Sunday, April 8, 2012
သင်္ကြန်တွင်း အရေးပေါ် ကိစ္စရပ်များအတွက် မြန်မာ့လေကြောင်း လေယာဉ်စင်းလုံး ငှားမည်
သင်္ကြန်တွင်း အရေးပေါ် ကိစ္စရပ်များအတွက် မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်စင်းလုံး ငှားရမ်းမှုများကို နေ့ချင်းပြီး ဆောင်ရွက်ပေးသွားရန်ရှိကြောင်း မြန်မာ့လေကြောင်းမှ လေယာဉ်မှူးကြီး ဦးထွန်းတင့်အေးက ပြောသည်။ “သင်္ကြန်တွင်းမှာ ဖြစ်တဲ့ နာမကျန်းမှု အရေးပေါ်ကိစ္စတွေအတွက် ချာတာငှားရင် နေ့ချင်းလုပ်ပေးပါတယ်။ သင်္ကြန်ဆို ခရီးသွားက ပုံမှန်နည်းတယ်လေ။ စင်းလုံးငှားဖို့ လေယာဉ်က အဆင်သင့်ရှိနေတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ မြန်မာ့လေကြောင်းလိုင်း အနေဖြင့် သင်္ကြန်တွင်းခရီးစဉ် ပြေးဆွဲမှုတွင် ခရီးသည်ပေါ် မူတည်၍ ပြေးဆွဲပေးပြီး ပုံမှန်ခရီးစဉ်များအား ခရီးသည် အနည်းအများအပေါ် မူတည်၍ အခေါက်ရေ အတိုးအလျှော့ ပြုလုပ်ကြောင်း ၄င်းထံမှ သိရသည်။ သင်္ကြန်တွင်း၌ အပန်းဖြေခရီးစဉ် အများဆုံးသွားရောက်သော ငပလီ-သံတွဲ ခရီးစဉ် ပြေးဆွဲသည့် လေကြောင်းလိုင်းများမှာ အခေါက်ရေများ ထပ်တိုးပြေးဆွဲရသည့်အပြင် ငပလီခရီးသွားပို့ဆောင်ရေး လုပ်ငန်းများမှလည်း စင်းလုံးငှားလေယာဉ်များဖြင့် ပို့ဆောင်ပေးခြင်းများ ပြုလုပ်သွားရန်ရှိကြောင်း ငပလီခရီးသွားပို့ဆောင်ရေး လုပ်ငန်းများထံမှ သိရသည်။ “သင်္ကြန်စင်းလုံးငှား ခရီးစဉ်အတွက် ချာတာတစ်စီး ငှားထားတယ်။ ၁၃ ရက်နေ့နဲ့ ၁၇ ရက်နေ့အတွက်ပေါ့။ ငပလီအတွက် နေ့တိုင်းပုံမှန် လေယာဉ် ၄၊ ၅ စင်း ဆင်းရတယ်။ သင်္ကြန်ဆိုရင်တော့ ချာတာတွေပါ ပါရင် ၁၀ စင်းလောက် ဆင်းရဖို့ ရှိမယ်” ဟု ငပလီခရီးသွားပို့ဆောင်ရေး လုပ်ငန်းတစ်ခုမှသိရှိရသည်။ 
 Myanmar Express
Unknown at 10:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အင်တာနက်မှ ပြည်ပသို့ တရားဝင် ဖုန်းခေါ်ဆိုစနစ် ဈေးလျှော့ချရန်နှင့် ကိုယ်ပိုင်ကွန်ပျူတာများတွင် သုံးစွဲခွင့်ရရန် ကြိုးပမ်းနေ
မြန်မာ့ဆက်သွယ်ရေးမှ ခွင့်ပြုမှသာလျှင် Y-talk ဖုန်းခေါ်ဆိုခ လျှော့ချရေးနှင့် ကိုယ်ပိုင်ကွန်ပျူတာများတွင် သုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း VMG TELECOMS ကုမ္ပဏီမှ ဦးခန့်အောင်က ပြောသည်။ “ကုမ္ပဏီဘက်ကတော့ ခေါ်ဆိုခ လျှော့ချဖို့နဲ့ ကိုယ်ပိုင်ကွန်ပျူတာတွေ သုံးစွဲခွင့်ပေးဖို့ ဆောင်ရွက်ပေးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရဘူး။ အဓိက လုပ်ကိုင်ခွင့်ပေးတဲ့ ဆက်သွယ်ရေးက ခွင့်ပြုမှရမှာပါ။ သူ့ဘက်က ခွင့်မပြုရင် ဘယ်လိုမှ ဆောင်ရွက်ပေးလို့ မရနိုင်ပါဘူး” ဟု ၄င်းက ပြောသည်။ လက်ရှိတွင် Y-talk စနစ် ဖုန်းခေါ်ဆိုမှုကို အင်တာနက်ဆိုင်များသာ သုံးစွဲခွင့်ပေးထားပြီး ဖုန်းခေါ်ဆိုခ နှုန်းထားများမှာလည်း တရားမဝင် ဖုန်းခေါ်ဆိုနိုင်သည့် Pfingo ၊ Skype နှုန်းထားများထက် မြင့်မားလျက်ရှိကြောင်း ယင်းကုမ္ပဏီမှ သိရသည်။ “တရားမဝင် ဖုန်းခေါ်ဆိုမှု ပပျောက်ချင်ရင်တော့ လက်ရှိ Y-talk ခေါ်ဆိုခနှုန်းထားကို တရားမဝင် ခေါ်ဆိုခထက် မလျော့ရင်တောင်မှ ညီမျှတဲ့ နှုန်းထားဖြစ်မှ အောင်မြင်မှာပါ။ ဒါ့အပြင် ကိုယ်ပိုင်ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းတွေကိုပါ သုံးစွဲခွင့်ပေးမှ ဒီစနစ် အောင်မြင်လာမှာပါ။ အခု လက်ရှိတော့ တရားမဝင် ဖုန်းခေါ်ဆိုမှုကို တွန်းလှန်နိုင်ခြင်း မရှိသေးပါဘူး။ ကျွန်တော့်တို့ဘက်ကတော့ ကိုယ်ပိုင်ကွန်ပျူတာ သုံးစွဲခွင့်ပေးဖို့နဲ့ ဖုန်းခေါ်ဆိုခ လျှော့ချဖို့ ဆက်သွယ်ရေးကို စာတင်ထားပါတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။ လက်ရှိ Y-talk စနစ် ဖုန်းခေါ်ဆိုမည်ဆိုပါက အင်တာနက်သုံးစွဲခအပြင် ခေါ်ဆိုမည့် နိုင်ငံအပေါ် မူတည်၍ ကျပ် ၁၅၀ မှ ကျပ် ၃၀၀ ဖြစ်ပြီး တရားမဝင် ဖုန်းခေါ်ဆိုခမှာ အင်တာနက် သုံးစွဲခပေးစရာမလိုဘဲ ကျပ် ၁၀၀ သာ ကုန်ကျမည်ဖြစ်သည်။ ၄င်းအပြင် Y-talk စနစ်မှာ ရန်ကုန်နှင့် မန္တလေး မြို့ကြီးနှစ်မြို့တွင်သာ သုံးစွဲနိုင်သေးကြောင်း သုံးစွဲသူများထံမှ သိရသည်။ “Y-talk နဲ့ ဖုန်းခေါ်ဆို ဆော့ဖ်ဝဲ ထည့်သွင်းပေးထားတဲ့ ဆိုင်မှရမှာပါ။ ဘယ်ဆိုင်မှာ ဆော့ဖ်ဝဲထည့်ထားတယ်ဆိုတာ မသိနိုင်ဘူး။ ပြောဖို့အတွက်လည်း အကောင့်က လုပ်ရဦးမယ်။ ဒီတော့ လွယ်လွယ်ကူကူနဲ့ ဘာမှလုပ်စရာမလိုဘဲ Pfingo နဲ့ပဲ ဖုန်းပြောဖြစ်တာပါ” ဟု ကျောက်တံတားမြို့နယ်ရှိ ဖုန်းခေါ်ဆိုသူ ကိုတင်အောင်မြင့်က ပြောကြားခဲ့သည်။ 
 Myanmar Express
Unknown at 10:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
လျှပ်စစ်မီး ဖြတ်တောက်မှု ကုန်ထုတ် လုပ်စရိတ် ခြောက်ဆခန့် မြင့်တက်
ကုန်ထုတ် လုပ်ငန်းများ အတွက် အရေးကြီးဆုံး ဖြစ်သော လျှပ်စစ်မီးကို အချိန်ပိုင်းဖြင့်သာ ရရှိသည့် အတွက် ရန်ကုန်တိုင်း ဒေသကြီး စက်မှုဇုန်များ အတွင်းရှိ စက်ရုံများ ကုန်ထုတ်လုပ်စရိတ် ၆ ဆခန့် မြင့်တက် သွားကြောင်း စက်မှုလုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
လှိုင်သာယာမြို့နယ် စက်မှုဇုန် အပါအဝင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များသည် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ တစ်ရက်လျှင် ၆ နာရီသာ လျှပ်စစ်မီး ရရှိတော့သည့် အတွက် စက်ရုံ အလုပ်ရုံများသည် ဒီဇယ်ဆီကို သုံးစွဲကာ အင်ဂျင်မော်တာဖြင့် လုပ်ငန်းလည်ပတ်လျက် ရှိကြောင်း၊ လုပ်ငန်းသုံး လျှပ်စစ်မီး မီတာ တစ်ယူနစ် ကုန်ကျစရိတ်သည် ၅ဝ ကျပ်ခန့် ကုန်ကျပြီး လက်ရှိ စက်ရုံများ အသုံးပြုနေသည့် ဒီဇယ်ဆီသုံး မီတာ တစ်ယူနစ် ကုန်ကျစရိတ်သည် ၃၀ဝ ကျပ်ထိ မြင့်တက်သွားကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။
"စက်မလည်လဲ အလုပ်သမားခ ပေးနေရတော့ စရိတ်ကြေအောင် လုပ်နေရတာဘဲ။ တွက်ခြေမကိုက်တဲ့ စက်ရုံတွေကတော့ ရပ်ထားရတယ်။ ကုန်ထုတ်လုပ်မှု စရိတ်မြင့်ရင် ကုန်ပစ္စည်းလည်း ဈေးမြင့် ရောင်းရမှာပဲ။ ၂၀၁၁ ခုနှစ်ကလွဲရင် ကျန်တဲ့နှစ်တွေက နှစ်တိုင်း ရင်ဆိုင်နေရတာပဲ" ဟု ၄င်းက ဆိုသည်။
