Sunday, September 9, 2012

ပြည်သူအားကိုယ်စားပြုထားသောလွှတ်တော်ကိုယ်စားလှယ်များအား အကြံပြုလွှာ

ရေးသားသူ — အောင်မျိုးထွဋ်
သို့
အယ်ဒီတာ
မကြာမီရက်များအတွင်း လွှတ်တော်အမတ်များက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်အရေးယူမှုများ ပြုလုပ်ရန်ဆောင်ရွက်မှုများပြုလုပ်နေသည်ကို တွေ့မြင်ရပါသည်။ ဥပဒေပြုလွှတ်တော်အနေဖြင့် ထိုကဲ့သို့ အရေးယူမှုများကို ပြုလုပ်နိုင်သည့်အခွင့်အာဏာရှိသည်ကို ငြင်းပယ်၍မရနိုင်ပါ။သို့ရာတွင် ဥပဒေပြုအဖွဲ့ထံ ထိုကဲ့သို့ အခွင့်အာဏာကိုအပ်နှင်းထားသည်ဆိုခြင်းသည် ထိုအာဏာကို မိမိကြိုက်သလို၊သုံးချင်သလိုသုံး၍ရသည်ဟု ဆိုလိုခြင်းမဟုတ်သည်ကို နားလည်ရန်လိုပါသည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ယခုကဲ့သို့ စွပ်စွဲပြစ်တင်အရေးယူမှုများသည် တိုင်းပြည်၏ ဒီမိုကရေစီတည်ဆောက်မှုလုပ်ငန်းစဉ်များအတွက် မလိုလားအပ်သည့်အကျိုးသက်ရောက်မှုများရှိလာနိုင်ပါသည်။
အထူးသဖြင့် တိုင်းပြည်၏တရားစီရင်ရေးကဏ္ဍအား အလွန်အမင်းအားနည်းသွားစေနိုင်ပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုများကို ယထာဘူတကျကျကြည့်လျှင် တရားစီရင်ရေးမဏ္ဍိုင်သည် အားအနည်းဆုံးမဏ္ဍိုင်တစ်ခုဖြစ်သည်မှာအများအသိပင်ဖြစ်ပါသည်။

ယခုကဲ့သို့ လွှတ်တော်အမတ်များ၏ စွပ်စွဲအပြစ်တင် အရေးယူမှုများသည် ဖွဲ့စည်းပုံအခြေခံခုံရုံးအနေဖြင့် ဒီမိုကရေစီစနစ်အတွင်းခိုင်မာသည့် တရားစီရင်ရေးအင်စတီကျူးရှင်းတစ်ခုအဖြစ် ပေါ်ထွက်လာနိုင်မှုမရှိအောင် ပြုလုပ်သလို ဖြစ်နေပါသည်။
ထို့အပြင် ဤကဲ့သို့ အရေးယူဆောင်ရွက်မှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားသူကြီးများအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ထိရောက်စွာ ဆောင်ရွက်လိုစိတ်ကို ချိုးနှိမ်လိုက်သလိုဖြစ်သွားနိုင်ပါသည်။လွှတ်တော်အမတ်များအနေဖြင့် မိမိတို့သဘောမတူသည့်ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ချမှတ်တိုင်း ထိုခုံရုံးမှတရားသူကြီးများကို စွပ်စွဲပြစ်တင်အရေးယူမှုများ ပြုလုပ်မည်ဆိုသည့်သဘောမျိုးဖြစ်လာစေနိုင်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားသူကြီးများအနေဖြင့် မိမိတို့၏တာဝန်ကို ထိထိရောက်ရောက်မဆောင်ရွက်နိုင်ပါက လွှတ်တော်၏ တာဝန်နှင့် လုပ်ဆောင်မှုများအား စစ်ဆေးစောင့်ကြည့်နိုင်မည့်အင်စတီကျူးရှင်းကို အားနည်းအောင် တမင်လုပ်နေသလို ဖြစ်နေပါသည်။ ထိုအရေးယူမှုများကို တိုင်းပြည်ကိုချစ်၍ ဒီမိုကရေစီစနစ်တည်ဆောက်ရေးကို လုပ်ဆောင်နေသည့် ပြည်သူကို အမှန်တကယ်ကိုယ်စားပြုသည့် ကိုယ်စားလှယ်များအနေဖြင့် မပြုလုပ်သင့်ကြောင်းပြောကြားလိုပါသည်။

ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီပြုပြင်မှုလမ်းကြောင်းပေါ်သို့စတင်ရောက်ရှိနေသောအခြေအနေတွင်ရှိပါသည်။ ထိုသို့ ဒီမိုကရေစီစနစ်တည်ဆောက်ရေး၏ ကနဦးကာလတွင် လွှတ်တော်အနေဖြင့် ဒီမိုကရေစီစနစ်တည်ဆောက်ရေးလုပ်ငန်းစဉ်များ အားနည်းသွားစေမည့်အပြုအမူများကို မလုပ်ဆောင်မိစေရန်လိုအပ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတစ်ခုသည် တိုင်းပြည်၏ ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရာတွင် အရေးပါသော အင်စတီကျူးရှင်းတစ်ခုဖြစ်ပါသည်။ ထိုအဖွဲ့အား စွပ်စွဲပြစ်တင်အရေးယူမှုသည် ဒီမိုကရေစီစနစ်တည်ဆောက်ရေးတွင် အရေးကြီးသည့်အကြောင်းတစ်ခုဖြစ်သည့်မဏ္ဍိုင်သုံးခုအကြား တာဝန်နှင့် လုပ်ပိုင်ခွင့်များပိုင်းခြားထားမှုကို အဓိပ္ပာယ်မဲ့သွားစေပါသည်။

မဏ္ဍိုင်သုံးခုအကြား တာဝန်နှင့် လုပ်ပိုင်ခွင့်များ ခွဲခြားထားမှုရှိမှသာ အစိုးရအဖွဲ့အစည်းတစ်ခုလုံးရှိ ကဏ္ဍများ တစ်ခုနှင့်တစ်ခုအပြန်အလှန်ကွပ်ကဲမှုရှိပြီး အာဏာရှင်စနစ်များ ပေါ်ထွက်လာနိုင်မှုကိုအကာအကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

တရားစီရင်ရေးကဏ္ဍသည် အခြားကဏ္ဍကဲ့သို့ ငွေကြေးဆိုင်ရာနှင့် အစိုးရ၏ အာဏာစက်ကို တိုက်ရိုက်အသုံးပြုသည့် အခွင့်အာဏာမရှိသော်လည်း တိုင်းပြည်အတွင်းရှိ ဥပေဒများ၏ အဓိပ္ပာယ်ကိုဖော်ဆောင်သည့်တာဝန်ကို ယူထားသည့် တစ်ခုတည်းသောမဏ္ဍိုင်ဖြစ်ပါသည်။ တရားစီရင်ရေးအဖွဲ့အနေဖြင့် တရားဥပဒေများ၏အဓိပ္ပာယ်ကို ဖွင့်ဆိုခွင့်ပေးထားသလို အခြေခံဥပဒေခုံရုံးအနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုခွင့် တာဝန်နှင့် လုပ်ပိုင်ခွင့်အပြည့်အဝရှိပါသည်။

တရားသူကြီးအား သူတို့၏ဆုံးဖြတ်ချက်ကို သဘောမကျ၍သူတို့အား စွပ်စွဲပြစ်တင်ရှုတ်ချမှုများပြုလုပ်ရန် လုံးဝမဖြစ်သင့်သည်မှာဆင်ခြင်တုံတရားရှိသောသူများအားလုံး လက်ခံနိုင်မည့်အချက်တစ်ခုဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အခြေခံဥပဒေခုံရုံးမှ တရားသူကြီးများကို စွပ်စွဲအပြစ်တင် အရေးယူမှုများပြုလုပ်မည်ဟု ခြိမ်းခြောက်မှုများသည် တရားရေးကဏ္ဍလုပ်ပိုင်ခွင့်နယ်ပယ်အတွင်းသို့ ချိုးဖောက်ဝင်ရောက်နေသည့် သဘောဆောင်နေပါသည်။

ဤသို့လုပ်ဆောင်မှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှတရားသူကြီးများ မိမိတို့တာဝန်ကို ထိရောက်စွာလုပ်ဆောင်လိုစိတ်များ အားနည်းသွားအောင်ပြုလုပ်သလို လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော်၏လုပ်ပိုင်ခွင့်အာဏာကိုကျော်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တရားစီရင်ရေးသုံးသပ်ချက် (Judicial Review) ကိုလုပ်ဆောင်သည့်သဘောလည်းဖြစ်နေပါသည်။

ဥပဒေပြုမှုကို အဓိကထားလုပ်ဆောင်ရမည့် လွှတ်တော်အနေဖြင့် အစိုးရအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုရှိမရှိ ဆန်းစစ်သည့်အာဏာကို ယူလိုက်ပါက အစိုးရအဖွဲ့ကဏ္ဍများအကြား အပြန်အလှန်ကွပ်ကဲမှုကို အားနည်းသွားစေပါသည်။

လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များအားလုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် နိုင်ငံရေးလုပ်ငန်းစဉ်ကို မည်သို့မည်ပုံ ညှိနှိုင်းဆောင်ရွက်သွားသည်ကို ဖွင့်ဆိုထားသည့်ဥပဒေဖြစ်သည်ဟု နားလည်သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်ကို တိုက်ရိုက်စီမံအုပ်ချုပ်နေသည်ဟု မမြင်သင့်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရနှင့် အုပ်ချုပ်ရေးစနစ်ပုံစံများမည်သို့မည်ပုံ ဖွဲ့စည်းသင့်သည်ကို ဖော်ဆောင်ပေးထားသည့် ဥပဒေတစ်ရပ်ဖြစ်ပါသည်။
တိုင်းပြည်အား အမှန်တကယ်အုပ်ချုပ်သူများသည် ဖွဲ့စည်းပုံအရ ရွေးချယ်ထားသည့် သို့မဟုတ် ခန့်အပ်ထားသည့်သူများဖြစ်ပါသည်။ ထိုသူများအနေဖြင့် မိမိတို့၏ အတ္တမာန်မာန လက်စားချေလိုစိတ်များကို အခြေမခံဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ စည်းမျဉ်းစည်းကမ်းများနှင့် အစိုးရမဏ္ဍိုင်များအကြား အာဏာနှင့် တာဝန်ခွဲဝေ မှုများကိုလေးစားမှုဖြင့် မိမိတို့၏တာဝန်များကို ထမ်းဆောင်ပါမှ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မှန်ကန်အဓိပ္ပာယ်ရှိစွာ အသက်ဝင်လာမည် ဖြစ်ပါသည်။
တိုင်းပြည်၏တည်ငြိမ်မှုနှင့် ဒီမိုကရေစီတည်ဆောက်ရေးကအထောက်အပံ့ပြုလိုသော လွှတ်တော်ကိုယ်စားလှယ်များအားလုံးအနေဖြင့် တိုင်းပြည်အတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အထောက်အကူမဖြစ်စေသည့်လုပ်ဆောင်မှုများကို မလုပ်ခြင်းဖြင့်တိုင်းပြည်ကိုချစ်သည့် တာဝန်ရှိ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြောင်း သက်သေပြသင့်ပါသည်။

အောင်မျိုးထွဋ်
(The Voice Weekly)

ဘကြီးသက်
Unknown at 7:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ABSDF မြောက်ပိုင်း သတ်ဖြတ်မှုများအား လူထုဆန္ဒမဲကောက်ခံ၍ တရားစွဲရန် စီစဉ်

၁၉၉၂ခုနှစ် နှောင်းပိုင်းက မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပေါ်ခဲ့သော ရာဇ၀တ်မှုများအား အဖွဲ့လိုက်စုပေါင်းဖော်ထုတ်တရားစွဲဆိုရန်အတွက် ရဟန်း၊ ရှင်လူပြည်သူတို့၏ ထောက်ခံဆန္ဒမဲလက်မှတ်များ တောင်းခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ(၉)ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ဒက္ခိဏရာမဘုရားကြီးတိုက်တွင် မြောက်ပိုင်းအမှုမှန်ဖော်ထုတ်ရေးအဖွဲ့က ပြုလုပ်သည့် ပါဂျောင်ရှင်းတမ်းအခမ်းအနားတွင် ပါဂျောင်ဒေသမှလွတ်မြောက်လာခဲ့သည့် ကျောင်းသားရဲဘော်ဟောင်းများက ဖြစ်ပွားခဲ့သည်များကို ရှင်းလင်းပြောကြားကြသည်။

ယခုအမှုကို တစ်ဦးချင်းသွားလျှင် ရှည်လျားနေမည်စိုးသောကြောင့် အဖွဲ့လိုက်စုပေါင်းတရားစွဲဆိုရန် စီစဉ်ထားပြီး တရားခံစာရင်းပြုစုထားပြီးဖြစ်ကာ နိုင်ငံတော် သမ္မတ၊ လွှတ်တော်နှင့် တရားရေးအဖွဲ့ထံ တင်သွင်းသွားမည်ဟု ကိုယ်တိုင်ကြုံခဲ့သူ ဦးဆမားညီညီကပြောသည်။

ထိုသို့တင်သွင်းရာတွင် မန္တလေးဝန်းကျင် ပြည်သူများထံမှ လူထုထောက်ခံဆန္ဒမဲလက်မှတ် တစ်သောင်းခန့်ကောက်ခံသွားပြီး ပူးတွဲတင်ပြသွားမည်ဟု ဆိုသည်။ ယခုအမှုကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပေးရန်၊ ယင်းအဖွဲ့မှစုံစမ်းစစ်ဆေးထားသည့်ရလဒ်များအပေါ် အခြေခံပြီး တရားစီရင်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ဦးဆမားညီညီကပြောသည်။

