Friday, May 4, 2012

ဥရောပ အာကာသ အေဂျင်စီမှ ၁ ဘီလီယံတန် ကြာသပတေးဂြိုဟ် လေ့လာရေးယာဉ် တည်ဆောက်မည်




European Space Agency (Esa) ခေါ် ဥရောပ အာကာသ အေဂျင်စီမှာ ကြာသပတေး ဂြိုဟ်နှင့် ၎င်း၏ ရေခဲနေသော အရံလများသို့ သွားရောက်
စုံစမ်းမည့် ဂြိုဟ်တု လေ့လာရေး အစီအစဉ် တစ်ခုကို အတည်ပြုလိုက်ပြီ ဖြစ်သည်။ အဆိုပါ ဂြိုဟ်တုကို Juice ဟု အမည်ပေးထားပြီး ပဲရစ်မြို့တွင် ပြုလုပ်သည့် နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ်များ အစည်းအဝေး အတွင်း အတည်ပြုလိုက်နိုင်ခြင်း ဖြစ်သည်။

ယခု ယာဉ်ကို လာမည့် ၂၀၂၂ ခုနှစ်တွင် စတင်ပြီး လွှတ်တင်နိုင်ရန် တည်ဆောက်မည် ဖြစ်ကာ ယခု စီမံကိန်း အတွင်း ကြာသပတေး ဂြိုဟ်သို့ ရောက်ရှိရန် အတွက် သွားရမည့် ခရီးကာလ ကြာမြင့်ချိန် အဖြစ် နောက်ထပ် ရှစ်နှစ်ကို ထပ်ပေါင်း ရဦးမည်လည်း ဖြစ်သည်။ Juice ၏ အရှည်ကောက်မှာ JUpiter ICy moon Explorer ဖြစ်ပြီး ၅ တန်မျှ အလေးချိန် ရှိမည်ဖြစ်ကာ ယခုလို လေ့လာမှု အတွင်း ကြာသပတေး ဂြိုဟ်၏ ဂြိုဟ်ရံလ ၃ ခုကို အလေးထား စုံစမ်းမည် ဖြစ်သည်။ အဆိုပါ ဂြိုဟ်ရံလဆီသို့ ပျံသန်းရာတွင်လည်း ကြာသပတေး ဂြိုဟ်၏ ဆွဲအားကို အသုံးပြုကာ Callisto နှင့် Europa ဂြိုဟ်ရံလများကို အနီးကပ် ဖြတ်ပျံမည် ဖြစ်ကာ နောက်ဆုံးတွင် Ganymede ဂြိုဟ်ရံလ၏ ပတ်လမ်းတွင် ဝင်ရောက်မည် ဖြစ်ပြီး အသေးစိတ် လေ့လာမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
 
 Myanmar Express
Unknown at 8:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့နိုင်ငံရေး ၀င်္ကဘာမှ တိုင်းရင်းသားများအရေး

