Thursday, January 26, 2012

ကချင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူဒေါက်တာတူးဂျာနှင့် တွေ့ဆုံခြင်း



ဒေါက်တာတူးဂျာသည် ကေအိုင်အို ဒုတိယဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သည်။ ကေအိုင်အိုတွင် ဆေးရုံအုပ်တာဝန်၊ ဗဟိုကော်မတီဝင်၊ တွဲဖက်အထွေထွေ
အတွင်းရေးမှူး၊  ဒုတိယဥက္ကဋ္ဌတာဝန်များကို ၁၉၇၅ ခုနှစ်မှ၂၀၀၉ ခုနှစ်အထိ အဆင့်ဆင့်ထမ်းဆောင်ခဲ့သည်။
၁၉၉၄ခုနှစ်တွင် အစိုးရနှင့် ကေအိုင်အေအကြား အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၁၇နှစ်ကြာအပစ်အခတ်ရပ်နိုင်ခဲ့ရာမှ ၂၀၁၁ ဇွန်လတွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခင်သဘောတူခဲ့သော အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမှာလည်း ၂၀၁၀ စက်တင်ဘာနောက်ပိုင်းတွင် ပျက်ပြားသကဲ့သို့ဖြစ်ခဲ့သည်။  ၂၀၁၁ ဇွန်လမှ စတင်၍ အစိုးရနှင့် ကေအိုင် အေအကြား ဖြစ်ပွားနေသော ပဋိပက္ခများ၊ လက်ရှိငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဒေါက်တာတူးဂျာကို တယ်လီဖုန်းဖြင့် ဆက်သွယ်၍ မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
- အခုကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလား။ ဘယ်လိုကြားမိပါလဲ။
အခုတော်တော် ပါးသွားပါပြီ။  တော်တော်နည်းသွားပြီ။ တည်ငြိမ်မှုတော်တော်ရှိလာပါပြီ။
- အစိုးရက အပစ်အခတ် အရင် ရပ်လိုပြီး၊ ကေအိုင်ကေဘက်က နိုင်ငံရေးဆွေးနွေးပွဲ ဦးစွာလုပ်လိုတယ်လို့သိရတယ်။   ဘယ်ဟာအရင် လုပ်သင့်တယ်လို့ထင်ပါသလဲ။
အပစ်အခတ်တွေဘာတွေ အရင်ရပ်ပြီးတော့မှ နိုင်ငံရေးဆွေး နွေးပွဲဖြစ်ပေါ်လာမယ်လို့ ကျွန်တော်မြင်ပါတယ်။
- အစိုးရနဲ့ ကေအိုင်အေကြားမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ ဘာကြောင့် ရှည်ကြာခဲ့တာလို့ထင်ပါသလဲ။
ကျွန်တော်လည်း အဲဒါကို ကြည့်နေတယ်။ အခုငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးဖို့ဆို တာလည်းသူတို့ဆနပြင်းပြနေတယ်။ အစိုးရကလည်း ဒါကို လက်ခံပေးမယ်ဆိုရင်တော့ ရှေ့ဆက်ပြီးတော့  အလားအလာ  ကောင်းလာမယ်လို့ မြင်ပါတယ်။ အခုနည်းနည်းကြန့်ကြာနေတဲ့သဘောပဲရှိပါတယ်။ အခုလော
လောဆယ်မရေးထိုးနိုင်ပေမယ့် တဖြည်းဖြည်းချင်းနှစ်ဖက်စလုံးက နားလည်မှုရှိရှိနဲ့ ပိုဆွေးနွေးပြီး အပြန်အလှန် ဖြေလျှော့လာတဲ့အခါကျရင် အပစ်အခတ်ရပ်စဲရေး ကို မလွှဲဧကန် လုပ်နိုင်ကြမှာပါ။
- အစိုးရနဲ့ ကေအိုင်အေကြားမှာ စစ်ပွဲတွေဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက ဘာလို့မြင်ပါသလဲ။
နယ်မြေလုံခြုံရေးကိစ္စကြောင့် ဖြစ်ကြတာပေါ့။ နှစ်ဖက်စလုံးက လုံခြုံရေးပျက်ပြားမှာကို စိုးရိမ်ပြီး ဖြစ်ကြတာလို့မြင်ပါတယ်။
- တွေ့ဆုံဆွေးနွေးမှုတွေ ပိုပြီးတော့ခရီးရောက်ဖို့ ဘာတွေ ပြုလုပ်သင့်တယ်လို့ ထင်ပါသလဲ။
