Thursday, March 8, 2012
မိုဘိုင်းဖုန်းကွန်ရက်ကို အခမဲ့လုပ်ကိုင်ပေးလိုသည့် ပြည်ပကုမ္ပဏီများရှိနေ
ငွေကြေးပေးစရာမလိုအပ်ဘဲ မိုဘိုင်းဖုန်းဆက်သွယ်ရေးကွန်ရက်ကို အခမဲ့လာရောက်လုပ်ကိုင်ပေးလိုသည့် ပြည်ပနည်းပညာကုမ္ပဏီများသည် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ သင့်လျော်မှုရှိသည့် ကုမ္ပဏီကိုရွေးချယ်၍ မိုဘိုင်းဖုန်းကွန်ရက်၏ တယ်လီဖုန်းအသုံးပြုမှုကို
အဆင်ပြေစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာခဲ့သည်။ “ကုမ္ပဏီနာမည်တွေကိုမပြောဘူး။ လာပြီးဆွေးနွေးတဲ့ကုမ္ပဏီတွေရဲ့ နိုင်ငံတွေကိုပဲပြောမယ်။ အိန္ဒိယပါတယ်။ တရုတ်ပြည်ကပါတယ်။ အစ္စရေးကပါတယ်။ ကိုရီးယားကပါတယ်။ အိုင်ယာလန်ကပါတယ်။ ဘယ်အဖွဲ့အစည်းက ကိုယ်တို့ရဲ့မိုဘိုင်းနက်ဝက်ဘ်ကို၊ အသုံးပြုသူတွေကို အဆင်ပြေအောင်လုပ်ပေးနိုင်မလဲဆိုတာ ကိုယ်တို့ဆီကလူကြီးတွေ၊ တာဝန်ရှိသူတွေက စိစစ်နေတယ်။ စိစစ်ပြီးသွားရင် မိုဘိုင်းနက်ဝက်ဘ်ကို သူတို့တွေလုပ်သွားဖို့ရှိတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကဆိုသည်။ တချို့သောကုမ္ပဏီများသည် သတ်မှတ်ထားသော အချိန်ကာလနှင့် သတ်မှတ်ထားသော စရိတ်တစ်ခုအပေါ်မူတည်၍ ပူးပေါင်းလုပ်ကိုင်လိုကြကြောင်း တချို့သောကုမ္ပဏီများမှာ ငွေကြေးပေးစရာမလိုအပ်သည့် အခမဲ့လုပ်ကိုင်မှုမျိုးကို လုပ်ကိုင်ပေးလိုကြကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆွေးနွေးမှုပြုလုပ်လာခဲ့ခြင်းဖြစ်သည်။
ရေးသားသူ -မြင့်ကျော်လှိုင်
Unknown at 4:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တစ်ခါသုံး Prepaid ကတ်များအား စမ်းသပ်ငွေဖြည့်သွင်းခြင်းများ မပြုလုပ်သင့်
ပြန်လည်အသုံးပြုခွင့်ပေးခဲ့သော တစ်ခါသုံးကတ်များဖြစ်သည့် Prepaid ကတ်များအတွင်းသို့ ငွေစမ်းသပ်ဖြည့်သွင်းခြင်းများ မပြုလုပ်သင့်ကြောင်း သိရသည်။ အဆိုပါဖုန်းများအတွင်းသို့ ကျပ်ငါးသိန်းဖုန်းများတွင် အသုံးပြုလျက်ရှိသော ငွေဖြည့်ကတ် Top Up ကတ်များဖြင့် စမ်းသပ်ငွေဖြည့်သွင်းခြင်းများ ပြုလုပ်လျက်ရှိပြီး ငွေကြေးဆုံးရှုံးခြင်းများရှိကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ အသုံးပြုသူနှစ်ဦးမှ ပြောပြရာတွင် “တစ်ခါသုံးကတ်တွေထဲကို ကျပ်ငါးသိန်းဂျီအက်စ်အမ်ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုတဲ့ ငွေဖြည့်ကတ်ကို နံပါတ်တွေရိုက်နှိပ်ပြီး ငွေဖြည့်လိုက်တော့ ငွေက၀င်သွားပါတယ်။ ဒါပေမယ့် သုံးလို့မရပါဘူး။ တစ်ခါသုံးဖုန်းက ငွေကုန်သွားတဲ့အချိန်မှာ ကျွန်တော်တို့ဖြည့်ထားတဲ့ငွေက သုံးလို့မရတော့ပါဘူး။ ဒီလိုပဲ ငွေဖြည့်တာရတယ်ဆိုပြီး သူငယ်ချင်းတွေလည်းဖြည့်ကြတယ် အားလုံး ငါးသောင်းကျော်လောက်တော့ ဆုံးသွားတယ်” ဟုပြောသည်။ ယင်းနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောပြရာတွင် “တစ်ခါသုံး Prepaid ကတ်တွေထဲကို ငွေထပ်ဖြည့်ပြီးသုံးတာမျိုးတွေ လုပ်လို့မရပါဘူး။ ငွေဖြည့်တဲ့အချိန်မှာ ငွေဝင်သွားတယ်ဆိုတာကတော့ GSM အချင်းချင်းဖြစ်နေတာကြောင့် Server က လက်ခံလိုက်တာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဒီငွေကို တစ်ခါသုံးကတ်တွေမှာ အသုံးပြုလို့မရနိုင်ပါဘူး” ဟုပြောသည်။ အဆိုပါ တစ်ခါသုံးကတ်များမှာ ငွေထပ်မံဖြည့်သွင်းကာ အသုံးပြုမရနိုင်သောကြောင့် အသုံးပြုသူများအနေဖြင့် ငွေကြေးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် စမ်းသပ်ငွေဖြည့်သွင်းခြင်းများ မပြုလုပ်သင့်ကြောင်း သိရသည်။
ရေးသားသူ -ကိုသက်
Unknown at 4:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မရဲတရဲနဲ့ရေးကြည့်လိုက်တာပါ
ဖေဖေါ်ဝါရီ ၂၂ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥပဒေ ရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်နဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းတို့ တွေ့ဆုံခဲ့ကြတယ်။ အဲဒီလို တွေ့ရာမှာ ပြည်သူ့ လွှတ်တော် ဥက္တဌက ၀န်ထမ်းတွေ လစာ တိုးပေးရေးနဲ့ ပတ်သက်တဲ့ အဆို ပြည်သူ့ လွှတ်တော်မှာ ဘာကြောင့် တင်ခဲ့သလဲ ဆိုတာကို အကျယ်တ၀င့် ရှင်းလင်း ပြောကြား သွားခဲ့တယ်။
သတ္တိရှိစေချင်တယ်
အဲဒီပြောသွားတဲ့အထဲမှာ အပြည့်အ၀သဘောတူတာတစ်ခု တွေ့ရတယ်။ အဲဒါကတော့…. " ကျွန်တော်က ဒီလို ပြောပေမယ့် သတင်းထဲ ကျတော့ ရဲရဲဝံ့ဝံ့ ဆိုတာပါပြီး သတ္တိရှိရှိဆိုတဲ့ စကားကျတော့ ပါမလာဘူး။ သဘောကတော့ ဒီစကားကို ကျွန်တော် သုံးလိုက်တာကို သတင်းစာထဲ၊ ရေဒီယိုထဲ၊ တီဗီထဲကို ထည့်လိုက်တယ် ဆိုရင် ကျွန်တော့် အတွက်များ စိုးရိမ်ပြီးတော့ မထည့် တာလားတော့ မသိဘူး။ သတ္တိလို့ ဘာလို့ ထည့်လိုက်လည်း ဆိုတဲ့ အခါမှာ ကျွန်တော်ကတော့ သတ္တိ ရှိချင်တယ်။ ဒါဖြင့်ရင် ကျွန်တော် တစ်ယောက်တည်းပဲ သတ္တိ ရှိချင်တာလား ဆိုတော့၊ ကျွန်တော်တို့ နိုင်ငံသား လူမျိုးအားလုံးကို ရှိစေချင်တယ်။ မိုက်မဲခြင်းနဲ့ မယှဉ်သော တာဝန်ကျေမှုကို အားလုံးမှာ ရှိစေချင်တယ်။ အခုချိန်မှာရော၊ အရင်တုန်းကရော ကျွန်တော်တို့တွေ သတ္တိ ရှိကြလား ဆိုတဲ့နေရာမှာ ရှိတဲ့လူတွေလည်း ရှိမှာပေါ့၊ တချို့မရှိတဲ့ သူတွေလည်း ရှိကြမှာပေါ့။ မရှိရတဲ့ အကြောင်းရင်းက ဘာလဲ ဆိုတော့ ကိုယ့်အတ္တ အကျိုးစီးပွားကို ကြည့်ပြီးတော့ မပြောရဲတာတို့၊ ပြောလိုက်ရင် ငါ့ကို ဒုက္ခ ရောက်စေမှာလို့၊ အဲဒီလို ဖြစ်လာတဲ့ အခါကျတော့ မှန်တာလည်း မပြောရဲ၊ ကောင်းတာလည်း မပြောရဲဆိုတဲ့ အနေအထားတွေက ဒီအတိုင်း ဆက်သွားမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံ နိမ့်ကျ နောက်ကျနေတဲ့ အနေအထားမှာပဲ ဖြစ်နေလိမ့်မယ်။ " လို့ဖြစ်တယ်။
မရဲတရဲဆုံးဖြတ်
လွှတ်တော် ဥက္ကဌရဲ့ မိန့်ခွန်းအပြည့်အစုံကို ဖတ်ပြီးတဲ့ အခါကျတော့ ဒီစာကို ရေးလိုက်တော့မယ်လို့ မရဲတရဲ ဆုံးဖြတ်ချက် ချပြီး ရေးလိုက်တာ ဖြစ်တယ်။ မရဲတရဲ ဆိုတာက ကိုယ့်အတွက် စိုးရိမ်လို့ မဟုတ်ဘူး၊ ဒီစာ စာဖတ် ပရိသတ် ဖတ်ရတဲ့ အဆင့်ကို မရောက်မီ ဇီဝိန်ချုပ် သွားမယ့်အရေး စိုးရိမ်တာဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ စာပေ စိစစ်ရေးတို့၊ ပြန်ကြားရေး ၀န်ကြီး ဌာနတို့နဲ့ တည့်တည့်ကြီး ၀င်တိုးတဲ့ ကိစ္စဖြစ်နေလို့ပဲ။ ဒီကိစ္စကို အစောကြီး ကတည်းက ရေးချင်နေတာ။ ဒါပေမယ့် လွတ်မှာ မဟုတ်ပါဘူးလေ ဆိုတဲ့ အတွေးက အလေးသာနေလို့ မရေးဖြစ်ဘူး။ အခုလည်း မလွတ်လည်း ရေးခဲ့တယ် ဆိုတဲ့ သက်သေ အထောက်အထားတော့ ကျန်ခဲ့မှာပဲ၊ သမိုင်း တရားခံတော့ မဖြစ်တော့ဘူး ပေါ့လို့ တွေးပြီး ရေးလိုက်တာ ဖြစ်တယ်။ စိစစ်ရေးနဲ့ မလွတ်လို့ ဂျာနယ်ထဲ မပါလည်း Facebook တင်လိုက်ရင် ဖတ်ကြရမှာပါပဲ။
ပြည်သူ့ရှေ့မှောက်မှ ကွယ်ပျောက်သွားရေး
