Thursday, January 12, 2012

လိုင်ဇာမြို့သိမ်းရေးစီမံချက်အတုအယောင်သာဖြစ်ကြောင်း စစ်ရေးအကဲခတ်များမှ သုံးသပ်တွေ့ရှိ

ယခုရက်ပိုင်းအတွင်း အင်တာနက်စာမျက်နှာမှာ လူပြောများနေတဲ့သတင်းကတော့ ကေအိုင်အေ ကို အစိုးရစစ်တပ်က တကယ်အပြုတ်တိုက်၊ မတိုက်ဆိုတဲ့ အကြောင်းအရာပါ။

အဲဒီသတင်းကြောင့် လိုင်ဇာမှာရှိတဲ့ ပြည်သူတွေစိုးရိမ်ထိတ်လန့်ပြီး KIO အဖွဲ့အနေနဲ့ လိုင်ဇာမြို့ကို ခုခံကာကွယ်ဖို့ စစ်ရေးအစီအစဉ်တွေ အပြင်းအထန်ရေးဆွဲနေတယ်လို့ သတင်းများထွက်ပေါ်လျက်ရှိပါတယ်။
ဒီလိုသတင်းတွေဖြစ်ရတဲ့ အကြောင်းရင်းကတော့ အင်တာနက်စာမျက်နှာတစ်ခုမှာပါရှိတဲ့ အစိုးရ စစ်တပ်ရဲ့ ထိပ်တန်းလျှို့ဝှက်အဆင့်ရှိ လိုင်ဇာမြို့သိမ်းပိုက်ရေးစီမံချက် ပေါက်ကြားတယ်ဆိုတဲ့ သတင်းတစ်ပုဒ် က လာတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီသတင်းရဲ့မှန်ကန်မှု ဘယ်လောက်ရှိသလဲဆိုတာ ဝေဖန်ဆန်းစစ်ကြည့်ခဲ့တယ်လို့ တရုတ်-မြန်မာနယ်စပ်က စစ်ရေးအကဲခတ်များက ပြောကြားခဲ့ပြီး ဒီလိုဝေဖန်ဆန်းစစ်ရာမှာလဲ အစိုးရဘက်ပဲဖြစ်ဖြစ်၊ KIA ဘက်ပဲဖြစ်ဖြစ် ဘယ်ဘက်ကမှ ဘက်မလိုက်ပဲ သတင်းအရင်းအမြစ်ရဲ့ ဖြစ်နိုင်ခြေ ရှိမှုကို စဉ်းစားခဲ့တယ်လို့ဆိုပါတယ်။

သူတို့ရဲ့ဝေဖန်ဆန်းစစ်ချက်အရ ပထမဆုံးတွေ့ရှိရတဲ့ အချက်ကတော့ အစိုးရစစ်တပ်ရဲ့ ထိပ်တန်း လျှို့ဝှက်စီမံချက်ပေါက်ကြားမှုဆိုတဲ့အချက်က ဖြစ်နိုင်ခြေလုံးဝမရှိမှုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရစစ်တပ် အနေနဲ့ ဒီလိုစစ်ဆင်ရေးကြီးတွေလုပ်ဆောင်ရာမှာ စီမံချက်ရေးဆွဲလေ့မရှိသလို ရေးဆွဲတဲ့စီမံချက် ပေါက်ကြား မှုဖြစ်စဉ် မြန်မာ့တပ်မတော်သမိုင်းမှာ အထောက်အထားလုံးဝ မရှိခဲ့ပါဘူး။ ဒါ့အပြင် ယခု ပေါက်ကြားနေတယ် ဆိုတဲ့ စီမံချက်မှာပါတဲ့ အချက်အလက်များဟာ အမှန်/အမှားရောထွေးထားတာ တွေ့ရှိရတယ်လို့ ဒီစီမံချက်ကို ဖတ်ရှုခဲ့ရတဲ့ လိုင်ဇာက KIA အရာရှိတစ်ဦး ထောက်ပြခဲ့ပါတယ်။ စီမံချက်ဟာ စာမျက်နှာ ၁ ခုပဲရှိပြီး ဒီစီမံချက်ကို လျှို့ဝှက်ရရှိတာမဟုတ်ပဲ အများပြည်သူကြားမှာ ပြန့်နှံ့နေလို့ မသင်္ကာစရာ ကောင်းတယ်လို့ ဆိုပါတယ်။
ပိုပြီးသိသာတဲ့အချက်ကတော့ လိုင်ဇာမြို့သိမ်းစီမံချက်မှာပါတဲ့ တပ်မများမှာ ကရင်ပြည်နယ်က တပ်မ(၄၄)၊ ရခိုင်ပြည်နယ်က စကခ(၁၅)၊ ရှမ်းပြည်နယ်ကိုရောက်နေတဲ့ စကခ(၁၀)၊ စကခ(၁၆)၊ တပ်မ(၃၃)၊ တပ်မ(၅၅) တို့ပါတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် MIG-29 လေယာဉ် ၄ စင်း မြစ်ကြီးနားရောက်နေ တယ်ဆိုတာလဲ ခြောက်လှန့်တာပဲဖြစ်နိုင်ပါတယ်။ MIG လေယာဉ်တွေရဲ့ စွမ်းပကားအရ လိုင်ဇာကိုတိုက်ခိုက် ဖို့ မြစ်ကြီးနားကို လာစရာမလိုပဲ ရန်ကုန်၊ မိတ္ထီလာတို့ကနေ မိနစ်ပိုင်းအတွင်း လာလို့ရပါတယ်။ ဒီအချက်ကလဲ မယုံကြည်စရာဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ထောက်ပြကြပါတယ်။ KIA ခေါင်းဆောင်တွေကို လျှပ်တပျက်ဝင်ရောက်ဖမ်းဆီးမယ်ဆိုတာကလဲ ဘင်လာဒင်ကိုဖမ်းတဲ့ အမေရိကန်က အထူးကွန်မန်ဒိုတွေလို စိတ်ကူးယဉ်ဆန်ဆန်ဖော်ပြထားခြင်း ဖြစ်ပါလိမ့်မယ်။