လျှပ်စစ်မီး အချိန်ပိုင်းဖြင့် ပေးသည့် နောက်ပိုင်းတွင် အချိန်ပြည့် အေးခဲ လုပ်ဆောင် နေရသော ရေထွက်ကုန် အအေးခန်း စက်ရုံများ၏ ကုန်ထုတ်လုပ်မှု အပိုင်းများ၌ လျော့ချ ထုတ်လုပ်ခြင်းများ လုပ်ဆောင်လာရာ ပုံမှန် လျှပ်စစ်မီး ရချိန်တွင် ကုန်ပစ္စည်း ၃ တန်ခန့် ထုတ်လုပ်သည့် အအေးခန်း စက်ရုံသည် လျှပ်စစ်မီး အကန့်အသတ်ဖြင့် ရချိန်တွင် ၁ တန်ခန့်သာ ထုတ်လုပ်နိုင်တော့ကြောင်း ဒေါပုံမြို့ နယ် အတွင်းရှိ ပြည်ပပို့ ရေထွက်ကုန် အအေးခန်း စက်ရုံ လုပ်ငန်းရှင် ဒေါ်တိုးန္ဒာတင်က ပြောကြားသည်။
"မီးမလာတော့ အအေးခန်း စက်ရုံတွေ အဆင် မပြေကြဘူး။ အအေးခန်းက ရပ်ထားလို့ မရတော့ မီးစက်မောင်း လုပ်ရတယ်။ အခု ကုန်ကျစရိတ်က အရမ်းမြင့်သွားတယ်။ ကိုယ့်ရေခဲကလည်း ခဲမယ့်အချိန် မီးမလာတော့ ရေခဲပါ ဝယ်သုံး နေရတယ်။ မီးပျက်ပြီး နောက်ပိုင်း ရေခဲဈေးက ထပ်မြင့်သွားတယ်" ဟု ၄င်းက ဆိုသည်။
အလားတူ ဆီစက် လုပ်ငန်းများ၌ ဆီတစ်ပိသာ၏ ထုတ်လုပ်မှု စရိတ်သည် ပုံမှန် ၃၅ ကျပ်မှ ၉ဝ ကျပ်ထိ မြင့်တက် သုံးစွဲလာရကြောင်း၊ အဆိုပါ လျှပ်စစ်မီး ရရှိမှုနှင့် ကုန်တင်ယာဉ် တန်ပို သတ်မှတ်ချက်များကြောင့် သင်္ကြန် ကာလအပြီး နောက်ပိုင်းတွင် ဆီတစ်ပိသာ ပေါက်ဈေးသည် ၁၅ဝ ကျပ်ခန့်ထိ မြင့်တက်လာမည့် အခြေအနေ ရှိကြောင်း ရွှေပြည်သာ စက်မှုဇုန်ရှိ ဧရာဝတီ မြေပဲဆီ စက်လုပ်ငန်းရှင် ဦးခင်စိုးက ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သုံးစွဲသူ များပြားလာခြင်းကြောင့် လျှပ်စစ်ဓါတ်အား လိုအပ်ချက်များ မြင့်အားလာပြီး ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓါတ်အား လိုအပ်ချက်မှာ ယခင်နှစ်ထက် မဂ္ဂါဝပ် ၂၀ဝ ခန့် ပိုမို များပြားလာကာ သုံးစွဲမှု မဂ္ဂါဝပ် ၈၀ဝ အထိ ဖြစ်လာကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
The Voice Weekly
သစ်ထူးလွင်
Unknown at 9:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ညီလာခံကြီးတရပ်ကျင်းပ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မည်။
ဧပြီ ၈ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)
ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှု အဆင့်ဆင့်တိုးတက်လာသည့်အခါ တိုင်းရင်းသား အလုံးစုံပါဝင်သည့် National Assembly (အမျိုးသားညီလာခံ) ကြီးတရပ် ကျင်းပပြီး ပြင်ဆင်သင့်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင် ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြားလိုက်သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကလည်းပြင်လို့ရပါတယ်၊ ပြင်ဖို့အတွက်ကတော့ ပြည်သူ့လွှတ်တော်မှာပဲပြင်လို့ရပါတယ်။ ဒါကြောင့်မို့ ပြည်သူ့လွှတ်တော်ရှေ့မှာ နေပြည်တော်မှာပဲ National Assembly ကြီးလုပ်ပြီးတော့ လိုအပ်တဲ့ဥပဒေတွေပြင်ဖို့လိုတယ်ဆိုရင် လွှတ်တော်ထဲမှာသွားပြီးပြင်မယ်” ဟု ဧပြီလ ၆ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင်ကျင်းပပြုလုပ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU ) နှင့်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ မီဒီယာများအား ပြောကြားလိုက်ခြင်းဖြစ်သည်။
လက်နက်ကိုင်တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ နိုင်ငံတော်သမ္မတကြီးမှ ချမှတ်ထားသည့် လမ်းညွှန်မြေပုံ အဆင့်သုံးဆင့်ရှိပြီး အဆိုပါအဆင့်သုံးဆင့်တွင် ဒုတိယအဆင့်မှာ နိုင်ငံရေးရာ (political issue), နိုင်ငံရေး ဆွေးနွေးပွဲ (political dialogue) များ ဖြေရှင်းရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် တောင်းဆိုသည့် အချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ခွင့်မပြုသည့်အချက်များပါရှိလာပါက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်ကြောင်း၎င်းကပြောသည်။
နိုင်ငံတော်သမ္မတကြီးချမှတ်ထားသည့်လမ်းညွှန်မြေပုံ အဆင့်သုံးဆင့်မှာ ပထမအဆင့်အပြစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခြင်း၊ ဒုတိယအဆင့်မှာ political Dialoge ပြောကြားခြင်းနှင့် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ပြီး တတိယအဆင့်မှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် National Assembly ကျင်းပခြင်းဖြစ်သည်။
“တချို့တိုင်းရင်းသား တွေကကျွန်တော်တို့ကိုမေးတယ် လွတ်တော်နဲ့ National Assembly ဘယ်လိုစပ်ဆက်သလဲဆိုတာ ကျွန်တော်တို့ကလွှတ်တော် ကိုယ်စားလှယ်မဟုတ်တဲ့အတွက် လွှတ်တော်ထဲမှာ သွားပြင်လို့တော့ဘယ်ရမလဲဆိုပြီးမေးတယ် National Assembly ဆိုတာ တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ အစည်းအဝေးကြီးလုပ်တာဖြစ်ပါတယ်၊ အဲဒါကလည်း လွှတ်တော်နဲ့ကပ်ရက် ပြီးတော့မှာပဲလုပ်မှာပါ ဒီဘက်စားပွဲနဲ့ဟိုဘက်စားပွဲပါပဲ ဒီတော့ ဆွေးနွေးတဲ့အခါမှာဥပဒေပြင်ဖို့လိုရင် ဟိုဘက်စားပွဲကိုပို့ဟိုဘက်စားပွဲမှာပြင်၊ ဒီလိုသဘောမျိုးနဲ့ လုပ်ခြင်းဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
တိုင်းရင်းသားများနှင့်ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ ယခုအခါ အပြစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ဖြစ်သကဲ့သို့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ အချို့နှင့်လည်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး လက်မှတ်ရေးထိုးသည့်အဆင့်သို့ ရောက်ရှိနေပြီးဖြစ်သည်။
သို့သော် အပြီးသတ် ငြိမ်းချမ်းရေးဆောင်ရွက်ရန်အတွက် တတိယအဆင့်ဖြစ်သည့် National Assembly ကြီးကျင်းပပြီးသည့်အခါမှသာ ငြိမ်းချမ်းရေး အပြီးသတ်ဆွေးနွေးနိုင်ပြီဟုပြော နိုင်မည်ဖြစ်ကြောင်း ဦးအောင်မင်းကပြောသည်။
နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာမြင့်သည့် ပြည်တွင်းစစ်ရောဂါဆိုးကြီးကို ခေတ်အဆက်ဆက်အစိုးရများက ငြိမ်းချမ်းရေးဆွေးနွေးရန်ကြိးစားကြသော်လည်း အနာနှင့်ဆေးမတည့်သောကြောင့် ကုသ၍ မပျောက်ကင်းခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် ခေတ်စနစ်တွေ ပြောင်းလဲလာပြီးဖြစ်သည့်အတွက် အနာနှင့်ဆေးတည့် ပြီ ဟုပြောနိုင်ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးးအဖွဲ့ အနေဖြင့် လက်နက်ကိုတိုင်းရင်းသား အဖွဲ့အစည်း အများအပြားနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုပြုလုပ်လျှက်ရှိပြီး ရှမ်း ၊မွန်စသည့်အဖွဲ့များနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ ရရှိထားပြီးဖြစ်ကာ ရခိုင်၊ ကရင်နီအစရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့မှာ အပြစ်ရပ်စဲရေးနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကို ပြီးခဲ့သည့် လပိုင်းများ အတွင်း လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ ။
Yangon Press International
သစ်ထူးလွင်
Unknown at 11:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အရက်သောက်သူတွေနဲ့ အရက်စီးပွားရေး လုပ်ငန်းရှင်တွေအကြိုက် အစိုးရ လိုက်လျောလာ
လိုက်လျောလာ
အရက်သောက်သူ တဦးဟာ သူ့ရဲ့ စိတ်ဆန္ဒ ပြည့်ဝရေးအတွက် သူ့ငွေနဲ့သူ အချိန်ကုန်ခံ ကျန်းမာရေး ထိခိုက်ခံပြီး သောက်ကြတာဖြစ်လို့ သူ့ရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ကျနော့်အနေနဲ့တော့ ဘာမှ ပိတ်ပင်ဟန့်တားဖို့ မရှိပါဘူး။
ဒါပေမယ့် နောက်ဆက်တွဲ ပြဿနာတွေဟာ သူနဲ့တင် ပြီးသွားတာ မဟုတ်ပါဘူး။ မီးခိုးကြွက်လျှောက်လိုက်သလို တနိုင်ငံလုံးထိ ပြန့်ပွားသွားနိုင်တဲ့ အခြေအနေမျိုး ရှိတတ်ပါတယ်။ ဂျပန်၊ အမေရိကန်၊ သြစတြေလျလို ချမ်းသာတဲ့ နိုင်ငံတွေဆို အကြောင်းမဟုတ်ပေမယ့် ဆင်းရဲတွင်းက ရုန်းကန်ထွက်ဖို့ ကြိုးပမ်းနေရတဲ့ မြန်မာနိုင်ငံအတွက်တော့ နိုင်ငံရေးအရ ပြောသင့်လာပြီလို့ ထင်ပါတယ်။
အရက်သောက်တယ်၊ အရက်ချက်တယ်၊ ရောင်းတယ်၊ နိုင်ငံခြားက တင်သွင်းပြီး ရောင်းဝယ်ဖောက်ကားတယ်၊ အဲဒီအပေါ်မှာ အခွန်ကောက်တယ် ဆိုတာတွေဟာ နိုင်ငံတခုလုံးရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ဘဏ္ဍာရေး၊ လုံခြုံရေး၊ တရားဥပဒေရေး စတဲ့ ကဏ္ဍ တော်တော်များများနဲ့ ဆက်စပ်နေပါတယ်။ အဲဒီကဏ္ဍတွေကနေ ထပ်ပြီး ဆင့်ပွား ဆက်စပ်နေတဲ့ အားကစား၊ လုပ်ငန်းခွင် စွမ်းအင်၊ စာရိတ္တ စတာတွေအပြင် ဆက်စပ် စီးပွားရေး လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းတွေလည်း အများကြီး ရှိနေပါတယ်။
အရက်နဲ့ ပတ်သက်တဲ့ စီးပွားရေးဟာ များသောအားဖြင့် တွက်ခြေကိုက် အမြတ်ထွက်တတ်ပါတယ်။ စီးပွားရေး မျက်စိနဲ့ကြည့်ရင် မြတ်ဖို့ သေချာတဲ့ လုပ်ငန်းပါပဲ။ ဒါပေမယ့် အရက်သောက်သူတွေနဲ့ အရက် စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အရေအတွက်ဟာ အလွန်အကျွံ ဖြစ်လာရင် တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသားကို ရှုမြင်ထားဖို့ အင်မတန် အရေးကြီးပါလိမ့်မယ်။ နေရာတကာမှာ စီးပွားရေးမျက်စိနဲ့ ကြည့်လို့ မရနိုင်ပါဘူး။ သူတပါး မျက်ရည်ကျမှ ကိုယ်ထမင်းဝမယ့် စီးပွားရေးမျိုးတွေ သိပ်ကို ထွန်းကားလွန်းနေရင် တိုင်းပြည်ပျက်မှာ အမှန်ပါပဲ။ အခုလည်း ဒါတွေကြောင့် ပြည်သူလူထုမှာ နစ်နာဆုံးရှုံးမှုတွေနဲ့ ဘဝပျက်နေကြရတာ အထင်အရှား ရှိပါတယ်။
အရက် သွင်းကုန်ခွန်ကို ၂ဝဝ % ကနေ ၅ဝ % ထိ အရက်မျိုးစုံကို တပြေးညီတည်းဖြစ်အောင် လျှော့ချလိုက်တာကြောင့် အရက်ရောင်းဈေးတွေ ဒလဟော ထိုးကျသွားမှာ ဖြစ်ပါတယ်။ နိုင်ငံခြား အရက်နဲ့ ဘီယာတွေလည်း ဒလဟော လှိမ့်ဝင်လာပါတော့မယ်။ နိုင်ငံတိုင်းမှာ ယစ်မျိုးခွန် သိပ်မြင့်မားနေချိန်မှာ သိသိသာသာ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရှိရှိသမျှ နိုင်ငံခြား အရက်ကုမ္ပဏီတွေအတွက် တွက်ခြေအကိုက်ဆုံး ဈေးကွက်ကြီး ဖြစ်လာတော့မှာ မလွဲဧကန်ပါပဲ။
မြန်မာနိုင်ငံမှာ အရက်နဲ့ ဘီယာ ဈေးကွက်အကြီးကြီး အောင်မြင်ထွန်းကားနေလို့ အစိုးရအဖို့ အခွန် ထိုင်ကောက်နေရုံနဲ့ တော်တော့ကို ဝင်ငွေကောင်းနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သိပ်ပြီး ဈေးချို ပေါများ အပြိုင်အဆိုင် လျှော့ဈေးပေးပြီး ရောင်းနေတဲ့ အရက်နဲ့ ဘီယာတွေကို ဘယ်သူတွေ သောက်ကြမှာလဲ။ ကမ္ဘာလှည့် ခရီးသည်တွေလား၊ မြန်မာပြည်သူတွေလား၊ ကျောင်းသူကျောင်းသားလေးတွေ၊ အသက် ၁၈ နှစ် မပြည့်သေးသူတွေရော အလွယ်တကူ ဝယ်ယူ သောက်နေဖို့ ဖြစ်မလာနိုင်ဘူးလား။
ဒီဈေးကွက်ကြီးရဲ့ အဓိက ပစ်မှတ်ဟာ မြန်မာပြည်သူတွေကလွဲလို့ အခြား မရှိနိုင်တာကို တွေးကြည့်လို့ ရပါတယ်။ ဒီတော့ ပြည်သူလူထုကို ထပ်ပြီးတော့ နစ်မွန်းသွားစေနိုင်တယ်လို့ ပြောလို့ရပါတယ်။ တိုင်းပြည်တိုးတက်မှုကို ထိခိုက်စေမှာပဲ ဆိုရင်လည်း မမှားနိုင်ပါဘူး။ ပြည်သူတွေကို ဆင်းရဲတွင်းက ရုန်းမထွက်နိုင်အောင် အကွက်ကျကျ စီမံပြီး (Systematically) ဆက်လက် ဖိနှိပ်သလို ဖြစ်နေပါတယ်။
  ဘာဖြစ်လို့ ရခိုင်ပြည်နယ်ဘက်မှာ လူကြီး လူငယ် အရက်သောက်သူ ပိုများနေရပါသလဲ၊ မြန်မာတပြည်လုံးက လူငယ် ယောက်ျားလေးတွေ သာမက မိန်းခလေးတွေကပါ အရက်သောက်၊ ဘီယာသောက်မှ ခေတ်မီတယ် ဆိုတဲ့ အတွေးတွေ ဘာကြောင့် ဝင်လာနေကြတာလဲ။ ဒါတွေဟာ အားလုံးကို ခြုံပြောရင် ဟိုတုန်းက တရုတ်ပြည်ကို ဘိန်းကျွေးပြီး ကျူးကျော်နယ်ချဲ့တာကို ပြန်သတိပြုမိစေပါတယ်။ မြန်မာနိုင်ငံကို လူမျိုးရေးအရ ဖျက်ဆီးဖို့ အကောက်ကြံသူတွေ ရှိနေပြီလားလို့ မေးရတော့မလို ဖြစ်နေပါပြီ။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီကအစ လူတဦးချင်းရဲ့ ဘဝနေထိုင် လုံခြုံမှုအထိ အာဆီယံနဲ့ တန်းတူ လိုက်နိုင်ဖို့ တဘက်က ကြိုးပမ်းနေချိန်မှာ အခြားတဘက်က ဖျက်လိုဖျက်ဆီးတွေ ရှိနေတတ်တာကို အကြိမ်ကြိမ် သတိပြုမိနေပါတယ်။ သံသယအဆင့်ကိုတောင် ကျော်လွန်ပြီး ဖြစ်နေရပါပြီ။