 
ဦးသိန်းစိန်အစိုးရ တက်လာကတည်းက မြန်မာ့နိုင်ငံရေးက လှုပ်စိလှုပ်စိ ဖြစ်လာတယ်။ လက်ရှိအစိုးရက ဘိုးတော်တွေ၊ ဗေဒင်ဆရာတွေထက် ကမ္ဘာကျော်တဲ့ ပညာရှင်တွေကို မင်းဆရာအဖြစ် တင်လာတာကိုတွေ့ရတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ မင်းဆရာတွေထဲမှာ ဒေါက်တာဦးမြင့်လို ပုဂ္ဂိုလ်၊ ဒေါက်တာဇော်ဦးလို တော်လှန်ရေးသမားကနေ ပညာရှင်ဖြစ်လာတဲ့ လူတော်တွေက ၀န်းရံထားတယ်။
ဒီပညာရှင်တွေက ဘယ်အကွက်ကိုရွေ့ရင် ဘယ်ကောင်ကိုထိမ်းနိုင်တယ်၊ ဘယ်ကောင်ကို စားမယ်ဆိုတဲ့ ပညာကို ကမ္ဘာကျော်တဲ့ တက္ကသီလကာ သင်ယူလာတာဖြစ်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ဦးသိန်းစိန် တက်လာကတည်းက မြန်မာ့နိုင်ငံရေးက နိုင်ငံတကာ ဇာတ်ခုံမှာစန်းပွင့်လာတယ်။ မြန်မာ့နိုင်ငံရေးက လမ်းဆုံလမ်းခွ-Crossroad-ကိုရောက်လာတယ်လို့ ပြောလို့ရမယ်ထင်တယ်။ အကြောင်းကတော့ အမေရိကန်ဗဟိုထောက်လှမ်းရေး-CIA-ကမြန်မာ့နိုင်ငံရေးမှာ ပိုမိုစွက်ဖက်လာတယ်ဆိုတဲ့ သဘောပါ။
နိုင်ငံခြားရေးမူဝါဒကို ၁၈၀ံ ပြောင်းလိုက်တဲ့ ဦးသိန်းစိန်
တို့မြန်မာ့ ခေါင်းဆောင်ကြီးတွေ အစဉ်အဆက်သုံးလာတဲ့ ဆွေးမျိုးပေါက်ဖေါ်ကြီးနဲ့ ကတီပါလမ်းခွဲကို စတင်ကြည့်လိုက်တယ်။ မြစ်ဆုံက ဓါတ်ခွဲခန်းဖြစ်တယ်။ မြန်မာအစိုးရက သိပ်မညံ့ဘူးဆိုတာ လက်တွေ့ပါ။ မြစ်ဆုံအရေးမှာ မြန်မာတနိုင်ငံလုံး လူတန်းစား အလွှာပေါင်းစုံက ပြည်သူတွေပါလာအောင် ၊ ပြည်သူတွေ မကြေနပ်မှုကြောင့် မြစ်ဆုံဆည် စီမံကိန်းကို ရပ်တန့်ရပါတယ်ဆိုတဲ့အထိ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရကဖန်တီး ပေးခဲ့တာဖြစ်ပါတယ်။ ပေါက်ဖေါ်ကြီးနဲ့ ကတီပါလမ်းခွဲကို စလိုတဲ့သမ္မတသစ်ရဲ့ အောက်လမ်းပညာက မသေးဘူးဆိုတာ ပြသလိုက်တာဖြစ်ပါတယ်။ ပြည်သူတွေကရော၊ စာနယ်ဇင်းသမားတွေကပါ လက်ခုတ်သြဘာ သောင်းသောင်းဖြဖြတီးပြီး ကောင်းချီးပေးခဲ့ကြပါတယ်။
တပြိုင်နက်ထဲမှာဘဲ အမေရိကန် ဗဟိုထောက်လှမ်းရေးနဲ့ သိပ်နီးစပ်တဲ့ မြန်မာနိုင်ငံသား ပညာရှင်တွေကို အသုံးချပြီး အမေရိကန်က ဦးသိန်းစိန်အစိုးရကို လက်ကမ်းကြိုလာပါတယ်။ ဦးသိန်းစိန်အစိုးရဘက်ကလည်း အစိုးရအဆက်ဆက် ဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များများကို ပြန်လွှတ်ပေးခဲ့တယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးခြင်းဟာ ဘုရင်မကြီးကို ရွှေ့ကစားလိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ရွေ့ကွက်တွေထဲမှာ အနောက်ဘက်ကို မျက်စပစ်ထားပြီး၊ အရှေ့ကိုလည်း သူမနာ ကိုယ်အရှုံးပေါ်လစီနဲ့ စခန်းသွားနေတာကို တွေ့ရပါတယ်။ လက်ရှိသမ္မတ ဦးသိန်းစိန်ဟာ ဒီလိုအခြေအနေမျိုးနဲ့သာ နိုင်ငံတကာထောက်ခံမှုကို ဆက်ရနေရင် မြန်မာနိုင်ငံထဲက နိုဗယ်ဆုရှင် တဦးပေါ်လာနိုင်တယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။
