Saturday, June 2, 2012

အိန္ဒိယအကူအညီဖြင့် အိုင်တီတက္ကသိုလ်တစ်ခု မန်းတွင်ဖွင့်မည်




လာမည့် ၂၀၁၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် Information Technology University တစ်ခုမန္တလေးမြို့တွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။ မန္တလေးမြို့ရှိ လက်ရှိစွယ်တော်ဘုရားအနီး ဖွင့်လှစ်ထားရာမှ စစ်ကိုင်းသို့ ပြောင်းရွှေ့သွားသည့် တိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်နေရာတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တက္ကသိုလ်ကို သင်ထောက်ကူပစ္စည်းများနှင့် သင်ကြားသူ ပညာရှင်များအပါအဝင်၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး မြန်မာနိုင်ငံမှ ဆရာများက ကောင်းစွာ သင်ကြားပေးနိုင်သည့် အချိန်တွင်တက္ကသိုလ်အား အပြီးလွှဲပြောင်းရယူမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏အကြံပေး ဦးကိုကိုလှိုင်က ပြောသည်။ အလားတူ တောင်ကိုရီးယားနိုင်ငံရှိ Korea Development Institute( KDI) ကဲ့သို့ Myanmar Development Institute တစ်ခုကိုလည်း တောင်ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အင်စတီကျုဒ် တည်ထောင်ခြင်းသည် နိုင်ငံအတွက် လိုအပ်နေသည့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ရန်လိုအပ်နေသော သင်ကြားရေး အစီအစဉ် မြှင့်တင်မှုပင်ဖြစ်သည်ဟု ဦးကိုကိုလှိုင်က ပြောသည်။ ဦးကိုကိုလှိုင်က ရန်ကုန်မြို့ ချင်းတွင်းလမ်းရှိ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ရုံး၌ ကျင်းပသည့် မီဒီယာရှင်းလင်းပွဲတစ်ခုတွင် အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

 
 Myanmar Express
Unknown at 7:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး အလွန်အကျွံ အကောင်းမမြင်ရန်နှင့် မြန်မာနိုင်ငံသည် အမေရိကန်နှင့် တရုတ်တို့အတွက် တိုက်ပွဲနေရာမဖြစ်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေသည့် World Economic Forum on East Asia 2012 တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် Photo: AFP
ဘန်ကောက်တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး အလွန်အကျွံ အကောင်းမမြင်ရန် လိုအပ်ကြောင်း လက်ရှိ ပြုပြင်ပြောင်းလဲမှုများသည် နောက်ကြောင်း ပြန်မလှည့်နိုင်ဟု မဆိုနိုင်သေးကြောင်း သတိပေး ပြောကြားခဲ့သည်။

ထို့ပြင် မဟာဗျူဟာအရ အရေးပါနေသော မြန်မာနိုင်ငံအပေါ် လွှမ်းမိုးရန် အပြိုင်အဆိုင် ကြိုးပမ်းနေသော အမေရိကန်နှင့် တရုတ်တို့အတွက် မြန်မာနိုင်ငံသည် 'မြေဇာပင်' (တိုက်ပွဲမြေပြင်)ဖြစ်မည်ကို စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁ ရက်နေ့တွင် သတင်းထောက် များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
''အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ တရုတ်နှင့်မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အိမ်နီးချင်းကောင်းများဖြစ်ခဲ့ကြောင်း၊ အင်အားကြီးနှစ် နိုင်ငံအတွက် မြန်မာနိုင်ငံသည် ချစ်ကြည်ရင်းနှီးမှု မျှဝေနိုင်သည့် နေရာတစ်နေရာသာဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ သဘာဝရင်းမြစ်များကို အလွယ်တကူ ရယူသုံးစွဲနေမှုအတွက်  တရုတ်နိုင်ငံသည် ဝေဖန်ခံနေရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများသည် ခြစားမှုနှင့် မညီမျှမှုတို့ကို ပိုမိုဆိုးရွားစေမည့် ရင်းနှီးမြှုပ်နှံ မှုမျိုးမဖြစ်သင့်ဘဲ နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် ရင်းနှီးမြှုပ်နှံမှုမျိုးသာ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံသူများကို တောင်းဆိုခဲ့သည်။ အလုပ်အကိုင် ဖန်တီးမှုများနှင့် မြန်မာ့လုပ်သားထုအတွက် လေ့ကျင့်သင်ကြားပေးမှုများတွင် အာရုံစိုက် လုပ်ဆောင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

Ref:AFP,BBC,Bloomberg
Unknown at 7:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

iPad, iPhone, iPod များအားလုံး NEO TECH တွင်အခမဲ့ Jail Break ပြုလုပ်နိုင်



02 JUN 2012  | BY NET GUIDE
Apple Products များတွင် နောက်ဆုံး Firmware Version ဖြစ်သော ios 5.1.1 အတွက် iPad, iPhone, iPod များအားလုံး NEO TECH တွင် အခမဲ့ Jail Break ပြု လုပ်ပေးမည်ဖြစ်ကြောင်း သိရ သည်။
Jail Break ပြုလုပ်ထားခြင်း အားဖြင့် မိမိတို့ သုံးစွဲလျက်ရှိသော devices များတွင် နောက်ဆုံး Version 5.1.1 အထိ မြှင့်တင်ပြီး သုံး စွဲလိုသော Application များကို ကိုယ်တိုင် ထည့်သွင်းရန် လွယ် ကူမည် ဖြစ်ပါသည်။
စိတ်ပါဝင်စားသူများအနေဖြင့် NEO TECH (ရန် ကုန်) ဝ၁ ၃၉၈၁၉၉၊ (မန္တလေး) ဝ၉၅၀၄၃၁၂၀၊Life Mark (ရန်ကုန်)ဝ၁ ၃၉၁၆၉၀ သို့ ဆက်သွယ်မေး မြန်းစုံစမ်းနိုင်ကြောင်း သိရှိရပါ သည်။
မေမြသူ
ဘကြီးသက်
Unknown at 7:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အီဂျစ် အာဏာရှင် ဟောင်း ကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်