ဒီအကြောင်းတွေကို ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး လူထုကို အသိပညာ ဖြန့်ဖြူးပေးကြရပါမယ်။ သမ္မတဦးသိန်းစိန် ပြောသလို အစိုးရကို ဖြစ်နိုင်သမျှ လူထုနည်းနဲ့ ထိန်းကျောင်းတည့်မတ်ပေးကြရပါမယ်။
လွင်အောင်စိုး
ဧပြီ ၇ ရက် ၂ဝ၁၂ ခုနှစ်
ဆက်စပ်သတင်း - (DVB) အရက်ကို သွင်းကုန်ခွန် ၂ဝဝ % ကနေ ၅ဝ % ထိ လျှော့ကောက်
Unknown at 11:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ကယ်တင်ခဲ့ကြောင်း ဦးခင်ညွန့် ပြောဆို
မကြာခင်က နေအိမ် အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ယခင်နအဖ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်က လွတ်မြောက်အောင် မိမိကိုယ်တိုင် ကြားဝင် ကယ်တင်ခဲ့ရကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
AFP
ဝန်ကြီးချုပ်ဟောင်း ဥိးခင်ညွန့် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပြီး တွေ့ရပုံ။
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက တွေ့ဆုံမေးမြန်းရာမှာ အဲဒီလို ပြောဆိုလိုက်တာပါ။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်း လုပ်ကြံမှုကြီးမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြု လူအုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီညမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ မိမိရဲ့လူတွေကို စေလွှတ်ခဲ့ကြောင်း၊ မိမိလူတွေက သူ့ကို အနီးကဘေးကင်းရာ တပ်စခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့ကြောင်း ဦးခင်ညွန့်က ဘန်ကောက်ပို့စ်ကို ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ ထောက်လှမ်းရေးနဲ့ သံရုံးအရာရှိဟောင်း ဦးအောင်လင်းထွဋ် ကလည်း ဟုတ်မှန်ကြောင်း ထောက်ခံပါတယ်။
" ကျွန်တော် သိသလောက်ပေါ့လေ။ အဲဒီအချိန်တုန်းကတော့ ဒီပဲယင်းနဲ့ ပတ်သက်ပြီးတော့မှ ဗိုလ်ချုပ်ကြီးခင်ညွန့်က သိတဲ့အချိန်ခါမှာ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ခေါ်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားပြီးတော့ တားပါတယ်ခင်ဗျ။ ထောက်လှမ်းရေး ၁၆ ကတပ်မှူး ဗိုလ်မှူးမိုးသူက ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီး အဲဒီအစီအစဉ်ရှိတယ် ဆိုတဲ့ဟာကို သွားတားတာ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဒီပဲယင်းရယ်၊ ဒါမှမဟုတ် ဒီပဲယင်းကို မသွားဖြစ်ရင် စစ်ကိုင်းတံတားမှာ လုပ်ဖို့၊ အခုလက်ရှိ သံရုံးမှာ ရှိတဲ့သံမှူးက သူက အဲဒီအချိန်တုန်းက အင်းဝ တံတား၊ စစ်ကိုင်းတံတားမှာ သူတပ်ခွဲမှူးနဲ့ တာဝန်ကျပါတယ်။ ဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာ သိသိချင်း ဒေါ်အောင်ဆန်းစုကြည်ကို ဘာမှမဖြစ်အောင် ထောက်လှမ်းရေးတွေ အနေနဲ့ ဒီပဲယင်း ရဲစခန်းမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်သွားပါတယ်"
ဒီပဲယင်း တိုက်ခိုက်မှုမှာ သေဆုံးသူ အရေအတွက်ကို အစိုးရကအခုထိ မကြေညာခဲ့ပေမဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ အဆိုအရ သေဆုံးသူ လူ ၅၀ လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဦးခင်ညွန့်က မိမိအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ညီမငယ်သဖွယ် သဘောထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာပြတ်သားမှု အပေါ်မှာလည်း နှစ်သက်လေးစားမိကြောင်း၊ မိမိအနေနဲ့ အရွယ်စုံ၊ အမျိုးစုံ အရပ်ဘက် နိုင်ငံရေးသမားတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့တဲ့ မှတ်တမ်းတွေ ရှိပါကြောင်း၊ ဒါပေမဲ့ တချို့အခြေအနေတွေဟာ ရင့်ကျက်လာဖို့ အချိန်ယူရကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်နဲ့အတူ ပူးတွဲပြီး တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အောင်အောင်မြင်မြင် ထူထောင်နိုင်ပါစေလို့ ဆုတောင်းပါကြောင်း ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
RFA
Unknown at 11:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
လူထုခြေဖ၀ါးအောက်က လူထုခေါင်းဆောင်တဲ့လား………
မလေးရှားမှာရှိတဲ့ မြောက်များလှစွာသော မြန်မာဂျာနယ်တွေထဲက တစောင်ဖြစ်တဲ့ ဟယ်လိုမြန်မာ ရဲ့ မျက်နှာဖုံးခေါင်းစဉ်ပါဆောင်းပါးတပုဒ်ပါ။ စာ၊ နယ်၊ ဇင်း စကားနဲ့ပြောရမယ်ဆိုရင်တော့ အယ်ဒီတာ့အာဘော်ပေါ့။ ခေါင်းစဉ်အပြည့်အစုံကတော့ “လူထုခြေဖ၀ါးအောက်က လူထုခေါင်းဆောင်ကို လူထုကဦးထိပ်တင်ပြီ”တဲ့။ ဆောင်းပါးရဲ့ဆိုလိုရင်းအနေနဲ့ ဘာဖြစ်နိုင်မလဲ ဆိုတာထက် ခေါင်းစဉ်ရဲ့ဆိုလိုရင်းကတော့ ခပ်ရှင်းရှင်းဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က မြန်မာလူထုရဲ့ ခြေဖ၀ါးအောက်မှာ ရှိခဲ့တယ်။ ခုဆိုရင်တော့ အကုန်လုံးက ဦးထိပ်တင်လိုက်ပါပြီပေါ့။
ပထမဆုံးပြောချင်တာကတော့ (ဒါက မောင်ပါလအမြင်ပါ) ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်တုန်းကမှ လူထုခြေဖ၀ါးအောက်မှာ မရှိသလို ဘယ်တော့မှလည်း လူထုဦးထိပ်မှာ ရှိနေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူထုခေါင်းဆောင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရဲ့ခြေဖ၀ါးအောက်မှာလည်းရှိမနေ၊ လူထုရဲ့ဦးထိပ်မှာလည်းရှိမနေဘဲ အမြဲတမ်း လူထုနဲ့တထပ်တည်း၊ တသွေးတည်း၊ တသားတည်း ရှိနေလို့ပါပဲ။
