Sunday, August 12, 2012

မြန်မာ့ မြန်မာ့ ရုပ်ရှင် ( ဒါရိုက်တာများထံ အိတ်ဖွင့်ပေးစာ

 
ဒိုင်း…!

ပစ္စတိုသေနတ်ကြောင့် ဝါး၂ ရိုက်စာ အကွာအဝေးမှ ရန်သူ နဖူးအားကျည်ဆံမှန်ပြီး လဲကျသေဆုံးသွား တယ်။ ရုပ်ရှင်တဲ့။ မြန်မာ့ရုပ်ရှင်တွေ ဒီလိုပဲရိုက်နေကြတော့မှာလား။ ပစ္စတိုဆိုတာ အရေးကြုံလာတဲ့အခါ အနီးကပ်ကာကွယ်ဖို့ ထားတဲ့အစောင့်သေနတ်။ ခုဟာက ရှေ့တန်းမှာ ပစ္စတိုကြီးတကားကားနဲ့။ ပစ်တော့လည်း နဖူးမှ မှန်တတ်ပါပေတယ်။ ပစ္စတိုဆိုတာ နားထင်ကို တေ့ပစ်ရင်တောင် ရှပ်ထိပြီး အသက်မသေတာမျိုးရှိတတ်တယ်။ ခုဟာက ဝါး၂ရိုက်စာကို နဖူးမှန်တယ်ဆိုတော့စဉ်းစားသာကြည့်ကြဦး။ ဒါတင်လားဆိုတော့ ဘယ်ဟုတ်ဦးမလဲ။ မြင်နေရတဲ့ဇာတ်လမ်းအများစုမှာ မင်းသမီးကို ကားတိုက်တာမျိုး။ သွေးတွေရဲပြီး မင်းသမီးက ကားရှေ့မှာ လဲကျနေရော။


အဲဒီမှာတင် မင်းသားကရောက်လာတယ်။ မင်းသမီးကို ပွေ့တယ်။ မင်းသမီးပြောသမျှစကားတွေကို နားထောင်တယ်။ စကားလည်းကုန် မင်းသမီးလည်းသေ။ မင်းသားက ဆေးရုံကားမခေါ်။ ထစ်ခနဲဆို ဆန္ဒထွက်ပြမယ်ဆိုတဲ့လူတွေကလည်း ဝိုင်းအုံကြည့်လို့ ဆေးရုံကားခေါ်ဖို့သတိမရကြ။ ကျွန်တော် မျက်စိရှေ့တင် ယဉ်တိုက်မှုဖြစ်တာမျိုးတွေမြင်ဖူးတယ်။ တိုက်ခံရတဲ့သူက အသက်ကလေးငင်လို့ ။ စကားပြောဖို့ဝေးရော။ ဒီတော့ ကားတိုက်ခံရပြီး စကားကောင်းကောင်းပြောနိုင်တဲ့သူတွေ မြန်မာ့ရုပ်ရှင်ထဲ မြင်ရနိုင်သည်လို့ ပြောရတော့မလို။ ကဲ မခက်ပေဘူးလား။

နောက်တစ်ခုက မှတ်မှတ်ရရ ကလေးဘဝက ကြည့်ခဲ့ဖူးတဲ့ “ဝေလည်းမွှေးကြွေလည်းမွှေး” ဆိုတဲ့ဇာတ်ကား။ ဇာတ်သိမ်းခန်းမှာ ကျော်ဟိန်းက လက်ပစ်ဗုံးစနက်တံသံကွင်းလေးကို သွားနဲ့ကိုက်ဖြုတ်လို့။ ထားဦး။ အတွင်းကျကျမပြောခင် လူပြိန်းတွေးနည်းလေးနဲ့ပဲ တွေးပြမယ်။ လူ့အသက်သေစေတဲ့လက်နက်ဖြစ်တဲ့ လက်ပစ်ဗုံးကို အဲလိုလွယ်လွယ်ဖြုတ်လို့ရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒါဆိုသွားရင်းလာရင်းနဲ့ သစ်ကိုင်းလေးနဲ့ငြိပြီး ပြုတ်သွားရင် သေမှာပေါ့။ လက်ပစ်ဗုံးဆိုတာ စနက်တံသံကွင်းကို ထိပ်ကနေပိတ်ပြီး ကွေးထားတယ်။ အဲဒါကို အရင်ပြန်ဆံ့ပြီးမှ ဆွဲထုတ်ရတယ်။ ဒါမှစနက်တံပြုတ်တယ်။ လက်တွေသင်ခန်းစာ တစ်ခုတုန်းက ဆရာက ရုပ်ရှင်ထဲကလို သွားနဲ့ကိုက်ပြီး စနက်တံမဖြုတ်နဲ့တဲ့။ သွားပဲကျိုးသွားမယ်တဲ့။ ကြည့်မိတော့လည်း ဟုတ်သား။ ဒီတော့သွားအကျိုးမခံဘဲ လက်နဲ့ပဲ အတော်လေးဆွဲဖြုတ်ခဲ့ရတယ်။ ဟော ဒါပဲလေ။ လက်ပစ်ဗုံးကို သွားနဲ့ကိုက်ဖြုတ်တာလည်း မြန်မာ့ရုပ်ရှင်များတွင်သာ တွေ့နိုင်ပါသည်လို့ ပြောရမလို။ (ကြည့်လို့တော့ အတော်လေးကောင်းသား)။

