ပြန်လည်ပြုပြင် သည့်လုပ်ငန်း များမှာ ၁-၆-၂၀၁၂ (၁၆းဝ၀) နာရီ အချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ပြီ ဖြစ်သဖြင့်  မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဓာတ်အားများကို ပိုမိုဖြန့်ဖြူးလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များကိုလည်း အုပ်စု(၂)အုပ်စုအနက် ၀၆းဝ၀ နာရီမှ ၁၁းဝ၀ နာရီအထိ တွင် အုပ်စုတစ်စုကို လည်းကောင်း ၊ ၁၁းဝ၀ နာရီမှ ၁၆းဝ၀ နာရီ အထိတွင် အုပ်စုတစ်စုကိုလည်းကောင်း အလှည့်ကျ ဓာတ်အား ပေးမည် ဖြစ်ပြီး  ၂၃းဝ၀ နာရီမှ  နောက်တစ်နေ့ ၀၅းဝ၀ နာရီ အထိတွင် အုပ်စု(၂)စုလုံးကို ဓာတ်အား  ဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်း  သိရသည်။သို့ရာတွင် ရပ်ကွက်များအတွင်းရှိ စက်မှုလုပ်ငန်းများအားလုံးကို ယခင်အတိုင်း ၁ရးဝ၀ မှ ၂၃းဝ၀ နာရီအတွင် ဓာတ်အား သုံးစွဲခြင်းမပြုရန်ကန့်သတ်ထားကြောင်းသိရသည်။

စောမြင့်သန်း(ပေါက်တော) -ရန်ကုန်တိုမ်း
Unknown at 2:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အရှေ့တောင်အာရှရဲ့ ဒုတိယ အချမ်းသာဆုံးဖခင်ဖြစ်သူနဲ့ သားရဟန်းတို့ အကြောင်း


တစ်ကမ္ဘာလုံးက Ananda Krishnan ဆိုယင် လူတိုင်းနီးပါး သိချင်ကြမှာ မဟုတ်ပါဘူး။ တကယ်တော့ သူဟာ အရှေ့တောင် အာရှနိုင်ငံမှာ ဒုတိယ ကမ္ဘာ့အချမ်းသားဆုံးစာရင်းမှာ ၈၉ နေရာပါ။ သူ့ရှေမှာတော့ မလေးရှား တစ်နိုင်ငံထဲသား မလေးတရုတ် Robert Kuok က $12.5 billion ပိုင်ဆိုင်ပြီးတော့၊ Ananda Krishnan ကတော့ US$9.6 billion ပိုင်ဆိုင်ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ မလေးရှားနိုင်ငံမှာလည်း အချမ်းသာဆုံးနဲ့ ဒုတိယ အချမ်းသားဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ အခု ပြောပြမှာကတော့ မလေးရှားနဲ့ အရှေ့တောင် အာရှရဲ့ ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်တဲ့ Ananda Krishnan အကြောင်းပဲ ဖြစ်ပါတယ်။ နာမည် အပြည့်အစုံကတော့ Tatparanandam Ananda Krishnan ဖြစ်ပါတယ်။ သူဟာ မလေး-သီရိလင်္ကာ-တမီးလ် လူမျိုး တစ်ဦး ဖြစ်ပါတယ်။ ကိုးကွယ်တဲ့ ဘာသာကတော့ ဗုဒ္ဓဘာသာပါ။

လက်ရှိ သူရဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ media (Astro), satellite (MEASAT), oil and gas (Bumi Armada, Pexco), telecommunications (Maxis, Aircel) ,Tanjong Public Limited Company, an investment holding company with subsidiaries involved in power generation (Powertek), gaming (Pan Malaysian Pools), leisure (Tropical Islands, TGV Cinemas) များဖြစ်ပါတယ်။ Multimedia လုပ်ငန်းနဲ့ အောင်မြင်လာတဲ့ သူဟာ ယခုလည်း အိန္ဒိယရဲ့ Sun Network နဲ့ သူပိုင်ဆိုင်တဲ့ Astro ပူးပေါင်းပြီး အိန္ဒိယ စီးပွားရေးလောကမှာ ချဲ့ထွင်ဖို့အတွက် TV channels များ ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ ဟောင်ကောင်အခြေစိုက် TVB.com နဲ့ the Shaw Brothers movie archives တို့ကိုလည်း ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။ Maxis Communications and MEASAT Broadcast Network Systems အတွက် သူ့ရဲ့ communication satellites သုံးလုံးဟာ အကာကထဲမှာ ကမ္ဘာကို ပတ်ပြီး အလုပ်လုပ်နေကြပါတယ်။

