Wednesday, May 23, 2012

ပေးဆပ်သူတို့ရဲ့နှလုံးသား


ဒီရက်ပိုင်းမှာ မီးပျက်တာနဲ့ပတ်သက်ပြီး ပြည်သူတွေဟာ ဖယောင်းတိုင်ကလေးတွေထွန်းပြီး ဆန္ဒပြနေကြတာကိုတွေ့ရပါတယ် ၊ အစိုးရဘက်ကလည်း လေးလေးစားစားဆိုသလို တာဝန်ရှိသူ အကြီးအကဲတွေ ကိုယ်တိုင် ပြန်လည်ရှင်းလင်းတင်ပြနေတာတွေ တွေ့နေရပါတယ် ၊ လုံခြုံရေးထိန်းသိမ်းသူတွေကလည်း အေးအေးဆေးဆေးပါဘဲ ၊ ပြည်သူ နဲ့ အစိုးရ ဟာ ဒီမိုကရေစီ စနစ်ဆီကို တည်တည်ငြိမ်ငြိမ် ချီတက်နေကြပြီဆိုတာ ပြနေပါတယ် ။

ပြည်သူတွေဘက်ကကြည့်မယ်ဆိုရင်လည်း ဆန္ဒပြမယ်ဆိုရင် ပြချင်စရာပါဘဲ ၊ မီးမှန်မှန်မှမလာတာကိုး ၊ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေကမီးတွေမှန်အဆင်ပြေ ကိုယ်ကအမှောင်ထဲမှာဆိုတော့လည်း ဆန္ဒပြယုံတင် မဟုတ် ဒေါသချောင်းချောင်း ထွက်မယ်ဆိုရင်လည်းထွက်စရာပေါ့ ဒါပေမယ့်ဒီဒေါသ ကိုဖြေဖျောက်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ကြတယ် ။

အစိုးရဘက်ကကြည့်မယ်ဆိုရင်လည်း ရုရှားနဲ့ ညူကလီးယား ဓါတ်အားပေး စက်ရုံဆောက်မယ် ဆိုတုံးကလည်း အစိုးရနဲ့ ဆန့်ကျင်ဘက်သဘောထားရှိသူတွေနဲ့ သဘာဝပတ်ဝန်းကျင်သမားတွေက ကန့်ကွက်လို့ ရပ်ပေးလိုက်ရတယ် ၊ ရေအားလျှပ်စစ်တွေလည်းဒီအတိုင်းပဲ ရပ်ပေးလိုက်ရတယ် ( မြစ်ဆုံကိုမဆိုလိုပါ ) ၊ ထားဝယ်မှာဆောက်မယ့် မီဂ္ဂါဝပ် ၄၀၀၀ ကျောက်မီးသွေးသုံးစက်ရုံစီမံကိန်းတွေလဲ ဒီသဘာဝပတ်ဝန်းကျင်သမားတွေ ထကန့်ကွက်လို့ပဲ ရပ်ပေးလိုက်ရပြန်တယ် ၊ ခုမီးပျက်တော့ သဘာဝပတ်ဝန်းကျင်သမားတွေ ဘယ်ရောက်ကုန်လဲလို့ မေးချင်မှာပဲ ဒါပေမယ့် ဒီလိုမလုပ်ကြဘူး အေးအေးဆေးဆေး ပြည်သူကို လေးလေးစားစားပြန်ပြီးတင်ပြတယ် ။

ပြီးခဲ့တာတွေပြီးပြီ တစ်ဘက်နဲ့တစ်ဘက်အပြစ်တွေတင်နေလို့ မဖြစ်တော့ဘူး အစိုးရရော ပြည် သူရော ဖြစ်သင့်တာကိုဦးစားပေးပြီး တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ရမယ့်အချိန်ရောက်နေ ပါပြီ တောကြောင်တွေကတော့ ချောင်းနေမှာပါဘဲ ခုပဲကြည့်လေ.. လျှပ်စစ်ဝန်ကြီးဦးဇော်မင်း ရဲ့စကားတွေကို ပြန်တင်ပြီး ပွဲဆူအောင်လုပ်နေတဲ့ မီဒီယာအမည်ခံ နိုင်ငံရေးတောကြောင်တွေ လက်ခမောင်းခတ်နေကြတယ် ၊ ဆန္ဒဖေါ်ထုတ်သူတွေနဲ့ အစိုးရကြားပဋိပက္ခမဖြစ်ဖြစ်အောင် လုပ်နေကြတယ် ။

တကယ်သာမျှတတဲ့မီဒီယာသမားတွေဆိုရင် သွားလေ ဓါတ်တိုင် ပေါက်ကွဲတဲ့နေရာကို ၊ ဖေါ်ပြလေ အစိုးရဘာတွေလုပ်နေတယ်ဆိုတာ ၊ မလုပ်ရင်ပြောလေ ၊ ခုတော့မဟုတ်ဘူး ဆန္ဒပြသူတွေထဲမှာပါလာတဲ့ သူတို့တောကြောင်အချင်းချင်း လက်ဝါးရိုက် ပြည်သူကိုခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဘို့ ကြံနေကြတယ် ဆိုတာသိပ်သိသာနေတယ် ။

