Thursday, January 12, 2012

အိမ်မှာနေပြီး လစာကို နိုင်ငံခြားငွေနဲ့ ထုတ်ယူနေ


နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီး လေးဦးလုံး ရာထူးက နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက နှုတ်ထွက်သွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီး ၄ ဦးကတော့ ဒေါ်အေးအေးသစ်ရွှေ၊ ဒေါ်ကြည်ကြည်ရွှေ- ဒေါ်ခင်ပြုံးရွှေနဲ့ ဒေါ်သန္တာရွှေတို့ ဖြစ်တယ်။
၂၀၁၀ ခု နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီး လေးဦးလုံး ခုလို ရာထူးက ရုတ်တရက် တပြိုင်ထဲ နှုတ်ထွက်သွားတာဖြစ်ပါတယ်။ တူညီတဲ့အချက်က သမီးလေးဦးလုံး ရုံးမတက်ဘဲ အိမ်မှာနေပြီး လစာကို နိုင်ငံခြားငွေနဲ့ ထုတ်ယူနေတာဖြစ်တယ်။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ သမီးတွေဖြစ်တဲ့ ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ ၂ ဦးဆိုရင် စင်္ကာပူုမြန်မာသံရုံးမှာ ပထမအတွင်းဝန်ရာထူးနဲ့ တာဝန်ပြထားပေမဲ့ သမီး ၂ ဦင်္းလုံး စင်္ကာပူမသွားဘဲ နေပြည်တော်အိမ်မှာ နေကြတယ်။ ခုလို စင်္ကာပူမသွားဘဲ နေပြည်တော်မှာ နေတာတောင် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်ကစပီး ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ ၂ ဦးလုံးကို သံမှူး (Counselor) ရာထူုး တိုးပေးလိုက်လို့ အရပ်သားသံတမန်တွေ မကျေမနပ် ဖြစ်ကုန်ပါတယ်။



ကြံ့ဖွံပါတီပိုင် ဘိလပ်မြေစက်ရုံကို ကျောက်ဆည်အရှေ့ဘက် သံတော်မြတ်တောင်မှာ တည်ဆောက်နေတယ်။ ဒီစီမံကိန်းအတွက် ကြံ့ဖွံ့ပါတီက ၃၂%၊ Mother Trading Co.၊ ကျော်သာကုမ္မဏီ၊ ရတနာသိင်္ဂီကုမ္မဏီ Fortune ကုမ္မဏီတွေက ကုမ္မဏီတခုကို ၁၇% စီ ရှယ်ယာထဲ့ဝင် ရင်းနှီးထားပါသတဲ့။ ကြံ့ဖွံပါတီပိုင် ဒုတိယဘိလပ်မြေစက်ရုံကို ဗန်းမော်ခရိုင်ထဲမှာ တည်မှာဖြစ်ပီး ဆက်သွယ်ရေးဝန်ကြီးဟောင်း သိန်းဇော်ရဲ့သားနဲ့ ကချင်လုပ်ငန်းရှင်ကြီးတချို့ပါဝင် လုပ်ကိုင်နေပါတယ်။ ဘိလိပ်မြေစက်ရုံတည်ရင် ခေါက်ချိုးမြတ်တဲ့အတွက် ကြံ့ဖွံပါတီ ရံပုံငွေကို ဒီစက်ရုံတွေက ငွေရှာပေးမယ်။


ရန်ကုန် ကမ်းနားလမ်းမှာရှိတဲ့ ယခင် စက်မှု(၁)၀န်ကြီးဌာနပိုင် ရွှေဆပ်ပြာထုတ်နေတဲ့ အမှတ်(၁) ဆပ်ပြာစက်ရုံကြီးကို ကြံ့ဖွံပါတီကနေ ပုဂ္ဂလိကို ကျပ်ငွေ သန်း ငါးသောင်းတိတိနဲ့ ရောင်းဘို့ ကြော်ငြာထားပါတယ်။ နိုင်ငံပိုင် ဒီစက်ရုံကို ကြံ့ဖွံ့ပါတီက ဘယ်တုံးက သိမ်းယူလိုက်သလဲ…ဘယ်လိုနည်းနဲ့ သိမ်းယူခဲ့သလဲဆိုတာ လွှတ်တော်အမတ်တွေ မေးသင့်ပါတယ်။ ခုတော့ သူပိုင်စက်ရုံပါဆိုပီး ကြံ့ဖွံပါတီက ကျပ် သန်းပေါင်း ငါးသောင်းနဲ့ ရောင်းနေသတဲ့။ ဒီတိုင်းပြည်မမွဲ ဘယ်တိုင်းပြည် မွဲမလဲ။


၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ထဲက အရေးကြီးတဲ့ နိုင်ငံပိုင် လုပ်ငန်းကြီးတွေမှန်သမျှ သန်းရွှေနဲ့ မောင်အေး ခွဲယူလို့ ကုန်ပါပီ။ ယူတဲ့နေရာမှာ မောင်အေးဆိုရင် ဆရာကျောင်းအမည်နဲ့ ယူသွားတာ။ သန်းရွှေက တေဇအမည်နဲ့ ယူသွားတာ။ ကောင်းတဲ့ စက်ရုံမှန်သမျှကိုလဲ ကာကွယ်ရေးဝန်ကြီးဌာနပိုင် MEC ခေါ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ယူသွားဘီ။ လာမဲ့ ဧပြီ(၁)ရက်ကစပီး ကျန်တဲ့ အရှုံးပေါ်နေတဲ့ စက်ရုံအစုတ်တွေအတွက် အစိုးရက ဘတ်ဂျက်မပေးဘို့ ဆုံးဖြတ်ထားတယ်။ စက်ရုံမှူးတွေက အစိုးရဆီက ငွေချေးပီး စက်ရုံတွေလည်။ ချေးငွေကို ပြန်ဆပ်။ အခွန်ဆောင်။ မြတ်အောင်မလုပ်နိုင်တဲ့ စက်ရုံမှူးကို အရေးယူမယ် လို့ စက်မှုဝန်ကြီး စိုးသိန်းက ပြောတယ်။ ၂၀၁၁ ခု ဧပြီလကနေ ဒီဇင်ဘာထိ ၉ လအတွင်း သာပေါင်းပျော့ဖတ်စက်ရုံတခုထဲက ရှုံးတဲ့ကျပ်ငွေပေါင်း သန်း၂၇၀၀ ရှိပါတယ်။


ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ထိုင်းအကူအညီနဲ့ တည်ဆောက်ရန် အဆိုပြုထားတဲ့ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားစက်ရုံ စီမံကိန်းကို မြန်မာအစိုးရဘက်က ဗြုံးစားရပ်လိုက်တဲ့အတွက် ထိုင်းကုမ္မဏီတွေ အတော်အထိနာသွားပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံမှာ ကြိုတင်တွက်ဆလို့မရတဲ့ စီးပွားရေးအခြေအနေမျိုးရှိနေတာကို ပြသနေတယ်လို့ ဒီကနေ့ထုတ် Bangkok Post သတင်းစာက ရေးပါတယ်။နိုင်ငံခြားသား ရင်းနှီးမြုတ်နှံသူတွေ မြန်မာပြည်မလာတာ ဆန်ရှင်ကြောငိ့ မဟုတ်ပါ။ Bangkok Post သတင်းစာက ပြောသလို ကြိုတင်တွက်ဆလို့မရတဲ့ စီးပွားရေးအခြေအနေမျိုးကြောင့်ပါ။ ဥပဒေ ခိုင်ခိုင်မာမာနဲ့ နိုင်ငံခြားသားအရင်းအနှီးကို ကာကွယ်မပေးနိုင်ရင် ဆန်ရှင်ဖွင့်လဲ ဘယ်သူမှမလာပါ။ ဈေးကွက်စီးပွားရေးလို့ ဒင်းတို့ပြောလာတာ နှစ်၂၀ကျော်ဘီ။ Technology Transfer နဲ့ ပတ်သက်တဲ့ ဥပဒေ ခုထိမရှိ။ ဗီယက်နမ်မှာ လွန်ခဲ့တဲ့ နှစ် ၂၀ကျော်ထဲက ရှိနေတယ်။


ဦးသိန်းစိန်ကို ဒုတိယအကြိမ်တွေ့ဘို့ ဒေါ်စု ခွင့်တောင်းပေမဲ့ ဦးသိန်းစိန်က တွေ့ခွင့်မပေးဘူးလို့ ကြားရတယ်။
http://www.heraldsun.com.au/news/world/suu-kyi-could-get-government-role/story-e6frf7lf-1226239457281
Unknown at 4:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖုန်းပြောဆိုချိန်ကြာမြင့်သည့် ဖုန်းများ လိုင်းပိတ်ခံရဟု ဆို


