Wednesday, May 23, 2012

လျှပ်စစ်မီးရရှိရေးအတွက် ရန်ကုန်လူထု ပထမနေ့အဖြစ် ဆန္ဒဖော်ထုတ်။


‎- ဖယောင်းတိုင်ကိုင်ထားသည့် ဆန္ဒပြသူများကို လက်ချင်းချိတ်၍ လိုက်ပါလာကြသည့် ရဲတပ်သားများကိုတွေ့ရစဉ်။

ဓာတ်ပုံ- ဥက္ကာကိုကို
ရန်ကုန်မြို့တော် လျှပ်စစ်မီးအပြည့်အ၀ရရှိရေးအတွက် ပြည်သူများမှ ဖယောင်းတိုင်ကိုယ်စီကိုင်ကာ လမ်းပေါ်ထွက်၍ ဆန္ဒဖော်ထုတ်တောင်းဆိုမှုတစ်ရပ်ကို မေလ ၂၂ ရက် ည ၇ နာရီမှ စတင်ကာ ၉ နာရီခန့်အထိ လူပေါင်း ၂၀၀ ကျော်ခန့် ဆူးလေဘုရားတ၀ိုက်လှည့်လည်ပြုလုပ်ခဲ့ကြသည်။ ည ၇ နာရီခန့်တွင် မြို့တော်ခန်းမအနီးမှ ဖယောင်းတိုင်များထွန်းကာ လူ ၂၀ ခန့်စတင်လမ်းလျှောက်ခဲ့ကြပြီး မဟာဗန္ဓုလလမ်းမကြီးနှင့် ၃၁ လမ်းထောင့်အရောက်တွင် ရဲမှူးကြီးအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဦးဆောင်သည့် ရဲတပ်သားများက ရှေ့ဆက်မသွားကြရန်နှင့် လူစုခွဲရန် တားမြစ်ပြောဆိုခဲ့သည့် အတွက် ဆန္ဒပြလူစုမှာ ဆူးလေဘုရားဖက်သို့ နောက်ပြန်လှည့်ခဲ့ကြသည်။ ထိုအချိန်တွင် ဆူးလေဘုရားအနီး၌ ဖယောင်းတိုင်များကိုင်ဆောင်ထားသည့် လူများ ထပ်မံစုရုံးနေကြပြီဖြစ်သည်။ ရဲတပ်သားများသည် ဖယောင်းတိုင်များကိုင်ဆောင်လာသည့် ဆန္ဒပြသူများကို လက်ချင်းချိတ်၍ ၀ိုင်းရံခေါ်ဆောင်လာကြပြီး ဆူးလေဘုရားပေါ်သို့ မတက်ရောက်ရန် မေတ္တာရပ်ခံခဲ့သည်။ သို့သော်လည်း များပြားလာသည့်လူထုမှာ အတားအဆီးများကိုထိုးဖောက်၍ ဆူးလေဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်လှည့်လည်ကာ ဆီမီးကပ်လှူခဲ့ကြသည်။ ထို့နောက် ပထမဆုံးစတင်ဆန္ဒပြကြသည့် အဖွဲ့မှာ လူစုခွဲသွားခဲ့ကြသော်လည်း ထပ်မံရောက်ရှိလာကြသည့်လူများက ဖယောင်းတိုင်များကို ထွန်းညှိကိုင်ဆောင်ကာ ထပ်မံဆန္ဒဖော်ထုတ်ခဲ့ကြသည့်အတွက် လာရောက်ကြည့်ရှုနေကြသည့်လူထုမှာ ၂၀၀၀ ၀န်းကျင်ခန့်အထိ ရှိလာခဲ့သည်။ ည ၈ နာရီခွဲခန့်တွင် ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီးစုဝေးနေကြသည့် ဖယောင်းတိုင်ကိုင်ဆန္ဒဖော်ထုတ်သူများက ““မီးလင်းပါစေ””ဟူသည့် ကြွေးကြော်သံများကို အော်ဟစ်၍ လမ်းမပေါ်သို့ တိုးထွက်လာကြသဖြင့် ရဲတပ်သားများက လူအုပ်ကို တားဆီး၍ နောက်ပြန်ဆုတ်စေခဲ့သည်။ သို့တိုင်အောင် ကြွေးကြော်သံများမှာ ညကိုးနာရီခန့်အထိ ဆက်လက်ပေါ်ထွက်နေဆဲဖြစ်ပြီး လက်ခုပ်သံများမှာလည်း တဖြောင်းဖြောင်းပင်ဖြစ်သည်။ ထို့နောက် ဆန္ဒပြသူလူထုသည် ည ကိုးနာရီခန့်တွင် လူစုခွဲခဲ့ကြသည်။ နောက်တစ်ရက် ၂၃ ရက်နေ့ညတွင် ဆက်လက်ဆန္ဒဖော်ထုတ်ကြဦးမည်ဟုလည်း သတင်းရရှိသည်။ သတင်း-ဓာတ်ပုံ- ဥက္ကာကိုကို
By: ‎7Day News Journal
Unknown at 12:05 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.