တွေ့ဆုံဆွေးနွေးတဲ့အခါမှာ  ယုံကြည်မှုတည်ဆောက်နိုင်ဖို့ အရေးကြီးတယ်။ ပိုပြီးတော့လည်း ထိတွေ့ရမယ်။ အခုယုံကြည်မှုတည်ဆောက်လက်စပေါ့။ ယုံကြည်မှုပိုပြီး ခိုင်မာလာလို့ရှိရင် ငြိမ်းချမ်းရေးဆွေးနွေးတာ ပိုပြီးတွင်ကျယ်လာနိုင်တယ်။ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေးတဲ့နေရာမှာပွင့်လင်းဖို့ အင်မတန်အရေးကြီးတယ်။ နှစ်ဖက်စလုံးကပေါ့။ နှစ်ဖက် ဆွေးနွေးသဘောတူညီတဲ့အခါမှာ နှစ်ဖက်စလုံးကတပ် တွေကိုဖြုတ်ပေးပြီး သွားလာရေး ပိုမိုလွယ်ကူလာအောင်လုပ်ပေးဖို့ လိုပါတယ်။ နောက်ပြီးတော့ မြစ် ကြီးနားမြို့မှာ ဆွေးနွေးနိုင်အောင်ကို အခြေအနေဖန်တီးယူသင့်တယ်လို့ထင်ပါတယ်။ အခုတော့ စဆွေးနွေးနေကြပါပြီ။ အခိုင်အ မာသဘောတူညီမှုပဲ   မရသေးတာ။ကျွန်တော်က အပြင်ကအကဲခတ်ရသလောက် အဲလိုပဲမြင်ပါတယ်။
- နိုင်ငံတော်သမ္မတဦးသိန်းစိန်က ထိုးစစ်တွေ ရပ်ထားဖို့ ညွှန်ကြားချက်ပို့ခဲ့တော့ လူအများစုက တိုက်ပွဲတွေရပ်တော့မယ်လို့ထင်တာ။
ဒါပေမဲ့လက်တွေ့မှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကချင်ပြည်နယ်မှာ နေတဲ့သူတစ်ဦးအနေနဲ့ ဘာကြောင့်လို့ကြားမိပါလဲ။
သမ္မတညွှန်ကြားတာကို အားလုံးက လိုက်နာကြလိမ့်မယ် လို့ယုံကြည်တယ်။ တဖြည်းဖြည်းချင်းတော့အပစ်အရပ်ဖြစ်လာမှာပါ။
- စစ်ပြေးဒုက္ခသည်နဲ့ပတ်သက်ပြီး ဘာများ ကြားမိပါသလဲ။
ဒုက္ခသည်တွေကတော့ ရှိ မြဲရှိဆဲပါပဲ။ ခက်ခဲတာတော့ခက်ခဲတာပေါ့။ အကူအညီတွေအများ ကြီးလိုအပ်တာပေါ့။ ထပ်ပြီးတိုားတယ်လို့တော့ မကြားမိပါဘူး။ ကျွန်တော်လည်းသူတို့ဆီ မရောက်တာတော်တော်ကြာသွားပြီ။
- သမ္မတက ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေး ဖော်ဆောင် ရေးအဖွဲ့နှစ်ဖွဲ့ဖွဲ့ပြီး ရွက်ဆစ်အဖွဲ့၊ ကေအင်န်ယူတို့နှင့် အပစ်အ ခတ်ရပ်နိုင်ခဲ့တာ။ အခြားတိုင်းရင်း
သား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း   ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်နေတဲ့အပေါ်ဘယ်လိုမြင်ပါသလဲ။
ချဉ်းကပ်ပုံချဉ်းကပ်နည်းက အရင်နဲ့မတူဘူး။ ပိုကောင်းလာတယ်လို့ ကျွန်တော်မြင်တယ်။ အရင်ကနဲ့မတူဘဲနဲ့ အစိုးရက သဘောထားကြီးကြီးနဲ့ ပျော့ပျော့ ပျောင်းပျောင်းချဉ်းကပ်လာတာ လို့မြင်တယ်။ ဒါကြောင့်မို့ ပြည်တွင်းငြိမ်းချမ်းရေးက အမှန် တ ကယ်တည်ဆောက်နိုင်မယ်လို့ ကျွန်တော်မြင်တယ်။
- အစိုးရနဲ့ ကေအိုင်အို၊ ကေအိုင်အေကြားမှာ အရင်ကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူထားခဲ့ပေမယ့်ဒီသဘောတူညီချက်ပြတ်သွားတာ ဘယ်တုန်းကလဲ။
အသွင်ကူးပြောင်းရေး(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုနယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ကူးပြောင်းရေး ) မဖြစ်မြောက်တဲ့ နောက်ပိုင်းပေါ့။ ၂၀၁၀ စက်
တင် ဘာနောက်ပိုင်းမှပျက်ပြယ်သွားတဲ့ သဘောပါ။
- ပြည်တွင်းငြိမ်းချမ်းရေးအတွက် လူထုက ပါဝင်လုပ်ကိုင်လို့ရတဲ့ အပိုင်းရှိတယ်လို့ ထင်လား။ ရှိရင်ဘယ်လိုဆောင်ရွက်သင့်တယ်လို့ထင်ပါသလဲ။
ပြည်တွင်းငြိမ်းချမ်းရေးကတော့ အားလုံးဝိုင်းပြီး တွန်းအားပေး ကြရမှာပဲလေ။ အားလုံးကလည်း တတ်နိုင်သလောက် ၀ိုင်းဝန်းပြီးတော့မှ ပံ့ပိုးကူညီကြရ မယ်။ အားပေးကြရမယ်။ သက်ဆိုင်ရာ လူကြီးတွေကိုလည်း ၀ိုင်း ၀န်းပံ့ပိုးပေး၊ အကြံဉာဏ်ပေးသင့်တယ်။ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ အားလုံးဝိုင်းဝန်း ပံ့ပိုး၊ ၀ိုင်းရံပေးဖို့လိုတယ်။ အဲလိုမြင်တယ်။ အခုက ပြည်တွင်းငြိမ်း ချမ်း ရေးရဖို့အရေးကို အားသွန် ခွန်စိုက် လုပ်နေကြတာကို အားပေးထောက်ခံကြဖို့လည်းလိုတယ်။