“နိုင်ငံတော်က သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုလည်း ကျွန်တော်တို့ စိတ်မ၀င်စားပါဘူး။ ခွင့်လွှတ်ဖို့ကတော့ ဘယ်တော့မှတောင်းဆိုလို့မရပါဘူး”ဟု ၄င်းကပြောသည်။

အနာဂတ်မြန်မာနိုင်ငံတော် တည်ဆောက်ရာတွင် ယင်းရာဇ၀တ်မှုများ ကျူးလွန်ခဲ့သူများ ပါဝင်မည်ကို မလိုလားကြောင်း မြောက်ပိုင်းပြန်ရဲဘော်ဟောင်းများက ပြောသည်။

ဓာတ်ပုံ- ညီညီဇော်

ဘကြီးသက်
Unknown at 6:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမိုင်းက မအ သလို ပြည်သူတွေကလဲ ငန မဟုတ်ပါဘူး



ကျော်ဟုန်း ၊စက်တင်ဘာ ၈၊ ၂၀၁၂

ခုတလော ပြည်တော်ခဏပြန် လေ့လာရေးအဖွဲ့ တွေနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပတွေမှာ အသံတွေကြားနေရပါတယ်။ ကိုယ့်ထင်မြင်ချက်နဲ့ ကိုယ် ရေးသားကြတဲ့ face book က အမြင်တွေရော၊ ပြည်တွင်း သတင်းမီဒီယာသမားတချို့ ရဲ့ အတွေ့အမြင် အရေးအသားတွေရော၊ ပြည်ပရှိ တော်လှန်ရေးနယ်ပယ်က သူတွေရော၊ ပြည်ပက နိုင်ငံရေးနယ်ပယ်ရှိ သူတွေရော၊ပြည်ပမီဒီယာဌာနကြီးတွေရဲ့ တွေ့ ဆုံမေးမြန်းခန်းတွေမှာရော ပြည်တော်ပြန်တွေရဲ့အကြောင်းနဲ့
ပတ်သက်လို့  အတော် ဆူဆူ ညံညံကြားနေရတာပါ။

သရုပ်ခွဲလေ့လာကြည့်တဲ့အခါ တချို့ က ကိုမိုးသီးဇွန်တို့ အဖွဲ့  ပြည်တော်ပြန်တာ အချိန်စောလွန်းသေးတယ်ပြောတဲ့သူရှိတယ်။

သူတို့ အဖွဲ့ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်တွင်းသတင်းထောက်တွေ မေးမြန်းချက်ကို ပြန်လည်ဖြေကြားတဲ့ စကားရပ်တွေ အပေါ်မှာ နေထိုင်ခွင့်(၂၁)ရက်ထဲနဲ့  သူတို့ ပြောတဲ့ ပြည်တွင်းစစ်ငြိမ်းချမ်းရေးကိစ္စတို့ ၊ လူသားရင်းမြစ် တိုးတက်ရေးကိစ္စတို့ ၊ စတဲ့ ခေါင်းစဉ်ကြီးကြီးတပ်ထားတဲ့ ကိစ္စတွေကို သူတို့ လုပ်နိုင်ပါ့မလားလို့  သံသယအတွေးတွေကို အရင်းခံပြီး ထင်မြင်ယူဆ ရေးသားပြောဆိုနေတာတွေလဲ တွေ့ ရပါတယ်။

နောက်ပြဿနာတခုက မြောက်ပိုင်း ပါဂျောင် အစုလိုက် အပြုံလိုက် ညှဉ်းပမ်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ABSDF ရဲ့ ဥက္ကဋ္ဌဖြစ်ခဲ့ဖူးကြတဲ့ ကိုမိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင်တို့ ကို တာဝန်ရှိတာမို့  ရှင်းလင်းဆွေးနွေးလို၊ တရားစွဲလိုတဲ့ ကိစ္စကလဲ ရှိနေပြန်ပါသေးတယ်။ ဒီကိစ္စကို တစွန်းတစ သိထားတဲ့ ပြည်တွင်း(၈၈)မျိုးဆက်တွေမှာလဲ သူတို့ ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်ဖူးတဲ့ မိုးသီးဇွန်ကို ကြိုဆိုသင့်ရေး မသင့်ရေး မဲခွဲဆုံးဖြတ်ခဲ့တဲ့အထိဖြစ်တာလဲ ကြားရပြန်ပါတယ်။ (၈၈) ရဲဘော်ချင်းတောင်မှ နွေးနွေးထွေးထွေး မကြိုနိုင်ကြတော့ဘူးလားတို့ ၊ လူသတ် ထောင်ချလုပ်ခဲ့တဲ့  စစ်အစိုးရကိုတောင် ပြုံးပြီးလက်ဆွဲ နှုတ်ဆက် နိုင်သေးတာတို့ ဆိုပြီး ပြည်ပက တချို့ သောသူတွေရဲ့ ဝေဖန်သံတွေလဲကြားနေရပါတယ်။

ပြည်တွင်းမီဒီယာမမတယောက်ကလဲ ကိုမိုးသီးဇွန်အဖွဲ့ ကို သတင်းလိုလိုနဲ့ အတင်း ရေးတယ်တို့ ဆိုတဲ့ အသံများလဲ ကြားနေ ရပါသေးတယ်။ နောင်ကျရင် နိုင်ငံခြားသားဖြစ်သွားရတဲ့ ပြည်ပရောက်ဒီမိုတွေကိုလဲ စော်ကားလာနိုင်တယ်လို့ ရင်လေးနေသူများလဲ ရှိပါတယ်။ ကိုမိုးသီးတို့ အဖွဲ့  ရန်ကုန်လေဆိပ်အရောက်မှာ လာကြိုဆိုတဲ့ ပြည်တွင်းနိုင်ငံရေးပါတီတဖွဲ့ ရဲ့ banner ပါ

" မြန်မာ့ဒီမိုကရေစီခေါင်းဆောင် မိုးသီးဇွန်ကို ကြိုဆိုပါ၏" စာတမ်းကြောင့်ရယ်၊ ယုဇနဟိုတယ်က သတင်းစာရှင်းလင်းပွဲမှာ "Welcome Back Lion MoeThee" စာတမ်းပါbanner ကြောင့်ရယ် ဝေဖန်သံတွေလဲ ညံထွက်လာပါသေးတယ်။ ABSDF က ရဲဘော်ဟောင်းတချို့ ရဲ့ သူတို့ ခေါင်းဆောင်ဖြစ်ခဲ့ဖူးသူ ကိုမိုးသီးနဲ့  ကိုနိုင်အောင်တို့ လှစ်ဟာချက်တွေကြောင့် ခံစားခဲ့ရမှုနဲ့ ပေါက်ကွဲသံစဉ်တွေဟာလဲ သက်ဆိုင်ရာ ဖေ့စ်ဘုတ်တွေမှာ လှိုင်းထ သည်းထန်နေပါတယ်။

ကိုမင်းကိုနိုင်နဲ့ မစုစုနွေးအတွက် နော်ဝေးနိုင်ငံက ချီးမြှင့်ထားတဲ့ ဂျွန် ဟမ်းဖရီးဆုကို ယူဆောင်ပေးအပ်သူ ဒေါက်တာသောင်းထွန်းကိုလဲ သူဟာ NCGUB ရဲ့ ခွင့်ပြုချက်မရဘဲ သူ့ သဘောနဲ့ သူ လုပ်ဆောင်တာဖြစ်ကြောင်း၊ NCGUB နဲ့ TBF အဖွဲ့ မှထုတ်ပယ်ထားပြီးဖြစ်လို့  NCGUB ကိုယ်စားပြုမဟုတ်ကြောင်းကိုလဲ ၁၉၉၀ ရွေးချယ်ခံအမတ်ဟောင်းတဦးသူ ဒေါက်တာတင့်ဆွေရဲ့ ရှင်းလင်းချက်စာစုကို ဖတ်မိလိုက်ရပါသေးတယ်။

ပြည်တွင်းမှာတော့ ပြည်တော်ပြန်တွေက ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင်နဲ့ တွေ့ ၊ (၈၈)မျိုးဆက်တွေနဲ့ တွေ့ ၊ ဗကသတွေနဲ့  တွေ့ ၊ အစိုးရဘက်က ဝန်ကြီးတချို့ နဲ့ တွေ့ ၊ ဒီမိုနိုင်ငံရေး(၁၀)ပါတီနဲ့ တွေ့ ၊ မီဒီယာတွေနဲ့ တွေ့  လုပ်နေကြတဲ့မြင်ကွင်းများလဲ မြင်နေရပါတယ်။ ပြည်တော်ပြန်များနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ အဖျက်အမှောက်လုပ်မယ့်သူတွေလို့ မြင်နေသူများလဲ ရှိနေကြပါတယ်။ သင်းကွဲအောင်လုပ်မယ့် ကိုယ်ကျိုးကြည့်သမားတွေလို့ လဲ ယိုးစွတ်သူတွေရှိနေကြပါတယ်။ ဒီမိုဝါဒအရ ပြောနိုင် ဆိုနိုင်ပါတယ်။ ဒီအပေါ်မှာ ပါဝင် မသုံးသပ်လိုပါဘူး။

ပြည်တော်ပြန်များဖြစ်ကြတဲ့ ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်အဖွဲ့ ၊ လူဘောင်သစ် ကိုအောင်မိုးဇော်၊ ဦးဟန်ညောင်ရွှေ၊ ဒေါက်တာသောင်းထွန်း စတဲ့သူများမှာ သူ့ သမိုင်းနဲ့ သူ ရှိခဲ့သလို သူ့ အမှားတွေနဲ့ သူ ရှိခဲ့ဖူးသူများလဲ ဖြစ်ကောင်း ဖြစ်ပါ လိမ့်မယ်။ ဆိုလိုတာက အမှားပဲ ရှိခဲ့ ရှိခဲ့၊ အမှန်ပဲ ရှိခဲ့ ရှိခဲ့၊ ပုဂ္ဂိုလ်ရေး ချို့ ယွင်းမှုတွေပဲ ရှိခဲ့ ရှိခဲ့ တချိန်မှာ သမိုင်းကစစ်တမ်း ကောက်ထုတ်သွားပါလိမ့်မယ်။

ဦးသိန်းစိန် အစိုးရဘက်ကို ကြည့်ပြန်ရင်လဲ ပြည်သူမကြိုက်တဲ့ ဝန်ကြီးအပြောင်းလဲတွေ လုပ်ပြတာ၊ တရားစီရင်ရေးအဖွဲ့ ကို မဲခွဲဆုံးဖြတ်ပြီး ဖြုတ်ချတာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနဲ့  စေ့စပ်ဆွေးနွေးရေးတွေလုပ်နေတာတွေ မြင်နေရတော့ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ဆိုတာကို အကြွင်းမဲ့မယုံနိုင်သေးပေမယ့် သတိထားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပြည်ပကလူတွေကိုဖိတ်ခေါ်မှုမှာ လူရွေးဖိတ်ခေါ်မှုဖြစ်ပြီး အဖွဲ့ အစည်းများ ကိုယ်စားပြု ဖိတ်ခေါ်မှု မဟုတ်တဲ့အတွက် စဉ်းစားစရာလို့  ဝေဖန်ထောက်ပြမှုတွေလဲ ရှိလာပါတယ်။ Black List မှ ပယ်ဖျက်ကြောင်း ကြေညာချက်ကလဲ စည်းဝါးကိုက်ထားသလိုဖြစ်နေတယ်။ အချိန်ကိုက် စီမံထားသလို ဖြစ်နေတာကြောင့် ဘယ်လို ကစားသလဲဆိုတာ စောင့်ကြည့်အကဲခတ်သူတွေ မလွန်ဘူး ထင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ခြုံငုံလိုက်လို့ ရှိရင် ဦးသိန်းစိန် အစိုးရကတော့ မြားတစင်းနဲ့  ငှက်နှစ်ကောင်ပစ်နိုင်တဲ့ မြားဘုရင်ဘွဲ့ ပေးရမလိုဖြစ်နေပါပြီ။ ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများကို သွေးခွဲ ပြိုလဲအောင်လုပ်ခြင်းတရပ်လို့ လဲ ထင်ပါတယ်။ တနည်းအားဖြင့် ပြည်ပဒီမိုအင်အားစုတွေ ညီညွတ်မှု ဘယ်လောက်ရှိလဲဆိုတာကို သွေးထိုးစမ်းခြင်း တရပ်လို့ ကောက်ချက်ချနိုင်ပါသေးတယ်။ ဒါကြောင့်မို့  အရာရာသတိရှိဖို့ ၊ မှိုင်းမမိဖို့ ကိုလဲ တိုင်းပြည်ချစ်တဲ့သူတိုင်းက သတိချပ်ရမှာ ဖြစ်ပါတယ်။

ပြည်တော်ပြန်တွေထဲက ပြောတာတွေရှိပါသေးတယ်။ ကျနော်တို့ ကို အစိုးရက လုပ်ခွင့်ပေးရင် တိုင်းပြည်အတွက်လုပ်ချင်ပါတယ်ဆိုတော့ ဘယ်တုန်းကများ စစ်အစိုးရက လုပ်ခွင့်ပေးဖူးလို့ လဲ မေးစရာဖြစ်နေပါတယ်။ လုပ်ခွင့် မပေးရင်ကော ဘယ်လို ဆက်လုပ်မလဲ၊ ဘေးထိုင် ဘုတောလုပ်မှာလား။ ပြည်ပရောက် ပညာရှင်တွေ ဖိတ်ခေါ်ပါတယ်၊ နိုင်ငံခြားသားဖြစ်သွားသူတွေကို PR ထုတ်ပေးနိုင်အောင် စီစဉ်နေပါတယ်ဆိုတာတွေက တရားဝင်မဟုတ်သေးတော့ ယုံရခက်ကြီးပါပဲ။