Ananda Krishnan ရဲ့ မိဘတွေဟာ သီရိလင်္ကာနိုင်ငံက တမီးလ်လူမျိုးများဖြစ်ကြပြီး မလေးရှားမှာ အခြေချနေထိုင်ခဲ့တာမို့ သူ့ကို Kuala Lumpurမြို့မှာ မွေးဖွားခဲ့တာပါ။ သြစတးလျနိုင်ငံ University of Melbourneမှာ နိုင်ငံရေး သိပ္ပံနဲ့ B.A. (Honours) ရရှိခဲ့ပြီး Harvard University မှာ Masters in Business Administration (M.B.A.) ဘွဲ့များ ရရှိခဲ့ပါတယ်။

 Ananda Krishnan မှာ သားသမီး ၃ ယောက်ရှိပါတယ်။ သမီး ၂ ယောက်နဲ့ သား ၁ ယောက်ပါ။ သားလေး တစ်ယောက်တည်း ပါလာတာမို့ သူ့သားဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူ့အရိုက်အရာကို ဆက်ခံဖို့အတွက် မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့ပါတယ်။ သူသားကို UK သွားပြီး ပညာသင်ခိုင်းပါတယ်။ ပညာစုံလို့ ပြန်လာတော့ သူ့သားဟာ စီးပွားရေးကို စိတ်မ၀င်စားပဲ တရားစာအုပ်တွေနဲ့ပဲ အချိန်ကုန်နေခဲ့ပါတယ်။ ဘုန်းကြီးကျောင်းသွားပြီး မကြာခန တရားအားထုတ်ပါတယ်။ ဖခင်ဖြစ်သူက သားကို အာရုံပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ကိုယ်ပိုင် ဂျက်လေယာဉ် ၀ယ်ပေးပြီး လုံခြုံရေးအပြည့်နဲ့ အပျော်ခရီးထွက်စေခဲ့ပါတယ်။ ဘယ်လို ပုံစံပြောင်းပြောင်း သူ့သားဟာ မပြောင်းလဲခဲ့ပါဘူး။ လူတွေရဲ့ ငွေတွေအပေါ်မှာ သာယာနှစ်သက်မှုတွေကြောင့် လောဘ၊ ဒေါသ၊ မောဟ တွေ ဖြစ်နေကြတာကို ကြည့်ပြီး သူ့ဟာ စိတ်ပျက်လာခဲ့ပါတယ်။ မိသားစုဟာ ချမ်းသာနေပေမယ့် သူ့စိတ်ကတော့ မချမ်းသာခဲ့ပါဘူး။ လူတွေက ငွေတွေကို ခုံမင်နေကြပေမယ့် သူကတော့ ငွေတွေကို ရွံရှာနေပါတယ်။ နောက်ဆုံးမှာတော့ သူဟာ ထိုင်ငံနိုင်ငံ မြောက်ပိုင်းက တောရစခန်းမှာ တရားအားထုတ်ယင်း ဘုန်းကြီးဝတ်လိုက်ပါတော့တယ်။ ပြီးတော့ ဘွဲ့တော် Ajahn Siripanno ဖြစ်လာခဲ့ပါတယ်။

