Wednesday, January 11, 2012

လောင်းကစားဝိုင်းများပြုလုပ်ရန် စစ်တပ်သို့ ငွေအမြောက်အမြားလာဒ်ထိုးရ


သံတွဲမြို့အခြေစိုက် အမှတ် ၅၅ ခြေလျှင်တပ်ရင်းဝင်းအတွင်း ပြုလုပ်သည့်  ဖျော်ဖြေပွဲတွင် လောင်းကစားဝိုင်းများ ထည့်သွင်းနိုင်ရန်အတွက် စစ်တပ်သို့ ငွေအမြောက်အမြားပေးခဲ့ရသည်ဟု ပွဲကန်ထရိုက်ဆွဲသူများ က ပြောသည်။

ယခုလ ၄ ရက်မှ စတင်ကာ အမှတ် ၂ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့ခွဲမှ လေးရက်တိုင်ဖျော်ဖြေခဲ့သော ၎င်းပွဲတွင် လောင်းကစားဝိုင်းပေါင်း ၃၀ ကျော်အတွက် ကျပ်ငွေ သိန်းငါးဆယ် ပေးခဲ့ရသည်ဟု လောင်းကစားဝိုင်း ကန်ထရိုက်ဆွဲသူများကပြောသည်။


လောင်းကစားပွဲ မြင်ကွင်းတချို့
ပွဲတော်အတွင်း လောင်းကစားဝိုင်းများပြုလုပ်ရန် ငွေကျပ်သိန်းသုံးဆယ်ဖြင့် တပ်ရင်းမှူးနှင့်ကနဦး သဘောတူညီချက်ရရှိခဲ့ပြီး ပွဲပြုလုပ်ရန်ရက်ပိုင်းအလိုတွင် ၎င်းမှာခရီးထွက်သွားခဲ့သည်။ တပ်တွင်ကျန်ရှိသော အခြားအရာရှိများက လောင်းကစားဝိုင်းထည့်လိုလျှင် ငွေကျပ်သိန်းငါးဆယ်ပေးရမည်ဟုတောင်းဆိုကြောင်း  လောင်းကစားဝိုင်းများပြုလုပ်ရန် ကန်ထရိုက်ဆွဲသူများကပြောသည်။
လောင်းကစားပွဲအတွက် ကန်ထရိုက်ဆွဲသူတစ်ဦးက “ဗိုလ်မှူးတွေက အတင်းအကျပ်တောင်းတယ်။ မပေးရင်ပွဲဖျက်ပစ်မယ်ပြောလို့ ပေးလိုက်ရတယ်” ဟု ပြောသည်။

လောင်းကစားဝိုင်းတစ်ဝိုင်းစီမှ လေးရက်စာအတွက် ပွဲအကောက်ခွန်ငွေ ကျပ်တစ်သိန်းခွဲကောက်ခံပြီး လောင်းကြေး အလျော်အစားအဖြစ် ငွေကျပ် ၅၀၀ မှ ၁၂ သိန်းအထိရှိခဲ့ကြောင်း ခြောက်ကောင်အံစားတုံးဆွဲ လောင်းကစားဒိုင်တစ်ဦးကပြောသည်။

ယင်းလောင်းကစားပွဲများတွင် သံတွဲမြို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင် ၀င်ရောက်လောင်းကစားနေသည်ဟု မျက်မြင်တွေ့ခဲ့သည့် သံတွဲမြို့ခံတစ်ဦးကပြောသည်။

၎င်းဖျော်ဖြေပွဲတွင် ခြောက်ကောင်အံစာတုံးဆွဲ၊ ဆယ်ကောင်အ၀ိုင်းလှည့်၊ မြှားပစ်၊ ကြွေအံပစ်နှင့် အခြားလောင်းကစားနည်းမျိုးစုံ ပါဝင်သော လောင်းကစားဝိုင်း ၃၀ ကျော်ပါဝင်ခဲ့ပြီး အများစုမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှဖြစ်သည်ဟု သွားရောက်ခဲ့သူတစ်ဦး ကပြောသည်။

နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များ တစ်နှစ်လျှင်နှစ်ကြိမ်ခန့် ပွင့်လင်းရာသီများတွင် လာရောက်ဖျော်ဖြေလေ့ရှိသည်ဟု သံတွဲမြို့ခံများကပြောသည်။       ။

 ဇန်န၀ါရီ ၁၀၊ ၂၀၁၁ (YPI)
Unknown at 9:41 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.