ဒုတိယပြောချင်တာကတော့ “လူထုခြေဖ၀ါးအောက်က လူထုခေါင်းဆောင်ကို လူထုကဦးထိပ်တင်ပြီ” ဆိုတဲ့ခေါင်းစဉ်နဲ့ ပတ်သတ်ပြီး ဟယ်လိုမြန်မာရဲ့ တာဝန်ရှိသူကိုသက်ပြင်းကို ကျနော်ဖုန်းဆက်ဖြစ်ပါတယ်။ ကျနော်တို့ရဲ့အာဘော်ကို ရေးထားတာပါတဲ့။ အဲတော့ ကျနော်ကပြန်မေးပါတယ်။“ကိုသက်ပြင်းတို့အာဘော်ဆိုတော့ ခေါင်းစဉ်အရပြောရရင် ကိုသက်ပြင်းခေါင်းဆောင်တဲ့ ဟယ်လိုမြန်မာက အရင်တုန်းက လူထုခေါင်းဆောင်ကို ခြေဖ၀ါးအောက်မှာထားထားပြီး ခုမှ ဦးထိပ်ပြန်တင်တာလား” လို့။ သူပြန်ဖြေပါတယ် “ကျနော်တို့က ချီးမြှောက်တာပါ” တဲ့ဗျာ။ ဗုဒ္ဓေါရေ………။ သူတို့ချီးမြှောက်ပုံကြီးကလည်း……….။ ပြန်တော့ပြောဖြစ်ခဲ့ပါတယ်။ “ကိုသက်ပြင်းတို့ ဟယ်လိုမြန်မာရဲ့ လူထုခေါင်းဆောင်ကို ချီးမြှောက်ပုံက လူတယောက်ကို ခုံဖိနပ်နဲ့ပါးရိုက်ပြီး ကျနော်က ချီးမြှောက်တာပါဗျာလို့ ပြောသလိုဖြစ်နေပြီ” လို့…………..။ ပြောရရင် ဒီထက်မကပါဘူး။ မျက်နှာဖုံးပါခေါင်းစဉ်က လူထုခေါင်းဆောင်ကို ယခင်စစ်အစိုးရအာဘော်အတိုင်း ပက်ပက်စက်စက်နှိမ်ချထားတာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့အချိန်မှာ အားပေးဝန်းရံနေကြတဲ့ ပြည်သူလူထုအားလုံးကိုလည်း သိသိသာသာ စော်ကားလိုက်တာပါ။
စာပေပိုင်း၊ ဂျာနယ်ပိုင်းအရ အဓိကထားပြီးပြောရရင် ဆောင်းပါး၊ ကဗျာ၊ အက်ဆေး၊ ၀တ္ထုတို၊ ၀တ္ထုရှည် ဘယ်လိုစာပေမျိုးမဆို ရေးတဲ့စာရဲ့ ပဓာနထင်ဟပ်မှုက ခေါင်းစဉ်မှာအရိပ်ထင်ပါတယ်။ လူတွေစိတ်ဝင်စားအောင်၊ ကိုယ်ရေးထားတာတွေအားလုံးကို ခြုံငုံမိအောင် ခေါင်းစဉ်တပ်လေ့ ရှိကြပါတယ်။ အထက်ကပြောခဲ့သလိုပဲ ဆောင်းပါးက လူထုခေါင်းဆောင်ကို ချီးမြှောက်ထားတာပါဆိုရင်တော့ ဒီခေါင်းစဉ်တပ်ခြင်းဟာ ဂျာနယ်တစောင်ရဲ့မိုက်မဲမှု၊ အယ်ဒီတာတယောက်ရဲ့ အသိအမြင်နုံနဲ့မှုပါပဲ။ စာရေးသူတယောက်၊ အယ်ဒီတာတယောက်ဟာ ကိုယ်ရေးထားတဲ့စာနဲ့ ကိုယ်တပ်ထားတဲ့ခေါင်းစဉ် အရှေ့နဲ့အနောက် အဓိပ္ပါယ်ဖြောင့်ဖြောင့်ကြီးကွဲလွဲနေတာကိုမှ မသိဘူးဆိုရင်တော့ အတွေးအခေါ်၊ အသိအမြင် ညံ့ဖျင်းတဲ့အယ်ဒီတာ တာဝန်ခံထားတဲ့ ဂျာနယ်တစောင်ရဲ့အန္တရာယ်ရှိမှုဟာ ဖတ်မိတဲ့လူတွေအတွက် မတွေးဝံ့စရာကောင်းလောက်အောင် အန္တရာယ်ကြီးမားလှပါတယ်။
လူတိုင်းဟာ သူ့အမြင်ကိုယ့်အမြင် ရှိတတ်ကြပါတယ်။ အရင်စစ်အစိုးရကိုကြိုက်လို့၊ စစ်အစိုးရလက်ထက်မှာ စီးပွားရှာရတာကောင်းလို့၊ အချောင်သူဌေးဖြစ်နိုင်လို့ စစ်အစိုးရကိုပဲ လက်ခံမယ်ဆိုတဲ့အမြင်နဲ့ ရေးနေပြောနေတာကြလည်း အလွန်အကျွံမဟုတ်ရင် အတိုင်းအတာတခုအထိ လက်ခံလို့ရပါတယ်။ ဒီလိုအတွေးနဲ့ ဆောင်းပါးထဲမှာ ဘာပဲရေးရေး၊ မျက်နှာဖုံးမှာခေါင်းစဉ်ကို ဆောင်းပါးနဲ့တော်၏မတော်၏ အဓိကမထားဘဲ ကိုယ်လိုရာတပ်ထားတာပါ ဆိုရင်တော့ ဘာမှပြောစရာအကြောင်းမရှိပါဘူး။ မလေးရှားမှာထုတ်နေတဲ့ ဟယ်လိုမြန်မာရဲ့ အာဘော်ဟာ စစ်အစိုးရအကြိုက်လိုက်ရေးတာပါ၊ ကိုယ်ကြိုက်တာကိုယ်ရေးတာပါ လို့ ပြောလိုက်ရုံပါပဲ။ ဂျာနယ်ဖတ်ကြသူတွေအနေနဲ့လည်း သြော်….. ဒီလိုလူမျိုးတွေလည်း ရှိတတ်တာပါလားလို့ လျစ်လျူရှုလိုက်ကြရုံပါပဲ။
မလေးရှားမှာလည်း မြန်မာပြည်သား ခရိုနီအသေးစားလေးတွေ၊ ဗဟုတွေ၊ ရေလိုက်ငါးလိုက်ကောင်တွေ အများကြီးတွေ့တယ်။ အရင်တုန်းကဆို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ သူတို့ဆိုင်သွားထိုင်ရင် ဆိုင်ကိုပဲ သံရုံးက ချက်ချင်းလာပိတ်တော့မလိုလိုနဲ့ ခုဆိုရင် တဆိုင်လုံးကြည့်လိုက် ဒေါ်စုပုံတီရှပ်၊ ဗိုလ်ချုပ်ပုံတီရှပ်တွေ ဝေေ၀ဆာဆာရဲ့ ဘိုးဘေးဘီဘင်အစဉ်အဆက် သူတို့ပဲ အစဉ်တစိုက် စစ်အစိုးရကှိ တော်လှန်လာကြသလိုလို။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အစစ်အမှန်တွေ ဘယ်တော့မှ ချောင်ထဲကကို မထွက်တော့ဘူး။ ဟယ်လိုမြန်မာဂျာနယ်လို ဘယ်ပြပြီး ညာထိုးချင်ကောင်တွေလည်း မနည်းမနောရှိသေးတယ်။ ဒါက မလေးရှားမှာပဲရှိသေးတယ်။ မောင်ပါလဖဘဆို အဲလိုကောင်တွေများလွန်းလို့ သောက်မြင်ကပ်လို့ပိတ်ထားတာ။ ဒါပေမယ့် ဒေါ်စုဟာ ငါတို့မြန်မာပြည်သူတွေအတွက် တကယ်အားကိုးထိုက်သူပါလားဆိုတာ ခုမှ အသိမှန်၊ အမြင်မှန်ရလာတဲ့လူတွေပါလားလို့တွေးပြီး ခပ်ပြုံးပြုံးလေးပဲ ချောင်ကပ်နေခဲ့တာပါ။ ခုပြောချင်လွန်းလို့  ဖဘကို ပြန်ဖွင့်လိုက်တာ။ တော်ပြီ။ နောက်မှဆက်ပြောမယ်။
မောင်ပါလ
၇.၄.၂၀၁၂
Unknown at 11:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မြင်းခြံမြို့ မှာ မိုးသက်လေပြင်းကျရောက်
တနာရီ မိုင် (၆၀)န
ှုန်းတိုက်ခတ်ခဲ့ပါတယ်။
 ည၇း၁၅နာရီမှာ မိုးသက်လေပြင်းစတင်တိုက်ခတ်ရာ မြို့တွင်းမှာတော့ သစ်ပင်
တချို့လည်းကျကာ တချို့အိမ်လေးများသွပ်ပြားလန် ခဲ့ပါတယ်။
 မြို့ပြင်မှာတော့  သစ်ပင်ကြီးများပြို (အမြစ်ကကျွတ်၊ အိမ်သေးလေးများလဲအောင်
 လေပြင်းတိုက်ခတ်ခဲ့ရာ ) ည၈း၃၀နာရီမှာ လေစဲပြီး မိုးအနဲငယ်ကျခဲ့ပါတယ်။
လမ်းဓါတ်မီးတိုင်များတော့ အတော်များများလဲခဲ့ပြီး မီးလာချိန် ည(၁၁)နာရီမလာနိုင်ပဲ ညည့်၂နာရီ၃၀မိနစ်မှာမြို့တွင်းနေရာတချို့ မီးပြန်လာကြောင်း မြင်းခြံခံတဦးမှ
 သတင်းပေးပို့ထားပါတယ်။
Myanmar News Now
Unknown at 10:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဘာသာရေးခေါင်းဆောင်များ "ပြောင်းကြပါ" ><"Change"
***မြတ်စွာဘုရားသည် သူ၏ မြောက်မြားစွာသော နေ့စဉ် လုပ်ငန်းစဉ် တို့တွင် သတ္တ လောကကြီး၏ အခြေအနေကို တစ်နေ့နှင့် တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှ ကြည့်ရှုတော် မူခြင်းသည် အလွန် အရေးပါသော လုပ်ငန်းကြီး တစ်ရပ် အဖြစ် ပါဝင်ပါသည်။ သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု၊ သတ္တဝါ တစ်စုစု၏ အခြေအနေသည် ကာမရာဂ လွန်ကဲ သောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကို ငြိမ်းအောင် ထိန်းသိမ်းဖို့ သမာဓိ ကျင့်စဉ်ကို ညွှန်ပြတော်မူသည်။ ရံခါ ဒေသတစ်ခု သတ္တဝါတစ်စုစုမှာ သို့မဟုတ် မင်းစိုးရာဇာတို့လောကမှာ အာဏာ မက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ်ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော် မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြားတော်မူသည်။ ရသေ့ ရဟန်း ယောဂီ သမဏဗြဟ္မဏ တို့လောက၌ ဓမ္မနှင့်အဓမ္မအငြင်းပွား၍ ငြင်းခုံ ကွဲပြားကြသည်ကို မြင်တော်မူလျှင် ထိုသမဏ ဗြဟ္မဏတို့အား ပညာလမ်းစဉ်ကို လိုက်နာ ကျင့်သုံးကြဖို့ ဟောကြားတော်မူပါသည်။ ဤသို့မြတ်စွာဘုရားသည် သတ္တဝါလော ကကြီး၏ အခြေအနေကို ရှုမြင်သုံးသပ်၍ အခြေအနေအားလျော်စွာ ကျင့်သုံးပုံနည်းစနစ်များကို