- ဦးနဲ့ပတ်သက်ပြီးတော့လည်း မေးချင်ပါတယ်။ ရွေးကောက်ပွဲမှာတစ်သီးပုဂ္ဂလအဖြစ် ၀င်ရွေးခံဖို့ ဘာတွေပြင်ဆင်ပြီးပါပြီလဲ။
ကျွန်တော်က ခရိုင်ကော်မရှင်ဆီမှာ လျှောက်လွှာတင်ထားပြီ။ ဇန်န၀ါရီ ၁၈ ရက်က။ ရွေးချယ်ခံပိုင်ခွင့်ရှိပြီဆိုမှ ကွင်းဆင်းပြီး စည်းရုံးရေးတွေဘာတွေ လုပ်ရမှာပေါ့။
- ရွေးကောက်ပွဲဝင်ခွင့်ရလို့ ၀င်ပြိုင်ပြီး နိုင်ခဲ့ရင်လွှတ်တော်ထဲမှာ ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ ဘာတွေများတင်ပြဆောင်ရွက်ဖို့စီစဉ်ထားပါလဲ။
စဉ်းစားထားတာရှိပါပြီလား။ကြိုပြီးပြောဖို့ နည်းနည်း စောဦးမယ်ထင်ပါတယ်။ ဒါပေမဲ့ ခြုံပြီးပြောရမယ်ဆိုရင်တော့ ပြည်သူလူထုအကျိုးအတွက် ကောင်းရာကောင်းကြောင်း၊ တိုင်းပြည် အကျိုးအတွက်   ကောင်းရာ ကောင်းကြောင်းတွေကိုပဲ ဆောင်ရွက်သွားမှာပါ။
- အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးရဖို့ အစိုးရနဲ့ကေအိုင်အိုကို ဦးအနေနဲ့ ဘာများအကြံပြုချင်ပါသလဲ။
ကျွန်တော်အကြံပြုချင်တာက အခုပြည်တွင်းငြိမ်းချမ်းရေးဟာ အင်မတန်လိုအပ်နေတယ်။ အစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့အပိုင်းမှာ အခြားအပိုင်းတွေက   တော်တော်လေးကို အောင်အောင်မြင်မြင်ရှိလာပြီ။ နည်းနည်းကြန့်ကြာနေတာက ပြည်တွင်းငြိမ်းချမ်းရေးပဲ။ ဒါကိုအာရုံစူးစိုက်ပြီးတော့ ပြည်တွင်း
ငြိမ်းချမ်းရေးကို မြန်မြန်ဆန်ဆန်တည်ဆောက်နိုင်အောင် ဆောင်ရွက်စေချင်တယ်။ ကျွန်တော့်အနေနဲ့လည်း  လိုအပ်ရင်  ဒီအတွက် တစ်ထောင့်တစ်နေရာက ပါဝင် ဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်။ အခွင့်အရေးရလို့ရှိရင် ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ် ပုဂိုလ်မျိုးနဲ့ဖြစ်ဖြစ် ကူညီဆောင်ရွက်ချင်တဲ့ စိတ်အပြည့်အ၀ရှိ ပါတယ်။ အခုတိုင်းရင်းသားအဖွဲ့ အစည်းပေါင်းစုံနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်နေတာ အင်မတန် ကောင်းပါတယ်။ ဒါကို အချိန် ဆွဲမထားဘဲနဲ့ တောက်လျှောက် ဆွေးနွေးသွားစေချင်တယ်။ ပြည် ထောင်စုအတွင်းမှာ ဖြစ်နေတဲ့ ပြဿနာကို ပြည်ထောင်စုအတွင်းမှာ ဖြေရှင်းလို့ မရနိုင်စရာမရှိပါ ဘူး။ အချင်းချင်းနားလည်မှုရှိရှိ၊ ယုံကြည်မှုရှိရှိ၊ ညီအစ်ကိုစိတ်ဓာတ်နဲ့ဖြေရှင်းကြမယ်ဆိုရင် မပြေလည်နိုင်စရာအကြောင်းမရှိဘူးလို့ မြင် တယ်။ ဒါကြောင့်မို့ အစိုးရရော၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ ရော နှစ်ဖက်စလုံးကို ဒါကို ပြည်သူလူထုအကျိုး၊ တိုင်းပြည်အကျိုး အတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်ကြဖို့ ကျွန်တော်တိုက်တွန်းအကြံပြုချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
အားမန်(7daynewsjournal)
Unknown at 10:32 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.