Sunday, April 8, 2012

တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ညီလာခံကြီးတရပ်ကျင်းပ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မည်။


ဧပြီ ၈ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှု အဆင့်ဆင့်တိုးတက်လာသည့်အခါ တိုင်းရင်းသား အလုံးစုံပါဝင်သည့် National Assembly (အမျိုးသားညီလာခံ) ကြီးတရပ် ကျင်းပပြီး ပြင်ဆင်သင့်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင် ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြားလိုက်သည်။



“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကလည်းပြင်လို့ရပါတယ်၊ ပြင်ဖို့အတွက်ကတော့ ပြည်သူ့လွှတ်တော်မှာပဲပြင်လို့ရပါတယ်။ ဒါကြောင့်မို့ ပြည်သူ့လွှတ်တော်ရှေ့မှာ နေပြည်တော်မှာပဲ National Assembly ကြီးလုပ်ပြီးတော့ လိုအပ်တဲ့ဥပဒေတွေပြင်ဖို့လိုတယ်ဆိုရင် လွှတ်တော်ထဲမှာသွားပြီးပြင်မယ်” ဟု ဧပြီလ ၆ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင်ကျင်းပပြုလုပ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU ) နှင့်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ မီဒီယာများအား ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်နက်ကိုင်တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ နိုင်ငံတော်သမ္မတကြီးမှ ချမှတ်ထားသည့် လမ်းညွှန်မြေပုံ အဆင့်သုံးဆင့်ရှိပြီး အဆိုပါအဆင့်သုံးဆင့်တွင် ဒုတိယအဆင့်မှာ နိုင်ငံရေးရာ (political issue), နိုင်ငံရေး ဆွေးနွေးပွဲ (political dialogue) များ ဖြေရှင်းရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် တောင်းဆိုသည့် အချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ခွင့်မပြုသည့်အချက်များပါရှိလာပါက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်ကြောင်း၎င်းကပြောသည်။


နိုင်ငံတော်သမ္မတကြီးချမှတ်ထားသည့်လမ်းညွှန်မြေပုံ အဆင့်သုံးဆင့်မှာ ပထမအဆင့်အပြစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခြင်း၊ ဒုတိယအဆင့်မှာ political Dialoge ပြောကြားခြင်းနှင့် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ပြီး တတိယအဆင့်မှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် National Assembly ကျင်းပခြင်းဖြစ်သည်။

“တချို့တိုင်းရင်းသား တွေကကျွန်တော်တို့ကိုမေးတယ် လွတ်တော်နဲ့ National Assembly ဘယ်လိုစပ်ဆက်သလဲဆိုတာ ကျွန်တော်တို့ကလွှတ်တော် ကိုယ်စားလှယ်မဟုတ်တဲ့အတွက် လွှတ်တော်ထဲမှာ သွားပြင်လို့တော့ဘယ်ရမလဲဆိုပြီးမေးတယ် National Assembly ဆိုတာ တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ အစည်းအဝေးကြီးလုပ်တာဖြစ်ပါတယ်၊ အဲဒါကလည်း လွှတ်တော်နဲ့ကပ်ရက် ပြီးတော့မှာပဲလုပ်မှာပါ ဒီဘက်စားပွဲနဲ့ဟိုဘက်စားပွဲပါပဲ ဒီတော့ ဆွေးနွေးတဲ့အခါမှာဥပဒေပြင်ဖို့လိုရင် ဟိုဘက်စားပွဲကိုပို့ဟိုဘက်စားပွဲမှာပြင်၊ ဒီလိုသဘောမျိုးနဲ့ လုပ်ခြင်းဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

တိုင်းရင်းသားများနှင့်ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ ယခုအခါ အပြစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ဖြစ်သကဲ့သို့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ အချို့နှင့်လည်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး လက်မှတ်ရေးထိုးသည့်အဆင့်သို့ ရောက်ရှိနေပြီးဖြစ်သည်။

သို့သော် အပြီးသတ် ငြိမ်းချမ်းရေးဆောင်ရွက်ရန်အတွက် တတိယအဆင့်ဖြစ်သည့် National Assembly ကြီးကျင်းပပြီးသည့်အခါမှသာ ငြိမ်းချမ်းရေး အပြီးသတ်ဆွေးနွေးနိုင်ပြီဟုပြော နိုင်မည်ဖြစ်ကြောင်း ဦးအောင်မင်းကပြောသည်။

နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာမြင့်သည့် ပြည်တွင်းစစ်ရောဂါဆိုးကြီးကို ခေတ်အဆက်ဆက်အစိုးရများက ငြိမ်းချမ်းရေးဆွေးနွေးရန်ကြိးစားကြသော်လည်း အနာနှင့်ဆေးမတည့်သောကြောင့် ကုသ၍ မပျောက်ကင်းခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် ခေတ်စနစ်တွေ ပြောင်းလဲလာပြီးဖြစ်သည့်အတွက် အနာနှင့်ဆေးတည့် ပြီ ဟုပြောနိုင်ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးးအဖွဲ့ အနေဖြင့် လက်နက်ကိုတိုင်းရင်းသား အဖွဲ့အစည်း အများအပြားနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုပြုလုပ်လျှက်ရှိပြီး ရှမ်း ၊မွန်စသည့်အဖွဲ့များနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ ရရှိထားပြီးဖြစ်ကာ ရခိုင်၊ ကရင်နီအစရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့မှာ အပြစ်ရပ်စဲရေးနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကို ပြီးခဲ့သည့် လပိုင်းများ အတွင်း လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ ။



Yangon Press International

သစ်ထူးလွင်
Unknown at 11:34 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.