နောက်တခုပြောချင်တာက ပြည်ပ ဒီမိုအင်အားစုများကလဲ ပြည်တွင်းက အသိအမှတ်မပြုမှာ၊ ချန်လှပ်ထားမှာတွေကို စိုးရိမ် နေစရာမလိုပါဘူး။ စကတည်းက နေရာလိုချင်လို့ ၊ ကိုယ်ကျိုးကြည့်ပြီ့း နိုင်ငံရေး တော်လှန်ရေး လုပ်ခဲ့တာမဟုတ်ရင် လိပ်ပြာသန့် နိုင်ပါတယ်။ ပြည်တော်ပြန်တွေအတွက်လဲ မစိုးရိမ်ပါနဲ့ ။ ပြည်သူနဲ့ ပြည်တွင်း ဒီမိုတွေက မအပါဘူး။ တိုင်းပြည်အတွက် လူထုအတွက် တကယ်လုပ်နိုင်ရင် စင်တော်က ကောက်သွားမှာပါ။ ကိုယ်ကျိုးအတွက်ရှေးရှုခဲ့ရင်တော့ စင်တော်က တောက်ချခံရမှာ မလွဲပါဘူး။ ပြည်တွင်းက ဒီမိုအင်အားစုများကလဲ အနားကပ်လာတဲ့ အလှူရှင်တွေကို တိုင်းပြည်အတွက်ကြည့်ပြီး တို့ ကို ထောက်ပံ့တာလား၊ အသုံးချမှာလားဆိုတာကတော့ ကွဲကွဲပြားပြားသိနားလည်ပြီး သတိထားနိုင်ဖို့ အရေးကြီးပါတယ်။အရေးကြီးဆုံးကတော့ ပြည်တွင်းပြည်ပ ညီညွတ်ဖို့ ၊ ညှိနှိုင်းအကွက်ရွှေ့ နိုင်ဖို့ ပါပဲ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(အမေစု)က

" ဒီမိုကရေစီရဲ့ အဓိက အန္တရာယ်ကတော့ အချင်းချင်း အပြိုင်အဆိုင် လုပ်မယ်၊ အချင်းချင်း မနာလိုဖြစ်မယ်၊ တယောက်တိုးတက်တာ တယောက် မနာလို မရှုစိမ့်ဖြစ်နေမယ်ဆိုရင် ဒီမိုကရေစီစနစ်ဟာ အောင်မြင်သင့်သလောက် အောင်မြင်မှာ မဟုတ်ဘူး"လို့  မိန့် မှာဖူးပါတယ်။

တိုင်းပြည်ကောင်းကျိုးလုပ်ကြတဲ့အခါ ပြည်တွင်းဒီမိုကရေစီအင်အားစုတွေပဲဖြစ်ဖြစ်၊ ပြည်ပဒီမိုကရေစီအင်အားစုတွေပဲဖြစ်ဖြစ် အမေစုပြောခဲ့ဖူးသလို

" ခံစားချက်နဲ့ မလုပ်ဘဲ ခံယူချက်နဲ့ လုပ်ဖို့ " လိုပါတယ်။

အဲ့သလို ခံယူချက်နဲ့ လုပ်ရင် ပြည်တွင်းပြည်ပ မကွဲ၊ အုပ်စုတွင်း မကွဲဘဲ ညီညွတ်မှုတည်ဆောက်လာနိုင်လိမ့် မယ်လို့  ယုံကြည်ပါတယ်။

ဘယ်သူမဆို တိုင်းကျိုးပြည်ကျိုးလုပ်တဲ့အခါမှာ တိုင်းပြည်နဲ့ လူမျိုး အားကိုးလောက်တဲ့ ထိရောက်မှုမျိုးလုပ်နိုင်ခဲ့ရင်၊ ပြည်သူ အများက လက်ခံနိုင်အောင် လုပ်နိုင်ခဲ့ရင် သမိုင်းတင်သွားမှာပါ။ ဒီနေ့  မြန်မာပြည်သူတွေဟာ ခံရတာများလို့  ပြည်ဝစွမ်းရည် ရှိနေကြပါပြီ။ ဟိုတုန်းက ကိုယ့်အလုပ်ကိုပဲ အေးအေးဆေးဆေးလုပ်ရရင် ကျေနပ်နေတတ်တဲ့  တောင်သူလယ်သမားများနဲ့ အလုပ်သမားများဟာ ဒီနေ့  မတရားမှုတွေကို ရဲရဲရင့်ရင့် သူတို့ ဖာသာသူတို့  ဆန္ဒပြရဲလာကြပါပြီ။ ခေါင်းဆောင်ကောင်း ဘယ်သူဆိုတာတွေကိုလဲ သူတို့ သိမြင်နေပြီးသားပါ။ ပူးကပ် ထိတွေ့နေကြပါပြီ။

ဒါကြောင့် ပြည်တွင်း ပြည်ပ ဘယ်သူမဆို စေတနာမှန်မှန်နဲ့ သာ တိုင်းပြည်အတွက်လုပ်ပါ။ စေတနာနဲ့ လုပ်ဆောင်ချက်မှန်ရင် မှန်တဲ့အလျှောက်၊ မှားရင်လဲ မှားတဲ့အလျှောက် ပြည်သူက သိပါတယ်။ လက်တွေ့ မပါဘဲ စကားလုံးတွေနဲ့  တိုင်းပြည် တည်ဆောက်လို့ မရပါဘူး။ သမိုင်းက မအသလို မြန်မာပြည်သူတွေကလဲ ငနတွေ မဟုတ်ဘူးဆိုတာကို သိထားစေချင်ပါတယ်။ ။

ဘကြီးသက်
Unknown at 6:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့အပြောင်းအလဲနှင့် ဒိုင်ဗင်ပစ်ဝင် တမင်ချော်လဲသူများ

http://www.bawacheyar.com/2012/09/blog-post_8.html 


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာပြည်ဒီမိုကရေစီရေးအတွက် ပြီးပြည့်စုံသော အပြောင်းအလဲ (သို့မဟုတ်) အချိုးအကွေ့မဟုတ်သည့်တိုင် ဒီမိုကရေစီစနစ်ဆီသို့ ကူးပြောင်းရာမှာ လုပ်သာ ကိုင်သာရှိသော အခြေအနေ တရပ်ဖြစ်ကြောင်း ရေးသားဟောပြောခဲ့သော နိုင်ငံရေးခွဲခြမ်းစိပ်ဖြာသူတချို့ ရှိသည်။