80debc5f52c98b176dcd15cd757e_grande

အီဂျစ် ပြည်သူများ၏ တစ်လ ကျော်ကြာ  အုံကြွတွန်းလှန်မှု ကြောင့် အာဏာလက်လွတ် ဖြစ်ခဲ့ ရသည့်
အီဂျစ် သမ္မတ ဟောင်း ဟိုစနီ မူဘာရက် ကို ယနေ့ မြို့ တော် ကိုင်ရို ရှိ လုံခြုံရေး ထူထပ် စွာ ချထား
သည့် တရား ရုံး တွင် စစ်ဆေး ပြီး နောက် ဆန္ဒပြသူ များ ကို သတ်ဖြတ်မှု တွင် ပါဝင် ပတ်သက် မှု
ကြောင့် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ် ခဲ့ သည်။
အသက် ၈၃ နှစ် အရွယ် ရှိ ပြီ ဖြစ်သည့် ဟိုစနီ မူဘာ ရက် သည် နိုင်ငံ ကို ၂၉ နှစ်ကြာ အုပ်ချုပ် ခဲ့ ပြီး၂၀၁၁
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ တွင် ရာထူး မှ ဖယ်ရှား ပေးလိုက်ရသည်။
မူဘာရက် သည် ဆန္ဒပြ သူများ ကို လူမဆန်သည့် နည်းလမ်း များ သုံး ပြီး နှိပ် ကွပ် ခဲ့မှု ကြောင့် ၈၀၀
ကျော် သေဆုံးပြီး၉၀၀၀ ကျော်ဒဏ်ရာရရှိသည်။ သူ၏ သား နှစ် ဦး ဖြစ်သူ ဂါမဲလ် နှင့် အာလာ မူဘာရက်
တို့ နှစ်ဦး လည်း ဖခင် ဖြစ်သူနှင့် အတူ အစစ်ဆေး ခံရမည် ဖြစ်ပြီး သူ ၏ ပြည်ထဲရေး ၀န်ကြီး နှင့် ထိပ်တန်း
ရဲအရာ ရှိ အချို့ မှာ မူ ကနဦး ပြစ်ဒဏ် များ ကျ ခံ နေရ ပြီး ထောင် သွင်း အကျဉ်း ချ ခံထား ရသည်။
ရှမ်အယ်(လ) ရှိတ် အပန်း ဖြေစခန်း ရှိ ဆေးရုံ တစ်ခု တွင် တက်ရောက် ကုသ ခံနေရစဉ် ယနေ
့ စစ်ရဟတ် ယာဉ် ဖြင့် ယာယီ တရား ရုံး တည် ရှိရာ ကိုင်ရို ရဲ သင်တန်း ကျောင်း သို့  စစ်တပ် ရဟတ်
ယာဉ် ဖြင့် ရောက် ရှိ လာခြင်း ဖြစ်သည်။
မူဘာရက် ၏ ရှေ့ နေ ဟိုဆမ် ဘာဂတ် က အယူခံ ၀င်မည် ဟု ဆိုသည်။
နိုင်ငံ ကို နှစ်ပေါင်း ၃၀ ကြာ အာဏာရှင် တစ်ဦး အဖြစ် အုပ်ချုပ် ခဲ့သည့် ဟိုစနီ မူဘာရက် သည် ကိုင်
ရိုမြို့  တွင်း ရှိ အကျဉ်းထောင် တစ်ခု ဉ် သူ ၏ ကျန်ရှိ နေသည့် အချိန် များ ကို ကုန် လွန် ရတော့ မည်
ဖြစ်သည်။

 
Unknown at 6:24 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သတင်းမီဒီယာ ထိန်းချုပ်မှု ရပ်စဲတော့မည်

မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်မှု ထိန်းချုပ်ထားတာတွေကို သီတင်းပတ် အနည်းငယ်အတွင်း ရပ်စဲပေးတော့မယ်လို့ မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
RFA
မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ
အခု ဇွန်လကုန်ကစပြီး ပြည်တွင်းထုတ် မဂ္ဂဇင်းနဲ့ ဂျာနယ်တွေကို စောင့်ကြည့်တာတွေ ဆက်လက် လုပ်ဆောင်တော့မှာ မဟုတ်ကြောင်း ၊ ဆင်ဆာ ဖြတ်တောက်တာတွေလည်း ရှိတော့မှာ မဟုတ်ကြောင်း ဦးတင့်ဆွေက ရန်ကုန်မြို့နေအိမ်မှာ လာရောက်တွေ့ဆုံတဲ့ အေအက်ဖ်ပီ သတင်းထောက်ကို ပြောခဲ့တာပါ။
မြန်မာနိုင်ငံမှာ အစိုးရနဲ့  လွှတ်တော်တို့က ဒီမိုကရေစီအရေး လုပ်ငန်းစဉ်တွေ ချမှတ်နေတဲ့အချိန်မှာ စာပေစိစစ်ရေးလို အဖွဲ့မျိုးရဲ့ အလုပ်ဟာ မရှိသင့်တော့တဲ့ ကိစ္စ ဖြစ်တယ်လို့လည်း ဦးတင့်ဆွေက ပြောကြားသွားပါတယ်။

RFA-Burmese
Unknown at 10:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဟိုးအတိတ်ကမြန်မာ





အဖိုး - ငါ့မြေး.. ဒီနေ့ဘယ်မှမသွားဘူးလား..
မြေး - အဖိုး ဒီနေ့တနင်္ဂနွေနေ့ကျောင်းပိတ်တယ်။ အပြင်လည်းထွက်မဆော့ချင်ဘူး။ အိမ်မှာရှိတဲ့ MPS 9 (Myanmar Play Station 9) ကလည်း ဆော့ရတာပျင်းလာပြီ။ အဲဒါဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတာ..
 အဖိုး - ဒီမှာထိုင်ကွယ့်.. အဖိုးတို့ငယ်ငယ်တုန်းက ဘယ်လိုနေခဲ့ရတယ်ဆိုတာပြောပြမယ်..
မြေး - ဘယ်လိုမျိုးလဲ???

အဖိုး - ဒီလိုကွယ်.. အဖိုးတို့ငယ်ငယ်တုန်းကဆို တယ်လီဖုန်းဆိုတာ သိပ်ရှားတာကွဲ့.. ဟမ်းဖုန်း တစ်လုံးကို ရွှေ ၅ကျပ်သားလောက်တောင် ပေးဝယ်ခဲ့ရတာတွေရှိဖူးတယ်။
မြေး - ဟာ.. ဟုတ်ပါ့မလား။ ကျနော်ဖြင့်နေ့တိုင်းကျောင်းသွားတိုင်း ကျောင်းထိပ်မှာ မေရီချက်မင်း ဖုန်းကုမ္ပဏီကနေ့တိုင်းဖုန်းကဒ် အတင်းလိုက်ပေးနေတာ မယူချင်မှအဆုံးပဲ။ အထဲမှာ ၁လစာ ဖုန်း၊ 7G အင်တာနက် အကြိုက်သုံးဖို့ ပါပြီးသား။ နံပါတ်ပြောင်းမှာစိုးလို့ မယူတာလေ.. ဟဲ..ဟဲ.. လာပေးတဲ့ကောင်မလေးကချောရင်တော့ အားနာပါးနာယူထားလိုက်တယ်။ ဘဲတွေဆိုရင်တော့ ဆောရီးပဲ..

