Saturday, September 1, 2012

အယူသီးမှု၊ ကောလာဟလနှင့် သေနတ်ဥပဒေ

Bertil Lintner ~
 (၂၀၀၆ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီမဂ္ဂဇင်းမှာ Bertil Lintner ရေးခဲ့တဲ့ စာအုပ်ဝေဖန်ရေးဆောင်းပါးကို ဘာသာပြန်ထားတာပါ)
၂၁ ရာစု အကူးအပြောင်းက မြန်မာပြည်။
မိုနိခ်စကစ်ဒ်မိုး တည်းဖြတ်၍ ဟာဝိုင်အီ တက္ကသိုလ်က ပုံနှိပ်ထုတ်ဝေသည်။
၂၀၀၅ ခုနှစ်
စာမျက်နှာ-၃၀၄
မြန်မာပြည်အကြောင်း ပညာရပ်ဆိုင်ရာလေ့လာချက်သည် ရယ်စရာအဖြစ်အပျက်က ပိုများနေပြီး လက်တွေ့ နိုင်ငံရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာမှုက နည်းပါးနေသည် ။
“၂၁ ရာစု အကူးအပြောင်းက မြန်မာပြည်” စာအုပ်ဟာ နှစ်ပေါင်း လေးဆယ်အတွင်း မြန်မာပြည် ၏ နိစ္စဓူဝ ဘ၀အကြောင်း စာတမ်းများ ပထမဆုံးအကြိမ် စုစည်းဖော်ပြမှု လို့ ရည်ရွယ်ပုံရပေမယ့် အဲဒီလို ပြောတာဟာ နည်းနည်းတော့ ချဲ့ကားပြော တာပဲဖြစ်ပါလိမ့်မယ်။
အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း “မြန်မာပြည်ကို သွားလည်စို့” လို့ခေါ်တဲ့ စာအုပ်တစ်အုပ် ကိုရေးခဲ့ဖူးပါတယ်။ အဲဒီစာအုပ်ဟာ ဒီတိုင်းပြည်ရဲ့ နိစ္စဓူဝ ဘ၀အထွေထွေကို တော်တော်လေးခြုံငုံမိ ပါတယ်။ ဒါပေမယ့် အခု ဒီစာအုပ်အသစ်ကတော့ ပညာရှင်တွေရေးတဲ့ ပထမဆုံးစာအုပ် ဖြစ်ပါလိမ့်မယ်။ အဓိကကတော့ မနုဿဗေဒ ပညာရှင်တွေ ရေးတာပါ။ အဲဒါကြောင့် လူနည်းနည်းပဲ စိတ်ဝင်စားမယ့် အကြောင်းအရာတွေဖြစ်တဲ့ ထီလက်မှတ်ဂဏန်းဗေဒင်၊ မန္တလေးက ပုရိသ၀ါဒပြဿနာ၊ ပွဲတော်ရဲ့တည်နေရာမြေပုံတွေပါဝင်တဲ့ တောင်ပြုံး နတ်ကန္နားပွဲတော်အကြောင်း အသေးစိပ်ချယ်မှုန်း ဖော်ပြချက် စတဲ့ အခန်းတွေပါဝင်ပါတယ်။
ဒီလိုဖြစ်ပေမယ့် ဖတ်သင့်ဖတ်ထိုက်တဲ့စာအုပ်တစ်အုပ်ပါ။ စာအုပ်မှာ အပိုင်း(၄)ပိုင်းပါပါတယ်။ ပထမပိုင်းကတော့ ကိုးကွယ်မှု၊ ဘုရားဖူး ထွက်ခြင်းနှင့် စီးပွားရေး။ ဒုတိယပိုင်းကတော့ နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ဥပဒေနှင့်အညီပြုခြင်း။ ပြီးတော့ လူထုလှုပ်ရှားဆောင်ရွက်မှု နဲ့ နောက်ဆုံး မှာ ပြည်တွင်းပိုင်နက် နယ်ပယ် အကြောင်းရေးသားချက်တစ်ခုနဲ့ အဆုံးသတ်ထားပါတယ်။ အားလုံး ပေါ့ပေါ့ပါးပါးပါပဲ။ ဒါပေမယ့် ဂူးစတတ်ဟောက်တ်မင်း ရဲ့ အောင်ဆန်းစုကြည်အနီးအပါးက ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ဆိုတဲ့အခန်းရယ် ဂျယ်နီဖါလီဟေးရဲ့ လူထုဆက်သွယ် ရေးအကြောင်းရှင်းလင်းဖော်ပြချက်နဲ့ ခေတ်ပြိုင်ဗမာပြည်ရဲ့ စာပေဘ၀တွေကတော့ တကယ်အရေးကြီးတဲ့ အကြောင်းအရာတွေကို အကောင်းဆုံး လေ့လာထားချက်တွေပဲဖြစ်ပါတယ်။
ခဲကိုတိုစာ ရဲ့ ကောလာဟလတွေနဲ့ အယူသီးမှုတွေရဲ့အရေးကြီးပုံအကြောင်း အခန်းကလည်း စိတ်ဝင်စားစရာကောင်း ပါတယ်။ ဥပမာ ၁၉၉၁ ခုနှစ်မှာ လူတွေက အမျိုးသမီးတစ်ယောက် တိုင်းပြည်ကိုအုပ်ချုပ်လိမ့်မယ်ဆိုတဲ့ ဗေဒင်ဆရာတွေရဲ့ ဟောဆိုချက်ကို ယုံကြည်ကြပါတယ်။ မကြာခင်မှာ လက်တွေ့သမား အလယ်အလတ်ကျသူ လို့ အများကပြောကြတဲ့ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်က မင်းသမီးလိုဝတ်ပြီး တောင်ထိပ်ပေါ်တက်ပါလေရော။ ကောလာဟလ တွေအရ သူ့ရဲ့လက်အောက်ငယ်သားတွေက သူ့ကိုမမညွန့်လို့ သုံးခါ အော်ခေါ်ကြပါတယ်။ သူက ရှင် လို့ နောက်ပြန် မလှည့်ခင် သုံးကြိမ်သုံးခါ ထူးပါတယ်။
မရှေးမနှောင်းမှာပဲ အဲဒီအချိန်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က သူ့ရဲ့ အောင်မြင်မှုအခွင့်အရေးကို အထင်အရှားဖြစ်အောင်လို့ သူ့ကိုယ်သူ ရှေးရှေးတုန်းက ဗမာမင်းတစ်ပါး ဖြစ်တဲ့ ကျန်စစ်သားနဲ့ ခိုင်းနှိုင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနာမည်ဟာ ကျန် (ကျန်ရစ်သော) နဲ့ စစ်သား(စစ်တပ်အမှုထမ်း) ကိုပေါင်းစပ်ထားတာ ဖြစ်လို့ပါ။ နောက်အဖြစ်တစ်ခုကတော့ တမြို့လုံးကို အေးချမ်းသာယာမှုတွေဆောင်ကျဉ်းလာအောင် စစ်တပ်ခေါင်းဆောင်တွေနဲ့ သံဃာတော် အကြီးအကဲ တွေဟာ ရဟတ်ယာဉ်နဲ့ ရန်ကုန်မြို့ပေါ် ပျံဝဲပြီး မင်္ဂလသုတ်ကို ရွတ်ဖတ် သရဇ္ဈာယ်ပါသတဲ့။
ဒီဥပမာတွေဟာ ရယ်စရာဟာသတွေလို ဖြစ်ကောင်းဖြစ်နေပေမယ့် မြန်မာပြည်အနေအထားအရ မိရိုးဖလာ ယုံကြည်မှု တွေဟာ အုပ်ချုပ်သူတွေရော ပြည်သူလူထုအတွက်ပါ ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ပြသတာပါပဲ။ စိတ်မကောင်းစရာက ဒီ ဥပမာတွေဟာ ဗမာပြည်သူတွေအတွက် ဒီလို သဘာဝလွန် ဖြစ်ရပ် တွေမှာပဲ သူတို့ရဲ့မျှော်လင့် ချက်တွေကို