ဦးသိန်းစိန် ဘာတွေ အောင်မြင်နေသလဲ
မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်လိုက်တဲ့အတွက် သမ္မတ ဦးသိန်းစိန်ရဲ့ အမြတ်တွေက
၁။ ပြည်သူတွေရဲ့ ထောက်ခံမှု တဟုန်ထိုးတက်လာတယ်။
၂။ အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုကို ဘုန်းဘောလအော ရလာခဲ့တယ်။
နိုင်ငံခြားရေးမူဝါဒ အပြင် ၁၉၉၀ ကျော်ခုနှစ်တွေက ထားရှိခဲ့တဲ့ ပြည်တွင်းရေးမူဝါဒကို ပြုပြင်မွန်းမံပြီး စတန့်ပြန်ထွင်လာတယ်။ မြန်မာ့လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာတဲ့ တိုင်းရင်းသားတို့ရဲ့ လက်နက်ကိုင် တော်လှန်ရေးကို အမြစ်ဖြတ်ချေမှုန်းရေးက နည်းလမ်းတွေပြောင်းသွားတယ်။ အစိုးရအဆက်ဆက်ရဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ်ထားတဲ့ မဟာဗျူဟာက အလုံးစုံချေမှုန်းရေးဖြစ်ပါတယ်။ အခုတကြိမ်မှာတော့ မဟာဗျူဟာ တူပေမယ့် နည်းဗျူဟာက သစ်ဆန်းနေတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်လာတယ်။
မယုံကြည်နိုင်လောက်အောင်ကို လိုက်လျောတဲ့ မူကိုသုံးပြီး ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးနေတယ်။ နှစ်ပေါင်း (၆၀) ကျော်ဘယ်သူမှ မလုပ်နိုင်ခဲ့တဲ့ အလုပ်ကို ဦးသိန်းစိန်အစိုးရ လုပ်ပြနိုင်ခဲ့တယ်။ အဲဒါက KNU နဲ့ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ရခိုင်၊ ချင်း၊ ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ လက်နက်ကိုင် ကြီးငယ်မဟူ အားလုံးနီးပါး ငြိမ်းချမ်းရေးသဘောတူညီချက်တွေ အဆင့်ဆင့်လုပ်ဆောင်နေဆဲပါ။ အစိုးရကတော့ လက်မှတ်ရေးထိုးပြီးလို့ ကြေငြာထားပါတယ်။ KIO ကတော့အတွေ့အကြုံအရ ငြိမ်းချမ်းရေးစကား ပြောကတည်းက နိုင်ငံရေးအရ စကားပြောချင်နေတယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဆွေးနွေးချင်တယ်။ ဦးသိန်းစိန်အစိုးရ ဒီအကြောင်းတွေကို မဆွေးနွေးချင်ဘူး။ လွတ်တော်တွင်းမှာ ဆွေးနွေးချင်တယ်။ KIO ကိုတိုက်ရင်းနဲ့ ဖိအားပေးမှုတွေလုပ်လာတယ်။ ကချင်ပြည်နယ်မှာ နေ့စဉ်နဲ့အမျှ လူသတ်ပွဲတွေ ဖြစ်နေတယ်။ ဦးသိန်းစိန်အစိုးရကတော့ နိုင်ငံတကာမှာ အောင်မြင်မှုတွေ တန်းစီနေတယ်။ မျက်နှာပွင့်နေတယ်။
ဧပြီ (၁) မဟာအောင်မြင်မှုနေ့