ထိုသို့ရေးသားပြောဆိုခဲ့သူတွေကို ပက်ပက်စက်စက် ဆဲရေးဝေဖန်၍ စစ်အစိုးရနှင့်ပေးစားတုပ်ကာ စစ်အစိုးရ အလိုကျ အကြိုက်ဆောင်သူ၊ အတွေးအခေါ်ဖောက်ပြန်ပြီး အချောင်သမားဖြစ်သွားသူများအဖြစ် အမနာပ ပြောဆိုရေးသားကြသူတွေလည်း အများကြီး ရှိသည်။ စစ်အစိုးရအပေါ် သုံးနှုန်းဝေဖန်မှုများထက် အဆတရာ ပြင်းထန်သော စကားလုံးများဖြင့် ရေးသားပြောဆိုကြခြင်း ဖြစ်သည်။
ထိုကာလမှာ သိပ်တော့မကြာလှသေး။ လွန်ခဲ့သော ၁ နှစ်ကျော် ၂ နှစ်ခန့်လောက်က ဖြစ်ပေသည်။
ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်ဝေဖန်၊ Road Map (၇) ချက်ကို အဆင့်တိုင်းတိုက်ဖျက်မည်ဟု ကြုံးဝါးကြုံးဝါး စစ်အစိုးရကတော့ သူ့စီမံချက်အတိုင်း တထစ်ချင်းနင်းတက်သွားခဲ့သည်။ သဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီး ကျရောက်နေသည့်ကာလ၊ အတိုက်အခံတို့ Vote No, No Vote အငြင်းပွားနေသည့်အချိန်မှာ အစိုးရက သတ်မှတ်ထားသည့်ရက် အတိအကျ ဆန္ဒမဲကောက်ယူပြီး ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုနိုင်ခဲ့သည်။ မဲပေးနိုင်သူစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံမဲ ရရှိသည် ဟူ၍ပင် ကျေညာလိုက်သေးသည်။ ဘယ်သူ ဟန့်တားနိုင်ခဲ့ ပါသနည်း။
ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကာလသို့ရောက်လာသည်။ ရွေးကောက်ပွဲပါဝင်ဖို့ နှိုးဆော်သူတွေ၊ ရွေးကောက်ပွဲ ဝင်ရေးလမ်းကြောင်း ရွေးချယ်ခဲ့သူတွေ ဆော်ပလော်တီးခံရပြန်သည်။ အစိုးရဆင်ထားသည့်ကစားဝိုင်းမှာ ပွဲဖြစ်အောင် ပါရမီဖြည့်ပေးရသူတွေ၊ အာဏာရှင်ထံမှ အရိုးအရင်းမျှော်လင့်သူတွေအဖြစ် ထောပနာပြုကြပြန် လေသည်။ သည်တခါလည်း မဲမပေးရေးလှုပ်ရှားမှုတွေ သဲသဲမဲမဲ ပြုလုပ်နေသည့်အကြားပင် လွှတ်တော်အမတ် စာရင်းတွေကျေညာ၊ လွှတ်တော်ခေါ်၊ အစိုးရဖွဲ့ဖြစ်သွားကြသည်။ တက်လာသည့်အစိုးရကို နိုင်ငံတကာက အသိအမှတ်မပြုရေး ဆက်လက်လှုပ်ရှားသွားမည်ဟု အသံတိမ်တိမ်လေး ကြားလိုက်ရရုံမှတပါး ဘာမျှထူးခြား မလာပြန်။
ဦးသိန်းစိန်အစိုးရစတင်ဖွဲ့စည်းချိန်မှာ ပြောကြားလိုက်သော သမ္မတ၏ပွဲဦးထွက်မိန့်ခွန်းနှင့် မရှေးမနှောင်း လုပ်ဆောင်လာသော ပြုပြင်ပြောင်းလဲရေးခြေလှမ်းအစကို မြင်လာရချိန်မှာ အကွက်မြင် လူလည်လူနပ်တချို့ လေသံပြောင်းစပြုလာသည်။ အခြေအနေကို အကဲခတ်ချင်သလိုလို၊ အစိုးရနှင့် ဆွေးနွေးကြည့်ချင်သလိုလို လေသံပစ်လာသော်လည်း အများစုကတော့ မျက်နှာမာကြီးများဖြင့် ရန်လိုနေကြတုန်းပင် ဖြစ်သည်။
ထိုသို့အခြေအနေတွေ ဝေခွဲရခက်နေချိန်မှာ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး မှု နောက်ပိုင်း အပြောင်းအလဲတွေ မြန်ဆန်လာ၏။ ဒေါ်စုဦးဆောင်သော NLD လွှတ်တော်တွင်းဝင်ရန် လမ်းပွင့် လာသည်။ အစဉ်တစိုက်ဆန့်ကျင်ရေးလမ်းကို လျှောက်လာခဲ့သူများအဖို့ အိမ်ဦးနတ်ကိုပင် မချန်နိုင်တော့သည့် အခြေအနေဖြစ်လာသည်။ ဒေါ်စု၏ လုပ်ရပ်ကို ဗြောင်မဆန့်ကျင်ရဲသူတို့က ထိကပါးရိကပါး ကလိသည်။ NLD ကို လက်တွဲဖြုတ်ရတော့မည့် ဒီမိုကရေစီ အင်အားစုတရပ်အဖြစ် စိတ်မကောင်းလေဟန် ခနဲ့သည်။ NLD ၏ ရွေးကောက်ပွဲဝင် ကြွေးကြော်ထားချက်တွေကို ပြက်ရယ်ပြုကာ ဒေါ်စုဘာများတတ်နိုင်မည်နည်း ဟု ရယ်သွမ်းသွေး ကြသည်။
နောက်ပိုင်းတော့ အခြေအနေတွေက သူတို့ခန့်မှန်းချက်ပေးခဲ့သည်များနှင့် ကံမကောင်းအကြောင်းမလှစွာ ဆန့်ကျင်ဘက် ဖြစ်ပေါ်လာ၏။ အဓိကအရေးပါသော နိုင်ငံရေးအကျဉ်သားတွေ လွတ်မြောက်လာသည်။ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက နေရာတိုင်းလိုလို အနိုင်ရလိုက်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အများစုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်လာသည်။ သည်လောက်နှင့်တော့ မျက်နှာမာ ကြီးတွေ အာရုံမကျနိုင်သေး။
ဖြစ်ပေါ်လာသော အပြောင်းအလဲတွေအပေါ် နိုင်ငံတကာကပါ အကောင်းမြင် သုံးသပ်ရှုမြင်လာပြီး မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် ကူညီပံ့ပိုးရန် ကတိကဝတ်တွေ ပြုလာကြသည့်အခါ ဖြစ်စဉ်တလျှောက်လုံး ခါးခါးသီးသီး ခေါင်းခါငြင်းဆန်ဟန်ပြုလာခဲ့သူတွေ အခက်တွေ့လာတော့သည်။ အသက်ရှူကျပ် နှလုံးသွေးရပ် တန့်မလိုလို ဖြစ်လာကြသည်။ အောက်စီဂျင်ပြတ်တော့မည့် လူမမာလို ကမူးရှူးထိုးရုန်းထလာသည်။ သူတို့ အသက်ရှင်ရေးလမ်းကြောင်းတွေ တဖြည်းဖြည်းကျဉ်းမြောင်း ပိတ်ဆို့လာကာ ရေစီးကြောင်း ပြောင်းသွားသော ကြောင့် ဖြစ်ပေသည်။
သူတို့အဖို့ ရွေးစရာလမ်းက များများမရှိတော့ပြီ။ သိက္ခာရှိရှိအရေးဆိုဖို့လည်း မတတ်နိုင်တော့ပြီ။ တဘက် အင်အားစုက သူတို့ကိုတန်းတူအရာမသွင်း။ တဦးချင်း ခေါင်းလျှိုဝင်ခွင့်လေးသာ ဖွင့်ပေးထားသည်။ သူတို့ ဘာလုပ်ကြမည်နည်း။ တကယ်မေးသင့်သည့်သည်မှာ သူတို့ဘာလုပ်ခဲ့ကြသနည်း။ သူတို့နှင့်တန်သော နေရာကို ရွေးချယ်ကြရုံမှတပါး ဘာမျှမတတ်နိုင်ကြတော့ပါ။
သည်ပွဲမှာ သူတို့ကျန်ခဲ့၍မရတော့။ “ဝလည်းလိုက်မယ် ချန်မထားနဲ့” ဟစ်ကြွေးကာ “နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်” အမြန်နှုန်းမြှင့်၍ အမီပြေးလိုက်ရတော့မည်။ သို့မဟုတ်ပါက ကျန်ခဲ့သည့် ‘ဝ’ ဝါးဒုတ်နှင့်ညားမည်။ နောက်ကျတဲ့ ခြေထောက် ထောင်ချောက်စူး မည်ကို သူတို့သေချာသိထားကြ၏။
အံတုတိုက်ခိုက်ရေး ကြွေးကြော်ခဲ့သူ အံစွယ်ကျွတ်ကျသွားသည်။ ရေဒီယိုကြီးလေးလုံးကို အားကိုးသူလည်း ရေဒီယိုအစုတ်လေးတောင် ဆောင်မသွားနိုင်တော့။ တချိန်က ဖောက်ခွဲရေးနာမည်ကြီးတွေလည်း သူတို့ မြှုပ်နှံထားသော ပြည်တွင်း၊ နယ်စပ်ယူဂျီတွေနှင့် အချိန်းအချက်လုပ်ကာ အသံတိတ် ခြေရာဖျောက် ဝင်လာသည်။
ဆရာဦးတင်မိုးရေးစပ်ခဲ့သော ကဗျာတပုဒ်ထဲကလို “ နေရာတခု၊ ရလိုမှုတွက်၊ အလုအယက်၊ ခြေကိုဖက်” ဟု ပြောရမလိုဖြစ်နေတော့သည်။ ပြည်ဝင်ခွင့်ဗီဇာရသည် နှင့် သူ့ထက်ငါ တိုးဝှေ့ဝင်ကြတော့သည်။
သူတို့အနှစ် ၂၀ ကျော် အသံကုန်ဟစ် ကြွေးကြော်ခဲ့သော နိုင်ငံရေးရည်မှန်းချက်က ကိုယ်ဆန့်ကျင်နေသော အစိုးရထံမှ ပြည်ဝင်ခွင့်ဗီဇာ ရရှိရေးလားဟု မေးခွန်းထုတ်ရပေတော့မည်။
သူတို့၏ ရန်သူတော်ဟောင်းကြီးများရှေ့ကို အူယားဖားယား အရောက်သွားကာ စပ်ဖြီးဖြီးမျက်နှာထားနှင့် ကလေးဆိုးကြီးများနှယ် နွဲ့ဆိုးဆိုးနေကြတော့သည်။ ‘ဝန်ကြီးတို့များဗျာ အပြောင်းအလဲလုပ်ချက်တွေက မြန်မှမြန်သနဲ့ ကျနော်တို့တွေးလို့လိုက်မမီနိုင်တော့ဘူး’ ဟု အလွန်အကျူးချီးမွမ်းခန်း ဖွင့်သည်။ လွန်ခဲ့သည့် ၁ လကျော် ၂ လလောက်က သူတို့ပြောခဲ့ သော စကားတွေကို အတင်းမေ့လျော့ထားလိုက်ကြပြီ။
ကိုယ့်စကား ကိုယ်တာဝန်မယူရဲသူတွေကို ဘယ်ပြည်သူက အားကိုးအားထားပြုနိုင်ပါမည်နည်း။ သူတို့တတွေ ပြည်ပကိုပြန်ရောက်လျှင်တော့ မည်သို့ပြောကြဦးမည် မသိ။
ယခုမှ လုပ်ပွဲကြီးစတင်ပြီဟု ဆိုချင်ပါသည်။ နှစ်ဘက်လုံး စင်းလုံးချော ရိုးသားပါသည်ဟု သေချာမဆိုနိုင်။ သို့သော် အင်အားရှိသူနဲ့ အင်အားမဲ့သူ၊ အကွက်ကျစီစဉ်တတ်သူနဲ့ မီးစင်ကြည့်၍ ကတတ်သူ အခြေအနေ အတက်အကျချင်းတော့ ကွာနိုင်သည်။ မည်သူတွေ ထောင်လွှားမော်ကြွားပြီး မည်သူတွေ ပြားပြားဝပ် ကျဆုံးမည် ကိုတော့ သူတို့ပြောလေ့ရှိသည့် စကားအတိုင်း “စောင့်ကြည့်ရဦးမည်” ပင်…..။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဤစာရေးနေတုန်း မနေ့ညက VOA တိုက်ရိုက်လေလှိုင်း ဆွေးနွေးခန်းမှာ ‘မြန်မာ့ အပြောင်းအလဲနှင့် ပြည်ပရောက်တို့၏ အခန်းကဏ္ဍ’ ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားသည်ကို နားထောင်လိုက်ရ သည်။ နိုင်/ကျဉ်းပွဲစား အရက်သမားတဦးမှလွဲ၍ ကျန်ဆွေးနွေးသူအားလုံးက ပြည်ပမှ ပြည်တွင်းသို့ စားကျက် ပြောင်းရွှေ့သွားသော လူစဉ်းလဲတို့၏ အန္တရာယ်ကို မီးမောင်းထိုးပြ သတိပေးကြလေသည်။
ဗိုလ်ချုပ်တို့ခေတ်က လွတ်လပ်ရေးအတွက် ပြည်ပထွက် အကူအညီရှာတာ ရှင်းသည်။ လက်နက်အကူအညီ ပေးနိုင်မည့်သူထံမှ လက်နက်အကူအညီယူပြီး နှိပ်စက်ညှင်းပမ်းခံ၊ အပင်ပမ်း အဆင်းရဲခံ၍ စစ်ပညာ သင်ယူခဲ့ သည်။ ၁ နှစ် ၂ နှစ် အတွင်းမှာပင် တပ်မတော်ဖွဲ့စည်းကာ မြန်မာ ပြည်သူလူထုနဲ့အတူ တိုက်ပွဲဝင်နိုင်ခဲ့သည်။
၁၉၈၈ နောက်ပိုင်း ပြည်ပထွက်လာကြသူတွေထဲမှ လူလည်တစုကသာ အဖွဲ့အစည်းအားလုံးလိုလိုမှာ ချုပ်ကိုင် ချယ်လှယ်လွှမ်းမိုးထားပြီး ရိုးသားဖြူစင်သူတို့ ဘေးရောက်ကြရသည်။ ထိုလူလည်တို့ကား  တော်လှန်ရေး၊ ဒီမိုကရေစီရေးကိုခုတုံးလုပ်၍  ပြည်ပမှာ အနှစ် ၂၀ ကျော် အခြေချနေထိုင် ဥစ္စာစုဆောင်းပြီး၊ ယခုအခါ ဆက်လက်၍ စားပေါက်မချောင်မှန်းသိသဖြင့် သိက္ခာမဲ့စွာ ပြည်တော်ဝင်ခဲ့ရသည်။ ဒါတောင် ပြည်တွင်း ရောက်တော့ မြန်မာပြည်သူလူထုကို သနားစဖွယ် အထင်သေးအမြင်သေး သဘောထားကာ သူတို့ကိုယ်သူတို့ ကယ်တင်ရှင် များသဖွယ် ဟိတ်ဟန် ထုတ်ကြပြန် သည်။ ဘိုးဘိုးအောင်နှင့် ဆွေမျိုးတော်စပ်သူများ ဖြစ်ပုံ ရသည်။
ပြောရလျှင် မျိုးစေ့မမှန်၍ အပင်မသန်ခြင်းဟု ဆိုရပေလိမ့်မည်။ ပရိုပိုဆယ်နိုင်ငံရေး၊ ခွက်စောင်းခုတ်နိုင်ငံရေး ဖြင့် သူတို့ဘဝရှင်သန်ခဲ့သည်ကို မြန်မာပြည်သူတွေ နောကျေအောင် သိထားပြီးဖြစ်သည်။ ပြည်ပနိုင်ငံရေးမှာ ထိုသူတွေပင် အသံအကျယ်ဆုံး၊ ပွဲအဆူဆုံးလုပ်သူတွေ ဖြစ်ကြသည်။ ခုချိန်မှာ အရှက်သိက္ခာအမဲ့ဆုံး ခေါင်းလျှိုဝင် တာလည်း သူတို့ပင်ဖြစ်သည်။ သူတို့ အမြင့်ဆုံးလွှင့်ထူထားသော အလံများကို သူတို့ကိုယ်တိုင် ချနင်းပစ်လိုက် ကြလေသည်။ အတုယူဖွယ် ကောင်းလေစွ…။
အစိုးရအနေဖြင့် အမျိုးသားရင်ကြားစေ့ရေးအတွက် အယူအဆမတူသူများနှင့် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်း ဖိတ်ခေါ်တာကို ကြိုဆိုပါသည်။ သို့ရာတွင် ပြည်သူ့အရေးဘန်းပြပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်သူ လူလည်တစု နှင့် လက်ဝါးချင်းရိုက် ပေါင်းစည်းရေးလုပ်နေတာကိုတော့ ဘယ်လိုမှ ဘဝင်မကျနိုင်ပါ။
မြန်မာပြည်နိုင်ငံရေးတွင် အစိုးရရော အတိုက်အခံပါ နှစ်ဘက်စလုံးကို လက်တဆုပ်စာ လူယုတ်မာတို့က ချုပ်ကိုင်ချယ်လှယ်ထားနိုင်သဖြင့် ပြည်သူလူထုဘဝ မိအေးနှစ်ခါနာ ဖြစ်ခဲ့ရပေသည်။  
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သတိပေးသုံးနှုန်းပြောဆိုလေ့ရှိခဲ့သည့် စကားအတိုင်း နိဂုံးချုပ် ပါတော့မည်…
“စားဖားချင်းညီညွှတ်တာ မလိုမရှိ”

ဝေမော်
၉ စက်တင်ဘာ ၂၀၁၂

ဘကြီးသက်
Unknown at 6:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အခြေခံပညာရေး ဝန်ထမ်းများအား ယခုလမှစတင်၍လစာတိုး



အခြေခံပညာဦးစီးဌာနအောက် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ မြို့နယ်အဆင့်အထိ စီမံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာပညာရေး ဝန်ထမ်းများနှင့် ဆရာဆရာမအား လက်ရှိရာထူး၏ တစ်ဆင့်တိုးလစာများ အတိုင်း တိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၃ အခြေခံ ပညာဦးစီးဌာနကပြောသည်။

ဆရာများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်နှင့် စီမံခန့်ခွဲမှုအပိုင်းအဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်း
ဖြစ်ကြောင်း ဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးအောင်ရှိန်ကပြောသည်။

မူလတန်းကျောင်းအုပ်များကို အထက်တန်းပြလစာသို့လည်းကောင်း၊ ခရိုင်ပညာရေးမှူးကို ဒုတိယညွှန်ကြားရေးမှူး အဆင့်နှင့် လစာသို့လည်းကောင်း၊  ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာရေးမှူးများကို ညွှန်ကြား ရေးမှူးအဆင့်နှင့် လစာသို့ လည်းကောင်း သတ်မှတ် တိုးမြှင့်ပေးသွားမှာဖြစ်သည်။

လစာတိုးနှုန်းပမာအားဖြင့် အခြေခံပညာကျောင်းအုပ်တစ်ဦးသည် လက်ရှိလစာပေါ်တွင် ၇ ရာခိုင်နှုန်းခန့် တိုးမည်
ဖြစ်သည်။

လက်ရှိရာထူးထက် တစ်ဆင့်တိုးပြီး လစာပေးခြင်းကို လေးနှစ်အတွင်း လေးသုတ်ခွဲ လုပ်ဆောင်သွားမှာဖြစ်ကာ "ပထမဦးဆုံးအသုတ်မှာတော့ ပင်စင်ယူကြတော့ မယ့်သက်ကြီးတွေနဲ့ ထူးချွန်တဲ့ဆရာ၊ ဆရာမတွေကို ဦးစားပေး
ဆောင်ရွက်မှာပါ" ဟု အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက မဇ္ဈိမကို
ပြောသည်။

ထို့ပြင်ပညာရေးကဏ္ဍ ပိုမိုအားကောင်းစေရန် ခရိုင်အဆင့်ပညာရေးမှူးများကိုလည်း ယခုနှစ်အတွင်း တိုးချဲ့ခန့် အပ်သွားရန် စီစဉ်နေကြောင်း ဦးအောင်ရှိန်ကပြောသည်။

"တိုင်းအဆင့်အနေနဲ့ကတော့ တိုင်းဒေသကြီးတွေရှိတဲ့ နေရာတိုင်းမှာ တိုင်းပညာရေးမှူးတွေ ထားရှိမှာဖြစ်ပြီး၊ ရန်ကုန် ကိုတော့ ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲသွားပါမယ်။ ရန်ကုန်အနေနဲ့ ခရိုင်လေး ခုရှိတဲ့အတွက် ခရိုင်ပညာရေးမှူး လေးဦး ထားရှိသွားပါမယ်"ဟု ဦးအောင်ရှိန် ကပြောသည်။