ဒါကြောင့်မို့ လိုင်ဇာမြို့ သိမ်းပိုက်ရေးစီမံချက်ဆိုတာ ``အစိုးရစစ်တပ်နဲ့ KIA တို့ ငြိမ်းချမ်းရေး တွေ့ဆုံမှုများ ပျက်ပြားအောင်မလိုလားတဲ့ အဖွဲ့အစည်းများက လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှား ´´ (သို့မဟုတ်) `` အစိုးရစစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူဟာအရ ထုတ်လွှင့်ခဲ့တဲ့ သတင်းအတုယောင် သာ´´ဖြစ်နိုင်ပြီး အဲဒီနှစ်ချက်စလုံးမဟုတ်ဘူးဆိုရင်တော့ ``စစ်ပွဲတွေကို မရပ်ခြင်တဲ့ KIA ခေါင်းဆောင်ကြီး များရဲ့ အစိုးရစစ်တပ်ကို တိုက်ခိုက်ရခြင်း ခိုင်လုံတဲ့အကြောင်းပြချက်ဖြစ်အောင် ဖန်တီးထားတဲ့ စီမံချက်အတု´´သာ ဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ယူဆကြပါတယ်။


ဒါကြောင့်မို့ KIA ကို အပြုတ်တိုက်မလား၊ အပြတ်တိုက်မလားဆိုတဲ့ မေးခွန်းကို မဖြေဆိုခင် လိုင်ဇာမြို့သိမ်းရေးစီမံချက်ဆိုတာ အစိုးရတပ်ကခြိမ်းခြောက်တာလား ? ၊ လှန့်တာလား ? ၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးတွေ့ဆုံမှုတွေကို ရှုတ်ထွေးအောင်လုပ်တာလား ? ၊ စစ်ပွဲတွေမရပ်ခြင်လို့ KIA အဖွဲ့အစည်းကပဲ ပြန်လည်ဖန်တီးတာလား ?ဆိုတာ ခွဲခွဲခြားခြားသိအောင်လုပ်ရပါမယ်။
တကယ်တမ်း KIA ကို အပြုတ်တိုက်မယ်ဆိုရင် အစိုးရစစ်တပ်ရဲ့ ထိပ်တန်းလျှို့ဝှက်စီမံချက် ပေါက်ကြားမှုမဖြစ်နိုင်ပါဘူး။ သောင်းကျန်းသူနှိမ်နင်းရေးမှာ အတွေ့အကြုံရှိတဲ့ မြန်မာတပ်မတော်ဟာ သောင်းကျန်းသူ အဖွဲ့အစည်းတွေကို အပြုတ်တိုက်ရာမှာ လေကြောင်းကို အသုံးပြုစရာမလိုတဲ့ နည်းလမ်းတွေရှိပြီးဖြစ်မှာပါ။
လတ်တလော ကချင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့တိုက်ပွဲတွေကို ကြည့်လိုက်ရင်လည်း မြစ်ကြီးနား-ဗန်းမော်လမ်းကြောင်း၊ ၀ိုင်းမော်-ကံပိုက်တီးလမ်းကြောင်း၊ ဗန်းမော်-မိုးမောက်-လွယ်ဂျယ်လမ်းကြောင်းများ ပေါ်မှာသာဖြစ်ပွားနေပြီး၊ ရှမ်းပြည်နယ်မှာဆိုရင်လည်း တရုတ်ပြည်အတွက် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမဲ့ ဧရိယာများမှာ အများဆုံးဖြစ်နေတာတွေ့ရှိရပါတယ်။ ဒါကြောင့် အစိုးရစစ်တပ်အနေနဲ့ သူတို့ရဲ့ အဓိကမဟာဗျူဟာလမ်းမကြီးများကို ပြန်လည်စိုးမိုးမှုရရှိရေးအတွက် လမ်းကြောင်းရှင်းတိုက်ပွဲများကို ဆက်လက် တိုက်ပွဲဝင်နေတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။



တိုက်ပွဲများအများဆုံးဖြစ်နေသည့် အဓိကဆက်သွယ်ရေးလမ်းကြီးများ

ဒါ့အပြင် သမ္မတကြီး ဦးသိန်းစိန်ရဲ့ အမိန့်ထုတ်ပြန်ပြီးနောက်မှာ တပ်မတော်အနေနဲ့ စခန်းသိမ်းထိုးစစ် ဆင်တိုက်ခိုက်မှုတွေမလုပ်တော့ပဲ ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာ KIAက လာရောက်တိုက်ခိုက်လို့ ခုခံ ပစ်ခတ်တဲ့အနေနဲ့ တန်ပြန်တိုက်ခိုက်မှုများသာရှိနေကြောင်း စစ်ရေးအကဲခတ်များက ထောက်ပြကြပါတယ်။
ဒါကြောင့် လိုင်ဇာမြို့သိမ်းရေးစီမံချက်ဆိုတာ အတုအယောင်ခြောက်လှန့်မှုတစ်ခုသာ ဖြစ်နိုင်ပြီး တပ်မတော်နဲ့ KIA တို့ရဲ့ လမ်းကြောင်းပေါ်က တိုက်ပွဲကိုရပ်တန့်သွားအောင် အစိုးရသစ်အနေနဲ့ ဘာလုပ်မလဲ ဆိုတာစောင့်ကြည့်ရပါတော့မယ်။
Unknown at 9:56 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.