ဧပြီလ (၁) ရက်နေ့ကြားပြတ် ရွေးကောက်ပွဲက ဦးသိန်းစိန်အစိုးရကို သိဒ္ဒိတင်ပေးလိုက်တာဖြစ်တယ်။ အမတ်နေရာအားလုံးနီးပါး NLD ကိုအနိုင်ပေးလိုက်တာဟာ နောက်ထပ်လက်နက်ပုန်းကို ထုတ်သုံးလိုက်တာဖြစ်တယ်။ ဦးသိန်းစိန် ထပ်ဆင့်အောင်မြင်သွားပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်တော်တွင်းရောက်ရေးက လက်ရှိအစိုးရအတွက် သေရေးရှင်ရေးဖြစ်ပါတယ်။ ဒါမှ နိုင်ငံတကာမှာ ဦးသိန်းစိန်အစိုးရမျက်နှာပန်းလှမယ်။ ဇောက်ထိုးကျနေတဲ့ မြန်မာစီးပွားရေးကို ကယ်တင်နိုင်မယ့် လမ်းစကိုရှာလာတာ ဖြစ်ပါတယ်။ စစ်သားလူထွက်က ဒီလိုအကွက်မျိုးကို မထွင်နိုင်ဘူး။ မင်းဆရာတွေရဲ့ အကြံပေးချက်အတိုင်း လုပ်ကြည့်လိုက်တော့ သူတို့လိုချင်တဲ့အကွက်ကို ကွက်တိဝင်သွားတာဖြစ်တယ်။
ဦးသိန်းစိန်အစိုးရကို တိုင်းထက်အလွန် ချီးမြှောက်လိုက်တာက ဂျပန်အစိုးရဘဲ ဖြစ်ပါတယ်။ မြန်မာအစိုးရခေတ် အဆက်ဆက် တင်ခဲ့တဲ့ကြွေးမြီတွေကို တထိုင်တည်းနဲ့ ပြန်လျှော်ပေးပြီး၊ ဖွံ့ဖြိုးရေးအကူအညီတွေလည်း ပေးတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ ဥရောပတိုင်းပြည်အချို့ကတော့ wait and see policy ကိုဆက်လက် ကျင့်သုံးနေဆဲဖြစ်ပါတယ်။
နိုင်ငံတကာကလည်း Carrot and stick policy ထက် Appeasement Policy ကိုအလွန်အကျွံပြလိုက်တော့ သိပ်မကြာခင်မှာ ဘီးလူးလား၊ မင်းသားလား မြင်လာရမယ့်အနေအထားကို တွေ့မြင်လာနိုင်ပါတယ်။ အနောက်နိုင်ငံတွေက ထိပ်တန်းခေါင်းဆောင်တွေဟာ နေ့စဉ်ရက်ဆက်ဆိုသလို မြန်မာနိုင်ငံထဲကို ၀င်လာနေတယ်။ ဒီလိုဝင်လာမစဲ တသဲသဲဖြစ်နေတာဟာ ဦးသိန်းစိန်အစိုးရရဲ့ နိုင်ငံခြားရေးမူးဝါဒ အောင်မြင်တာကို လက်တွေ့ပြသလိုက်တာဘဲ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံခြားရေး မူဝါဒတွေထဲမှာ အရှေ့ထက်အနောက်ကို ကျွန်နေတာကို တွေ့မြင်နိုင်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ အရှေ့ရဲ့ ဘက်ပြန်ရိုက်ချက်က ဘယ်လောက်ပြင်းနိုင်သလဲဆိုတာ သိထားပုံရတဲ့အတွက် အနောက်ကို ပုံအပ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။
တိုင်းရင်းသားတွေ ဘယ်လမ်းရွေးမလဲ
တိုင်းရင်းသားရဲ့ မဟာဗျူဟာက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးဘဲ ဖြစ်ပါတယ်။ ပြင်ဆင်မှုအားနည်းတဲ့ တိုင်းရင်းသားတွေဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို လိုက်မှီတာ သိပ်မတွေ့ရပါဘူး။ လတ်တလော ပြောင်းလဲလိုက်တဲ့ အပြောင်းအလဲမှာ တိုင်းရင်းသားတွေ အလူးအလဲခံလိုက်ရတာ ဖြစ်ပါတယ်။ မျက်လှည့်ကွင်းထဲမှာ စီးမျောနေတဲ့ ပရိသတ်လိုဖြစ်နေတယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြောနေပေမယ့် တိုင်းရင်းသား အချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ခဲ့ဘူး။ လတ်တလော အခြေအနေကိုဘဲ ကြည့်လိုက်ပါ။ ကချင်တွေအလူးအလဲ ခံနေရတဲ့အချိန်မှာ ကျန်တိုင်းရင်းသား လက်နက်ကိုင်တွေက အစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ်ကို ခြိမ့်ခြိမ့်သဲသဲ ရေးထိုးနေကြတယ်။
