Saturday, August 11, 2012

ပြည်သူ့အသံကို လွှတ်တော် ဝဘ်ဆိုဒ်မှတဆင့် တင်ပြနိုင်တော့မည်

ပြည်သူများ၏ ဆန္ဒများနှင့် လွှတ်တော်အတွင်း ဆွေးနွေးမှုများကို အထောက်အကူပြုနိုင်ရန် ပြည်သူ့လွှတ်တော် အင်တာနက် စာမျက်နှာမှတဆင့် သြဂုတ်လ ဒုတိယပတ်အတွင်း တင်ပြနိုင်တော့မည်ဟု ပြည်သူ့လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးတဦးက မဇ္ဈိမကို ပြောသည်။

“ပြည်သူတွေအနေနဲ့ ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ အခွင့်အရေး မရရင်တောင်မှ ကိုယ်စားလှယ်တွေကို အသိပေးပြောကြားလို့ ရတော့မှာပါ” ဟု ၎င်းအရာရှိက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များထံ အကြံပြုချက်များ၊ လွှတ်တော်သို့ တင်ပြစေလိုသည့် အကြောင်းအရာများ ပေးပို့လို ပါက ပြည်သူ့လွှတ်တော်၏ အင်တာနက် စာမျက်နှာတွင် “ပြည်သူ့လွှတ်တော် သို့ ပြည်သူ့အသံ တင်ပြတောင်းခံကြပါစို့” ဟု ရေးသားထားသော နေရာတွင်   ဝင်ရောက် ရေးသားနိုင်မည် ဖြစ်သည်။
Hluttaw
ထိုအစီအစဉ်သည် ကောင်းမွန်သည့် အစီအစဉ်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ အတွက်လည်း အသုံးဝင်သည့်
ဆောင်ရွက်ချက်တခု ဖြစ်သည်ဟု ရှမ်းပြည်နယ်၊ ကွန်းဟိန်းမြို့နယ် လွှတ်တော်အမတ် ဒေါ်နန်းဝါနု က မဇ္ဈိမကို ပြော သည်။

“ကျမတို့က ပြည်သူတွေရဲ့ဆန္ဒကို အမြဲလေ့လာနေရတာဆိုတော့ အသုံးဝင်ပါတယ်" ဟု ဒေါ်နန်းဝါနု က ပြောသည်။

အခြားတဘက်တွင်မူ ဆက်သွယ်ရေးခက်ခဲပြီး အင်တာနက် သုံးစွဲနိုင်သည့် အခွင့်အလမ်း နည်းပါးသည့် တိုင်းရင်းသား
ဒေသများ ရှိနေသေးရာ ပြည်သူများ၏ ဆန္ဒနှင့် တောင်းဆိုချက်များကို တိုက်ရိုက်တွေ့ဆုံသည့် နည်းကိုလည်း အသုံးပြု သွားမည်ဟု ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးငွန်မောင်း က ပြောသည်။

အင်တာနက် ဝဘ်ဆိုဒ်စာမျက်နှာများကို နေ့စဉ်ကြည့်ရှု ဖတ်မှတ်လေ့ရှိသည့် ရန်ကုန်မြို့နေ အမျိုးသားတဦးက လွှတ်တော်ကို တိုက်ရိုက်ထိတွေ့ဆက်ဆံခွင့်ရရှိသည်မှာ ကောင်းမွန်သော်လည်း ယခုနည်းလမ်းသည် မိမိတို့ပြည်သူ များတင်ပြသည့် အကြံပြုချက်၊ လိုလားချက်များကို လွှတ်တော်ကိုယ်စားလှယ်များက နားလည်လက်ခံခြင်း ရှိ/မရှိ မသိနိုင်သည့် တဖက်သတ် လမ်းကြောင်းဖြစ်နေ၍ လွှတ်တော်အနေဖြင့် ပြည်သူနှင့် ဆက်ဆံရာတွင် လွယ်ကူစွာ ထိတွေ့နိုင်ပြီး အပြန်အလှန် ပြောဆိုဆွေးနွေးနိုင်သည့် အခြားနည်းလမ်းများကိုလည်း ထပ်မံစဉ်းစားသင့်ကြောင်း အကြံပြုသည်။

ပြည်သူ့လွှတ်တော်၏ အင်တာနက် ဝဘ်စာမျက်နှာကို ဇူလိုင်လ ဒုတိယပတ်အတွင်းက စတင်လွှင့်တင်ခဲ့ပြီး မြန်မာနိုင်ငံ ၏ အင်တာနက် အသုံးပြုနိုင်မှုမှာ ၂ဝ၁ဝ ခုနှစ် ဇူလိုင်လအထိ လူဦးရေ သန်း ၆ဝ ၏ ဝ.၈ ရာခိုင်နှုန်း (လူ လေးသိန်း
ရှစ်သောင်း) သာ ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်သည်။ အသုံးပြုသူ အများစုမှာလည်း ရန်ကုန်၊ မန္တလေးမြို့များမှ ဖြစ်သည်။
ရန်ကုန် (မဇ္ဈိမ) ။       ။
ဘကြီးသက်
Unknown at 11:13 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.