အောက်တိုဘာလမှစ၍ ဖုန်းပြေဆိုချိန်ကြာသည့် ဖုန်းများအား လိုင်းပိတ်သိမ်းခံရမှုများမှာ အလုံးရေ ရာဂဏန်းနီးပါးအထိ ရှိနေကြောင်း သိရသည်။ “အောက်တိုဘာမှ စသတိထားမိတာပဲ။ အလုံး ၅၀၊ ၆၀ လောက် အပိတ်ခံရတယ်ကြားတယ်။ ငါးသိန်းဖုန်းတွေရော၊ ၁၅ သိန်းဖုန်းတွေရော၊ စီဒီအမ်အေ၊ ဂျီအပ်စ်အမ် အစုံပါတယ်။ တစ်ရက်တည်းကို ဖုန်းသုံးလေးနာရီ ကြာအောင် ပြောလိုက်တာနဲ့ နောက်တစ်ရက်ပိတ် တော့တာပဲ။ ဆက်သွယ်ရေးကိုဖုန်းဆက်ပြီး အကျိုးအကြောင်းမေးရင် နယ်စပ်ဖြတ်ကျော် ပီစီအိုလို့ သံသယရှိတယ်ဆိုပြီး ပိတ်တာ။ ရုံးချုပ်ကပိတ်တာဆိုပြီး ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို လှမ်းချိတ်ခိုင်းတယ်။ အဲဒီကို သွားပြီး Complaint တက်ခိုင်းတယ်။ “ကျွန်တော်တို့ မြန်မာလူမျိုးတွေက ရုံးတွေဘာတွေ သွားရတာကို သိပ်မလုပ်ချင်ကြဘူးဆိုတော့ အဲလိုနဲ့ ဖုန်းတွေဆုံးရှုံးကုန်တာပဲ။ တချို့ Complaint သွားတက်တဲ့ လူတွေကျတော့လည်း ဘာမှမထူးဘူး။ ပြန်မဖွင့်ပေးဘူး။ တကယ်ပဲ နယ်စပ်ဖြတ်ကျော် ပီစီအို လုပ်စားနေတဲ့ လူတွေရှိပါတယ်။ ဒါပေမယ့် အကုန်လုံးကို ဖုန်းပြောချိန်ကြာတာလေးနဲ့ ဝါးလုံးသိမ်းပိတ်ပစ်တာတော့ မကောင်းဘူး။ သေချာစုံစမ်းပြီးမှ လုပ်စေချင်တယ်။ အဲလိုသံသယနဲ့ပိတ်တဲ့ ဖုန်းတွေတော်တော်များများ အခုထိ လိုင်းပြန်မပွင့်ကြသေးဘူး” ဟု ဖုန်းအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ “ကျွန်တော်တို့လုပ်ငန်းက ဖုန်းကို အားပြုပြီးပဲ လုပ်နေရတာ။ ဘယ်နိုင်ငံက ဖုန်းနဲ့မှ လည်းချိတ်ပြီးမသုံးပါဘူး။ ကိုယ်တိုင်ပဲ သုံးတာပါ။ ဖုန်းမရှိတဲ့ လူတွေလာပြောလည်း ပေးပြောလိုက်တယ်။ ဒီလောက်ပါပဲ။ ဖုန်းများများပြောလို့ ပိတ်တယ်ဆိုတာတော့ အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော်တို့ ဖုန်းများများပြောရင် ဆက်သွယ်ရေးအတွက် ဘဏ္ဍာငွေ တောင်းရသေးတယ်။ တကယ်လို့ဖုန်းကို အချိန်အကြာကြီး ပြောလို့မရဘူးဆိုရင်လည်း ဖုန်းကို ဘယ်လောက်ကြာကြာ ပြောရင် လိုင်းပိတ်ပါမယ်ဆိုပြီး သတင်းစာထဲကနေ ထည့်ကြေညာသင့်တယ်။ ဒါမှ ကျွန်တော်တို့လည်း သတိထားနိုင်မှာ ပါ” ဟု အပိတ်ခံရသည့် ဖုန်းပိုင်ရှင် ကိုကျော်သိန်းဝင်းက ပြောသည်။ “ဖုန်းက ၁၅ သိန်းဖုန်းပါ။ ဝယ်တာနှစ်လလောက်ပဲ ရှိသေးတယ်။ အရင်လတွေကလည်း အဲလောက်အများကြီး မပြောပါဘူး။ အဲဒီတစ်ရက်ပဲ အချိန်ကြာကြာ ပြောလိုက်တယ်။ လိုင်းပိတ်သွားတော့ ဘီလ်ကုန်တယ်ထင်ပြီး နောက်နေ့မှာ သွားဆောင်သေးတယ်။ ဒါပေမယ့် ဆောင်ပြီး နောက်တစ်ရက်လည်း ပြန်မပွင့်လို့ ထပ်မေးမှ မန္တလေးရုံးက ပိတ်တာမဟုတ်ဘဲ ရန်ကုန်ရုံးက ပိတ်တာဆိုပြီး စာတင်ခိုင်းလို့စာတင်ထားတယ်။ အခုထိလည်း ဘာမှအကြောင်းမပြန်သေးဘူး။ အဲဒီဖုန်းလည်း ပိတ်ထားခံရတုန်းပဲ” ဟု ချမ်းအေးသာစံမြို့နယ် အောင်တောင်မူရပ်ကွက်မှ ဖုန်းပိတ်ခံရသူ တစ်ဦးကလည်း ဆိုသည်။ “ဖုန်းပိတ်တယ်ဆိုတာ အကြောင်း အမျိုးမျိုးရှိပါတယ်။ ဘီလ်ကုန်တာတို့၊ အမှုအခင်းနဲ့ ပတ်သက်တာတို့၊ နှောင့်ယှက်လို့ဆိုပြီး တိုင်ကြားခံရတာတို့ စသဖြင့်ပေါ့။ နယ်စပ်ဖြတ်ကျော်သုံးစွဲတဲ့ သံသယနဲ့ ပိတ်တာကတော့ ရန်ကုန်နဲ့ ရုံးချုပ်က ပိတ်ခိုင်းတာတွေရှိလို့ပါ။ အဲတော့ တကယ်တမ်း ကိုယ်ဘာပြစ်မှုကျူးလွန်မထားဘဲ ပိတ်ခံရတယ်ဆိုရင်တော့ သက်ဆိုင်ရာတာဝန်ရှိသူနဲ့တွေ့တာတို့၊ စာတင်တာတို့ လုပ်သင့်ပါတယ်။ မန္တလေးကို စာတင်တယ်ဆိုရင်လည်း ရန်ကုန်ကို လှမ်းပို့ပေးပါတယ်။ ရန်ကုန်က ခွင့်ပြုတဲ့ စာကျရင်တော့ ပြန်ဖွင့်ပေးမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခင်က နယ်စပ်ဖြတ်ကျော် ပီစီအိုဖုန်းများအား စုံစမ်းစစ်ဆေးသည့် အဖွဲ့အစည်းတစ်ခု ရှိခဲ့ပြီး ယင်းအဖွဲ့ကို အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းပြီးနောက် ယခုကဲ့သို့ သံသယဖြင့်ပိတ်သိမ်းမှုများ ဖြစ်နေခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ  ၁၃ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 12:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမေရိကန် စီးပွားရေးသမားတွေ မြန်မာပြည်သွားမည်

အမေရိကန် ပြည်ထောင်စုက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန်က ဆက်ဆံရေးတွေ တိုးမြှင့်လာနေချိန်မှာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေ ရှေ့လထဲလောက် သွားဖို့ရှိနေတဲ့အကြောင်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးကို ကိုးကားပြီး ရိုက်တာစ် သတင်းက ဖော်ပြလိုက်တာပါ။

နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) မြန်မာနိုင်ငံကို နိုဝင်ဘာလထဲ သွားရောက်ခဲ့တဲ့အထိ ၂ နိုင်ငံကြား ဆက်ဆံရေးတွေ တိုးတက်လာတာမို့ စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းတွေ ပေါ်ပေါက် လာလိမ့်မယ်လို့လည်း အများကတော့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ဝန်ကြီး ကလင်တန်ရဲ့ ခရီးစဉ် နောက်ပိုင်းမှာလည်း စီးပွားရေး ကိစ္စရပ်တွေအတွက် နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံတွေက သံတမန်တွေနဲ့ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြတာပါ။ အမေရိကန် ကုဋေကြွယ်သူဋ္ဌေး တဦးလည်းဖြစ်၊ လူမှုရေး လုပ်ငန်းတွေလည်း လုပ်ဆောင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင် ဂျော့ဂ်ျ ဆိုရော့စ် (George Soros) ဟာ ဆိုရင်လည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကုန်ကစလို့ သီတင်း တပတ်ကျော်ကြာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

အမေရိကန် အစိုးရ တာဝန်ရှိသူတွေ ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်မှု ရှိလာတာနဲ့အမျှ တုန့်ပြန်သွားမှာ ဖြစ်တယ်လို့ ပြောထားတာ ဖြစ်ပေမဲ့ လတ်တလောမှာတော့ ပြစ်ဒဏ်ခတ် အရေးယူထားတာတွေ ပြန်လည်ရုပ်သိမ်း ရလောက်တဲ့အထိ တိုးတက်မှုတွေ ရှိတယ်လို့ မယူဆသေးတဲ့ အကြောင်း ပြောဆိုထားကြတာပါ။
လက်ရှိ ချမှတ်ထားတဲ့ ဒဏ်ခတ်မှု ဥပဒေကတော့ အမေရိကန် အခြေစိုက် စီးပွားရေး လုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းသစ်တွေ လုပ်ကိုင်ခွင့်ကို တားမြစ်ထားပါတယ်။
VOA
Unknown at 12:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Global Vision ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည် ကို ချီးမြှင့်

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့  အခြေစိုက် Asia Society အဖွဲ့ကြီးက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ရဲ့အမြင့်ဆုံး Global Vision ဂုဏ်ထူးဆောင်ဆုကို ဗုဒ္ဓဟူးနေ့ညက ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
အာရှနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ရှိကြတဲ့ ပြည်သူတွေ၊ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေကြားမှာ အပြန်အလှန် နားလည်မှု ရရှိရေး ဆောင်ကြဉ်းနိုင်ခဲ့သူ နှစ်ဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးဟောင်းလည်းဖြစ်၊ Asia Society အဖွဲ့ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်တဲ့ John Whitehead တို့ကို ဒီဆု ချီးမြှင့်လိုက်တာပါ။ နှစ်လည် ဆုပေးပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပေးပို့လိုက်တဲ့ ဆုလက်ခံကြောင်း ဗီဒီယို သဝဏ်လွှာကို ပြသပါတယ်။ ဗီဒီယို သဝဏ်လွှာနဲ့ ပတ်သက်ပြီး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ မစ္စတာဂျက်ဖ် စပင်ဆာက ဒီမိုကရေစီရေး အတွက် ပြည်သူတွေ အတွက် နှစ်ရှည်လများ ကြံ့ကြံ့ခံပြီး ကြိုးပမ်းခဲ့တာတွေ၊ ပိုမို ပွင့်လင်း ကောင်းမွန်တဲ့ နိုင်ငံ ဖြစ်လာဖို့ အစိုးရနဲ့ အဖြေရှာနေတာတွေ အတွက် ဒီဆုကို ပေးအပ်ကြောင်း၊ ရန်ကုန်မြို့မှာ သွားရောက် အကြောင်းကြားခဲ့တဲ့ Asia Society ကိုယ်စားလှယ် အဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေက ဗီဒီယို ရိုက်ကူးခဲ့တာလို့ ပြောပါတယ်။ Asia Society အဖွဲ့ ဒု ဥက္ကဋ္ဌ ဆူဇန် ဒီမက်ဂျီယို ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာအစိုးရ အဖွဲ့ဝင်တွေ၊ တခြား နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ကိုင်နိုင်မယ့် ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။
RFA
Unknown at 12:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကားဟောင်းဈေး၊ ကားပါမစ်ဈေးများ အနည်းငယ်ကျဆင်း