အဖိုး - ဟုတ်ပါ့ကွယ်.. အဲဒီတုန်းက အခုသုံးတဲ့ "ချောင်" ငွေမဟုတ်သေးဘူး။ ကျပ် ငွေ။ နောက်ပိုင်းမှ ပိုက်ဆံက နာမည်ကစီးပြီး တိုင်းပြည်စီးပွားရေးကျပ်နေတယ်ဆိုပြီး သမ္မတ ကုဋေစိန် လက်ထက်မှပြင်သုံးတာ။ အဲဒီတုန်းက ဖုန်းတစ်ကဒ်ကို ကျပ်ငွေ ၁၅ သိန်း၊ သိန်း ၂၀ လောက်ပေါက်တာ။
မြေး - သိန်းဂဏန်းဆို ငွေက များလှချည်လား။ ဟိုကျွန်းလေး နာမည်ဘာတဲ့.. သိပြီ... အင်္ဂလန်ဆိုတာ အဲဒီမှာသုံးတဲ့ ပိုက်ဆံအတိုင်းပဲ။ အဲဒီကပိုက်ဆံ မြန်မာငွေ ၁ ချောင်ဆိုရင် သူတို့ပိုက်ဆံ ၂၀၀၀ ကျော်တယ်ဆိုပဲ။ သူငယ်ချင်းတစ်ယောက်ပြောတာ။ သမိုင်းထဲမှာတော့ အဲဒီက ကျွန်းက အရင်တုန်းက တစ်ကမ္ဘာလုံးကို လူစွာလုပ်ခဲ့တာဆိုပဲ..

အဖိုး - အဖိုးရဲ့အဖိုးတွေ လက်ထက်တုန်းကနေ အဖိုးတို့လက်ထက်အထိ အဲဒီ အင်္ဂလန်ဆိုတာ ကမ္ဘာမှာနာမည်ကြီးပဲ။ နောက်တော့ ဥရောပမှာ စီးပွားပျက်ကပ်ကြီးဖြစ်ပြီး ဘုန်းဘုန်းလဲတော့ မြေသယံဇာတ၊ သဘာဝသယံဇာတ သိပ်မပြည့်စုံတော့ အခုထိ ဆင်းရဲတွင်းကမတက်နိုင်ဘူး။ ဟိုအမေရိကန်ကတော့ ဆင်းရဲတယ်ဆိုပေမယ့် သူ့ထက်တော့ လူမွေးပြောင်သေးတယ်။ အဖိုးတို့ငယ်ငယ်တုန်းကဆို မြန်မာနိုင်ငံကဆရာဝန်တွေ အားလုံးနီးနီးက အင်္ဂလန်မှာပဲဘွဲ့လွန်ပညာသွားသင်ကြတာ။ အခုတော့...
မြေး - အရင်တုန်းကတော့ မသိဘူး။ အခုတော့ အင်္ဂလန်က ဘွဲ့ရ MRCP ဆိုတာတွေ ဒီမှာ အရေးပေါ်ဆရာဝန်လာလုပ်တာ အဆင်မပြေပါဘူးဗျာ။ ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက် စကိတ်စီးရင်းချော်လဲတာ ဆေးရုံသွားတာ အရေးပေါ် လက်ထောက်ဆရာဝန်က အင်္ဂလန်ကဖြစ်နေတယ်။ မြန်မာလိုလဲ တစ်လုံးစ နှစ်လုံးစ၊ မတောက်တခေါက်နဲ့.. ဘယ်လိုမေးမြန်းနေလဲမသိဘူး။ ဘေးနားက မြန်မာလို နည်းနည်းတတ်တဲ့ အမေရိကန်သူနာပြုမလေးက ဝင်ကူလို့ နောက်ပြီး ခဏနေတော့ အရေးပေါ်အဖွဲ့ခေါင်းဆောင် M.B.,B.S မြန်မာဆရာဝန်တစ်ယောက် ရောက်လာမှ အဆင်ပြေသွားတာ။ အစိုးရအနေနဲ့ မြန်မာလို ကျွမ်းကျွမ်းကျင်ကျင် လိပ်ပတ်လည်အောင် မပြောတတ်တဲ့ သူတွေကို တခြားနေရာတွေမှာခန့်တာ မပြောလိုပါဘူး။ ဒီလို လူနာနဲ့ဆက်ဆံပြီးစကားပြောရတဲ့နေရာတွေမှာ IMLTS (International Myanmar Language Testing System) အမှတ်ကောင်းတဲ့သူတွေပဲခန့်သင့်တယ်။ လုပ်အားခ ဈေးပေါတယ်ဆိုပြီး ခိုင်းကောင်းတိုင်း ခန့်နေတယ်။

အဖိုး - အော်.. တခြားမကြည့်နဲ့လေ.. မင့်အစ်ကို ဆရာဝန်ကိုလည်း ကြည့်ပါဦး။ ပုသိမ်လောက်သွားခိုင်းရင်တောင်မသွားချင်ဘူး။ ဟိုနိုင်ငံခြားက ဆရာဝန်တွေကတော့ ဟိုး.. ပူတာအို၊ ဖလမ်း၊ တီးတိန် တို့လည်းသွားတာပဲ..။ အဲဒီတော့ အစိုးရ နဲ့ NGO တွေလည်း နိုင်ငံခြားက ဆရာဝန်တွေ သွင်းရတာပေါ့..
မြေး - ဒါနဲ့ သူနာပြုမလေးဆိုမှ သတိရတယ်။ အမေရိကန်ကျတော့ နိုင်ငံကြီးပြီး သယံဇာတလည်း ထိုက်သင့်သလောက်ရှိပေမယ့် ဆင်းရဲတယ်နော်..