တွဲခိုထားရုံက လွဲလို့ တခြား မယ်မယ်ရရမရှိတော့တာကို ပြသနေလို့ပါပဲ။ ထိုစာရဲ့အဆိုအရ ကောလာဟလ တွေဟာ အမြင်ရှုပ်ထွေးပြီး အားနည်းတဲ့လက်နက် ဖြစ် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို နိုင်ငံရေးလုပ်ငန်း တွေကို အာရုံစိုက်ပြီး အဓိပ္ပာယ်ဖွင့်ဆို နေခြင်းက ဗမာပြည်သူတွေအတွက် စစ်အစိုးရဟာ အာဏာရဲ့ အရှင်သခင်တွေ ဖြစ်ပါတယ် လို့ ၀န်ခံရာရောက် နေလို့ပဲ ဖြစ်ပါတယ်။
အဲဒီ အာဏာဟာ ဘယ်လိုအလုပ်ဖြစ်နေတယ်ဆိုတာကို မြန်မာ့စာအုပ်ထုတ်ဝေရေးနဲ့ စာပေလောက အကြောင်း အခန်းမှာ လီဟေးက ပိုပြီး လက်တွေ့ကျကျ ဖော်ပြထားပါတယ်။ သူတို့ရဲ့ နောင်တော် အာဏာရှင်ကြီးတွေထက်တောင်ပိုကဲပြီး လက်ရှိစစ်အစိုးရဟာ သူ့ကိုယ်သူ အာဏာနဲ့ အမှန်တရားရဲ့ တည်ရာဌာန ဖြစ်အောင် ကြိုးစားပါတယ်။
လွတ်လပ်တဲ့ စာရေးဆရာတွေကတော့ ပြည်သူလူထုဆီကို သူတို့ရဲ့သတင်းစကားတွေအရောက်ပါးဖို့ စာပေစီစစ်ရေးကို လက်တစ်လုံးခြား လှည့်ဖြားနိုင်အောင် ရူးချင်ယောင်ဆောင်တဲ့အရေးအသားတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှောင်တိမ်း ကြပါတယ်။ ဒါပေမယ့် တခါတလေမှာတော့ စာရေးဆရာတွေနဲ့ မဂ္ဂဇင်းအယ်ဒီတာတွေဟာ ပိုပြီး တဲ့တိုး ကျတတ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ သူတို့တွေဟာ မြန်မာပြည်ရဲ့ နိုင်ငံတကာရုပ်ပုံလွှာကို ထိခိုက်ပျက်ပြားစေတယ်ဆိုပြီး တင်းကျပ်မှုတွေကို လျော့ပါးပေးဖို့ အာဏာပိုင် တွေကို ပန်ကြားခဲ့ကြပါတယ်။ ဒါပေမယ့် အံ့သြစရာမရှိပါဘဲ စစ်အစိုးရဟာ ပုဂ္ဂလိကထုတ်ဝေ ရေးလုပ်ငန်းကို ပိုတင်းကြပ်လိုက်တဲ့ အတွက် အခြေအနေဟာ ပိုပြီး ဆိုးရွားခဲ့ပါတယ်။ စာပေလောကသားတွေအတွက် သင်ခန်းစာကတော့ စောဒကမတက်ဖို့ဘဲဖြစ်ပါတယ်လို့ လီဟေးက အနှစ်ချုပ်ပါတယ်။ သာမန် အရပ်သား တွေကလည်း တူညီတဲ့သင်ခန်းစာကိုပဲ ရရှိခဲ့ပါတယ်။ တလောကလုံးက အော့နှလုံးနာနေတဲ့ အစိုးရကို ဆန့်ကျင်ပြီး ဘာစကားမျှ မဟရဲတော့တာပဲဖြစ်ပါတယ်။