မော်ဒယ်မြင့်ကားများ တင်သွင်းခွင့်ပြုလိုက်သည့် သတင်းနှင့်အတူ ရုတ်တရက် မြင့်တက်သွားသည့် ကားဟောင်းဈေး၊ ကားပါမစ်ဈေးများမှာ အနည်းငယ်ပြန်လည်ကျဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။
ကားဟောင်းဈေး၊ ကားပါမစ်ဈေးများမှာ မော်ဒယ်မြင့်ကားများ တင်သွင်းခွင့်ပြုမည့် သတင်းမထွက်ပေါ်မီက ကျပ်သိန်း ၁၀၀ ၀န်းကျင်သာရှိရာမှာ သတင်းပေါ်ထွက်ပြီး နောက် ကျပ်သိန်း ၁၅၀ မှ ၁၅၅ သိန်းအထိ ခုန်တက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ကျပ်သိန်း ၁၄၀၊ ၁၄၅ သိန်းဝန်းကျင်သို့ အနည်းငယ် ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကားတင်သွင်းရောင်းချသူ ၀ယ်ရောင်းတစ်ဦးက ''ရုတ်တရက်မြင့်ပြီဆိုရင် ဈေးမှန်မဟုတ်တဲ့ဈေးကို အရင်ရောက်တယ်။ ပြီးမှ ဈေးမှန်ကိုပြန်ဆင်းသွားတတ်တာ ဈေးကွက်တိုင်းမှာဖြစ်နေတာပဲ။ အခုလည်း မော်ဒယ်မြင့် သတင်းနဲ့အတူ ကားဟောင်းဈေးက ကျပ်သိန်း ၅၀ အထိခုန်တက်သွားတယ်။ အခု ၁၀ သိန်းလောက် ပြန်ကျသွားတယ်။ ပြန်တော့မတက်တော့ ဘူး၊ ဒါပေမယ့် ထပ်ပြီးတော့လည်း အများကြီးမကျတော့ဘူး။ ဘာကြောင့် မကျတော့သလဲဆိုရင် မကြာခင်က ကြေညာခဲ့တဲ့ သင်္ဘောသားပါမစ်နဲ့ ပြည်ပမှာအလုပ်လုပ်ကိုင်တဲ့ သူတွေတင်သွင်းဖို့အတွက် ချထားပေးမယ့်ပါမစ်က လူအများကြိုက်တဲ့ ကားတွေသွင်းဖို့ခက်တယ်။ ၂၀၀၇ မော် ဒယ်အထက်ဖြစ်လို့ အများကြီးရင်းရမယ်။ ကားနှစ်စီးသုံးလို့ရတာကို တစ်စီးတည်းစီးရမှာကလည်း အကန့်အသတ်တစ်ခု ဖြစ်နေမှာလေ။ ကားဟောင်းပိုင်ရှင်တွေကလည်း သိန်း ၁၁၀ လောက်နဲ့ မရောင်းနိုင်တော့ဘူး။ အဲဒီအတွက် ကျပ် ၁၃၀ သိန်းနဲ့ ၁၄၀ ၀န်းကျင်မှာပဲ ငြိမ်သွားမှာပဲ။ ဒါကြောင့် ကားဟောင်းပါမစ်ဈေးက ထပ်ပြီးတော့ ကျလည်းနည်းနည်းပဲ။ ဒီထက်ပိုမကျနိုင်ဘူး။ ရုတ်တရက် မြင့်တက်သွားတဲ့ဈေးအထိလည်း ပြန် မဖြစ်နိုင်တော့ဘူး'' ဟု သုံးသပ်ခဲ့သည်။
ယခုဈေးကွက်အတွင်း အများစု ၀ယ်ယူစီးနင်းနေသည့် ကားများမှာ ကျပ်သိန်း ၃၀၀ မှ ၄၀၀ ကြားကားများသာဖြစ်သည့်အပေါ် ကားဝယ်ရောင်းတစ်ဦးကလည်း''၂၀၀၇ မော်ဒယ်အထက်ဆိုရင် ဆလွန်းစီးရင်တောင် ကျပ်သိန်း ၆၀၀ လောက်ကျသင့်မယ်။ SUV အမျိုးအစားဆိုရင် ကျပ်သိန်း ၉၀၀၊ ၁၀၀၀ လောက်ထိ ပေးရလိမ့်မယ်။ ကျပ်သိန်း ၃၀၀ က နေ ၄၀၀ ၀န်းကျင်ဆို နှစ်စီးလောက် စီးလို့ရနေပြီလေ။ 'ထ' နံပါတ်ကား ဟောင်းတွေကစပြီးနောက်ပိုင်းကို ၂၀၀၆ မော်ဒယ်အထိအများစုက သွင်းကြမှာဖြစ်လို့ ကျပ်သိန်း ၃၀၀၊ ၄၀၀ ၀န်းကျင်ကားတွေ ၀င်တာနည်းသွားနိုင်သလို သင်္ဘောသား၊ ပြည်ပမှာ လုပ်ကိုင်နေတဲ့သူတွေနဲ့ လုပ်ငန်းရှင်တွေသွင်းလို့ရတာကလည်း ၂၀၀၇ မော်ဒယ်ကနေ ၂၀၁၂ မော်ဒယ်အထိပဲ သွင်းရမှာဖြစ်လို့ သိန်း ၃၀၀၊ ၄၀၀ ကားတွေဝင်တာနည်းနိုင်တယ်။ ရှိပြီးသားနဲ့သွင်းနေဆဲ သိန်း ၃၀၀၊ ၄၀၀ တန်ကားတွေက ဈေးနည်းနည်းလေးတောင် မြင့်လာနိုင်တယ်။ ကားဟောင်းပါမစ်ဈေးကလည်း ဒီဈေးကွက်အနေအထားပေါ်မှာလိုက်ပြီး အခုဈေး ထက်သိပ်မကျနိုင်တော့ဘူး။ အများစု ၀ယ်ယူစီးနင်းနိုင်တဲ့ အနေအထားကြောင့်ပါ''ဟု ရှင်းပြခဲ့သည်။
EMG
Unknown at 12:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံတော်သမ္မတကြီး ကြည့်မိစေလိုပါသည်

 
 
အမေရိကန်ပြည်ထောင်စု အနောက်မြောက်ဘက်တစ်လွှားမှာ ဒီလို ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကြီး ၂၀ ကျော်နဲ့ တစ်နှစ်ကို လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၇၀ ကျော် ထုတ်လုပ်ကာ လူနေအဆောက်အဦးနဲ့ စက်ရုံအလုပ်ရုံပေါင်း ၄ သန်းကျော်ကို လျှပ်စစ် ဓါတ်အားထုတ်ပေးနေတဲ့ First Energy ကုမ္ပဏီကြီးရဲ့ ကျောက်မီးသွေးသုံးစက်ရုံအလုပ်လုပ်ပုံနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ထိန်းသိမ်းထားနိုင်ပုံကို သရုပ်ဖေါ်ထားတဲ့ 3D animated coal plant tour လေးပါခင်ဗျား...။
ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံကထွက်လာတဲ့ စွန့်ပစ်ထွက်ကုန်တွေနဲ့ အဆင့်မြင့်ကွန်ကရစ်တွေဖေါ်စပ်ပြီး နိုင်ငံရဲ့ လမ်းဖေါက်လုပ်ရေး လုပ်ငန်းတွေ ၊ အဆောက်အဦးတည်ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ပါတယ်ခင်ဗျား ။ 

၂၀၁၁ခု စာရင်းဇယားများအရ တစ်ကမ္ဘာလုံးလျှပ်စစ်ထုတ်လုပ်မှုရဲ့ ၄၁ % ၊ အမေရိကန်ပြည်ထောင်စုတစ်ခုလုံးရဲ့ ၄၅% ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၉% ၊ အိန္ဒိယနိုင်ငံတစ်နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှုရဲ့၆၉%ဟာ ကျောက်မီးသွေးက ထုတ်လုပ်ပါသည်ခင်ဗျား ။ ကမ္ဘာကလက်ခံသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီသည့် နည်းစဉ်များ ရှိနေပြီးဖြစ်ပါသည်ခင်ဗျား ။

တစ်ဘက်တွင် သဘာဝပတ်ဝန်းကျင်အတန်အသင့်ထိခိုက်သော်လည်း အခြားတစ်ဘက်တွင် လျှပ်စစ်ရရှိမှုကြောင့် သန်းနှင့်ချီသောပြည်သူလူထုနေ့စဉ်စားဝတ်နေရေး အတွက် လောင်စာအဖြစ် သုံးနေရသော ထင်းမီးသွေးများ သုံးစရာမလိုတော့သဖြင့် သစ်တောပေါင်းများစွာကို အကာအကွယ်ပေးနိုင်မည့်အပြင် ထိုမီးဖိုများမှနေ့စဉ်ထုတ်လွှတ်သော ကာဘွန် တန်ပေါင်းများစွာ ကိုလည်းလျှော့ချနိုင်မည် ဖြစ်ပါသောကြောင့် တစ်ဘက်ကဆုံးရှုံးသွားသော သဘာဝပတ်ဝန်းကျင်ကို အခြားတစ်ဘက်တွင်  ပြန်လည် ထိန်းသိမ်းနိုင်မည်သာ ဖြစ်ပါသည် ။


ကမ္ဘာ့စံနှုံးများအရ ၁၀၀၀ မီဂါဝပ်ရှိသော ကျောက်မီးသွေးသုံးစက်ရုံတစ်ရုံမှ တစ်နှစ်ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏသည် ကီလိုဝပ်နာရီပေါင်း ( ၇ ) ဘီလီယံ ခန့်ထွက်ရှိမည်ဖြစ်ရာ ၁၀၀ ၀ပ်မီးချောင်း ၈ သန်းခန့်ကို ၂၄ နာရီ တစ်နှစ်ပတ်လုံး မီးလင်းစေနိုင်သော ပမာဏဖြစ်ပါသည် ။ ထိုပမာဏသည်ပင်လျှင် ယခု ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်း သုံးနေသော ပမာဏထက်ပိုပါသည် ။ ၄၀၀၀ မီဂါဝပ်ကို ရပ်ဆိုင်းမိပါလျှင် ထိုထက် ၄ ဆ ဆုံးရှုံးသွားနိုင်ပါသည် ။ 


ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံများတည်ဆောက်ခြင်းသည် ဆည်တမံများတည်ဆောက်ခြင်းကဲ့သို့ ဆယ်စုနှစ်ချီ၍ ကြာသော စီမံကိန်းများ မဟုတ်သဖြင့် တိုင်းပြည်၏ အပြောင်းအလဲကို ရေတိုကာလအတွင်း ပြည်သူများခံစားနိုင်မည်ဖြစ်ပါသည် ။


သို့ဖြစ်ပါ၍ သမ္မတကြီးအနေဖြင့် အမျိုးသားအကျိုးစီးပွားကို ရှေးရှု၍ ထားဝယ်ရေနက်ဆိပ်ကမ်း ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ စီမံကိန်းအား ရပ်ဆိုင်းလိုက်ခြင်းအပေါ် ပြန်လည်သုံးသပ်ပေးစေလိုပါသည်ခင်ဗျား ။ ၄၀၀၀ မီဂါဝပ်စက်ရုံစီမံကိန်းသည် တစ်နေရာတည်းတွင် ကြီးမားသောပမာဏဖြစ်ပါက  မိမိနိုင်ငံသုံးအတွက် သင့်တင့်သောပမာဏ ကိုခွင့်ပြုပေးစေလိုပါသည်ခင်ဗျား ။


မီဒီယာများအနေဖြင့် တစ်ဘက်နိုင်ငံကပြည်သူများ လက်မခံသောစက်ရုံကြီး မိမိနိုင်ငံဘက်မှာ လာဆောက်ခြင်းအပေါ် မချင့်မရဲဖြစ်ပြီး မျိုးချစ်စိတ်အရင်းခံ ကာ စေတနာဖြင့် ထောက်ပြခြင်းဖြစ်နိုင် ပါသည် ။ အကယ်၍သာ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပြီး တိုင်းပြည်အတွက် အကျိုးရှိပါမူ သို့တည်းမဟုတ် မိမိတိုင်းပြည်၏ သဘာဝပတ်ဝန်းကျင် အတန်အသင့်ထိခိုက်ခြင်းသည် သန်း၆၀ သော ပြည်သူ့အတွက်သက်သက်သာ ဖြစ်ပါမူ  မီဒီယာသမားများသည်လည်း မြန်မာနိုင်ငံသား များ တိုင်းပြည်ချစ်သူများသာ ဖြစ်ကြပါကြောင်း တင် ပြအပ်ပါသည် ။
Unknown at 11:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစိုးရသစ် လက်ထက် စည်သူဘွဲ့ ရ အနုပညာရှင်များ




ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေ စည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် သည် ဇန်နဝါရီ ၄ရက်(လွတ်လပ်ရေးနေ့)၊ နေ့ထူး နေ့မြတ်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MIIC) ညီလာခန်းမ၌ နံနက်(၈)နာရီခွဲက ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့် အပ်နှင်းကျင်းပခဲ့ကြောင်း သိရပြီး ယင်းသို့ ဘွဲ့များအပ်နှင်းရာတွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေညာစာ အမှတ် (၂/၂ဝ၁၂)ဖြင့်စည်သူဘွဲ့ချီးမြှင့် အပ်နှင်းခြင်းခံရသူ ၃ဝ ဦးရှိသည့်အနက် စာပေနှင့် အနုပညာရှင် ၂၅ ဦးပါဝင် ကြောင်း သိရှိရသည်။ အဆိုပါ စည်သူဘွဲ့ ရရှိသော စာပေနှင့် အနုပညာရှင်များမှာ ဦးလှကြိုင် (ပါရဂူ)၊ ဦးထင်ဖတ်(မောင်ထင်)၊ ဦးဌေးမောင်(ဌေးမောင်)၊ ဦးလေးမြိုင် (လေးမြိုင်)၊ ဒေါ်ရင်ရင်(စောမုံညင်း)၊ ဒေါ်ကြန်(မကြန်)၊ ဦးကြည်အေး(ဆင်ဖြူ ကျွန်းအောင်သိန်း) ၊ ဒေါက်တာကျော်စိန်၊ ဒေါက်တာခင်မောင်ညွန့်နှင့် ဒေါက်တာ သော်ကောင်း၊ ဦးမြတ်သူ(တက္ကသိုလ်မြတ် သူ)၊ဦးတင်လှိုင်(လယ်တွင်းသားစောချစ်)၊ ဗိုလ်ကလေး ဦးတင့်အောင်၊ ဦးရွှေနန်းတင်၊ ဦးမောင်မောင်ကြီး၊ ဦးမင်းနောင်၊ ဒေါ်တင်တင်မြ၊ ဒေါ်သင်းသင်းမြတ်၊ ဒေါ်တင်တင်အေး(ထား)၊ ဒေါ်နွဲ့နွဲ့စန်း၊ ဦးစိန်ဘမော်နှင့် ဒေါ်စန်းရင် (စံရှားတင်)၊ ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်မြင့်မြတ်နှင့် ဦး ကြည်စိုးထွန်း တို့ဖြစ်ကြသည်။ စာပေ အနုပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဝတစ်သက်တာလုံး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားရေး အတွက် တာဝန်ကျေပွန်စွာ ထူးထူးချွန်ချွန်ကြိုးပမ်းထမ်းဆောင်ခဲ့သူများ၊ မြန်မာ စာပေနှင့် မြန်မာ့ ယဉ်ကျေးမှုအနုပညာများ မပျောက်ပျက်စေရေးနှင့် ရိုးရာအမွေအနှစ် များ အစဉ်ရှင်သန်ခိုင်မြဲစေရေးအတွက် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ၁၇ ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဂီတနှင့် သဘင်ပညာရှင်များ၊ နိုင်ငံနှင့်လူမျိုးအကျိုး၊ အမျိုးသားရေးအကျိုးတို့ကို အစဉ်ရှေးရှုလျက် အနုပညာဖြင့် တိုင်းကျိုးပြည်ပြု တာဝန်ကျေပွန်ခဲ့ကြသော ရုပ်ရှင် ပညာရှင်များဖြစ်ခြင်းကြောင့် ယခု ကဲ့သို့စည်သူဘွဲ့ချီးမြှင့်ခဲ့ ကြောင်းသိရသည်။ စည်သူဘွဲ့ချီးမြှင့် အပ်နှင်းခြင်းခံရသူတချို့၏ ပီတိစကားသံ တွေကို မေးမြန်းကြည့်ရာ ပေါ်ပြူလာ ဂျာနယ်ကိုယခုလို ဖြေကြားပေးခဲ့သည်။
ဒေါ်နွဲ့နွဲ့စန်း(သဘင်)
“ဒီဘွဲ့က တစ်သက်စာပေးတာပါ။ ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကို ချီးမြှင့် တာပါ။ စည်သူဘွဲ့ကို ကိုယ်နဲ့အတူရတဲ့ အနုပညာရှင်တွေအတွက် ဝမ်းသာတယ်။ အကုန်လုံး ကလည်း မျှော်လင့်ချက်တွေနဲ့ လုပ်တာမဟုတ်ဘဲ ကျရာတာဝန်ကို တိုင်း ပြည်အတွက် လုပ်ပေးမယ်ဆိုတဲ့ စိတ်မျိုးနဲ့ ပဲလုပ်ကြတာပါ။ ဒီဘွဲ့က ဝဏ္ဏကျော်ထင် ဘွဲ့ထက် တစ်ဆင့်မြင့်တယ်။ အရင်တုန်း ကလူမှုထူးချွန်(ပထမအဆင့်)ကိုလည်း ချီးမြှင့်ခြင်းခံရဖူးတယ်။ ရုပ်ရှင်မှာလည်း မှတ် တိုင်တစ်ခုအဖြစ် ကျန်ခဲ့မှာ။ ဒီမှတ်တိုင် တွေက လည်းတန်ဖိုးမဖြတ်နိုင်ပါဘူး”။

ဒေါ်တင်တင်မြ(ဂီတ)
“ဒီလို အထွတ်အထိပ်ထားတဲ့ဘွဲ့ကို ချီးမြှင့်ခံရတဲ့အတွက် ဝမ်းသာတယ်။ ကိုယ်တွေ ဆောင်ရွက်ခဲ့တဲ့အပေါ် ဂုဏ်ပြု ချီးမြှင့်ခဲ့တဲ့ပွဲပါ။ အရင်တုန်းကတော့ လူမှု ထူးချွန် (ဒုတိယအဆင့်)၊ ဝိဇ္ဇာထူးချွန်ဆုတွေ ချီးမြှင့်ခြင်းခံရဖူးတယ်။ ဒီနှစ်က နိုင်ငံတော် သမ္မတကြီးက စည်သူဘွဲ့ချီးမြှင့်ခဲ့တာပါ။ ကိုယ်နဲ့အတူတူ အနုပညာရှင်တွေပါရတဲ့ အတွက် ဝမ်းသာသလို နောက်ကျန်ရှိတဲ့ သူတွေကိုလည်း ရစေချင်ပါတယ်”။

လယ်တွင်းသားစောချစ်(စာပေ)
“ဒီဆုရတဲ့အတွက် ဝမ်းသာပါတယ်။ ဟိုတုန်းကတော့ စည်သူဘွဲ့ချီးမြှင့်တာရှိ ပါတယ်။ ဗိုလ်ချုပ်တင်ဖေကို စည်သူတင်ဖေလို့ ချီးမြှင့်တာတို့၊ ရန်ကုန်က မြို့ တော် ခန်းမ ကြီးကိုဆောက်တဲ့ ဗိသုကာ ပညာရှင်ဦးတင်ကို စည်သူဦးတင်လို့ ချီးမြှင့်တာတို့ အဲဒါမျိုးတွေရှိခဲ့တဲ့အကြောင်း ကြားဖူးပါတယ်။ ရုပ်ရှင်ရယ်၊ ဂီတရယ်၊ စာပေရယ် အားလုံး ကို စည်သူဘွဲ့ချီးမြှင့် တာဆိုတော့အနုပညာစွမ်းဆောင်နိုင်မှုနဲ့ နိုင်ငံအကျိုးလုပ်တာနဲ့ဆိုင်တယ်လို့ ထင်ရ တာပါပဲ။ ဆရာက ဝိဇ္ဇာပညာထူးချွန်ဆု (ဒုတိယအဆင့်) ရဖူးပါတယ်။ အကုန်လုံး ကလည်း ရင်းနှီးကြပါတယ်။ နေပြည်တော်မှာ ဂုဏ်ထူးဆောင်ဘွဲ့ ဆု တံဆိပ်အပ်နှင်းခြင်းအခမ်းအနားကို တက်ရောက်ပါလို့ ဖိတ်တယ်။ ဘာဆုရ မယ်လို့ မသိပါဘူး။ ဆုချီးမြှင့်တဲ့အခါကျ တော့ စည်သူဘွဲ့ကို ဘယ်သူတွေရတယ်။ တက်ရောက်ယူပါရန်ဆိုမှ ဒီဘွဲ့မှန်းသိတာ ပါ။ နိုင်ငံတော် လူမျိုးအကျိုးကို တစိုက် မတ်မတ်ဆောင်ရွက်တဲ့အတွက် ဒီဆုကို ချီးမြှင့်တာပါ။ သားစဉ်မြေးဆက်ဂုဏ်ယူ အပ်တဲ့ဆုဖြစ်ကြောင်း သမ္မတကြီးပြောတဲ့ မိန့်ခွန်းထဲမှာပါပါတယ်။ ဆက်လက်ပြီး တော့ သားစဉ်မြေးဆက် နိုင်ငံနဲ့လူမျိုးကို ချစ်ခင်ပြီး ကောင်းကျိုးပြုကြဖို့၊ စောင့် ရှောက်ဖို့ ပြောခဲ့ပါတယ်”။

ဒါရိုက်တာအောင်မြင့်မြတ်(ရုပ်ရှင်)
”အနုပညာသက်တမ်း တစ်လျှောက် နိုင်ငံတော်အစိုးရ လက်ထက်မှာ သမ္မတကြီး ကိုယ်တိုင်ပေးခဲ့တဲ့ စွမ်းဆောင်ရည်ဆု စည်သူ ဘွဲ့ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရ ပါတယ်။ တစ်သက်လုံး အနုပညာရှင်တွေက တိုင်းပြည် အတွက် အလုပ်တွေလုပ်ခဲ့ကြတဲ့အထဲမှာ ဒီ လောက်တန်ဖိုးရှိတဲ့အတွက် ဂုဏ်ယူပါတယ်။ အနုပညာသည်တွေပါ ရတယ်ဆိုတဲ့ အပေါ် မှာလည်း အရင်က အနုပညာအလုပ်တွေကို လက်ရည်တစ်ပြင်တည်းလုပ်လာတဲ့သူဖြစ်နေ တယ်၊၊ဒီအတွက်လည်း ပီတိဖြစ်ရပါတယ်၊၊ ဘာလို့ လဲဆိုရင် ရုပ်ရှင်ဆိုတာက လက်ရည်တစ်ပြင် တည်းလုပ်မှအကုန်လုံးကသဟဇာတဖြစ်ပြီး အောင်မြင်မှာ။ တစ်ယောက်ကောင်းနဲ့လုပ်လို့ရတဲ့ အရာမဟုတ်ဘူး။ စည်းစည်း လုံးလုံးညီ ညီညွတ်ညွတ်လုပ်မှ ရနိုင်တဲ့ ကိစ္စတစ်ခုပါ”။

အကယ်ဒမီမြင့်မြင့်ခင်(ရုပ်ရှင်)
”နိုင်ငံတော်ကနေ ကိုယ့်ကိုချီးမြှောက် တယ်ဆိုတော့ တအားဂုဏ်ယူတာပေါ့၊ အန် တီတို့ လောကသားတွေ အနေနဲ့ဆိုရင် ဒီဘွဲ့ရတာ ပထမဦးဆုံးပေါ့။ ကိုယ့်ကိုဖိတ်လို့ သာသွား တာ ဘာဘွဲ့ပေးမယ်ဆိုတာမသိဘူး။ နောက်မှ အံ့သြသွားရတာပေါ့။ တအားဂုဏ်ယူတာ ပေါ့၊၊သမ္မတကြီးကိုယ်တိုင်ကချီးမြှင့်တာဆိုတော့ အကယ်ဒမီရတာ ထက်ကို ပိုပြီးဂုဏ်ယူဝမ်း သာရပါတယ်။ ဒီအသက် ဒီအရွယ်ရောက်မှ ရတယ်ဆိုတော့မှတ်တမ်းတင်ရမှာပေါ့”။

ဒါရိုက်တာကြည်စိုးထွန်း(ရုပ်ရှင်)
”ဒီဆုရတဲ့အတွက် ဝမ်းသာရတာပေါ့၊ ရုပ်ရှင်သမားတွေကို ဒီဆုမပေးတာလည်းကြာ ပြီ။ အရင်ကတော့ အလင်္ကာကျော်စွာ၊ ဝဏ္ဏ ကျော်ထင်ဘွဲ့တွေပေးခဲ့တာပေါ့။ ဦးသုခတို့၊ ဦးချင်းစိန်တို့က အလင်္ကာကျော်စွာ ဘွဲ့ရသူ တွေပေါ့။ အခုအနုပညာသမားတွေလည်းပါ တယ်။ ကိုယ့်ထက်အင်မတန်သာတဲ့ ကိုယ် ကြည်ညိုတဲ့သူတွေနဲ့ အတူတူရတော့ ဝမ်း သာတာပေါ့။ ဒီဆုရပြီးတော့ ဒီထက်ပို ကောင်းအောင်လုပ်ဖို့နဲ့ ဒီထက်ပိုကောင်း အောင်နေဖို့ပဲ စဉ်းစားထားပါတယ်”။