အဖိုး - အင်း..သူလဲ တစ်ချိန်က ကမ္ဘာ့ နံပါတ် ၁ ပဲ။ နောက်တော့ အကြွေးတွေတင်ရတဲ့ကြားထဲ စီးပွားပျက်ကပ်နဲ့ကြုံ၊ အကြမ်းဖက်ဗုံးခွဲတာတွေဆက်တိုက်ဖြစ်၊ နိုင်ငံရေး မတည်ငြိမ်တော့ ဆင်းရဲသွားတာ။ အခုထိလည်း မတည်ငြိမ်သေးတော့ လိမ်ဖယ်လိမ်ဖယ်ပဲပေါ့..
မြေး - ဒါနဲ့သူတို့ဆီမှာ အရင်တုန်းက အခု တစ်ကမ္ဘာလုံးသုံးနေတဲ့ "စပ်စုစိန်" Search Engine လိုမျိုးရှိတယ်ဆို.. နောက် "ရပ်ကွက်" လိုဆိုဒ်မျိုးလဲရှိသေးတယ်ဆို..

အဖိုး - အဖိုးတို့ငယ်ငယ်တုန်းက Search Engine ဆိုရင် Google, Social Network ဆိုရင် Facebook အားလုံးက အမေရိကန်ကထုတ်တာချည်းပဲ။ နောက်တော့ ဒီက ဘုန်းကြီးကျောင်းသားကုမ္ပဏီက စပ်စုစိန် ဆိုပြီးထောင်လိုက်တ။ နောက် ရပ်ကွက်ထဲမှာ သတင်းတွေ၊ အတင်းတွေတုပ်ကြတာကို နမူနာယူပြီး "ရပ်ကွက်" ဆိုတာပေါ်လာပြီး facebook ကို စီးပွားပျက်ကပ်နဲ့ရောပြီး ကန်ချလိုက်တာ ပြန်တက်မလာတော့ဘူး။
မြေး - အဲဒါတွေက စပ်စုစိန်တို့ ရပ်ကွက်တို့လောက် ကောင်းလို့လား???

အဖိုး - အဲဒီတုန်းကတော့အင်တာနက်သုံးတဲ့သူတိုင်း တမ်းတမ်းစွဲသုံးကြတာပဲ..။ နောက်ပြီး အခုတစ်ကမ္ဘာလုံးကို မြန်မာကနေတင်ပို့နေတဲ့ ဖိုးဝရုပ်ဖုန်းတို့၊ နာနတ်သီးဖုန်းတို့၊ ကျွဲကောသီး လက်ပ်တော့တို့မတိုင်ခင်က စက်ရုပ်တို့၊ ပန်းသီးတို့လည်း နာမည်ကြီးခဲ့တာပဲ။
မြေး - ပန်းသီးကွန်ပျူတာတော့မြင်ဖူးတယ်။ ကျောင်းက ခေတ်ဟောင်းကွန်ပျူတာတွေပြခန်းမှာ။ ဒီဇိုင်းက တော်တော်တုံးတာပဲနော်..။ အဲဒါကြောင့်လည်း နောက်ကောက်ကျသွားတာနေမှာ..

အဖိုး - အဲဒီတုန်းကတော့ သူကအကောင်းဆုံးဒီဇိုင်းပဲ။ နောက်တော့ မြန်မာကထုတ်တဲ့ ကျွဲကောသီးကို ဒီဇိုင်းရော၊ ကွာလတီပါမယှဉ်နိုင်တော့ တဖြည်းဖြည်း လုံးပါးပါးသွားတာပဲ..နောက်သူ့ပန်းသီးဖုန်းနေရာကို ဒီကနာနတ်သီးဖုန်းက နေရာလည်းဝင်ယူလိုက်ရော ကုမ္ပဏီလည်း ဒေဝါလီခံရောပဲ..
မြေး - ဒါဆို စက်ရုပ်ဆိုတာကရော..???

အဖိုး - စက်ရုပ်ဆိုတာ အရင်က ဖုန်းတွေမှာအသုံးများတဲ့ စနစ်တစ်ခုပေါ့.. သူက လူသုံးများလာပေမယ့် သူ့မှာသုံးတဲ့ ဂျာဗားဆိုတာ နှေးတယ်လေ.. နောက်ပိုင်း ဒီကထုတ်တဲ့ ရွှေပလောင် programming language လည်း စင်ပေါ်ရောက်လာရော သူလည်းတဖြည်းဖြည်း လူမသုံးတော့သလောက်ဖြစ်သွားတာပဲ.. အဲဒီနောက် ရွှေပလောင်ကိုအခြေခံတဲ့ ဖိုးဝရုပ်က စက်ရုပ်နေရာ ဝင်ယူလိုက်တာပဲ.. လက်ဖက်ရည်က ကော်ဖီခွက်နေရာ အစားဝင်ယူလိုက်တာပေါ့ကွယ်..
မြေး - အဖိုးပြောပုံဆို အဖိုးတို့ငယ်ငယ်တုန်းက မြန်မာက တော်တော်မျက်နှာငယ်မှာပဲနော်..

အဖိုး - မျက်နှာငယ်ရုံတင်ဘယ်ကမလဲကွယ်.. သူများနိုင်ငံတွေမှာအလုပ်သွားလုပ်ကြရတာ.. တရားဝင်ကော.. တရားမဝင်ကော..
မြေး - ဘယ်နိုင်ငံတွေကို အလုပ်သွားလုပ်ရတာလဲ???

အဖိုး - ထိုင်းတို့၊ စင်ကာပူတို့၊ မလေးရှားတို့ပေါ့ကွယ်..
မြေး - စင်ကာပူဆိုတာ.. ဟိုး ကျွန်းသေးသေးလေးမဟုတ်လား?? သူ့နိုင်ငံက ဘာရှိလို့သွားလုပ်ကြတာလဲ?? အခုသူတို့နိုင်ငံမှာတောင် လုပ်စရာအလုပ်မရှိလို့ တစ်နေ့တစ်နေ့ ကော့သောင်းဂိတ်မှာဆိုရင် ခိုးဝင်တဲ့ စင်ကာပူနိုင်ငံသားတွေ နေ့တိုင်း ၁၀၀ လောက်ဖမ်းမိနေတာကို..

အဖိုး - အဲဒီတုန်းကတော့ သူ့နိုင်ငံက ဒီပတ်ဝန်းကျင်မှာ အတိုးတက်ဆုံးပဲ။ ပြဿနာက သူ့စီးပွားရေးက သူများနိုင်ငံတွေပေါ်မှီခိုနေတော့ သူမှီခိုတဲ့နိုင်ငံတွေ လဲတော့ သူလည်းမွဲသွားတာပဲ..
မြေး - ဒါဆို အဲဒါတွေကို ပြောင်းပြန်ကြီးဖြစ်သွားလောက်အောင် ပြောင်းလဲသွားတဲ့အကြောင်းအရာတွေရှိမှာပေါ့နော်..