ကိစ္စကတော့ မီဒီယာဥပဒေဆိုတဲ့ ကိစ္စပါ။ ဖေဖေါ်ဝါရီ ၁၇ရက်နေ့က ပြည်သူ့လွှတ်တော် အစည်း အဝေးမှာ ရွှေပြည်သာ မဲဆန္ဒနယ်က ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် ဦးတင်မောင်ဦးက " နိုင်ငံတော်ရဲ့ စတုတ္တ မဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ ကဏ္ဍမှ ဂျာနယ် လောကတွင် တစ်ဖက်သတ် ဘက်လိုက် အရေးအသားများ ပြည်သူ့ ရှေ့မှောက်မှ ပျောက်ကွယ် သွားရေး၊ ပြည်သူ့ လိုအင် ဆန္ဒ အမှန်အမှားကို သမာသမတ် ကျကျ သိက္ခာရှိရှိ မျှတစွာ ရေးသား ထုတ်ဝေသော တိုင်းကျိုး ပြည်ပြု ဂျာနယ်များ ထွက်ပေါ်လာရေး၊ ၀ါသနာ အရင်းခံပြီး ၀င်ရောက် လုပ်ကိုင်သော ယုံကြည်ချက် ခံယူချက် ရှိသည့်သူများ စိတ်အေး ချမ်းသာစွာ သင့်တင့်သော အရင်း အနှီးဖြင့် ဂျာနယ်များ ထုတ်ဝေ ရပ်တည်နိုင်ရေး အတွက် စည်းကမ်းမဲ့ငွေရှာ၊ စီးပွားရှာသူများ လျော့နည်း ပပျောက်လာရေးနဲ့ ဂျာနယ်လောကမှ လူငယ် သတင်းထောက်များ ယခုထက် ပိုမို အရည်အသွေး မြင့်မားလာရေးတို့ အတွက် မည်သို့သော အကာ အကွယ်ပေး ဆောင်ရွက်နိုင်မည်ကို သိရှိ လိုပါတယ်" လို့ မေးသွားခဲ့တယ်။
ဆက်လက်ထိန်းကျောင်းသွားမည်
ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးစိုးဝင်းက " မီဒီယာ ကဏ္ဍမှ ဂျာနယ် လောကတွင် တစ်ဖက်သတ် လိုက်ရေးသားသော အရေး အသားများ ပြည်သူ့ရှေ့မှ ကွယ်ပျောက် သွားရေးအတွက် ယခုနိုင်ငံတော် အစိုးရ အဖွဲသစ် စတင် တာဝန်ယူချိန်မှစ ပြန်ကြားရေး ၀န်ကြီးဌာနက လွတ်လပ်မှုနှင့် တာဝန်ယူမှုရှိသော၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရား ရှိသော စာပေနှင့် စာနယ်ဇင်းသမားများ ဖြစ်လာစေရန်၊ တာဝန်သိမှု၊ တာဝန်ယူမှုတို့ဖြင့် ဆောင်ရွက်ကြရန်၊ စာပေ စိစစ်ရေးမူများ သတ်မှတ် စစ်ဆေး ကြပ်မတ်လျက် ရှိကြောင်း၊ အနာဂတ်တွင် ပုံနှိပ် ဥပဒေနှင့်အညီ ပေါ်ပေါက်လာမည့် Press Council ကဲ့သို့ အဖွဲ့အစည်း မျိုးဖြင့် ဆက်လက် ထိန်းကျောင်းသွားမည် ဖြစ်ပါတယ်" လို့ ပြန်လည် ဖြေကြား သွားခဲ့ပါတယ်။
သတင်းသမားစစ်စစ် ဟုတ်ရဲ့လား
ဒီအမေးနဲ့ ဒီအဖြေကိုကြည့်ခြင်းအားဖြင့် မကြာခင်အတွင်း မီဒီယာဥပဒေ ဆိုတာ တစ်ခု ပေါ်ပေါက်လာဖို့ ရှိကြောင်း သိနိုင်တယ်။ အဲဒီ မတိုင်ခင်ကလည်း မီဒီယာဥပဒေ ရေးဆွဲရေးနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတင်း မီဒီယာသမားတွေ ပါဝင် တက်ရောက် ဆွေးနွေးတဲ့ ဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြတယ်။ ပြည်ပ သတင်း မီဒီယာသမား အမည်ခံတချို့က မီဒီယာ ဥပဒေအတွက် အကြံပေး ချက်တွေ တင်ပြကြတာလည်း တွေ့ရတယ်။ မီဒီယာကို ချုပ်ကိုင်ဖို့ ရေးဆွဲတဲ့ ဥပေဒကို မီဒီယာ သမားတွေ ကိုယ်တိုင် ပါဝင်ဆွေးနွေး အကြံပေးကြတယ် ဆိုတော့ တော်တော် အံ့သြမိတယ်။ သတင်း မီဒီယာသမား စစ်စစ်တွေမှ ဟုတ်ရဲ့လား လို့လည်း အတွေး ရောက်မိတယ်။ ကိုယ့်လည်ပင်းကို စွပ်မယ့် ကြိုးကွင်းကို ကိုယ်တိုင် ၀င်ကျစ်ပေးတာနဲ့ မတူဘူးလား။
ဥပဒေဆိုတာ ချုပ်ကိုင်ဖို့
ဥပဒေဆိုတာ ဘယ်ဥပဒေပဲဖြစ်ဖြစ်၊ တိုင်းသူပြည်သားများကို ချုပ်ကိုင်ဖို့ချမှတ်တာဖြစ်တယ်။ ဒီမိုကရေစီရဲ့ အနှစ် သာရက လူတွေကို တုတ်နှောင် ထားတဲ့ နှောင်ကြိုး အားလုံးက လွတ်ကင်းရေး ဖြစ်တယ်။ သတင်းသမား မှန်ရင် ဘယ်လို ချုပ်ပိုင်မှုမျိုးကို မဆို ဆန့်ကျင်ရမယ်။ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ဖို့ အတွက် မလိုလားအပ်တဲ့ ပြည်သူလူထုကို နှောင်ကြိုး တည်းတဲ့ ဥပေဒတွေကို ပယ်ဖျကပြီး မရှိမဖြစ်ထားဖို့ လိုအပ်တဲ့ ဥပဒေတွေကိုသာ ထားရှိ ကျင့်သုံးရမှာ ဖြစ်တယ်။ သတင်း မီဒီယာကို ထိန်းချုပ်တဲ့ ဥပဒေ၊ ပုဒ်မတွေ အခုကို မနည်းလှပါဘူး။ တချို့က မလှုပ်သာ မရှက်သာအောင် တင်းကျပ်လွန်းလို့ ဖြေလျှော့သင့်ပြီး၊ တချို့ကျတော့ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ ဆန့်ကျင်ဖက်ဖြစ်နေလို့ လုံးဝ ဖျက်သိမ်း ပစ်သင့်တယ်။
ကြိုက်သလို ချဲ့ကားလို့ရ
ခေတ်အဆက်ဆက် သတင်းသမားတွေ အများဆုံးရင်ဆိုင်ရတဲ့ အသရေဖျက်မှု ဥပဒေ၊ အစိုးရကို အကြည်ညို ပျက်စေမှု ဥပဒေ၊ ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုဥပဒေ၊ အခုခေတ်ပေါ် အီလက်ထရောနစ် ဥပဒေ ဆိုတာတွေက ပုံကြီးချဲ့ချင်ရင် ကြိုက်သလို ချဲ့ကားပြီး အမှု လုပ်လို့ရပါတယ်။ လက်ဖက်ရည် ဆိုင်မှာ သူငယ်ချင်း နှစ်ယောက် စားဝတ်နေရေး ကြပ်တည်းကြောင်း၊ ဘာတစ်ခုမှ ကောင်းတာ မတွေ့ရကြောင်း၊ ချမ်းသာသူတွေ ကတော့ သန်းထောင်ချီပြီး ချမ်းသာ နေကြကြောင်း၊ ပြောရိုးပြောစဉ် နှစ်ကိုယ်ကြား ပြောဆို နေမိကြတာကို ဘေးစားပွဲမှာ ရှိတဲ့ လူတစ်ယောက်က အစိုးရ ဆန့်ကျင်နေရးတွေ ပြောနေတာ ကြားခဲ့ကြောင်း သွားပြီး တိုင်ကြား လိုက်ရင် ချက်ချင်း ဖမ်းချုပ်ပြီး စစ်ဆေးခံရတယ်။ ပုံကြီးချဲ့ပြီး အစိုးရ အကြည်ပျက်စေမယ် စကားတွေ ပြောတယ်၊ ဘေးက လူတွေ ကြားနိုင်တဲ့ အတွက် ဆူပူအောင် လှုံ့ဆော်ပါတယ်လို့ စွဲချက် တင်နိုင်တယ်။ မိတ်ဆွေချင်း အီးမေးလ်နဲ့ စာပို့ပြီး ညည်းမိတာကိုလည်း အီလက်ထရောနစ် ပုဒ်မတပ်ပြီး ဖမ်းနိုင်တယ်။
လွတ်လပ်ရေးစိတ်ကို ချိုးနှိမ်ဖိသတ်ဖို့
လက်ရှိကျင့်သုံးနေတဲ့ မှုခင်းဆိုင်ရာ၊ တရားမဆိုင်ရာ ဥပဒေတွေ အားလုံးလောက် နီးပါးက ကိုလိုနီ အစိုးရ ခေတ်က တိုင်းသူ ပြည်သားများရဲ့ လွတ်လပ်ရေး စိတ်ဓါတ်ကို ချိုးနှိမ်ဖိသတ်ဖို့ ရေးဆွဲ ချမှတ် ခဲ့ကြတာတွေ ဖြစ်တယ်။ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ဖို့ ရေးခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် အခုအချိန်မှာ အဲဒီလို ဖိနှိပ်ချုပ်ချယ်ရေး လက်နက် သက်သက် ဖြစ်နေတဲ့ ဥပဒေ ပုဒ်မတွေကို ရုပ်သိမ်းဖို့ လျော့ချဖို့ အားလုံးဝိုင်းဝန်း ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သတင်း မီဒီယာတွေကို ချုပ်ကိုင်ဖို့ ရည်ရွယ်တဲ့ မီဒီယာ ဥပဒေမျိုး သွတ်သွင်း မလာသင့်ပါဘူး။ နှစ်ပေါင်း ငါးဆယ်ကျော် သတင်းသမား လုပ်လာသူ တစ်ယောက် အနေနဲ့ သတင်း မီဒီယာကို ချုပ်ကိုင်မယ့် ဘယ်လို အစီအမံမျိုးမဆို ဆန့်ကျင် ကန့်ကွက်ပါတယ်။
လက်ခံနိုင်မှာမဟုတ်
သတင်းသမားတို့ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ ဆိုတာလည်း သတင်းသမားတွေ ကိုယ်တိုင် ဆွေးနွေး တိုင်ပင် ရေးဆွဲရမှာ ဖြစ်တယ်။ ဆရာဝန်တွေ အတွက် ကျင့်ဝတ်ကို ဆရာဝန် မဟုတ်သူတွေကို ရေးခိုင်းလို့ မဖြစ်ပါဘူး။ ဆရာဝန်တွေကိုယ်တိုင်ရေးမှ အဓိပါယ် ရှိပါတယ်။ အဲဒါကြောင့် လုံးဝ လွတ်လပ်တဲ့ သတင်းစာဆရာ အသင်းတို့၊ သတင်းထောက် အသင်းတို့ ပေါ်ထွက်လာဖို့ အရင်ဆုံး လုပ်ရပါမယ်။ ဒါကို မလုပ်ဘဲနဲ့ သတင်းမီဒီယာ ကျင့်ဝတ် စည်းကမ်း ရေးဆွဲတာ ဖြစ်ဖြစ်၊ မီဒီယာ ဥပဒေ ပြဌာန်းတာ ဖြစ်ဖြစ်၊ အောင်မြင်လာဖွယ် မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘယ်လိုသတင်းသမား စစ်စစ်မျိုးမှ လက်ခံနိုင်မှာ မဟုတ်လို့ပါ။
လူထုစိန်ဝင်း 
နေပြည်တော်.... 