အဆိုတော်ထား(ဂီတ)
”နိုင်ငံတော်က ချီးမြှင့်တဲ့ဘွဲ့လေးရတော့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်တာပေါ့။ ငယ် ငယ်လေးကတည်းက နိုင်ငံတော်ရဲ့တာဝန် ကိုထမ်းဆောင်ခဲ့တဲ့ အတွက်ကြောင့်လည်း ပါတာ ပေါ့။’ဆို၊ က၊ ရေး၊ တီး’မှာ အန်တီတို့က ၁၇ နှစ်လုံးမပျက်မကွက်လုပ်လာခဲ့တာတွေကြောင့် လည်းပါတယ်။ ဂီတနဲ့ကျရာတာဝန်ကို နိုင်ငံ အတွက် ထမ်းဆောင်ခဲ့တဲ့ အတွက်ကြောင့် ဒီဆုကိုရတယ်လို့ အန်တီယူဆပါတယ်”။
Unknown at 11:01 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖုန်းဘီလ်ဆောင်တဲ့ ဌာနတွေ အားလုံးဖျက်သိမ်းတော့မည်


ကုမုဒြာဂျာနယ် — ဘီလ်စနစ်အသုံးပြုတဲ့ဖုန်းတွေအားလုံးကို ငွေဖြည့်ကဒ်စနစ်ပြောင်းလဲတော့မှာဖြစ်ပြီး ဘီလ်စနစ် ဆက်အသုံးပြုချင်သေးတဲ့ ဖုန်းတွေ ကတော့ လစဉ် ဖုန်းဘီလ်ကို ဘဏ်တွေကနေတစ်ဆင့်ပေးဆောင်လို့ရမှာ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးမှ သိရပါတယ်။
“ဘီလ်ဆောင်တဲ့နေရာတွေအားလုံးဖျက်သိမ်းပြီးအွန်လိုင်းဖုန်းဘီလ်ဆောင်တဲ့စနစ်နဲ့ပဲ ဆက်သုံးလို့ရမယ်၊ ဘဏ်မှာစရင်းရှင်အကောင့်ဖွင့်ပြီး ဘီလ်ဆောင်ရင်ဆောင်၊ မဆောင်ရင် ကိုယ်စားလှယ်တွေကိုဝန်ဆောင်ခပေးပြီး ဆောင်ရမယ်” လို့မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ဆိုပါတယ်။
ဘီလ်စနစ်ဆက်သုံးမယ့်ဖုန်းတွေက အွန်လိုင်းဖုန်းဘီလ်စနစ်နဲ့ ဖုန်းဘီလ်ဆောင်မယ်ဆိုရင် မြန်မာ့စီးပွားရေးဘဏ်နဲ့ AGD ဘဏ်တွေမှာ လစဉ်
ဖုန်းဘီလ်ဆောင်နိုင်ပါတယ်၊ မြန်မာ့ဆက်သွယ်ရေးက ဘီလ်စနစ်ဖုန်းတွေ အားလုံးထံ ငွေဖြည့်ကဒ်စနစ်သုံးဖို့ အကြောင်းကြားစာ မက်ဆေ့ခ်ျတွေကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့ကစပြီး စတင်ပေးပို့နေပြီး မက်ဆေ့ခ်ျတွေကို အကြောင်းမပြန်တဲ့ဖုန်းတွေကို ဘီလ်စနစ်ဆက်သုံးမယ်လို့ ယူဆမှာဖြစ်ပါတယ်။
နိုင်ငံတကာက ဖုန်းတွေမှာလည်း ငွေဖြည့်ကဒ်စနစ်သာများတာကြောင့် ပြည်တွင်းဖုန်းတွေကို ငွေဖြည့်ကဒ်စနစ်ပြောင်းလဲတာဖြစ်ကြောင်း၊
မြန်မာ့ဆက်သွယ်ရေးရဲ့ တချို့ကဏ္ဍတွေကို ပုဂ္ဂလိက ဖုန်းကုမ္ပဏီတွေနဲ့ ဖုန်းအရောင်းဆိုင်တွေကို ကိုယ်စားလှယ်ယူလုပ်ကိုင်ခွင့်ပေးဖို့စီစဉ်နေ တာကြောင့် ဆက်သွယ်ရေးရုံကတိုက်ရိုက်လုပ်ဆောင်ပေးမှုတွေ နည်းပါးသွားမှာဖြစ်ကြောင်း၊ ယခုလုပ်ကိုင်ပေးနေတဲ့ ဌာနတွေကိုလည်း အဆင့်တစ်ခုချင်းစီအလိုက်ဖျက်သိမ်းသွားမှာ ဖြစ်ကြောင်းသိရပါတယ်။
Unknown at 10:54 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

HIV နှင့်ပတ်သက်သည့်ကိစ္စ များအားသီးသန့် တယ်လီဖုန်း လိုင်းဖြင့်မေးမြန်နိုင်


Envoy Journal — လူငယ်များအကြား HIV , AIDS မျိုးဆက်ပွားကျမ်းမာရေးနှင့် ပတ်သက်သည့်ကိစ္စများအား တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ရန် သီသန့်တယ်လီ ဖုန်းလိုင်းနံပါတ်များ ဖွင့်လှစ်ထားကြောင်း မြန်မာနိုင်ငံဆရာဝန်များအသင်းမှ ဒေါက်တာနေ၀င်းမှပြောသည်။
“ တချို့လူငယ်တွေက မျက်နှာချင်းဆိုင်ထိုင်ပြီး သူတို့သိချင်တာကိုပွင့်ပွင့်လင်းလင်းမမေးရဲကြဘူး၊ သီးသန့်တယ်လီဖုန်းလိုင်းလုပ်ပေးလိုက်တယ်ဆိုတော့ ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဟာတွေကို ပွင့်ပွင့်လင်းလင်းမေးရဲသွားကြတယ်၊ မေးမြန်းတဲ့သူကနာမည်ပြောစရာမလိုဘူး၊ နေရပ်လိပ်စာနဲ့ အသက်ပြောရင်ရပြီ” ဟု၎င်းကထပ်မံရှင်းပြသည်။
လူငယ်များအကြားမေးမြန်းရန်မလွယ်ကူသည့် ကျမ်းမာရေးဆိုင်ရာပြဿနာများကို ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်စေရန်နှင့် လူငယ်အကြားအသိပညာ အကျယ်ကျယ်ပြန့်ပြန့်ရှိစေရန် ရည်ရွယ်ကြောင်း သိရသည်။ အဆိုပါဖုန်းလိုင်းများကို အမျိုးသားများအတွက် White Line ဖုန်းနံပါတ်
၀၉- ၇၃၂၁၂၂၂၆ နှင့် အမျိုးသမီးများအတွက် Pink Line ဖုန်းနံပါတ် ၀၉- ၇၃၂၁၂၂၂၇ ဟုသီးသန့်ခွဲခြားထားပြီး နေ့စဉ်နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အထိ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
လူငယ်များအတွက် “ လူ့ငယ်ရေးရာသိမှတ်စရာ”သီးသန့်တယ်လီဖုန်းလိုင်းများကို နိုဝင်ဘာမှစတင်ဖွင့်လှစ်ခဲ့ခြင်
းဖြစ်ပြီး ၂၀၁၁ ဒီဇင်ဘာလကုန်ပိုင်းအထိ ဆွေးနွေးတိုင်ပင်ခြင်းနှင့် လိုအပ်သည့်ဆေးဝါး ၀ယ်ယူရမည့်နေရာများကို ဆက်သွယ်မေးမြန်းသူအများဆုံးဖြစ်ကြောင်း သိရသည်။
Unknown at 10:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လိုင်ဇာမြို့သိမ်းရေးစီမံချက်အတုအယောင်သာဖြစ်ကြောင်း စစ်ရေးအကဲခတ်များမှ သုံးသပ်တွေ့ရှိ

ယခုရက်ပိုင်းအတွင်း အင်တာနက်စာမျက်နှာမှာ လူပြောများနေတဲ့သတင်းကတော့ ကေအိုင်အေ ကို အစိုးရစစ်တပ်က တကယ်အပြုတ်တိုက်၊ မတိုက်ဆိုတဲ့ အကြောင်းအရာပါ။

အဲဒီသတင်းကြောင့် လိုင်ဇာမှာရှိတဲ့ ပြည်သူတွေစိုးရိမ်ထိတ်လန့်ပြီး KIO အဖွဲ့အနေနဲ့ လိုင်ဇာမြို့ကို ခုခံကာကွယ်ဖို့ စစ်ရေးအစီအစဉ်တွေ အပြင်းအထန်ရေးဆွဲနေတယ်လို့ သတင်းများထွက်ပေါ်လျက်ရှိပါတယ်။
ဒီလိုသတင်းတွေဖြစ်ရတဲ့ အကြောင်းရင်းကတော့ အင်တာနက်စာမျက်နှာတစ်ခုမှာပါရှိတဲ့ အစိုးရ စစ်တပ်ရဲ့ ထိပ်တန်းလျှို့ဝှက်အဆင့်ရှိ လိုင်ဇာမြို့သိမ်းပိုက်ရေးစီမံချက် ပေါက်ကြားတယ်ဆိုတဲ့ သတင်းတစ်ပုဒ် က လာတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီသတင်းရဲ့မှန်ကန်မှု ဘယ်လောက်ရှိသလဲဆိုတာ ဝေဖန်ဆန်းစစ်ကြည့်ခဲ့တယ်လို့ တရုတ်-မြန်မာနယ်စပ်က စစ်ရေးအကဲခတ်များက ပြောကြားခဲ့ပြီး ဒီလိုဝေဖန်ဆန်းစစ်ရာမှာလဲ အစိုးရဘက်ပဲဖြစ်ဖြစ်၊ KIA ဘက်ပဲဖြစ်ဖြစ် ဘယ်ဘက်ကမှ ဘက်မလိုက်ပဲ သတင်းအရင်းအမြစ်ရဲ့ ဖြစ်နိုင်ခြေ ရှိမှုကို စဉ်းစားခဲ့တယ်လို့ဆိုပါတယ်။

သူတို့ရဲ့ဝေဖန်ဆန်းစစ်ချက်အရ ပထမဆုံးတွေ့ရှိရတဲ့ အချက်ကတော့ အစိုးရစစ်တပ်ရဲ့ ထိပ်တန်း လျှို့ဝှက်စီမံချက်ပေါက်ကြားမှုဆိုတဲ့အချက်က ဖြစ်နိုင်ခြေလုံးဝမရှိမှုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရစစ်တပ် အနေနဲ့ ဒီလိုစစ်ဆင်ရေးကြီးတွေလုပ်ဆောင်ရာမှာ စီမံချက်ရေးဆွဲလေ့မရှိသလို ရေးဆွဲတဲ့စီမံချက် ပေါက်ကြား မှုဖြစ်စဉ် မြန်မာ့တပ်မတော်သမိုင်းမှာ အထောက်အထားလုံးဝ မရှိခဲ့ပါဘူး။ ဒါ့အပြင် ယခု ပေါက်ကြားနေတယ် ဆိုတဲ့ စီမံချက်မှာပါတဲ့ အချက်အလက်များဟာ အမှန်/အမှားရောထွေးထားတာ တွေ့ရှိရတယ်လို့ ဒီစီမံချက်ကို ဖတ်ရှုခဲ့ရတဲ့ လိုင်ဇာက KIA အရာရှိတစ်ဦး ထောက်ပြခဲ့ပါတယ်။ စီမံချက်ဟာ စာမျက်နှာ ၁ ခုပဲရှိပြီး ဒီစီမံချက်ကို လျှို့ဝှက်ရရှိတာမဟုတ်ပဲ အများပြည်သူကြားမှာ ပြန့်နှံ့နေလို့ မသင်္ကာစရာ ကောင်းတယ်လို့ ဆိုပါတယ်။
ပိုပြီးသိသာတဲ့အချက်ကတော့ လိုင်ဇာမြို့သိမ်းစီမံချက်မှာပါတဲ့ တပ်မများမှာ ကရင်ပြည်နယ်က တပ်မ(၄၄)၊ ရခိုင်ပြည်နယ်က စကခ(၁၅)၊ ရှမ်းပြည်နယ်ကိုရောက်နေတဲ့ စကခ(၁၀)၊ စကခ(၁၆)၊ တပ်မ(၃၃)၊ တပ်မ(၅၅) တို့ပါတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် MIG-29 လေယာဉ် ၄ စင်း မြစ်ကြီးနားရောက်နေ တယ်ဆိုတာလဲ ခြောက်လှန့်တာပဲဖြစ်နိုင်ပါတယ်။ MIG လေယာဉ်တွေရဲ့ စွမ်းပကားအရ လိုင်ဇာကိုတိုက်ခိုက် ဖို့ မြစ်ကြီးနားကို လာစရာမလိုပဲ ရန်ကုန်၊ မိတ္ထီလာတို့ကနေ မိနစ်ပိုင်းအတွင်း လာလို့ရပါတယ်။ ဒီအချက်ကလဲ မယုံကြည်စရာဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ထောက်ပြကြပါတယ်။ KIA ခေါင်းဆောင်တွေကို လျှပ်တပျက်ဝင်ရောက်ဖမ်းဆီးမယ်ဆိုတာကလဲ ဘင်လာဒင်ကိုဖမ်းတဲ့ အမေရိကန်က အထူးကွန်မန်ဒိုတွေလို စိတ်ကူးယဉ်ဆန်ဆန်ဖော်ပြထားခြင်း ဖြစ်ပါလိမ့်မယ်။