အဖိုး - အင်းပေါ့ကွယ်.. ရှိတာပေါ့။ အဓိက ကနိုင်ငံပြောင်းလဲတာရယ်... နည်းပညာရယ်.. သဘာဝကပေးတဲ့ ဆုတွေရယ်ပေါ့..
မြေး - ဘယ်လိုမျိုးလဲ???

အဖိုး - အရင်တုန်းက ဆင်းရဲတာက နိုင်ငံအုပ်ချုပ်ခဲ့တဲ့သူတွေစီမံခန့်ခွဲမှုညံ့ဖျင်းခဲ့လို့ပေါ့ကွယ်..  နောက်ပိုင်းနိုင်ငံရေးတွေပြောင်းလဲပြီးတော့ တိုင်းပြည်မှာလည်း စက်ရုံတွေ၊ နည်းပညာတွေတိုးတက်လာတယ်။ အရင်တုန်းက ကွန်ပျူတာတွေက အခုလို ကာဗွန်နဲ့လုပ်တာမဟုတ်ဘူး။ ဆီလီကွန်နဲ့.. နောက်ပိုင်း ကာဗွန်နည်းပညာသုံးချပ်စ်တွေက ဆီလီကွန်ထက် လုပ်ရတာ စရိတ်သက်သာပြီး ပိုမြန်တော့ ကာဗွန်နဲ့လုပ်လာကြတာ။ အဲဒီမှာ ကံကောင်းတာက အဲဒီလိုအတွက်သုံးဖို့ အဆင့်မီ ကာဗွန်က မြန်မာနိုင်ငံမှာပဲရှိတာလေ။ တကယ်လို့သာ နိုင်ငံမှာ စက်ရုံတွေမရှိခဲ့ရင် အဲဒါတွေက အရင်လိုပဲ ကုန်ကြမ်းအတိုင်း ရောင်းစားရမှာ။ ဒါပေမယ့် ကံကောင်းချင်တော့ နည်းပညာပေါ်ချိန်မှာ လိုအပ်တဲ့အခြေခံအဆောက်အဦတွေက နိုင်ငံမှာရှိနေပြီလေ။ ဒါနဲ့ပဲ ကမ္ဘာပေါ်မှာ ကွန်ပျူတာအများဆုံး၊ ဖုန်းအများဆုံး ထုတ်တဲ့တိုင်းပြည်ဖြစ်လာတာပဲ။ 
မြေး - ဒါပေမယ့် သမိုင်းစာအုပ်ထဲမှာရေးထားတာတော့ ရေချိုကအရေးပါတယ်ဆို..???

အဖိုး - အဲဒါကလည်းဟုတ်တယ်။ အရင်က ကမ္ဘာပေါ်မှာစွမ်းအင်ရင်းမြစ်ဆိုတာ ရေနံကိုသုံးရတာ။ သူကနေပြန်ထုတ်တဲ့ဒီဇယ်၊ ဓာတ်ဆီဆိုတာ ကား (၁၀)မိုင်လောက်သွားဖို့ဆိုရင် ၁ ဂါလံလောက်ကုန်တာ။ နောက်ပိုင်း မြန်မာကပညာရှင်တွေက ရေချိုကနေ စွမ်းအင်ထုတ်တဲ့နည်းပညာကို တွေ့ရှိသွားတယ်လေ။ ဒါပေမယ့်အဲဒီလို ရေချိုက မြန်မာနဲ့ထိုင်းမြေပြန့်ဒေသတွေမှာပဲရှိတာ။ ထိုင်းကလောဘတက်ကြီး အရမ်းထုတ်ရောင်းလိုက်တာ မြေမျက်နှာပြင်နှိမ့်ပြီး နိုင်ငံရဲ့မြေပြန့်ဒေသတွေအားလုံးနီးနီး ပင်လယ်ရေအောက်နစ်သွားတယ်။ အဲဒီကစပြီး သူတို့လည်း မြန်မာနိုင်ငံထဲမှာ သန်းနဲ့ချီရွှေ့ပြောင်းပြီး အလုပ်လာလုပ်ကြရတာပဲ..
မြေး - အော်.. ဒါဆိုအရင်ခေတ်က ကားတွေဆိုရင် ဆီတိုင်ကီတွေအကြီးကြီးတွေနေမှာနော်..။ ခုခေတ်ကတော့ နိုင်ငံတစ်ပတ် ခရီးသွားတဲ့ ဟိုင်းဝေးကားတွေတောင် တစ်ခေါက်ကို ရေသန့်တစ်ဗူးမကုန်ဘူး။

အဖိုး - နောက်ပြီးတော့..
မြေး - အာ.. အဖိုးနဲ့ စကားကောင်းနေတာနဲ့ ညနေစောင်းနေပြီ...။ ဘောလုံးပွဲသွားကြည့်ရဦးမယ်..

အဖိုး - ဘယ်သူတွေနဲ့ ကန်မှာလည်းကွဲ့...
မြေး - တနေ့က ဘရာဇီး ယူ-၂၃ နဲ့ ဒဂုံတက္ကသိုလ်အသင်းလေ.. ၁ - ၁ နဲ့သရေကျသွားတယ်..။ ဒီနေ့ ဘရာဇီးနဲ့ ရန်ကုန်တက္ကသိုလ်အသင်းကန်မှာ။ နိုင်ဖို့တော့သေချာသလောက်ပဲ။ ရန်ကုန်က ဒဂုံဆိုရင်အမြဲတမ်းနိုင်နေကျလေ...။ ဘရာဇီ့းလည်း နိုင်ငံကြီးက တက္ကသိုလ်အသင်းတွေနဲ့ကစားချင်မှာပေါ့.. ဒါမှလည်း ခြေတက်မှာကိုး...