နောက်ပြီး ဒါရိုက်တာကြီးဇင်ယော်မောင်မောင်ရိုက်တဲ့ လျှို့ဝှက်သောနှင်း ဆိုတဲ့ရုပ်ရှင်ကားကြီး။ ဇာတ်သိမ်းခန်းမှာ လူမင်းသစ်လုံးပိလို့ လွင်မိုးအကူအညီသွားတောင်းတဲ့အခန်း။ ရယ်တော့ရယ်ရသား။ အပေါ်က ကျွန်တော်ပြောခဲ့သလို ကားတိုက်တာတောင် ဆေးရုံကားကိုဖုန်းမဆက်တဲ့ ဆေးရုံပို့ဖို့သတိမရတဲ့ မြန်မာဇာတ်လမ်းဟာ တောင်တက်သမားလူမင်းသစ်လုံးပိတာကို ကူညီဖို့ရောက်လာတာက ရဟတ်ယာဉ်။ ဘယ်လိုနားလည်ရမှန်းကို မသိတာ။ တကယ်ပါ။ ဒါကြောင့် မြန်မာဇာတ်လမ်းကြည့်ရင် ဖြည့်တွေး ဆိုတာမျိုးက ပြောစမတ်ကြီးကိုတွင်လို့။ အဲ့ဒီရုပ်ရှင်ကားလည်း နိုင်ငံခြားထိ ရုံတင်ပြသမယ်ဆိုလား ကြားလိုက်သေးတယ်။ သေချာပါတယ်။ ဝက်ဝက်ကွဲပါပဲ။

မြန်မာဇာတ်လမ်းတွေ ဘာကြောင့်ကမ္ဘာမကျော်သလဲ။ ကျော်ဟိန်းကားတစ်ကားကြည့်ဖူးတယ်။ အဲဒီ့တုန်းက G3 သေနတ်ခေတ်။ G3 သေနတ်ဆိုတာ အိပ်ပြီးထောက်ပစ်ရင်တောင် အနောက်ကိုတော်တော်ပြန်ကန်တဲ့ မောင်းပြန်ရိုင်ဖယ်ပါ။ မိုင်နှစ်ဆယ် တိုင်မကွယ်နဲ့ လို့တောင် ကြွေးကြော်ထားတဲ့သေနတ်မျိုးပါ။ အာနိုးလို ဗလကောင်းကောင်းနဲ့လူတောင် မခါအောင် အတော်ပစ်ယူရမယ့်သေနတ်မျိုး။ ခုဟာက ကျော်ဟိန်းက အဲ့ဒီသေနတ်ကြီး ဘယ်တစ်ဖက် ညာတစ်ဖက် G3 နှစ်လက်နဲ့ မတ်တပ်ကြီးရပ်ပစ်လို့။ ဟော ကမ္ဘာကျော်ပါလိမ့်မယ်လို့ပြောရရုံရှိတော့မပေါ့လေ။

(နောက်ဆုံးတစ်ခုက နိုင်ငံခြားဇာတ်လမ်းတွေမှာ ညဘက်ရိုက်တဲ့အခါ လူမျက်လုံးလောက်ပဲမြင်ရပါတယ်။ မြန်မာဇာတ်လမ်းတွေမှာတော့ မီးရောင်တွေနဲ့ထင်းခနဲ အဲဒါကြီးလည်းပွင့်ပွင့်လင်းလင်းပြောရရင် သဘောမကျချင်ပါဘူး။)

ဒါတွေ ဒါတွေကြောင့် ကျွန်တော်ပြောချင်တာက ဒါရိုက်တာများ သုံးသပ်ပြုပြင်ကြပါဦးလို့။ မဟုတ်ရင်တော့ ကမ္ဘာနဲ့ချီပြီး သွေးမထွက်ပြပါနဲ့စောပါသေးတယ်လို့ ဆန္ဒပြုပြောလိုပါတယ်။

နေပိုင်
၀၇.၀၈.၂၀၁၂

  lu bo

ဘကြီးသက်
Unknown at 9:47 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.