ဒါကြောင့်မို့ လိုင်ဇာမြို့ သိမ်းပိုက်ရေးစီမံချက်ဆိုတာ ``အစိုးရစစ်တပ်နဲ့ KIA တို့ ငြိမ်းချမ်းရေး တွေ့ဆုံမှုများ ပျက်ပြားအောင်မလိုလားတဲ့ အဖွဲ့အစည်းများက လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှား ´´ (သို့မဟုတ်) `` အစိုးရစစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူဟာအရ ထုတ်လွှင့်ခဲ့တဲ့ သတင်းအတုယောင် သာ´´ဖြစ်နိုင်ပြီး အဲဒီနှစ်ချက်စလုံးမဟုတ်ဘူးဆိုရင်တော့ ``စစ်ပွဲတွေကို မရပ်ခြင်တဲ့ KIA ခေါင်းဆောင်ကြီး များရဲ့ အစိုးရစစ်တပ်ကို တိုက်ခိုက်ရခြင်း ခိုင်လုံတဲ့အကြောင်းပြချက်ဖြစ်အောင် ဖန်တီးထားတဲ့ စီမံချက်အတု´´သာ ဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ယူဆကြပါတယ်။


ဒါကြောင့်မို့ KIA ကို အပြုတ်တိုက်မလား၊ အပြတ်တိုက်မလားဆိုတဲ့ မေးခွန်းကို မဖြေဆိုခင် လိုင်ဇာမြို့သိမ်းရေးစီမံချက်ဆိုတာ အစိုးရတပ်ကခြိမ်းခြောက်တာလား ? ၊ လှန့်တာလား ? ၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးတွေ့ဆုံမှုတွေကို ရှုတ်ထွေးအောင်လုပ်တာလား ? ၊ စစ်ပွဲတွေမရပ်ခြင်လို့ KIA အဖွဲ့အစည်းကပဲ ပြန်လည်ဖန်တီးတာလား ?ဆိုတာ ခွဲခွဲခြားခြားသိအောင်လုပ်ရပါမယ်။
တကယ်တမ်း KIA ကို အပြုတ်တိုက်မယ်ဆိုရင် အစိုးရစစ်တပ်ရဲ့ ထိပ်တန်းလျှို့ဝှက်စီမံချက် ပေါက်ကြားမှုမဖြစ်နိုင်ပါဘူး။ သောင်းကျန်းသူနှိမ်နင်းရေးမှာ အတွေ့အကြုံရှိတဲ့ မြန်မာတပ်မတော်ဟာ သောင်းကျန်းသူ အဖွဲ့အစည်းတွေကို အပြုတ်တိုက်ရာမှာ လေကြောင်းကို အသုံးပြုစရာမလိုတဲ့ နည်းလမ်းတွေရှိပြီးဖြစ်မှာပါ။
လတ်တလော ကချင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့တိုက်ပွဲတွေကို ကြည့်လိုက်ရင်လည်း မြစ်ကြီးနား-ဗန်းမော်လမ်းကြောင်း၊ ၀ိုင်းမော်-ကံပိုက်တီးလမ်းကြောင်း၊ ဗန်းမော်-မိုးမောက်-လွယ်ဂျယ်လမ်းကြောင်းများ ပေါ်မှာသာဖြစ်ပွားနေပြီး၊ ရှမ်းပြည်နယ်မှာဆိုရင်လည်း တရုတ်ပြည်အတွက် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမဲ့ ဧရိယာများမှာ အများဆုံးဖြစ်နေတာတွေ့ရှိရပါတယ်။ ဒါကြောင့် အစိုးရစစ်တပ်အနေနဲ့ သူတို့ရဲ့ အဓိကမဟာဗျူဟာလမ်းမကြီးများကို ပြန်လည်စိုးမိုးမှုရရှိရေးအတွက် လမ်းကြောင်းရှင်းတိုက်ပွဲများကို ဆက်လက် တိုက်ပွဲဝင်နေတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။



တိုက်ပွဲများအများဆုံးဖြစ်နေသည့် အဓိကဆက်သွယ်ရေးလမ်းကြီးများ

ဒါ့အပြင် သမ္မတကြီး ဦးသိန်းစိန်ရဲ့ အမိန့်ထုတ်ပြန်ပြီးနောက်မှာ တပ်မတော်အနေနဲ့ စခန်းသိမ်းထိုးစစ် ဆင်တိုက်ခိုက်မှုတွေမလုပ်တော့ပဲ ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာ KIAက လာရောက်တိုက်ခိုက်လို့ ခုခံ ပစ်ခတ်တဲ့အနေနဲ့ တန်ပြန်တိုက်ခိုက်မှုများသာရှိနေကြောင်း စစ်ရေးအကဲခတ်များက ထောက်ပြကြပါတယ်။
ဒါကြောင့် လိုင်ဇာမြို့သိမ်းရေးစီမံချက်ဆိုတာ အတုအယောင်ခြောက်လှန့်မှုတစ်ခုသာ ဖြစ်နိုင်ပြီး တပ်မတော်နဲ့ KIA တို့ရဲ့ လမ်းကြောင်းပေါ်က တိုက်ပွဲကိုရပ်တန့်သွားအောင် အစိုးရသစ်အနေနဲ့ ဘာလုပ်မလဲ ဆိုတာစောင့်ကြည့်ရပါတော့မယ်။
Unknown at 9:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အကောင်းဆုံးရုပ်ရှင် ဇာတ်လမ်းတိုဆုရ “ကြိုး” ဇာတ်ကား

ဇန်နဝါရီလ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ “လွတ်လပ်ခြင်း အနုပညာ” ရုပ်ရှင် ပွဲတော်မှာ “ကြိုး” ဇာတ်ကားဟာ အကောင်းဆုံးရုပ်ရှင် ဇာတ်လမ်းတိုဆု ဆွတ်ခူးသွား ပါတယ်။
screenshot
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးစီးကျင်းပသည့်“လွတ်လပ်ခြင်း အနုပညာ” The Art of Freedom Film Festival 2012 ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတိုဆု ချီးမြှင့်ခံရသော “ကြိုး” ဇာတ်ကား (ဒါရိုက်တာမင်းသိုက်)။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ အဲဒီ ရုပ်ရှင်ပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဇာတ်ကားပေါင်း (၁၈၈) ကားထဲကနေ ရွေးချယ် ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

အဲဒီပွဲတော်မှာ ဆုချီးမြှင့်ခံရတဲ့ ကားတွေကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်အောင် စီစဉ်သွားမယ်လို့လည်း ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။

“ကြိုး” ဇာတ်ကားအတွက် ဘယ်လို ရိုက်ကူးခဲ့သလဲ ဆိုတာ ဒါရိုက်တာမင်းသိုက်ကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Unknown at 9:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စင်္ကာပူအစိုးရဖွဲ့စည်းပုံ

မြန်မာသမ္မတကြီး ဦးသိန်းစိန်ရဲ့ နာမည်ပေးထားတဲ့ စင်္ကာပူက သစ်ခွ

စင်ကာပူကျွန်းကို အပြည့်အဝ လွတ်လပ်ရေး ပေးတာ မဟုတ်ပေမယ့် ကိုယ်ပိုင်အစိုးရနဲ့ အုပ်ချုပ်ခွင့်ပြုတဲ့ “၁၉၅၈ စင်ကာပူ အက်ဥပဒေ” ကို ဗြိတိသျှပါလီမန်က ၁၉၅၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ ပြဌာန်းပါတယ်။ ၁၉၅၉ မှာ အခြေခံဥပဒေအသစ် စတင် အသက်ဝင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ကျင်းပတဲ့ ပြည်လုံးကျွတ်ရွေးကောက်ပွဲမှာ လီကွမ်ယူးဦးဆောင်တဲ့ People's Action Party (PAP) ပါတီက အမတ် နေရာ ၅၁ ခုမှာ ၄၃ ခုအတွက် ရွေးကောက်ခံခဲ့ကြရပြီး အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ လီကွမ်ယူးကို စင်ကာပူရဲ့ ပထမဆုံး ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ပြီး PAP ပါတီက ဝန်ကြီး ၉ ဦး ခန့်အပ် ခံရပါတယ်။ ၁၉၆၃ မှာ မလေးရှားနဲ့ ပူးတွဲ လွတ်လပ်ရေးပေးခဲ့ပြီး ၁၉၆၅ သြဂုတ်လ ၉ ရက်နေ့မှာတော့ အပြည့်အဝ လွတ်လပ်သော စင်ကာပူနိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။

အစိုးရဖွဲ့စည်းပုံ

Westminster ပါလီမန်စနစ်ကို အခြေခံထားတဲ့ စင်ကာပူရဲ့ အခြေခံဥပဒေအရ အချုပ်အခြာအာဏာကို နိုင်ငံတော်သမ္မတနဲ့ အစိုးရဝန်ကြီးအဖွဲ့မှာ ထားရှိပါတယ်။ ဝန်ကြီးချုပ်ဟာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲဖြစ်ပြီး သမ္မတကတော့ နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ဖြစ်ပါတယ်။ သမ္မတဟာ အထွဋ်အထိပ်ဖြစ်တယ် ဆိုပေမယ့် ဥပဒေ အတည်ပြုတာ၊ အခမ်းအနားတက်တာ စတဲ့ သမ္မတအဆင့် ကိစ္စတွေမှာသာ ပါဝင်ပတ်သက်လေ့ရှိပြီး အခြားအထွေထွေ ကိစ္စတွေမှာတော့ ဝန်ကြီးချုပ်ရဲ့ အခန်းကဏ္ဍဟာ အရေးပါလှပါတယ်။

သီးခြား စင်ကာပူရယ်လို့ ဖြစ်လာကတည်းက ဆိုရင် စုစုပေါင်း သမ္မတ ခြောက်ယောက် တင်မြှောက်ထားပြီး ဖြစ်ပါတယ်။ ပထမဆုံး သမ္မတကတော့ Yusof bin Ishak ဖြစ်ပြီး သူ့ရုပ်ပုံတွေကို နိုင်ငံသုံး ပိုက်ဆံတွေပေါ်မှာ ပုံနှိပ်ထားပါတယ်။ သူကွယ်လွန်တဲ့အခါ Benjamin Sheares က ဆက်ခံပါတယ်။ ၁၉၈၁ ခုနှစ်မှာ သူကွယ်လွန်တဲ့အခါ Chengara Veetil Devan Nair က သမ္မတအဖြစ် ဆက်ခံပါတယ်။ Mr.Nair မှာ ကိုယ်ရေးကိုယ်တာ ပြဿနာတွေ ရှိလာတာကြောင့် ၁၉၈၅ ခုနှစ်မှာ အရိုက်အရာက နုတ်ထွက်ခဲ့ပြီး သူ့ကို ဆက်ခံတဲ့ Wee Kim Wee ဟာ သမ္မတအဖြစ် ၁၉၉၃ ခုနှစ်အထိ တာဝန်ထမ်းဆောင် သွားခဲ့ပါတယ်။ သူ့ရဲ့ သမ္မတသက်တမ်းအတွင်း ၁၉၉၁ ခုနှစ်မှာ စင်ကာပူရဲ့ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့ပြီး အဲဒီ ဥပဒေအသစ်အရ သမ္မတကို တိုက်ရိုက် ခန့်ထားခြင်း မပြုတော့ဘဲ ပြည်သူတွေက ရွေးကောက်တင်မြှောက်ရမှာ ဖြစ်ပါတယ်။ ပထမဆုံးသော သမ္မတရွေးကောက်ပွဲကို ၁၉၉၃ ခုနှစ် စက်တင်ဘာလမှာ ကျင်းပခဲ့ပြီး Ong Teng Cheong ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။