ရန်ကုန်တွင်ထားရှိမည့် ခရိုင်များတွင် တောင်ပိုင်းခရိုင်ပညာရေးမှူးရုံးကို သံလျင်၌ လည်းကောင်း၊ မြောက်ပိုင်း ခရိုင်ပညာရေးမှူးရုံးကို အင်းစိန်၌လည်းကောင်း၊ ရှေ့ပိုင်းခရိုင် ပညာရေးမှူးရုံးကို သင်္ဃန်းကျွန်း၌လည်းကောင်း ခန့်ထားသွားမည်ဖြစ်ပြီး အနောက်ပိုင်းခရိုင်ပညာရေးမှူးရုံးကို လမ်းမတော်ရှိ ယခင်ရန်ကုန်တိုင်း ပညာရေးမှူးရုံး၌ပင် ဖွင့်လှစ်သွားမည်ဖြစ်သည်။
 ရန်ကုန် (မဇ္ဈိမ) ။       ။
ဘကြီးသက်
Unknown at 6:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၅၀၀၀ တန် ဆင်းကဒ် ရောင်းမယ့် ရွှေပြည်တံခွန်ကုမ္ပဏ္ဏီ နဲ့ အင်တာဗျူး (ရုပ်/သံ)

ဖုန်းဆင်းကဒ်တွေ ဈေးသက်သာဖို့ ရွှေပြည်တံခွန်ကုမ္ပဏ္ဏီက ကြိုးစား မြန်မာနိုင်ငံသူ နိုင်ငံသားတွေ မျှော်လင့် တောင့်တနေကြတဲ့ ဆက်သွယ်ရေး အဆင်ပြေပြီး ဖုန်းဆင်းကဒ်တွေ ဈေးသက်သာစေ ဖို့အတွက် ရွှေပြည်တံခွန် ကုမ္ပဏ္ဏီက ကြိုးစားဆောင်ရွက် နေတယ်လို့ သိရပါတယ်။

ဆင်းကဒ်မှာ အင်တာနက်အသုံးပြုနိုင်အောင် ဆွေးနွေးမှုတွေ ပြုလုပ် စီစဉ်မှာ
ဖြစ်ပြီး ဆင်းကဒ်ထုတ်လုပ်နိုင်ရင် ဆက်သွယ်ရေးပိုမိုကောင်းမွန်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံမှုစီပွားရေး စနစ်ကို ဦးစားပေးဆောင်ရွက်နေတာကြောင့် လိုင်းကျတာမျိုးမရှိဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်အောင် ထုတ်လုပ်မှာဖြစ်သလို ခေါ်ဆိုခနှုန်းထားတွေကိုလဲ ဈေးသက်သာအောင်လုပ်ဆောင် သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။



အဆိုပါဆင်းကဒ်တွေထုတ်လုပ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေ နည်းပညာပိုင်းတွေ အဆင်သင့်ဖြစ်နေပြီး ဖြစ်တဲ့အတွက် ထုတ်လုပ်ခွင့်ရတာနဲ့ သုံးလကနေ ခြောက်လအတွင်း ပြည်သူတွေလက်ထဲ အရောက်ပို့ပေးနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်ခင်ဗျာ။

Burma VJ Media Network

ဘကြီးသက်
Unknown at 5:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့စာတိုက်လုပ်ငန်း ကုမ္ပဏီအဖြစ်ရပ်တည်မည်


မြန်မာ့ စာတိုက် လုပ်ငန်း အနေဖြင့် အကျိုးအမြတ် ပိုမိုဖြစ်ထွန်း နိုင်စေရန် ကုမ္ပဏီ အဖြစ်ရပ်တည်၌ စာတိုက် လုပ်ငန်းအား ဝန်ဆောင် မှုသစ်များဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ စီမံကိန်းနှင့် လေ့ကျင့်ရေဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“အရင်နှစ်ပိုင်းမှာ မြန်မာ့စာတိုက်လုပ်ငန်းက အရှုံးတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်။ ဒါ့ကြောင့် မြန်မာ့စာတိုက်လုပ်ငန်းကို ကုမ္ပဏီအဖြစ် ရပ်တည် လုပ်ကိုင်နိုင်အောင် ဆောင်ရွက်သွားမှာပါ။ ပြီးတော့ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့လည်း ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ပိုပြီးခွင့်ပြုပေးသွားမှာပါ။ လက်ရှိတော့ ပြည်တွင်းအမြန်ချောပို့လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီသုံးခုနဲ့ ပူးပေါင်းလုပ်ကိုင်နေပါတယ်”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် အရည်အသွေးမီ အဆင့်မြင့်နည်းပညာများ အသုံးပြု၍လည်းကောင်း၊ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်း ကောင်းများ ခန့်အပ်၍လည်းကောင်း၊ IT နည်းပညာအသုံးပြု၍လည်းကောင်း ပြည်သူများအတွက် ဝန်ဆောင်မှုကောင်းများဖြင့် ကုမ္ပဏီအဖြစ် ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စာတိုက်လုပ်ငန်းသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ဝန်ဆောင်မှုတစ်ခုအဖြစ် စာပို့လုပ်ငန်းမှ ပြည်ပစာပို့ခများကို ပြည်ပ ရိုးရိုး စာတစ်စောင်လျှင် အခြေခံစာပို့ခ ကျပ် ၃၀ မှ ကျပ် ၅၀၀ နှုန်းသို့ လည်းကောင်း၊ ပြည်ပမှတ်ပုံတင်စာတစ်စောင်လျှင် အခြေခံစာပို့ခ ကျပ် ၈၀ မှ ကျပ် ၁,၂၀၀ နှုန်းသို့လည်းကောင်း တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။
 လူဗိုလ်
ဘကြီးသက်
Unknown at 5:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုးညှင်းခရိုင်အတွင်း တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေ

ကချင်ပြည်နယ် မိုးညှင်းခရိုင် အတွင်း၌ မြန်မာ့ တပ်မတော်နှင့် KIA စစ်တပ်တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန်   ဖြစ်ပွားလျှက် ရှိကြောင်း ဒေသခံများထံက သိရှိရသည်။

“(၆) ရက်နေ့ ညနေ (၆) နာရီ ၀န်းကျင်လောက် ကစပြီး မော်ဟန်ကျေးရွာနဲ့ (၂)မိုင်အကွာလောက်မှာ အစိုးရ စစ်တပ်တွေနဲ့ KIA စစ်တပ်တွေ တိုက်နေကြတာ။ ညရောက်တဲ့အထိ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ” ဟု မော်ဟန်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် ဒေသခံပြည်သူများနှင့် အနည်းငယ်သာကွာဝေးပြီး လက်နက်ကြီးများဖြင့် ပစ် ခတ်မှုများလည်း ရှိနေကြောင်း သိရသည်။

“၁၀ မိုင်လို့ခေါ်တဲ့ အစိုးရစစ်တပ်တွေ တပ်စွဲထားတဲ့နေရာက နေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ပေးတယ် လို့ကြားတယ်။ အသံတွေကတော့ တော်တော်ကျယ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ(၆)ရက်နေ့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီး နောက်တစ်နေ့ စက်တင်ဘာလ (၇) ရက်နေ့နံနက် (၈) နာရီဝန်းကျင်တွင်လည်း မော်ဟန်နှင့်နမ့်စီးအောင်ကျေးရွာကြားရှိ မြစ်ကြီးနား-မန္တလေးရထားလမ်း အနီးတဝိုက်တွင် တပ်စွဲထားသော မြန်မာတပ်မတော်မှ တပ်စုများကို KIA တပ်များမှ ဝင်ရောက် တိုက်ခိုက်မှု ကြောင့် (၂)နာခွဲအကြာ ပြင်းပြင်း ထန်ထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“တိုက်ပွဲက တော်တော်ပြင်းထန်တယ်ဗျ ပစ်ခတ်သံတွေအကြာကြီး ကြားရတယ်။ လက်နက်ကြီးနဲ့ ပစ်သံတွေ လည်း ကြားရတယ်။ တိုက်ပွဲကြောင့် အနီးအနားရွာက လူတွေလည်း ရွာအပြင်ဘက်ကို မထွက်ရဲဘူး ဖြစ်နေ ကြတယ်”ဟု မိုးညှင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီအကြံပေး ဦးတင်ဝယ်က ပြောသည်။

၎င်းတိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေးရထားလမ်းကို စက်တင်ဘာလ (၇) ရက်နေ့မှစတင်ကာ ခေတ္တပိတ်ထား ရကြောင်းနှင့် လက်မှတ်ဖြတ်ပြီးသား ခရီးစဉ်များကိုလည်း ရွေ့ပြောင်းပေးခဲ့ရသည်။

“တိုက်ပွဲကြောင့် ရထားချိန်တွေမှန်တော့မှာ မဟုတ်ဘူး။ နောက်နေ့မနက် မန္တလေးတက်ဖို့အတွက် ရထား လက်မှတ်ဖြတ်တာတောင် မရဘူး”ဟု ဦးတင်ဝယ်က ပြောသည်။

သြဂုတ်လအတွင်းကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများပြင်းထန် ဖြစ်ပွားခဲ့ပြီး ကျေးရွာ(၁၀) ရွာကျော်မှ   ဒေသခံများဖားကန့်မြို့ပေါ်သို့ တိမ်းရှောင်မှုများရှိခဲ့ပြီး အဆိုပါမြို့နယ်အတွင်းရှိ ကျောက်တူးဖော်ရေးလုပ်ငန်းများလည်း ပိတ်ထားရကြောင်းသိရသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်တွင် နှစ်ဘက် အခြေအနေမှာ ငြိမ်သက်နေကြောင်းနှင့် မြန်မာ့တပ်မတော်ဘက်မှ အင်အားဖြည့်တင်းမှုများရှိနေသည်ကိုတွေ့ရကြောင်း ဒေသခံများက ပြောသည်။

ရန်နိုင်(မြစ်မခ)
by Myit Makha Mediagroup



ဘကြီးသက်
Unknown at 5:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်ကို SME ဘဏ်အဖြစ် ပြောင်းလဲမည်



From : ခေတ်လူငယ်
မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများအား အရင်းအနှီးနှင့် နည်းပညာအကူအညီများပေးရန် ရည်ရွယ်၍ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်ကို အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SME ဘဏ်) အဖြစ် ပြောင်းလဲဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က ပြောကြားသည်။ နေပြည်တော်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၌ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်သော ငွေကြေးဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် “အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးအထောက်အကူပေးရေး” စာတမ်းဖတ်ကြားစဉ် ဦးသိန်းဇော်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်မှာ အသေးစားနှင့် အလတ်စားလုပ်ငန်းများ အားကောင်းရန်လိုအပ်ပြီး နိုင်ငံ၏ အဆိုပါလုပ်ငန်းရှင်များ လုပ်ငန်းလုပ်ကိုင်နိုင်ရန် အထောက်အပံ့ပေးမည့် ဖွံ့ဖြိုးရေးဘဏ်များ ထူထောင်ပေးရမည်သာ ဖြစ်ကြောင်း၊ လက်ရှိတွင် ပုဂ္ဂလိဘဏ်များမှာ Commerical Bank (စီးပွားရေးဘဏ်) များသာဖြစ်သဖြင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ အာမခံတင်မှသာ ချေးငွေရရှိသောကြောင့် လုပ်ငန်းရှင်များ လုပ်ငန်းလုပ်ကိုင်ရန်၊ တိုးချဲ့ရန် လွယ်ကူမှုမရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ်က ထောက်ပြပြောဆိုသည်။ ကမ္ဘောဇဘဏ်လီမိတက် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က အရှေ့အာရှတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခဲ့သည်မှာ SME လုပ်ငန်းများဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ယခုစီးပွားရေး ဖွံ့ဖြိုးနေသော ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှာ SME လုပ်ငန်းများမှတစ်ဆင့် စီးပွားရေး တိုးတက်လာခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 5:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုဇွန်တောင်မြို့နယ်တွင် စက်တင်ဘာလ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော လူသတ်မှု၌ ကျူးလွန်သူအား ဖမ်းဆီးရမိ