 Ananda Krishnan ဟာ သားဖြစ်သူ ဘုန်းကြီးဝတ်သွားလို့ စိတ်ထိခိုက်ခဲ့တာတော့ ရှိတယ်။ ဒါပေမယ့် သူ့သားကို စိတ်မဆိုးခဲ့ပါဘူး။ သူကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာအပေါ် လေးလေးနက် ယုံကြည်သက်ဝင်သူ တစ်ဦးပါ။ အရှေ့တောင် အာရှမှာ နဲ့ မလေးရှားမှာ ဒုတိယ အချမ်းသာဆုံးဖြစ်နေပေမယ့် သူကိုယ်သူ ထင်ထင်ပေါ်ပေါ် နေလေ့မရှိပါဘူး။ ဘုန်းကြီးကျောင်းတွေကို ထောက်ပံ့လှူဒါန်းပါတယ်။ လူမှုရေးအဖွဲ့အစည်းတွေမှာ လှူဒါန်းပါတယ်။ အထူးသဖြင့် ပညာရေးကဏ္ဍတွေမှာ လှူဒါန်းပါတယ်။ ဒီအလှူအတန်းတွေကြောင့် သူ့ကို လူတွေက လေးစားကြပါတယ်။

 တစ်နေ့မှာ Ananda Krishnan က သားဖြစ်သူ Ajahn Siripanno ကို ဖွယ်ဖွယ်ရာချက်ပြုတ်ပြီး ဆွမ်းစားပင့်ပါတယ်။ သားဖြစ်သူက ငြင်းပယ်လိုက်ပါတယ်။ သားဖြစ်သူက တစ်ခြားဘုန်းကြီးတွေလိုပဲ အ၀ါရောင် သင်္ကန်းဝတ်ပြီး သပိတ်တစ်လုံးနဲ့ ဆွမ်းခံကြွရတာကို ပိုမိုနှစ်သက်ပါတယ်တဲ့။

သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ Ananda Krishnan ဟာ သူ့သားတော် အကြောင်းကို ထည့်သွင်းပြောကြားပါတယ်။ “With all my wealth I cannot even afford to feed my own son.” ( ကျနော့် ရှိသမျှ စည်းစိမ် ဥစ္စာတွေက ကျနော်ကပ်တဲ့ ဆွမ်းကို ဘုဉ်းပေးဖို့ ကျနော့်သားရဟန်းကို မစွမ်းဆောင်နိုင်ပါဘူး) လို့ ပြောဆိုသွားခဲ့ပါတယ်။

 ဖခင်ဖြစ်သူဟာ မကြာခနဆိုသလို သူ့သားရဟန်းဆီ သွားရောက်လေ့ ရှိပြီး၊ သားဖြစ်သူရဲ့ တရားပွဲတွေကိုလည်း နောက်က တစ်ကောက်ကောက်လိုက်ယင်း ဝေရာဝစ္စ ကုသိုလ်ပြုနေသူ တစ်ဦးပါ။



ဒီသားအဖ နှစ်ယောက်ကို စံနမူထားပြီးပြောရမယ်ဆိုယင် အရာရာတိုင်းကို ငွေနဲ့ ၀ယ်ယူလို့ မရဘူးဆိုတာပဲ။ Money is God ဆိုတာလည်း ဒီသားအဖ နှစ်ယောက်အတွက်တော့ မှန်ကန်တဲ့ စကားရပ် မဟုတ်ပါဘူး။

Credit: Buddha FM
Source: Malaysia’s 2nd richest man’s son is a Buddhist monk

ဘကြီးသက်
Unknown at 12:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်ရေး ကန်ဒေါ်လာ သန်း ၃၀၀ သုံးစွဲမည်




နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ သုံးစွဲသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။ “လွှတ်တော်မှာ တင်ပြဆွေးနွေးသွားမှာပါ၊ လွှတ်တော်ကလည်း လက်ခံတယ်၊ ဂြိုလ်တုလွှတ်ဖို့လည်း အဆင်ပြေရင်တော့ ဒေါ်လာသန်း ၃၀၀ တရုတ်နိုင်ငံကနေ ချေးငွေယူပြီး လွှတ်တင်သွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုလ်တုအား ၂၀၁၅ ခုနှစ်တွင် လွှတ်တင်ရန် ဆောင်ရွက်နေပြီး လက်ရှိတွင် ဂြိုလ်တုလွှတ်တင်ရေးအတွက် တရုတ်၊ အီးယူတို့နှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ “ဒေါ်လာသန်း ၃၀၀ လောက်ကုန်ကျပြီး နိုင်ငံအတွက် အကျိုးသိပ်မရှိဘူး ထင်ရင်တော့ ကိုယ်ပိုင်လွှတ်တင်မှာ မဟုတ်ဘူး။ ငှားသုံးမှာပါ။ လက်ရှိ ဖိုင်ဘာဆက်သွယ်မှုနဲ့ပဲ အသုံးပြုသွားမှာပါ” ဟု ၄င်းက ဆက်လက်ပြောသည်။ အဆိုပါ ဂြိုလ်တုလွှတ်တင်ဖြစ်ပါက ပြည်တွင်းဖုန်း ဆက်သွယ်မှုများ ကျယ်ပြန့်လာမည်ဖြစ်ပြီး နိုင်ငံ၏ ဂုဏ်သိက္ခာ (Dignity) လည်း ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း ဂြိုလ်တုအသုံးပြုခြင်းနှင့်အတူ ဖိုင်ဘာဆက်သွယ်မှုများကိုလည်း ဆက်လက်အသုံးပြုသွားမည်ဟု ၄င်းက ထပ်လောင်းပြောသည်။ လက်ရှိတွင် ပြည်တွင်းဖုန်း ဆက်သွယ်မှုများအား ဖိုင်ဘာဆက်သွယ်မှုများကိုသာ အသုံးပြုလျက်ရှိပြီး ယင်းဖိုင်ဘာဆက်သွယ်မှုများကို ၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဟု သိရသည်။ ထို့အပြင် လက်ရှိဖိုင်ဘာ ဆက်သွယ်မှုဖြင့် တယ်လီဖုန်း ပြောဆိုဆက်သွယ်နိုင်သည့် ဧရိယာ ၈၀ ရာခိုင်နှုန်းရှိကြောင်း ဆက်သွယ်ရေးမှ သိရသည်။ “ဂြိုလ်တု လွှတ်တင်တာလည်း လွှတ်တင်ပါ။ လောလောဆယ် ဖုန်းဆက်သွယ်မှုကောင်းအောင် အရင်လုပ်ပေးစေချင်တယ်။ မိုးနည်းနည်းရွာလိုက်တာနဲ့ ဖုန်းလိုင်းတွေ ပျက်နေပြီ၊ ဖိုင်ဘာဆက်ကြောင်း ပျက်တာလား၊ ဘာပျက်တာလဲဆိုတာတော့ အခုထိ မသိရသေးပါဘူး” ဟု ဖုန်းသုံးစွဲသူ ကိုသက်က ပြောသည်။ အဆိုပါ ဆက်သွယ်ရေးဂြိုလ်တုသည် မြန်မာနိုင်ငံမှ ပထမဆုံး လွှတ်တင်မည့် ဂြိုလ်တုလည်း ဖြစ်ကြောင်း သိရှိရသည်။
ဘကြီးသက်
Unknown at 9:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လမ်းမတော်( ၇ )လမ်း လူသတ်မှု တရားခံဖမ်းဆီးရမိ

ဆယ်ကျော်သက်အရွယ် ကျောင်းသူ အသက်ခံရမှုတွင် ပြစ်မှု ကျူးလွန်သူအား (၄၄) နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြားသည်။
 ပြစ်မှု ကျူးလွန်သူမှာ သာကေတမြို့ နယ် ၁ရပ်ကွက် ထူပါရုံ (၉) လမ်းတွင် နေထိုင်သူ မျိုးလွင် အသက် (၄၂) ဖြစ်ပြီး မှုခင်းဖြစ်ပွားပြီး (၄၄) နာရီအကြာ ဇွန်လ (၁) ရက်နေ့တွင် ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၇ လမ်း လူသတ်မီးရှို့မှု ရွှေပုစွန်အိတ် မှတဆင့် ခြေရာခံနိုင် ဟုဆို