ဟောကြားညွှန်ပြတော်မူသည်ကို ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ အတုယူလိုက်နာဆောင်ရွက်ဖို့ ကောင်းပါသည်။
***ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များသည် မျက်စိနှင့်နားကို ကျယ်ကျယ်ဖွင့်၍ လောကကြီး၏အခြေအနေကို အစဉ်မပြတ် ကြည့်ရှုသုံးသပ် နေသင့်ပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်အရ အစဉ်မပြတ် ကြည့်ရှု ဖြည့်စွက်ပေးဖို့ရန်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ၏ တာဝန်တစ်ရပ် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ ဓမ္မကို ဖြန့်ချိခြင်းသည် လူ့လောကကြီး၏ လိုအပ်ချက်နှင့် ကိုက်ညီဖို့ အရေးကြီးပါသည်။ ဓမ္မနှင့်လူသား တခြားစီ မဖြစ်ရလေအောင် ဓမ္မနှင့်လူသား တစ်ထပ် တည်းကျအောင် ဖြန့်ချိနိုင်ပါမှ လူ့လောကကြီး၏ လိုအပ်ချက် ပြည့်စုံမည် ဖြစ်ပါသည်။ သို့မှသာ လူသားအများစုတို့က ဘာသာရေး ခေါင်းဆောင်တို့သည် လူ့လောကကြီး အတွက် မရှိမဖြစ် လိုအပ်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်ဟု ယုံကြည်စိတ်ချ ကျေးဇူးတင်လာကြမည် ဖြစ်ပါသည်။ သိပ္ပံနှင့်နည်းပညာ တစ်ဟုန်ထိုး တိုးတက်ထွန်းကားလာသော ယနေ့ခေတ်၌ လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက်နိုင်သော လောကနှင့်ဓမ္မကို တစ်သားတည်း ကျအောင် ဦးမဆောင်နိုင်သော ဘာသာရေး ခေါင်းဆောင်တို့ကို လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပိုအလျှံများသဖွယ် မြင်လာနေကြပြီဖြစ်သည်။ ယနေ့လူငယ်အချို့ကဆိုလျှင် ဘာသာရေးမှ ရုန်းထွက်ဖို့ပင် ကြိုးစားနေကြပြီး သိပ္ပံနှင့် နည်းပညာသည်သာလျှင် လောကကို ကောင်းကျိုးပြုသည်ဟု တစ်ဖက်သတ် မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့် နည်းပညာသည် လောကကောင်းကျိုးကို ပြုပင်ပြုငြားသော်လည်း လူလောကကြီးကို လူညွန့်တုံးအောင် သတ်ဖြတ် နှိပ်စက်သည်မှာလည်း ယင်းတို့ပင် ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။ တက်ထရာဆိုင်ကလင်း ဆေးသည် အဖျားပျောက်ဆေး တို့တွင် အကောင်းဆုံးပင် ဖြစ်သော်လည်း အစာအိမ်ကို လောင်ကျွမ်းစေကာ ရောဂါတစ်မျိုး ထပ်တိုးစေသည်မှာလည်း ဤဆေးပင် ဖြစ်ပါသည်။ (၅၊၈၊၁၉၄၇)ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ လူသိန်းပေါင်း များစွာကို သတ်ခဲ့သော အဏုမြူဗုံးသည် သိပ္ပံဆရာများ တီထွင်ခဲ့သော လက်နက်ပင် မဟုတ်ပါလော။ ဘာသာရေးတိုင်းသည် လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှု ပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်မျှော်လင့်ပါသည်။ ယနေ့ မျက်မှောက်ခေတ်၌ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆာင် အားလုံးသည် လူ့လောကကြီး၏ မရှိမဖြစ် လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း လူသားအများစု နားလည်ခံယူလာအောင် ကျွန်ုပ်တို့ အားထုတ်ကြရမည် ဖြစ်ပါသည်။
***မြတ်ဗုဒ္ဓ လက်ထက်တော်ကာလက ကုရုတိုင်း၊ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရား ရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မကို နာကြားရသဖြင့် ဘီလျံနာသူဋ္ဌေး ရဋ္ဌပါလရဟန်း ပြုခဲ့သည်။ ဘီလျံပေါင်း များစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်၍ ရဟန်းပြုခဲ့သော အရှင်ရဋ္ဌပါလကို ကောရဗျမင်းကြီးက အောက်ပါအတိုင်း မေးလျှောက်ပါသည်။ ''အရှင်ဘုရားသည် ဤမျှကြီးကျယ်သော ပစ္စည်းဥစ္စာတွေကိုစွန့်ပြီး မည်သည့်ချမ်းသာ သုခကို မြင်၍ ရဟန်းပြုခဲ့ပါသနည်း'' အရှင်ရဌပါလက ပြန်လှန်၍ မေးခွန်းထုတ်ပါသည်။ ''ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့ အပေါ်မှာ သင်သည် အဘယ်ကဲ့သို့ မြင်ပါသနည်း'' မင်းကြီးကဆိုပါသည်။ ''လူတွေဟာ စီးပွား ပျက်သောကြောင့် လည်းကောင်း၊ ဆွေမျိုး ပျက်သောကြောင့် လည်းကောင်း၊ အိုမင်းရင့်ရော်သောကြောင့် လည်းကောင်း၊ ကျန်းမာရေး ပျက်သောကြောင့် လည်းကောင်း၊ စားဝတ်နေရေး အခက်တွေ့တဲ့ လူတွေဟာ ဘာသာရေး ခေါင်းဆောင် ဝင်လုပ်ပြီး စားစရာ၊ ဝတ်စရာ၊ နေစရာ တွေကို ရှာကြတာပဲ''။ တိုင်းပြည်နှင့် လူသားတွေ အတွက် ဘာအကျိုးကျေးဇူးမှ မပြုသည့် အဓိပ္ပာယ်ကို မင်းကြီးက ဆိုလာသည်။ ဘာသာရေး ခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမား တွေလို့မြင်တဲ့ အမြင်ရှိ သူအချို့ ဗုဒ္ဓရှင်တော် လက်ထက်တော် အခါကပင်လျှင် ရှိဖူးပါသည်။ ပညာမဲ့သော လူသားတို့ ဤသို့မြင်သည်မှာ အလွန်အရေးမကြီး လှသော်လည်း ကောရဗျ မင်းကဲ့သို့ မင်းစိုးရာဇာတို့က ဤအမြင်မျိုး ရှိသည်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ သတိပြုစရာပင် ဖြစ်ပါသည်။
***အရှင်ရဌပါလ၏အဖြေမှာ--- ၁။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။ သတ္တဝါလောကကြီး တစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည် ဗုဒ္ဓသာသနာတော်၌ ဘဝ၏ တည်ငြိမ်မှုကို တည်ဆောက်ဖို့ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဖြေပါသည်။ အရှင်ဘုရား၏ ဘဝတည်ငြိမ်မှုကို ဘာနှင့်တည်ဆောက်သလဲဟု မင်းကြီးကမေးလျှင် အရှင်ရဌပါလက ငါ့ဘဝရဲ့ တည်ငြိမ်မှုကို ဓမ္မဖြင့် တည်ဆောက် နိုင်ခဲ့သည်ဟု ဖြေကြားလိုက်သည်။ ၂။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီး တစ်ခုလုံးမှာ မီးဟုန်းဟုန်း တောက်လောင် နေပါသည်။ ငါသည် မြတ်ဗုဒ္ဓ၏ သာသနာတော်၌ တဟုန်းဟုန်း တောက်လောင်နေသော မီးကို ငြိမ်းအေးစေဖို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ ဘဝမီးတောက်မီးလျှံများကို ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။ ၃။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံး အိုနာသေ သုံးမျိုးတို့ နှိပ်စက်သောအခါ ဘယ်တန်ခိုးရှင်မှ ထိန်းချုပ်လို့မရဘူး။ ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကို ထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ဝင်ရောက်လာခဲ့သည်။ ထိုဒုက္ခသုံးမျိုးတို့ကို ငါသည် ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။ ၄။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီး တစ်ခုလုံးမှာ ပစ္စည်းဥစ္စာ ရာထူးအာဏာ တွေဆိုတာ တကယ်စင်စစ် ကိုယ်ပိုင်ဥစ္စာ အဖြစ် ဘာကိုမှ မပိုင်ဆိုင်ကြဘူး။ ငါ့ဥစ္စာဟု ပြောနေကြသော်လည်း နှစ်ပေါင်းတစ်ရာထက် ပို၍ ပြောဆိုပိုင်ဆိုင်ခွင့် မရှိကြဘူး။ နှစ်တစ်ရာ မပြည့်မီမှာ ထိုပိုင်ဆိုင်မှု အားလုံးတို့ကို စွန့်လွှတ်ကြရစမြဲ ဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်၌ ငါသည် ကိုယ်ပိုင်ဥစ္စာရှာဖို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ငါကျင့်ထားသော ဓမ္မအားလုံးတို့ကို ငါပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။ ၅။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီး တစ်ခုလုံးသည် မည်သည့်ပစ္စည်းဥစ္စာ မည်သည့် ရာထူးအာဏာတို့ မည်မျှပင် ရထားကြစေကာမူ အလိုမပြည့်နိုင်အောင် ဖြစ်နေကြသည်။ အလိုရှိနေသမျှ မည်သို့ပင် ဖြည့်ကြသော်လည်း အလိုကား မပြည့်ကြပေ။ အလိုမပြည့်မီမှာပင် လူသားအားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာ၌ ငါ၏ အလိုဆန္ဒတို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့် မဖြည့်ဘဲ ဓမ္မဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏ နေရာ၌ ဓမ္မဖြင့် အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ် အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။ ၆။ ဒကာတော်မင်းကြီး လူသားတို့သည် ''လိုသည် လိုသည်''ဆိုသည့် လိုအပ်ချက် ကို ရှာဖွေ ဖြည့်စွက်ကြရာ၌ လိုအပ်ချက်တို့ကို အဆုံးမသတ် နိုင်ခဲ့ကြသည့် အတွက်ကြောင့် တဏှာလောဘ၏ ကျေးကျွန်များအဖြစ်သာ ဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ ကျေးကျွန်အဖြစ်က လွတ်ဖို့ရန် အတွက် ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။
***ဤသို့လျှင် အရှင်ရဌပါလ၏ မွန်မြတ်သော မှန်ကန်သော ရဟန်းပြုခြင်း၏ ရည်ရွယ်ချက်တို့ကို မင်းကြီး ကြားသောအခါ အလွန်ပင် ကျေနပ် နှစ်သက်ခဲ့လေသည်။ ကျေနပ် နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသော အပြစ်တို့ကို တောင်းပန်ဝန်ချ ကန်တော့ခဲ့သည်။ ဤနေ့မှစ၍ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ဟု လျှောက်ထားခဲ့လေသည်။ သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေး အကြပ်အတည်းတို့နှင့် ရင်ဆိုင်ကြုံတွေ့ နေကြရသော ကာလ၌ နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ အလုပ်လက်မဲ့ဖြစ်၍ စားဝတ်နေရေး အခက်အခဲ တွေ့နေကြရသည်ကို ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ အားလုံး မြင်တွေ့နေကြရပြီး ဖြစ်ပါသည်။ စီးပွားရေး အကြပ်အတည်း နိုင်ငံရေး အကြပ်အတည်း ဘာသာရေး အကြပ်အတည်း ဤသုံးခုတို့သည် တခြားစီ မနေကြဘဲ အပြန်အလှန် မှီတွယ်၍ နေတတ်ကြပေသည်။ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ ဖြစ်နေကြရသည်ကို ကြည့်၍ ကျွန်ုပ်တို့ခေါင်းဆောင်များ ဘာသာရေး အလုပ်လက်မဲ့ မဖြစ်ရလေအောင် အထူး သတိပြုကြရမည် ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လူမှုရေး အကျိုးပြုလုပ်ငန်းများ၊ ပိဋကတ် သင်ကြားပို့ချရေး လုပ်ငန်းများ၊ ကမ္မဋ္ဌာန်း ကျင့်ကြံ အားထုတ်ရေး လုပ်ငန်းများကို ယနေ့ခေတ်၌ နှစ်ဆတိုး ကြိုးစား၍ လုပ်ဆောင်ကြရမည် ဖြစ်သည်။ အရှင်ရဌပါကကို ကောရဗျမင်းကြီး စွပ်စွဲသလို အစွပ်စွဲ မခံကြရလေအောင် ကြိုးစားကြရမည် ဖြစ်ပေသည်။
***ကောရဗျ မင်းကြီးကဲ့သို့ ဘာသာရေးခေါင်းဆောင်တို့ အပေါ် အထင်အမြင် သေးကြသည့် လူတို့၏ စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှု ရအောင် အရှင်ရဌပါလကဲ့သို့ အားထုတ်ကြရမည် ဖြစ်သည်။ ထို့ပြင် လှုပ်ရှားနေသော ကမ္ဘာကို တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့မှာ ကျွန်ုပ်တို့၏ တာဝန် ဖြစ်ပေသည်။ ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီးပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ်တို့ ဝိုင်းဝန်းဖြည့်စွက် ပေးနိုင်ကြဖို့ အားထုတ်ကြရမည် ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓာတ်ရေးရာ လိုအပ်ချက်ကို ဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသားအများစုက ဘာသာရေးခေါင်းဆောင် တို့သည် ကမ္ဘာ့လူသားအားလုံး တို့အတွက် ကျေးဇူးပြုတတ်သော အထူး အားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာကြမည် ဖြစ်ပါသည်။ ဤ သည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင် ဖြစ်ပါသတည်း။ ပူလောင်နေသော ကမ္ဘာမှာ ကျွန်ုပ်တို့သည် မီးသတ်သမားများသဖွယ် ကိလေသာမီး သောကမီး စစ်မီးတို့ကို ငြိမ်းသတ်နိုင်သော ပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာ ပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာ့လောကကို မီးဝိုင်းရှို့သော လူတွေထဲမှာ ကျွန်ုပ်တို့ မပါဝင်နိုင်ပေ။ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များသည် လူသားတို့ထံမှ ဘာကိုမျှ မတောင်းဆိုကြပါ။
***သို့သော် '' Jealousy ကို Joy ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ ပြောင်းကြပါ။ အဝိဇ္ဇာမှ ဝိဇ္ဇာသို့ ပြောင်းကြပါ'' ဟူသော Change ကို တကယ်ပဲ တောင်းဆိုလိုပါသည်။ သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ၊ Ph.D., Litt. သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း။
(http://maytharhla.blogspot.com/2012/03/blog-post_8203.html)
Unknown at 7:04 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
နိုင်ငံရေးသမားတစ်ယောက်ရဲ့ နောက်ကို ဘာကြောင့် လူတွေအုန်းအုန်းထ လိုက်ကြရသလဲ..