ဖေါက်ခွဲရေးသမားတွေဟာ တစ်ခုခုဖေါက်ခွဲပြီဆိုရင် နောက်ဆက်တွဲတိုက်ခိုက်မှုတွေ လုပ်လေ့ရှိတယ် ၊ ဥပမာ ခု တာဝါတိုင်ဆိုပါတော့ သူတို့ဖေါက်ခွဲလိုက်ရင်အစိုးရက လာပြင်မယ်ဆိုတာသိတယ် ဒီတော့ လာပြင်တဲ့အခါ အစိုးရတာဝန်ရှိသူတွေထပ်ထိအောင်ဆိုပြီး ချိန်ကိုက်ဗုံးတွေ ထောင် လက်နက်ငယ်တစ်ကမ်းလောက်ကနေစောင့်ပြီး ဆွဲမိုင်းတို့ အဝေးထိန်းမိုင်းတို့နဲ့ တိုက်ခိုက်လေ့ရှိတယ် ။
 
 ဒီတော့ ဒီတာဝါတိုင်ကြီးရှိတဲ့နေရာကို သွားရတာ သိပ်ပြီးအန္တရာယ်ကြီးတယ် သွားချင်တဲ့သူမရှိဘူး ၊ ဒါကြီးမပြင်ခင် အဲဒီနေရာတစ်ဝိုက်ကို လုံခြုံရေးအရ အသေးစိတ် အရင်ရှင်းရတယ် ပြီးမှ ပြင်မယ့်ဆင်မယ့်အင်ဂျင်နီယာတွေ လုပ်သားတွေကိုခေါ်ရတာမျိုးဖြစ်တယ် စစ်သားတွေကတော့ သူတို့အလုပ်ဆိုတော့ သွားကြတယ် မိုင်းထောင်ထားနိုင်ပါတယ်ဆိုတဲ့နေရာကို သိသိကြီးနဲ့ အသက်ကို စတေးပြီး စွန့်စွန့်စားစားလုပ်နေရတဲ့ ရဲဘော်လေးတွေရဲ့ အခန်းကဏ္ဍကပျောက်နေတယ် အစိုးရမီဒီယာကလည်းတာဝန်မယူဘူး ပုဂ္ဂလိကမီဒီယာကလည်း တာဝန်မယူဘူး  ဖယောင်းတိုင်သမားတွေကရှေ့ရောက်နေတယ် ။

ဒါ့အပြင် နောက်ထပ်တာဝါတိုင်တွေ ဒီလိုဖေါက်ခွဲမှုမျိုး ထပ်မလုပ်နိုင်အောင်ဆိုပြီး ဒီလောက်ရှည်တဲ့ မဟာဓါတ်အားလိုင်းကြီးတစ်လျှောက် ဖေါက်ခွဲမှုတွေလုပ်နိုင်တဲ့နေရာတွေကို လုံခြုံရေး ယူနေရတယ် တောကြိုတောင်ကြား ရေမရှိဘာမရှိ အဆောက်အဦမရှိနဲ့ မဖြစ်ဖြစ်အောင်လုပ်နေကြတယ် ဒါတွေလည်းဘယ်သူမှမသိဘူးဖြစ်နေတယ် ဒီရဲဘော်လေးတွေကရော ပြည်သူတွေဘဲမဟုတ်ဘူးလား...။

 ဖယောင်းတိုင်ကိုင်တဲ့ ပြည်သူတွေ လျှပ်စစ်မီးနဲ့နေချင်သလို သေနတ်ကိုင်တဲ့ပြည်သူတွေ လည်း နေချင်ကြမှာပါဘဲ ဒါပေမယ့် ဖယောင်းတိုင်ကိုင်တဲ့ ပြည်သူတွေ မီးပြန်လာနိုင်အောင် မဟာဓါတ်အားလိုင်းကြီးအောက်က အမှောင်ထဲမှာ သေနတ်ကိုင်တဲ့ ပြည်သူတွေ ဖယောင်းတိုင်လေးတွေနဲ့ပြုံးပြီးနေနေကြတယ် ဟိုးအဝေးကြီးကမြို့ပြတွေမှာမီးတွေ လင်းနေမှာပဲဆိုတဲ့ စိတ်ကလေးနဲ့ ကျေနပ်နေရတဲ့ ပေးဆပ်သူတွေရှိနေသေးတယ်ဆိုတာသိရင်တော်ပါပြီ...........။

ဒေါက်တာဆိတ်ဖွား
Unknown at 12:26 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.