ဗိုလ်ချုပ်တွေဟာ အာဏာကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားနိုင်လင့်ကစား သူတို့ရဲ့ အာဏာပိုင်ဆိုင်မှု တန်ဆာပလာတွေဟာ နိုင်ငံတော်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို ရေရှည်ခိုင်မြဲအောင် ဖန်တီးနိုင်စွမ်းမရှိဘူး လို့ ဟောက်မင်း က ငြင်းချက်ထုတ် ပါတယ်။ လက်နက်နဲ့ ပုဂ္ဂိုလ်ရေး အာဏာဟာ မြန်မာပြည်ကစားဝိုင်းရဲ့ ဥပဒေသပါပဲ။ အနောက်တိုင်းပညာရှင် ကြောင် သူတော်တချို့ ကမ္ဘာကိုပြောဖို့ ကြိုးစားနေကြသလို ရှေးဟောင်းထုံးတမ်းစဉ်လာတွေထဲမှာ ကျင်လည်နေတဲ့ ခိုင်မာ တောင့်တင်းတဲ့ နိုင်ငံတစ်ခု မဟုတ်ပါဘူး။
ဟော့တ်မင်း ရဲ့အဆိုအရ ပုဂ္ဂိုလ်ရေးသြဇာရဲ့ အရေးပါမှုဟာ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ဒီလှုပ်ရှားမှုကို ထောက်ခံကြတဲ့ နိုင်ငံရပ်ခြားက သူတွေကိုပါ သက်ရောက်လွှမ်းမိုးပါတယ်။ ဒီနေရာမှာတော့ အောင်ဆန်းစုကြည်ထက် ပိုပြီး အရေးကြီးတဲ့သူ မရှိတော့ပါဘူး။ သူ့ရဲ့တိုင်းသူပြည်သားတွေက သူ့ကို ဣတ္ထိယဘုရားလောင်း(Female Bodhisattva) နဲ့ နှိုင်းခဲ့ကြတယ်။ ဗယ်နီတီဖဲရ် (Vanity Fair) က မြန်မာပြည်ရဲ့ စိန့်ဂျုံး(Burma's Saint Joan) လို့ ကင်ပွန်းတပ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ သူ့ကို 'အနောက်မျှော်မယ်တော်ကြီး' လို့ ခေါ်ပါတယ်။ သူ့ကို ရည်ညွှန်းတဲ့ သဘာဝလွန် စရိုက် လက္ခဏာတွေ ကိုတော့ စစ်အစိုးရက မငြင်းပါဘူး။
နောက်ဆုံးအခန်းကတော့ မြန်မာပြည်ရဲ့အနာဂတ်ကို လေ့လာတဲ့သဘောရှိပါတယ်။ ဗမာလူမျိုး တွေဟာ သူတို့ရဲ့ကလေး တွေကို ဘယ်လိုပြုစုပျိုးထောင်ကြတယ်၊ သူတို့ရဲ့သားသမီးတွေကို ဘယ်လောက် တန်ဖိုးထားကြတယ်ဆိုတာ လေ့လာ ဆန်းစစ်ပြီး ရေးသားထားတာဖြစ်ပါတယ်။ ဆိုးဆိုးဝါးဝါးချွတ်ယွင်းချက် ကတော့ ၂၁ ရာစု အကူးအပြောင်းမှာ မြန်မာပြည် ဟာဘယ်နေရာမှာ ရှိနေသလဲ ဆိုတာကို နိုင်ငံရေးအရ ခွဲခြမ်း စိတ်ဖြာလေ့လာချက် မပါရှိတာပါပဲ။ ဒီအချက်ဟာ လူမှုရေး ဆိုင်ရာမနုဿဗေဒနဲ့ ဆေးပညာဆိုင်ရာ မနုဿဗေဒ ဘာသာရပ်များအတွင်း နက်နက်ရှိုင်းရှိုင်း လေ့လာစူးစမ်းချက်တွေ နည်းတူ အရေးကြီးပါတယ်။ ပိုပြီး အရေးကြီးပါသေးတယ်။ ။
zarny win
Saturday, September 01, 2012
Irrawaddy Blog
http://blog.irrawaddy.org/2012/09/blog-post_1.html

ဘကြီးသက်
Unknown at 9:23 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.