ပုဇွန်တောင်မြို့နယ်တွင် စက်တင်ဘာလ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော လူသတ်မှုတွင် ကျူးလွန်သူအား စက်တင်ဘာလ ၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၆ ရက်နေ့၊ နံနက်၈နာရီခွဲအချိန်ခန့်တွင် ဒေါ်ခင်ဒါလီဟန်၊ ၅၁လမ်း ပုဇွန်တောင်မြို့နယ်နေသူသည်  ပုဇွန်တောင်မြို့နယ် ၇ရပ်ကွက်၊ ဦးဝိဇ္ဇာလမ်း၊ တိုက် ၈၊ ငါးလွှာတွင် နေထိုင်သော မိခင်ဖြစ်သူ ဒေါ်မေနှင်းဆီဟန်၊ ၆၂ နှစ်(သေဆုံးသူ)က နာရေးတစ်ခုသို့ သွားရန်ရှိသဖြင့်  ဒေါ်ခင်ဒါလီဟန်၏ အိမ်အကူ မချောစုလှိုင်အား သူမအိမ်သို့ ပို့ပေးရန် ဖုန်းဆက်သဖြင့် အိမ်အကူအားခေါ်ပြီး မိခင်အိမ်သို့သွားခဲ့ရာ နံနက် ၁၀ နာရီအချိန်တွင် ရောက်ရှိပြီး မိခင်ဖြစ်သူ၏ တိုက်ခန်းရှိသစ်သား တံခါးအားဖွင့်ရာ Door Lock အား အတွင်းမှချထားသဖြင့် ဖွင့်မရ၍ အိမ်အကူမချောစုလှိုင်အား ဆက်လက်ခေါ်နေရန် စေခိုင်းခဲ့ပြီး ဒေါ်ခင်လီဟန်မှာ အောက်ထပ်လေးလွှာရှိ အဒေါ်ဖြစ်သူထံသို့သွားကာ ဗိုက်ဆာ၍ ထမင်းစားပြီး နံနက် ၁၁ နာရီ အချိန်တွင် ပြန်တက်ကြည့်ရာ တံခါးခေါက် အော်ခေါ်သော်လည်း မရသဖြင့် ပုဇွန်တောင်ဈေးရှိသော့ပြင် သမားအားခေါ်၍ဖွင့်ခဲ့ရာ အိမ်ခန်းအတွင်း အိမ်သာရှေ့၊ မီးဖိုခန်း၊ ဘေစင်အနီးကြမ်းပြင်ပေါ်တွင် ဒေါ်မေနှင်းဆီဟန်မှာ ဒူး/တံတောင် ထောက်လျက်အနေအထားဖြင့် သွေးအိုင်ထဲ၌ သေဆုံးနေသည်ကို တွေ့ရသဖြင့် ဒေါ်ခင်ဒါလီဟန်မှ တရားလိုပြု တိုင်တန်းမှုအား ပုဇွန်တောင်ရဲစခန်း (ပ)၂၅၉/၂၀၁၂ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် စစ်ဆေးနေခြင်းဖြစ်သည်။
လူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် အမှုနှင့်ဆက်စပ် မသင်္ကာသူများအား စုံစမ်းစစ်ဆေးခဲ့ပြီး ဒေါ်မေနှင်းဆီဟန် မသေဆုံးမီတစ်ရက်အလိုက အဲယားကွန်းလာရောက်ပြုပြင်သော အဖွဲ့အား လိုက်လံစုံစမ်းစစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ကျူးလွန်သူ မြင့်ထွေး(ခ)ဖိုးခွား၊ ၂၂နှစ်၊ လှိုင်သာယာမြို့နယ် နေသူသည် ၂၀၁၂ခုနှစ်၊ မတ်လက ပုဇွန်တောင်မြို့နယ်ရှိ ဦးဝင်းဆွေ၏ တိုရှီဘာ အဲကွန်းပြုပြင်ရေးဆိုင်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့ကြောင်း၊ လွန်ခဲ့သောတစ်လခန့်က ရွှေဘုန်းပွင့် ဘုရားအနီးလမ်းကြားရှိ ရေအိုင်တွင် ခြေထောက်ဆေးနေစဉ် အနီးမှဖြတ်သွားသည့် အမျိုးသမီးကြီးတစ်ဦးအား ရေနှင့်ပက်မိ၍ တောင်းပန်ခဲ့သော်လည်း ၄င်းအမျိုးသမီးကြီးမှ လမ်းသွားလမ်းလာများကြားတွင် ညစ်ညမ်းစွာဆဲဆိုသည်ကို မကျေမနပ်ဖြစ်ခဲ့ကြောင်း၊ စက်တင်ဘာလ ၅ရက်နေ့က နေ အိမ်တစ်အိမ်တွင် အဲကွန်းဖြုတ်ရန် ခေါ်သဖြင့် လိုက်သွားခဲ့ရာ အဆိုပါ နေအိမ်တွင် အသက် ၆၀ ကျော်ခန့် အမျိုးသမီးကြီးတစ်ဦးအား တွေ့ရှိခဲ့ပြီး ယင်းအမျိုးသမီးကြီးမှာ ၄င်း အားညစ်ညမ်းစွာ ဆဲဆိုခဲ့သူဖြစ်နေသည်ကို မှတ်မိခဲ့ပြီး မိမိအားဆဲဆိုထားသောကိစ္စအား မကျေနပ်သည့်အပြင် ၄င်းအားနှိမ့်ချဆက်ဆံခဲ့သည့် ဆိုင်ရှင်ဦးဝင်းဆွေ၏ တိုရှီဘာဆိုင်အားလည်း နာမည်ပျက်စေရန် အကြံဖြင့် ဒေါ်မေနှင်းဆီဟန်အား သတ်ရန်ဆုံးဖြတ်ခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်များအရ သိရသည်။
''ကျူးလွန်တဲ့သူက အရင်က အမျိုးသမီးကြီးပေါ်မှာ မကျေနပ်တဲ့ ကိစ္စရယ်၊ သူအလုပ်လုပ်တဲ့ဆိုင်က ဆိုင်ရှင်ကို နာမည်ပျက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်လိုက်တာလို့ စစ်ဆေးပေါ်ပေါက်တယ်။ သူတို့က အဖွဲ့လိုက် အဲကွန်းသွားပြင်တာ၊ အဲကွန်းမပြင်ဖြစ်တော့ဘဲ အဲကွန်းကို အဟောင်းဈေးနဲ့ ၀ယ်လိုက်တယ်။ အဲဒီအဲကွန်း လွတ်သွားတဲ့နေရာမှာ နံရံက ဟောင်းလောင်းပေါက်ဖြစ်နေလို့ နံရံအပေါက်ဖာပေးဖို့ ပြောလိုက်တဲ့အတွက် သူဒီအိမ်ကို နောက်တစ် ခေါက်ပြန်လာဖို့ အခွင့်အရေး ရသွားတယ်။ နောက်တစ်နေ့မှာပဲ နံနက်စောစော ဆိုင်ကလူတွေမပါဘဲ တစ်ယောက်တည်းသွားပြီးတော့ အပေါက်လာဖာတဲ့ပုံစံမျိုး သွားတဲ့အတွက်ကို သေဆုံးသူကလည်း တံခါးဖွင့်ပေးလိုက်တယ်။ အဲဒီမှာ ကျူးလွန်တဲ့သူက အသင့်ပါလာတဲ့ စကေဘာနဲ့ ၀မ်းဗိုက်ကို အချက်ပေါင်းများစွာထိုးပြီး နောက်ဆုံးမှာ လည်ပင်းကို  ထိုးလိုက်တယ်လို့ သိရတယ်။ အဓိကကတော့ တစ်ဖက်လူက နှုတ်ကြမ်းကြမ်းနဲ့ပြောခဲ့တဲ့ဟာကို တစ်ဖက်ကလည်း အာဃာတတွေနဲ့ အမှတ်အတေး ထားပြီးတော့ လက်စားပြန်ချေတဲ့ ပုံစံမျိုးလို့ သုံးသပ်လို့ ရပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီး၂၊ ဌာနခွဲမှူး ရဲမှူးမြင့်ထွေးက ပြောကြားခဲ့သည်။
လူသတ်မှုကျူးလွန်သူ မြင့်ထွေး(ခ)ဖိုးခွား၊ ၂၂နှစ်အား လှိုင်သာယာမြို့နယ် နေအိမ်၌ပင် ဖမ်းဆီးရမိခဲ့ပြီး ၄င်းယူဆောင်သွားသော ဒေါ်မေနှင်းဆီဟန်ကိုင်ဆောင်သည့် ဟန်းဖုန်းနှင့် ငွေနှစ်သောင်းကိုး ထောင်ကျပ်အား သိမ်းဆည်းရမိခဲ့ပြီး လိုအပ်သည့်သက်သေခံပစ္စည်းများအား လိုက်လံသိမ်းဆည်းကာ တရားစွဲတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် သေဆုံးသူ ဒေါ်နှင်းဆီဟန်သည် ရဲမှူးအဆင့်ရှိ အငြိမ်းစားဝန်ထမ်းတစ်ဦး၏ ဇနီးဖြစ်ကြောင်းလည်း သိရသည်။

ဘကြီးသက်
Unknown at 5:47 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

တိုက်အနောက်ဘက် (၆) လွှာမှ အရေးပေါ်လှေကား နှင့်အတူ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု အလုံမြို့နယ်၌ ဖြစ်ပွား


AddThis Social Bookmark Button
74912
သေဆုံးသူအား ဆေးရုံသို့ ပို့ဆောင်နေသည်ကို တွေ့ရစဉ်
တိုက်အနောက်ဘက် (၆)  လွှာမှ အရေးပေါ်လှေကားနှင့်အတူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး ပြုတ်ကျသေဆုံးမှု တစ်ခုအလုံ မြို့နယ်၌ စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အလုံမြို့နယ် စောရန်ပိုင်(မြောက်)ရပ်ကွက်၊ ငုဝါ လမ်း၊ တိုက်အမှတ် ၂၀၀၊ ၆လွှာ/ A မှ သေဆုံးသူ မ ...... သည် မွန်းတည့် ၁၂ နာရီအချိန် ၀န်းကျင်ခန့်တွင် အိမ်နောက်ဖက်အရေး ပေါ်လှေကား၌ ဖုန်းပြောနေစဉ် ယင်းလှေကားနှင့်အတူ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းဖြစ်စဉ် ဖြစ်ပွားပြီး ချိန်တွင် ၀ဲဘက်နောက်စေ့ စုတ်ပြဲ၊ ၀ဲဘက်မေးရိုးကျိုး၊ နှာခေါင်း၊ ပါးစပ်နှင့် ၀ဲဘက်ခြေထောက်များ ပွန်း ပဲ့ ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဋ္ဌာန သို့ ပို့ဆောင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
74912a “ ကျွန်တော်တို့အိမ် အနောက်ဖက်မှာ ၀ုန်း ဆိုပြီးအသံကြားတော့ ဘာဖြစ်တာလဲဆိုပြီး သွားပြေးကြည့်တာ။ နောက်ဖေးလမ်းကြားမြောင်းထဲမှာ အမျိုးသမီးတစ်ယောက် လဲကျနေတာတွေ့လိုက်ရ တယ်။ သူ့ဘေးမှာလဲ အရေးပေါ် လှေကား အဆွေးကြီးတစ်ခု တွေ့ရတယ်။ တိုက်အပေါ်ကိုကြည့်လိုက်တော့ အောက်ကလှေကားတွေပါ သူကျလာတဲ့ အရှိန်ကြောင့် ပျက်နေတာကိုတွေ့ရတယ် “ ဟု ၎င်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် တိုက်အနီးတွင် နေထိုင်သူတစ်ဦးကပြောခဲ့သည်။
“ ကျွန်မသိသလောက် ကတော့ ဒီတိုက်ဆောက်ထားတာ နှစ်ပေါင်း ဆယ်နဲ့ချီပြီး မရှိသေးပါဘူး။ တိုက်မှာ အကြောင်းတစ်စုံတရာ ဖြစ်ခဲ့ရင် ပြေးထွက်ဖို့ထားတဲ့အရေး ပေါ်လှေကားက ဒီလိုမခိုင်မမာ၊ ဆွေးနေမှတော့ ဒီလှေကားကြောင့် တစ်ခုခုဖြစ်ရတော့ မလိုပါပဲ “ ဟုအဆိုပါ ဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးကပြောပါသည်။
သေဆုံးသူသည် ၎င်းနေထိုင်ရာ တိုက်ခန်းတွင် အမဖြစ်သူ နှင့် နှစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားချိန်တွင် နေအိမ်၌ ၎င်းတစ်ဦးတည်းသာ ရှိကြောင်း သိရသည်။
 EMG
ဘကြီးသက်
Unknown at 5:45 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Freedom Fighter လား။ သူပုန်လား

အထက်ခေါင်းစဉ်ပါ စကားနှစ်လုံးကို အဓိပ္ပါယ်အတူတူလို့ အစက ကျနော်ထင်ခဲ့ပေမဲ့ အချိန် ကြာလာတာနဲ့အမျှ အဓိပ္ပါယ်ဆင်တူရင်တောင် အနှစ်သာရမတူဘူးလားဆိုပြီး စဉ်းစားနေမိပါတယ်။ ဒီ လိုစဉ်းစားဖို့ ဖြစ်လာစေတဲ့နောက်ခံအကြောင်းရင်းကတော့ "Freedom Fighter လောက်ဆိုတော့ပြီ ပေါ့ဗျာ။ ဘာလို့ Rebel (သူပုန်) လို့သုံးတာလဲ" ဆိုပြီး အနောက်နိုင်ငံတခုမှာ ဘွဲရခဲ့ပြီး လောလော ဆယ်သတင်းသမားအဖြစ် အချိန်ပိုင်းတာဝန်ယူနေသူတဦးရဲ့ မေးခွန်းကနေစခဲ့တာပါ။



အဲဒီမေးခွန်း စမေးခံရတဲ့အချိန်ဟာ "သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး" ဆောင်းပါးတွေမရေးခင် "Far from Home: 20- years in Exile" ဆိုတဲ့ စာအုပ်ထုတ်ဝေတဲ့ ၂၀၀၈-ခုနှစ် ဒီဇင်လာလကတည်းပါ။ အဲဒီစာ အုပ်မျက်နှာဖုံးမှာပါတဲ့ ''The life and views of a Burmese rebel and journalist'' ဆိုတဲ့ စာ သားထဲက Rebel နေရာမှာ Freedom Fighter သုံးသင့်တယ်လို့ သူက အကြံပြုနေတာပါ။

"သူပုန်ဟာ သူပုန်ဘဲ့ပေါ့ဗျာ။ ခင်ဗျားကလဲ" လို့ ကျနော်ချက်ချင်းတုန့်ပြန်လိုက်ပေမဲ့ အဲဒီထက် ပိုပြီး စီကာပတ်ကုံးရှင်းပြဖို့ အဲဒီအချိန်က ကျနော်မှာပြင်ဆင်ထားတာမရှိခဲ့ပါဘူး။ တကယ်တန်းပြော မယ်ဆိုရင် ဒီလိုမေးခွန်းမေးခံရလိမ့်မယ်လို့လဲ ထင်မထားခဲ့ပါဘူး။ ဘာကြောင့် သူက ဒီလိုမေးမှန်းလဲ ကျနော်မသိပါဘူး။ ဒါပေမဲ့ သူနဲ့စကားဆက်ပြောရင်း သူပုန်ဆိုတာ ကြမ်းတန်းတဲ့သဘော။ အစိုးရကို အကြမ်းဖက် ပုန်ကန်တဲ့သဘော။ မကောင်းတဲ့သဘောတွေပါဝင်နေတဲ့အတွက် အနောက်တိုင်းသား တွေ။ အထူးသဖြင့် သူနဲ့အတူတူအလုပ်လုပ်နေကြတဲ့ အနောက်တိုင်းသား အလှုရှင်တွေက သိပ် မကြိုက်ကြဘူးလို့ သူဆိုလိုမှန်း ကျနော်တီးခေါက်မိလိုက်ပါတယ်။

