Monday, January 30, 2012

၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း တိုင်ကြားခဲ့သည့် လိမ်လည်မှုဖြစ်စဉ်

၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တိုင်ကြားခဲ့သည့် လိမ်လည်မှုဖြစ်စဉ်များ အနက် အများစုမှာ မော်တော်ယာဉ်၊ မြေကွက်နှင့် ပတ်သက်သည့် အကြောင်းအရာများ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။
မြေကွက်နှင့်ပတ်သက်၍ လိမ်လည်ခံရသည့် ဖြစ်စဉ် အကြောင်းရင်းတွင် အချို့မှာ ပိုင်ဆိုင်သည့် မြေကွက်၏ မူရင်းစာရွက်စာတမ်းများကို ပေး၍ ရောင်းခိုင်းရာ၌ ရရှိသော ငွေကျပ်များကို ပိုင်ရှင်ထံသို့ ပြန်မအပ်ဘဲ တိမ်းရှောင်နေသည့် ဖြစ်စဉ်၊ မြေကွက်နှင့် သက်ဆိုင်သည့် မြေကွက် ချထားပေးကြောင်း အကြောင်းကြားစာ မူရင်းစာရွက် ငွေပေးသွင်းထားသည့် ငွေရပြေစာအတုဖြင့် လိမ်လည်ရောင်းချသည့် ဖြစ်စဉ်များဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်နှင့် ပတ်သက်၍ လိမ်ခံရသည့် ဖြစ်စဉ်အကြောင်းရင်း အချို့မှာ မိမိရရှိထားသည့် ကားများ ကို ရောင်းချမည်ဟု ပြောဆို၍ ငွေများကိုရယူကာ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပေးအပ်ခြင်းမရှိဘဲ တိမ်းရှောင်နေသည့်ဖြစ်စဉ်၊ Cherry Wagon ကားများ ၀ယ်ယူခွင့်ရမည်ဟု ပြောဆို၍ ကျသင့်ငွေ များကို လိမ်လည်ယူသွားသည့် ဖြစ်စဉ်များဖြစ်သည်ဟု သိရသည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဦး--၊ ပန်းဘဲတန်း မြို့နယ်နေသူသည် ၎င်း၏နေအိမ် ရုံးခန်း၌ လွန်ခဲ့သော ၁၅ နှစ်ခန့်က ခင်မင်ရင်းနှီးခဲ့သူ ဦး-- နှင့် ဇနီး ဖြစ်သူဒေါ်--တို့နှင့်တွေ့ဆုံစဉ် ၎င်းတို့ ရရှိထားသော လေလံကားသုံးစီးအား ရောင်းချမည်ဖြစ်ကြောင်း ယုံကြည်အောင် ပြောဆိုသဖြင့် ယင်းနေ့တွင် တိုယိုတာ မာ့ခ်တူးမော်ဒယ် (ဒီဇယ်) အမျိုးအစားကားအား ရောင်းချပေးရန် အတွက် ငွေကျပ် သိန်း၂၇၀ အားလည်းကောင်း၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် တိုယိုတာ ဟိုင်းလတ်ပစ်ကပ် 4 Door 96 မော်ဒယ် အမျိုးအစားကားအတွက် ငွေ ကျပ်သိန်း ၁၇၀ အားလည်းကောင်း၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် တိုယိုတာမာ့ခ်တူး ၉၇ မော်ဒယ် (ဒီဇယ်) အမျိုးအစားကားအတွက် ငွေကျပ်သိန်း ၂၉၀ အားလည်း သက်သေများရှေ့တွင် စာချုပ် သုံးစောင်ချုပ်ဆို၍ ဦး--ကပေးအပ်ခဲ့ ရာ ၎င်းတို့က လက်ခံပြီး တစ်လ အတွင်း ကားသုံးစီးအား စာရွက်စာတမ်းများနှင့်တကွ လွှဲပြောင်းပေးမည်ဟု ကတိပြုခဲ့သော်လည်း ယနေ့ အထိ ပေးအပ်ခြင်း မရှိသဖြင့် ဦး--နှင့်ဒေါ်--အပေါ် အရေးယူပေးရန် တရားလိုပြု၍ လာရောက်တိုင်တန်းမှု အား ပန်းဘဲတန်း ရဲစခန်း(ပ) ၂၀/ ၂၀၁၂၊  ပုဒ်မ ၄၂၀ ဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်၌ ဦး--  ဗိုလ်တထောင်မြို့နယ်နေသူ၏ နေအိမ်သို့ လွန်ခဲ့သော နှစ်ပတ်ခန့်က တစ်ကြိမ်လာရောက်ဖူးပြီး Cherry Wagon ကားဝယ်ခွင့်ရအောင်  ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့သူ ဦး--က ကားလေးစီးဝယ်ယူခွင့် ရရှိပြီးဖြစ်ကြောင်းနှင့် ငွေသွင်းရန်ခေါ်၍ ၎င်းနှင့်မိဘဖြစ်သူ ဒေါ်--တို့မှချိန်း ဆိုထားသော အင်းလျားလိတ်ဟိုတယ် လမ်းထိပ်သို့ ဦး--အား သွား ရောက်ခေါ်ယူပြီး မရမ်းကုန်းမြို့နယ် ၁၀ ရပ်ကွက်၊ ဦးဖိုးသုန်လမ်းသို့ ဆက်လက်ထွက်ခွာခဲ့ရာ လမ်းထိပ် အရောက်ငွေ သိန်း ၂၀၀ ပါအထုပ်အား ၎င်းနှင့်ဦး--တို့ တစ်လှည့်စီ သယ်ယူခဲ့ပြီး ခြေလျင်လမ်းလျောက် လာစဉ် ဦးဖိုးသုန်လမ်းအတွင်း ကုန်းတက်တစ်ခုအရောက် ဦး--မှ ခေတ္တစောင့်နေရန်ပြောပြီးငွေထုတ်အား သယ်ယူသွားရာ ပြန်လည်ရောက်ရှိလာခြင်း မရှိ၍ ဦး--အပေါ်အရေး ယူပေးရန် တရားလိုပြုတိုင်တန်းမှု အား မရမ်းကုန်းရဲစခန်း (ပ)၅၄/ ၂၀၁၂၊ ပုဒ်မ ၄၂၀ ဖြင့်အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အလားတူ ၂၀၁၁ ခုနှစ် နိုဝင် ဘာလ ၂၉ ရက်နေ့တွင် ဦး-- သန်လျင်မြို့နယ်နေသူသည် သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာနေ ဦး--နှင့်ဦး-- တို့ နှစ်ဦးပိုင်ဆိုင်သော သန်လျင်မြို့နယ် အေးသာယာရပ်ကွက်၊ အမှတ် L /၃၇၇၊ ပေ (၄၀_၆၀)မြေကွက် အား ကျပ်သိန်း ၁၅၀ ဖြင့် ရောင်းချသဖြင့် မြေကွက်နှင့် သက်ဆိုင်သည့် မြေကွက်ချပေးထားကြောင်း၊ အကြောင်းကြားစာ မူရင်းတစ်စောင်၊ ငွေပေးသွင်းထားသည့် ငွေရပြေစာ တစ်စောင်တို့အား ပေးအပ်သဖြင့် သက်သေများရှေ့ စာချုပ်ချုပ်ဝယ် ယူခဲ့ပြီးနောက် မြေကွက်နှင့် ပတ်သက်၍ သန်လျင်မြို့နယ်ရှိ အိုးအိမ် ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ထွေ/အုပ်ဦးစီးဌာနများသို့ စုံစမ်းရာ အဆိုပါ မြေကွက်နေရာသည် အကွက် အမှတ်တပ်ထားသော်လည်း နေရာချထားပေးခြင်း မရှိသေးသည့် အစိုးရပိုင် မြေကွက်ဖြစ်ကြောင်း သိရှိရသဖြင့် စာရွက်စာတမ်း အတုများဖြင့် မြေကွက်အား လိမ်လည်ရောင်းချသူ  နှစ်ဦးတို့အပေါ် အရေးယူပေးရန် တရားလိုပြုတိုင်ကြားမှုအား သန်လျင်ရဲစခန်း (ပ) ၇၁/၂၀၁၂၊ ပုဒ်မ ၄၂၀၊ ၄၆၈ ဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ အမှုဖွင့်ပြီး တရားခံများအား ဖမ်းဆီးရမိရန် ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးထွန်းမင်းက “လိမ်ခံရတဲ့ အဓိက အကြောင်းအရင်းတွေက လူတစ်ဖက်သားကို ယုံကြည်မှု လွန်ကဲတာတွေ၊ လေ့လာစူးစမ်းမှုအား နည်းတာတွေ၊ လိမ်ခံရသူရဲ့လောဘ အပေါ် အမြတ်ထုတ်ခံရတာတွေ ဖြစ်ပါတယ်” ဟုသုံးသပ်ခဲ့သည်။
EMG
Unknown at 12:21 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.