Ong Teng Cheong ဟာ သမ္မတ ပထမသက်တမ်း ခြောက်နှစ် ထမ်းဆောင်ပြီးတဲ့အခါ နောက်သက်တမ်း တစ်ကြိမ်အတွက် ပြန်လည်ဝင်ရောက်အရွေးခံခြင်း မပြုတော့ပါဘူး။ သူသမ္မတအဖြစ် တာဝန်စဉ်အတွင်း ၁၉၉၆ ခုနှစ်မှာ အသစ်ထပ်မံ ပြင်ဆင်လိုက်တဲ့ အခြေခံဥပဒေသစ်အရ သမ္မတရဲ့ ဗီတိုအာဏာကို ကန့်သတ်ခဲ့ပြီး ပါလီမန်အမတ် ၃ ပုံ ၂ ပုံ သဘောတူရင် ဗီတိုအာဏာကို ပယ်ဖျက်ခွင့်ပြုခဲ့ပါတယ်။ Mr.Ong ကိုဆက်ခံမယ့် သမ္မတရွေးကောက်ပွဲမှာတော့ လက်ရှိသမ္မတကြီး (အမေရိကန် သံအမတ်ကြီးဟောင်း) Sellapan Ramanathan (S.R. Nathan) ဟာ ပြိုင်ဘက်မရှိ ရွေးကောက်ခံခဲ့ရပါတယ်။ ၂၀၀၅ ခုနှစ်မှာ သက်တမ်းပြည့်တဲ့အခါ Mr.Nathan က ဒုတိယသက်တမ်းအတွက် ပြန်လည်အရွေးခံခဲ့ပြီး ဒီတကြိမ်မှာလည်း သမ္မတအဖြစ် ဝင်ရောက် အရွေးခံနိုင်လောက်အောင် လိုအပ်ချက်ပြည့်မီသူ မရှိတဲ့အတွက်ကြောင့် သူ့ကိုပဲ သမ္မအဖြစ် ပြန်လည်တင်မြှောက်ထားခြင်းဖြစ်ပါတယ်။ Mr.Nathan ရဲ့ သမ္မတသက်တမ်းဟာ ၂၀၁၁ မှာပြည့်မှာဖြစ်ပါတယ်။

အစိုးရဝန်ကြီးအဖွဲ့ကို ၅ နှစ်တစ်ကြိမ် ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲကနေ တင်မြှောက်ပါတယ်။ ဝန်ကြီးချုပ်ကိုတော့ လွှတ်တော်အမတ်တွေထဲက ယုံကြည်ကိုးစားမှု အခံရဆုံး ပုဂ္ဂိုလ်ကို သမ္မတက ရွေးချယ်တာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဝန်ကြီးချုပ်ဟာ ရွေးကောက်ပွဲအနိုင်ရပါတီရဲ့ ခေါင်းဆောင်ဖြစ်လေ့ ရှိပါတယ်။ ဝန်ကြီးချုပ်ရဲ့ အကြံပေးချက်နဲ့ အညီ သမ္မတဟာ ဝန်ကြီးတွေကိုလည်း လွှတ်တော်အမတ်တွေထဲက ခန့်အပ်လေ့ ရှိပါတယ်။

စင်ကာပူနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ကတော့ နိုင်ငံ့ဖခင်ကြီးလို့ ကင်ပွန်းတပ်ခံရတဲ့ လီကွမ်ယူးဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့ပြီးသလို ၁၉၅၉ ခုနှစ် ရွေးကောက်ပွဲရလဒ်အရ အနိုင်ရခဲ့တဲ့ PAP ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ လီကွမ်ယူးကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်တာဝန်ကို ၁၉၉၀ အထိ ကာလရှည်ကြာစွာ တာဝန်ယူခဲ့အပြီး ဂိုချောက်တောင်ကို ဝန်ကြီးချုပ်အဖြစ် တာဝန်လွှဲပြောင်းပေးခဲ့ပေမယ့် တာဝန်က လုံးဝအနားယူသွားတာ မဟုတ်ဘဲ ဝါရင့်ဝန်ကြီး (Senior Minister) ဆိုတဲ့ ရာထူးနဲ့ အစိုးရအဖွဲ့ထဲမှာ ဆက်လက်ရှိနေခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် ရွေးကောက်ပွဲမှာလည်း PAP ပါတီက မဲ ၆၁% နဲ့ အနိုင်ရခဲ့လို့ ဂိုချောက်တောင်က ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခဲ့ပါတယ်။ PAP ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ရာထူးကိုလည်း ၁၉၉၂ ခုနှစ်မှာ လီကွမ်ယူးဆီက လွှဲပြောင်းရယူခဲ့ပါတယ်။ ဝန်ကြီးချုပ်အဖြစ် ၂၀၀၄ ခုနှစ် သြဂုတ်လတိုင်အောင် တာဝန်ယူခဲ့ပြီး ၂၀၀၄ ခုနှစ်မှာတော့ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူးရဲ့ သားကြီးလည်းဖြစ်၊ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ လီရှန်လွန်းကို ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းပေးခဲ့ပါတယ်။

အဲဒီအခါမှာ လီကွမ်ယူးက အကြံပေးဝန်ကြီးရာထူးကို ပြောင်းလဲရယူလိုက်ပြီး ဂိုချောက်တောင်ကတော့ ဝါရင့်ဝန်ကြီးရာထူးကို ဆက်ခံပါတယ်။ လက်ရှိမှာ တစ်နှစ်လစာငွေ အမေရိကန်ဒေါ်လာ ၂.၈ သန်းနဲ့ ကမ္ဘာမှာ လစာအများဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်ပါတယ်။ ဝင်ငွေတစ်နှစ် အမေရိကန်ဒေါ်လာ ၁ သိန်း မပြည့်တဲ့ မြန်မာ သမ္မတလစာနဲ့ ယှဉ်ရင် အတော်လေးများတာကို တွေ့ရမှာဖြစ်ပါတယ်။

စင်ကာပူအစိုးရကို အောက်ပါ ဝန်ကြီးဌာန ၁၅ ခုနဲ့ ဖွဲ့စည်းထားပါတယ်။

(၁) ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာန
(၂) လူငယ်၊ အားကစားနှင့် ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန
(၃) ကာကွယ်ရေး ဝန်ကြီးဌာန
(၄) ပညာရေး ဝန်ကြီးဌာန
(၅) သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ် ဝန်ကြီးဌာန
(၆) ဘဏ္ဏာရေး ဝန်ကြီးဌာန
(၇) နိုင်ငံခြားရေး ဝန်ကြီးဌာန
(၈) ကျန်းမာရေး ဝန်ကြီးဌာန
(၉) ပြည်ထဲရေး ဝန်ကြီးဌာန
(၁၀) သတင်းအချက်အလက် ဆက်သွယ်ရေးနှင့် အနုပညာ ဝန်ကြီးဌာန
(၁၁) တရားရေး ဝန်ကြီးဌာန
(၁၂) အလုပ်သမား ဝန်ကြီးဌာန
(၁၃) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန
(၁၄) စက်မှုကုန်သွယ်ရေး ဝန်ကြီးဌာန
(၁၅) ပို့ဆောင်ရေး ဝန်ကြီးဌာန တို့ဖြစ်ပါတယ်။

ဒီဝန်ကြီးဌာန ၁၅ ခုထဲမှာ အလုပ် သို့မဟုတ် ကျောင်းလာတက်တဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေ အများဆုံး ပတ်သက်ဆက်ဆံနေရတဲ့ ဝန်ကြီးဌာနတွေကတော့ ပြည်ထဲရေးနဲ့ အလုပ်သမားဝန်ကြီးဌာနတွေပဲ ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ လူဝင်မှု ကြီးကြပ်စီစစ်ရေးအာဏာပိုင် (Immigration and Checkpoints Authority, ICA) ဆိုတဲ့ ဌာနကတော့ လေဆိပ်အဝင်အထွက်၊ အကောက်ခွန်၊ P.R လျှောက်ထားတာ၊ Student Pass လျှောက်ထားတာတွေကို တိုက်ရိုက်ကိုင်တွယ်တဲ့ ဌာနဖြစ်ပါတယ်။ အလုပ်ကို တိတိကျကျလုပ်ပြီး ညှိနှိုင်းရှင်းပြရခက်တဲ့ ဌာနတစ်ခုပါပဲ။ ကိစ္စတစ်ခုကို YES သို့မဟုတ် NO အဖြေပေးနိုင်တဲ့ အခွင့်အာဏာကို အပြည့်အဝအသုံးချလေ့ရှိပြီး မလိုအပ်ဘူးထင်ရင် အကြောင်းပြချက်တွေ ရှည်ရှည်ဝေးဝေး ရှင်းပြလေ့မရှိလို့ တခါတလေ သူတို့နဲ့ ဆက်ဆံရတာ အတော်လေး ကသိကအောက် ဖြစ်ရပါတယ်။ အလုပ်သမားဝန်ကြီးဌာန (Ministry of Manpower, MOM) ကတော့ အလုပ်သမားရေးရာတွေကို ကိုင်တွယ်ပါတယ်။ စင်ကာပူမှာ အလုပ်လာရှာလို့ အလုပ်ခန့်အပ်ခံရတဲ့အခါ အလုပ်ရှင်က သင့်လျော်တဲ့ အလုပ် လုပ်ခွင့် (ဥပမာ E.P, Spass) ကို MOM မှာ လျှောက်ထားရတာဖြစ်ပါတယ်။ အခြား အလုပ်သမားရေးရာတွေဖြစ်တဲ့ လစာမရတဲ့ကိစ္စ၊ အလုပ်ချိန်ကိစ္စ၊ အလုပ်သမားနဲ့ အလုပ်ရှင်အကြားပြဿနာတွေကိုလည်း ဖြေရှင်းပေးတဲ့ ဌာနဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ MOM ဟာ အလုပ်သမားတွေဘက်က ရပ်တည်လေ့ရှိပါတယ်။ အလုပ်သမားအခွင့်အရေးတွေ၊ အခြားသိထားသင့်တာတွေကို MOM ရဲ့ အင်တာနက် စာမျက်နှာ ဖြစ်တဲ့ www.mom.gov.sg မှာ ဖတ်ရှုနိုင်ပါတယ်။
Unknown at 9:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျောက်စရစ်တွဲတွန်းသော သင်္ဘောတစ်စင်းနစ်မြုပ်မှုဖြစ်ပွား