အဲဒီကတည်းက "သူပုန်" ဆိုတဲ့စကားလုံးအပေါ် စဉ်းစားခန်းဝင်နေတဲ့ကျနော်ဟာ "သူပုန် ကျောင်းသားတဦးရဲ့ မာရသွန်ခရီး" အခန်းဆက်ဆောင်းပါးရေးတဲ့အခါမှာလဲ "ဘာလို့သူပုန်လို့သုံးတာ လဲ။ ခင်ဗျားက သူပုန်လား။ တော်လှန်ရေးသမားလား" ဆိုပြီး သူပုန်ဆိုတဲ့ဝေါဟာရကို ဘ၀င်မကျတဲ့ ပရိတ်သတ်တချို့ရဲ့ တုန့်ပြန်ချက်ကို ကျနော်လက်ခံရရှိခဲ့ပြန်ပါတယ်။
ဒီတကြိမ်မှာတော့ အယင်တခါကလို "သူပုန်ဟာ သူပုန်ဘဲ့ပေါ့ဗျာ" လို့ ခပ်လွယ်လွယ်တုန့်ပြန် လို့မဖြစ်တော့။ အသေချာစဉ်းစားပြီး ပြန်ရှင်းပြမှကောင်းမယ်လို့ စိတ်ကူးရင်းနဲ့ ဒီဆောင်းပါးကို ရေးဖို့ စိတ်ကူးပေါ်လာတာဖြစ်ပါတယ်။

ပျောက်ဆုံးသွားသော နှစ် ၂၀

ရှေ့သတင်းပါတ် စက်တာဘာ ၁၈-ရက်နေ့မှာ ကျရောက်မဲ့ စစ်အာဏာသိမ်း ၂၄-နှစ်ပြည့်နေ့ ကို ၈၈-မျိုးဆက်အားလုံး မမေ့ကြသေးဘူးလို့ထင်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ကျနော်တို့ဘ၀တွေကို တဆစ်ချိုးပြောင်းလဲစေခဲ့တဲ့။ စာသင်ခန်းထဲက တက္ကသိုလ်ကျောင်းသားဘ၀ ကနေ တောတောင်တွေထဲက သူပုန်တွေအဖြစ်ပြောင်းလဲစေခဲ့တဲ့ နေ့တနေ့ဖြစ်ပါတယ်။ တောစခိုစဉ် ကတော့ ''သူပုန်လား။ Freedom Fighter လား'' ဆိုတာကို ဘယ်သူမှ စဉ်းစားနေဖို့အချိန်မရခဲ့ဘူး လို့ထင်ပါတယ်။ လက်နက်မဲ့ဆန္ဒပြနေတဲ့ကျောင်းသားတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် ပစ် သတ်ခဲ့တဲ့ စစ်တပ်နဲ့ စစ်အာဏာရှင်စနစ်ကို လက်နက်နဲ့ပြန်တိုက်ယုံမှတပါး တခြားနည်း မရှိတော့ဘူး ဆိုပြီး ကျနော်တို့ တက္ကသိုလ်ကျောင်းသားတွေ မြိုပြက စာသင်ခန်းတွေကိုစွန့်။ ကန့်ကော်ပင်ရိပ်။ စွယ် တော်ရိပ်တွေကို့စွန်ပြီး အရှေ့ရိုးမ တောနက်ကြီးထဲက ကျွန်းပင်အရိပ်တွေကို ခိုလုံခဲ့ပေါ့။

လက်နက်ကိုင်တော်လှန်ရေးဆင်နွဲတယ်ဆိုတာ ပေါ့သေးသေးမှမဟုတ်ဘဲ။ တော်လှန်ရေးပုံစံ တွေထဲမှာမှ အမြင့်ဆုံးပုံစံကို ကျနော်တို့ကရွေးချယ်ခဲ့ကြတယ်မဟုတ်လား။ အသက်ကို ပဓာန မထား ဘဲ တိုင်းပြည်အပြောင်းအလဲအတွက် အသက်ပေးတိုက်ပွဲဝင်ဖို့ သန္ဒိဌာဏ်ပြုခဲ့ကြတယ်မဟုတ်လား။ ဒါ ပေမဲ့ တော်လှန်ရေးတရပ်အောင်မြင်ဖို့ဆိုတာဟာ စွန့်လွန့်အနစ်နာခံယုံသက်သက်နဲ့ ဘယ်လုံလောက် ပါ့မလဲ။ အောင်မြင်နိုင်လောက်အောင်လိုအပ်တဲ့ အချက်လက်အားလုံးပြည့်စုံမှ အောင်မြင်မှာပေါ့။ ဒါက လဲ ဘ၀နဲ့ရင်းပြီးမှ သိရတဲ့အတွေ့အကြုံတွေဆိုတော့ အသက် ၂၀-၀န်းကျင် တက္ကသိုလ်ကျောင်းသား ဘ၀မှာ တောခိုခဲ့တဲ့ ကျနော်တို့ ဘယ်ကြိုသိနိုင်ပါ့မလဲ။

ကျနော်တို့ထက် နှစ် ၄၀-လောက်စောပြီးတောခိုခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ။ နှစ် ၂၀-လောက်စောပြီးတောခိုခဲ့တဲ့ ၀န်ကြီးချုပ်ဦးနုနဲ့ ပြည်သူ့ပြည်ချစ်ပါတီတို့ ရဲ့ အတွေ့အကြုံတွေကို ကျနော်တို့ကျောင်းသားတွေ လေ့လာမှုအားနဲခဲ့တယ်လို့ပြောရင်လဲ ခံရမှာပါဘဲ့။ ကျနော်တဦးတည်းအနေနဲ့ကတော့ နှစ် ၂၀။ နှစ် ၄၀-၀န်းကျင်က အဲဒီအဖွဲ့တွေထက် လွန်ခဲ့တဲ့နှစ် ၅၀-ကျော်က ပြည်ပကိုထွက်ပြီး စစ်ပညာသင်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင်တွေကို ပို အားကျခဲ့ပေါ့။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အတွေအကြုံမရှိသူတွေပီပီ စိတ်ကူးယဉ်ဆန်စွာနဲ့ လက်နက်ကိုင်တော်လှန်ရေးတခုကို စတင်ခဲ့မိတယ်ဆိုပါတော့။

ကမ္ဘာ့နိုင်ငံရေးအခြေနေ။ ပထ၀ီနိုင်ငံရေးအခြေနေ။ သမိုင်းနောက်ခံအခြေနေ။ ဘာလင် တံ တိုင်းကြီး ပြိုလဲသွားတဲ့အခြေနေ။ ဆိုဗီယက်ယူနီယံပြိုကွဲသွားတဲ့အခြေနေ။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ လူမျိုးစုတွေကွဲပြဲသွားတဲ့အခြေနေ။ ရန်သူနဲ့စကားပြောတဲ့ယဉ်ကျေးမှုထွန်းကားလာတဲ့အခြေနေ။ မဟာ မိတ်တွေ တပ်ပေါင်းစုကနေထွက်ပြီး စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးလုပ်လိုက်တဲ့အခြေနေ။ ဒီလိုအခြေ နေများစွာအောက်မှာ ကျနော်တို့ကျောင်းသားတပ်မတော်ဟာ နိုင်ငံရေးလှိုင်းတံပိုးများစွာကို နှစ် ၂၀-ကျော် ခါးစည်းခံခဲ့ရပေါ့။

ဒီ နှစ် ၂၀-ကျော်ကာလအတွင်း ကျနော်တို့ရဲ့ "ရဲဘော်သူငယ်ချင်းတွေ" တိုက်ပွဲမှာ ကျဆုံးခဲ့ရ။ ငှက်ဖျားကိုမလှန်နိုင်ကြ။ တောရိုင်းဥပဒေကို မလွန်ဆန်နိုင်ကြ။ အသက်ကို ညဏ်မစောင့်နိုင်ကြနဲ့ ထိ ခိုက်-ကျဆုံး-သေဆုံး-ဒဏ်ရာရ စာရင်းပေါင်းလိုက်တော့ ၁၀၀၀-ကျော်အထိ ဖြစ်နေပါရော့လား။ ဒါဟာ ပညာတတ်မျိုးဆက်တခုအတွက် ဘယ်လောက်နှမြောဖို့ကောင်းသလဲ။

တကယ်က နှမျောတသနေယုံနဲ့မပြီး။ သူတို့ရဲ့ပေးဆပ်မှုတွေအတွက် ကျနော်တို့ဘာတွေရခဲ့ပြီး ပြီလဲ။ ရအောင်ကော ကျနော်တို့ဘာတွေဆက်လုပ်နေကြသလဲ။ ဆက်လုပ်နေတဲ့သူက ဘယ်လောက် ရှိပြီး ဘာမှမလုပ်တော့ဘဲ ဘေးထိုင်ဘုပြောနေသူကဘယ်လောက်ရှိနေလဲ။ ဒါတွေကို အခုလို စစ်အာ ဏာသိမ်း နှစ်ပါတ်လည်နေ့မျိုးမှာမှ မစဉ်းစားရင် ဘယ်အချိန်မှာ ကျနော်တို့စဉ်းစားကြမလဲ။

Ferie Paradise -နဲ့ တတိယနိုင်ငံ ယဉ်ကျေးမှု

နော်ဝေးနဲ့အနောက်နိုင်ငံတွေမှာ ခေတ်စားလှတဲ့ တနှစ်တခါ သတင်း ၄-၅ ပတ် လစာအပြည့် အားလပ်ရက်ယူပြီး အပန်းဖြေခြင်းကိုအားကျလို့ နော်ဝေးစကား Ferie နဲ့ အင်္ဂလိပ်စကား Paradise ကိုတွဲသုံးလိုက်တာပါ။ တော်လှန်ရေးမီဒီယာ DVB ကနေ အလုပ်ဖြုတ်ခံရတဲ့ ကျနော်ဟာ အားအားယားယားနဲ့ သူများအိမ်တွေ။ အလှုပွဲတွေ။ သာရေး-နာ ရေးအခန်းနားတွေ  တော်မျာများသွားဖြစ်ခဲ့ပါတယ်။ ဒီလိုသွားရင်းနဲ့ တတိ ယနိုင်ငံရောက် ၈၈ မျိုးဆက်တွေ။ အကြောင်းအမျိုးမျိုးကြောင့် တတိယနိုင်ငံဆီရောက်နေသူတွေရဲ့ ဘ၀တစိတ်တဒေသကို လေ့လာခွင့်ရခဲ့ပါတယ်။

သေချာတာတခုကတော့ နော်ဝေးရောက် ဒုက္ခသည် ၃-ထောင်ဝန်းကျင်ထဲကအတော် များ များဟာ လူ-ကနော်ဝေးရောက်နေကြပေမဲ့ စိတ်-ကတော့ မြန်မာပြည်ထဲမှာ ဒါမှမဟုတ် ထိုင်း-မြန်မာ နယ်စပ်မှာ ကျန်နေဆဲဖြစ်တာကို ကျနော်တွေ့ရပါတယ်။ ဆိုလိုတာကတော့ သူတို့လုပ်ချင်တဲ့အလုပ်နဲ့ သူတို့နေချင်တဲ့နေရာကတမျိုး။ လက်ရှိ သူတို့လုပ်နေရတဲ့အလုပ်နဲ့ သူတို့ရောက်နေရတဲ့နေရာက တခြားဖြစ်နေကြပါတယ်။ ဒါပေမဲ့ ဒါဟာ လူအတော်များများဆိုပေမဲ့ လူအားလုံးတော့မဟုတ်ပါဘူး။

လူဦးရေတ၀က် ဒါမဟုတ် အများစုလို့တောင်ထင်ရတဲ့လူတွေ။ အထူးသဖြင့် သူတို့ရဲ့ အမျိုးသ မီးတွေနဲ့ကလေးတွေဟာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံလွတ်မြောက်ရေးတိုက်ပွဲအကြောင်း သိပ်စိတ်မ၀င် စားတော့ဘဲ လက်ရှိနော်ဝေးလူနေမှုဘ၀ထဲမှာ တန်းဝင်အောင်နေနိုင်ရေးကိုဘဲ့ ပိုစိတ်ဝင်စားနေကြတာ ကိုတွေ့ရပါတယ်။ ဒါဟာ လက်တွေကျတဲ့အပြင် သဘာဝလဲကျတဲ့အတွက် သူတို့ကို အပြင်မတင်သင့် ပါ။ အပြင်တင်ဖို့ပြောနေခြင်းလဲမဟုတ်ပါ။ အရှိတရားတခုကို စဉ်းစားနိုင်ဖို့တင်ပြခြင်းမျှသာဖြစ်ပါတယ်။

ဒီအတွက် နော်ဝေးစာတတ်ဖို့သင်ရပါတယ်။ ပြီးရင် ခိုင်မာတဲ့အောက်ခြေသိမ်းအလုပ်တခုခု fast jobb တခုရဖို့ ရှာရပါတယ်။ ပြီးရင် အိမ်နဲ့ကားကို အကြွေးနဲ့ (လပေးစနစ်နဲ့) ၀ယ်နိုင်ဖို့ကျိုးစား ရပါတယ်။ သားသမီးတွေကို လူစဉ်မီအောင်ထားနိုင်ဖို့ကျိုးစားရပါတယ်။ ဆိုလိုတာကတော့ လူအတော် များများဟာ ဒီလို တို့တာဝန် အရေး ၃-ပါးအတွက် လုံးပန်းရင်းနဲ့ ရှေ့မှာကျ နော်တင်ပြခဲ့တဲ့ အာဏာ သိမ်းနှစ်ပတ်လည် ၂၅-နှစ်တို့။ ၈-လေးလုံးနှစ်ပါတ်လည် ၂၅-တို့။ ABSDF-နှစ်ပတ်လည် ၂၅-နှစ်တို့ကို စဉ်းစားဖို့အချိန်တွေလျော့နဲသွားခဲ့ပေါ့။

