Saturday, September 1, 2012

သမ္မတထံစာတင်သည့် ဆင်ပေါင်ဝဲတောင်သူများအား စစ်တပ်က ခေါ်ယူမေးမြန်း

ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ စစ်တပ် သိမ်းယူထားသော မြေများအား ပြန်လည် လုပ်ကိုင်လိုမှုဖြင့် သမ္မတထံ အသနား ခံ စာတင်ထားသော ဒေသခံများအား စစ်တပ်က ခေါ်ယူမေးမြန်း ခဲ့ကြောင်း ကာယကံရှင် များထံက သိရသည်။

''သူတို့ကျွန်တော့်ကို မေးတယ်။ ဘယ်သူ့အကူအညီနဲ့ သမ္မတဆီ စာတင်တာလဲ။ ဒီစာက ဘယ်သူရေးတာလဲ။  သူတို့ မေးတာလဲ အစုံပဲ။ မေးလိုက် နားလိုက်နဲ့ ညတစ်နာရီခွဲမှ ကျွန်တော်တို့ပြန်ရတယ်''ဟု သြဂုတ်(၃ဝ)ရက်နေ့က  စစ်တပ်မှ ခေါ်ယူမေးမြန်းခြင်းခံ ခဲ့ရသူ ဦးပေါ်ဦးက ပြောသည်။ အသိမ်းခံရသည့် ကျေးရွာများမှ ဒေသခံ (၁၆)ဦးအား ခေါ်ယူစစ်ဆေး ခဲ့ခြင်း ဖြစ်သည်။

ဒေသခံများအနေဖြင့်လည်း အသိမ်းခံရသော ယာမြေများနှင့်ပတ်သက်၍ အကြောင်းတစုံတရာ ထူးထူးခြားခြားမပြောနိုင်ခဲ့ကြောင်း ၄င်း၏ပြောကြားမှုများအရ သိရှိရသည်။

တောင်သူများသမ္မတထံစာတင်ခဲ့ခြင်းမှာ သြဂုတ်လလယ်ပိုင်းတွင် စာတင်ခဲ့ခြင်းဖြစ်ပြီး၊ လျော်ကြေးရယူလိုမှုထက် မိမိတို့လယ်တွင်ပြန်လည်လုပ်ကိုင်လိုခြင်းကြောင့် အသနား ခံစာတင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တပ်မှသိမ်းယူခဲ့သောယာမြေများမှာ ကျေးရွာ(၁၃)ရွာ၏မြေများဖြစ်ပြီး၊ (၁၉၉၈-၉၉)ခုနှစ်များက စစ်တပ်မှ သိမ်းယူခဲ့သည့် မြေ ဧကပေါင်း(၁ဝဝဝဝ)ကျော်ရှိကြောင်း သိရသည်။

အဆိုပါ စစ်တပ်မှာ ကပစ(၈)ဖြစ်ပြီး၊ သိမ်းယူခဲ့သော ယာမြေများတွင် ရွာသားများပြန်လည်လုပ်ကိုင်လိုလျှင် တစ်နှစ်လျှင် တစ်ဧကနှုန်း(၈ဝဝဝ)ကျပ်ဖြင့် ငှားရမ်းခဲ့ကြောင်းကိုလည်း ရွာသားတို့က ဆိုသည်။

စစ်တပ်မှ သိမ်းယူခဲ့သော ယာမြေများဆုံးရှုံးခဲ့သည့်ကျေးရွာများမှာ စောင်းတန်းကြီး၊ စောင်းတန်းလေး၊ ဒင်းပုန်း၊ နတ်ရွာ၊ မန်ကျီးပင်ပု၊ ဝါးရှိ၊ ဆံရသီ၊ ဘော်မြင့် နှင့်အခြားရွာများဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဆင်ပေါင်ဝဲမြို့ရှိ ဒေသခံများသည် မြေပဲ၊ နှမ်း နှင့် ဝါ စသည့်သီးနှံများအား အဓိကထား၍ စိုက်ပျိုးကြသည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup


ဘကြီးသက်
Unknown at 9:27 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.