ဒီအဖြေကို ပါဝါဆိုတဲ့ စကားလုံးကို သုံးပြီး အနည်းအကျဉ်း ရှင်းပြချင်ပါတယ်။ လူတစ်ယောက်က လူတစ်ယောက်ကို လွှမ်းမိုးနိုင်မှုကို ပါဝါလို့ အဓိပ္ပါယ်ရကြောင်း ရစ်ချက်အယ်လ်ဒပ်ဖ်က ရှင်းပြထားပါတယ်။ အဲဒီလို လွှမ်းမိုးနိုင်တဲ့ ပါဝါကို အမျိုးမျိုး ထပ်ခွဲထားပြန်ပါတယ်။
အဲဒီထဲမှာ ရာထူးအနေအထား အရ လွှမ်းမိုးနိုင်ခြင်းနှင့် ကိုယ်ရည်ကိုယ်သွေးအရ လွှမ်းမိုးနိုင်ခြင်း ဆိုတဲ့ ပါဝါနှစ်မျိုးက စိတ်ဝင်စားစရာ ကောင်းပါတယ်။
ရာထူးအရ လွှမ်းမိုးနိုင်ခြင်းကတော့ ရှင်းပါတယ်။ မိမိမှာ ရှိတဲ့ရာထူးကြောင့် မိမိ လက်အောက်ငယ်သားက မိမိကို ကြောက်ပြီး မိမိက သူ့အား လွှမ်းမိုးနိုင်ခြင်းပါ။ မိမိပိုင်ဆိုင်တဲ့ ရာထူးစည်းစိမ် အနေအထား မပိုင်ဆိုင်တော့ဘူး ဆိုရင် မိမိအနေနဲ့ သူ့ကို လွှမ်းမိုးနိုင်စွမ်း မရှိတော့ပါဘူး။ ကြားဖူးကြမှာပါ။ ပင်စင်စားအရာရှိတွေ ပင်စင်လည်းယူပြီးရော ဘယ်သူမှ ဆေးဘက်ကြောဖက် မလုပ်ကြတာတွေ။ တစ်ချိန်က အနိမ့်ဆုံးဝန်ထမ်းကတောင် လမ်းမှာတွေ့တဲ့အခါ အခေါ်အပြော မလုပ်တော့တာတွေ။ ဒါဟာ မိမိရဲ့ ဘယ်လိုအကြောင်းကြောင့် ဖြစ်ဖြစ် ရရှိထားတဲ့ ရာထူးစည်းစိမ်ကြောင့်သာ မိမိလက်အောက်ငယ်သားတွေ၊ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လွှမ်းမိုးနိုင်ခြင်းဆိုတာ အထင်အရှားပါ။ မိမိမှာ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေး မရှိဘူးဆိုတာ ပေါ်လွင်ပါတယ်။ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ လွှမ်းမိုးလို့ မရဘူးဆိုတာလည်း သိသာနေပါတယ်။ အဲဒီလို ပါဝါတွေကို အလုပ်သဘောအရ မန်နေဂျာတွေမှာ တွေ့ရှိရတတ်ပါတယ်။
နောက် ပါဝါ တစ်မျိုးက ကိုယ်ရည်ကိုယ်သွေးအရလွှမ်းမိုးနိုင်မှုပါ။ ကိုယ်ရည်ကိုယ်သွေးလို့ပြောလိုက်ရင် အများကြီး ထည့်သွင်း စဉ်းစားရပါမယ်။ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာ အများအကျိုးဆောင်ရွက်နိုင်မှု၊ အနစ်နာခံမှု၊ အကောင်းမြင်စိတ်ရှိခြင်း၊ ပညာဥာဏ်ထက်မြက်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိခြင်း...စတဲ့စတဲ့ အရည်အချင်းတွေ အားလုံးနဲ့ ဆိုင်ပါတယ်။ လက်အောက်ငယ်သားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဟာ သူရဲ့ ကိုယ်ရည်ကိုယ်သွေး ထက်မြင်မှုကို လေးစားလွန်းတာကြောင့် သူဟာ သူရဲ့ ပါဝါ လွှမ်းမိုးအောင် တကူးတက လုပ်ယူစရာ မလိုပါဘူး။ သူ့ကိုမေးမှဖြစ်မယ်၊ သူရှိရင် ပိုအဆင်ပြေမယ်၊ သူနဲ့ တိုင်ပင်မှဖြစ်မယ်... စတဲ့အတွေးတွေကို လက်အောက်ငယ်သားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အနေနဲ့ ဖြစ်စေတာဟာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး ထက်မြက်မှုကြောင့် ဖြစ်ပါတယ်။ ဒီလိုပါဝါမျိုးကိုတော့ ခေါင်းဆောင်တွေမှာ တွေ့ရလေ့ရှိပါတယ်။
ဒီ ပါဝါနှစ်မျိုးကို နိုင်ငံရေးသမားတွေမှာ ယှဉ်ပြီးသုံးသပ်ကြည့်ရအောင်။ နိုင်ငံရေး သမားတွေဟာ နိုင်ငံတစ်နိုင်ငံကို ခေါင်းဆောင်မှုပေးမယ့်သူတွေလို့ အကြမ်းအားဖြင့် ပြောလို့ရပါတယ်။ ဒါဆို ခေါင်းဆောင်တွေဟာ ခေါင်းဆောင်နိုင်မှုပေးမယ့် ပါဝါရဖို့ အနည်းနဲ့အများတော့ လိုပါမယ်။
မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးထက်မြက်မှုကြောင့် မိမိကို လူတွေက ယုံတယ်။ မိမိကလည်း လူတွေကို လွှမ်းမိုးနိုင်စွမ်းရှိတယ်။ ဒါကြောင့် မိမိရဲ့ ခေါင်းဆောင်မှုကို မျှော်လင့်ကြတယ်။ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးကို ယုံကြည်ကြတယ်။ ဒါက ကိုယ်ရည်ကိုယ်သွေးအရ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ နိုင်ငံရေးသမား။ သူ့အနေနဲ့ လူတွေကို တကူးတက စည်းရုံးစရာ မလိုဘူး။ ဆန်ပေး၊ ဆီပေး၊ ပိုက်ဆံပေးပြီး လူတွေရဲ့ ယုံကြည်ချက်၊ ထောက်ခံချက်ကို ရယူဖို့ မလိုဘူး။ သူ့ရဲ့ခံယူချက်၊ သူ့ရဲ့ ရပ်တည်မှုကို လူတွေက နှစ်သက်တယ်။ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ယုံတယ်။ အဲဒါကြောင့် သူဟာ လူတွေကို သူရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ လွှမ်းမိုးနိုင်စွမ်းရှိတယ်။ ဒါက ခေါင်းဆောင်မှုအဆင့်ရှိတဲ့ နိုင်ငံရေးသမားပါ။
ရာထူးစည်းစိမ်းအရ လွှမ်းမိုးဖို့ ကြိုးစားတဲ့ နိုင်ငံရေးသမားတွေကတော့ ဆန့်ကျင်ဖက်ကို လုပ်ရပေလိမ့်မယ်။ သူ့ကို လူတွေက မယုံရဲ ယုံရဲ။ သူ့မှာ ကိုယ်ရည်ကိုယ်သွေး ထူးထူးခြားခြားမရှိ။ သူ့ရဲ့ ခံယူချက်တွေအပေါ် သံသယတစ်ခွဲသား ရှိဆဲ။ သူမှ မဟုတ်ပါဘူး အခြားသူလည်း သူ့လောက်တော့ လုပ်နိုင်စွမ်း ရှိပါတယ်လို့ တွေးနေဆဲ။ သူ မရှိလည်း ဖြစ်ပါတယ် ဆိုတဲ့ သဘော။ သူကတော့ လူတွေကို လွှမ်းမိုးနိုင်ဖို့ တစ်စုံတစ်ရာနဲ့ စည်းရုံးရပါလိမ့်မယ်။ သူ့ရဲ့ ခံယူချက်၊ သူ့ရဲ့ရပ်တည်မှုတွေကို လူတွေက သံသယ အမျှင်အတန်းများစွာဖြင့်။ သူ့ကို လူတွေက သူပိုင်ဆိုင်တဲ့ ရာထူးစည်းစိမ်းနဲ့သာ ယှဉ်တွဲမြင်တယ်။ သူ့မှာ ယှဉ်တွဲမြင်စရာ ကိုယ်ရည်ကိုယ်သွေး လောက်လောက်လားလား ပြစရာ မရှိ။ ဒါက မန်နေဂျာအဆင့်သာ ရှိတဲ့ နိုင်ငံရေးသမားပါ။
ဒါကြောင့် နိုင်ငံရေးသမားတွေ အနေနဲ့ မိမိဟာ ခေါင်းဆောင်မှုအဆင့် ရှိတဲ့ နိုင်ငံရေးသမားလား။ မန်နေဂျာအဆင့်သာ ရှိတဲ့ နိုင်ငံရေးသမားလား ကွဲကွဲပြားပြား သိအောင်လုပ်ရပါမယ်။ ပါဝါဆိုတာ လုပ်ယူလို့ရတဲ့ အရာတစ်ခုပါ။ မိမိမှာ ကိုယ်ရည်ကိုယ်သွေးအရ လွှမ်းမိုးနိုင်တဲ့ ပါဝါမရှိဘူးဆိုရင် ရှိအောင်ပြင်ဆင်ယူရပါမယ်။ အချိန်ကာလ တစ်ခုအထိပေါ့။ မိမိရဲ့ ရပ်တည်ချက်၊ ခံယူချက်တွေက လူတွေလက်ခံလာနိုင်တဲ့ အထိပြုပြင်ယူရပါလိမ့်မယ်။ ဒါမှသာ မိမိမှာ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာပြီး ခေါင်းဆောင်မှုအဆင့်ရှိတဲ့ နိုင်ငံရေးသမား တစ်ယောက်ဖြစ်လာပါလိမ့်မယ်။
ကိုယ်ရည်ကိုယ်သွေးမြင့်မားပြီးသား နိုင်ငံရေးသမားများ အနေဖြင့်လည်း မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးစံချိန်ကို အမြဲထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေဖို့လိုပါတယ်။ နိုင်ငံရေးဆိုတာ ရှုပ်ထွေးနက်နဲလှပြီး အတက်အကျသဘောလည်း ရှိတတ်ပြန်ပါတယ်။ ဒါကြောင့် မိမိဟာ ခေါင်းဆောင်မှုအဆင့်ရှိသော၊ ကိုယ်ရည်ကိုယ်သွေးလွှမ်းမိုးနိုင်မှုရှိသော နိုင်ငံရေးသမားတစ်ယောက်အဖြစ် ရေရှည်ရပ်တည်နိုင်ဖို့ရာ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးစံချိန်ကို ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။
ဒီလောက်ဆို နိုင်ငံရေးသမားတစ်ယောက်ရဲ့နောက်ကို လူတွေ ဘာကြောင့် အုန်းအုန်းထ လိုက်နေရသလဲဆိုတာ အနည်းငယ် ရှင်းသွားမှာပါ။
လျှံ ဇွဲ ကို   Face book မှ
Unknown at 12:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.