Myanmar Jokes

Unknown at 10:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

IELTS, TOFEL ရမှတ် မရှိသူများပါ အင်ဂျင်နီယာ ဘာသာရပ်များ တက်ရောက် နိုင်မည်

စင်္ကာပူ နိုင်ငံမှာ အင်ဂျင်နီယာ ဘာသာရပ် တွေကို သွားရောက် သင်ကြား နိုင်ဖို့ အတွက် IELTSနဲ့ တိုဖယ် ရမှတ် မရှိသေးသူ တွေပါ ၀င်ခွင့် ဖြေဆိုပြီး တက်ရောက်
နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ၀င်ခွင့်ဖြေဆိုဖို့ အတွက် ကိုတော့ Crown Education မှာ ဆက်သွယ် ဖြေဆို နိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီလို ၀င်ခွင့် ဖြေဆို အောင်မြင်ပြီးရင်တော့ AGTI,B.Tech ပြီးထားတဲ့ ပြည်တွင်း ကျောင်းသား၊ ကျောင်းသူ တွေဟာ စင်္ကာပူရှိ Auston Institiute မှာ ၈ လ တက်ရောက်ကာ BE ဘွဲ့ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် တခြား ဒီပလိုမာ တက်ရောက် သူတွေ ဟာလည်း Bachelor Degree(Hons) အထိ ရရှိအောင် ၂ နှစ် အတွင်း တက်ရောက် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို တက်ရောက် နိုင်ဖို့အတွက် ၀င်ခွင့် ခေါ်ယူမှုတွေ ကိုတော့ နှစ်စဉ် ဖေဖော်ဝါရီလ၊ ဇွန်လနဲ့ အောက်တိုဘာ လတို့မှာ ၀င်ခွင့် ခေါ်ယူတာ ဖြစ်ပါတယ်။ ဒါ့အပြင် AGTI,BTech နဲ့ BE အောင်မြင် ထားသူတွေ အနေနဲ့ အခုလို ၀င်ခွင့် ဖြေဆိုမှု သာမက အင်ဂျင်နီယာ ဘွဲ့အတွက် တခြား တက်ရောက် နိုင်တဲ့ လမ်းကြောင်း တွေနဲ့ ပတ်သက်ပြီး တော့လည်း လာမယ့် ဇွန်လ ၉ ရက်နေ့မှာ ဟောပြော ဆွေးနွေး ပေးမယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆွေးနွေးရာ မှာလည်း စင်္ကာပူ နိုင်ငံရှိ Auston Institute of Management က တာဝန်ရှိသူ ကိုယ်တိုင် လာရောက်ကာ Summit Parkview Hotel မှာ ဆွေးနွေး ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။



ဘကြီးသက်
Unknown at 10:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၀၁၃ မှစပြီး ထိုင်းရောက် မြန်မာလုပ်သားတွေ ထိုင်းနိုင်ငံသားနည်းတူ လစာရရှိမည်



တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများ၏ တစ်နေ့ လုပ်အားခ ကို ထိုင်းနိုင်ငံသားများ နည်းတူနှင့် ဘတ် ၃၀ ဖြင့် ဆေးကုသခွင့် အခွင့်အရေး များပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ် ချလုံယူဘမ် ပရုန်း က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်မေလ ၃၁ ရက်ကတွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတွင်း အလုပ် လုပ်ကိုင်လျှက်ရှိသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများ အတွက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ မှစတင်၍ ထိုင်နိုင်ငံသားများနည်းတူ လုပ်ခလစာ တစ်နေ့လျှင် ဘတ်၃၀၀ ရရှိရန်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင် ထားသည့် မြန်မာရွေ့ပြောင်းလုပ်သား ၈သိန်းကျော်ရှိပြီး မှတ်ပုံ မတင်ရသေး သည့် လုပ်သား ၁ သန်းကျော်ရှိကြောင်း အများစု၏ အခြေခံလုပ်ခလစာမှာ တစ်နေ့ ဘတ် ၆၀ မှ ၁၅၀ ကြားဖြစ်ကြောင်း သိရသည်။
Popular Myanmar News Journal
Unknown at 9:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗားရှင်းအဆင့်ဆင့် မြှင့်ကြလေကုန်သည် မှတ်ပေရော့

 
နည်းပညာများ တိုးတက်နေသည်။ ထို့အတူ နည်းပညာ များနောက် တကောက်ကောက် လိုက်ရရှာသော လူများလည်း တိုးတက် နေသည်မှာ အထင်အရှား။ အထူးသဖြင့်တော့ ကျွန်တော်တို့ မြန်မာတွေ။ ကျွန်တော်တို့ မြန်မာများ ဖြတ်ထိုးဥာဏ် ကောင်းသည်၊ ဖြစ်သလို လုပ်တတ်သည် ဆိုတာကို ကမ္ဘာသိ ဖြစ်၏။ အခု ကျွန်တော်တို့ တွင်တွင်ကျယ်ကျယ် သုံးကြသော ဇော်ဂျီကြီး ပေါ်မလာ ခင်တုန်းက တစ်ယောက်နှင့် တစ်ယောက် Chatting လုပ်ချင်လျှင် အင်္ဂလိပ်လို ပြောရင်ပြော၊ မဟုတ်လျှင် မြန်မာ အသံထွက်ကို အင်္ဂလိပ်လို ဖြစ်အောင် ပေါင်းပြီးပြော။
 ဥပမာ - နေကောင်းလား ဆိုလျှင် Nay Kaung Lar ပေါ့။