Unknown at 3:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကြံ့ဖွံ့ကို မဲပေးဖို့ မိုင်းရယ် ပြည်သူ့စစ်ခေါင်းဆောင် ခြိမ်းခြောက်
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုသာ မဲထည့်ရမယ်ဆိုပြီး ဒေသခံတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ မိုင်းရယ် ပြည်သူ့စစ်ခေါင်းဆောင်ကို အရေးယူပေးဖို့ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားလိုက်ပါတယ်။
(Photo: Shan Land)
ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီိ (SNDP) ၏ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ရုံးခွဲ ဖွင့်ပွဲကို ၂၀၁၀ ခုနှစ် နှစ်လယ်ပိုင်းက ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: Shan Land)
ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်တဲ့တွက် အမြန်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် ဖြေရှင်းပေးဖို့ ကျားဖြူပါတီက တောင်းဆိုချက်ကို သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း အရေးယူဖြေရှင်းပေးမယ်လို့ ကတိပြု ပြောကြားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်္ဘာ ၁၆ ရက်က ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်းက ရှမ်းပြည်နယ် လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်မြို့နယ်တွေမှာ ရွာလုံးကျွတ် အစည်းအဝေးတွေ ခေါ်ယူပြီး တခြားပါတီတွေကို မဲထည့်ရင် နေအိမ်မီးရှို့ခံရမယ်၊ ရွာကနေ နှင်ထုတ်ခံရမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်နေရာနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်နေရာ လစ်လပ်နေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD၊ ကျားဖြူပါတီ SNDP၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ အဓိက ယှဉ်ပြိုင်ကြပါမယ်။
RFA New
Unknown at 1:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မူးယစ်ဆေးတိုက်ဖျက်ရေးတာဝန် မြန်မာပျက်ကွက်
မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ လိုက်နာရမယ့် တာဝန်တွေကို ဆောင်ရွက်ဖို့ ပျက်ကွက် ခဲ့တဲ့ နိုင်ငံ ၃ နိုင်ငံ ထဲမှာ ပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဌာနက နောက်ဆုံးထုတ်ပြန်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်မှု မဟာဗျူဟာအစီရင်ခံစာ International Narcotics Control Strategy Report (INCS) ကဖော်ပြလိုက်ပါတယ်။
အမေရိကန်အထက်လွှတ်တော်ကို တင်ပြတဲ့၂ဝ၁၂ ခုနှစ် မတ်လ ၇ ရက်နေ့စွဲနဲ့ အစီရင်ခံစာက အပိုင်း နှစ်ပိုင်းပါဝင်ပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာ သဘောတူညီချက်မှာပါတဲ့ နိုင်ငံတကာ လိုက်နာရမယ့် တာဝန်တွေကို လိုက်နာဆောင်ရွက်မှု ရှိမရှိ အကဲဖြတ်လေ့လာတဲ့ စာတမ်းဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ ဓာတု ပစ္စည်း ထိန်းချုပ်မှုအပိုင်းမှာ နိုင်ငံပေါင်း ၁၁၅ နိုင်ငံကို အကဲဖြတ်ထားပါတယ်။
ဒုတိယပိုင်းမှာတော့ တရားမဝင် ငွေလွှဲပြောင်းမှုနဲ့ ဘဏ္ဏာရေး ပြစ်မှုတွေကို ဖော်ပြထားပြီး တရားမဝင် ငွေလွှဲမှုဆိုင်ရာ အဓိကကျတဲ့ နိုင်ငံပေါင်း ၆၆ နိုင်ငံကို လေ့လာသုံးသပ် ထားပါတယ်။ ဒီအစီရင်ခံစာ အရ  မြန်မာနိုင်ငံဟာ ခုထက်ထိ ကမ္ဘာမှာ ဘိန်းအဓိကထုတ်လုပ်နေတဲ့နိုင်ငံတခုဖြစ်ပြီး အာဖဂန် နစ္စတန် နိုင်ငံပြီးရင် ဘိန်းဖြူပမာဏ အများဆုံး ထုတ်လုပ်တင်ပို့ရောင်းချတဲ့ နိုင်ငံတခုလည်း ဖြစ်နေပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ၁၉၉၆ ခုနှစ်ကစလို့ ဒေသထဲမှာ ATS ခေါ် Amphetamine  Type  Stimulants ခေါ် အင်ဖက်တမင်းအမျိုးအစား စိတ်ကြွဆေးပြား အဓိကဖြန့်ဖြူးတဲ့ နိုင်ငံတခု ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ် INCS အစီရင်ခံစာ ထုတ်ပြီးကတည်းက မြန်မာအစိုးရအနေနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် ပိုပြီး ပွင့်လင်းမြင်သာတဲ့ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစိတ်တပိုင်းအဖြစ် အမေရိကန်အစိုးရနဲ့လည်း ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ ခိုင်မာတဲ့ စိတ်အားထက်သန်မှုတွေ ဖော်ပြခဲ့ပါတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။
ဒါပေမယ့် မြန်မာအစိုးရအနေနဲ့ အဂတိလိုက်စားမှု တရားဝင်ဖော်ထုတ်ရေးနဲ့ လက်ရှိ ကျင့်သုံးနေတဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးဆိုင်ရာ ဥပဒေ စိုးမိုးမှုရှိရေးတို့အတွက် ပိုပြီး ပြည့်စုံတဲ့ ရင်းမြစ် ပစ္စည်းအားတွေ သုံးပြီး အားစိုက်လုပ်ဆောင်ရလိမ့်မယ်လို့ အစီရင်ခံစာက တိုက်တွန်းပါတယ်။
VOA New
Unknown at 1:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကသာမီးဝိုင်းကူငြိမ်းပေးတဲ့ ၀န်သိုမီးသတ်ကား တိမ်းမှောက်မှုကြောင့် အရန်မီးသတ်(၂)ဦးသေဆုံး
(၇.၃.၂၀၁၂)ရက်နေ့၊ နံနက်ကဖြစ်ပွာ
းခဲ့သည့် ကသာစည်ပင်ဈေးမီးလောင်မှုသို့ 
သွားရောက်ခဲ့သည့် ကသာနှင့်နီးစပ်တဲ့မြို့တွေက မီးသတ်ကားတွေထဲက ၀န်းသို