ရန်ကုန်၊ ဇွန် ၁


ရန်ကုန်မြို့တော်၊ လမ်းမတော် မြို့နယ် ၇ လမ်းတွင် ဖြစ်ပွားခဲ့သော ဆယ်ကျော်သက် ကျောင်းသူတစ်ဦးကို သတ်ဖြတ်၍ မီးရှို့ကာ နေအိမ်ရှိ သိန်းရာချီ ရွှေထည်ပစ္စည်းများ ရယူခဲ့သူဟု ယူဆရသူကို ဖမ်းဆီး စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲမှုးရုံး ဒုတိယ ရဲမှူးကြီး သက်လွင်က ပြောကြားသည်။


လမ်းမတော် မြို့နယ်ရှိ ရွှေပုဇွန် မုန့်တိုက်မှ CCTV ကင်မရာနှင့် မျက်မြင် သက်သေများအရ လူသတ်မှု ဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာသူမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ရွှေပုစွန် မုန့်တိုက် တံဆိပ်ပါသော အိတ် ကိုင်ဆောင်ထားကြောင်း၊ ယင်းလူ၏ ပုံစံကို ခဲပန်းချီဆွဲ၍ သက်ဆိုင်ရာ ရဲစခန်းများကို အသိပေး ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲမှုးရုံးမှ ရဲအုပ်တစ်ဦး ပြောသည်။


“ရဲမှူးက မသင်္ကာသူ တစ်ဦးကို မိထားတယ်၊ အမှုက ပေါ်နိုင်တယ်လို့ ပြောတာ” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲမှူးရုံးမှ အရာရှိ တစ်ဦးက ပြောကြားသည်။


၁၆ နှစ်အရွယ် ကျောင်းသူ သေဆုံးမှုနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်နိုင်ရန် ဒုတိယရဲမှူးကြီး တစ်ဦး အပါအဝင် အနောက်ပိုင်းခရိုင် အထူးမှုခင်း နှိမ်နင်းရေး တပ်ဖွဲဝင်များ မြို့နယ်မှူး၊ စခန်းမှူးများ ပါဝင်သည့် အထူး အမှုစစ်အဖွဲ့ကို ဖွဲ့၍ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲမှူးရုံးထံမှ သိရသည်။


အဆိုပါ နေအိမ်ရှိ သက်သေခံပစ္စည်းများရှာဖွေရာတွင် မီးလောင်ထားသော လုံချည်နှင့် အင်္ကျီ အပိုင်းအစ၊ ဘောင်းဘီ အပိုင်းအစ၊ သွေးပါသော ဆံပင်၊ စက္ကူစ၊ အတွင်းခံ ဘောင်းဘီ၊ မှို့စ၊ ပလက်တီနံ ဆွဲကြိုးပြတ်စ၊ ဖယောင်းတိုင်၊ ဓားတစ်ချောင်း၊ ဝက်အူလှည့် ၁ ချောင်း သိမ်းဆည်မိခဲ့ကြောင်း ရဲတပ်ဖွဲမှူးရုံးထံ ဇွန်လ ၁ ရက်နေ့တွင် ဆက်သွယ်မေးမြန်းမှုအရ သိရသည်။


The Voice Weekly

ဘကြီးသက်
Unknown at 9:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျောက်ဖြူလူထု မိုးရေကြားထဲ မသီတာထွေးအတွက် သွားရောက် ဆန္ဒပြ



ကျောက်ဖြူမြို့လူထု ၂၅၀ ခန့်သည် ယနေ့ နံနက်က မိုးရွာနေသည့်ကြားထဲမှ ထီးကိုယ်စီ ဆောင်းပြီး ရခိုင်ဝန်ကြီးများ တည်းခိုနေရာ ဆောက်လုပ်ရေး ရိပ်သာထိ ချီတက်ပြီး မသီတာထွေး သေဆုံးမူ အတွက် မကျေနပ်ကြောင်း  ထုတ်ဖေါ် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

“ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနဲု့ ရခိုင်ပြည်နယ် ရဲမှူးကြီး ဦးအောင်ကျော်ဦး တို့ ကျောက်ဖြူ ဆောက်လုပ်ရေး ရိပ်သာမှာ တည်းခိုနေတဲ့ အတွက် ခုလို သွားရောက်ပြီး မတရား အသတ်ခံခဲ့ရတဲ့ မသီတာထွေး အတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်” ဟု ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

ဆန္ဒပြသူ ၂၅၀ ခန့်သည် ယနေ့ နံနက် ၉ နာရီခွဲက ကျောက်ဖြူမြို့လယ် သာသနာ့ ရိပ်သာရှေ့မှ စုရုံးကာ ကျောက်ဖြူ ပြည်သာယာဈေး အရှေ့ဘက်သို့ ချီတက်ပြီး ထိုမှတဆင့် ဆောက်လုပ်ရေး ရိပ်သာရှေ့သို့ ဆက်လက် ချီတက်ကာ  ဆန္ဒပြခဲ့ကြသည်။
“ ကျွန်တော်တို့ ကျောက်နီမော်မှာ ဖြစ်ခဲ့တဲ့ ပြဿနာကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့နဲ့ နောက်ထပ် ဒီလိုမျိုး ပြဿနာတွေ ထပ် မပေါ်ပေါက်ရအောင်တားဆီးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပီးရင် ပြစ်မူ ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ တောင်းဆိုကြပါတယ်။ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကတော့ အမြန်ဆုံး ဖြေရှင်းပေးမယ်လို့ ပြောကြားပါတယ်။”
ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းမှ ၁၀ ရက်အတွင်း ရုံးထုတ် တရားစွဲဆိုရန် စီစဉ်ပေးမည် ဖြစ်ကြောင်း၊ တရားရုံးတွင်လည်း လူအများကို တက်ရောက်နားထောင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ တရားသူကြီးများမှ ထိုက်သင့်သော ပြစ်ဒဏ်များကို ချမှတ်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သူက ဆက်ပြောသည်။

ဆန္ဒပြရာတွင် အမျိုးသားများ သာမက အမျိုးသမီးများလည်း ပါဝင်ကြောင်း မျက်မြင်များက ပြောသည်။
ဆန္ဒပြသူများသည် ပြစ်မူကျူးလွန်သူများကို သေဒဏ်ပေး၊ သေဒဏ်ပေးဟု ကြွေးကြော် ဆန္ဒပြခဲ့ကြပြီး နံနက် ၁၀ နာရီခွဲတွင် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့သည်။
ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာ အနီးရှိ သပြေချောင်းကျေးရွာမှ မသီတာထွေးမှာ မေလ ၂၈ ရက်နေ့ ညနေပိုင်းက မုဒိမ်းကျင့်ခံရသည့် အပြင် လည်ပင်းကို ဓါးနန့် လှီးဖြတ်ခံရပြီ ခန္ဓာကိုယ် တစ်ခုလုံးအားလည်း ရစရာမရှိအောင် ဓါးဖြင့် ထိုးသတ်ခံခဲ့ရသည်။ ရခိုင်ပြည်နယ်တွင် မုဒိမ်းမူများ ယခင်က ပေါ်ပေါက်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ လူမဆံစွာ ရက်စက် ကြမ်းကြုတ် သတ်ဖြတ်သည့် အပြုအမူမျိုး  တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသဖြင့် ဒေသခံ ရခိုင်ပြည်သူများ အကြား ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး အထူး ဒေါ်သ ထွက်နေကြသည်ဟု သိရသည်။
ယခုကဲ့သို့ လူထု အတွင်း ဒေါသ ထွက်နေသဖြင့် ဖမ်းဆီး ရမိထားသော တရားခံ မူဆလင်(၃) ဦးကို ကျောက်ဖြူ ရဲစခန်း အချုပ်တွင် မထားရဲဘဲ ကျောက်ဖြူ ထောင်ထဲတွင် ချုပ်နှောင်ထားရကြောင်း ကျောက်ဖြူရဲ  တာဝန်ရှိသူ တစ်ဦးမှ  ပြောကြားသည်။

(နိရဉ္စရာ)
Unknown at 9:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.