တနှစ်မှာ ၁၁-လလုံးလုံး ဒီတာဝန် ၃-ပါးအတွက် အောက်ခြေသိမ်းအလုပ်တွေနဲ့ မနားတန်း လည်ပတ်နေရပြီး ''Ferie Paradise - အားလပ်ရက်နိဗာန်ဘုံ'' လေးမှာဘဲ့ သူတို့ရဲ့လှုပ်ရှားမှုပုံတွေကို Fcaebook ပေါ်မှာတွေ့ခွင့်ရတဲ့ အခြေနေမျိုးအထိဖြစ်လာနေပါတယ်။ ဒါဟာ တတိယနိုင်ငံရောက် ၈၈-မျိုးဆက်တွေရဲ့ သရုပ်မှန်ပုံရိပ်လား။ ယာယီပုံရိပ်လား။ အမြဲတန်းပုံရိပ်ဖြစ်သွားမလား။

Freedom Fighter နဲ့ သူပုန် ဘာကွာသလဲ။ ပန်းတိုင်အထိ ဘယ်သူတွေဆက်သွားကြမလဲ

''Ferie Paradise - အားလပ်ရက်နိဗာန်ဘုံ'' ဘ၀ကနေ ပျောက်ဆုံးသွားတဲ့ နှစ် ၂၀-အခြေ နေကိုပြန်ကောက်ရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ် ၂၀-အတွင်း ကမ္ဘာ့နိုင်ငံရေးအပြောင်းလဲတွေအများအပြား ဖြစ်ခဲ့ပါတယ်။ စစ်အေးတိုက်ပွဲကြီးပြီးဆုံးလို့ ၀ါဒရေးရာတိုက်ပွဲတွေခေတ်ကုန်။ ဘာလင်တံတိုင်းကြီး ပြို လဲ။ ဆိုဗီယက်ယူနီယံပြိုကွဲ။ ဌာနေတိုင်းရင်းသားတွေအလံဆွဲ။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ လူမျိုးစုတွေ လဲ ခွါ-ပြဲ။ ရန်-ငါ စည်းပြတ်ရမယ်ဆိုတဲ့ယဉ်ကျေးမှုအစား ရန်သူနဲ့စကားပြောရမယ်ဆိုတဲ့ယဉ်ကျေးမှု ထွန်းကား။ ကျနော်တို့ရဲ့မဟာမိတ်များ တပ်ပေါင်းစုကနေထွက်ပြီး စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးလုပ် သွားလိုက်ကြတာများ သေနပ်ဆက်ကိုင်နေတာဆိုလို့ KIA တဖွဲ့ဘဲ့ ကျန်တော့သလိုလိုဖြစ်လာနေခဲ့ ပေါ့။

ဒါက လွန်ခဲ့တဲ့ လပိုင်းတွေအထိအခြေနေကို ပြောတာပါ။ အခုဆိုရင် ကျနော်တို့ကိုယ်တိုင် ဆယ်နှစ်ဆယ်မိုး ပါဝင်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့။ စစ်တပ်က အာဏာသိမ်းချိန်မှာ အဲဒီစစ်တပ်ကို လက်နက်ကိုင်တော် လှန်မှရမယ်လို့တောခိုခဲ့ကြတဲ့ကျောင်းသားလူငယ်တွေဖွဲ့စည်းခဲ့တဲ့ ABSDF- မှ ဥက္ကဌဟောင်း ၃-ဦးအပါဝင် ကျနော်တို့ရဲ့ ရဲဘော်သူငယ်ချင်းတချို့တောင် ''ပြည်တော်ပြန်'' စီမံကိန်း အရ ရန်ကုန်မြို့ဆီ ရောက်နေကြပါပြီ။ ဒါကိုတိုးတက်မှုအဖြစ် ခင်ဗျားမြင်ပါသလား။ အပြောင်းအလဲလို့ ခင်ဗျားထင်ပါသလား။ တဦးချင်းအနေနဲ့ လွတ်လပ်စွာထင်မြင် ပိုင်ခွင့်ရှိပေမဲ့ အဖွဲ့စည်းအနေနဲ့။ မျိုး ဆက်တခုလုံး အနေနဲ့တော့ အသေချာစဉ်းစားဆုံးဖြတ်ဖို့လိုလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

နိုင်ငံရေးအပြောင်းလဲဆိုတာကလဲ မပြောင်းချင်တော့ နှစ် ၂၀-အတွင်း ဘာမှမပြောင်းဘူး။ ပြောင်းချင်တော့လဲ အခု ဒီဆောင်းပါးရေနေစဉ် ရက် ၂၀-လောက်အတွင်းမှာတောင် အပြောင်းလဲတွေ က မြန်လိုက်တာ။ ဥက္ကဌဟောင်းတွေကို ဗီဇာ-ထုတ်ပေးပြီးနောက်တရက်မှာဘဲ့ ထုံးဖြူအသုတ်ခံ ရသူ လူ ၂-ထောင်စာရင်းကိုထုတ်ပြန်လိုက်ပါတယ်။ ဒါက လတ်တလောဖြစ်နေတဲ့ နိုင်ငံရေးအခြေနေ တွေ ပါ။ ဒီဆောင်းပါးရဲ့ အဓိက ဆိုလိုချက်က ဗီဇာရလူတစု ပြည်တော်ပြန်လေ့လာရေးခရီးစဉ်ကိုညွန်းလို ခြင်းမဟုတ်ပါ။ မျိုးဆက်အလိုက်တာဝန်ယူရမဲ့သမိုင်းပေးတာဝန်တခုကို ကျနော်တို့ဘယ်လိုပ ခုံးပြောင်း ထမ်းဆောင်ကြမလဲဆိုတဲ့ အပိုင်းဖြစ်ပါတယ်။

လူ ၁၀-ယောက်လောက်စုပြီး ပြည်တော်ပြန်လေ့လာယုံနဲ့ ကျနော်တို့မျိုးဆက်တခုလုံး အတွက် အလုပ်ဖြစ်ပါ့မလား။ ကျန်တဲ့ သောင်းနဲ့ချီရှိတဲ့ ရဲဘော်သူငယ်ချင်းတွေကကော ဘာဆက်လုပ်ကြမလဲ။ ဒီလူ ၁၀-ဦးက အားလုံးရဲ့ကိုယ်စားလှယ်လား။ လွန်ခဲ့တဲ့နှစ် ၂၀-ကာလကလိုမျိုး ဘယ်သူ့ကို ဘယ်သူ က ကိုယ်စားပြုတယ်ဆိုတဲ့ စနစ်တကျဖွဲ့စည်းမှုမျိုးကော ကျနော်တို့ကြားမှာရှိပါသေးရဲ့လား။ တသီးပုဂ လတွေ သိပ်ခေတ်စားနေပြီလား။ တဖက်မှာ တသီးပုဂလလို့ပြော။ တဖက်မှာကျတော့ အားလုံးကို ကိုယ်စားပြုသလိုသလိုလေသံပစ်နဲ့ လုပ်နေတာကိုမြင်ရတော့ လွန်ခဲ့တဲ့နှစ် ၂၀-က အင်အားကြီးခဲ့တဲ့ ABSDF အဖွဲ့ကို ပိုပြီး သတိရလာစေပါတယ်။

"ငါတို့ ၁၀-နှစ်လောက် အသက်နဲ့ရင်းပြီး တောထဲမှာတိုက်ပွဲဝင်ခဲ့ပြီးပြီဘဲ့ကွာ။ ငါတို့တာဝန်ကျေ ခဲ့ပြီပေါ့။ အခုတော့ သားသမီးတွေဖက် အလှည့်ပေးရဦးမယ်လေ'' လို့ တတိယ နိုင်ငံရောက် ရဲဘော် သူငယ်ချင်းတဦးကပြောပါတယ်။ သူပြောတာဟာ အလွန်သဘာဝကျပြီး အားလုံးလက်ခံသင့်တဲ့ ဒါမှမ ဟုတ် တတိယ-နိုင်ငံရောက် ၈၈-မျိုးဆက်အတော်များများပြောနေတဲ့ စကားလုံးတခုပါဘဲ့။
ဒါပေမဲ့ မေးစရာဖြစ်လာတာကတော့ ဒါဆိုရင် တော်လှန်ရေးဆိုတာ ၁၀-နှစ်လောက်လုပ်လို့ မ အောင်မြင်ရင် ရပ်လိုက်ရတဲ့သဘောရှိလား။ ပန်းတိုင်မရောက်မချင်းဆက်လုပ်သင့်တဲ့အရာလား။ ဘယ် သူကမှ အတိအကျတာဝန်ပေးလိုက်ခြင်းမရှိပေမဲ့ ကိုယ်အသိနဲ့ကိုယ် ဘယ်အတိုင်းတာအထိ ဆက်လုပ် သင့်တယ်လို့ခင်ဗျားထင်ပါသလဲ။

ဒီဖြစ်စဉ်တွေကိုစဉ်းစားရင်းနဲ့ ဒီလိုအတိုင်းတာတခုထိ ရွံရွံချွံချွံတာဝန်ထမ်းခဲ့ပြီး အခုချိန်မှာ ကိုယ့်မိသားစုကိစ္စကိုယ်လုပ်နေသူတွေကို Freedom Fighter တွေအဖြစ် ခေါ်နိုင်မလားလို့ ကျနော်စဉ်း စားနေမိပါတယ်။ အခုချိန်ထိ မဆုတ်သောဇွဲနဲ့ ပန်းတိုင်အထိ ရောက်အောင်ဆက်သွားဖို့ပြင်နေသူ။ နယ်စပ်မှာရှိနေဆဲ။ သို့မဟုတ် ပြည်ပကနေ တတ်နိုင်တဲ့ဖက်ကကူနေဆဲ လူနဲစုကိုတော့ သူပုန်တွေ အဖြစ် ခေါ်နိင်မလားလို့ ကျနော်စဉ်းစာနေမိပါတယ်။ Freedom Fighter လွတ်မြောက်ရေး အတွက် တိုက်ပွဲ ၀င်သူဟာ စေတနာ့ဝန်ထမ်း Volunteer သဘော။ တဦးချင်း တယောက်ချင်းသဘောကို ပို ဆောင်ပြီး သူပုန် Rebel ကတော့ ပန်းတိုင်ရောက်တဲ့ အထိ။ တနည်းအားဖြင့်ပြောမယ်ဆိုရင် နိုင်ငံ ရေးအာဏာ သို့မဟုတ် နိုင်ငံရေးစနစ်တခုပြောင်းလဲတဲ့အထိ စနစ်တကျ အစုအဖွဲ့နဲ့တိုက်ပွဲဝင်သွားတဲ့ သူတွေကို ဆိုလိုတာဖြစ်မယ်လို့ ကျနော်စဉ်းစားနေမိပါတယ်။

ဒီအတွက် သူပုန် Rebel ဆိုတဲ့စကားလုံးကို Freedom Fighter လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူ ဆိုတဲ့စကားလုံးထက် ကျနော်ပိုနှစ်ခြိုက်နေမိပါတယ်။ ကျနော်တို့ဟာ တက္ကသိုလ်စာသင် ခန်းကနေထွက်ပြီး တောခိုစဉ်ကာလက စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်လာကြတယ်ဆိုပေမဲ့ အခုနှစ် ၂၀ ကြာပြီးတဲ့အချိန်မှာတော့ အမြဲတန်းဝန်ထမ်း သူပုန်တွေဖြစ်မနေသင့်ဘူးလားလို့လဲ ကျနော်စဉ်းစားနေမိ ပါတယ်။

တချိန်းတည်းမှာဘဲ့ ဆရာစံသူပုန်။ ရေနံမြေသူပုန်။ တို့ဗမာအစည်းရုံးသူပုန်။ BIA သူပုန်ကနေ အစိုးရဖြစ်လာတဲ့အခြေနေတွေကိုစဉ်းစားရင်း သူပုန်ဆိုတဲ့စကားလုံးကိုသုံးဖို့ ဘာမှသိမ်ငယ်စရာမရှိဘူး လို့ထင်ပါတယ်။ တခါ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်မှာ သို့မဟုတ် ကမ္ဘာ့လက်နက်ကိုင်တော် လှန်ရေးဖြစ်စဉ်မှာ အဓိကနေရာယူခဲ့တဲ့ လစ်ဗျားလက်နက်ကိုင်တော်လှန်ရေးနဲ့ လစ်ဗျားသူပုန်လှုပ်ရှား မှု။ အခုလောလောဆယ် ကမ္ဘာ့သတင်းနဲ့ ကမ္ဘာ့လက်နက်ကိုင်တော်လှန်ရေးမှာ ရှေ့ဆုံးရောက်နေတဲ့ ဆီရီယားလက်နက်ကိုင်တော်လှန်ရေးနဲ့ ဆီးရီယားသူပုန်လှုပ်ရှားမှုတွေကိုကြည့်မယ်ဆိုရင်လဲ သူပုန် Rebel ဆိုတဲ့စကားလုံးအတွက် ဘာမှစောဒကတက်စရာမရှိလောက်ဘူးလို့ထင်မိပါတယ်။

ကဲ... ဒီဆောင်းပါးကိုဖတ်နေတဲ့ ခင်ဗျားကိုယ်တိုင်ကော။ Freedom Fighter လား။ Rebel သူပုန်လား။ ပန်းတိုင်ရောက်တဲ့အထိ ဆက်သွားမလား။ တသီးပုဂလတွေနဲ့ဘဲ့လွဲထားမလား။ စနစ်ကျ တဲ့ စုဖွဲ့မှုတွေနဲ့ အသေချာပြန်လုပ်ပြီး မျိုးဆက်တခုရဲ့ မပြီးဆုံးသေးတဲ့ တာဝန်တွေအတွက် ကျနော်တို့ အားလုံး လက်တွဲဆောင်ရွက်ကြဖို့ အချိန်ရောက်နေပြီလို့ ထင်မြင်မိပါတယ်။

ထက်အောင်ကျော်
၀၉-၀၉-၂၀၁၂။
ဘကြီးသက်
Unknown at 5:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.