အရန်မီးသတ်က မီးသတ်ကား(၁)စီးဟာ လမ်းအလွန်ကြမ်းတဲ့ မဲဇာအဆင်းမှာ တိမ်းမှောက်ခဲ့ကြောင်းသိရပါတယ်။ 
မီးသတ်ကားတိမ်းမှောက်မှုကြောင့် အရန်မီးသတ်(၂)ယောက်သေဆုံးပြီး၊
ကြားရတဲ့သတင်းကတော့ တယ်(စိတ်မကောင်း
စရာ) မီးသတ်ကားလည်းပျက် သွားတယ်၊ ဒါပေမယ့်ကသာဈေးမှာရှိတဲ့မီးသတ်တွေကတော့တစ်နေ့လုံး/တစ်ညလုံးငြိမ်းသတ်နေကြ
တုန်းဘဲ၊ မီးစလောင်တာကတော့ ဈေးနားမှာရှိတဲ့ လူနေအိမ်ဆိုင်ခန်းက
 နေ စလောင်တာဈေးနဲ့ ဆက်စပ်နေတဲ့ ပလပ်စတစ်အမိုးတွေကြောင့် ဈေးကိုကူးလောင်
Myanmar News Now
Unknown at 1:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တစ်ခါတုန်းကတက္ကသလိုလ်
ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) ပြည့် အကြိုအဖြစ် မြန်မာနိုင်ငံ စိတ်ပညာအသင်း ရန်ပုံငွေ ဂီတဖျော်ဖြေပွဲဟု ကြေညာထားခဲ့သည့် 'တစ်ခါတုန်းကတက္ကသိုလ်' ဖျော်ဖြေပွဲ၏ ကြော်ငြာဆိုင်းဘုတ်များ မြင်ရစဉ်ကတည်းက ရန်ကုန်တက္ကသိုလ်၏ ပုံရိပ်များဖြင့် ဖြတ်သန်းခဲ့ရသူများရော၊ ရန်ကုန်တက္ကသိုလ်ကြီးကို တွေ့ကြုံခွင့်မရခဲ့သည့် ယနေ့ခေတ် တက္ကသိုလ်ကျောင်းသားများပါ စိတ်ဝင်စားစရာ ဖြစ်နေခဲ့သည်။
ဖျော်ဖြေပွဲကျင်းပရာ မတ်လ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် ရန်ကုန်မြို့ MCC ၀င်းအတွင်း၌ ပရိသတ်များ စည်ကားများပြားနေခဲ့သည်။ ၀င်းအတွင်းသို့ ၀င်လိုက်လျှင်  ရန်ကုန်တက္ကသိုလ်၏ ပုံရိပ်တစ်ခုဟုဆိုရမည့် ဦးချစ်လက်ဖက်ရည်ဆိုင်ကို အခြားသော စားသောက်ဆိုင်များကြားတွင် ထင်ထင်ရှားရှား တွေ့မြင်လိုက်ရပြီး အလွမ်းပြေစားသောက်နေကြသူများ၏ တက္ကသိုလ်အလွမ်းကို စတင်ခံစားလိုက်ရသည်။  ဖျော်ဖြေရာ စင်မြင့်ထက်သို့ ကြည့်မိလျှင် ရန်ကုန်တက္ကသိုလ်၏ ထင်ရှားသည့် ပုံရိပ်နှစ်ခုဖြစ်သော ဂျက်ဆင်နှင့် သစ်ပုတ်ပင်ကို ပုံဖော်ထားခဲ့သည်။ ပထမပိုင်း ဖျော်ဖြေမှုအဖြစ် မြန်မာသံသီဆိုမှုကို စတင်ရာ ရွှေရတုခေတ် တက္ကသိုလ်ပုံရိပ်များနှင့်အတူ အဆိုတော်မောင် သိန်းဝင်းက 'ပုဂံလမ်းကသီချင်းသည်'၊ သန်းမြတ်စိုးက 'ပန်းတွေနဲ့ဝေ'၊ တော်ဝင်ကိုကိုထွေးက 'ချစ်ရက်ရှည်ရှည် အင်းလျားမြေ'၊ လှမြင့်ဝင်းက 'ကံကော်တောမှ ဥသြကလေးများ'၊ ကိုမြသိန်းက 'မြသီလာသို့အလွမ်းပြေ'၊ ရန်ပိုင်စိုးက'ကိုဘီအေ'၊ ခင်ညွန့်ရည်က 'အဓိပတိလမ်းမှာ မိုးတွေ ရွာ'၊ မောင်မောင်ကြီးက 'မာနရှင်'၊ သန်းမြတ်စိုးက 'ကျောင်းတုန်းက အကြောင်းတွေ'သီချင်းများအား သီဆိုပေးခဲ့ပြီးနောက် ရွှေရတုခေတ်ဝတ် စားဆင်ယင်မှုဟန်ပန်များဖြင့် မော်ဒယ်လ်နှင့် သရုပ်ဆောင်များကပါ ၀င်ပြသပေးခဲ့ကြသည်။
b29_12_1
ထို့နောက် 'ဒေ၀စ္ဆရာ' တေးသီချင်းကိုဆန်းဝင်း က သီဆို၍ ကျော်ကျော်ဗိုနှင့်ဂျင်းနီတို့က ကပြပေးခဲ့ကြသည်။  ဒုတိယပိုင်း တင်ဆက်မှုအဖြစ် Emperor တီးဝိုင်းက စင်မြင့်ထက်သို့ ရောက်ရှိလာပြီးနောက် သဲနုဝါက 'ခွဲခွာရမယ့်နွေရက်များ'၊ မာရဇ္ဇက 'အနိုင်မယူသူအရှုံး'၊ 'ဆွဲအား' သီချင်းများကို သီဆိုပေးခဲ့သည်။ ထို့နောက် စင်မြင့်များထက်တွင် ရှားရှား ပါးပါး တွေ့မြင်ခွင့်ရသူ အဆိုတော် နော်လီဇာက 'မာလာဆောင် မောင်မလာဘူး'၊'ရက်ရက်စက်စက်' တေးသီချင်းများဖြင့် သီဆိုပေးခဲ့သည်။ ဆက်လက်၍မေဆွိက 'အဓိပတိလမ်းက ခြေရာများ'၊ 'နွေပုံပြင်'၊ ခိုင်ထူးက 'စစ်ကိုင်းလမ်း'၊ 'အဝေးဆုံး'၊ ဇော် ၀င်းထွဋ်က စိန်လွင်၏ တက္ကသိုလ်တေးသီချင်းတစ်ပုဒ်နှင့်အတူ 'ငါ့ရင်ခွင်ကို'  တေးသီချင်းအား သီဆိုပေးခဲ့သည်။ ထို့နောက် Plus 3 တီးဝိုင်းနှင့်အတူ အောင်နိုင်က 'အဆောင်သူ'၊ 'မောင့်သီရိမေ'၊ ရှင်ဖုန်းက'သတိရနေမှာပါ'၊ 'တယ်လီဖုန်းလေး'၊ စည်သူလွင်က 'အဆောင်သရဲ'၊ ဆောင်းဦးလှိုင်က 'ကျောင်းသီချင်း' စသည့်တက္ကသိုလ်ကို လွမ်းမောစေခဲ့သည့် တေးသီချင်းပေါင်းများစွာဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
ဖျော်ဖြေမှုများကြားတွင် အစီအစဉ်တင်ဆက်သူ အရိုင်းက တက္ကသိုလ်၏ လွမ်းမောဖွယ် အရိပ်အငွေ့များ၊ အတွေ့အကြုံများကို ပြောပြပေးခဲ့ရာ လာရောက်ကြည့်ရှုသူတိုင်းလည်း တက္ကသိုလ်ကိုလွမ်းမောမှုနှင့်အတူ ဖြတ်သန်းစေခဲ့သည်။ ''ဒီညလေးကတော့ မမေ့နိုင်စရာပါပဲ။ ကျောင်းသားဘ၀တုန်းက အဆောင်ရှေ့မှာ ဂစ်တာသွားတီးရတာ၊ အဓိပတိလမ်းကို အခေါက်ခေါက်အခါခါ လျှောက်ရတာ၊ ကျောင်းလခ နည်းနည်းလေးကို တောင် ကြိုသုံးပစ်လို့ လိုက်ရှာရတာ၊ ဦးချစ်လက်ဖက်ရည်ဆိုင်မှာ အကြွေးသွားသောက်ရတာတွေအားလုံးက အမှတ်တရတွေ ချည်းပါပဲ။ အခုခေတ် တက္ကသိုလ်တက်နေရတဲ့ ကလေးတွေကိုလည်း အဲဒီလိုခံစားမှုလေးတွေ ပြန်ရစေချင်တာ''ဟုအသက် ၄၀ ၀န်းကျင်ရှိ ပွဲကြည့်ပရိသတ်တစ်ဦးက ဆိုပါသည်။
'တစ်ခါတုန်းကတက္ကသိုလ်' ဖျော်ဖြေပွဲကို ည ၁၁ နာရီ ၀န်းကျင်မှသာ အဆုံးသတ်နိုင်ခဲ့ပြီး တက္ကသိုလ်ကျောင်းတော်ကြီးကို လွမ်းမောတမ်းတစေခဲ့သည့် ညလေးတစ်ညပင် ဖြစ်သည်။
Unknown at 1:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဆိုင်ကယ်များအား အကြောင်းအမျိုးမျိုးပြ ဖမ်းဆီး အရေးယူနိုင်ခဲ့ပေမယ့် ဗုံးသယ်ဆောင်လာသူအား ဖမ်းဆီးနိုင်ခြင်းမရှိတဲ့ ဟင်္သာတမြို့မှာ ရဲထိန်းရဲဋ္ဌာနအကြောင်း (တိုင်ကြားစာ..)
ဆိုင်ကယ်များအား အကြောင်းအမျိုးမျိုးပြ ဖမ်းဆီး အရေးယူနေတဲ့ ဟင်္သာတမြို့မှာ ရဲထိန်းရဲဋ္ဌာနအကြောင်း  
(တိုင်ကြားစာ..)