သင်္ဘောနစ်မြုပ်မှုကို ဇန်န၀ါရီလ ၄ ရက်နေ့ ညနေ ၄ နာရီက တွေ့မြင်ရစဉ်
ဇန်န၀ါရီလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က ရေနံချောင်းမြို့မှ ရန်ကုန်သို့ စုန်ဆင်းလာသော လမ်းခင်းကျောက်စရစ်များ တင်ဆောင်လာသည့် တွဲတွန်းသင်္ဘောတစ်စင်း မကွေးမြို့၊ဧရာဝတီတံတား (မကွေး)၏ ရေလယ်တိုင်အမှတ် (၃)(ဏ.၃)ကိုတိုက်မိ၍ နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
တိုက်မိခဲ့သော တွန်းသင်္ဘောမှာ-------- တွန်းသင်္ဘော ဖြစ်၍ မောင်းနှင်သောရေယာဉ်မှူးမှာ-----------ဖြစ်ပြီး ကျောက်စရစ်များတင်လာသော တွဲအမည်မှာ သိဒ္ဓိအောင်ဖြစ်ကြောင်း၊ နစ်မြုပ်ခဲ့သော တွန်းသင်္ဘောမှာ ရေနံချောင်းမြို့မှ ထွက်ခွာလာခဲ့ပြီး  ၀က်မစွပ်ကျေးရွာတွင် ညအိပ်၍ ဇန်န၀ါရီလ ၉ ရက် နံနက် ၈ နာရီခန့်တွင် မကွေးဘက်သို့ စုန်ဆင်းလာစဉ် ဧရာဝတီတံတား (မကွေး) အနီးအရောက်တွင် တက်မကျိုး၍ တံတားတိုင်ကို ၀င်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတွန်းသင်္ဘောပေါ်တွင် ရေလုပ်သား ၁၃ ဦးပါဝင်ခဲ့သော်လည်း အသေအပျောက်မရှိခဲ့ကြောင်း သိရသည်။
''သင်္ဘောပေါ်ပါလာတဲ့သူတွေက ခုန်ချကူးလာလို့ အသေအပျောက်မရှိခဲ့ပါဘူး။ ကျောက်စရစ်တင်လာတဲ့ တွဲကိုတော့ ဈေးကြီးအောက်နားက ဆိပ်ကမ်းမှာဆွဲယူပြီး ကမ်းကပ်ထားပါတယ်။ တိုက်မိတဲ့ တွန်းသင်္ဘောကတော့ ရေလယ်တိုင်နဲ့ချိတ်မိနေပြီး ညနေ ၄ နာရီလောက်မှာတော့ မီးခိုးခေါင်းတိုင်နဲ့ အမိုးပေါ်တဲ့အထိ နစ်မြုပ်နေပါပြီ''ဟု ဧရာဝတီ(မကွေး) မှ လုံခြုံရေးဝန်ထမ်းတစ်ဦးက ပြောပြပါသည်။  အဆိုပါဖြစ်စဉ်ကို မကွေးမြို့ အမှတ်(၁) ရဲစခန်းမှ (ပ) ၈/၂၀၁၂၊ ပြစ်မှုပုဒ်မ-၂၈၀ဖြင့် အမှုဖွင့်ထား ကြောင်း၊ ယခုလက်ရှိ ဧရာဝတီတံတား(မကွေး)၏ ရေလယ်တိုင်အမှတ် အမှတ်(၂)နှင့် အမှတ်(၃)တို့ကြားမှ ရေလမ်းကြောင်း သတ်မှတ်ထားကြောင်း သတင်းရရှိပါသည်။
Unknown at 9:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၀၁၀ အမတ်များလည်း NLD သို့ လျှောက်လွှာတင်ပြီ

၂၀၁၀ လွှတ်တော်အမတ်များ ဖြစ်သည့် လသာမြို့နယ် အောက်လွှတ်တော်အမတ် ဦးကြည်မြင့်နှင့် ရန်ကုန်တိုင်း အထက်လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးတို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD သို့ ပါတီဝင် လျှောက်လွှာ တင်လိုက်ကြပြီ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးကြည်မြင့်မှာ NLD လသာမြို့နယ်ရုံးသို့ အင်္ဂါနေ့တွင် လျှောက်လွှာ တင်သွင်း ခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ၏ ရန်ကုန်တိုင်း ဗဟိုဦးစီး အဖွဲ့ဝင်ဟောင်း ဒေါက်တာ
မြတ်ဉာဏစိုး မှာ တာမွေမြို့နယ် NLD ရုံးသို့ လျှောက်လွှာတင်သွင်းခဲ့ကြသည်။

ဦးကြည်မြင့်မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင် NLD ပါတီ၏ လသာ လွှတ်တော်အမတ်အဖြစ် အနိုင်ရခဲ့သူဖြစ်သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင်လည်း NDF ပါတီမှ လသာမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ထပ်မံ အနိုင်ရခဲ့ ပြီးနောက် အမျိုးသားလွှတ်တော်အမတ် ဦးသိန်းညွန့်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်သို့ ကူးပြောင်း ခဲ့သည်။ ယင်းနောက် လက်ရှိပါတီမှ နုတ်ထွက်ပြီး NLD သို့ ပြန်လည် ဝင်ရောက်ရန် လျှောက်လွှာ တင်သွင်းခဲ့ခြင်း
ဖြစ်သည်။

NLDsingboard1
NLD မှ ခွဲထွက်ကာ ပါတီထောင်၍ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့သူများ အတွက် NLD ပါတီ၏ သဘာပတိအဖွဲ့ နာယက ဦးတင်ဦး ဦးဆောင်သည့် စိစစ်ရေးကော်မတီမှ စိစစ်လက်ခံသွားမည်ဟု ဦးအုန်းကြိုင် ပြော (ဓါတ်ပုံ မဇ္ဈိမ)

ဒေါက်တာမြတ်ဉာဏစိုးမှာလည်း NDF မှ နုတ်ထွက်ကာ NLD ပါတီ၏ ဦးဆောင်မှုကို ခံယူလိုခြင်းကြောင့် NLD သို့ လျှောက်လွှာတင်ခဲ့ခြင်းဟု မဇ္ဈိမကို ပြောသည်။

"အကယ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အကြောင်းအမျိုးမျိုးကြောင့် ကျနော့်ကို လက်မခံခဲ့ဘူး ဆိုရင်လည်း ကျနော် တသီးပုဂ္ဂလ ကိုယ်စားလှယ် တယောက်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အစဉ်တစိုက် ပူးပေါင်းပြီး
တော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

NLD မှ ခွဲထွက်ကာ ပါတီထောင်၍ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ခဲ့သူများနှင့် ပါတီမှ အရေးယူခံထားရဖူးခြင်း ရှိသူများအတွက် NLD ပါတီ၏ သဘာပတိအဖွဲ့ နာယက ဦးတင်ဦး ဦးဆောင်သည့် စိစစ်ရေးကော်မတီမှ စိစစ်လက်ခံသွားမည်ဖြစ်သော်လည်း အခြားပါတီဝင်အသစ်များ လက်ခံမှုနှင့်ပတ်သက်၍ ကန့်သတ်ချက် မရှိဟုလည်း ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

"သီးခြားမှတ်ချက် ရှိတဲ့လူတွေကို ကျနော်တို့ စိစစ်မယ်။ ဥပမာ ကိုကြည်မြင့်တို့ ပေါ့ဗျာ။ သူတို့က အဖွဲ့ချုပ်က ထွက်သွားတယ် သီးခြားပါတီ ထောင်တယ်ပေါ့။ ရွေးကောက်ပွဲ ဝင်တယ်ပေါ့။ နောက် တခုက ပါတီရဲ့ စည်းကမ်းချက်တွေနဲ့ မညီလို့ ထုတ်ထားတဲ့လူတွေ ရှိတယ်။ အဲဒီလိုလူမျိုးတွေကိုတော့ စိစစ်ပြီးတော့မှ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်" ဟု ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ယခုလ ၅ ရက်နေ့တွင် NLD ကို တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ခွင့်
ပြုခဲ့ပြီးနောက် ပါတီဝင်လျှောက်လွှာ တသိန်းကို ပြည်နယ်နှင့် တိုင်း အသီးသီးသို့ ဖြန့်ဝေပေးပြီး ဖြစ်သည်ဟုလည်း ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

NLD ပါတီသည် ၁၉၈၉ ခုနှစ်အတွင်း ပါတီဝင် တသန်းနီးပါးခန့် ရှိမည်ဟု ဦးအုန်းကြိုင်က ခန့်မှန်းပြီး၊ ယခုလည်း ထိုအရေအတွက်အတိုင်း ပါတီဝင်များ လက်ခံနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

တရားဝင်မှတ်ပုံတင်ပြီးသည့် NLD ပါတီသည် ပါတီစာစောင် "ဒီလှိုင်း" ကို ထုတ်ဝေရန် ပြင်ဆင်နေပြီး စာစောင် အတွင်း ပါတီမူဝါဒ၊ ပါတီဖွဲ့စည်းပုံများ ထည့်သွင်း ဖေါ်ပြမည်ဟု သိရသည်။

NLD ပါတီ၏ မူဝါဒများ တရားဝင်ကြေညာခြင်း မရှိသေးသော်လည်း ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကကရက်တစ် မြန်မာ့အသံ DVB နှင့် မေးမြန်းခန်းတခုတွင် ၂၀၁၂ ခုနှစ်အတွင်း NLD မှ အလေးထား
ဆောင်ရွက်မည့် ကိစ္စရပ်များမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်
နိုင်ရေး ကိစ္စများကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး လစ်လပ်နေရာ ၄၈ နေရာရှိသည် ဟု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန် ကြေညာထားသည်။ NLD ပါတီမှ ဝင်ရောက် အရွေးခံမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်များကို ဗဟို အလုပ်အမှုဆောင်အဖွဲ့သို့ ဗုဒ္ဓဟူးနေ့တွင် တင်သွင်းခဲ့ပြီး စိစစ်နေသည်ဟု ဗဟိုအလုပ်အမှုဆောင် တဦး ဖြစ်သူ ဒေါ်မေဝင်းမြင့်က ပြောသည်။

NLD ၏ ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌဖြစ်လာသူ ဒေါ်အောင်ဆန်းစုကြည်မှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် ဗဟန်းမြို့နယ် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားသို့ သဘာပတိအဖွဲ့ နာယက ဦးတင်ဦးနှင့်တူ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
Unknown at 9:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မောင်းနေတဲ့ မီးရထား ကို ထော်လာဂျီ နှင့် ၀င်တိုက်

စည်းကမ်းမဲ့ ထော်လာဂျီမောင်းနှင်မှုကြောင့် ရထားစက်ခေါင်းကို ၀င်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာ့မီးရထားတိုင်(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဉ်မျာ ၂၀၁၁ ဒီဇင်ဘာ ၆ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မှ လားရှိုးသို့ ထွက်လာသော လူစီး အဆန်ရထားစက်ခေါင်း အမှတ် DF.2047 သည်နောင်ချိုကမြို့နယ် ဆမ္မဆယ်ကျေးရွာဘူတာမှ အထွက်မိုင် တိုင် ၄၄၄/၁၃-၁၄ ကြားအရောက်တွင် ယာဉ်မောင်းကို … မောင်းလာသော ကောက်ရိုးများတင်ဆောင်လာ သည့် ထော်လာဂျီအပြာရောင် (နံပါတ်မပါ) သည် အရှိန်မထိန်းနိုင်ဘဲ ရထားစက်ခေါင်းကို ၀င်တိုက်မိခဲ့ကြောင်း သိရသည်။

ယင်းသို့ဝင်ရောက်တိုက်မှုကြောင့် ရထားစက်ခေါင်းမှာ ပျက်စီးမှုမရှိသော်လည်း ထော်လာဂျီ ယာဉ်မောင်းမှာ ညာဘက်မားထင်ပေါက်ပြဲ၊ ဘယ်ဘက်ဒူးခေါင်းပေါက်ပြဲဒဏ်ရာရရှိသွားပြီး ထော်လာဂျီမောင်း သူကို… (၂၀) နှစ်အား မြန်မာ့မီးရထားနောင်ချိုရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း 7 DAY NEWS Journal မှာ ဖော်ပြထားပါသည်။
Unknown at 9:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.