အဲဒါကို ကျွန်တော်တို့ အလွယ်တကူ စွဲစွဲမြဲမြဲ ကျင့်သုံး ခဲ့ကြသည်။ အောင်မယ် .. တရားဝင် ဖြစ်သွားအောင် နာမည်တောင် ပေးလိုက် သေးသည်။ မြန်းဂလစ်ရှ် သို့မဟုတ် ဘားဂလစ်ရှ် ပါတဲ့။ ကျွန်တော်တို့၏ ဇော်ဂျီကြီး ပေါ်လာတော့ အချို့လည်း မြန်မာလို စာရိုက် ကျင့်၍ မြန်မာလိုသာ Type ကြတော့သည်။ အချို့ကတော့ မြန်းဂလစ်ရှ် နှင့်ပင် ဆက်လက် လှုပ်ရှား ကြသည်။ ကျွန်တော် ပြောသလို နည်းပညာ တိုးတက် လာသလို လူတွေလည်း တိုးတက် လာသည်ကို အဲဒီမှာ အထင်အရှား မြင်ရ လေတော့သည်။
ဆော့ဖ်ဝဲများ ဗားရှင်း မြှင့်သလို လူတို့ သည်လည်း ခါတိုင်း ပြောနေကျ ရိုက်နေကျ မြန်းဂလစ်ရှ်ကို လိုက်လံ၍ ဗားရှင်း မြှင့်ခြင်း အမှုကို ပြုလုပ်လိုက် ကြလေ၏။ ဘယ်လိုများ လုပ်ကြ ပါသနည်း။ မြန်မာ အသံထွက် များကို အင်္ဂလိပ် စာလုံးများဖြင့် ပေါင်းစည်း၍ တိုက်ရိုက် အသံ ဖလှယ်ရာမှ တစ်ဆင့် တက်ကာ တချို့ စာလုံး များကို မြန်မာ အသံထွက်အား အင်္ဂလိပ် အဓိပ္ပါယ်သို့ တိုက်ရိုက် ဖလှယ်ကာ တိုးမြှင့် သုံးစွဲ ကြသည် ဖြစ်လေ၏။ တလောက သူငယ်ချင်း ကောင်မလေး တစ်ဦးက သူ့အား အခြားသူ တစ်ဦးက အွန်လိုင်းတွင် Offline Message ပို့သွားသော စာကို ကျွန်တော့်အား သူမဖတ်တတ်ဘူး ဟုဆိုကာ လာပြလေ၏။ စာကို ကြည့်လေ မိတ်ဆွေ။
“ Yesterday Ka Nint Si Ko Phone Call Small Tal .. Nin Without Shi Buu … So, Sate Ma Tall Loh Message Send Lite Tar .. Tomorrow Meet Kya Mal Nor ” တဲ့။
ကျွန်တော် ကြိုးစား ပမ်းစား ဘာသာပြန် ပေးပါသည်။
“အင်း .. Yesterday (မနေ့) Ka (က) Nint (နင့်) Ko (ကို) Phone (ဖုန်း) Call (ခေါ်) .. မနေ့က နင့်ကိုဖုန်းခေါ် Small .. Small .. မနေ့က နင့်ကို ဖုန်းခေါ်စမောလ် .. အာ .. ဘယ်လိုကြီးပါလိမ့်”
ကျွန်တော် ခေါင်းကိုက် လေသည်။ ဒါနဲ့ သေချာ ပြန်တွေး ကြည့်ရသည်။ Small ဆိုတာ ငယ်တာ .. သေးတာ .. သေးတာ .. ဟား ဟုတ်ပြီ။ စမောလ် ဆိုတာ သေးတာကို ဆိုလိုခြင်း ဖြစ်ရမည်။
“မနေ့က နင့်ကိုငါ ဖုန်းခေါ်သေးတယ် .. Nin Without Shi Buu ဆိုတာ .. နင်မရှိဘူးလို့ ဆိုလိုတာ၊ So (ဒီတော့) Sate (စိတ်) Ma (မ) Tall .. အဲ .. စမောလ်က သေးတာ ဆိုတော့ တောလ် ဆိုတာ ရှည်တာကို ဆိုလိုတာ ဖြစ်မယ် .. ဒီတော့ Tall (ရှည်) Loh (လို့) .. အားလုံး ပေါင်းတော့ စိတ်မရှည်လို့ Message Send Lite Tar ဆိုတာက မက်ဆေ့ခ်ျ ပို့လိုက်တာ၊ Tomorrow ဆိုတာက မနက်ဖြန် .. Meet Kya Mal Nor က တွေ့ကြမယ်နော် .. ဒီတော့ အားလုံးပေါင်းပြီး ဘာသာပြန် လိုက်ရင် မနေ့က နင့်ကို ဖုန်းခေါ်သေးတယ်၊ နင်မရှိဘူး၊ စိတ်မရှည်လို့ မက်ဆေ့ခ်ျ ပို့လိုက်တာ လို့ ပြောတာ ဟေ့”
ကိုင်း … ဗားရှင်း မြှင့်ထားသော မြန်းဂလစ်ရှ်မှာ ပို၍ ပို၍ မရှင်း ပေဘူးလား၊ မလင်း ပေဘူးလား၊ မမြန် ပေဘူးလား၊ မတိကျ ပေဘူးလား။ သေး ဆိုတာကို တိုက်ရိုက် အင်္ဂလိပ် အဓိပ္ပါယ် Small ဟု ယူ၍ ဖုန်းခေါ်သေးတယ် ဆိုတာကို Phone Call Small Tal ဟူပေ၏။ ရှည် ဆိုတာကို အင်္ဂလိပ် အဓိပ္ပါယ် Tall ဟု တိုက်ရိုက် ယူ၍ စိတ်မရှည် ဆိုတာကို Sate Ma Tall ဟူပေ၏။ နောက်တစ်ခု ထပ်၍ ပြသ ပါဦးမည်။
“Nay Ma Kg Yin Medicine Drink Nor .. P Yin Saw Saw 8”
“နေမကောင်းရင် ဆေးသောက်နော်၊ ပြီးရင် စောစောအိပ်” တဲ့။ သူ့အတွေးနှင့် သူတော့ မှန်သည်။ Medicine ဆိုတာ ဆေး၊ Drink က သောက်တာ .. ဒီတော့ Medicine Drink ဆိုတာ ဆေးသောက်ဟု ပြောခြင်း ဖြစ်သည်။ Take Medicine လို့ စိတ် အပင်ပန်း ခံပြီး တွေးမနေတော့။ ပြီး ဆိုတာကို ပီးဟု အသံထွက်ပြီး P ကို သုံး၍ ရေးကာ အိပ်ဆိုတာကို Sleep ဟု မရေး တော့ဘဲ 8 ဟူ၍ တစ်လုံးတည်း ရေးချ ပစ်လိုက်သည်။ ကြည့်စမ်း ပါဦး … ဘယ်လောက်များ လွယ်ကူ သနည်း၊ ဘယ်လောက် ရှင်းလင်း သနည်း၊ ဘယ်လောက် အချိန်ကုန် သက်သာ သနည်း။ ၄င်းမှာ ကျွန်တော်တို့ မြန်မာ များ၏ ပါးလွှာသော ဖြတ်ထိုးဥာဏ်ကို အသုံးပြုကာ သူတို့ တီထွင် အပ်သော မြန်းဂလစ်ရှ် ကိုပင် ခေတ်နောက်ကျ မကျန် ရလေအောင် ဗားရှင်း အဆင့်ဆင့် မြင့်သထက် မြင့်အောင် မြှင့်ကြ လေပုံ အကြောင်းစုံ ဖြစ်လေ၏။ ရေသာခို အချောင်လိုက် သည်ဟု ကျွန်တော်တော့ မပြောရက်ပါ၊ ပြောလည်း မပြောရဲပါ။ ဟုတ်တယ်လေ .. ကိုယ်မှ သူတို့လို မထွင်နိုင် တာကိုး။
နောင်ဆိုလျှင် သူတို့တွေ မြန်းဂလစ်ရှ် ဘာသာ စကားကို နိုင်ငံတကာသုံး ဘာသာစကား ဖြစ်လာသည် အထိပင် တိုးချဲ့ နိုင်ကြမလား၊ Myanglish Dictionary ဟူ၍ အဘိဓါန် စာအုပ်ကြီးများ၊ အိတ်ဆောင် အဘိဓါန်များ ထုတ်ဝေ လာကြ မလား၊ International Myanglish Training Centre ဆိုတာ တွေများ ကြီးမား ခံ့ညား ဖွင့်လှစ် လာကြမလား။ မဖြစ်ဘူးဟု ဘယ်သူမှ မပြောနိုင်ပါ။ ဒီအဆင့်ထိ ရောက်အောင်ပင် ကြိုးစား ပမ်းစား တီထွင် လာနိုင် ကြပြီပဲ မဟုတ်ပါလား။ ကျွန်တော် ကတော့ ကျေနပ်ပါသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘာမှ မလုပ်တာနှင့် စာလျှင် ယခုလို တစ်ခုခု လုပ်နေတာက ပို၍ ကောင်းပေ သေးသည် ဟူ၍ လေးစား ဂုဏ်ယူစွာ တွေး၍ သူများဟာကို ကိုယ့်ဟာ ဖြစ်အောင် လုပ်ယူ တတ်ကြ၊ လုပ်ယူ နိုင်ကြသော အာဂ မြန်မာများ၏ စွမ်းပကားကို ကျေနပ် နှစ်သိမ့်စွာ တစိမ့်စိမ့် တွေး၍သာ ဖရဏာ ပီတိ ဂွမ်းဆီထိ၍ နေလေတော့ သတည်း။
(အထက်ပါ ဆောင်းပါးကို Techspace Journal တွင် ပုံနှိပ်ဖော်ပြခဲ့ပြီးဖြစ်ပါသည်)
သူရဿဝါ
၁ - ဇွန် - ၂၀၁၂
Unknown at 9:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တက္ကသိုလ်လေးခုကို စံပြပညာရေးဗဟိုဌာနအဖြစ် မြှင့်တင်ရန် စီစဉ်