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးက စည်းကမ်းမဲ့ယာဉ်များကို အရေးယူနေသည်မှာ ၀မ်းသာစရာပါ။ ဒါပေမယ့် နယ်မှဆိုင်ကယ်များ နယ်မှ စီးလာသောလိုင်စင်မဲ့ ဆိုင်ကယ်များ။ ကကြီးလိုင်စင်ရှိသော သူများကိုသာ ဖမ်းပါတယ်...။ မြို့ပေါ်မှ သူများသည် ဖမ်းမယ်ဆိုတာ သိနေပြီး ကွေ့ပါတ် ရှောင်သွားတယ်။ ဆိုင်ကယ်ဦးထုပ်မပါ၊ လိုင်စင်မပါ၊ ၀ှီးတက်မပါ၊ နောက်ခြေနင်း တုန်းကျနေလျှင် အကုန်လုံး ပြည့်စုံနေလျှင်လည်း ဘရိတ်ကို ညှစ်ပြီး အမျိုးမျိုး မလွတ်ရအောင် ဖမ်းပါတယ်။ ရဲစခန်းမရောက်ခင် လိုင်စင်မဲ့ဆိုင်ကယ်တွေ ရောင်းတဲ့ ကျော်ဆိုင်နားမှာ တစ်ယောက်စောင့်တယ် မီးပွိုင့်မှာ လေးဘက်လေးတန် ရုံးရှေ့မှာခုံဖြင့် ချပြီး မ.ထ.သ တရားရုံးမှ ၀န်ထမ်းတစ်ဦး။ ပို့ဆက်တို့နှင့် ပိုက်ဆံပါလျှင် ချက်ချင်းပြန် မပါလျှင် လိုင်စင် ထားခဲ့ရတယ်။
 ဒါပေမယ့်ဖမ်းတဲ့နေရာမှာ မြို့ပေါ်မျက်နှာ နာရမယ့်သူမျိုး။ ၀န်ထမ်းအချင်းချင်းကို ခေါ်ပြီးလာ လိုင်စင်ပေးခဲ့ ဘာညာပြောပြီး ဘာမှမယူဘဲ ပြန်လွှတ်လိုက်တယ်။ လျှပ်စစ်က ၀န်ထမ်းတွေ ဆိုပိုပြီးမဖမ်းဘူး ဘာလို့လဲဆိုတော့ စခန်းထဲတွင် မီးတွေကို တရားမ၀င် သွယ်ချင်တိုင်း သွယ်ထားသောကြောင့် ဖြစ်ပါတယ်...။ ယာဉ်ထိန်း တပ်ကြပ်ကြီး အောင်ခိုင်ကိုယ်တိုင်  လိုင်စင်မဲ့ ယာဉ်များရောင်းဝယ်ရေး ပွဲစားအလုပ်ကို လုပ်တယ် VIP ရှေ့ပြေးဆိုင်ကယ်တွေ အကုန်လိုင်စင်မဲ့တွေပါ သုံးဘီးဆိုင်ကယ်တွေကို လိုင်းကြေးယူပြီး ကျောင်းနားနှင့် မြို့လယ်ခေါင် အနားမှာလိုင်းကြေးယူပြီး ဂိတ်ပေးထားတယ်။ 
အကြောင်းမရှိအကြောင်းရှာ ဘရိတ်ပါညှစ်ဖမ်းတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့စခန်း
မြို့လယ်ခေါင်ဖြစ်သော ဈေးရှေ့နှင့်မန်းဘခိုင်လမ်းမှာလည်း လိုင်စင်မဲ့ ဆိုင်ကယ်များနှင့် ကယ်ရီဆွဲနေသော သူများ ဖလက်ဖေါင်းဖြူနီမှာ ရပ်ထားသော ယာဉ်များ၊ ယာဉ်နှစ်ထပ် ရပ်ထားသော ယာဉ်များ၊ ကားလိုင်စင်မဲ့များ၊ မြို့ပေါ်လုပ်ငန်းရှင်များ အသုံးပြုသော ထော်လာဂျီများကိုတော့ မဖမ်းပါ။ ရဲစခန်း လုံခြုံရေးအတွက်တောင် စည်းမစောင့်နိုင်တော့ပဲ ခြံစည်းရိုး ပါတ်လည်အ၀င်အထွက် ဂိတ်တွေမှာ ၀ါးတွေနဲ့ တားပြီးတော့ ဝင်းအတွင်းရှိ အစိုးရဘဏ်မှ ငွေများ၊ လက်နက်တိုက်၊ စခန်းအတွင်း အချုပ်ခန်းရှိရဲ့သားနဲ့ ရဲစခန်းခြံစည်းရိုးကို ဖေါက်ပြီး ဓါတ်ပုံတွင် ပါသည့်အတိုင်း ကျော်ဆိုင်ကယ်လိုင်စင်မဲ့ ရောင်းဝယ်ရေးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင်  ဖွင့်လှစ်ရောင်းချနေသော ဆိုင်ကယ်ဆိုင်များကိုမူ မဖမ်းပါ။ 
ရဲစခန်းခြံစည်းရိုးကို ဖေါက်ပြီး လုပ်ကိုင်ခွင့် ပေးထားတဲ့ တချက်ခုတ် နှစ်ချက်ပြတ်
ကျော်ဆိုင်ကယ်လိုင်စင်မဲ့ ရောင်းဝယ်ရေး
လိုင်စင်မဲ့ကားတွေကို စီးနေတဲ့ သူများကိုလည်း အရေးမယူပါ။ သို့ဖြစ်ပါ၍  ၀န်းထမ်းဖြစ်လျှင် လိုင်စင်မဲ့ ဆိုင်ကယ်စီးလို့ ရတယ်ပေါ့။ ဝန်ထမ်းဖြစ်ရက်နဲ့ တစ်ဖက်တွင် ဆိုင်ကယ်ဖမ်းပြီး တစ်ဘက်တွင် ဆိုင်ကယ်ရောင်းချခွင့် ပေးထားသော ဟင်္သာတမြို့၏ တရားမျှတသော ယာဉ်ထိန်းရဲဌာန အကြောင်းကို ကိုဒီမိုဘလော့ဂ်မှ တဆင့် ဧရာဝတီတိုင်း ၀န်ကြီးဦးသိန်းအောင် သိစေရန် တင်ပြအပ်ပါတယ်။
ပေးပို့သူ ဟင်္သာတသားတစ်ဦး
ဟင်္သာတမြို့ခံတဦးမှ တိုင်ကြားစာ ဖြစ်ပါတယ်...။ ယခုကဲ့သို့ မြို့တွင်း၌ နယ်မှဆိုင်ကယ်များအား အကြောင်းအမျိုးမျိုး ပြကာညစ်နည်းပေါင်း မျိုးစုံဖြင့် အစွမ်းပြ ဖမ်းဆီးနိုင်ခဲ့သော်လည်း မနေ့က ဟင်္သာတမှ ပေါက်ကွဲခဲ့တဲ့ ဗုံးလက်သည် တရားခံကိုတော့ ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပါဘူး....။
 ဒီမိုဝေယံ....
Unknown at 9:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရွှေအင်းဝ ယာဉ်လိုင်းမှ လိုင်းကား တစီး လမ်းချော်၍ သစ်ပင်ကို ဝင်တိုက်
ဒီကနေ့ မတ်လ ၇ ရက်နေ့ နေ့လည် ၂း၂၀ အချိန် ဝန်းကျင်ခန့်က ရန်ကုန်မှ အင်းစိန်သို့ မောင်းနှင်လာသော ရွှေအင်းဝ ယာဉ်လိုင်းမှ (၆ခ/၁၄၂၉)ခရီးသည်တင် ကားသည် ကားချင်း အပြိုင်မောင်းရာမှ အရှိန်မထိန်းနိုင်ပဲ ကြို့ကုန်းမှတ်တိုင်အနီးရှိ လမ်းဘေးကသစ်ပင်ကို ဝင်တိုက်ခဲ့ပါတယ်။ အဆိုပါ ကားပေါ်တွင် ခရီးသည် အပြည့်ပါလာရာ ဒဏ်ရာရသူအချို့မှာ ပြင်းထန်ခဲ့ပြီး သေဆုံးသူမရှိဘူးဟု သတင်းရရှိပါတယ်။ဖြစ်စဉ်မှာ ရန်ကုန် အင်းစိန် 226 လိုင်းကားကို လိုက်လံအပြိုင်မောင်းနှင်ရာမှ တိုက်မိခြင်းဖြစ်ပြီး ကားအရှိန်ပြင်းထန်ခြင်းထက် ကားမှာ တပ်ဆင်ထားသောထိုင်ခုံများ ကျွတ်ထွက်၍ ခရီးသည်များကို စိုက်မိခြင်း၊ ဂက်စ်အိုးပေါက်မည်စိုး၍ ခုန်ချခြင်း တက်နင်းမိခြင်းများကြောင့် ဒဏ်ရာရခြင်းဖြစ်၊ ဒဏ်ရာရခရီးသည်များကို နီးစပ်ရာမှ ကားများဖြင့်ဆေးရုံသို့ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
Unknown at 9:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အုပ်ချုပ်မှုစနစ် မမှန်ကန်ခဲ့ခြင်းကြောင့် ထိပ်တန်းနိုင်ငံအဆင့်မှ အောက်ဆုံးသို့ ရောက်ရှိခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တံတားဦးမြို့နယ်ရှိ ဒေသခံများနှင့်အတူ တွေ့ရစဉ်
မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ သွားရောက်ခဲ့သည့် စည်းရုံးရေး ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်မှုစနစ် မမှန်ကန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ထိပ်တန်းနိုင်ငံအဆင့်မှ အောက်ဆုံး သို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့ပါသည်။
မတ်လ ၃ ရက်နေ့မှ စတင်ခဲ့သော အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာနှင့် နေပြည်တော်တို့တွင် မဲဆွယ်စည်းရုံးခြင်းများကို လေးရက်ကြာ ပြုလုပ်ခဲ့သည်။
မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက တံတားဦးမြို့တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ မြန်မာနိုင်ငံဟာ အနှစ် ၂၀ ကျော်အတွင်းမှာ အရှေ့တောင်ဒေသရဲ့အောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒီလို အောက်ဆုံးအဆင့် လောက် ရောက်စရာ နိုင်ငံမျိုး မဟုတ်ပါဘူး။ သဘာဝအားဖြင့် ကျွန်မတို့နိုင်ငံဟာ ချမ်းသာပါတယ်။ လူတွေက ဘယ်လိုပြောသလဲဆိုတော့ မြန်မာနိုင်ငံဟာ နိုင်ငံကချမ်းသာပြီးတော့ ပြည်သူတွေက ဆင်းရဲတယ်တဲ့၊ ဒီလို ပြောပါတယ်။ နိုင်ငံက ချမ်းသာပြီး ပြည်သူတွေက ဆင်းရဲတယ်ဆိုတာ ဘာကြောင့်လဲလို့ စိစစ်ရင် အဓိကကတော့ အစိုးရစနစ်ကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေကို ဦးစားမပေးတဲ့ အစိုးရ၊ ပြည်သူတွေကို မျက်နှာမပူတဲ့ အစိုးရ၊ ပြည်သူတွေကို မလေးစားတဲ့ အစိုးရဆိုရင် တိုင်းပြည်က ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ပြည်သူတွေက ဆင်းရဲမှာပါပဲ''ဟု ပြောကြားခဲ့သည်။