ကချင်တို့ရဲ့ ဌာနချုပ်ကို ၀န်းရံနေတာကို လက်ပိုက်ကြည့်နေရတဲ့ သဘောဖြစ်နေတယ်။ ကမ္ဘာ့အသိုက်အမြုံကို ပေါက်ရောက်နိုင်တဲ့ တိုင်းရင်းသားကလည်း လက်ချိုးရေတွက်လို့ ရတဲ့အနေအထားမှာ ရှိနေပါတယ်။ ကချင်ဒေသမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်နေပေမယ့် နိုင်ငံတကာ ခေါင်းဆောင်တွေကတော့ ဦးသိန်းစိန် အစိုးရကို နေ့စဉ်ချီကျူးနေကြတယ်။
အလွန်အကျွံ လုပ်ရက်ကတော့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ လွတ်တော်ထဲကနေ ချီးကျူးလိုက်တဲ့ ကိစ္စဘဲဖြစ်ပါတယ်။ ဘန်ကီမွန်း ချီးမွန်းခန်းဖွင့်နေချိန်မှာ ကချင်လူမျိုးတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်။ အရပ်သားတွေ ထွက်ပြေးနေရပါတယ်။ ဘန်ကီမွန်းသာမဟုတ် အနောက်နိုင်ငံခေါင်းဆောင်တွေဟာ တိုင်းရင်းသားအရေးထက် ဒိမိုကရေစီရေးကို ရှေ့တန်းတင်လာတယ်။ သမိုင်းတပတ်ပြန်လည်တာလားလို့ တွေးမိတယ်။ ၁၉၅၀ ကျော်ခုနှစ်တွေက လူတန်းစားပြသနာနဲ့ အိုင်ဒီအိုလိုဂျီ ပြသနာက လူမျိုးစုပြသနာထက် ရှေ့တန်းကိုရောက်ခဲ့တယ်။ အခုလည်း ဒီမိုကရေစီရေးက ရှေ့တန်းရောက်ပြီး တိုင်းရင်းသားအရေးက သိသိသာသာကြီး နောက်ကိုရောက်လာတယ်။ အဲဒိလို ရောက်သွားရတဲ့အဓိက အကြောင်းက ငြိမ်းချမ်းရေးစာချုပ်တွေ နေ့မအားညမအား ထိုးနေကြတာလည်းပါတယ်။ ကချင်တွေ ဒုက္ခရောက်နေတာကို လက်ပိုက်ကြည့်နေမယ့်အစား စည်းလုံးညီညွတ်စွာနဲ့ လက်တွဲရမယ့်အရေး ကိုစဉ်းစားသင့်တယ်။ တိုင်းရင်းသားတွေအနေဲ့ စည်းလုံးမှုမရှိဘူးဆိုရင် ကိုယ်ပိုင်ပြဌာန်းခွင့်မပြောနဲ့ ကိုယ့်အိမ်မှာတောင် ညအိပ်လို့မရနိုင်ဘူးဆိုတာ သိထားသင့်တယ်။ ကချင်ထိုးစစ်ကို မရပ်ဘူးဆိုရင် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေအနေနဲ့ စာချုပ်ကိုဖျက်ဖို့  ရာဇသံပေးသင့်တယ်။ ဒီရာဇသံက ဦးသိန်းစိန် အစိုးရကိုသာမဟုတ် နိုင်ငံတကာတွေကိုပါ နောက်တလှမ်းပြန်ဆုတ် သွားစေနိုင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ မျက်လှည့်ဝိုင်းထဲမှာ စီးမျောမနေသင့်တော့ဘဲ၊ ပြည်တွင်းစစ် ရပ်စဲရေးကို တညီတညာတည်း လက်တွဲမဖြုတ်စတမ်း ချီးတက်သင့်တဲ့ အချိန်ခါကောင်း အဖြစ်တွေးမိပါတယ်။ ဒီလို အခြေအနေမျိုးမှာ UNFC ဘာလဲ ဘယ်လဲ မေးစရာဖြစ်လာတယ်။
လှရွှေ
Lu Bo
Unknown at 8:04 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အွန်လိုင်းမီဒီယာလည်း အခြားမီဒီယာများလို မှတ်ပုံတင်ခွင့်ပြုမည်