နိုင်ငံတကာတက္ကသိုလ်များ၏ အကူအညီဖြင့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များကိုလည်းကောင်း၊ မန္တလေးတွင် မန္တလေးတက္ကသိုလ်ကိုလည်းကောင်း စံပြပညာရေး ဗဟိုဌာန Center of Excellence များအဖြစ် မြှင့်တင်ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ရန်အတွက် အမေရိကန်နိုင်ငံရှိ John Hopkins တက္ကသိုလ်၊ တောင်ကိုရီးယားနိုင်ငံမှ တက္ကသိုလ်များ၊ ဥရောပမှ တက္ကသိုလ်များနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတက္ကသိုလ်များ၏ ပညာရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာ နည်းလမ်းတစ်ရပ်မှာ တက္ကသိုလ်ဆရာ၊ ဆရာမများ၏ အရည်အသွေး မြှင့်တင်ပျိုးထောင်ရေးဖြစ်ပြီး၊ ဆရာ၊ ဆရာမများအား အရေအတွက်မှ အရည်အချင်းသို့ ပြောင်းလဲမြှင့်တင်ပေးရန် ဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် John Hopkins တက္ကသိုလ်တို့ပူးပေါင်းကာ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
 
 Myanmar Express
Unknown at 9:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လမ်းမတော် ၇ လမ်း၌ လုယက်လူသတ်မီးရှို့မှု ကျူးလွန်သူ အား ပျော်ဘွယ်မြို့၌ ဖမ်းဆီးရမိ

လမ်းမတော် ၇ လမ်း၊ အမှတ် (၇၆)၊ ၄ လွှာ(ယာ)ခန်း၌ မေလ ၃၀ ရက်နေ့ က ဖြစ်ပွားခဲ့သော လုယက်လူသတ် မီးရှို့မှု ကျူးလွန်သူအား ပျော်ဘွယ်မြို့၌ ယနေ့နံနက်တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
လူသတ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ မိခင်ဖြစ်သူ နောက်အိမ်ထောင် ဘက်မှ ပါလာသော သားဖြစ်ပြီး အမွေ ကိစ္စနှင့်ပတ်သက်၍ မကျေနပ်ရာမှ အဆိုပါနေအိမ်သို့ လာရောက်စဉ် နေအိမ်ရှိ ဗီဒိုအတွင်းမှ ရွှေထည်ပစ္စည်း များအား ယူဆောင်စဉ် သေဆုံးသူမှ တားမြစ်ခဲ့သည့်အတွက် ၄င်းအား သတ်ဖြတ်ကာ အလောင်းဖျောက်ရန် အတွက် မီးရှို့ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့မှ ထိုပြစ်မှုကျူးလွန်သူအား (၂) ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ အခင်းဖြစ်ပွားရာအိမ်၌ သေဆုံးသူအနီး ရွှေပုဇွန်မုန့်တိုက်မှ ထုတ်လုပ်ရောင်း ချသော မုန့်အချို့အား သက်သေခံပစ္စည်း အဖြစ် တွေ့ရှိရသည့် အတွက် ရွှေပုဇွန်မုန့်တိုက်အား သွားရောက်စုံစမ်းခဲ့ရာ ရွှေပုဇွန်မုန့်တိုက်ရှိ CCTV ကင်မရာမှ တစ်ဆင့် ပြစ်မှုကျူးလွန်သူအား တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှ သေဆုံးသူ၏ မိသားစုဝင်များအား CCTV ကင်မရာတွင် မသင်္ကာဖွယ်ရာ တွေ့ရှိသူနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ၄င်းမှာ သေဆုံးသူ၏ မိခင်ဖြစ်သူနောက်အိမ်ထောင်ဘက်မှ ပါလာသော သားဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့တွင် နေထိုင်သူ တစ်ဦး ဖြစ်ကြောင်းသိရသည်။ ၄င်းနောက် ပျော်ဘွယ်မြို့နယ် ရဲစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး မှုခင်းနှင့် ဒုစရိုက်အထူးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ပြစ်မှုကျူးလွန်သူအား ယနေ့ နံနက်တွင် ပျော်ဘွယ်မြို့၌ ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်သို့ လေယာဉ်ဖြင့် ယနေ့နေ့လည်တွင် ခေါ်ဆောင် လာကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
ထိုအမှုနှင့် ပတ်သက်၍ လမ်းမတော်ရဲစခန်းမှ (ပ)၁၃၀/၁၂ (ပုဒ်မ) ၃၀၂/၄၃၆/၂၀၁/၃၉၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

သူရထွန်း-Popular Myanmar News Journal


Unknown at 9:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.