Sunday, June 3, 2012

ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်ရေး ကန်ဒေါ်လာ သန်း ၃၀၀ သုံးစွဲမည်




နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ သုံးစွဲသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။ “လွှတ်တော်မှာ တင်ပြဆွေးနွေးသွားမှာပါ၊ လွှတ်တော်ကလည်း လက်ခံတယ်၊ ဂြိုလ်တုလွှတ်ဖို့လည်း အဆင်ပြေရင်တော့ ဒေါ်လာသန်း ၃၀၀ တရုတ်နိုင်ငံကနေ ချေးငွေယူပြီး လွှတ်တင်သွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုလ်တုအား ၂၀၁၅ ခုနှစ်တွင် လွှတ်တင်ရန် ဆောင်ရွက်နေပြီး လက်ရှိတွင် ဂြိုလ်တုလွှတ်တင်ရေးအတွက် တရုတ်၊ အီးယူတို့နှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ “ဒေါ်လာသန်း ၃၀၀ လောက်ကုန်ကျပြီး နိုင်ငံအတွက် အကျိုးသိပ်မရှိဘူး ထင်ရင်တော့ ကိုယ်ပိုင်လွှတ်တင်မှာ မဟုတ်ဘူး။ ငှားသုံးမှာပါ။ လက်ရှိ ဖိုင်ဘာဆက်သွယ်မှုနဲ့ပဲ အသုံးပြုသွားမှာပါ” ဟု ၄င်းက ဆက်လက်ပြောသည်။ အဆိုပါ ဂြိုလ်တုလွှတ်တင်ဖြစ်ပါက ပြည်တွင်းဖုန်း ဆက်သွယ်မှုများ ကျယ်ပြန့်လာမည်ဖြစ်ပြီး နိုင်ငံ၏ ဂုဏ်သိက္ခာ (Dignity) လည်း ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း ဂြိုလ်တုအသုံးပြုခြင်းနှင့်အတူ ဖိုင်ဘာဆက်သွယ်မှုများကိုလည်း ဆက်လက်အသုံးပြုသွားမည်ဟု ၄င်းက ထပ်လောင်းပြောသည်။ လက်ရှိတွင် ပြည်တွင်းဖုန်း ဆက်သွယ်မှုများအား ဖိုင်ဘာဆက်သွယ်မှုများကိုသာ အသုံးပြုလျက်ရှိပြီး ယင်းဖိုင်ဘာဆက်သွယ်မှုများကို ၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဟု သိရသည်။ ထို့အပြင် လက်ရှိဖိုင်ဘာ ဆက်သွယ်မှုဖြင့် တယ်လီဖုန်း ပြောဆိုဆက်သွယ်နိုင်သည့် ဧရိယာ ၈၀ ရာခိုင်နှုန်းရှိကြောင်း ဆက်သွယ်ရေးမှ သိရသည်။ “ဂြိုလ်တု လွှတ်တင်တာလည်း လွှတ်တင်ပါ။ လောလောဆယ် ဖုန်းဆက်သွယ်မှုကောင်းအောင် အရင်လုပ်ပေးစေချင်တယ်။ မိုးနည်းနည်းရွာလိုက်တာနဲ့ ဖုန်းလိုင်းတွေ ပျက်နေပြီ၊ ဖိုင်ဘာဆက်ကြောင်း ပျက်တာလား၊ ဘာပျက်တာလဲဆိုတာတော့ အခုထိ မသိရသေးပါဘူး” ဟု ဖုန်းသုံးစွဲသူ ကိုသက်က ပြောသည်။ အဆိုပါ ဆက်သွယ်ရေးဂြိုလ်တုသည် မြန်မာနိုင်ငံမှ ပထမဆုံး လွှတ်တင်မည့် ဂြိုလ်တုလည်း ဖြစ်ကြောင်း သိရှိရသည်။
ဘကြီးသက်
Unknown at 9:23 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.