''လွတ်လပ်ရေးရတာ နှစ်ပေါင်း ၆၀ ကျော်သွားပြီ။ ဒီနှစ်ပေါင်း ၆၀ ကျော်အတွင်းမှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိပ်တန်း နိုင်ငံအဆင့်ကနေ အောက်ဆုံးကို ရောက်သွားတယ်။ ဒီလိုအောက်ဆုံးအဆင့်ကို ရောက်သွားရတာဟာ ဘာကြောင့်လဲလို့ ဆန်းစစ်ရင် အုပ်ချုပ်မှုစနစ် မမှန်လို့ပဲလို့ သုံးသပ်ရမှာပဲ။ ဒီနိုင်ငံဟာ ဒီနိုင်ငံပဲ၊ ဒီပြည်သူဟာ ဒီပြည်သူပဲ။ နိုင်ငံလည်း ပြောင်းလဲမသွားဘူး။ ပြည်သူလည်း ပြောင်းလဲမသွားဘူး။ အုပ်ချုပ်မှုစနစ်သာ ပြောင်းသွားတယ်။  အရင်တုန်းက မြန်မာနိုင်ငံကို လိုက်မမီနိုင်တဲ့၊ မြန်မာနိုင်ငံကို စံနမူနာအဖြစ်ထားခဲ့ရတဲ့ နိုင်ငံတွေ ရှေ့တန်းမှာ ရောက်သွားတယ်။ ဥပမာ စင်ကာပူ ဆိုပါတော့။ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးလို့ သတ်မှတ်ခံထားရတယ်။ မြန်မာတော်တော်များများ ပညာတတ်ရင် စင်ကာပူမှာ သွားပြီး အလုပ်လုပ်ကြတယ်။ တော်ရုံ တန်ရုံ ပညာတတ်ရုံနဲ့ ဟိုက လက်မခံဘူး။ တကယ်တော့ စင်ကာပူဆိုတာ မြန်မာနိုင်ငံထက် နောက်ကျပြီးမှ လွတ်လပ်ရေးရတာ။ အဲဒီအချိန်က ၀န်ကြီးချုပ်ဖြစ်လာမယ့် လီကွမ်ယူက နှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို မီစေရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာခဲ့တာ။ အခု ကျွန်မတို့အနေနဲ့ နှစ် ၂၀ အတွင်း စင်ကာပူကို မီစေရမယ် ဆိုတဲ့ ကတိပေးရဲရဲ့လား စဉ်းစားနေတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မိနစ် ၅၀ ခန့် ကြာမြင့်ခဲ့သော အဆိုပါဟောပြောမှု၌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ပြည်သူလူထု၏ လက်ရှိအခြေအနေများအပေါ် ထောက်ပြပြီး လူ့စွမ်းအားအရင်းအမြစ်ပေါ် အခြေခံသော နိုင်ငံတစ်ခု တည်ဆောက်ရန် ပြောကြားခဲ့သည်။ ''စင်ကာပူဟာဆိုရင် ကျွန်းနိုင်ငံ သေးသေးလေးပဲ။ ဘာသယံဇာတမှလည်း မရှိဘူး။ သူ့မှာရှိတာဆိုလို့ လူသားအရင်းအမြစ်ပဲ ရှိတယ်။ ကံကောင်းတာတစ်ခုက လွတ်လပ်ရေးရပြီးပြီးချင်း တက်လာတဲ့အစိုးရဟာ ပညာတတ်တွေ ဖြစ်လို့ပါပဲ။ ဘာသယံဇာတမှမရှိတဲ့ တိုင်းပြည်မှာ ပြည် သူဟာ သယံဇာတပဲဆိုတာ သူတို့ သိခဲ့ကြတယ်။ ပြည်သူတွေရဲ့ အရည်အချင်းတက်လာအောင်လုပ်မှ နိုင်ငံတိုးတက်မယ်ဆိုတာ သိတဲ့အတွက် ဒါကိုအလေးပေးပြီး လုပ်ဆောင်ခဲ့လို့ တိုးတက်သွားတာဖြစ်ပါတယ်။ တကယ်တော့ သဘာဝဓာတ်ငွေ့တို့ ဘာတို့ဆိုတာ တစ်ချိန်ချိန်မှာ ကုန် သွားမှာဖြစ်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပြန်လည်တည်ထောင်ရာတွင် မျိုးဆက်သစ်လူငယ်တို့၏ အခန်းကဏ္ဍကို အဓိက ဦးစားပေး ပြောဆိုသွားခဲ့ပြီး အသက်မွေးဝမ်းကျောင်းပညာများ ယခုထက် ပိုမိုသင်ကြားပေးနိုင်ရန် ပြောဆိုခဲ့ကာ လူငယ်များအနေဖြင့် မိမိတို့ တတ်ကျွမ်းထားသော ပညာရပ်များဖြင့် ရပ်တည်နိုင်သော ခေတ်တစ်ခေတ် ရောက်အောင် ကြိုးပမ်းရမည်ဟု ပြောကြားခဲ့သည်။
နိုင်ငံဂုဏ်ရှိမှ ကျွန်မတို့ သိက္ခာရှိတယ်။ နိုင်ငံဂုဏ်သိက္ခာနဲ့ ကျွန်မတို့ ဂုဏ်သိက္ခာ ခွဲခြားလို့ မရဘူး။ ဒီတော့ အတ္တပဲပြောပြော၊ ပရပဲပြောပြော နိုင်ငံရဲ့အကျိုးကို ထမ်းဆောင်နိုင်မှ ကျွန်မတို့ သိက္ခာရှိတယ်ဆိုတာ အဖွဲ့ချုပ်ရဲ့ ယုံကြည်ချက်ဖြစ်ပါတယ် .  .
''ကျွန်မတို့နိုင်ငံမှာ အဓိကအားဖြင့် ပြည်သူတွေရဲ့ဘ၀ကို မြှင့်တင်ပေးဖို့ အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်။ ကျန်းမာရေးနဲ့ ပညာရေးမှာ ထိထိရောက်ရောက် အပြောင်းအလဲတွေ လုပ်ရမယ်။ နှစ် ၂၀ အတွင်းလုပ်လာတဲ့ ကျန်းမာရေး၊ ပညာရေးစောင့်ရှောက်မှုတွေ မ အောင်မြင်ခဲ့လို့ ပြည်သူတွေရဲ့ဘ၀ နိမ့်ကျလာတာ ဖြစ်ပါတယ်။ လူငယ်တော်တော်များများဟာ ဘွဲ့ရပြီး ဘာအလုပ် လုပ်ရမှန်းမသိ ဖြစ်နေကြတယ်။ ဒါကြောင့် ပညာရေး စနစ်မှာ အသက်မွေးဝမ်းကျောင်းပညာကို အများကြီး သင်ကြားပေးရပါမယ်။ ပညာသင်ပေးတယ်ဆိုတာ လောကကြီးမှာ လူပီပီရပ်တည်နိုင်ဖို့ဖြစ်တယ်လို့ နားလည်ပါတယ်။ ပညာတွေသင်ပြီး လောကကြီးမှာ လူပီပီမရပ်တည်နိုင်လို့ အရက်ဆိုင်သွားထိုင်နေတဲ့ လူငယ်တွေ အများကြီးပဲလို့ ကြားပါတယ်။ ဒီလူငယ်တွေ ယုံကြည်ချက်ရှိရှိ သိက္ခာရှိရှိနဲ့ နိုင်ငံရဲ့အနာဂတ်ကို ဖော်ဆောင်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ဖန်တီးပေးရပါမယ်''ဟု ပြောကြားခဲ့သည်။
''နိုင်ငံဂုဏ်ရှိမှ ကျွန်မတို့ သိက္ခာရှိတယ်။ နိုင်ငံဂုဏ်သိက္ခာနဲ့ ကျွန်မတို့ ဂုဏ်သိက္ခာ ခွဲခြားလို့မရဘူး။ ဒီတော့ အတ္တပဲပြောပြော၊ ပရပဲပြောပြော နိုင်ငံရဲ့အကျိုးကို ထမ်းဆောင်နိုင်မှ ကျွန်မတို့ သိက္ခာရှိတယ်ဆိုတာ အဖွဲ့ချုပ်ရဲ့ ယုံကြည်ချက်ဖြစ်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့သည်။
Unknown at 9:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
နှစ်သိန်းတန်ဖုန်း ရန်ကုန်၊ မန္တလေးတွင် ကနဦး အသုံးမပြုနိုင်
ရန်ကုန်၊ မတ် ၆
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ်နှစ်သိန်းဖြင့် မတ်လလယ်တွင် စတင် ရောင်းချမည့် အင်တာနက်လိုင်း ပူးတွဲပါသည့် GSM ဖုန်းများကို ရန်ကုန်နှင့် မန္တလေး မြို့တော်တို့တွင် ဧပြီလကုန်အထိ အသုံးပြုနိုင်မည် မဟုတ်ကြောင်း ယင်းဖုန်းများ ရောင်းချမည့် E-lite Tech မှ အထွေထွေ မန်နေဂျာ ဦးမင်းဆက်ပိုင်က The Voice Weekly သို့ ပြောကြားသည်။
GSM ဖုန်းများကို အဆိုပါ မြို့ကြီး နှစ်မြို့မှ လွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဖုန်းအရောင်းဆိုင် များတွင် ကျပ်နှစ်သိန်းဖြင့်ပင် ရောင်းချသွားမည် ဖြစ်ကြောင်း၊ GSM ဖုန်း ဈေးနှုန်းထက် CDMA 800 Mhz ဖုန်းများ ကျပ်ငါးသောင်း ဈေးပိုရခြင်းမှာ အင်တာနက်လိုင်း ပိုမိုကောင်းမွန် သောကြောင့် ဖြစ်ကြောင်း E-lite မှ အရောင်း တာဝန်ခံ ဦးသက်နိုင်ဝင်းက ရှင်းပြသည်။
ယင်းဖုန်းများကို ရန်ကုန်နှင့် မန္တလေး မြို့တော်များတွင် ဧပြီလ ကုန်ပိုင်းမှ စ၍ ရောင်းချသွားမည် ဖြစ်ကြောင်း ဦမင်းဆက်ပိုင်က ပြောဆိုပြီး အတည်မပြု နိုင်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ကြေညာချက်ဟု ယူဆရသော ထုတ်ပြန်ချက် တစ်ရပ်တွင်မူ မေလဆန်းတွင် စတင် ရောင်းချမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
" စိတ်ကို ပျက်သွားတာပဲ၊ တစ်ခါတည်း အဆင်သင့် ဖြစ်မှပဲ (တစ်နိုင်ငံလုံးကို) ရောင်းသင့် တာပေါ့ " ဟု တန်ဖိုးနည်း ဖုန်းများ ပေါ်လာမည် ဟူသော သတင်းကြောင့် ဝယ်ယူရန် စောင့်ဆိုင်းနေသည့် မရမ်းကုန်း မြို့နယ် ၄ ရပ်ကွက်တွင် နေထိုင်သည့် ကိုကျော်သက်ဦးက ဆိုသည်။
စီမံကိန်းမှာ တစ်နိုင်ငံလုံးအတွက် ဆောင်ရွက်ခြင်း ဖြစ်သဖြင့် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများကို ချန်ထားမည် မဟုတ်ဘဲ ထည့်သွင်း စဉ်းစားထားကြောင်း၊ သို့သော် ယခု ထွက်ပေါ်နေသည့် သတင်းအတွက် တစ်စုံတစ်ရာ မှတ်ချက်ပေးမည် မဟုတ်ဘဲ ၎င်းတို့ဌာနနှင့် ပတ်သက်သည့် သတင်းများကို နိုင်ငံပိုင် သတင်းစာများ၊ ရုပ်သံ မီဒီယာများတွင် တရားဝင် ကြေညာသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများက အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ယင်းမှာ ရန်ကုန်နှင့် မန္တလေး မြို့များတွင် တာဝါတိုင် စိုက်ထူခြင်းများ မပြီးသေး သောကြောင့် ဖြစ်နိုင်ကြောင်း မြန်မာ့ ဆက်သွယ်ရေးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိ ရသည်။
အခြား မိုဘိုင်းလ်ဖုန်းများ ဖြစ်သည့် CDMA 800MHz ဖုန်းများကို ကျပ်နှစ်သိန်းခွဲ၊ CDMA 450MHz ဖုန်းများကို ကျပ် နှစ်သိန်းဖြင့် ယခင် ရောင်းချနေသည့် ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးရှိ ဆိုင်များတွင် မတ်လ ၁၄ ရက်နေ့မှ စတင်ကာ ဈေးလျှော့ ရောင်းချသွားမည် ဖြစ်ကြောင်း E-lite မှ တာဝန်ရှိသူများက ရှင်းပြသည်။