ရန်ကုန်၊ မေ ၃။ ၂၀၁၂ ၊ သူရမျိုး-YPI

အွန်လိုင်းမီဒီယာများကိုလည်း သမားရိုးကျ မီဒီယာသမားများနည်းတူသတ်မှတ်ပြီး မှတ်ပုံတင်ခွင့်နှင့် အခွင့်အရေးတန်းတူ ရစေရန် စဉ်းစားဆောင်ရွက်လျှက်ရှိကြောင်း ယနေ့ ရန်ကုန်မြို့၌ ကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (၂၀၁၂) အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

“ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အွန်လိုင်းမီဒီယာများကိုလည်း သမားရိုးကျမီဒီယာများ နည်းတူသတ်မှတ်ပြီး စာနယ်ဇင်းသမားများရဲ့ ရပိုင်ခွင့်များခံစားနိုင်ဖို့ အတွက်လည်း စဉ်းစားဆောင်ရွက်လျှက်ရှိပါတယ်”ဟု ဦးစိုးဝင်းက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

၂၀၁၃ တွင် အတည်ပြုရန်ရှိသည့်  ပုံနှိပ်မီဒီယာဥပဒေတွင် သတင်းအေဂျင်စီများထူထောင်၍ အွန်လိုင်းမှတစ်ဆင့် သတင်းအချက်အလက်များဖြန့်ဝေလိုပါက စနစ်တကျ မှတ်ပုံတင်ပြီး ဆောင်ရွက်ခွင့်ရရှိစေရန်လည်း စဉ်းစားထားကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

ယခုလောလောဆယ်တွင် ပြည်တွင်းအွန်လိုင်း မီဒီယာများ အနေဖြင့် စာပေစိစစ်ရေး သို့ တင်ပြစရာ မလိုပဲ ဖေါ်ပြလျှက်ရှိရာ မကြာမီလွှတ်တော်တွင် တင်ရန်ရှိသည့်မီဒီယာဥပဒေ  အတည်ပြု ပြဋ္ဌာန်း ပြီးနောက် မှတ်ပုံတင်ခွင့်ပြုရန် ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

ပြည်တွင်း အခြေစိုက်သည့် အွန်လိုင်း မီဒီယာအနေဖြင့် ယခုလောလောဆယ် မြစ်မခမီဒီယာနှင့် Yangon Press International တို့ရှိပြီး ကျန်မြန်မာ အွန်လိုင်း မီဒီယာများမှာ ပြည်ပတွင် အခြေစိုက်သည့် သတင်းမီဒီယာများဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းက အင်းယားလိပ်ဟိုတယ်တွင် ကျင်းပသည့် မြန်မာ့သတင်းမီဒီယာ ဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲတွင် အွန်လိုင်းမီဒီယာများသည် ဆက်သွယ်ရေး ဥပဒေဖြင့် ဆက်စပ်နေသဖြင့် မြန်မာ့ဆက်သွယ်ရေး နှင့် ကြေးနန်းဝန်ကြီးဋ္ဌာနတွင် မှတ်ပုံတင်ရမည် ဟူသည့်သဘော ပြောဆိုခဲ့ပြီးနောက်  လအနည်းငယ်အကြာတွင် အွန်လိုင်းမီဒီယာများကို   ပြန်ကြားရေး ၀န်ကြီးဋ္ဌာနလက်အောက်တွင် တပေါင်းတစည်းထည်း ထားမည်ဟု ပြန်လည် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေနှင့် အွန်လိုင်းမီဒီယာ နှင့် သက်ဆိုင်သည့် အီလက်ထရွန်းနစ် ဥပဒေအရ ဆိုပါက ယင်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ပါက အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

နောင်နှစ် ဆန်းပိုင်း အတည်ပြုရန်ရှိသည့် မီဒီယာဥပဒေနှင့် ပတ်သက်၍ ပြည်တွင်း အွန်လိုင်း မီဒီယာ တခုဖြစ်သည့် မြစ်မခမီဒီယာ ထူထောင်သူ ဒေါ်မေသင်္ကြန်ဟိန်က “ကျွန်မအနေနဲ့ကတော့  မူကြမ်းထွက်လာတဲ့အခါမှ ကြည့်ပြီးပြောနိုင်ပါမယ်။ ခုနေမှာတော့ ခန့်မှန်းကြည့်ဖို့ဆိုတာ မသေချာဘူးလေ။ ထွက်လာတဲ့ ဥပဒေပေါ်မှာပဲ ကြည့်ပြီး ပြောရမှာပါ ”ဟု ၀ိုင်ပီအိုင်သို့ပြောသည်။

ဒုတိယ၀န်ကြီး ဦးစိုးဝင်းက အွန်လိုင်သတင်းသများအား ကျန်စာနယ်ဇင်းသမားများအပေါ် တန်းတူရပိုင်ခွင့်များ၊ အကာအကွယ်များ ကျင့်ဝတ်များရရှိကျင့်သုံးစေနိုင်ရန် ထွက်ရှိလာမည့် မီဒီယာလောတွင် စဉ်းစားဆောင်ရွက်ထားကြောင်းပြောကြားသည်။

ယနေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံသတင်းစာဆရာ အသင်းဖြစ်မြောက်ရေး ကော်မတီ၏ သဘောထားထုတ်ပြန်ကြေငြာချက်တွင်လည်း သတင်းမီဒီယာများအား မှတ်ပုံတင်သည်မှအစ ပုံနှိပ်ဖြန်ချီသည်အထိ အဆင့်တိုင်းတွင် ဆင်ဆာစနစ် မရှိသင့်ကြောင်း ထွက်ရှိလာမည့်မီဒီယာ ဥပဒေနှင့် ပတ်သက်၍ ဖေါ်ပြရေးသား ထားသည်။

အွန်လိုင်းသတင်းသမားရပိုင်ခွင့်နှင့် ပါတ်သက်၍ မမေသင်္ကြန်ဟိန်းက “ရပိုင်ခွင့်လို့ ဆိုရာမှာလည်း အစိုးရဆီကမှ မဟုတ်ဘူး၊ ကိုယ့်မီဒီယာကိုယ့်သတင်းဋ္ဌာနပဲ ဖြစ်ဖြစ် ဘယ်သူ့ ဆီကပဲ ဖြစ်ဖြစ် ကိုယ့်ရပိုင်ခွင့်ကို ကိုယ်က သိရမယ်၊ မသိရင် သိအောင်လုပ်ရမယ်၊ မရရင် ရအောင် လုပ်ကြရမှာပါ”ဟု သုံးသပ်ပြောဆိုသည်။         ။
 
ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ ကျင်းပသည့် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားတခု
Yangon Press International

Unknown at 8:04 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ထဲရေးနှင့် ကညန ပေါင်းပြီးဂွင်ရိုက်ကြပြီ

ယနေ့ မေလ(၃)ရက်နေ့  နေပြည်တော်မှာ ဆိုင်ကယ်များ ဖမ်းဆီးစစ်ဆေးနေစဉ်
ပြည်သူတွေရဲ့ လုံခြုံမှုကို အစဉ်တစိုက် စောင့်ရှောက်နေသည်ဆိုပြီး "ကူညီပါရစေ" ဟု ဆိုင်းဘုတ်တပ်ထားသောမြန်မာနိုင်
ငံရဲတပ်ဖွဲ ၏  ကာကွယ်စောင့်ရှောက်မှုကြောင့် ကျွန်တော်နေထိုင်သော ၀န်ထမ်းအိမ်ရာတွင် သူခိုးခိုးခံရ၍ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်အပါ ၀င် မှတ်ပုံတင်နှင့် ငွေကြေးများ ပျောက်ဆုံခဲ့သည်မှာ ပြီးခဲ့သည့် ၁၀လပိုင်းကတည်းကဖြစ်ပါသည်။ 

ကျွန်တော် နေထိုင်ရာနယ်မြေ တာဝန်ခံ သုခသိဒ္ဓိရပ်ကွက် ရဲစခန်းတွင်တိုင်ကြားထားသော်လည်
း ယနေ့ အထိ အမှုအားဖော်ထုတ်နိုင်ခြင်းမရှိသေးပါ။ ပျောက်ဆုံးသွားသောမှတ်ပုံတင်အား ပြန်လုပ်၍ ရပြီးသော်လည်း ပုပ္ပသီရိမြို့ နယ်  ကညနရုံးတွင် ကျွန်တော်၏ ယာဉ်မောင်းလိုင်စင် အပျောက်အား သွားရောက်လျှောက်ထားရာတွင် လိုင်စင်မှာ သက်တမ်းတိုးပြီးသည်မှာ မကြာသေး၍ သက်တမ်းတိုးသည့်မှတ်တမ်းမှာ ကွန်ပျူတာထဲသို့ ၀င်မလာသေးသောကြောင့် လိုင်စင် နံပါတ်မှာ ရှာကြည့်၍ မရသေးသောကြောင့် ၁၂ လပိုင်းတွင်   ပြန်လာ၍ စုံစမ်းနိုင်ပါကြောင်း နှစ်လ ရက်ချိန်းပေးခဲ့သည်။ ဒုတိယအကြိမ် ၁၂ လပိုင်းတွင် သွားရောက် စုံစမ်းပြန်သော်လည်း ယနေ့အချိန်ထိ ကွန်ပျူတာထဲသို့ ရောက်မလာသေးပါဟု ပြောကြားခဲ့ပါသည်။ 

