Thursday, January 26, 2012

အငြိမ်းစား ဝန်ထမ်းများကို ကြံ့ဖွံ့ပါတီမှ ပြိုင်စေမည်

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် ၄၈ နေရာလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေး ပါတီမှ အမတ်လောင်းများအဖြစ် ဒေသခံနှင့် ဌာနဆိုင်ရာမှ အငြိမ်းစား ဝန်ထမ်းများ ဝင်ရောက် အရွေးခံမည်ဟု ပါတီ၏ ရန်ကုန်တိုင်း ထိပ်တန်းတာဝန်ရှိသူ တဦးက ပြောသည်။

အမတ်လောင်းများကို ပါတီဗဟိုမှ ရွေးချယ်စိစစ်ကာ ဒေသခံ ပြည်သူလူထုနှင့် ထိတွေ့မှုများသည့် အငြိမ်းစား ဝန်ထမ်းများကို ပါတီဝင်စေကာ အရွေးခံစေခြင်းဟု အထက်ပါ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

"ပညာရေးဝန်ထမ်း အငြိမ်းစားတွေပါမယ်၊ ဌာနဆိုင်ရာ ဝန်ထမ်းအကြီးအကဲ အငြိမ်းစားတွေပါမယ်။ ဒေသခံ ဖြစ်တဲ့ လူကို ဦးစားပေးမယ်။ ပညာတတ် ဖြစ်ရမယ်။ ပြည်ခိုင်ဖြိုးပါတီတော့ အဝင်ပြရမယ်ပေါ့။ ပြည်သူကို ယုံကြည်မှု ရအောင် တည်ဆောက်နိုင်တဲ့ လူဖြစ်ရမယ်။ အခုကတော့ အားနည်းချက်တွေက အများကြီး ဖြစ်နေတဲ့ အခါကျတော့
တော်တော်လေးတော့ အသံတွေ ထွက်နေတယ်" ဟု ဆိုသည်။
usdp
ကြံ့ခိုင်ရေးပါတီသည် ပါတီဝင်များကို ပြန်လည် စိစစ်နေပြီး ဇန်နဝါရီလ ၂၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ပါတီ၏ အထူးအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီဝင်များနှင့် ပတ်သက်၍ သတိပေးသွားသည်ဟု လည်း အမည်မဖေါ်လိုသူ ကြံ့ဖွံ့ပါတီဝင်က ပြောသည်။

"ပဏာမ မိန့်ခွန်း ပြောတဲ့အခါမှာ အရင်တုန်းကတော့ ပါတီစဖွဲ့တဲ့အခါမှာ အဖွဲ့အစည်းထဲက လူတွေ ဆိုးတာ၊ သာတာ၊
ကောင်းတာအားလုံးကို စိစစ်အရေးယူတာ မရှိခဲ့ဘူးပေါ့။ အဲဒီအခါကျတော့ စိစစ်ရမယ့် အချိန်ကာလမျိုးမှာ ပါတီမှာ လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ လူတွေနဲ့ ပတ်သက်ပြီးတော့ အားနည်း အားသာချက်တွေကို တောင်းတဲ့အခါမှာ အားလုံးက အဆိုးတွေများနေတယ်တဲ့။ အမြီးရ အမြီးစား၊ ခေါင်းရ ခေါင်းစား မလုပ်ကြနဲ့တဲ့။ စစ်ဆေးလို့ရှိရင်တော့ အကုန်ပြုတ်မှာ တဲ့" ဟု မဇ္ဈိမကို ပြန်လည် ပြောပြသည်။

ကြားဖြတ်ရွေးကောက်ပွဲနှင့် ပါတီများ ဝင်ပြိုင်မှု

အာဏာရ ကြံ့ဖွံ့ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ် ၄၈ နေရာလုံးတွင်  ပါတီဟောင်းကြီးဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် ယှဉ်ပြိုင်ရန်ရှိသည်။

၁၉၉ဝ ရွေးကောက်ပွဲအတွင်း NLD ၏ ပြိုင်ဘက်ဟောင်းကြီးဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ၂၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက မဇ္ဈိမကို ပြော သည်။

NLD ပါတီ၏ ခေါင်းဆောင်ဟောင်းအချို့နှင့် ဖွဲ့စည်းထားသည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီသည် ၁၂ နေရာ ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း မရမ်းကုန်း မဲဆန္ဒနယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သုံးခွမြို့နယ်များတွင် ဝင်ရောက် အရွေးခံမည် ဖြစ်သည်။

ကျားဖြူပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှာ ကချင်ပြည်နယ် မိုးကောင်းနှင့် ရှမ်းပြည်နယ် ကလောနှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ (လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ) သုံးနေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။

NLD ၏ ခေါင်းဆောင်ဟောင်းတဦးဖြစ်သည့် လွှတ်တော်အမတ် ဦးသိန်းညွန့် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှာလည်း ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်း၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်းမြို့နယ်များတွင်သာ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။

အဆိုပါ အခြေအနေများအရ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ကော့မှူး မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီနှင့် NLD သာ ဝင်ရောက် ယှဉ်ပြိုင်မည့် အလားအလာ ရှိနေသည်။
မျိုးသန့် -ချင်းမိုင် (မဇ္ဈိမ)
Unknown at 10:33 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.