" မြို့ကြီးမှာ နေတဲ့သူတွေက CDMA ပဲ ဝယ်ကိုင်ရမလို ဖြစ်နေတာပေါ့၊ ရွေးချယ်ခွင့် မရှိတာ ဘယ်ကောင်းမလဲ " ဟု ရန်ကုန်မြို့နေ အသက် ၂၄ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီး တစ်ဦးက ဆိုသည်။
ယင်းဖုန်းများ ရောင်းချတော့မည့် သတင်းကြောင့် မိုဘိုင်းလ်ဖုန်းဆိုင်များမှာ ကျပ်နှစ်သောင်းကျော် တန်ဖိုးရှိ တန်ဖိုးနည်း ဟန်းဆက်များ ရောင်းချရန် စီစဉ်နေကြသည်။
ယခု စတင် ရောင်းချမည့် အစီအစဉ်မှာ GSM မိုဘိုင်းလ်ဖုန်း သန်း ၃၀ စီမံကိန်း၏ ပထမနှစ် ဖြစ်သော လေးသန်း စီမံကိန်း အတွက် ဖြစ်သည်။
 The Voice Weekly
Unknown at 9:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အင်တာနက် Hacker အဖွဲ့ Anonymous ခေါင်းဆောင်ကို ဖမ်းလိုက်ပြီ
Anomymous- အမည်မသိလို့ခေါ်တဲ့ နိုင်ငံတကာ ကွန်ပြူတာကွန်ယက် ဖောက်ထွင်းရေးအဖွဲ့ကြီးရဲ့ ခေါင်းဆောင်တချို့ဟာ အခုတော့ အမည်မသိတွေ မဟုတ်ကြတော့ပါဘူး- အမည်တွေ ပေါ်ကုန်ပါပြီ။
ကွန်ပြူတာဖောက်ထွင်းသူ ဟက်ကာ (Hacker) ဇေဗီယာ မွန်ဆေးဂူးလ် (Xavier Monsegur) အပါအဝင် ထိပ်တန်းကွန်ပြူတာဖောက်ထွင်းသူ ဟက်ကာ ၆ ဦးကို ဖမ်းဆီးလိုက်ပြီဖြစ်တဲ့အကြောင်း နယူးယောက် အာဏာပိုင်များက အင်္ဂါနေ့မှာ အသိပေး ကြေညာပါတယ်။
ဟက်ကာများကို ဖမ်းဆီးနိုင်ဖို့အတွက် ဟက်ကာနာမည်ဝှက် ဆာဘူး (Sabu) လို့ သိကြတဲ့ ဇေဗီယာမွန်ဆေးဂူးလ်က အာဏာပိုင်များနဲ့ ပူးပေါင်းကူညီမှု ပေးခဲ့တယ်လို့ အာဏာပိုင်များက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ဇေဗီယာမွန်ဆေးဂူးလ်ဟာ ကွန်ပြူတာများ ဖောက်ထွင်းခဲ့တဲ့အကြောင်း ဝန်ခံဖြောင့်ချက်ပေးခဲ့ပါတယ်။
အခုအခါမှာ ဒေါ်လာ ၅ သောင်းတန်တဲ့ အာမခံနဲ့ အပြင်မှာ ရှိနေပါတယ်။ ဧရာမ credit (အကြွေး) ကဒ် ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ ဗီဇာနဲ့ မာစတာကဒ်တို့ကိုလည်းကောင်း၊ ကွန်ပြူတာကတဆင့် ငွေချေမှု ဝန်ဆောင်လုပ်ငန်း Paypal ကိုလည်းကောင်း၊ တူနီးရှား၊ အယ်လ်ဂျီးရီးယား၊ ယီမဲန်၊ ဇင်ဘာဘွေ အစိုးရတွေနဲ့ အမေရိကန်ဆီးနိတ် ကွန်ပြူတာစနစ်တွေကို ဖောက်ထွင်းခဲ့တဲ့အကြောင်း ဇေဗီယာ မွန်ဆေးဂူးလ်က ဝန်ခံဖြောင့်ချက်ပေးခဲ့ပါတယ်။
တခြား ဟက်ကာအုပ်စုတွေဖြစ်ကြတဲ့ Lulz Security နဲ့ Internet Feds မှာလည်း မွန်ဆေးဂူးလ်ပါဝင်ခဲ့ကြောင်း ရုံးတော်ကိုတင်တဲ့ စာရွက်စာတန်းများမှာ ပါဝင်ပါတယ်။
VOA
Unknown at 9:07 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
လှည်းတန်းခုံးကျော် တံတားကို ၄လမ်းမောင်းစနစ်ဖြင့် တည်ဆောက်သွားမည်
ရွှေတောင်တည်ဆောက်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်သွားမယ့် လှည်းတန်း ခုံးကျော် တံတားမှာ တစ်ဖက်ကို ၂လမ်းသွားနဲ့ ၄လမ်းမောင်းစနစ်နဲ့ တည်ဆောက်သွားမှာ ဖြစ်တယ်လို့ ရွှေေ တာင် ဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီလို တည်ဆောက်မယ့် လှည်းတန်း ခုံးကျော် တံတားဟာ အကျယ် ၁၆.၈မီတာနဲ့ အမြင့်ကတော့ ၁၇ပေရှိပြီး ယာဉ်သွားလာမှု လွတ်ကင်းေ အာင် ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။
အဆိုပါ ခုံးကျော်တံတား တည်ဆောက်ဖို့အတွက် ခန့်မှန်းကုန်ကျစရိတ်နဲ့ ဆောက်လုပ်ပြီးစီးမယ့် အချိန်ကာလ ကိုတော့ အတိအကျ မသိရသေးဘူးလို့ ရွှေတောင် ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ အခုအခါ လှည်းတန်း ခုံးကျော်တံတား ဆောက်ဖို့အတွက် လှည်းတန်း လမ်းဆုံအနီး တက္ကသိုလ်ဓမ္မာရုံမှာ ခုံးကျော်တံတား တည်ဆောက်ဖို့ တာဝန်ရှိသူတွေနဲ့ ဧည့်သည်များ နားနေဖို့အတွက် ရှင်းလင်းဆောင်ကို စတင် ဆောက်လုပ်နေတယ်လို့ သိရပါတယ်။
အခုလို ရန်ကုန်မြို့တွင်းမှာ ခုံးကျော်တံတား တည်ဆောက်မှုတွေကို လှည်းတန်းလမ်းဆုံ အပါအ၀င် တာမွေလမ်းဆုံ၊ ရွှေဂုံတိုင်လမ်းဆုံနဲ့ ဘုရင့်နောင်လမ်းဆုံ စတဲ့ နေရာ ၄နေရာမှာ ဆောက်လုပ်ဖို့ စီစဉ်ထားပြီး လက်ရှိမှာ အဆိုပါခုံးကျော် တည်ဆောက်ဖို့အတွက် အမှတ်အ သား ပြုလုပ်ခြင်းတွေကို ဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ်။
Unknown at 9:05 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
နှစ်သိန်းတန်ဖုန်း ရောင်းချမည့် အစီအစဉ်များ
 ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနနှင့် ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ဒေသတွင်း ဆက်သွယ်မှု ဆောင်ရွက်သည့် ကုမ္ပဏီတို့ ညှိနှိုင်း၍ မိုဘိုင်းလ် တယ်လီဖုန်းများ ရောင်းချမည့် အစီအစဉ်များမှာ
(က) ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြည်နယ်များအားလုံး၌ GSM မိုဘိုင်းလ်ဖုန်းများ စတင် ရောင်းချပါမည်။
(ခ) ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်နှင့် တိုင်းဒေသကြီး (၇) ခု၌ (ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေး မြို့မှအပ) GSM မိုဘိုင်းလ်ဖုန်းများ စတင်ရောင်းချပါမည်။
(ဂ) ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးမြို့များ၌ GSM မိုဘိုင်းလ်ဖုန်းများ စတင် ရောင်းချပါမည်။
(ဃ) ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ (ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးမြို့မှအပ) WCDMA မိုဘိုင်းလ်ဖုန်းများ စတင် ရောင်းချပေးမည် ဖြစ်ပါသည်။
(င) ၂၀၁၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေး မြို့တို့၌ WCDMA မိုဘိုင်းလ်ဖုန်းများ စတင် ရောင်းချပေးမည် ဖြစ်ပါသည်။
(စ) CDMA 450 MHz နှင့် CDMA 800 MHz မိုဘိုင်းလ်ဖုန်းများမှာ တည်ဆောက်ထားသည့် လိုင်းအင်အား ပြည့်နေပြီ ဖြစ်သဖြင့် လောလောဆယ်တွင် ရောင်းချပေးနိုင်ခြင်း မရှိသေးပါ။ ရောင်းချပေးနိုင်မည့် ကာလကို ထပ်မံ အသိပေး တင်ပြသွားမည် ဖြစ်ပါသည်။
(ဆ) ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှ စ၍ ရောင်းချပြီး ဖြစ်သည့် GSM မိုဘိုင်းလ်ဖုန်းများသည် ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးမြို့ စည်ပင်သာယာ နယ်နမိတ်များ အတွင်းသို့ လောလောဆယ်တွင် ယူဆောင်၍ ဆက်သွယ်ပြောဆို ရရှိနိုင်ခြင်း မရှိသေးပါ။ ကျန်ရှိသည့် မြန်မာ နိုင်ငံတစ်ဝှမ်းရှိ GSM/ UMTS Stations ရှိသည့် နေရာများတွင်မူ ဆက်သွယ် ပြောဆိုနိုင်ပြီ ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် GSM/ UMTS Network အား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ Transmission လမ်းကြောင်းများနှင့် Gateway များ တိုးချဲ့ ဆောင်ရွက်ခြင်း လုပ်ငန်းများ ပြီးစီးမည့် ၂၀၁၂ ခုနှစ် မေလ ပထမပတ်တွင် နေရာဒေသမရွေး ယူဆောင် ဆက်သွယ် ပြောဆိုနိုင်မည် ဖြစ်ပါသည်။
(ဇ) ရောင်းချရာတွင် ဒေသတွင်းရှိ အမှန်တကယ် သုံးစွဲလိုသော ဒေသခံ ပြည်သူများ လက်ဝယ်သို့ ရောက်ရှိရေး အတွက် ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး ဆက်သွယ်ရေး မန်နေဂျာများနှင့် ၎င်းဒေသတွင် စီမံကိန်းလုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီများ ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်သွားမည်ဟု သတင်းရရှိပါကြောင်း။