သို့ ဖြစ်ပါ၍ ကျွန်တော်၏ ယာဉ်မောင်းလိုင်စင်မှာ ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးပဲ ပျောက်ဆုံးကြောင်းရဲစခန်းမှ ထောက်ခံချက်ဖြင့်သာ သွားရောက်နေရပါသည်။ ယနေ့တွင်မူ မော်တော်ပီကယ်များမှ ယင်းထောက်ခံချက်ဖြင့် သွားလာ၍ မရကြောင်း ထောက်ခံချက်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် ကျွန်တော်သည် ကညန ရုံးသို့ လိုင်စင်သွားရောက် လျှောက်ထားခြင်း မပြုလုပ်ဟုသာ ယူဆကြောင်း ပြောကြားကာ ပြေစာဖြတ်ပိုင်းပေးပြီး ဆိုင်ကယ်ဝှီးတက်ကို သိမ်းထားလိုက်ပါသည်။ 


ကျွန်တော်တို့ ၀န်ထမ်းများမှာ လုပ်ငန်းလိုအပ်ချက်အရ ဆိုင်ကယ်ဖြင့် မဖြစ်မနေ သွားလာရသော အချိန်များ ရှိပါသည်။ ရဲစခန်းမှ ထောက်ခံချက်ကို ပြည်ထဲရေးဝန်ကြီးဌာန အခြင်းခြင်း အသိအမှတ်မပြုခြင်း၊ ကညနရုံး၏ နှောင့်နှေးကြန့်ကြာနေသော ရုံးလုပ်ငန်း လုပ်ဆောင်ချက်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တာဝန်ယူ ဖြေရှင်းပေးစေ လိုပါသည်။


နေပြည်တော်မှ ၀န်ထမ်းတဦး 
သစ်ထူးလွင်  
Unknown at 7:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စာတိုက်ကြီးနှင့် ဆက်သွယ်ရေးရုံးများတွင် မိုဘိုင်းဖုန်းများ ဝယ်ယူနိုင်




မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ချက်များအရ ဧပြီလ ၂၇ရက်နေ့မှ စတင်ပြီး မြန်မာ့ဆက်သွယ်ရေးရုံးများဖြစ်သည့် ရွှေဂုံတိုင်မိုဘိုင်းဆက်သွယ်ရေး စီးပွားဌာန၊ အလုံဆက်သွယ်ရေးစီးပွားဌာန၊ ပန်းဆိုးတန်းဆက်သွယ်ရေးဌာန၊ လမ်း(၄၀) အော်တိုတယ်လီဖုန်းစီးပွားရေးဌာန (စာတိုက်ကြီး) တွင်ကျပ်နှစ်သိန်းတန်ဂျီအက်စ်အမ်မိုဘိုင်းဖုန်းနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA မိုဘိုင်းဖုန်းများကို One Stop Service ဖြင့် ရောင်းချပေးလျက်ရှိသည်။ ထို့နောက် Post-paid ဂျီအက်စ်အမ်ဖုန်းများကို Pre-Paid စနစ်သို့ပြောင်းလိုပြီး YES ပြန်ထားခြင်း မရှိသေးသူများအတွက် ရတနာပုံ Call Center ၏၁၈၈၁၂ သို့ မေလ ၁၅ ရက်နောက်ဆုံးထား၍ အကြောင်းပြန်နိုင်သေးကြောင်း၊ ယင်း YES အကြောင်း ပြန်သူများအတွက် ကို ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး ကြိုတင်ငွေဖြည့်စနစ်သို့ ပြောင်းလဲပေးသွားမည်ဖြစ်သည်။ ကြိုတင်ငွေဖြည့်စနစ်သို့ ပြောင်းလဲမည့် မိုဘိုင်းဖုန်းများသည် ၎င်းစနစ်ကို မပြောင်းလဲမီအချိန်အထိ ခေါ်ဆိုထားသည့် ခေါ်ဆိုခများကို ယခင်ကဲ့သို့ပင် ပေးသွင်းရမည်ဖြစ်ကြောင်း၊ ကြိုတင်ငွေဖြည့်စနစ်သို့ မပြောင်းသေးခင်အချိန်အထိ ဖုန်းခေါ်ဆိုခများပေးချေပြီးနောက် ပိုငွေကျန်ရှိခဲ့လျှင် အဆိုပါ ပိုငွေများကို ၎င်းဖုန်းထဲသို့ ထည့်သွင်းပေးမည်ဖြစ်သည်။

 
 Myanmar Express
Unknown at 7:52 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.