The Voice Weekly
Unknown at 9:03 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
" ဗုဒ္ဓမြတ်စွာအား ရိုင်းပြစွာ နောက်ပြောင်ခဲ့သည့် NBC ရုပ်သံအစီအစဉ်"
အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ဒေါသကြီးသည့် ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ယမန်နေ့က ထုတ်လွှင့်သွားခဲ့သည်။
ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပြသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့သည်။
ဦးစွာပထမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ဗုဒ္ဓပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံသိမြင်သော ဉာဏ်အားရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား ညွှန်ကြားပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော် လည်း ဗုဒ္ဓအနေဖြင့် လူအများမသိသော၊ အနီးကပ်တပည့်များသာသိသော အချက်များရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယိုသည့် ဒေါသကြီးသောဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့သည်။
ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့သည်။
ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂ္ဂိုလ်က "ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေးနဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။" ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာဖြင့် ပင် "သင်ကြိုက်သော်လည်း ပန်းပွင့်မှာ ကြွေမည်ဖြစ်သလို၊ မြေစာပင်မှာလည်း သင်မကြိုက်သော်လည်း ပေါက်မည်သာဖြစ်မည်။" ဟု ဖြေကြားခဲ့သည်။
အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြီး "ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။" ဟု ထပ်လောင်းမေးမြန်းရာ Samberg က "မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။" ဟု ပြန်လည်ဖြေ ကြားခဲ့သည်။
ပုဂ္ဂိုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ "ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။" ဟု နောက်ပြောင်ပြောဆိုခဲ့သည်။
ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး "ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။" ဟု ဆိုခဲ့ရာ Samberg က "တရားရဖို့ နည်းလမ်းတစ်ခုထဲသာ ရှိတာမဟုတ်ပါဘူး။ ရေခွက်တစ်ခုကို ရေတစ်ပေါက်ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။" ဟု ပြောကြားသွားခဲ့သည်။
ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ "ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက် လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုးကြိုက်တတ်ပါတယ်။ ဟားဟားဟား။" ဟု ရိုင်းပြစွာ ဆိုသွားခဲ့သည်။
အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်သို့ရောက်ရှိရေး တရားပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေပဲ အမျိုးသမီးအား "ရှိတာပေါ့ သမီး ငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက်ကို ပြန်လာခဲ့လေ။ အတူတူ တရားအားထုတ်တာပေါ့။" ဟု ဆိုခဲ့သည်။
ထို့နောက် Lindsay Lohan က "ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။" ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် "ငါရောက်မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ်ထင်တယ်။" ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့သည်။
Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ "သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာကတော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်းတွေတောင် ကြားရမှာကွ။ ဟားဟားဟား။" ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
SNL အစီအစဉ်သည် အမေရိကန်နိုင်ငံတွင် နာမည်ကျော်သော ဟာသအစီအစဉ် တစ်ခုဖြစ်ပြီး အများသူငါအား ပွင့်လင်းစွာ လှောင်ပြောင်သည့် (Spoofs) အသုံးအနှုန်းများ အစဉ်အမြဲ အသုံးပြုလေ့ရှိသည်။ ယင်းတို့အနေဖြင့် ယခင်က ယေရှုအားလည်း ယခုကဲ့သို့ပင် နောက်ပြောင်ခဲ့ဖူးသည်။
ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတစ်ခုတွင် လူတိုင်းလူတိုင်း လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့် ရှိသည်မှာ မှန်သော်လည်း ယခု ကဲ့သို့ ဘာသာတရားတစ်ခုအား ပျက်ရယ်ပြုခြင်း၊ ဗုဒ္ဓမြတ်စွာအား အတုယောင်ပြုပြီး၊ ညစ်ညမ်းသော အသုံးအနှုန်းများဖြင့် နောက် ပြောင်ပြောဆိုခဲ့ခြင်းတို့မှာ လုံးဝဥဿုံ မလုပ်သင့်မလုပ်ထိုက်သည့် အရာများဖြစ်ခြင်းကြောင့် NBC ရုပ်သံလိုင်းနှင့် SNL အစီအစဉ် အား ရွှေလုံးမှ ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။
မှတ်ချက် - SNL အစီအစဉ်မှ တာဝန်ရှိသူများအား ဆက်သွယ်ရန် ကြိုးပမ်းခဲ့ခြင်းမှာ အောင်မြင်မှု မရရှိခဲ့သလို အီးမေးလ်ပေးပို့ ထားခြင်းအားလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်များထံသို့ ဤသတင်းအား မျှဝေပါရန် တိုက်တွန်း အပ်ပါသည်။ ဤသတင်းအပေါ် စာဖတ်သူတို့၏ တုန့်ပြန်ပြောဆိုမှုများအားလည်း NBC ရုပ်သံဌာနသို့ ပေးပို့သွားမည် ဖြစ်ပါသည်။
http://www.simon-blog.com/2012/03/nbc.html#.T1W86lt-Qwo မှာ အသေးစိတ်လေ့လာနိုင်ပါတယ်..
Like · · Follow Post
Lovelynono Noenoe likes this.
'ဌေး' သာမဏေကျော် မိမိတို့ဘာသာအတွက် တတ်နိုင်တဲ့ဖက် ကာကွယ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။
21 hours ago · Unlike · 8
မျိုး သွင် ကို တပည့်တော်လည်း အတူတူပါဘဲ ဘုရား...:)
21 hours ago · Like · 1
May Laminn Khin သိပ်မကြာခင်နှစ်များတုန်းက appleက ကြေညာတွေ akon သီချင်းတွေထဲတောင် စော်ကားသလိုတွေ ဖြစ်ခဲ့တာတွေ့ခဲ့ရသေးတယ်။ တစ်ဖက်က ကြည့်ရင် ကိုယ့်ဘာသာကို စိတ်ဝင်စားလာတဲ့ သဘောပဲ။ လမ်းမှန်ပြင်ပေးမယ့်သူတွေ သူတို့နဲ့ နီးစပ်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။
21 hours ago · Like · 2
TunTun Win
အသေအချာ စဉ်းစားကြည့် ၇င် ဒိအနောက်တိုင်းက လူတွေ က သူတို့ ခရစ်ယာန် ဘာသာကို ပဲ လေးစားတာပါ ဒါ တောင် အချို့ က သူတို့ ချင်းမလေးစားတာရှိသေးတယ် ..ဘာပဲ ဖြစ် ဖြစ် ဒီနေရာက နေ ပြောချင်တာ က မွတ်စလင်တွေ ကို သူတို့ အခု လိုမျိုးသရော် ခဲ့ တယ် ..မကောင်းပြော...See More
21 hours ago · Like · 3
Lovelynono Noenoe
ခုချိန်မှာဘာသာရေးကြောင့် နောက်ထပ်အဆင်မပြေမှုတခုအနေနဲ့ ကိုဒေါ်အောင်ဆန်းစုကြည်ကရော....သာသနာရေးဝန်ကြီးကရော..လုပ်ပါ့ မလား...ဘာသားရေးအဓိကရုဏ်းကြီးဖြစ်မလာနိုင်ဘူးလို့ ရောပြောလို့ ရပါ့ မလား...အပျက်သဘောကိုရှေ့ တန်းတင်ပီးပြောတာမဟုတ်ပါဘူး...မလိုလားအ...See More
20 hours ago · Like · 1
Meme Ookhin အမေရိကန်ဆိုတော့ အမေစုအနေနဲ့ ပြောရင် ပြဿနာရှိနိုငမယ်မထင်ပါ..။ ဒီလိုလုပ်ခြင်းအားဖြင့် သာသနာကိုတန်ဖိုးထားချစ်တယ်ဆိုတဲ့ အမေစုရဲ့ စိတ်ရင်းကို သက်သေပြရာရောက်ပါတယ် ..။
 ဘကြီးသက် Facebook မှ.....
Unknown at 9:01 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.